ဘုရားသခင့်နိုင်ငံတော်—မြေကြီး၏အုပ်ချုပ်ရေးသစ်
ဘုရားသခင့်နိုင်ငံတော်—မြေကြီး၏အုပ်ချုပ်ရေးသစ်
“ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၅။
၁။ သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့အဘယ်သို့သောယုံကြည်စိတ်ချမှု ရှိနိုင်သနည်း။
သမ္မာကျမ်းစာသည် လူသားတို့ထံ ဘုရားသခင်၏ဖွင့်ဟဖော်ပြချက်ဖြစ်သည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါတို့ဟောပြောသော ဘုရားသခင်၏နှုတ်[မြွက်]တရားကို သင်တို့သည်ကြားနာ၍ ခံယူကြသောအခါ လူ၏နှုတ်ထွက်စကားကဲ့သို့ မခံမယူဘဲ၊ ဘုရားသခင်၏နှုတ်[မြွက်စကား]တော်အမှန် . . . ကဲ့သို့ ခံယူကြသည်။” (၁ သက်သာလောနိတ် ၂:၁၃၊ သမ္မာ) သမ္မာကျမ်းစာ၌ ဘုရားသခင်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သိအပ်သောအကြောင်းများပါရှိသည်– ကိုယ်တော်၏အရည်အသွေးနှင့်ပတ်သက်သော အချက်အလက်၊ ကိုယ်တော်၏ရည်ရွယ်တော်မူချက်များနှင့် ကျွန်ုပ်တို့ထံမှ ကိုယ်တော်တောင်းဆိုချက်များဖြစ်သည်။ ယင်းတွင် မိသားစုဘဝနှင့် နေ့စဉ်အကျင့်အကြံပေါ် အကောင်းဆုံးသွန်သင်ချက်ပါရှိသည်။ အတိတ်ကပြည့်စုံခဲ့ပြီးသော၊ လက်ရှိပြည့်စုံဆဲဖြစ်သော၊ အနာဂတ်တွင်ပြည့်စုံလာမည်ဖြစ်သော ပရောဖက်ပြုချက်များကို ယင်း၌အသေးစိတ်ဖော်ပြထားသည်။ မှန်ပါသည်၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ [ဆုံးမ]ခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။”—၂ တိမောသေ ၃:၁၆၊ ၁၇။
၂။ သမ္မာကျမ်းစာ၏အဓိကအချက်ကို ယေရှု မည်သို့အလေးပေးခဲ့သနည်း။
၂ သမ္မာကျမ်းစာ၌ ထူးကဲသာလွန်ဆုံးအရေးပါသောအရာမှာ ယင်း၏အဓိကခေါင်းစဉ်ဖြစ်သည်– ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်အားဖြင့် ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု (ကိုယ်တော်၏အုပ်စိုးပိုင်ခွင့်) ကို သံသယကင်းရှင်းစေရေးဖြစ်သည်။ ယေရှုသည် ယင်းကို မိမိခရစ်ယာန်ဓမ္မအမှု၏အဓိကအာရုံစိုက်ရာ ဖြစ်စေခဲ့သည်။ “ယေရှုက၊ ‘နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနည်းပြီ’ ဟူသောတရားကို ဟောစပြုတော်မူ၏။” (မဿဲ ၄:၁၇) ယင်းသည် ကျွန်ုပ်တို့၏အသက်တာတွင် မည်သည့်နေရာ၌ရှိသင့်ကြောင်းဖော်ပြ၍ ကိုယ်တော်ဤသို့တိုက်တွန်းသည်– “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ ဦးစွာရှာကြလော့။” (မဿဲ ၆:၃၃) မိမိ၏နောက်လိုက်များအား ဘုရားသခင်ထံ ဤသို့ဆုတောင်းရန်သွန်သင်ခြင်းဖြင့် ယင်းသည် မည်မျှအရေးကြီးကြောင်းကိုလည်း ကိုယ်တော်ပြသခဲ့သည်– “[ဘုရားသခင်]နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော် သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။”—မဿဲ ၆:၁၀။
မြေကြီး၏အုပ်ချုပ်ရေးသစ်
၃။ ဘုရားသခင့်နိုင်ငံတော်သည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အရေးတကြီးလိုအပ်ရာဖြစ်ရသနည်း။
