မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိတ်သိမ်းချိန်မတိုင်မီ “လယ်” ၌လုပ်ဆောင်ခြင်း

ရိတ်သိမ်းချိန်မတိုင်မီ “လယ်” ၌လုပ်ဆောင်ခြင်း

ရိတ်သိမ်းချိန်​မတိုင်မီ “လယ်” ၌​လုပ်ဆောင်ခြင်း

ကြီးမြတ်သော​ဆရာ​၏​တပည့်​များ စဉ်းစား​ရ​ကျပ်​နေသည်။ ယေရှုသည် ဂျုံ​စပါး​နှင့်​တော​မျိုးစေ့ ပုံပြင်​အကျဉ်းချုပ်​ကို ပြော​ပြီး​ခါ​စ​ဖြစ်သည်။ ယင်းသည် ထို​နေ့တွင်​ကိုယ်တော်​ပြော​ခဲ့​သည့် ပုံ​ဥပမာ​များစွာ​မှ​တစ်ခု​ဖြစ်၏။ ကိုယ်တော်​ပြော​ပြီးသွား​သည့်​အခါ ပရိသတ်​အများစု ထွက်သွား​ကြသည်။ ကိုယ်တော့်​နောက်လိုက်​များ​က​မူ ကိုယ်တော်​၏​ပုံ​ဥပမာ​များ​တွင် အထူးသဖြင့် ဂျုံ​စပါး​နှင့်​တော​မျိုးစေ့​ပုံ​ဥပမာ​သည် အထူး​အဓိပ္ပာယ်​တစ်ခု​ရှိ​ရမည်ကို သိ​ကြသည်။ ယေရှုသည် စိတ်ဝင်စားစရာ​ပုံ​တို​ပတ်​စ​ပြောသူ​တစ်ဦး လုံးလုံး​မဟုတ်​ကြောင်းကို သူတို့​သိ​ကြသည်။

“လယ်​၌​ကြဲ​သောတော​မျိုးစေ့​၏ ဥပမာ​အနက်​အဓိပ္ပာယ်​ကို အကျွန်ုပ်တို့အား​ဖော်ပြ​တော်​မူ​ပါ” ဟူ​သူတို့​မေးခဲ့​ကြ​ကြောင်း မဿဲ​က မှတ်တမ်းတင်​သည်။ ပြန်လည်​ဖြေကြား​ရာ​တွင် ယေရှု​က ပုံ​ဥပမာ​၏​အနက်​ကို ဖော်ပြ​ကာ မိမိ​တပည့်တော်​ဟု​ဆို​သူများ​အလယ်တွင် ပေါ်ပေါက်​လာ​မည့် အယူဖောက်ပြန်မှု​ကြီး​အကြောင်း ကြို​ဟောခဲ့​သည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၃၈၊ ၄၃) ထို​အတိုင်း​ဖြစ်လာ​ကာ အယူဖောက်ပြန်မှု​သည် တမန်​တော်​ယောဟန်​သေဆုံး​ပြီး​နောက် လျင်မြန်​စွာ​ပျံ့နှံ့​ခဲ့​သည်။ (တမန်​တော် ၂၀:၂၉၊ ၃၀; ၂ သက်သာလောနိတ် ၂:၆-၁၂) ယင်း​၏​အကျိုးဆက်များ​သည် အလွန်​ပင်​ပျံ့နှံ့​ခဲ့​ရာ လုကာ ၁၈:၈ တွင်​မှတ်တမ်း​တင်ထား​သည့် အလွန်​သင့်လျော်​ပုံ​ပေါက်​သော ဤ​မေးခွန်း​ကို ယေရှု​မေး​ယူရ​သည့်​အထိ​ပင်– “လူသား​သည် ကြွလာ​သောအခါ ယုံကြည်ခြင်းကို မြေကြီး​ပေါ်မှာ​တွေ့​မည်​လော။”

ယေရှု၏​ရောက်ရှိခြင်း​က ဂျုံ​စပါး​ကဲ့သို့​သော​ခရစ်ယာန်​များ​အား ‘ရိတ်သိမ်းချိန်’ ၏​အစ​ကို အမှတ်သညာ​ပြု​ပါ​မည်။ ယင်းသည် ၁၉၁၄ ခုနှစ်​တွင်​စတင်​သည့် ‘အစီအစဉ်​စနစ်​ဆုံးခန်း’ ၏​အမှတ်အသား​တစ်ခု​ဖြစ်ပါ​မည်။ ထို့​ကြောင့် ရိတ်သိမ်းချိန်​၏​အစ​သို့​ဦးတည်​စေသည့် အခါသမယ​တွင် ကျမ်းစာ​အမှန်တရား​အား စိတ်ဝင်စား​လာ​ကြ​ခြင်း​ကို မအံ့သြ​သင့်​ပေ။—မဿဲ ၁၃:၃၉

သမိုင်း​မှတ်တမ်း​ဆိုင်ရာ​ဆန်းစစ်မှု​တစ်ခု​က အထူးသဖြင့် ၁၅ ရာစု​မှ​စ၍ “တော​မျိုးစေ့” သို့​မဟုတ် ခရစ်ယာန်​အတု​များနှင့်​တူ​သည့် ခရစ်ယာန်ဘောင်​ရှိ လူအများစု​ထဲ​တွင်​ပင် စိတ်​လှုံ့ဆော်မှု​ခံ​ခဲ့​ရ​ကြောင်း ထင်ရှားစေ​သည်။ သမ္မာကျမ်းစာ​ကို လွတ်လွတ်လပ်လပ်​ရရှိနိုင်​ပြီး ကျမ်းစာ​မှန်​ပြ​မာတိကာ​များ​ကို ပြင်ဆင်​ခဲ့​သည်​နှင့်​အမျှ နှလုံး​ရိုး​ဖြောင့်​သူများ​သည် ကျမ်းစာ​ကို သေသေချာချာ စတင်​စူးစမ်း​ရှာဖွေခဲ့​ကြသည်။

