မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန့်ရှင်းသောဝိညာဉ်တော်ကို မိမိ၏ကိုယ်ပိုင်အထောက်အမ ဖြစ်စေခဲ့ပြီလော

သန့်ရှင်းသောဝိညာဉ်တော်ကို မိမိ၏ကိုယ်ပိုင်အထောက်အမ ဖြစ်စေခဲ့ပြီလော

သန့်ရှင်းသော​ဝိညာဉ်​တော်​ကို မိမိ၏​ကိုယ်ပိုင်​အထောက်အမ ဖြစ်စေ​ခဲ့ပြီ​လော

သာမန်​လူသားများ​ကို​မ​ထည့်​ဘဲကျမ်း​ပညာရှင်​များ​ပင် သန့်ရှင်းသော​ဝိညာဉ်​တော် အဘယ်အရာ​ဖြစ်သည်​နှင့်​ပတ်သက်​၍ အယူအဆ​များစွာ​ရှိကြသည်။ သို့​တိုင်၊ ထို​ကဲ့သို့ မသေချာ​မရေရာ​ဖြစ်နေ​စ​ရာ​မလိုပါ။ သမ္မာကျမ်းစာ​တွင် သန့်ရှင်းသော​ဝိညာဉ်တော်သည် အဘယ်အရာ​ဖြစ်​ကြောင်း ရှင်းလင်းစွာ​ဖော်ပြ​ထား​သည်။ အချို့​သူများ​ဆို​သကဲ့သို့ ပုဂ္ဂိုလ်​တစ်ပါး​မဟုတ်ဘဲ မိမိ​အလိုတော်​ဆောင်ရွက်ရန် ဘုရားသခင့်​အသုံးပြု​သော တက်ကြွ​လှုပ်ရှား​သော​စွမ်းအား​ဖြစ်သည်။—ဆာလံ ၁၀၄:၃၀; တမန်​တော် ၂:၃၃; ၄:၃၁; ၂ ပေတရု ၁:၂၁

သန့်ရှင်းသော​ဝိညာဉ်တော်သည် ဘုရားသခင့်​ရည်ရွယ်ချက်များ ပြီးမြောက်​အောင်မြင်မှု​နှင့် အနီးကပ်​ဆက်စပ်​နေသော​ကြောင့် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာကို ဝိညာဉ်​တော်​နှင့် သဟဇာတ​ဖြစ်​လို​စိတ်​ရှိ​သင့်​သည်။ ယင်းကို ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​အထောက်အမ ဖြစ်စေ​လို​သင့်​သည်။

အထောက်အမ—အဘယ်ကြောင့်​လိုအပ်​သနည်း

မြေကြီးပေါ်​မှ မိမိ​ထွက်ခွာ​ရမည်ကို ကြိုတင်​စီစဉ်​ရန် မိမိ၏​တပည့်တော်​များ​ကို ယေရှု​ဤသို့​စိတ်ချ​စေ​ခဲ့​သည်– “ငါသည် ခမည်းတော်​ကို​တောင်း​၍ ခမည်းတော်​သည် . . . အခြားသော​ထောက်မ​သူကို သင်တို့​နှင့်အတူ အစဉ်မပြတ်​တည်​နေ​စေခြင်း​ငှာ သင်တို့အား ပေး​တော်​မူ​မည်။” ထပ်၍​ဤသို့​ဆို​၏– “ငါ​အမှန်အကန်​ဆိုသည်ကား၊ ငါ​သွား​လျှင် သင်တို့​အကျိုးရှိ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ငါ​မသွား​လျှင် ထောက်မ​သူသည် သင်တို့​ဆီ​သို့​မလာ။ ငါ​သွား​လျှင် ထို​သူကို သင်တို့​ဆီ​သို့ ငါ​စေလွှတ်​မည်။”—ယောဟန် ၁၄:၁၆၊ ၁၇; ၁၆:၇က​ဘ။

ယေရှုသည် မိမိ၏​တပည့်တော်​များ​ကို ဤသို့​ညွှန်ကြား​ကာ အရေးကြီး​သည့်​တာဝန်​တစ်ခု​ကို​ပေး​ခဲ့​သည်– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ ဗတ္တိဇံ​ကို​ပေး​ကြလော့။ ငါသည် သင်တို့အား​ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . ပေး​ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ယင်းကို ဆန့်ကျင်မှု​များ​အကြား ပြီးမြောက်​အောင်​ဆောင်ရွက်​ရမည်​ဖြစ်သော​ကြောင့် လွယ်ကူ​မည်​မဟုတ်ပါ။—မဿဲ ၁၀:၂၂၊ ၂၃