၃ ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့အတွက် အဘယ်ကြောင့် ဤမျှအထိ အလွန်အရေးကြီးရသနည်း။ အကြောင်းမှာ မကြာမီ ယင်းသည် ဤကမ္ဘာမြေကြီးရှိအုပ်ချုပ်ရေးကို ထာဝစဉ်ပြောင်းလဲပစ်မည့်အရေးယူမှုတစ်ရပ်ကို ဆောင်ရွက်လိမ့်မည်ဖြစ်သောကြောင့်တည်း။ ဒံယေလ ၂:၄၅ ရှိပရောဖက်ပြုချက်၌ ဤသို့ဖော်ပြထားသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခု [ကောင်းကင်၌အစိုးရတစ်ခု] ကို ထိုမင်းကြီးများလက်ထက် [ယခုမြေကြီးပေါ်တွင်အုပ်ချုပ်မှု] ၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ [မြေကြီးဆိုင်ရာအုပ်ချုပ်မှုများ] ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” ဘုရားသခင့်ကောင်းကင်နိုင်ငံတော်က လုံးလုံးလျားလျားအုပ်ချုပ်သောအခါ ကမ္ဘာပေါ်တွင် လူတို့၏ထိန်းချုပ်မှုသည် မည်သည့်အခါမျှ ပြန်ရှိတော့မည်မဟုတ်ချေ။ အုပ်စုကွဲနေပြီး ကျေနပ်နိုင်ဖွယ်မရှိသောလူ့အုပ်ချုပ်ရေးသည် အတိတ်တွင်ထာဝစဉ်ကျန်ခဲ့သောအရာတစ်ခု ဖြစ်သွားမည်။
၄၊ ၅။ (က) ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အတွက် အရည်အချင်းအရှိဆုံးသောဘုရင်တစ်ပါး အဘယ်ကြောင့်ဖြစ်ရသနည်း။ (ခ) မဝေးတော့သည့်အနာဂတ်တွင် အဘယ်တာဝန်ကို ယေရှုအပ်နှင်းခံရလိမ့်မည်နည်း။
၄ ယေဟောဝါ၏တိုက်ရိုက်ညွှန်ကြားမှုအောက် ကောင်းကင်နိုင်ငံတော်၌ အဓိကအုပ်ချုပ်သူမှာ အရည်အချင်းအပြည့်မီဆုံးပုဂ္ဂိုလ်—ယေရှုခရစ်ဖြစ်သည်။ ကမ္ဘာသို့ကြွမလာမီ ကိုယ်တော်သည် ဘုရားသခင်၏ဦးဆုံးဖန်ဆင်းသူဖြစ်ပြီး ကောင်းကင်၌ “လုပ်သားချုပ်” အဖြစ်တည်ရှိခဲ့သည်။ (သု. ၈:၂၂-၃၁၊ ကဘ) “ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏။ . . . သတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော်သည် . . . ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။” (ကောလောသဲ ၁:၁၅၊ ၁၆) ထို့ပြင် ဘုရားသခင်သည် ယေရှုကိုမြေကြီးပေါ်စေလွှတ်သောအခါ ကိုယ်တော်သည် ဘုရားသခင့်အလိုတော်ကိုတစ်ချိန်လုံးဆောင်ရွက်ခဲ့သည်။ ကိုယ်တော်သည် အခက်ခဲဆုံးသောစမ်းသပ်မှုများကို ခံရပ်ခဲ့ပြီး မိမိ၏ခမည်းတော်အပေါ် သေသည့်အထိသစ္စာရှိခဲ့၏။—ယောဟန် ၄:၃၄; ၁၅:၁၀။
၅ သေသည့်အထိ ဘုရားသခင်ကိုသစ္စာစောင့်ခဲ့သောကြောင့် ယေရှုသည် ဆုချခြင်းခံခဲ့ရ၏။ ကိုယ်တော့်အား ကောင်းကင်သို့ဘုရားသခင်ထမြောက်စေတော်မူခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ဘုရင်အရိုက်အရာကို ပေးအပ်ခဲ့သည်။ (တမန်တော် ၂:၃၂-၃၆) ဘုရားသခင့်နိုင်ငံတော်ဘုရင်အနေနှင့် ခရစ်တော်ယေရှုသည် ကမ္ဘာမြေကြီးပေါ်မှ လူသားအုပ်ချုပ်ရေးကိုဖယ်ရှားပစ်ခြင်းနှင့် ကမ္ဘာတစ်ဝန်းရှိဆိုးသွမ်းမှုအားလုံးကို သုတ်သင်ရှင်းလင်းပစ်ခြင်းတို့တွင် တန်ခိုးရှိသည့် မြောက်မြားစွာသောနာမ်ဝိညာဉ်သတ္တဝါများကို ဦးစီးရန် ဘုရားသခင်ထံတော်မှ စိုးရွံ့ထိတ်လန့်ဖွယ်ကောင်းသောတာဝန် အပ်နှင်းခံရပေလိမ့်မည်။ (သု. ၂:၂၁၊ ၂၂; ၂ သက်သာလောနိတ် ၁:၆-၁၀; ဗျာဒိတ် ၁၉:၁၁-၂၁; ၂၀:၁-၃) ထိုအခါ ခရစ်တော်လက်အောက်၌ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်သည် အုပ်ချုပ်ရေးအခွင့်အာဏာသစ်ကိုရရှိပြီး ကမ္ဘာမြေတစ်ပြင်လုံးတွင် တစ်ခုတည်းသောအစိုးရဖြစ်ပေလိမ့်မည်။—ဗျာဒိတ် ၁၁:၁၅။
၆။ ဘုရားသခင့်နိုင်ငံတော်၏ဘုရင်ထံမှ အဘယ်အုပ်ချုပ်ရေးမျိုးကို ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။
