မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတွင်းငြိမ်သက်မှုကို မည်သည့်နေရာတွင် သင်ရှာတွေ့နိုင်သနည်း

အတွင်းငြိမ်သက်မှုကို မည်သည့်နေရာတွင် သင်ရှာတွေ့နိုင်သနည်း

အတွင်း​ငြိမ်သက်မှု​ကို မည်သည့်​နေရာတွင် သင်​ရှာတွေ့နိုင်​သနည်း

ယနေ့ အတွင်း​ငြိမ်သက်မှု​ရရှိနိုင်​ပုံ​နှင့်​ပတ်သက်​၍ အကြံပေး​ချက်​မပြတ်​ရှိ​နေသည်။ စိတ်​ပညာရှင်​များနှင့် လမ်းညွှန်​စာအုပ်​များ​ကို ရေးသားသူ​များ—သတင်းစာ ဆောင်းပါး​ရှင်​များ​ပင်—သူတို့၏​အကြံဉာဏ်​များ​ကို​ပေး​ကြသည်။ သူတို့၏​အကြံပေး​ချက်​မှာ ရေ​တို​အကူအညီ​သာ​ဖြစ်​ပေမည်; သို့သော် ရေရှည်​ဖြေရှင်းချက်​များ​အတွက် ထို​ထက်​လေးနက်​ရန် လိုအပ်​ပေ​သည်။ ယင်းက ရှေ့​ဆောင်းပါး​တွင်​ဖော်ပြ​ထား​သူတို့ တွေ့ ရှိခဲ့​ရာ​ဖြစ်သည်။

အန်​တိုနီ​အို၊ မာ​ကော့စ်၊ ဂါ​ဇန်၊ ဗန်​နီး​ယား၊ မာ​စီ​လို​တို့သည် နောက်ခံ​ခြင်း​မတူကြ​သကဲ့သို့ အခက်အခဲ​တစ်မျိုးစီ​ရှိခဲ့​ကြ​၏။ သို့သော် သူတို့၌ အနည်းဆုံး​အရာ​သုံးခု​တူညီ​ကြသည်။ ပထမ​ကား သူတို့တွင် “မျှော်လင့်ခြင်း​မရှိ၊ လောက​၌​ဘုရားမဲ့​နေကြ” သည့်​အချိန်​ရှိခဲ့​သည်။ (ဧဖက် ၂:၁၂) ဒုတိယ​မှာ သူတို့သည် စိတ်နှလုံး​၏​အတွင်း​ငြိမ်သက်မှု ရ​လို​ခဲ့​ကြ​၏။ တတိယ​မှာ သူတို့​အားလုံး​သည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​သင်အံမှု​ကို လက်ခံခဲ့​ကြ​ပြီး​နောက် သူတို့​အလိုရှိ​သော​ငြိမ်သက်မှု​ကို ရှာတွေ့ခဲ့​ကြသည်။ သူတို့ တိုးတက်လာ​သည်​နှင့်​အမျှ ဘုရားသခင်​သည် သူတို့ကို​စိတ်ဝင်စား​ကြောင်း သိလာ​ခဲ့​ကြ​၏။ အမှန်​မှာ မိမိ​ခေတ်​က​အာသင်မြို့​သားများ​ကို ပေါလု​ပြောပြ​ခဲ့​သကဲ့သို့ ဘုရားသခင်​သည် ‘ကျွန်ုပ်​တို့​တွင်​အဘယ်​သူနှင့်​မျှ ဝေး​တော်​မူ​သည်မဟုတ်။’ (တမန်​တော် ၁၇:၂၇) ယင်းကို စိတ်​ရိုး​ခံ​ဖြင့် ယုံကြည်​စိတ်ချ​ခြင်း​က အတွင်း​ငြိမ်သက်မှု​ရရှိရန် အဓိက​အချက်​ဖြစ်သည်။