အလင်း​တောက်ပ​လာ

၁၉ ရာစု​သို့ အကူးအပြောင်း​ကာလ​ရှိ​သူများ​တွင် အင်္ဂလန်​နိုင်ငံ၊ ဘာ​မင်​ဟ​မ်​မြို့မှ ဟင်နရီ​ဂ​ရူး (၁၇၈၁-၁၈၆၂) ပါဝင်​သည်။ သူသည် အသက် ၁၃ နှစ်​တွင် သူ၏​မိသားစု​နှင့်အတူ အတ္တ​လ​န်​တိတ်​သမုဒ္ဒရာ​ကို​ဖြတ်၍ ယူနိုက်တက်​စ​တိတ်​သို့ ရွက်လွှင့်​ခဲ့​ရာ ၁၇၉၅ ခုနှစ်၊ ဇူလိုင် ၈ ရက်​တွင် ရောက်ရှိ​ခဲ့​သည်။ သူတို့သည် ရို​ဒီ​ကျွန်း၊ ပ​ရိုဗိဒင့်စ်​မြို့တွင် အခြေချ​ခဲ့​ကြသည်။ မိဘများသည် သူအား ကျမ်းစာ​ချစ်​မြတ်နိုး​စိတ်​သွတ်သွင်း​ပေး​ခဲ့​သည်။ ဂ​ရူး​သည် ၁၈၀၇ ခုနှစ်​၌ အသက် ၂၅ နှစ်အရွယ်​တွင် ကော်​နက်​တီ​ကပ်​ပြည်နယ်၊ ဟာ့​ဖော့​ဒ်​မြို့ရှိ နှစ်ခြင်း​အသင်း​ချာ့ခ်ျ​၏​သင်းအုပ်ဆရာ​အဖြစ် အမှုဆောင်ရန် ဖိတ်ခေါ်​ခံရ​သည်။

သူသည် သွန်သင်ခြင်း​တာဝန်​များ​ကို အလေးအနက်​ထား​ကာ သူ၏​ကြည့်ရှု​မှု​အောက်​ရှိသူ​များ​ကို ကျမ်းစာ​နှင့်​အညီ​အသက်ရှင်​ရန် ကြိုးစား​ကူညီပေး​ခဲ့​သည်။ သို့သော် အသင်းတော်သည် မည်သည့်​စိတ်လို​ကိုယ်​လျောက်​အပြစ်ပြု​ကျင့်​သူနှင့်​မဆို ကင်းရှင်း​နေ​စေ​ရမည်ဟု သူ​ယုံကြည်ခဲ့​သည်။ ရံဖန်ရံခါ သူသည် ချာ့ခ်ျ​ရှိ​အခြား​တာဝန်​ရှိသူ​များနှင့်​အတူ မှားယွင်း​ခဲ့​သူများ​နှင့် အခြား​မသန့်ရှင်း​သော​အကျင့်​များ​တွင် ပါဝင်​ခဲ့​သူများကို ထုတ်​ပယ် (နှင်ထုတ်) ခဲ့​သည်။

ချာ့ခ်ျ​တွင် သူ့​အား အနှောင့်အယှက်​ပေး​သည့် အခြား​ပြဿနာ​များ​ရှိသည်။ ချာ့ခ်ျ​အသင်းဝင်​မဟုတ်​သူများ​သည် ချာ့ခ်ျ​၏​စီးပွားရေး​ကိစ္စ​များ​ကို စီမံ​ဆောင်ရွက်​နေကြ​ကာ ဝတ်ပြု​ဆုတောင်းပွဲ​များ​တွင် သီချင်းဆို​ခြင်း​ကို​ဦးဆောင်​နေကြ​သည်။ ဤ​သူတို့သည် အသင်းတော်​ဆိုင်ရာ​အရေးကိစ္စ​များ​တွင်​လည်း မဲပေး​နိုင်​ပြီး ဤသို့ဖြင့် ယင်း​၏​ကိစ္စ​များ​ကို အတော်အတန်​ချုပ်ကိုင်​ထား​သည်။ လောက​နှင့်​သီးခြားနေခြင်း​မူကို​အခြေပြု​၍ ဂ​ရူး​က ဤ​တာဝန်​များ​ကို သစ္စာ​ရှိသော​အမျိုးသားများ​သာ စီမံ​ဆောင်ရွက်​သင့်​သည်​ဟု အခိုင်အမာ​ယုံကြည်ခဲ့​သည်။ (၂ ကောရိန္သု ၆:၁၄-၁၈; ယာကုပ် ၁:၂၇) သူ၏​အမြင်အရ မယုံကြည်​သူများ ဘုရားသခင်​အား ချီးမွမ်း​သီချင်းဆို​ခြင်း​သည် ဘုရားသခင်​ကို​စော်ကားခြင်း​ဖြစ်သည်။ ဤ​ရပ်တည်ချက်​ကြောင့် ၁၈၁၁ ခုနှစ်​တွင် ဟင်နရီ​ဂ​ရူး​သည် ချာ့ခ်ျ​၏​ငြင်းပယ်မှု​ကို​ခံ​ခဲ့​ရသည်။ သူနှင့်​အမြင်​တူ​သည့် အခြား​အသင်းဝင်​များလည်း တစ်ချိန်တည်း​တွင် ချာ့ခ်ျ​မှ​ခွဲထွက်​ခဲ့​ကြသည်။

