မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ငွေလော၊ သင့်အသက်လော

သင့်ငွေလော၊ သင့်အသက်လော

သင့်ငွေ​လော၊ သင့်​အသက်​လော

ဓားပြ​တိုက်ခံ​ရသူ​၏​မျက်နှာ​တွင် သေနတ်​ဖြင့်​ဝှေ့ယမ်း​လျက် “ငွေ​အရှုံး​ခံ​မလား၊ အသက်​အရှုံး​ခံ​မလား!” ဟူ၍ မရ​မ​က​တောင်းဆို​ခဲ့​သော ဓားပြ​များ​အကြောင်း သင်ကြား​ဖူး​နား​ဝ​ရှိ​မည်။ ယနေ့ ကျွန်ုပ်​တို့အားလုံး၊ အထူးသဖြင့် ကြွယ်ဝ​ချမ်းသာ​သော​နိုင်ငံ​များ​၌ နေထိုင်ကြ​သူအား​လုံး ရုန်းထွက်​ရ​ခက်​သော​အကျပ်ရိုက်​မှု​တစ်မျိုး​ကို ရင်ဆိုင်​ရချိန်တွင် မသိ​သူ​ရှား​သည့် ဤ​တောင်းဆိုမှု​ကို ထပ်​ကြား​ရသည်။ သို့သော် ဤ​တစ်ကြိမ်​တွင် ထိုသို့​အပူ​တ​ပြင်း​တောင်းဆို​သူ​မှာ ဓားပြ​မဟုတ်ဘဲ ငွေကြေး​နှင့် ရုပ်ပစ္စည်း​အောင်မြင်မှု​အပေါ် လူ့​ဘောင်​အဖွဲ့အစည်း​၏ တိုး၍​အလေးပေး​လာ​မှု​ဖြစ်၏။

ယင်း​သို့​အလေးပေး​မှု​က အသစ်​သော​ပြဿနာ​များနှင့် စိတ်ပူ​ပန်​မှုများ​ကို ပေါ်ထွက်​စေ​ခဲ့​သည်။ ငွေကြေး​နှင့် ရုပ်ပစ္စည်း​ရဖို့​အတွက် အဘယ်အရာကို​အရှုံး​ခံ​သင့်​နည်း။ အနည်းငယ်​လျှော့​၍ ရောင့်ရဲ​တင်းတိမ်​နိုင်​မည်​လော။ လူတို့သည် ရုပ်ပစ္စည်း​အတွက် “မှန်သော​အသက်” ကို အမှန်ပင်​စွန့်လွှတ်​နေကြ​သလော။ ပျော်ရွှင်သော​ဘဝ​အသက်တာ​အတွက် ငွေ​သာ​အဓိက​လော။

ငွေ​အတွက်​အရူးအမူး

လူ့​လိုအင်ဆန္ဒ​များနှင့် မက်မော​မှု​တို့​တွင်—တရားဝင်​ဖြစ်စေ၊ မဖြစ်စေ—ငွေ​ကို​တပ်မက်​ခြင်း​သည် အလုအယက်​ဦးဆောင်​လျက်​ရှိ၏။ ငွေ​ကို​အရူးအမူး​ဖြစ်​ခြင်း​သည် လိင်​နှင့် အစားအသောက်​မက်မောခြင်း​တို့​နှင့်​မတူ အမြဲ​ရှိပြီး အတော​မ​သတ်​နိုင်​ဘဲ​ဖြစ်​နိုင်​သည်။ အသက်​ကြီးရင့်​လာ​လျှင်​ပင် ယင်းသည် လျော့​မသွား​ချေ။ များသောအားဖြင့် လူတစ်ဦး​သည် အသက်ကြီး​လာ​လေ ငွေ​နှင့် ငွေ​ဝယ်​ပစ္စည်း​များ​အပေါ် စိတ်ဝင်စားမှု​နှင့် စိုးရိမ်မကင်း​ဖြစ်မှု ပို​တိုးလာ​လေ​ဖြစ်တတ်​သည်။

တပ်မက်မှု တိုးများ​လာ​နေ​ဟန်​ရှိ၏။ လူကြိုက်များ​သော ရုပ်ရှင်​ဇာတ်​ကား​တစ်ကား​တွင် အဓိက​သရုပ်ဆောင်​သူက “တပ်မက်​ခြင်း​ဟာ အလုပ်​ဖြစ်တယ်။ တတ်​မက်​ခြင်း​ဟာ အကျိုး​ရှိတယ်” ဟု​ပြော​သည်။ ၁၉၈၀ ပြည့်လွန်​နှစ်များ​ကို တပ်မက်မှု​ခေတ်​ဟု လူအများ​က ရည်ညွှန်းခဲ့​ကြသော်လည်း ထို​အချိန်​မတိုင်မီ​နှင့် ၎င်းနောက်​ပိုင်း ခေတ်​ကာလ​တစ်လျှောက်​တွင် ငွေကြေး​အပေါ် လူတို့၏​တုံ့ပြန်မှု​မှာ အပြောင်းအလဲ​မရှိ​လှ​ချေ။