၆ ကမ္ဘာမြေကြီး၏အုပ်စိုးရှင်သစ်နှင့်စပ်လျဉ်း၍ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့ဆိုသည်– “အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကိုအုပ်စိုးစေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။” (ဒံယေလ ၇:၁၄) ယေရှုသည် ဘုရားသခင်၏ချစ်ခြင်းကိုအတုယူမည်ဖြစ်သောကြောင့် ကိုယ်တော်၏အုပ်ချုပ်မှုအောက်တွင် အကြီးအကျယ်ငြိမ်သက်ပျော်ရွှင်ကြရမည်။ (မဿဲ ၅:၅; ယောဟန် ၃:၁၆; ၁ ယောဟန် ၄:၇-၁၀) “တရားစောင့်ခြင်းနှင့် ဖြောင့်မတ်ခြင်းဖြင့်စီရင်၍ တည်မြဲစေတော်မူမည်အကြောင်း အာဏာတော်နှင့် ငြိမ်သက်ခြင်းသည်မကုန်မဆုံး . . . အမြဲတိုးတက်လိမ့်မည်။” (ဟေရှာယ ၉:၇၊ သမ္မာ) ချစ်ခြင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ဖြင့် အုပ်ချုပ်သောအုပ်စိုးရှင်တစ်ပါးရရှိခြင်းက ကောင်းချီးတစ်ရပ်ဖြစ်လိမ့်မည်တကား! သို့နှင့် ၂ ပေတရု ၃:၁၃ ၌ဤသို့တင်ကူးဖော်ပြသည်– “ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ် [ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်] နှင့်မြေကြီးသစ် [မြေကြီးဆိုင်ရာလူ့ဘောင်သစ်] ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။”
၇။ မဿဲ ၂၄:၁၄ သည် ယနေ့ မည်သို့ပြည့်စုံလျက်ရှိသနည်း။
၇ မှန်ကန်ရာကိုချစ်မြတ်နိုးသူအားလုံးအတွက် ဘုရားသခင့်နိုင်ငံတော်မှာ အကောင်းဆုံးသတင်းဖြစ်သည်ကား အမှန်ပင်။ ထိုအတွက်ကြောင့် ဤဆိုးညစ်သောစနစ်၏ “နောက်ဆုံးသောနေ့ရက်များ” ၌ ကျွန်ုပ်တို့အသက်ရှင်နေရကြောင်း နိမိတ်လက္ခဏာ၏တစ်စိတ်တစ်ပိုင်းကို ယေရှုက ဤသို့တင်ကူးမိန့်တော်မူခဲ့သည်– “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း [ဘုရားသခင်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လော[က]နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (၂ တိမောသေ ၃:၁-၅၊ သမ္မာ; မဿဲ ၂၄:၁၄) အဆိုပါပရောဖက်ပြုချက်သည် ယခုပြည့်စုံလျက်ရှိသည်၊ နိုင်ငံပေါင်း ၂၃၄ နိုင်ငံတွင် ခြောက်သန်းခန့်သောယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း အခြားသူတို့ကိုပြောပြရာ၌ တစ်နှစ်လျှင် နာရီပေါင်းသန်းတစ်ထောင်ကျော်ကို အသုံးပြုကြသည်။ ကမ္ဘာတစ်ဝန်းရှိ သူတို့၏ဝတ်ပြုကိုးကွယ်ရာနေရာဖြစ်သော အသင်းတော်ပေါင်း ၉၀,၀၀၀ ခန့်ကို ဘုရားသခင်၏နိုင်ငံတော်ခန်းမဟုခေါ်ဆိုခြင်းမှာ ဆီလျော်လှပေသည်။ ထိုတွင် လူတို့သည် ရောက်ရှိလာတော့မည်အစိုးရသစ်နှင့်ပတ်သက်၍ သင်ယူသိရှိလာကြသည်။
တွဲဖက်အုပ်စိုးရှင်များ
၈၊ ၉။ (က) ခရစ်တော်၏တွဲဖက်အုပ်စိုးရှင်တို့မှာ မည်သည့်နေရာမှလာကြသနည်း။ (ခ) ရှင်ဘုရင်နှင့် ကိုယ်တော့်တွဲဖက်အုပ်စိုးရှင်တို့၏ အုပ်ချုပ်မှု၌ ကျွန်ုပ်တို့သည် မည်သို့သောယုံကြည်စိတ်ချမှုရှိနိုင်သနည်း။