အပြင်​မှ​လာသော​ဆန့်ကျင်မှု​သည် အသင်းတော်​အတွင်း အကြီးအကျယ်​စိတ်ဝမ်းကွဲ​ပြား​မှု​နှင့် ပေါင်းစပ်​သွား​သည်။ စီ.အီး. ၅၆ ခန့်​တွင် ရောမ​ရှိ​ခရစ်ယာန်​များ​ထံ ပေါလု​ဤသို့​ရေးခဲ့​သည်– “ညီအစ်ကို​တို့၊ သင်တို့​ခံရ​ပြီး​သော​ဆုံးမ[ခြင်း]နှင့် ဆန့်ကျင်ဘက်​ဖြစ်သော သင်း​ခွဲခြင်း၊ မှားယွင်း​ခြင်း​အကြောင်းကို​ပြု​တတ်သော​သူတို့ကို​မှတ်၍ ရှောင်​ကြလော့​ဟု ငါ​သတိပေး​၏။” (ရောမ ၁၆:၁၇၊ ၁၈) ဤ​အခြေအနေ​သည် တမန်​တော်​များ​သေဆုံး​ပြီး​နောက် ပို​ဆိုး​လာ​ခဲ့​သည်။ ပေါလု​ဤသို့​သတိပေး​ခဲ့​သည်– “ငါ​မရှိ​သည်​နောက် ကြမ်းတမ်းသော​တောခွေး​တို့သည် သိုးများ​ကို​မ​သနား​ဘဲ သင်တို့​အထဲ​သို့​ဝင်​မည်​ကိုလည်း​ကောင်း၊ တပည့်တော်​များ​ကို သွေးဆောင်ခြင်း​ငှာ မှား​သော​စကား​ကို​ပြောတတ်​သော​လူတို့သည် သင်တို့​အထဲ​၌​လည်း​ပေါ်လာ​မည်​ကိုလည်း​ကောင်း ငါ​သိ​၏။”—တမန်​တော် ၂၀:၂၉၊ ၃၀

ထို​အတားအဆီး​များ​ကို တိုက်ဖျက်​ရန် ဘုရားသခင့်​အကူအညီ​လိုအပ်​ခဲ့​သည်။ ကိုယ်တော်​သည် ယင်းကို ယေရှု​မှ​တစ်ဆင့်​ပေး​ခဲ့​သည်။ ကိုယ်တော်ရှင်​ပြန်ထ​မြောက်ပြီး​နောက် စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ကိုယ်တော်​၏​နောက်တော်လိုက် ၁၂၀ သည် “သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​ပြည့်” ခဲ့​သည်။—တမန်​တော် ၁:၁၅; ၂:၄

ဤ​အချိန်​အခါ​တွင် သွန်းလောင်းခဲ့​သော​သန့်ရှင်းသော​ဝိညာဉ်​တော်​မှာ ယေရှု​ကတိပြု​ခဲ့​သည့် အထောက်အမ​ဖြစ်​ကြောင်း တပည့်တော်​များ အသိအမှတ်ပြု​ခဲ့​ကြသည်။ သူတို့သည် ယေရှု​ပြင်ဆင်​ပေး​ခဲ့​သည့်​အရာ​သည် မည်သည့်​အရာ​ဖြစ်သည်​ကို ယခု​ပို​၍​နားလည်​သဘောပေါက်ခဲ့​ကြသည်​မှာ သေချာ​သည်– “ခမည်းတော်​သည် ငါ့​အတွက်​ကြောင့်​စေလွှတ်​တော်​မူ​သော . . . ဆရာ [“ထောက်မ​သူ၊” က​ဘ] တည်း​ဟူသော သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်း​သော​အရာ​တို့ကို ပြသ​သွန်သင်​တော်​မူ​၍ ငါ​ပြော​ခဲ့​သမျှ​သော​စကား​တို့ကို မှတ်မိ​သော​ဉာဏ်​ကို သင်တို့အား​ပေး​တော်​မူ​မည်။” (ယောဟန် ၁၄:၂၆) ယင်းကို ‘ထောက်မ​သူ၊ အမှန်တရား​ဝိညာဉ်​တော်’ ဟူ၍လည်း ကိုယ်တော်​ခေါ်ဆို​ခဲ့​သည်။—ယောဟန် ၁၅:၂၆