အသစ်​ဖြစ်ဖွယ်​ရှိသည်​မှာ ပို​ချမ်းသာ​လို​သည့် စိတ်လို​ဘ​ကို ချက်ချင်း​ဖြည့်ဆည်း​နိုင်​သည့် အခွင့်အလမ်း​များ​ကို မြင်လာ​သူ ပို​များ​လာ​ခြင်း​ဖြစ်သည်။ ကမ္ဘာ​သား​အများစု​သည် များသောအားဖြင့် မိမိတို့၏​စွမ်းအင်​အများစုကို ရုပ်ပစ္စည်း​များ ပိုမို​ထုတ်လုပ်​၍ စုဆောင်း​ရန် အချိန်ကုန်​ခံ​နေကြ​ပုံ​ရှိ၏။ မျက်မှောက်ခေတ်တွင် ပစ္စည်းဥစ္စာ​နှင့်​ငွေ​ပို​ရရှိ​ရေး​အတွက် များသောအားဖြင့် ကြံကြံဖန်ဖန် ရှာဖွေခြင်း​သည် မက်မက်မောမော အားထုတ်​စ​ရာ​တစ်ခု ဖြစ်လာ​သည်ကို သင်​သဘောတူ​ပေမည်။

သို့သော် ယင်းကြောင့် လူ​တို့ ပို​ပျော်​လာ​ကြ​သလော။ ထို​မေးခွန်း​ကို​ဖြေဆို​ရာ​၌ ပညာ​ရှိ၍ အလွန်​ချမ်းသာ​ကြွယ်ဝ​ခဲ့​သည့် ဘုရင်​ရှောလမုန်​သည် လွန်ခဲ့သော​နှစ်ပေါင်း ၃,၀၀၀ က ဤသို့​ရေးသားခဲ့​၏– “ငွေ​ကို​တပ်မက်သော​သူသည် ငွေ​နှင့်​အလိုဆန္ဒ​မပြေ​နိုင်။ စည်းစိမ်​ကို​တပ်မက်သော​သူသည် စည်းစိမ်​တိုးပွား​သော်လည်း မရောင့်ရဲ​နိုင်။ ထို​အမှုအရာ​သည်လည်း [အချည်းနှီး] ဖြစ်၏။” (ဒေ. ၅:၁၀) မျက်မှောက်ခေတ် လူမှုရေး​ရာ လေ့လာမှု​များ​က စိတ်ဝင်စားစရာ အလားတူ​ကောက်ချက်​များ​ကို​ချ​စေ​သည်။

ငွေကြေး​နှင့် ပျော်ရွှင်မှု

လူ့​အပြု​အမူ​နှင့်​ပတ်သက်​၍ အံ့အားသင့်​စ​ရာ​အကောင်းဆုံး တွေ့ရှိချက်​တစ်ခု​မှာ ငွေ​နှင့် ပစ္စည်းဥစ္စာ​တို့ တိုးများ​လာ​ခြင်း​က ရောင့်ရဲ​တင်းတိမ်​မှု​နှင့် ပျော်ရွှင်မှု ထပ်တူ​တိုးများ​လာ​မည်​ဟု တထစ်ချ​မယူမှတ်​နိုင်​ခြင်း​ဖြစ်သည်။ သုတေသီ​များစွာ သိရှိ​လာ​ကြသည်​မှာ လူတစ်ဦး​သည် ဥစ္စာ​ဓန​အတော်အသင့်​ရှိလာပြီ​ဆိုလျှင် သူ၏​သာယာ​ချမ်းမြေ့မှု​မှာ ဥစ္စာ​မည်မျှ​ရှိသည်​အပေါ် မ​မူတည်​တော့​ကြောင်း​ဖြစ်သည်။

သို့​ဖြစ်၍ အထိန်း​အချုပ်​မရှိ ရုပ်ပစ္စည်း​များနှင့် ငွေကြေး​နောက်​ကောက်​ကောက်​ပါ​အောင်​လိုက်ခြင်းက များစွာ​တို့ကို ဤသို့​မေးမြန်း​စေ​သည်၊ ‘ကျွန်ုပ်​တို့သည် ပစ္စည်း​အသစ်အဆန်း​များ​ကို ဝယ်ယူ​သည့်​အခါတိုင်း ပျော်မွေ့​ကြ​ဟန်​ရှိ၏; သို့​တိုင် အရာအားလုံးကို​ခြုံငုံ​ကြည့်​ပြီး​နောက် ဤ​ပျော်မွေ့​စ​ရာ​များသည် သာ၍​ကျေနပ်​ရောင့်ရဲမှု အဘယ်ကြောင့်​မဖြစ်စေ​သနည်း။’