ငြိမ်းချမ်းမှု အဘယ်ကြောင့်​ဤမျှ​နည်း​ရသနည်း

ကမ္ဘာ​ပေါ်​တွင် ငြိမ်သက်မှု—အတွင်း​ငြိမ်သက်မှု​ဖြစ်စေ၊ လူ​လူ​ချင်း​ငြိမ်သက်မှု​ဖြစ်စေ—ကင်းမဲ့​ရခြင်း​အတွက် အခြေခံ​အကြောင်းရင်း​နှစ်ရပ်​ကို သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ ပထမ​အချက်​ကို ယေရမိ ၁၀:၂၃ ၌ ဤသို့​ရှင်းပြသည်– “လူသည် မိမိ​သွားရာလမ်းကို​အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​တို့ကို​မစီရင်​တတ်​သည်ကို အကျွန်ုပ်​သိပါ​၏။” လူတို့သည် အကူအညီ​မပါဘဲ ကိုယ်ကို​ကိုယ်​အုပ်ချုပ်​ရန် အသိပညာ​မရှိ၊ အမြော်အမြင်​လည်း​မရှိ​ချေ၊ ထို့​ပြင် အမှန်တကယ်​တန်ဖိုး​ရှိသည့် တစ်ခု​တည်း​သော​အကူအညီ​မှာ ဘုရားသခင့်​ထံ​တော်​မှ​ဖြစ်၏။ ဘုရားသခင့်​လမ်းညွှန်မှုကို မ​ရှာဖွေကြ​သူတို့​အနေ​နှင့် တည်မြဲသော​ငြိမ်သက်မှု​ကို ဘယ်တော့​မျှ​ရရှိ​မည်​မဟုတ်​ချေ။ ငြိမ်သက်မှု​ကင်းမဲ့​ခြင်း​၏ ဒုတိယ​အကြောင်းရင်းကို တမန်​တော်​ယောဟန်​၏​စကား​တွင် တွေ့ရှိ​ရသည်– ‘လောကသား​အပေါင်းတို့သည် စာတန်​၏​လက်၌​ရှိကြသည်။’ (၁ ယောဟန် ၅:၁၉) ဘုရားသခင့်​လမ်းညွှန်ချက်​မပါဘဲ ငြိမ်သက်မှု​ရရှိဖို့​လူ့​ကြိုးပမ်းမှု​များသည် မျက်စိဖြင့်​မမြင်​ရ​သော်လည်း အမှန်တကယ်​တည်ရှိ​ပြီး အလွန်​အင်အားကြီး​မား​သော စာတန်​၏​လုပ်ရပ်များ​အားဖြင့် အမြဲ​ပင်​ရှုပ်ထွေး​လျက်​ရှိနေ​ပေမည်။

ဤ​အကြောင်းရင်း​နှစ်ရပ်—လူအများစု​သည် ဘုရားသခင့်​လမ်းညွှန်မှုကို​မ​ရှာ​ကြ​ခြင်း​နှင့် လောကတွင် စာတန်​သည်​အလွန်​အလုပ်​များနေ​ခြင်း—ကြောင့် လူသား​တစ်ရပ်လုံး​မှာ စိတ်​ဆင်းရဲ​ဖွယ်​အခြေအနေ​တွင် ရှိ​နေပါ​သည်။ တမန်​တော်​ပေါလု​က ယင်းကို ကောင်းစွာ​ဤသို့​ဖော်ပြ​သည်– “ဤ​လောက​တစ်နိုင်ငံ​လုံး​သည် ယခု​တိုင်အောင် တညီတညွတ်​တည်း​ညည်းတွား​၍ ဆင်းရဲခြင်း​ဝေဒနာ​ကို​ခံရ​သည်​ဟု ငါ​တို့​သိ​ကြ​၏။” (ရောမ ၈:၂၂) ဤ​ဖော်ပြချက်​ကို သဘောမတူ​သူ မည်သူ​ရှိ​မည်​နည်း။ ချမ်းသာ​ကြွယ်ဝသော​နိုင်ငံ​များ​အပြင် ဆင်းရဲသော​နိုင်ငံ​များ​၌​လည်း မိသားစု​ပြဿနာ​များ၊ ရာဇဝတ်မှု၊ မမျှတ​မှု၊ ပုဂ္ဂိုလ်ရေး​ပဋိပက္ခ​ဖြစ်ပွားမှု​များ၊ စီးပွားရေး​မခိုင်မြဲ​မှု၊ လူမျိုးနွယ်​ချင်း​မုန်းတီးမှု၊ ဖိနှိပ်မှု၊ ဖျားနာ​မှု​နှင့် ထို​ထက်မက​သော​အရာများ​သည် လူ့​စိတ်​ငြိမ်သက်မှု​မရှိစေ​ပါ။