ဝိညာဉ်တော်သည် ထောက်မ​သူ မည်သို့​ဖြစ်သနည်း

ဝိညာဉ်တော်သည် အခြေအနေ​အမျိုးမျိုး​တွင် ထောက်မ​သူ​တစ်ဦး​အလား လုပ်ဆောင်ခဲ့​သည်။ ဦးဆုံး၊ ၎င်း​သည် မိမိ​တပည့်တော်​များ​အား ယေရှု​ပြောဆို​ခဲ့​ရာ​များ​ကို ပြန်၍​သတိရ​စေမည်​ဟု ကိုယ်တော်​ကတိပေး​ခဲ့​သည်။ ယင်း​တွင် စကားလုံး​များ​ကို ပြန်၍​သတိရ​စေရန် ထောက်မ​ပေးခြင်း​ထက်မက အဓိပ္ပာယ်​ရှိသည်။ ဝိညာဉ်တော်သည် ကိုယ်တော်​သွန်သင်​ပေး​ခဲ့​ရာ​များနှင့်​သက်ဆိုင်​သော သာ၍​နက်နဲ​သည့်​အဓိပ္ပာယ်​နှင့် အရေးပါမှု​တို့ကို နားလည်​သဘောပေါက်​ရန် ထောက်မ​ကူညီပေး​ခဲ့​သည်။ (ယောဟန် ၁၆:၁၂-၁၄) ခြုံ​ပြော​ရ​လျှင် ဝိညာဉ်တော်သည် ကိုယ်တော်​၏​တပည့်တော်​များ အမှန်တရားကို ပို​၍​နားလည်​သဘောပေါက်​ရန် ဦးဆောင်​မည်​ဖြစ်သည်။ နောက်ပိုင်း​တွင် တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “ထို​အရာ​တို့ကို ဘုရားသခင်​သည် မိမိ​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့အား​ဖော်ပြ​တော်​မူ​၏။ ဝိညာဉ်တော်သည် ဘုရားသခင်​၏​နက်နဲ​သော​အရာ​တိုင်အောင် ခပ်သိမ်း​သော​အရာ​တို့ကို စစ်​တော်​မူ​၏။” (၁ ကောရိန္သု ၂:၁၀) ယေရှု၏​ကောင်းကင်​အတန်းအစား​နောက်လိုက်​များသည် တိကျ​မှန်ကန်သော​အသိပညာကို အခြားသူများ​အား လက်ဆင့်ကမ်း​ရမည်​ဖြစ်သော​ကြောင့် သူတို့​ကိုယ်တိုင် ကောင်းစွာ​နားလည်​သဘောပေါက်​ရန်လို​သည်။

ဒုတိယ၊ မိမိ၏​တပည့်တော်​များ​ကို မကြာခဏ​ဆုတောင်း​ရန် ယေရှု​သွန်သင်​ပေး​ခဲ့​သည်။ တစ်ခါတစ်ရံ သူတို့သည် အဘယ်အရာကို​တောင်းဆို​သင့်​သည်ကို မသေ​မ​ချာ​ဖြစ်နေ​ပါ​က ဝိညာဉ်တော်သည် ကြားဝင်​ဆောင်ရွက်​ပေး​နိုင် သို့​မဟုတ် သူတို့ကို​ထောက်မ​ပေး​နိုင်​သည်။ “ထို​မှတစ်ပါး၊ ငါ​တို့​မတတ်နိုင်​သော​အရာ​မှာ ဝိညာဉ်တော်သည် မစ​တော်​မူ​၏။ ငါ​တို့သည် ဆုတောင်း​သင့်​သည်​အတိုင်း အဘယ်​ဆု​ကို​တောင်း​ရမည်ဟု​မသိကြ။ သို့ရာတွင် ငါ​တို့​ဆုတောင်းခြင်း​အမှုကို နှုတ်​မ​မြွက်​နိုင်သော​ညည်းတွား​ခြင်း​အားဖြင့် ဝိညာဉ်တော်သည် စောင့်မ​တော်​မူ​၏။”—ရောမ ၈:၂၆