ပျော်ရွှင်​သည့်​လူများ စာအုပ်​တွင် ကလောင်ရှင်​ဂျော်​န​သန် ဖ​ရီး​မ​န်း​က ဤသို့​ဖော်ပြ​သည်– “ပုံမှန်​ဝင်ငွေ​အနိမ့်ဆုံး​အဆင့်​လောက်​ရှိလာ​တာ​နဲ့ သင့်​မှာ​ရှိလာတဲ့ အဲ့ဒီ​ငွေ​ပမာဏ​ဟာ ပျော်ရွှင်မှု​ရ​ရေး​အတွက် အရေးမပါ​ပါ​ဘူး။ မဆင်း​ရဲ​ရုံ​တ​မယ် ဝင်ငွေနဲ့ ပျော်ရွှင်မှု​တို့​ဟာ ဆက်စပ်မှု​အလွန်​နည်းတယ်။” ပျော်ရွှင်မှု​ရှိဖို့ အမှန်တကယ်​အရေးပါ​သည်​ကား တစ်ဦးချင်း​စီ​၌ ဝိညာဉ်​ရေး​အဖိုးတန်​ရာ​များ၊ ဘဝ​၌​အဓိပ္ပာယ်​ရှိသော​ဆောင်ရွက်မှု​များနှင့် ကျင့်ဝတ်​စံနှုန်း​များ​ရှိဖို့လို​ကြောင်း လူများစွာ သိမြင်​လာ​ကြ​ပေ​ပြီ။ ထို့​ပြင် လူ​အချင်းချင်း ဆက်ဆံ​ရေး​ကောင်းခြင်း​နှင့် မိမိ​ပိုင်ဆိုင်ရာ​ကို မ​မွေ့လျော်​စေသော ပဋိပက္ခ​များ သို့​မဟုတ် ကျဉ်းကျပ်​မှုများ ကင်းလွတ်​ခြင်း​လည်း အရေးပါ​သည်။

လက်ရှိ လူမှုရေး​ပြဿနာ​အများစု​၏ အရင်းအမြစ်​သည် စိတ်တွင်း​ဆိုင်ရာ​အခက်အခဲ​များ​ကို ငွေကြေး​ဥစ္စာ​ဖြင့်​ဖြေရှင်းရန် ကြိုးစား​လို​သည့်​သဘောထား​ဖြစ်​ကြောင်း လူအများ​တွေ့ရှိ​ကြသည်။ လူမှုရေး​ရာ​အစီရင်ခံ​သူ​အချို့​က အဆိုးမြင်​ခြင်း​နှင့် ကျေနပ်မှု​မရှိခြင်း ယေဘုယျ​သဘောထား​အကြောင်း ပြောဆို​ကြသည်။ ကြွယ်ဝ​ချမ်းသာ​သော လူ့​အဖွဲ့အစည်း​များ​မှ လူတို့သည် အထူးပြု​ကုသ​သည့်​ဆရာဝန်​များနှင့်​တိုင်ပင်​ရန် သို့​မဟုတ် ဂု​ရု​များ၊ ဘာသာရေး​ဂိုဏ်း​များနှင့် ကုထုံး​ဖြင့်​ကုသ​ပေး​သည်​ဟု​ဆို​သော​အဖွဲ့​များ​ထံ​မှ ဘဝ​အဓိပ္ပာယ်​နှင့် စိတ်​ငြိမ်သက်မှု​ရရှိရန် ရှာကြံ​ဖို့​ဆန္ဒ​တိုးများ​လာ​နေကြောင်း​ကိုလည်း သူတို့​သတိပြုမိ​ကြသည်။ ယင်းက ရုပ်ပစ္စည်း​သည် ဘဝကို အမှန်တကယ်​အဓိပ္ပာယ်​ရှိစေရန် မ​ဖြည့်စွမ်း​ပေး​နိုင်​ကြောင်း အထင်အရှား​ပြ​သည်။