အဘယ်​နေရာတွင် အတွင်း​ငြိမ်းချမ်းမှု ရှာတွေ့နိုင်

အန်​တိုနီ​အို၊ မာ​ကော့စ်၊ ဂါ​ဇန်၊ ဗန်​နီး​ယား၊ မာ​စီ​လို​တို့သည် ဘုရားသခင့်​စကားတော်၊ သမ္မာကျမ်းစာ​ကို​လေ့လာ​ခဲ့​ကြသောအခါ သူတို့၏​အသက်တာကို ပြောင်းလဲ​စေ​ခဲ့​သော​အရာများ​ကို သူတို့​သိရှိ​ခဲ့​ကြသည်။ တစ်ခု​အနေ​ဖြင့် တစ်နေ့​တွင် ကမ္ဘာ့​အခြေအနေ​ထူးခြား​လာ​လိမ့်​မည်​ကို သူတို့​သိရှိ​ခဲ့​၏။ ယင်းက အဆုံး​တွင် အရာအားလုံး ဖြောင့်မတ်​တော်မှန်​လာ​လိမ့်​မည်​ဟူသော မသဲမကွဲ​ဖြစ်သည့်​မျှော်လင့်ချက်​တစ်ခု​မျှ မဟုတ်​ချေ။ ယင်းသည် လူသားတို့​အတွက် ဘုရားသခင်​၌​ရည်ရွယ်ချက်​တစ်ခု​ရှိသည်​ဟူသော စစ်မှန်​၍ ခြေမြစ်​ခိုင်လုံ​သော​ယုံကြည်​စိတ်ချ​နိုင်​သည့်​အချက်​ဖြစ်​ပြီး ကိုယ်တော်​၏​အလိုတော်ကို​ဆောင်ရွက်​လျှင် ၎င်း​ရည်ရွယ်ချက်​မှ ယခု​ပင် အကျိုးကျေးဇူး​ရရှိနိုင်​သည်​ဟူ၍​ဖြစ်သည်။ သမ္မာကျမ်းစာ​မှ သူတို့​သိရှိလာရာ​များ​ကို သူတို့၏​ဘဝတွင်​လက်တွေ့​ကျင့်သုံး​ခဲ့​ကြ​ခြင်း​အားဖြင့် သူတို့​အတွက် အရာ​ရာ​တိုးတက်​ကောင်းမွန်​လာ​၏။ သူတို့​ထင်​သည်ထက် ပျော်ရွှင်မှု​နှင့် ငြိမ်သက်မှု သာ၍​ရှိလာ​သည်။

အန်​တိုနီ​အို​သည် သ​ပိတ်​မှော​က်​ခြင်း​နှင့် အလုပ်သမား​ပဋိပက္ခ​များ​တွင် ယခု​မပါဝင်တော့​ချေ။ ထိုသို့​ဖြစ်ပေါ်​လာသော​ပြောင်းလဲမှု​များ​မှာ အချိန်​အကန့်အသတ်​အတွက်သာ​ဖြစ်၍ ယာယီ​မျှ​ဖြစ်သည်​ကို သူသိ​ရှိလာပြီ။ ယခင်​က​အလုပ်သမား​ခေါင်းဆောင်​ဖြစ်​ခဲ့​သော ဤ​သူသည် ဘုရားသခင့်​နိုင်ငံတော်​အကြောင်း​သိရှိ​လာ​ခဲ့​သည်။ ယင်းသည် သန်းနှင့်ချီ​သူတို့ သခင့်​ဆုတောင်းချက် (သို့​မဟုတ် ကျွန်ုပ်​တို့၏​အဘ) ကို​ရွတ်ဆို​ဆုတောင်း၍ “နိုင်ငံတော်​တည်ထောင်​ပါစေ​သော” ဟု​တောင်းဆို​နေကြ​သော ဘုရားသခင့်​နိုင်ငံတော်​ဖြစ်သည်။ (မဿဲ ၆:၁၀က) ဘုရားသခင့်​နိုင်ငံတော်​သည် လူသား​တို့ကို စစ်မှန်သော​ငြိမ်သက်မှု ဆောင်ကြဉ်း​ပေး​မည့် ကောင်းကင်​ဆိုင်ရာ အမှန်တကယ်​အစိုးရ​ဖြစ်​ကြောင်း အန်​တိုနီ​အို​သိရှိ​လာ​သည်။