တတိယ၊ ဝိညာဉ်တော်သည် ယေရှု၏​တပည့်တော်​များ အမှန်တရားကို လူထုရှေ့​တွင်​ခုခံ​ကာကွယ်​ရန် ထောက်ကူ​ပေး​မည်​ဖြစ်သည်။ ကိုယ်တော် သူတို့ကို​ဤသို့​ကြိုတင်​မိန့်ဆိုခဲ့သည်– “သင်တို့ကို လွှတ်​ရုံး​သို့​အပ်နှံ​ကြလိမ့်မည်။ တရား​ဇရပ်​တို့​၌ ရိုက်​ကြလိမ့်မည်။ ထို​သူတို့​မှ​စ၍ တစ်ပါး​အမျိုးသား​တို့အား သက်သေ​ဖြစ်စေ​ခြင်း​ငှာ မြို့ဝန်မင်း၊ ရှင်ဘုရင်​ထံ​သို့ ငါ့​ကြောင့် သင်တို့ကို​ပို့ဆောင်​ကြလိမ့်မည်။ သင်တို့ကို​အပ်နှံ​သောအခါ အဘယ်​သို့​ပြော​ရမည်ကို မစိုးရိမ်​ကြ​နှင့်။ ပြော​ရသော​စကား​ကို ထို​ခဏ​ခြင်း​တွင် သင်တို့သည်​ရ​ကြလိမ့်မည်။ အကြောင်း​မူ​ကား သင်တို့​အလိုအလျောက် ပြော​ကြသည်​မဟုတ်။ သင်တို့​အဘ​၏ ဝိညာဉ်တော်သည် သင်တို့အား​ဖြင့်​ပြော​တော်​မူ​၏။”—မဿဲ ၁၀:၁၇-၂၀

သန့်ရှင်းသော​ဝိညာဉ်တော်သည် ခရစ်ယာန်​အသင်းတော်ကို ခွဲခြား​သိမြင်​ရန်​လည်း အကူအညီ​ပေး​မည်​ဖြစ်​ပြီး ယင်း​၏​အသင်းသားများ​အား ပညာ​ရှိသော​ကိုယ်ပိုင်​ဆုံးဖြတ်ချက်​များ​ချ​စေရန် လှုံ့ဆော်ပေး​မည်​ဖြစ်သည်။ ဤ​အကြောင်း​နှင့်​ပတ်သက်​သည့် ဤ​ကဏ္ဍ​နှစ်ခု​ကို ပို​၍​အသေးစိတ်​ဆွေးနွေး​ပြီး ယနေ့​ကျွန်ုပ်​တို့အတွက် အဘယ်​အဓိပ္ပာယ်​ရှိကြောင်းကို ကြည့်​ကြ​စို့။

ခွဲခြား​သိမြင်​စေသော​အမှတ်အသား​တစ်ခု​အဖြစ် ဆောင်ရွက်ရန်

ဂျူး​များသည် ဘုရားသခင့်​ရွေးချယ်​ထား​သည့်​လူမျိုး​အနေ​ဖြင့် ရာစု​နှစ်ချီ၍ မောရှေ​ပညတ်​အောက်တွင် အမှုဆောင်ခဲ့​ကြသည်။ သူတို့သည် ယေရှု​အား မေရှိယ​အဖြစ် လက်မခံ​ငြင်းပယ်​ကြသော​ကြောင့် မကြာမီ​အချိန်တွင် သူတို့​ကိုယ်တိုင်​ငြင်းပယ်​ခံရ​မည်​ကို ကိုယ်တော်​ဤသို့​ကြိုပြော​ခဲ့​သည်– “‘တိုက်​ကို​တည်လုပ်​သော​သူများ​ပယ်​ထားသော​ကျောက်​သည် နောက်​တစ်ဖန် တိုက်​ထောင့်​အထွတ်​ဖျား​သို့ ရောက်​ပြန်​၏။ ထို​အမှုသည် ထာဝရ​ဘုရား​ပြု​တော်​မူ​သော​အမှု​ဖြစ်၏။ ငါ​တို့​မျက်မှောက်​၌​လည်း အံ့သြဖွယ်​ဖြစ်၏’ ဟူသော​စကား​ကို ကျမ်းစာ​၌ သင်တို့သည် တစ်ရံ​တစ်ခါမျှ​မဖတ်ဖူး​သလော။ ထို​ကြောင့် ငါ​ဆိုသည်ကား ဘုရားသခင်​၏​နိုင်ငံတော်​ကို သင်တို့​မှ​နုတ်​၍ နိုင်ငံတော်​၏​အသီးကို​သီး​အံ့​သော လူမျိုး​အားပေး​ရ​လတ္တံ့။” (မဿဲ ၂၁:၄၂၊ ၄၃) စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ခရစ်ယာန်​အသင်းတော်ကို ဖွဲ့စည်း​တည်ထောင်​လိုက်​သည့်​အခါ ခရစ်တော်​၏​နောက်လိုက်​များသည် “နိုင်ငံတော်​၏​အသီးကို​သီး​အံ့​သော​လူမျိုး” ဖြစ်လာ​ခဲ့​သည်။ ထို​အချိန်​မှ​စ၍ ဤ​အသင်းတော်သည် ဘုရားသခင်​၏ ဆက်သွယ်ရေး​လမ်းကြောင်း​ဖြစ်​ခဲ့​သည်။ ဘုရားသခင့်​မျက်နှာသာ ဤသို့​လွှဲပြောင်း​သွားခြင်း​ကို လူများ​သိနိုင်​ရန် ဘုရားသခင်​သည် မမှား​နိုင်သော ခွဲခြား​သိမြင်​စေသည့်​အမှတ်အသား​တစ်ခု​ကို ပေး​ခဲ့​သည်။