ခရစ်ယာန်ဘောင်​မှ​ခွဲထွက်​ခြင်း

ဟင်နရီ​ဂ​ရူး​အပါအဝင် ဤ​အုပ်စု​သည် သူတို့၏​အသက်တာ​နှင့် လုပ်ဆောင်မှုများ​ကို ကျမ်းစာ​ပါ​သွန်သင်ချက်​နှင့်​ကိုက်ညီ​စေရန်​ဟူသော ရည်ရွယ်ချက်​ဖြင့် ကျမ်းစာ​စလေ့လာ​ခဲ့​ကြသည်။ သူတို့၏​လေ့လာမှု​ကြောင့် တစ်မုဟုတ်ချင်း​ပင် ကျမ်းစာ​အမှန်တရားကို များစွာ​နားလည်​လာ​ရာ ခရစ်ယာန်ဘောင်​၏​အမှား​များ​ကို ဖော်ထုတ်​ခဲ့​သည်။ ဥပမာ၊ ၁၈၂၄ ခုနှစ်​တွင် ဂ​ရူး​သည် သုံးပါး​ပေါင်း​တစ်ဆူ​အယူ​နှင့်​ပတ်သက်​၍ ကောင်းစွာ​ကျိုးကြောင်း​ဆင်ခြင်​ထား​သည့်​ချေပ​ချက်​တစ်ခု​ကို ရေးသားခဲ့​သည်။ သူ၏​ရေးသားချက်​များ​မှ ဤ​စာပိုဒ်​ပါ ဆင်ခြင်​သုံးသပ်ချက်​ကို သတိပြုပါ– “‘ထို​နေ့​နာရီ​ကို​ကား မည်သည့် လူသား မျှ​မသိ၊ ကောင်းကင်​ရှိ ကောင်းကင်တမန်​များ မသိ၊ သားတော် လည်း​မသိ၊ ခမည်းတော် သာ​သိတော်မူ၏။’ [မာကု ၁၃:၃၂] ဤ​တွင် လူသား၊ ကောင်းကင်တမန်​များ၊ သားတော်၊ ခမည်းတော်​ဟူ၍ အဆင့်​လိုက်​စဉ်​ထား​သည်ကို သတိပြုပါ။ . . . ကျွန်ုပ်​တို့၏​သခင်​က ထို​နေ့ကို ခမည်းတော်​တစ်ပါး​တည်း​သာ သိ​၏​ဟု သွန်သင်​တော်​မူ​သည်။ သို့သော် အချို့​ယူမှတ်​သကဲ့သို့ ခမည်းတော်၊ နှုတ်မြွက်တော်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​တို့သည် သုံးပါး​ပေါင်း​ဘုရား​တစ်ဆူ​ဖြစ်ပါ​က ယင်းသည် မှန်​မည်​မဟုတ်ပါ; အကြောင်း​မှာ ဤ [သွန်သင်ချက်၊ သုံးပါး​ပေါင်း​တစ်ဆူ​အယူဝါဒ၊] အရ . . . သားတော်​သည် ခမည်းတော်​နှင့် တန်းတူ​သိရှိ​သောကြောင့်​ဖြစ်သည်။”

ဂ​ရူး​သည် ခရစ်တော်​၏​အမှုတော်ကို​ဆောင်​သည်​ဟု​ဆို​သော တရားဟော​ဆရာများ​နှင့် သားရဲ​အရာရှိများ​၏​အရေခြုံမှု​ကို ဖော်ထုတ်​ခဲ့​သည်။ ၁၈၂၈ ခုနှစ်​တွင် သူ ဤသို့​ကြေညာ​ခဲ့​သည်– “ခရစ်ယာန်​တစ်ဦး​သည် မိမိ၏​ရန်သူများ​အတွက် ဆုတောင်း​နေခဲ့​သည့်​အခန်း​မှ​ထွက်​ကာ မိမိ၏​စစ်သည်​များ​အား ရက်စက်​ကြမ်းကြုတ်​သော​ဒေါသ​ဖြင့် အထက်ပါ​ရန်သူ​တို့၏​နှလုံး​ထဲ​သို့ မရဏ​လက်နက်များ​ထိုး​စိုက်​ရန် အမိန့်ပေး​ခြင်း​ထက် ပို​၍​မအပ်စပ်​သည့်​အရာ​ကို ကျွန်ုပ်​တို့​စဉ်းစား၍​ရနိုင်​မည်​လော။ အခြေအနေ​တစ်ရပ်​တွင် သူသည် သေသွား​သည့်​သခင်​ကို ဝမ်း​ပန်း​တ​သာ​တုပ​သည်; သို့သော် အခြား​အခြေအနေ​တွင် မည်​သူ့ကို သူ​တုပ​သနည်း။ ယေရှုသည် မိမိကို​သတ်​မည့်​သူများ​အတွက် ဆုတောင်းပေး​သည်။ ခရစ်ယာန်​များ​မူ သူတို့​ဆုတောင်းပေး​သူများကို သတ်ဖြတ်​ကြသည်။”

ဂ​ရူး​သည် ပို​၍​ပင်​အားမာန်ပါပါ​ဖြင့် ဤသို့​ရေးသားခဲ့​သည်– “ကိုယ်တော်​သည် ‘မထီမဲ့မြင်​ပြုခြင်း​ကို​ခံ​တော်​မ​မူ’ ဟု​ကျွန်ုပ်​တို့ကို​အာမခံ​ထား​သည့် အတိုင်းအဆမဲ့​တန်ခိုးရှင်​ကို မည်သည့်​အချိန်တွင် ယုံကြည်​ရ​ပါ​မည်​နည်း။ ‘မကောင်းမှု​၏​အရိပ်အယောင်’ ကို​ပင်​ရှောင်ရန် ကျွန်ုပ်​တို့ကို​တောင်းဆို​သည့် သန့်ရှင်းသော​ဘာသာ​တရား​၏ သဘောသဘာဝ၊ ထူးခြား​ထင်ရှား​သည့်​အသွင်အပြင်​တို့ကို မည်သည့်​အချိန်တွင် နားလည်​ရမည်​နည်း။ . . . သူ၏​ဘာသာ​တရား​က လူတစ်ဦး​အား အခြေအနေ​တစ်ရပ်​တွင် ကောင်းကင်တမန်​ကဲ့သို့​ပြုမူ​ရန်​တောင်းဆို​ပြီး အခြား​အခြေအနေ​တွင် စာတန်​ကဲ့သို့ ပြုမူ​ရန်​ခွင့်ပြု​သည်​ဟု မှတ်ယူ​ခြင်း​သည် ဘုရားသခင့်​သားတော်ကို ရှုတ်ချ​ရာ​မကျ​ပေ​လော။”