အိမ်ထောင်ရေး​နှင့်​ပတ်သက်သော သမ္မာကျမ်းစာ​မှ ပညာရှိ​ဆုံးမ​စကား​ကို မာ​ကော့စ် လက်တွေ့​ကျင့်သုံး​တတ်လာ​ခဲ့​သည်။ ရလဒ်​အနေ​ဖြင့် ယခင်​က​နိုင်ငံရေးသမား​တစ်ဦး​ဖြစ်​ခဲ့​သော ဤ​သူသည် ယခု သူ၏​ဇနီး​နှင့် ပျော်ရွှင်စွာ​ပြန်ပေါင်း​သင်း​နေပြီ​ဖြစ်သည်။ ဤ​သူသည်​လည်း လောဘ​ကြီး​၍​တစ်ကိုယ်ကောင်း​ဆန်​သော ဤ​လောက​စနစ်​အစား မကြာမီ​ရောက်ရှိ​လာ​မည့် ဘုရားသခင့်​နိုင်ငံတော်​ကို စောင့်မျှော်​လျက်​ရှိ၏။ “အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော” ဟူ​သည့် သခင့်​ဆုတောင်းချက်​ပါ​စာ​ကြောင်းကို သူ​ပိုမို​နားလည်​လာပြီ​ဖြစ်သည်။ (မဿဲ ၆:၁၀ခ) ကမ္ဘာ​မြေကြီးပေါ်​၌ ဘုရားသခင့်​အလိုတော်​ပြည့်စုံ​လာသော​အခါ တစ်ခါမျှ​မတွေ့ကြုံ​ခဲ့​ဖူး​သော ဘဝ​အသက်တာ​မျိုးကို လူသား​တို့​ကြုံတွေ့​ကြ​ရ​ပေ​လိမ့်​မည်။

ဂါ​ဇန်​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ သူသည် တေ​လေ​ဂျ​ပိုး သူခိုး​တစ်ယောက် မဟုတ်​တော့​ချေ။ ယခင်​လမ်းပေါ်​နေ လမ်းပေါ်​စား ကလေး​၏​ဘဝ​သည် ယခု အဓိပ္ပာယ်​ပို​ပြည့်ဝ​နေသည်; အကြောင်း​မှာ အခြားသူများ​အား အတွင်း​ငြိမ်သက်မှု​တွေ့ရှိ​စေဖို့ သူ၏​အစွမ်း​ခွန်အား​ကို အသုံးပြု​နေသော​ကြောင့်​ဖြစ်၏။ ဤ​တွေ့ကြုံမှု​များ​က ဖော်ပြ​သည့်​အတိုင်း သမ္မာကျမ်းစာ​ကို​လေ့လာခြင်း​နှင့် ယင်းကို​လက်တွေ့​ကျင့်သုံး​ခြင်း​က လူတစ်ဦး​၏​ဘဝ​အသက်တာကို အကြီးအကျယ်​ပြောင်းလဲ​စေနိုင်​သည်။

ဆင်းရဲ​ခက်ခဲ​လှ​သည့်​လောက​၌ အတွင်း​ငြိမ်းချမ်းမှု

ဘုရားသခင့်​အလိုတော် အကောင်အထည်ဖော်​ရာ​၌ အဓိက​သမိုင်းဝင်​ပုဂ္ဂိုလ်​မှာ ယေရှု​ခရစ်​ဖြစ်​ပြီး လူတို့သည် ယေဟောဝါသက်သေ​များနှင့် သမ္မာကျမ်းစာ​လေ့လာ​ကြသောအခါ ကိုယ်တော်​အကြောင်း များစွာ​သိရှိ​လာ​ကြ​၏။ ကိုယ်တော်​မွေးဖွား​သော​ညချမ်း​အချိန်၌ ကောင်းကင်တမန်​များသည် ဘုရားသခင်​ကို ဤသို့​ချီးမွမ်း​သီချင်းဆို​ခဲ့​ကြသည်– “ကောင်းကင်​ဘဝ​ဂ်​ဝယ် ဘုရားသခင်​သည် ဘုန်းကြီး​တော်​မူ​စေ​သတည်း။ မြေကြီးပေါ်​၌​လည်း ငြိမ်သက်ခြင်း​ရှိစေ​သတည်း။” (လုကာ ၂:၁၄) ယေရှု​ကြီးပြင်း​လာသော​အခါ လူ့​အသက်တာ​ဘဝ​တိုးတက်လာ​စေ​ရေး​ကို ဆောင်ရွက်​တော်​မူ​ခဲ့​သည်။ ကိုယ်တော်​သည် လူတို့၏​ခံစားချက်​များ​ကို နားလည်​ပြီး ဝေဒ​နာခံ​စား​ရသူ​နှင့် ဖျားနာသူ​တို့​အပေါ် သာမန်​ထက်​ထူးကဲ​သည့်​သနား​ကြင်နာ​မှု​ကို ပြသ​ခဲ့​၏။ ကောင်းကင်တမန်​များ​၏​စကား​နှင့်​အညီ စိတ်​နှိမ့်ချ​သူတို့ကို အတွင်း​ငြိမ်သက်မှု အနည်းငယ်​ရှိစေ​တော်​မူ​ခဲ့​သည်။ ကိုယ်တော်​၏​ဓမ္မ​အမှု​အဆုံးပိုင်း​တွင် တပည့်တော်​များ​အား ဤသို့​မိန့်တော်မူ​ခဲ့​၏– “ငြိမ်သက်ခြင်း​ကို သင်တို့၌​ငါ​ထားခဲ့​၏။ ငါ​၏​ငြိမ်သက်ခြင်း​ကို သင်တို့အား​ငါ​ပေး​၏။ လောကီ​သားတို့​ပေး​သကဲ့သို့ ငါ​ပေး​သည်မဟုတ်။ သင်တို့​စိတ်နှလုံး​ပူပန်ခြင်း၊ စိုးရိမ်​တုန်လှုပ်ခြင်း​မရှိစေ​နှင့်။”—ယောဟန် ၁၄:၂၇။။