ပင်တေကုတ္တေ​ပွဲနေ့​တွင် သန့်ရှင်းသော​ဝိညာဉ်တော်သည် တပည့်တော်​များ​အား သူတို့​တစ်ခါ​မှ​မသင်ယူ​ခဲ့​သည့် ဘာသာ​စကား​များ​ကို​ပြော​နိုင်​စေ​ခဲ့​ပြီး၊ ဘေး​မှ​တွေ့မြင်​သူများ​သည် အံ့အားသင့်​ကာ ဤသို့​မေး​ကြသည်– “ငါ​တို့သည် အသီးအသီး​မွေးဖွား​ရာ​ဌာန​၏​ဘာသာ​စကား​များ​ကို​ကြား​ရသည်​ကား အဘယ်​သို့​နည်း။” (တမန်​တော် ၂:၇၊ ၈) မသိသော​ဘာသာ​စကား​များ​ကို ပြောဆို​နိုင်​သည့်​စွမ်းရည်​အပြင် “တမန်​တော်​များသည် များစွာသော​နိမိတ်​လက္ခဏာ၊ အံ့ဖွယ်သော​အမှုတို့​ကို​ပြု” ခြင်း​က သုံး​ထောင်​ခန့်​သော​သူတို့အား ဘုရားသခင့်​ဝိညာဉ်​တော် အမှန်​သက်ရောက်​ကြောင်းကို အသိအမှတ်ပြု​စေ​ခဲ့​သည်။—တမန်​တော် ၂:၄၁၊ ၄၃

ထို့​အပြင် ‘ဝိညာဉ်​အသီးများ’—ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာ​ခြင်း၊ ကောင်းမြတ်​ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း—ကို​သီးခြင်း​အားဖြင့် ခရစ်တော်​၏​တပည့်တော်​များ​ကို ဘုရားသခင့်​ကျေးကျွန်​များ​ဖြစ်​ကြောင်း ရှင်းလင်းစွာ​ခွဲခြား​သိမြင်​စေ​သည်။ (ဂလာတိ ၅:၂၂၊ ၂၃) အမှန်ဆိုလျှင် မေတ္တာသည် စစ်မှန်​သည့်​ခရစ်ယာန်​အသင်းတော်ကို အထင်အရှား​ခွဲခြား​သိမြင်​စေ​သည်။ ယေရှု​ဤသို့​ကြိုပြော​ခဲ့​သည်– “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်။”—ယောဟန် ၁၃:၃၄၊ ၃၅

အစောပိုင်း​ခရစ်ယာန်​အသင်းတော်​အဝင်​ဖြစ်သူ​များသည် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ဦးဆောင်မှု​ကို​လက်ခံ​ရရှိခဲ့​ပြီး ယင်း​မှ​အကျိုးကျေးဇူး ရရှိခဲ့​ကြသည်။ ယနေ့​အချိန်တွင် ပထမ​ရာစု​က​ကဲ့သို့ ဘုရားသခင်​သည် လူသေများ​ကို ထမြောက်​ပေးခြင်း၊ အံ့ဖွယ်အမှု​များ​ကို​ပြုလုပ်ခြင်း​မရှိတော့​ကြောင်း ယနေ့​ခရစ်ယာန်​များ​သိထားကြ​စဉ် သူတို့အား ယေရှု​ခရစ်​၏​တပည့်​မှန်​များ​ဖြစ်​ကြောင်း ခွဲခြား​သိမြင်​စေရန် ဘုရားသခင့်​ဝိညာဉ်​တော်​အသီးများ​ကို တင်ပြ​ကြသည်။—၁ ကောရိန္သု ၁၃:၈