မွေးရာပါ​မဟုတ်သည့် ထာဝရ​အသက်

ရေဒီယို​နှင့်​ရုပ်မြင်သံကြား​မပေါ်မီ​နှစ်များ​တွင် လူတစ်ဦး​၏​ရှုထောင့်​ကို​ဖော်ပြ​ရန် ရေပန်းစား​သည့်​နည်း​တစ်ခု​မှာ လမ်း​ကမ်း​စာစောင်​များ ရေးသား​ဖြန့်ဝေခြင်း​ဖြစ်သည်။ ၁၈၃၅ ခုနှစ်​ခန့်​တွင် ဂ​ရူး​သည် မသေ​နိုင်သော​စိုးလ်​နှင့် မီးငရဲ​သွန်သင်ချက်​များ ကျမ်းစာ​နှင့်​မညီညွတ်​ကြောင်း ဖော်ထုတ်​ထား​သည့် အရေးပါသော​လက်ကမ်း​စာစောင်​တစ်ခု​ကို ရေးသားခဲ့​သည်။ ယင်း​အယူဝါဒ​တို့သည် ဘုရားသခင်​အား စော်ကားခြင်း​ဖြစ်သည်ဟု သူ​ယူမှတ်ခဲ့​သည်။

ဤ​လက်ကမ်း​စာစောင်​သည် များစွာ​အကျိုး​သက်ရောက်မှု​ရှိခဲ့​သည်။ ၁၈၃၇ ခုနှစ်​တွင် အသက် ၄၀ ရှိသော ဂျော့ဂျ်​စ​တော​စ် သည် ရထား​ပေါ်​တွင် ၎င်း​စာစောင်​တစ်စောင်​ကို တွေ့ရှိ​ခဲ့​သည်။ စ​တော​စ် သည် န​ယူးဟဲမ်​ရှီး​ယား​ပြည်နယ်၊ လက်ဘနွန်​မြို့​ဇာတိ​ဖြစ်​ပြီး ထို​အချိန်တွင် နယူးယောက်၊ ယူ​တီ​ကာ​မြို့တွင်​နေထိုင်ခဲ့​သည်။

သူသည် မက်သဒစ်-အီပီစ်ကိုပယ်​ချာ့ခ်ျ​တွင် အလွန်​လေးစား​ခံရ​သည့် ခရစ်ယာန်​အမှုဆောင်​တစ်ဦး​ဖြစ်၏။ လက်ကမ်း​စာစောင်​ကို​ဖတ်​ရသည့်​အခါ ယခင်​က သူ​တစ်ခါမျှ​သံသယ​မဖြစ်ခဲ့​သည့် ဤ​ခရစ်ယာန်ဘောင်​အခြေခံ​သွန်သင်ချက်​များ​အပေါ် ဤ​ကဲ့သို့​အခိုင်အမာ​ကျိုးကြောင်း​ဆင်ခြင်​ပြ​ထား​နိုင်​သည်ကို စွဲမှတ်​သွား​သည်။ သူသည် ကလောင်ရှင်​မည်သူ​မည်ဝါ​မှန်း​မသိဘဲ​နေခဲ့​သည်​မှာ နောင်​နှစ်​အတန်ကြာ အနည်းဆုံး ၁၈၄၄ တွင် ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်၊ ဖီလဒဲလ်ဖီးယား​မြို့တွင် နှစ်ဦးစလုံး​နေထိုင်ကြ​စဉ် ဟင်နရီ​ဂ​ရူး​နှင့်​တွေ့ဆုံ​ခဲ့​ချိန်​အထိ​ဖြစ်သည်။ သို့သော် စ​တော​စ် သည် သူ့ဘာသာ​သူ သုံးနှစ်​တိုင်တိုင်​လေ့လာ​ကာ အခြား​ခရစ်ယာန်​အမှုဆောင်​များနှင့်​သာ ပြောဆို​ဆွေးနွေး​သည်။

နောက်ဆုံး​တွင် သူ​လေ့လာ​သိရှိ​ထား​ရာ​များ​ကို မည်သူမျှ​မချေပ​နိုင်သော​ကြောင့် ဂျော့ဂျ်​စ​တော​စ် သည် လက်ရှိ​ချာ့ခ်ျ​တွင် မိမိ​ဆက်​နေလျှင် ဘုရားသခင်​ကို သစ္စာရှိ​ရာ​ကျ​နိုင်​မည်​မဟုတ်​ဟု ဆုံးဖြတ်​ခဲ့​သည်။ သူသည် ၁၈၄၀ ပြည့်နှစ်​တွင် နုတ်ထွက်​ကာ နယူးယောက်၊ အောလ်​ဘ​နီ​မြို့​သို့ ပြောင်းရွှေ့​ခဲ့​သည်။

၁၈၄၂ ခုနှစ်​၏​နွေ​ကူး​ရာသီ​တွင် စ​တော​စ် သည် “စုံစမ်း​စစ်ဆေးမှု​တစ်ခု—ဆိုးသွမ်းသူ​များ မသေ​နိုင်သော​အဖြစ်​ရရှိ​သလော” ဟူ​သည့်​အကြောင်း​ဖြင့် ခြောက်​ပတ်​အတွင်း ဟောပြောချက်​ခြောက်​ခု​ကို ဆက်တိုက်​ပေး​ခဲ့​သည်။ အလွန်​စိတ်ဝင်စား​ကြ​ရာ ယင်းကို စာပေ​အဖြစ်​ထုတ်​ရန် ပြန်လည်​စိစစ်​ပြင်ဆင်​ခဲ့​သည်။ နောင်​နှစ် ၄၀ အတွင်း ယူနိုက်တက်​စ​တိတ်​နှင့် ဂ​ရိတ်​ဗြိတိန်​တို့​တွင် စောင်ရေ ၂၀၀,၀၀၀ အထိ​ထုတ်ဝေ​ခဲ့​သည်။ စ​တော​စ် နှင့်​ဂ​ရူး​တို့သည် မသေ​နိုင်သော​စိုးလ်​အယူဝါဒ​နှင့်​ပတ်သက်​၍ အချေအတင်​ဆွေးနွေးပွဲ​များ​တွင် လက်တွဲ​ခဲ့​ကြသည်။ ဂ​ရူး​သည် ဖီလဒဲလ်ဖီးယား​မြို့၌ ၁၈၆၂ ခုနှစ်၊ ဩဂုတ် ၈ ရက်​တွင် သူ​သေဆုံး​ချိန်​အထိ ဆက်၍​ဇွဲ​ထက်သန်​စွာ​ဟောပြောခဲ့​သည်။