ယေရှုသည် လူ့​အကျိုးဆောင်​မျှ​သာ​မဟုတ်​ချေ။ သူသည် မိမိကိုယ်ကို သိုးထိန်း​တစ်ဦး​နှင့် နှိုင်းယှဉ်ခဲ့​ပြီး ဤသို့​မိန့်တော်မူရာ​၌ စိတ်​နှိမ့်ချသော မိမိ၏​နောက်လိုက်​များ​ကို သိုး​နှင့်​ပုံခိုင်း​လေ​သည်– “ငါ​မူ​ကား၊ သိုး​တို့သည် အသက်​လွတ်​ရုံ​မျှ​မ​က အထူးသဖြင့် အသက်​နှင့်​ပြည့်စုံစေခြင်း​ငှာ​လာ​သတည်း။ ငါသည်​ကောင်းသော​သိုးထိန်း​လည်း​ဖြစ်၏။ ကောင်းသော​သိုးထိန်း​သည် သိုး​တို့​အဖို့​အလို​ငှာ မိမိ​အသက်ကို​စွန့်​တတ်၏။” (ယောဟန် ၁၀:၁၀၊ ၁၁) မှန်ပါသည်၊ မိမိကိုယ်ကို​နှင့် မိမိ​နှင့်​ပတ်သက်​ရာ​တို့ကို​သာ ဦးစားပေး​ဂရုစိုက်​တတ်ကြ​သော ယနေ့​ခေါင်းဆောင်​များစွာ​နှင့်​ကွာခြား​လျက် ယေရှုသည် မိမိ၏​သိုးများ​အတွက် အသက်စွန့်​တော်​မူ​ခဲ့​သည်။

ယေရှု​ပြုလုပ်​ပေး​တော်​မူ​ခဲ့​ရာ​မှ ကျွန်ုပ်​တို့ မည်သို့​အကျိုးကျေးဇူး​ရယူ​နိုင်​သနည်း။ လူများစွာ​သည် ဤ​စကား​များနှင့် အကျွမ်းဝင်​ကြ​ပေ​သည်– “ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ၊ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လောကီ [လောက]သားတို့​ကို​ချစ်တော်မူ​၏။” (ယောဟန် ၃:၁၆) ယေရှု​အား ယုံကြည်ခြင်း​တွင် ကိုယ်တော်​နှင့် ကိုယ်တော်​၏​ခမည်းတော်၊ ယေဟောဝါ​အား သိကျွမ်း​ရန်လို​သည်။ ဘုရားသခင်​ကိုလည်း​ကောင်း၊ ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​သည် ယေဟောဝါ​ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​စေနိုင်​ပြီး ယင်းက ကျွန်ုပ်​တို့ကို စိတ်​ငြိမ်သက်မှု​ရှိစေ​ပေ​လိမ့်​မည်။