ငွေ​၏​အစွမ်း​ရှိ​မှု​နှင့် အစွမ်း​မဲ့​မှု

ငွေ​၌​အစွမ်း​ရှိသည်​ကား အမှန်ပင်။ ငွေ​ဖြင့် အလွန်​ကောင်းသော​အိမ်များ၊ ကြော့​ရှင်း​သပ်ရပ်​သော​အဝတ်အစား​များနှင့် သားနား​သော​ပရိဘောဂ​များ​ကို ဝယ်​နိုင်​ကြသည်။ အားကျခံရ​ခြင်း၊ လိုက်လျော​ခံရ​ခြင်း သို့​မဟုတ် မြှောက်ပင့်​ခံရ​ခြင်း​တို့ကို​လည်း ဝယ်ယူ​ပေး​နိုင်​ပြီး ဝိုင်းဝန်း​ကူညီ​မည့် ယာယီ​မိတ်ဆွေ​အနည်း​အကျဉ်း​ပင် ပေါ်ထွက်​လာ​စေမည်။ သို့သော် ငွေ​၏​အစွမ်း​တာသွား​မှု​မှာ ဤမျှ​လောက်​သာ​ဖြစ်၏။ ကျွန်ုပ်​တို့​အလိုအပ်ဆုံး​အရာ​မှာ ငွေ​ဖြင့်​မဝယ်​ယူ​နိုင်သော မိတ်ဆွေစစ်​တစ်ဦး၏​မေတ္တာ၊ စိတ်​ငြိမ်သက်မှု​နှင့် သေခါနီး​တွင် အတန်​ငယ်​ဖြေသိမ့်မှု​တို့​ဖြစ်သည်။ ဖန်ဆင်း​ရှင်​နှင့်​ဆက်ဆံ​ရေး​ကောင်း​ရှိ​ခြင်း​ကို မြတ်နိုးသူ​တို့အတွက်​မှာ​မူ ငွေ​သည် ဘုရားသခင့်​မျက်နှာသာတော်​ကို မဝယ်​ပေး​နိုင်​ချေ။

မိမိ​အချိန်၌ ငွေ​ဖြင့်​ဝယ်ယူ​နိုင်​သမျှ အရာအားလုံး​တို့ကို​ပိုင်ဆိုင်​သော ရှောလမုန်​ဘုရင်​သည် စည်းစိမ်ဥစ္စာ​ကိုကိုး​စားခြင်း​ကား တည်မြဲသော​ပျော်ရွှင်မှု မပေးနိုင်​ကြောင်း အသိအမှတ်ပြု​ခဲ့​သည်။ (ဒေ. ၅:၁၂-၁၅) ဘဏ်​ဒေဝါလီ​ခံ​ခြင်း သို့​မဟုတ် ငွေ​ဖောင်းပွ​မှု​အားဖြင့် ငွေ​ဆုံးရှုံး​သွား​နိုင်​သည်။ မုန်တိုင်းထန်​မှု​ကြောင့် မ​ရွှေ့​ပြောင်း​နိုင်သော​ပစ္စည်း​များ ပျက်စီး​သွား​နိုင်​သည်။ အာမခံ​ပေါ်လစီ​များ​က ဆုံးရှုံး​သွားသော ပိုင်ဆိုင်မှု​များ​ကို အနည်း​အကျဉ်း​အစားထိုး​ပေး​ဆပ်​နိုင်​သော်လည်း စိတ်ပိုင်း​ဆိုင်ရာ​ဆုံးရှုံးမှု​ကို​ကား အစားထိုး​ပေး​နိုင်​မည်​မဟုတ်​ချေ။ စ​တော့​များနှင့် ခံ​ဝန်​ချုပ်​များသည် စီးပွားရေး​ကျဆင်း​မှု​ကြောင့် ည​တွင်း​ချင်း​ပင် တန်ဖိုး​မဲ့​သွား​နိုင်​သည်။ လစာ​ကောင်းသော​လုပ်ငန်း​တစ်ခု​ပင် ယနေ့​တည်ရှိ​ပြီး မနက်ဖြန် ပျောက်​သွား​နိုင်​သည်။

သို့​ဆိုလျှင် ငွေ​အပေါ် မျှတသော​အမြင် မည်သို့​ရှိ​နိုင်​သနည်း။ ကျွန်ုပ်​တို့၏​အသက်တာတွင် ငွေ သို့​မဟုတ် ပိုင်ဆိုင်မှု​များသည် အဘယ်​အခန်းကဏ္ဍ​၌ ရှိ​သင့်​သနည်း။ အမှန်တကယ်​တန်ဖိုး​ရှိရာ​တစ်ခု​ဖြစ်သည့် “မှန်သော​အသက်” ကို သင်​မည်သို့​ပိုင်ဆိုင်​နိုင်​ကြောင်း သိရှိ​ရန် ကျေးဇူးပြု​၍ ဆက်လက်​ဆန်းစစ်​ကြည့်​ပါ​လေ။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

စည်းစိမ်ဥစ္စာ​ပိုင်ဆိုင်ခြင်း​သည် တည်မြဲသော​ပျော်ရွှင်မှု​ကို မပေးနိုင်​ချေ