ကိုယ်ပိုင်​ဆုံးဖြတ်ချက်​များ​ချ​ရာ​တွင် ထောက်မ​သူ

သမ္မာကျမ်းစာ​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ဖန်တီးမှု​အကျိုး​တစ်ခု​ဖြစ်သည်။ ထို့​ကြောင့် မိမိတို့​ကိုယ်တိုင် သမ္မာကျမ်းစာ​ကို ယုံကြည်လက်ခံရန်​ခွင့်ပြု​ခြင်း​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ကျွန်ုပ်​တို့အား​လမ်းညွှန်ခွင့်​ပြု​လိုက်​သကဲ့သို့​ဖြစ်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ၎င်း​သည် ကျွန်ုပ်​တို့ကို ပညာ​ရှိသော​ဆုံးဖြတ်ချက်​များ​ချရန် ထောက်မ​ကူညီပေး​နိုင်​သည်။ သို့သော် ကျွန်ုပ်​တို့​ထိုသို့​ခွင့်ပြု​ပါသလော။

အလုပ်အကိုင်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​ရွေးချယ်မှု​တွင်​ကော အသို့နည်း။ သန့်ရှင်းသော​ဝိညာဉ်​တော်​က ကျွန်ုပ်​တို့အား အလားအလာ​ရှိသည့်​အလုပ်​တစ်ခု​ကို ယေဟောဝါ​၏​ရှုထောင့်​မှ​ရှုမြင်​တတ်​စေနိုင်​သည်။ ကျွန်ုပ်​တို့၏​အလုပ်အကိုင်​သည် ကျမ်းစာ​စည်းမျဉ်း​မူများ​နှင့် ကိုက်ညီ​ရမည်​ဖြစ်​ပြီး သီအိုကရက်တစ်​ပန်းတိုင်​များ မီအောင်လိုက်​ရန် ထောက်ကူ​ပေး​သည့်​အလုပ်​ဖြစ်​လျှင် သာ၍​သင့်တော်​သည်။ အလုပ်​တစ်ခု​နှင့်​ဆက်နွှယ်သော လစာ၊ ကျော်ကြား​မှု​နှင့် ဂုဏ်​တို့သည် အမှန်​အဓိကကျ​လှ​သော​အရာများ​မဟုတ်ပေ။ ပို​၍​အရေးပါသည့်​အရာ​မှာ ဘဝ၏​လိုအပ်ရာ​များ​ကို ထောက်ပံ့​ပေးခြင်း​ရှိမရှိ၊ ကျွန်ုပ်​တို့၏​ခရစ်ယာန်​တာဝန်​များ​ကို ပြီးမြောက်​အောင်​ဆောင်ရွက်ရန်​အတွက် အချိန်​နှင့်​အခွင့်အခါ အလုံအလောက်​ရ​မရ​ဆို​သည်​သာ​ဖြစ်သည်။