ယေရှု​က ဤသို့​မိန့်တော်မူသည်– “ငါ့​သိုး​တို့သည် ငါ့​စကားသံ​ကို​နားထောင်​၍ ငါ့​နောက်သို့​လိုက်​ကြ​၏။ ထို​သိုး​တို့ကို ငါ​သိ​၏။ ထာဝရ​အသက်ကို​လည်း ငါ​ပေး​၏။ ထို​သိုး​တို့သည်​ပျက်စီးခြင်း​နှင့် အစဉ်မပြတ်​ကင်းလွတ်​ကြလိမ့်မည်။ အဘယ်သူမျှ ထို​သိုး​တို့ကို ငါ့​လက်​မှ​မ​နုတ်​မယူ​ရာ။” (ယောဟန် ၁၀:၂၇၊ ၂၈) လှိုက်လှဲ​နွေးထွေး​၍ စိတ်​ချမ်းမြေ့​ဖွယ်​ရာ စကား​ပါ​တကား! ယေရှုသည် ထိုစကား​များ​ကို လွန်ခဲ့သော​နှစ်ပေါင်း​နှစ်ထောင်​နီးပါး​ခန့်​က မိန့်တော်မူ​ခဲ့​သည်​မှန်​သော်လည်း ထို​အချိန်​က​ကဲ့သို့​ပင် ယခု​လည်း​တန်ခိုး​ပါ​ဆဲ​ဖြစ်၏။ ယေရှု​ခရစ်​သည် သက်ရှိ​ထင်ရှား​လျက် တက်ကြွ​စွာ​လုပ်ဆောင်​နေကြောင်း၊ ယခု ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​၏ ဘုရင်​အဖြစ်​နန်းထိုင်​နေကြောင်း​ကို ဘယ်​သောအခါ​မျှ​မမေ့​ပါ​နှင့်။ မြေကြီးပေါ် ကိုယ်တော်​ရှိ​စဉ် ထို​နှစ်ပေါင်း​များစွာက​ကဲ့သို့​ပင် စိတ်​ငြိမ်သက်မှု​ရ​လို​သော စိတ်​နှိမ့်ချ​သူများ​အတွက် စိုးရိမ်မကင်း​ဖြစ်​ဆဲ​ပင်။ ထို​ထက်​ကား ကိုယ်တော်​သည် မိမိ​သိုးများ​၏​သိုးထိန်း​ဖြစ်​ဆဲ​ပင်။ ကျွန်ုပ်​တို့သည် ကိုယ်တော်​နောက်လိုက်​ကြ​မည်​ဆိုလျှင် အကြမ်းဖက်မှု၊ စစ်မက်​နှင့် ရာဇဝတ်မှု​တို့​မရှိခြင်း​အပါအဝင် အပြည့်အဝ​ငြိမ်သက်မှု​ကို အနာဂတ်​၌ တွေ့မြင်​ရမည်​ဟူသော ယုံကြည်​စိတ်ချ​ခြင်း​ကို​ဆိုလို​သည့် အတွင်း​ငြိမ်သက်မှု​ရှိစေရန် ကိုယ်တော်​ကူညီပေး​လိမ့်​မည်။

ယေဟောဝါ​သည် ယေရှု​မှ​တစ်ဆင့် ကျွန်ုပ်​တို့ကို ကူညီပေး​လိမ့်​မည်​ကို​သိကျွမ်း​ယုံကြည်ခြင်းဖြင့် အကျိုးကျေးဇူးများ အမှန်​ရရှိပါ​မည်။ ငယ်ရွယ်ချိန်​တွင် ကြီး​လေး​သော​တာဝန်​များ​ကို ထမ်းရွက်​ခဲ့​ရပြီး သူ့ကို ဘုရားသခင်​မေ့​ပြီ​ဟု​အထင်​ရှိခဲ့​သော ဗန်​နီး​ယား​ကို​သတိရပါ​သလော။ ယခု​မူ မိမိ​အား ဘုရားသခင်​စွန့်ပစ်​ထား​တော်​မ​မူ​ကြောင်းကို ဗန်​နီး​ယား​သိရှိ​လေ​၏။ သူက ဤသို့​ဆို​သည်– “ဘုရားသခင်​ဟာ ချစ်​မြတ်နိုး​စ​ရာ​အရည်အချင်းတွေ​ရှိတဲ့ တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဆိုတာ​ကို ကျွန်မ​သိလာတယ်။ ကျွန်မ​တို့ အသက်​ရဖို့ မိမိရဲ့​သားတော်ကို​စေလွှတ်​ပေး​တဲ့​အထိ ကိုယ်တော်​ရဲ့​မေတ္တာတော်​က လှုံ့ဆော်ပေး​ခဲ့တယ်။ ဒါကို​သိထားဖို့ အရမ်း​အရေးကြီးပါတယ်။”