စ​တော​စ် သည် ယခု​ဖော်ပြ​ခဲ့​သော​ဟောပြောချက်​ခြောက်​ခု​ကို တင်ဆက်​ပြီး​မကြာမီ​အချိန်၌ ၁၈၄၃ ခုနှစ်​တွင် ခရစ်တော်​၏​မျက်မြင်ရ​ကြွလာခြင်း​ကို စောင့်မျှော်​နေသည့် ဝီလျံ​မေ​လာ ၏​ဟောပြောချက်ကို စိတ်ဝင်စား​လာ​သည်။ နှစ်နှစ်​ခန့်​အထိ စ​တော​စ် သည် ယူနိုက်တက်​စ​တိတ်​အရှေ့မြောက်ဘက်​အနှံ့ ဤ​သတင်း​ဟောပြောခြင်း​တွင် တက်ကြွ​စွာ​ပါဝင်​ခဲ့​သည်။ ၁၈၄၄ ခုနှစ်​နောက်ပိုင်း​တွင် သူသည် ခရစ်တော်​ပြန်​ကြွလာ​မည့် ရက်စွဲ​တစ်ခုခု​သတ်မှတ်ခြင်း​ကို ဆက်​မပြု​လုပ်​တော့​သော်လည်း အခြားသူများ​က သက္ကရာဇ်စဉ်​ကို စုံစမ်း​စစ်ဆေး​လို​ပါ​က​လည်း မ​ကန့်ကွက်​ခဲ့​ပေ။ ခရစ်တော်​ပြန်​ကြွလာ​ရန် နီးကပ်​နေကြောင်း၊ ခရစ်ယာန်​များ ဝိညာဉ်​ရေး​အရ နိုးနိုးကြားကြား​ရှိ​ကာ ထို​စမ်းသပ်​စစ်ဆေး​ရာ​နေ့​အတွက် အသင့်ရှိနေ​ရန် အရေးကြီးကြောင်း စ​တော​စ် ယုံကြည်ခဲ့​သည်။ သို့သော် မေ​လာ​၏​အုပ်စု​သည် မသေ​နိုင်သော​စိုးလ်၊ ကမ္ဘာကြီး​မီးလောင်​ကျွမ်း​ခြင်း​နှင့် ဘာမျှ​မသိဘဲ​သေဆုံး​သွား​သူများ​အတွက် ထာဝရ​အသက်​မျှော်လင့်ချက်​တစ်စုံတစ်ရာ​မရှိခြင်း ကဲ့သို့​သော ကျမ်းစာ​နှင့်​မညီ​သည့်​အယူဝါဒ​များ​ကို လက်ခံ​ထား​ကြသော​ကြောင့် ၎င်း​တို့​နှင့်​လမ်းခွဲ​ခဲ့​သည်။

ဘုရားသခင်​၏​မေတ္တာတော်​သည် အဘယ်အရာကို ဖြစ်ပေါ်​စေမည်​နည်း

စ​တော​စ် က ဘုရားသခင်​သည် ဆိုးသွမ်းသူ​များ​အား တစ်ဖန်​ပြန်​သေ​ဖို့​ဟူ​သည့် တစ်ခု​တည်း​သော​ရည်ရွယ်ချက်​အတွက် ရှင်ပြန်ထမြောက်​စေမည်​ဟူသော အက်ဒ်​ဗဲင်​တစ်​တို့၏​ရှုမြင်ပုံကို ငြင်းပယ်​ခဲ့​သည်။ ဘုရားသခင်​က ဤ​ကဲ့သို့​အဓိပ္ပာယ်မဲ့၊ လက်စားချေ​သော​လုပ်ရပ်​လုပ်​သည်​ဟူသော အဘယ်​အထောက်အထား​ကို​မျှ ကျမ်းစာ​တွင် သူ​မ​တွေ့ခဲ့​ပါ။ စ​တော​စ် နှင့် သူ၏​အပေါင်းပါ​တို့သည် အခြား​အစွန်း​တစ်ဖက်​သို့​ရောက်သွား​ကာ ဆိုးသွမ်းသူ​များသည် လုံးဝ​ထမြောက်​ကြ​မည်​မဟုတ်​ဟု ယူမှတ်ခဲ့​သည်။ သူတို့သည် မဖြောင့်မတ်​သူများ​၏​ထမြောက်ခြင်း​ကို ရည်ညွှန်း​သည့်​ကျမ်းချက်​အချို့​ကို ရှင်းပြဖို့​အခက်တွေ့​ခဲ့​သော်လည်း သူတို့၏​ယူဆချက်​သည် သူတို့​အတွက်​မူ ဘုရားသခင်​၏​မေတ္တာတော်​နှင့် ပို​၍​ညီညွတ်​မည့်​လက္ခဏာ​ရှိသည်။ ဘုရားသခင့်​ရည်ရွယ်ချက်​နှင့်​ပတ်သက်ပြီး​နားလည်​စ​ရာ နောက်​တစ်ဆင့် မကြာမီ​ပေါ်လာ​သည်။

၁၈၇၀ ပြည့်နှစ်​တွင် စ​တော​စ် သည် အလွန်​နာမကျန်း​ဖြစ်​ကာ လ​အတန်ကြာ အလုပ်​မ​လုပ်နိုင်​ပေ။ ထို​အချိန်​အတောအတွင်း သူ၏ ၇၄ နှစ်​တာ​တစ်လျှောက်​လုံး လေ့လာ​သိရှိ​ခဲ့​သမျှ​ကို ပြန်လည်​ဆန်းစစ်​နိုင်​ခဲ့​သည်။ ‘အာဗြဟံ​သည် ဘုရားသခင်​၏​စကား​ကို နားထောင်​သောကြောင့် မြေကြီးပေါ်​ရှိ​မိသားစု​အားလုံး​သည် ကောင်းချီး​ခံစားရ​မည်’ ဟူ၍ အာဗြဟံ​ပဋိညာဉ်​တွင် ဖော်ပြ​ထား​သည့်​အတိုင်း လူသား​တို့​နှင့်​ဆိုင်​သည့် ဘုရားသခင့်​ရည်ရွယ်ချက်​၏​အရေးပါသော​အပိုင်း​တစ်ခု​ကို မိမိ​မမြင်​မိ​ခဲ့​ကြောင်း သူ​သုံးသပ်​သိရှိ​ခဲ့​သည်။—ကမ္ဘာဦး ၂၂:၁၈; တမန်​တော် ၃:၂၅