ဘဝကို ပျော်ပျော်​နေ​လို​ခြင်း​သည် လူ့​သဘာဝ​ဖြစ်​ပြီး ဖြစ်​လည်း​ဖြစ်​သင့်ပါသည်။ (ဒေ. ၂:၂၄; ၁၁:၉) ထို့​ကြောင့် မျှတမှု​ရှိသော​ခရစ်ယာန်​တစ်ဦး​သည် လန်းဆန်းမှု​နှင့် ပျော်ရွှင်မှု​ရ​ရန် အပန်းဖြေ​နိုင်​ပါ​သည်။ သို့သော် “ဇာတိ​ပကတိ​အကျင့်” ထင်ရှားစေ​သည့်​အရာ​မျိုး​မဟုတ်ဘဲ ဝိညာဉ်​အသီးများ​ကို​ထင်ဟပ်​သည့် အပန်းဖြေမှု​မျိုးကို ရွေးချယ်​သင့်​သည်။ ပေါလု​ဤသို့​ဖော်ပြ​ထား​သည်– “ဇာတိ​ပကတိ​အကျင့်​တို့သည် ထင်ရှား​ကြ​၏။ ထို​အကျင့်​တို့​မူ​ကား သူ့​မယား​ကို​ပြစ်မှားခြင်း၊ မတရား[ကာ​မ​စပ်ယှက်]ခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာလွန်​ကျူး​ခြင်း၊ . . . ကိုးကွယ်​ခြင်း၊ သူတစ်ပါးကို​ပြုစားခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်း​ကွဲပြားခြင်း၊ သင်း​ခွဲခြင်း၊ သူ့​အကျိုးကို​ငြူစူ​ခြင်း၊ လူ​အသက်ကို​သတ်​ခြင်း၊ ယစ်​မျိုးကို​သောက်ကြူး​ခြင်း၊ ပွဲ​လုပ်ခြင်း​မှ​စ၍ ထိုသို့​သော​အကျင့်​ပေ​တည်း။” “အချည်းနှီး​သော​ကျော်စော . . . ကို​တပ်မက်​ခြင်း၊ အချင်းချင်း​ချုပ်ချယ်​နှောင့်ယှက်ခြင်း၊ အချင်းချင်း​ငြူစူ​ခြင်း” တို့​ဖြစ်​မလာ​ရန်​လည်း ရှောင်ကြဉ်​ရမည်။—ဂလာတိ ၅:၁၆-၂၆

အပေါင်းအသင်း​ရွေးချယ်ရာ​တွင်​လည်း ထို​နည်းတူ​ပင်​ဖြစ်သည်။ ဥစ္စာ​ပေါ​ရုပ်​ချော​ကို ကြည့်​ပြီး​မရွေး​ဘဲ ဝိညာဉ်​ရေး​ကို​ကြည့်​ပြီး​ရွေးချယ်ခြင်း​သည် ပညာရှိရာ​ကျ​သည်။ ဘုရားသခင်​က ဒါဝိဒ်​ကို ‘စိတ်နှလုံး​၌​ညီညွတ်​သူ’ အဖြစ်​ဖော်ပြ​ခဲ့​သောကြောင့် သူသည် ဘုရားသခင်​၏​မိတ်ဆွေ ဖြစ်​ခဲ့​ကြောင်း​ထင်ရှား​သည်။ (တမန်​တော် ၁၃:၂၂) ရုပ်ရည်​ချောမော​ခြင်း​ကို​ပမာဏ​မပြု​ဘဲ ဘုရားသခင်​သည် ဒါဝိဒ်​ကို ဣသရေလ​လူမျိုး၏​ဘုရင်​အဖြစ် ဤ​မူ​အတိုင်း​ရွေးချယ်​ခဲ့​သည်– “ထာဝရ​ဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်တော်မူ​သည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်​ကို ကြည့်ရှု​တတ်၏။ ထာဝရ​ဘုရား​မူ​ကား နှလုံးကို​ကြည့်ရှု​တတ်​သည်။”—၁ ဓမ္မ​ရာဇဝင် ၁၆:၇

ရုပ်ရည်​ချောမော​မှု သို့​မဟုတ် ဥစ္စာ​ပစ္စည်း​ကြွယ်ဝမှု​တို့​ပေါ်​တွင်​အခြေခံ​ခဲ့​သောကြောင့် မိတ်ဆွေဖွဲ့​မှု​ထောင်ပေါင်း​များစွာ​သည် ပျက်ပြား​ခဲ့​ရသည်။ မ​မြဲ​သော​စည်းစိမ်​ပေါ်​အခြေခံ​သည့် မိတ်ဆွေဖွဲ့​မှုများ​သည် ရုတ်တရက်​အဆုံးသတ်​သွား​နိုင်​သည်။ (သု. ၁၄:၂၀) ဘုရားသခင့်​ဝိညာဉ်​တော်​မှုတ်သွင်းခံ နှုတ်မြွက်​စကားတော်​က ကျွန်ုပ်​တို့​အပေါင်းအသင်း​ရွေးချယ်​သည့်​အခါ ယေဟောဝါ​၏​အမှုတော်ကို​ဆောင်ရွက်ရန် ကျွန်ုပ်​တို့ကို​ကူညီပေး​နိုင်​သည့်​သူများကို ရွေးချယ်​သင့်​ကြောင်း အကြံပေး​ထား​သည်။ ပေးကမ်း​ခြင်း​သည် သာ၍​ပျော်ရွှင်​စေသော​ကြောင့် ရယူခြင်း​မဟုတ်ဘဲ ပေးကမ်း​ခြင်း​အပေါ် အာရုံစိုက်ရန် ကျွန်ုပ်​တို့ကို​မိန့်မှာ​ထား​သည်။ (တမန်​တော် ၂၀:၃၅) အချိန်​နှင့် ချစ်ခင်​စုံမက်မှု​တို့သည် မိတ်ဆွေများ​ကို ကျွန်ုပ်​တို့​ပေး​နိုင်​သည့် တန်ဖိုး​အရှိဆုံး​အရာများ​တွင်​ပါဝင်​သည်။