၈ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်ယေရှုနှင့်အတူ တွဲဖက်အုပ်စိုးရှင်များရှိလိမ့်မည်။ ဗျာဒိတ် ၁၄:၁-၄ က ၁၄၄,၀၀၀ သောပုဂ္ဂိုလ်တို့သည် “လူတို့အထဲကရွေးနုတ်” ခံရကာ ကောင်းကင်အသက်တာသို့ ထမြောက်ခံရမည်ဖြစ်ကြောင်း တင်ကူးဖော်ပြထားသည်။ ထိုသူတို့ထဲတွင် အမျိုးသား၊ အမျိုးသမီးများပါဝင်ပြီး အလုပ်အကျွေးခံမည့်အစား ဘုရားသခင်နှင့် လူသားချင်းတို့၏အမှုကို နှိမ့်ချစွာထမ်းဆောင်ကြသူများဖြစ်သည်။ “ထိုသို့သောသူသည် . . . ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။” (ဗျာဒိတ် ၂၀:၆) သူတို့၏အရေအတွက်မှာ ဤအစီအစဉ်စနစ်ဆုံးခန်းကို ကပ်ကျော်ကြမည့် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍၊ အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်းတို့” နှင့်စာလျှင် အလွန်နည်းသည်။ ထိုသူတို့သည်လည်း “ဘုရား[သခင်]ဝတ်ကို နေ့ညမပြတ်ပြုရကြ၏”၊ သို့သော် သူတို့သည် ကောင်းကင်ခေါ်တော်မူခြင်းမခံရချေ။ (ဗျာဒိတ် ၇:၉၊ ၁၅) သူတို့သည် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်၏ လက်အောက်ခံများအဖြစ် ကမ္ဘာသစ်၏အခြေခံအုတ်မြစ်ဖြစ်သည်။—ဆာလံ ၃၇:၂၉; ယောဟန် ၁၀:၁၆။
၉ ကောင်းကင်တွင် ခရစ်တော်နှင့်အတူအုပ်စိုးမည့်သူများကိုရွေးချယ်ရာ၌ ယေဟောဝါသည် လူ့ဘဝ၏ပြဿနာအရပ်ရပ်ကိုတွေ့ကြုံပြီးသည့် သစ္စာရှိလူသားများကို ရွေးချယ်တော်မူခဲ့၏။ ဤဘုရင်-ယဇ်ပုရောဟိတ်တို့သည် လူသားတို့ဖြတ်သန်းခဲ့ရသည့် အရာမှန်သမျှနီးပါးကို တွေ့ကြုံခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်တွင် သူတို့အသက်ရှင်ခဲ့ခြင်းက လူသားတို့အပေါ် သူတို့၏အုပ်စိုးနိုင်စွမ်းကို တိုးမြှင့်သွားစေမည်ဖြစ်သည်။ ယေရှုကိုယ်တော်တိုင်ပင် “ဆင်းရဲ[ခက်ခဲမှု]ကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။” (ဟေဗြဲ ၅:၈) တမန်တော်ပေါလုက ကိုယ်တော်နှင့်ပတ်သက်၍ ဤသို့ပြောခဲ့သည်– “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲ[ခက်ခဲမှု]များကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် . . . အပြစ်နှင့် ကင်းလွတ်တော်မူ၏။” (ဟေဗြဲ ၄:၁၅) ဘုရားသခင်၏ဖြောင့်မတ်သောကမ္ဘာသစ်တွင် လူတို့ကိုချစ်၍ ထောက်ထားစာနာမှုပြသော ရှင်ဘုရင်များနှင့်ယဇ်ပုရောဟိတ်များ အုပ်စိုးလိမ့်မည်ဖြစ်ကြောင်းသိရခြင်းက မည်မျှနှစ်သိမ့်ဖွယ်ရာပါတကား!
ဘုရားသခင့်ရည်ရွယ်တော်မူချက်၌ နိုင်ငံတော်ပါရှိခဲ့သလော
၁၀။ ကောင်းကင်နိုင်ငံတော်သည် ဘုရားသခင့်မူလရည်ရွယ်တော်မူချက်တွင် အဘယ်ကြောင့်မပါဝင်ခဲ့သနည်း။
၁၀ အာဒံနှင့်ဧဝကို ဖန်ဆင်းခဲ့ချိန်က ကောင်းကင်နိုင်ငံတော်သည် ဘုရားသခင့်မူလရည်ရွယ်တော်မူချက်၏ တစ်စိတ်တစ်ဒေသဖြစ်ခဲ့ပါသလော။ ဖန်ဆင်းခြင်းဆိုင်ရာ ကမ္ဘာဦးမှတ်တမ်း၌ လူသားတို့ကိုအုပ်စိုးမည့် ထိုသို့သောဘုရားသခင်နိုင်ငံတော်နှင့်ပတ်သက်၍ ဖော်ပြချက်မရှိချေ။ ယေဟောဝါကိုယ်တော်တိုင်သည် သူတို့၏အုပ်စိုးရှင်ဖြစ်ပြီး ကိုယ်တော်အား သူတို့နာခံသမျှကာလပတ်လုံး အခြားမည်သည့်အုပ်ချုပ်မှုမျှ မလိုအပ်ခဲ့ချေ။ ဖြစ်နိုင်ဖွယ်ရှိသည်မှာ ကမ္ဘာဦးကျမ်း အခန်းကြီး ၁ က ယေဟောဝါသည် အာဒံနှင့်ဧဝတို့ကို မိမိ၏ကောင်းကင်သားဦးမှတစ်ဆင့် ဆက်သွယ်မှုပြုခဲ့ကြောင်းဖော်ပြသည်။ အဆိုပါမှတ်တမ်း၌ ‘သူတို့ကို ဘုရားသခင်မိန့်တော်မူခဲ့သည်’ နှင့် ‘သူတို့ကို ဘုရားသခင်မိန့်ဆိုခဲ့သည်မှာ’ ဟူသည့် အသုံးအနှုန်းကို သုံးနှုန်းထားသည်။—ကမ္ဘာဦး ၁:၂၈၊ ၂၉၊ ကဘ; ယောဟန် ၁:၁၊ ကဘ။