ယင်းက သူ့​စိတ်ထဲ အတွေး​သစ်​ဝင်​စေ​သည်။ “မိသားစု​အားလုံး” ကောင်းချီး​ခံစားရ​မည်​ဆိုလျှင် အားလုံး သတင်းကောင်းကို ကြား​ရဖို့​လို​မည်​မဟုတ်လော။ ယင်းကို သူတို့ မည်သို့​ကြား​ရ​ကြ​မည်​နည်း။ သန်းပေါင်း​များစွာသော​သူတို့ သေ​ကုန်​ကြပြီ​မဟုတ်လော။ ကျမ်းစာ​ကို ထပ်မံ​ဆန်းစစ်​သည့်​အခါ သေဆုံး​သွား​သည့် “ဆိုးသွမ်း” သူများ​တွင် ဘုရားသခင်​၏​မေတ္တာတော်ကို ယတိပြတ်​ငြင်းပယ်​ခဲ့​သူများ​နှင့် ဘာမျှ​မသိဘဲ​သေဆုံး​သွား​သူများ​ဟူ၍ နှစ်​တန်း​နှစ်​စား​ရှိကြောင်း သုံးသပ်​သိရှိ​လာ​သည်။

ဒုတိယ​အတန်းအစား​သည် ယေရှု​ခရစ်​၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​မှ အကျိုး​ခံစားရ​ရန် သူတို့အား အခွင့်အရေး​ပေးဖို့ သေ​ရာ​မှ​ထမြောက်​ခံရ​ကြ​မည်​ဟု စ​တော​စ် သုံးသပ်​သိရှိ​ခဲ့​သည်။ ယင်းကို လက်ခံသူ​တို့သည် မြေကြီးပေါ်​တွင် ထာဝစဉ်​အသက်ရှင်​မည်​ဖြစ်​ကာ ငြင်းပယ်​သူများ​မူ ဖျက်ဆီးခြင်း​ခံရ​မည်​ဖြစ်သည်။ မှန်ပါသည်၊ ဘုရားသခင်​သည် မည်​သူ့ကို​မျှ အနာဂတ်​မျှော်လင့်ချက်​မရှိဘဲ ထမြောက်​စေမည်​မဟုတ်​ဟု စ​တော​စ် ယုံကြည်​သည်။ အဆုံး​တွင် အာဒံ​မှ​လွဲ​၍ အာဒံ​၏​အပြစ်​ကြောင့် မည်သူမျှ သေရ​မည်​မဟုတ်ပါ! သို့သော် သခင်​ယေရှု​ခရစ်​ပြန်​ကြွလာချိန်​အတွင်း အသက်ရှင်နေ​သူများ​ကော မည်သို့​နည်း။ နောက်ဆုံး​တွင် ၎င်း​တို့​ထံ​ရောက်ရှိ​ရန် ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း လုပ်ဆောင်​ရမည်ကို စ​တော​စ် သိမြင်​လာ​သည်။ သူသည် အဆိုပါ​လုပ်ငန်း​ပြီးမြောက်​နိုင်​ပုံ​ကို နည်းနည်းလေး​မျှ​မသိ​ခဲ့​သော်လည်း ယုံကြည်မှု​ဖြင့် ဤသို့​ရေးသားခဲ့​သည်– “အရာတစ်ခု​ပြီးမြောက်​ပုံ​ကို မမြင်နိုင်​လျှင် ယင်းကို ငြင်းပယ်​သူများစွာ​ရှိပါ​သည်၊ လုပ်ဆောင်မှု​အစီအစဉ်ကို မမြင်နိုင်​သောကြောင့် ယင်းကို လုပ်ဆောင်ဖို့ ဘုရားသခင်​မတတ်စွမ်း​နိုင်​သည့်​အလား​ဖြစ်သည်။”

ဂျော့ဂျ်​စ​တော​စ် သည် နောင်​တွင် သူ​အလွန်​စိတ်အား​ထက်သန်​စွာ​မျှော်လင့်​ခဲ့​သည့် ကမ္ဘာချီ​ဟောပြောခြင်း​ကင်ပိန်း​၏​ဗဟိုချက်​မ ဖြစ်လာ​မည့်​နေရာ​မှ ဘ​လောက်​အနည်းငယ်​သာ​ကွာ​သည့် နယူးယောက်၊ ဘ​ရွတ်​က​လင်​ရှိ သူ၏​နေအိမ်​၌ ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ​လ​တွင် ကွယ်လွန်​ခဲ့​သည်။