ခရစ်ယာန်​တစ်ဦး အိမ်ထောင်ဖက်​ရှာဖွေခြင်း​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​တွင် ဝိညာဉ်တော်ဖြင့်​မှုတ်သွင်း​ထားသော အကြံပေး​ချက်​ပါရှိ​သည်။ ရှုထောင့်​တစ်ခု​တွင် ဤသို့​ဆို​ထား​သည်– ‘မျက်နှာ​အသွင်အပြင်​နှင့် ပုံပန်း​သဏ္ဌာန်​ထက် ကျော်​၍​ကြည့်​ပါ။ ခြေထောက်​ကို​ကြည့်​ပါ။’ ခြေထောက်​ကို ဟုတ်​စ။ ဤ​သဘော​မျိုး​ဖြင့်​ဖြစ်သည်– ယေဟောဝါ​၏ သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​၌ အသုံးခံ​နေ​သလော၊ ဤသို့ဖြင့် သူတို့သည် ကိုယ်တော်​၏​အမြင်​တွင် လှပ​တင့်တယ်​နေပါသလော။ သူတို့သည် အမှန်တရား​နှင့် ငြိမ်သက်ခြင်း​၏​ဝမ်းမြောက်စရာ​သတင်း​တို့ကို ဝတ်ဆင်​ထား​ပါသလော။ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ငြိမ်သက်ခြင်း​၏​ဝမ်းမြောက်စရာ​သတင်းကို ကြား​ပြော​သော​သူ၊ ကယ်တင်ခြင်း​ကောင်းကျိုး​ချမ်းသာ​၏ ဝမ်းမြောက်စရာ​သတင်းကို​ကြား​ပြော​သော​သူ၊ ‘သင်၏​ဘုရားသခင် စိုးစံ​တော်​မူ​၏’ ဟု​ဇိအုန်​မြို့​အား​ပြော​သော​သူ၏​ခြေ​တို့သည် တောင်ပေါ်​မှာ အလွန်​တင့်တယ်လှ​စွ​တကား။”—ဟေရှာယ ၅၂:၇; ဧဖက် ၆:၁၅

ကျွန်ုပ်​တို့သည် “ခဲယဉ်း​သော​ကာလ” တွင်​အသက်ရှင်နေ​ရသော​ကြောင့် ဘုရားသခင့်​အလိုတော်ကို ဆောင်ရွက်ရန် အထောက်အမ​လိုအပ်​သည်။ (၂ တိမောသေ ၃:၁) ထောက်မ​သူ​ဖြစ်သည့် ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်တော်သည် ပထမ​ရာစု​တွင် ပုဂ္ဂိုလ်ရေး​အထောက်အမ​ပေးခြင်း​အပါအဝင် ခရစ်ယာန်​လုပ်ငန်း​လုပ်ဆောင်ရန် တန်ခိုး​ပါ​သော​အထောက်အပံ့​ကို​ပေး​ခဲ့​သည်။ သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ထုတ်လုပ်​ရာ​ဖြစ်သော ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လုံ့လ​ဝီရိယ​ရှိ​ရှိ​လေ့လာခြင်း​သည် ကျွန်ုပ်​တို့​လည်း မိမိတို့​အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ကိုယ်ပိုင်​ထောက်မ​ပေး​သူ​ဖြစ်စေ​နိုင်​သည့် အဓိက​နည်းလမ်း​တစ်ခု​ပင်။ ကျွန်ုပ်​တို့ ဖြစ်စေ​ခဲ့ပြီ​လော။

[Full-page picture on page 23]