မာ​စီ​လို​က မိမိ​နှင့်​ဘုရားသခင့်​ဆက်ဆံ​ရေး​သည် အမှန်တကယ်​ဖြစ်​ကြောင်း ပြောပြ​သည်။ ယခင်​က ပါတီ​များ​တက်​ခဲ့​သော ထို​သူက ဤသို့​ပြော​သည်– “လူငယ်တွေဟာ ဘာလုပ်​ရမယ်ဆိုတာ​ကို မသိကြ​ဘဲ အဆုံး​မှာ သူတို့ကို​သူတို့ ဆင်းရဲခြင်း​တွေ​တွေ့​စေ​ကြတယ်။ တချို့က ကျွန်တော့်​လို​ပဲ မူးယစ်​ဆေးဝါး အလွဲသုံးစား​ပြု​လာကြတယ်။ ဘုရားသခင်​နဲ့ ကိုယ်တော်​ရဲ့​သားတော်​အကြောင်း အမှန်တရား​သိလာ​ရတဲ့ ကျွန်တော့်​ကောင်းချီး​မျိုးကို အခြားသူ​တွေ​လည်း ရ​ကြ​ပါစေ။”

သမ္မာကျမ်းစာ​ကို အသေအချာ​လေ့လာခြင်း​အားဖြင့် ဗန်​နီး​ယား​နှင့် မာ​စီ​လို​တို့သည် ဘုရားသခင်​ကို​အခိုင်အမာ​ယုံကြည်​လာပြီး သူတို့၏​အခက်အခဲ​များ​ကို​ကိုင်တွယ်​ဖြေရှင်း​တတ်​ဖို့ ကိုယ်တော်ကူညီပေး​ရန် အသင့်ရှိ​သည်ကို သူတို့​ယုံကြည်​စိတ်ချ​တတ်လာ​ကြ​၏။ ကျွန်ုပ်​တို့သည် သူတို့​ကဲ့သို့ သမ္မာကျမ်းစာ​ကို​လေ့လာ​၍ ယင်းကို လက်တွေ့​ကျင်​သုံး​ကြ​မည်​ဆိုလျှင် သူတို့​နည်းတူ ငြိမ်သက်မှု​အကြီးအကျယ်​ရရှိကြလိမ့်မည်။ ထို​အခါ တမန်​တော်​ပေါလု​၏ ဤ​အားပေး​စကား​သည် ကျွန်ုပ်​တို့​နှင့်​အမှန်ပင်​သက်ဆိုင်​ပါ​လိမ့်​မည်– “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း . . . သော​အားဖြင့်၊ သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား​ကြားလျှောက်​ကြလော့။ ထို​သို့ပြုလျှင် အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို စောင့်မ​လိမ့်​မည်။”—ဖိလိပ္ပိ ၄:၆၊ ၇

စစ်မှန်သော​ငြိမ်သက်ခြင်း​ကို တွေ့ရှိ​ခြင်း

ယေရှု​ခရစ်​သည် အမှန်တရားကို​ဆာငတ်​သူ​တို​အား မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​ရဖို့ လမ်းညွှန်​ပေး​နေသည်။ ဘုရားသခင်​၏ စစ်မှန်သော​ဝတ်ပြုရေး​သို့ သူတို့ကို ကိုယ်တော်​လမ်းညွှန်​ပေး​စဉ် သူတို့သည် သမ္မာကျမ်းစာ​၌ ဖော်ပြ​ထားသော ဤ​အလားတူ​ငြိမ်သက်မှု​ကို ကြုံတွေ့​ကြ​ရ၏– “ငါ​၏​လူတို့သည်​လည်း ငြိမ်သက်​သော​နေရာ၊ လုံခြုံ​သော​မြို့ရွာ၊ ဘေးလွတ်​သော​ချမ်းသာ​ရာ​အရပ်​တို့​၌ နေရ​ကြလိမ့်မည်။” (ဟေရှာယ ၃၂:၁၈) ယင်းသည် အနာဂတ်​တွင် မွေ့လျော်​ခံစား​ကြ​ရမည့် ငြိမ်သက်မှု​ကို ကြိုတင်​မြည်းစမ်း​ရခြင်း​မျှ​ဖြစ်သည်။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “စိတ်​နှိမ့်ချသော​သူတို့မူကား၊ ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။ ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​ကို​အမွေခံ​၍ အစဉ်အမြဲ​နေရ​ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁၊ ၂၉

သို့​ဖြစ်၍ ယနေ့ ကျွန်ုပ်​တို့သည် အတွင်း​ငြိမ်သက်မှု ရရှိနိုင်​ပါသလော။ ရရှိနိုင်​ပါ​သည်။ ထို​ထက်​ကား မဝေးတော့​သည့်​အနာဂတ်​တွင် ဘုရားသခင်​သည် နာခံမှု​ရှိသော​လူသား​တို့ကို တစ်ကြိမ်​တစ်ခါမျှ​မရှိခဲ့​ဖူး​သော ငြိမ်သက်မှု​ဖြင့် ကောင်းချီး​ပေး​တော်​မူ​လိမ့်​မည်​ဟု ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ပါ​သည်။ ထို့​ကြောင့် ကိုယ်တော်​၏​ငြိမ်သက်ခြင်း​ကို သင့်​အားပေးပါ​ရန် ကိုယ်တော်​ထံ ဆုတောင်း​ပါ​လေ။ သင့်​မှာ​ငြိမ်သက်မှု​မရှိစေ​သည့်​ပြဿနာ​များ​ရှိ​မည်​ဆိုလျှင် ဘုရင်​ဒါဝိဒ်​နည်းတူ ဤသို့​ဆုတောင်း​ပါ– “အကျွန်ုပ်​စိတ်နှလုံး​ဆင်းရဲ​သည်ကို ချမ်းသာပေး​၍၊ အမှု​များ​ထဲ​က ကယ်နုတ်​တော်​မူ​ပါ။ အကျွန်ုပ်​နှိမ့်ချ​ခြင်း​နှင့် ပူပန်ခြင်း​ကို​ကြည့်ရှု​၍၊ အကျွန်ုပ်​အပြစ်ရှိ​သမျှ​တို့ကို လွှတ်တော်​မူ​ပါ။” (ဆာလံ ၂၅:၁၇၊ ၁၈) ထိုသို့​သော​ဆုတောင်းချက်​များ​ကို ဘုရားသခင်​နားညောင်း​တော်​မူ​ကြောင်း စိတ်ချ​ပါ။ စိတ်ရင်းမှန်​ဖြင့် ငြိမ်သက်မှု​ရှာဖွေသူ​အားလုံး​ကို ကိုယ်တော်​သည်​လက်တော်ကို​ဆန့်​၍ ငြိမ်သက်မှု​ပေးသနား​တော်​မူ​သည်။ မေတ္တာပါ​စွာ​ဖြင့် ကျွန်ုပ်​တို့ကို ဤသို့​အာမခံ​ထား​သည်– “ထာဝရ​ဘုရား​သည် [ဆုတောင်း] သူအပေါင်း၊ သစ္စာ​နှင့်​တကွ [ဆုတောင်း] သူအပေါင်း​တို့၏ အနီးအပါး​၌​ရှိ​တော်​မူ​၏။ ကြောက်ရွံ့​သော​သူတို့၏​အလိုကို ပြည့်စုံ​စေတော်မူ​၏။ ထို​သူတို့၏​အော်ဟစ်​ခြင်း​ကို​ကြား​၍ ကယ်တင်​တော်​မူ​၏။”—ဆာလံ ၁၄၅:၁၈၊ ၁၉

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

လူတို့သည် အကူအညီ​မပါဘဲ ကိုယ်ကို​ကိုယ်​အုပ်ချုပ်​ရန် ဉာဏ်ပညာ​မရှိ၊ အမြော်အမြင်​လည်း​မရှိ​ချေ . . . အမှန်တကယ်​တန်ဖိုး​ရှိသည့် တစ်ခု​တည်း​သော အကူအညီ​မှာ ဘုရားသခင့်​ထံ​တော်​မှ​ဖြစ်၏

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဘုရားသခင်​ကိုလည်း​ကောင်း၊ ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​သည် ယေဟောဝါ​ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​စေနိုင်​ပြီး ယင်းက ကျွန်ုပ်​တို့ကို စိတ်​ငြိမ်သက်မှု​ရှိစေ​ပေ​လိမ့်​မည်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​မှ​ဆုံးမ​စကား​ကို လိုက်လျှောက်ခြင်းက ငြိမ်းချမ်း​သော မိသားစု​အသက်တာကို ဖြစ်စေ​သည်