နောက်ထပ်​အလင်း​လိုအပ်​လာ

ဟင်နရီ​ဂ​ရူး​နှင့် ဂျော့ဂျ်​စ​တော​စ် ကဲ့သို့​သော​သူများ​သည် ယနေ့​ကျွန်ုပ်​တို့​လောက် အမှန်တရားကို ရှင်းလင်းစွာ​နားလည်ခဲ့​သလော။ နားမလည်​ခဲ့​ပါ။ ၁၈၄၇ ခုနှစ်​တွင် စ​တော​စ် က ဤသို့​ဖော်ပြ​ခဲ့​သည့်​အတိုင်း သူတို့သည် ရုန်းကန်​လှုပ်ရှား​နေရ​ကြောင်း သိ​ကြသည်– “ချာ့ခ်ျ​၏​အမှောင်ခေတ်​မှ ထွက်​လာ​ရုံ​သာ​ရှိသည်​ကို ကျွန်ုပ်​တို့​ကောင်းစွာ​သတိရ​သင့်​သည်; ‘ဗာဗုလုန်​ဝတ်ရုံ’ အချို့​ကို အမှန်တရား​ဟု​ထင်​ကာ ကျွန်ုပ်​တို့၏​ကိုယ်​တွင်​ဝတ်ဆင်​ထား​ဆဲ​ရှိသည်​ကို တွေ့ရ​လျှင် လုံးဝ​အဆန်း​ဖြစ်​မည်​မဟုတ်ပါ။” သာဓက​အနေ​နှင့် ဂ​ရူး​သည် ယေရှု​ပေး​ခဲ့​သည့် ရွေးနုတ်ဖိုး​ကို လေးမြတ်​တန်ဖိုး​ထား​သော်လည်း ယင်းသည် အာဒံ​ဆုံးရှုံး​ခဲ့​သည့် စုံလင်သော​လူ့​အသက်​အတွက် အလဲအလှယ်​အဖြစ်​ပေး​သည့် ယေရှု၏​စုံလင်သော​လူ့​အသက်​တည်း​ဟူသော “တန်ဖိုး​တူ​ရွေးနုတ်ဖိုး” ဖြစ်​ကြောင်း နားမလည်​ခဲ့​ပေ။ (၁ တိမောသေ ၂:၆က​ဘ) ယေရှုသည် မြေကြီးပေါ်​သို့ မျက်မြင်ရ​နည်းဖြင့် ပြန်​ကြွလာ​ကာ အုပ်စိုး​မည်​ဟု​လည်း ဟင်နရီ​ဂ​ရူး မှားယွင်းစွာ​ယုံကြည်ခဲ့​သည်။ သို့သော် ဂ​ရူး​သည် စီ.အီး. ဒုတိယ​ရာစု​ကတည်းက လူ​အနည်းငယ်​သာ​စိတ်ဝင်စား​ခဲ့​သည့် ယေဟောဝါ​၏​နာမတော်​သန့်ရှင်း​မြင့်မြတ်​ရေး​ကို အလေးထား​ခဲ့​သည်။

ဂျော့ဂျ်​စ​တော​စ် သည်လည်း အရေးကြီး​သည့်​အချက်​အချို့​ကို မှန်ကန်​စွာ​နားမလည်​ခဲ့​ပေ။ သူသည် တရားဟော​ဆရာများ​က မြေ​တောင်​မြှောက်​ပေး​သည့် မှားယွင်းမှု​များ​ကို တွေ့ မြင်နိုင်​ခဲ့​သော်လည်း တစ်ခါတစ်ရံ အစွန်း​တစ်ဖက်​သို့​ရောက်သွား​ခဲ့​သည်။ ဥပမာ၊ စ​တော​စ်​က စာတန်​သည် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်သည်​ဟူသော အယူအဆကို​ငြင်းပယ်​ခဲ့​ခြင်း​ဖြင့် စာတန်​နှင့်​ပတ်သက်​၍ ဩသ​ဒေါ​က်စ်​ဆရာများ​၏​ရှုမြင်ပုံကို လွန်ကဲ​စွာ​တုံ့ပြန်​ခဲ့​ကြောင်း ထင်ရှား​သည်။ သူသည် သုံးပါး​ပေါင်း​တစ်ဆူ​အယူ​ကို ငြင်းပယ်​သည်; သို့သော် သန့်ရှင်းသော​ဝိညာဉ်​တော်​ဟူသည် ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​မဖြစ်​နှင့်​စပ်လျဉ်း၍ သူ​မသေမီ​လေး​အထိ တပ်အပ်​မသိ​ခဲ့​ချေ။ ဂျော့ဂျ်​စ​တော​စ် က မူလ​တွင် ခရစ်တော်​ပြန်​ကြွလာခြင်း​သည် မျက်မြင်မရ​ဖြစ်​မည်​ဟု မျှော်လင့်​ခဲ့​သော်လည်း နောက်ဆုံး​တွင် မျက်မြင်ရ​ပေါ်ထွန်း​မည်​ဟု ယူဆ​ခဲ့​သည်။ မည်သို့​ပင်​ဖြစ်စေ ဤ​သူ​နှစ်ဦးစလုံး​သည် စိတ်နှလုံး​ရိုး​ဖြောင့်​ကာ စိတ်ရင်းမှန်​ရှိကြ​ပြီး အများ​သော​သူတို့ထက် အမှန်တရား​နှင့်​ပို​၍​နီးစပ်​ခဲ့​သည်။

ဂျုံ​စပါး​နှင့်​တော​မျိုးစေ့​ပုံ​ဥပမာ​တွင် ယေရှု​ဖော်ပြ​ခဲ့​သည့် “လယ်” သည် ရိတ်သိမ်း​ဖို့ လုံးဝ​အသင့်​မဖြစ်ခဲ့​သေး​ပေ။ (မဿဲ ၁၃:၃၈) ဂ​ရူး၊ စ​တော​စ်​နှင့် အခြား​သူများ​သည် “လယ်” တွင်​လုပ်ဆောင်​ကာ ရိတ်သိမ်းချိန်​အတွက် ပြင်ဆင်​ပေး​ခဲ့​ကြသည်။

၁၈၇၉ ခုနှစ်​တွင် ဤ​မဂ္ဂဇင်း​ကို စတင်​ပုံနှိပ်​ထုတ်ဝေ​ခဲ့​သည့် ချားလ်စ် တေ့ဇ် ရပ်စယ်လ်​က သူ၏​အစောပိုင်း​နှစ်များ​နှင့်​ပတ်သက်​၍ ဤသို့​ရေးသားခဲ့​သည်– “သခင်သည် သူ၏​နှုတ်မြွက်​စကား​ကို​လေ့လာ​ရာ​တွင် ကျွန်ုပ်​တို့ကို အကူအညီ​များစွာ​ပေး​ခဲ့​သည်၊ အထင်ကရ​ရပ်တည်ခဲ့​ကြ​သူများ​တွင် ကျွန်ုပ်​တို့​အလွန်​ချစ်​သည့် သက်ကြီး​ညီအစ်ကို​ဂျော့ဂျ်​စ​တော​စ် သည် နှုတ်​စကား​အားဖြင့်​ကော အရေးအသား​အားဖြင့်​ပါ ကျွန်ုပ်​တို့ကို များစွာ​အကူအညီ​ပေး​ခဲ့​သည်; သို့သော် လူတစ်ဦး​သည် မည်မျှ​ပင်​တော်​ပြီး​ပညာရှိ​သူ​ပင်​ဖြစ်ပါစေ ကျွန်ုပ်​တို့သည် လူ့​နောက်လိုက်​များ​ဖြစ်​ဖို့​မဟုတ်ဘဲ ‘ချစ်စရာ​ကောင်း​သည့်​သားသမီး​များ​အနေ​နှင့် ဘုရားသခင့်​နောက်လိုက်​များ’ ဖြစ်​ဖို့ အစဉ်​ကြိုးစား​ကြသည်။” မှန်ပါသည်၊ စိတ်ရင်း​မှန်သော​ကျမ်းစာ​ကျောင်းသား​များသည် ဂ​ရူး​နှင့်​စ​တော​စ် ကဲ့သို့​သော​သူများ​၏​ကြိုးစား​မှုများ​မှ အကျိုး​ရရှိနိုင်​သော်လည်း အမှန်တရား​၏​စစ်မှန်သော​ရင်းမြစ်​အဖြစ် ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​ကို ဆန်းစစ်​ရန် အရေးကြီး​နေဆဲ​ဖြစ်သည်။—ယောဟန် ၁၇:၁၇