၁၁။ လူသားတို့တွင် အဘယ်စုံလင်သောအစ ရှိခဲ့ကြသနည်း။
၁၁ ကျမ်းစာက ဤသို့ဆိုသည်– “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ . . . ၏။” (ကမ္ဘာဦး ၁:၃၁) ဧဒင်ဥယျာဉ်တွင် အရာအားလုံး လိုလေသေးမရှိပြည့်စုံခဲ့သည်။ အာဒံနှင့်ဧဝတို့သည် ပရဒိသုတွင်နေထိုင်ခဲ့ရကြသည်။ သူတို့သည် ကိုယ်စိတ်နှစ်ဖြာစုံလင်ခဲ့ကြ၏။ မိမိတို့ကို ဖန်ဆင်းသောအရှင်နှင့် သူတို့ဆက်သွယ်နိုင်ခဲ့ကြပြီး ကိုယ်တော်သည် သူတို့နှင့်အတူရှိတော် မူသည်။ ထို့ပြင် သူတို့သစ္စာဆက်ရှိခြင်းအားဖြင့် စုံလင်သောကလေးများကိုဖွားမြင်ကြလိမ့်မည်။ ထိုတွင် ကောင်းကင်ဆိုင်ရာအစိုးရသစ် လိုအပ်ခဲ့မည်မဟုတ်ချေ။
၁၂၊ ၁၃။ စုံလင်သောလူသားတို့ တိုးများလာသည်နှင့်အမျှ ဘုရားသခင်သည် သူတို့နှင့် အဘယ်ကြောင့်ဆက်၍ဆက်သွယ်နိုင်ခဲ့မည်နည်း။
၁၂ လူ့မိသားစုတိုးများလာသည်နှင့်အမျှ သူတို့အားလုံးကို ဘုရားသခင်မည်သို့ဆက်သွယ်မည်နည်း။ ကောင်းကင်ရှိ ကြယ်များကို စဉ်းစားဆင်ခြင်ကြည့်ပါ။ ၎င်းတို့သည် ဂလက်စီများဟုခေါ်သည့် ကျွန်းစကြဝဠာများ၌ အုပ်စုလိုက်စုဝေးတည်ရှိနေကြသည်။ ဂလက်စီအချို့တွင် ကြယ်ပေါင်း သန်းတစ်ထောင်ပါဝင်သည်။ အခြားဂလက်စီများတွင် ကြယ်သန်းပေါင်းတစ်သန်းခန့်ပါဝင်၏။ ထို့ပြင် မြင်တွေ့နိုင်သောစကြဝဠာတွင် ဂလက်စီပေါင်း သန်းတစ်သိန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ကခန့်မှန်းကြသည်။ သို့တိုင် ဖန်ဆင်းရှင်ကဤသို့ဆိုသည်– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၆။
၁၃ ဘုရားသခင်သည် ဤကောင်းကင်တန်ဆာအားလုံးကို မျက်ခြည်မပြတ်သိရှိနိုင်စွမ်းရှိတော်မူသည်ဖြစ်ရာ အရေအတွက်သာ၍များစွာနည်းသော လူသားများကို မျက်ခြည်မပြတ်သိရှိရန်မှာ ကိုယ်တော်အတွက် ခဲယဉ်းမည်မဟုတ်သည်မှာသေချာသည်။ ယခုပင်လျှင် သန်းနှင့်ချီသောကိုယ်တော်၏ကျေးကျွန်များသည် နေ့စဉ် ကိုယ်တော်ထံသို့ဆုတောင်းကြ၏။ ထိုတောင်းလျှောက်ချက်များသည် ဘုရားသခင်ထံချက်ချင်းရောက်သည်။ သို့ဖြစ်၍ စုံလင်သောလူသားအားလုံးနှင့် ဆက်သွယ်ခြင်းသည် ကိုယ်တော့်အတွက် ခဲယဉ်းမှုလုံးဝရှိမည်မဟုတ်ပေ။ သူတို့ကို ဆက်လက်ခြေရာခံမိစေရန် ကိုယ်တော်အတွက် ကောင်းကင်နိုင်ငံတော်တစ်ခု လိုအပ်လိမ့်မည်မဟုတ်။ အုပ်စိုးရှင်အဖြစ် ယေဟောဝါရှိတော်မူပြီး ကိုယ်တော်ထံသို့ တိုက်ရိုက်ချဉ်းကပ်ခွင့်ရစေကာ ဘယ်သောအခါမျှ မသေနိုင်သောအလားအလာဖြင့် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်စေသည့် အလွန်အံ့မခန်းဖွယ်အစီအစဉ်တစ်ရပ်ပါတကား!
“လူသည် . . . မိမိခြေရာများကို မစီရင်ပိုင်”
၁၄။ လူသားတို့သည် ယေဟောဝါ၏အုပ်စိုးမှုကို အဘယ်ကြောင့် ထာဝစဉ်လိုအပ်မည်နည်း။
၁၄ သို့သော် လူသားများသည်—စုံလင်သူများပင်ဖြစ်ပါစေ—ယေဟောဝါ၏အုပ်စိုးမှုကို ထာဝစဉ်လိုအပ်မည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် သူတို့ကို မိမိ၏အုပ်စိုးမှုမှ အောင်မြင်စွာခွဲထွက်ရပ်တည်နိုင်စွမ်းဖြင့် မဖန်ဆင်းထားသောကြောင့်ဖြစ်သည်။ ယင်းက ပရောဖက်ယေရမိ ဤသို့အသိအမှတ်ပြုခဲ့သကဲ့သို့ လူသားတို့အတွက် နိယာမတရားတစ်ခုဖြစ်သည်– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာများကို မစီရင်ပိုင်ကြောင်း အကျွန်ုပ်သိပါ၏။ အိုထာရဘုရား၊ အကျွန်ုပ်တို့ကို ဆုံးမတော်မူပါ။” (ယေရမိ ၁၀:၂၃၊ ၂၄၊ သမ္မာ) လူသားတို့သည် ယေဟောဝါ၏အုပ်စိုးမှုမပါဘဲ လူ့ဘောင်အဖွဲ့အစည်းကို မိမိတို့ဘာသာ အောင်မြင်စွာစီမံသွားနိုင်သည်ဟု ယူမှတ်မည်ဆိုလျှင် အလွန်မိုက်မဲရာကျပေလိမ့်မည်။ ယင်းသည် သူတို့အားဖန်ဆင်းထားပုံနှင့် ဆန့်ကျင်ဖီလာနေမည်။ ယေဟောဝါ၏အုပ်စိုးမှုမှခွာထွက်ခြင်းသည် တစ်ကိုယ်ကောင်းဆန်မှု၊ မုန်းတီးမှု၊ ရက်စက်မှု၊ အကြမ်းဖက်မှု၊ စစ်မှုနှင့် သေဆုံးမှုတို့သာ မလွဲမသွေဖြစ်စေမည်။ ‘လူသည် တစ်ဦးကိုတစ်ဦး အကျိုးပျက်အောင်အုပ်စိုးခဲ့ကြပြီ။’—ဒေ. ၈:၉။
၁၅။ ကျွန်ုပ်တို့ကနဦးမိဘများ၏ မှားယွင်းသောရွေးချယ်မှုမှ အဘယ်ဆိုးမွေကိုရရှိခဲ့ကြသနည်း။
၁၅ ဝမ်းနည်းစရာမှာ ကျွန်ုပ်တို့၏ကနဦးမိဘများသည် ဘုရားသခင်အား သူတို့၏အုပ်စိုးရှင်အဖြစ်မလိုအပ်ဟု ဆုံးဖြတ်ခဲ့ကြပြီး ကိုယ်တော်ထံမှခွာထွက်ရပ်တည်ရန် ရွေးချယ်ခဲ့ကြ၏။ ရလဒ်အနေဖြင့် ဘုရားသခင်သည် စုံလင်နေရန် သူတို့အား ဆက်ထောက်ပံ့မပေးတော့ချေ။ ယခု သူတို့သည် ဓာတ်အားပေးစက်ရုံမှဖြတ်တောက်ခံလိုက်ရသော လျှပ်စစ်ပစ္စည်းတစ်ခုနှယ် ဖြစ်ခဲ့ချေပြီ။ သို့နှင့် အချိန်ကြာလာသော သူတို့သည် တဖြည်းဖြည်းယိုယွင်းလာပြီး သေခြင်း၌ရပ်စဲသွားသည်။ သူတို့သည် အပြစ်အနာအဆာပါသောနမူနာပုံစံဖြစ်သွားပြီး ထိုအခြေအနေကို သူတို့၏သားစဉ်မြေးဆက်အား လက်ဆင့်ကမ်းနိုင်သမျှအားလုံး ကမ်းပေးခဲ့သည်။ (ရောမ ၅:၁၂) “ကိုယ်တော် [ယေဟောဝါ] သည် ကျောက်ဖြစ်တော်မူ၏။ အမှုတော်သည် စုံလင်ပေ၏။ နည်းလမ်းတော်ရှိသမျှသည် တရားနှင့်ညီ . . . ၏။ သူတို့သည် ဖောက်ပြန်ကြပြီ။ ဘုရားသခင်၏သားမဟုတ်၊ အပြစ်အနာရှိသူသာဖြစ်ကြ၏။” (တရားဟောရာ ၃၂:၄၊ ၅၊ သမ္မာ) အာဒံနှင့်ဧဝတို့သည် စာတန်ဖြစ်လာသော ပုန်ကန်သည့်နာမ် ဝိညာဉ်သတ္တဝါ၏ ဩဇာလွှမ်းမိုးမှုခံခဲ့ရသည်ကားအမှန်ပင်၊ သို့သော် သူတို့၌စုံလင်သောစိတ်နှလုံးရှိခဲ့ပြီး သူ၏မှားယွင်းသည့်အကြံပြုချက်ကို ငြင်းပယ်မည်ဆိုလျှင်ငြင်းပယ်နိုင်ခဲ့ကြသည်။—ကမ္ဘာဦး ၃:၁-၁၉; ယာကုပ် ၄:၇။
၁၆။ ဘုရားသခင့်ထံတော်မှခွဲထွက်ခြင်း၏ရလဒ်ကို သမိုင်းက မည်သို့သက်သေခံသနည်း။
၁၆ ဘုရားသခင့်ထံတော်မှခွာထွက်ခြင်း၏ ရလဒ်ကို သမိုင်းက အကြီးအကျယ်သက်သေခံသည်။ နှစ်ပေါင်းထောင်နှင့်ချီ၍ လူတို့သည် လူ့အုပ်ချုပ်မှုပုံစံအမျိုးမျိုး၊ စီးပွားရေးနှင့် လူမှုရေးစနစ်အားလုံးကို ကြိုးပမ်းကြည့်ခဲ့ကြပြီ။ သို့သော် ဆိုးညစ်ခြင်းသည်ဆက်၍ “တရွေ့ရွေ့တိုးပွား” လျက်ရှိသည်။ (၂ တိမောသေ ၃:၁၃) ယင်းကို ၂၀ ရာစုကသက်သေထူခဲ့ပြီ။ သမိုင်းတွင် မည်သည့်အချိန်တွင်မျှမရှိခဲ့ဖူးသည့် အငြိုးကြီးသောမုန်းတီးမှုများအပြင် အကြမ်းအဖက်ဆုံး၊ စစ်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် ဆင်းရဲကျပ်တည်းမှုတို့ဖြင့် ပြည့်နှက်ခဲ့ပြီ။ ထို့ပြင် ဆေးဘက်ဆိုင်ရာ၌ မည်မျှပင်တိုးတက်ပါစေ အနှေးနှင့်အမြန် လူတိုင်းသေရစမြဲဖြစ်သည်။ (ဒေ. ၉:၅၊ ၁၀) မိမိခြေရာကို စီရင်ဖို့အပြင်းအထန်ကြိုးစားခြင်းအားဖြင့် လူတို့သည် မိမိတို့ကိုယ်ကို စာတန်နှင့် သူ့နတ်ဆိုးများ၏သားကောင်များဖြစ်လာစေသည်၊ ထို့ကြောင့် သမ္မာကျမ်းစာက စာတန်ကို “ဤလောကကိုအစိုးရသောဘုရား” ဟုခေါ်ဆိုထား၏။—၂ ကောရိန္သု ၄:၄။
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်
၁၇။ ဘုရားသခင်၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆုကျေးဇူးကို မည်သို့အသုံးပြုရန်ဖြစ်သနည်း။
၁၇ ယေဟောဝါသည် လူသားတို့ကို အဘယ်ကြောင့် သူ့လမ်းသူလျှောက်ခွင့်ပေးခဲ့သနည်း။ အကြောင်းမှာ ကိုယ်တော်သည် သူတို့ကို လွတ်လပ်စွာရွေးချယ်နိုင်သည့် အံ့ချီးဖွယ်ဆုကျေးဇူး၊ လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်စွမ်းပါလျက် ဖန်ဆင်းထားသောကြောင့်ဖြစ်သည်။ ယေဟောဝါ၏ “ဝိညာဉ်တော်ရှိရာ၌ လွတ်ခြင်းချမ်းသာရှိတတ်၏” ဟုတမန်တော်ပေါလုပြောခဲ့သည်။ (၂ ကောရိန္သု ၃:၁၇၊ သမ္မာ) တစ်နေ့တာ၏စက္ကန့်တိုင်းတွင် တစ်စုံတစ်ဦး၏ပြောဆိုလုပ်ဆောင်ခိုင်းသမျှ ဆုံးဖြတ်ချက်အတိုင်းပြုလုပ်ရသည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ မည်သူမျှမဖြစ်လိုကြပါ။ သို့သော် ဘုရားသခင်သည် လူတို့အား လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆုကျေးဇူးကို ယုံကြည်ကိုးစားထိုက်စွာအသုံးပြုရန်၊ ကိုယ်တော့်အလိုတော်ကို ဉာဏ်ပညာဖြင့်ဆောင်ရွက်ကြောင်းတွေ့မြင်ရရန်နှင့် ကိုယ်တော့်အားဆက်၍လက်အောက်ခံရန် တောင်းဆိုထားသည်။ (ဂလာတိ ၅:၁၃) ထို့ကြောင့် လွတ်လပ်မှုသည် မင်းမဲ့စိုးမဲ့ပရမ်းပတာဖြစ်သွားစေမည့်အရာကဲ့သို့သော အကြွင်းမဲ့ဖြစ်ရန်မဟုတ်ချေ။ ဘုရားသခင်၏ အကျိုးဖြစ်ထွန်းစေသောပညတ်များ၏ နယ်နိမိတ်ဘောင်များအတွင်း ယင်းကို အံဝင်နေစေရမည်။
၁၈။ လွတ်လပ်စွာရွေးချယ်ခွင့်ကို လူတို့အသုံးပြုစေခြင်းဖြင့် အဘယ်အရာကို ဘုရားသခင်ဖော်ပြပေးခဲ့သနည်း။
၁၈ ဘုရားသခင်သည် လူ့မိသားစုကို သူ့လမ်းသူလျှောက်ခွင့်ပြုလိုက်ခြင်းဖြင့် ကျွန်ုပ်တို့တွင် ကိုယ်တော်၏အုပ်စိုးမှုလိုအပ်ကြောင်း တစ်ကြိမ်တည်းနှင့်အပြီးပြသခဲ့သည်။ ကိုယ်တော်၏အုပ်ချုပ်ပုံနည်းလမ်း၊ ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုတို့မှာ တစ်ခုတည်းသောနည်းလမ်းမှန်ဖြစ်သည်။ ယင်းက များစွာသောပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုနှင့် တိုးပွားထွန်းကားမှုကိုဖြစ်စေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ယေဟောဝါသည် ကျွန်ုပ်တို့၏စိတ်နှင့် ကိုယ်ခန္ဓာတို့ကို မိမိ၏ပညတ်များနှင့်သဟဇာတဖြစ်သည့်အခါ အကျိုးအဖြစ်ထွန်းဆုံးလုပ်ဆောင်ရန် ရည်ရွယ်ဖန်ဆင်းထားခြင်းကြောင့်ဖြစ်သည်။ “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။” (ဟေရှာယ ၄၈:၁၇) ဘုရားသခင့်ပညတ်များ၏နယ်နိမိတ်ဘောင်များအတွင်းရှိ လွတ်လပ်စွာရွေးချယ်မှုသည် ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ အရသာထူးသောအစားအသောက်အမျိုးမျိုး၊ နေအိမ်များ၊ အနုပညာနှင့် တေးဂီတတို့ကိုဖြစ်ပေါ်စေမည်။ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို လျောက်ပတ်စွာအသုံးပြုခြင်းက အထူးကောင်းမွန်လှသောအရာတစ်ခု၊ မြေကြီးပရဒိသုပေါ်တွင် ထာဝစဉ်စွဲမက်ဖွယ်ရာအသက်တာကို ရရှိစေပေလိမ့်မည်။