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဟင်နရီ​ဂ​ရူး​ယုံကြည်ခဲ့​ရာ​များ

ယေဟောဝါ​၏​နာမတော်​သည် ရှုတ်ချ​ခံ​နေရ​ကာ ယင်းကို သန့်ရှင်း​မြင့်မြတ်​စေရန် လို​သည်။

သုံးပါး​ပေါင်း​တစ်ဆူ၊ မသေ​နိုင်သော​စိုးလ်​နှင့် မီးငရဲ​တို့သည် လှည့်စား​သော​အယူဝါဒ​များ​ဖြစ်သည်။

ခရစ်ယာန်​အသင်းတော်သည် လောက​နှင့်​သီးခြား​ဖြစ်​ရမည်။

ခရစ်ယာန်​များသည် တိုင်းနိုင်ငံ​စစ်ပွဲ​များ​တွင် ပါဝင်​ပတ်သက်​ခြင်း​မရှိသင့်။

ခရစ်ယာန်​များသည် စ​နေ သို့​မဟုတ် တနင်္ဂနွေ​ဥပုသ်​ပညတ်​အောက်တွင် မရှိကြ​ပါ။

ခရစ်ယာန်​များသည် ဖ​ရီး​မေ​ဆင်း​ကဲ့သို့​သော လျှို့ဝှက်​အသင်းများ​၏​အဖွဲ့ဝင်​မဖြစ်​သင့်။

ခရစ်ယာန်​များ​အလယ်တွင် တရားဟော​ဆရာ​နှင့်​လူ​ဝတ်​ကြောင်​အတန်းအစား​များ မရှိ​ရ။

ဘာသာရေး​ဘွဲ့ထူး​ဂုဏ်​ထူး​များသည် အန္တိခရစ်​မှာ​လာ​သည်။

အသင်းတော်​အားလုံး​တွင် အကြီးအကဲ​များ​အဖွဲ့​တစ်ဖွဲ့ ရှိ​ရမည်။

အကြီးအကဲ​များသည် ၎င်းတို့၏​ကျင့်ကြံ​ပြုမူ​သမျှ​တွင် အပြစ်တင်​ခွင့်​နှင့်​ကင်း​ပြီး သန့်ရှင်းမှု​ရှိ​ရမည်။

ခရစ်ယာန်​တိုင်း သတင်းကောင်းကို​ဟောပြော​ရမည်။

မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​နေထိုင်​မည့်​သူများ​ရှိ​မည်။

ခရစ်ယာန်​သီချင်းသည် ယေဟောဝါ​နှင့်​ခရစ်တော်​ကို ချီးမွမ်း​သင့်​သည်။

[Credit Line]

Photo: Collection of The New-York Historical Society/​69288

[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဂျော့ဂျ်​စ​တော​စ် ယုံကြည်ခဲ့​ရာ​များ

ယေရှုသည် လူသားတို့​အတွက် သူ၏​အသက်ကို ရွေးနုတ်ဖိုး​အဖြစ်​ပေး​ခဲ့​သည်။

သတင်းကောင်း​ဟောပြောခြင်းသည် (၁၈၇၁ ခုနှစ်​တွင်) မပြီးစီး​သေး​ပါ။

ယင်းကြောင့် အဆုံး​သည် ထို​အချိန် (၁၈၇၁ ခုနှစ်​တွင်) တွင် မ​နီး​နိုင်​ပါ။ ဟောပြောခြင်း​ပြီးမြောက်​မည့် အနာဂတ်​ကာလ​တစ်ခု​ရှိ​ရမည်။

မြေကြီးပေါ်​တွင် ထာဝရ​အသက်​အမွေ​ရသူ​များ​ရှိ​မည်​ဖြစ်သည်။

ဘာမျှ​မသိဘဲ​သေဆုံး​သွား​သူအား​လုံး ရှင်ပြန်ထမြောက်​မည်​ဖြစ်သည်။ ခရစ်တော်​၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​ကို လက်ခံသူ​များသည် မြေကြီးပေါ်​တွင် ထာဝရ​အသက်​ရရှိကြ​မည်​ဖြစ်သည်။ ယင်းကို ငြင်းပယ်​သူအား​လုံး ဖျက်ဆီး​ခံရ​မည်။

မသေ​နိုင်သော​စိုးလ်​နှင့် မီးငရဲ​တို့သည် ဘုရားသခင်​အား​ရှုတ်ချ​သည့် မှားယွင်းသော​အယူဝါဒ​များ​ဖြစ်သည်။

သခင့်​ညစာ​စားပွဲ​သည် နိသန်လ ၁၄ ရက်​တွင် နှစ်စဉ်​ကျင်းပ​သော​ပွဲ​ဖြစ်သည်။

[Credit Line]

Photo: SIX SERMONS, by George Storrs (1855)

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

၁၉၀၉ ခုနှစ်​တွင် “ဇိအုန်​ကင်းမျှော်စင်” ၏ အယ်ဒီတာ စီ.တီ. ရပ်စယ်လ်​သည် ယူ.အက်စ်.အေ၊ နယူးယောက်၊ ဘ​ရွတ်​က​လင်​သို့ ပြောင်းရွှေ့​ခဲ့​သည်