၁၉။ ဘုရားသခင်ကိုယ်တော်တိုင်နှင့် လူသားတို့ပြန်လည်သင့်မြတ်စေရန် မည်သည့်ကိုယ်စားလှယ်အဖွဲ့ကို ကိုယ်တော်အသုံးပြုသနည်း။
၁၉ မှားယွင်းသောရွေးချယ်မှုကြောင့် လူသားတို့သည် ယေဟောဝါနှင့် မိမိတို့ကိုယ်ကိုမိတ်ပျက်စေခဲ့ကြပြီး မစုံမလင်၊ ပျက်ယွင်းပြီး သေဆုံးရလေသည်။ ထို့ကြောင့် သူတို့သည် ဝမ်းနည်းဖွယ်ရာအခြေအနေဆိုးမှ ယောဟန် ၃:၁၆) ဤအစီအစဉ်အားဖြင့် ယေရှု၏ပုံဥပမာထဲမှသားမိုက်ကဲ့သို့သော စစ်မှန်သောနောင်တယူသူတို့ကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေကာ ဘုရားသခင့်သားသမီးများအဖြစ် ကိုယ်တော်ပြန်လက်ခံပါလိမ့်မည်။—လုကာ ၁၅:၁၁-၂၄; ရောမ ၈:၂၁; ၂ ကောရိန္သု ၆:၁၈။
ရွေးနုတ်ခံရ၍ ဘုရားသခင့်သားသမီးများအဖြစ် နဂိုဆက်ဆံရေးကိုပြန်လည်ရရှိစေရန် လိုအပ်ပေလိမ့်မည်။ ယင်းကိုပြီးမြောက်စေရန် ဘုရားသခင်ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်အဖွဲ့မှာ ဘုရားသခင့်နိုင်ငံတော်ဖြစ်ပြီး ရွေးနုတ်ပေးရှင်မှာ ယေရှုခရစ်ဖြစ်သည်။ (၂၀။ ဘုရားသခင့်နိုင်ငံတော်အားဖြင့် ဘုရားသခင့်ရည်ရွယ်တော်မူချက် မည်သို့ပြည့်စုံဖို့ဖြစ်သနည်း။
၂၀ ယေဟောဝါ၏အလိုတော်သည် ကမ္ဘာမြေပေါ်တွင် မလွဲမသွေပြည့်စုံလာမည်။ (ဟေရှာယ ၁၄:၂၄၊ ၂၅၊ ၂၇; ၅၅:၁၁) ခရစ်တော်လက်အောက်ရှိ ကိုယ်တော်၏နိုင်ငံတော်အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ပိုင်သအုပ်စိုးရှင်ဖြစ်ထိုက်ကြောင်း လုံးဝသံသယကင်းရှင်းစေ (ထင်ရှားစေ သို့မဟုတ် သက်သေထူ) ပါလိမ့်မည်။ ဘုရားသခင့်နိုင်ငံတော်က ဤကမ္ဘာပေါ်ရှိ လူသားနှင့် နတ်ဆိုးတို့၏အုပ်ချုပ်ရေးကို အဆုံးသတ်စေမည်ဖြစ်ပြီး ၎င်းနိုင်ငံတစ်ခုတည်းသာလျှင် ကောင်းကင်မှနေ၍ အနှစ်တစ်ထောင်အုပ်စိုးမည်။ (ရောမ ၁၆:၂၀; ဗျာဒိတ် ၂၀:၁-၆) သို့သော် ထိုအချိန်အတောအတွင်း ယေဟောဝါ၏အုပ်ချုပ်ပုံနည်းလမ်းမှာ သာလွန်ကောင်းမွန်မည်ဖြစ်ကြောင်း မည်သို့ထင်ရှားပြမည်နည်း။ ထို့ပြင် အနှစ်တစ်ထောင်ကုန်ပြီးနောက် ဘုရားသခင့်နိုင်ငံတော်၏ အခန်းကဏ္ဍကား အဘယ်နည်း။ နောက်ဆောင်းပါးတွင် ဤမေးခွန်းများကို သုံးသပ်သွားမည်။
ပြန်လည်သုံးသပ်ရန်အချက်များ
• သမ္မာကျမ်းစာ၏အဓိကအချက်ကား အဘယ်နည်း။
• မြေကြီး၏အုပ်ချုပ်ရေးသစ်ကို မည်သူတို့ ဖြင့်ဖွဲ့စည်းထားသနည်း။
• ဘုရားသခင်ထံမှခွဲထွက်သော လူ့အုပ်ချုပ်ရေးမှာ အဘယ်ကြောင့် ဘယ်တော့မျှအောင်မြင်မှုမရနိုင်သနည်း။
• လွတ်လပ်စွာရွေးချယ်မှုကို မည်သို့အသုံးပြုရမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေရှု၏သွန်သင်ချက်က ဘုရားသခင့်နိုင်ငံတော်အားဖြင့် ဘုရားသခင်၏အုပ်စိုးမှုကို အလေးပေးဖော်ပြခဲ့
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
နိုင်ငံတိုင်းတွင် ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်ကို သူတို့၏အဓိကသွန်သင်ချက်ဖြစ်စေကြ
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ဘုရားသခင်ထံတော်မှ ခွဲထွက်ခြင်းသည် ဆိုးကျိုးများဖြစ်စေကြောင်း သမိုင်းကသက်သေခံ
[Credit Lines]
ပထမကမ္ဘာစစ် စစ်သားများ– U.S National Archives photo; ချွေးတပ်စခန်း– Oświęcim Museum; ကလေး– UN PHOTO 186156/J. Isaac