မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ဖြင့် ရွှင်လန်းကြလော့

ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ဖြင့် ရွှင်လန်းကြလော့

ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်​ဖြင့် ရွှင်လန်း​ကြလော့

အလွန်​ရွှင်လန်းဖွယ်​အခါသမယ​အတွက် မတ်​လ ၁၀ ၂၀၀၁ ခုနှစ်​၌ နယူးယောက်​​ဗေသလ​မိသားစုကြီး အသုံးပြုသည့် အဆောက်အဦ​သုံးခု​တွင် ပရိသတ် ၅,၇၈၄ ဦး​စုရုံး​ရောက်ရှိ​ခဲ့​ကြသည်။ ယင်း​အခါသမယ​မှာ ဂိလဒ်​သာသနာပြု​ကျောင်း​၏ ၁၁၀ ကြိမ်​မြောက် ကျောင်းဆင်း​ပွဲ​ဖြစ်သည်။

ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်သူ ကယ်​ရီ​ဘာ​ဘာက အားလုံး​ကို​ကြိုဆို​ပြီး အစီအစဉ်ကို​စတင်​ကာ ဤသို့​ဆို​သည်– “ဂိလဒ်​သင်တန်း ၁၁၀ ကြိမ်​အထိ ကျောင်းသား​များ​ကို သာသနာပြု​များ​အဖြစ် အခု​လေ့ကျင့်ပေး​ပြီး ကမ္ဘာ​တစ်ဝန်း အရပ်ရပ်​မှာ တာဝန်​ပေးအပ်​နိုင်​ခဲ့​တဲ့​အတွက် ကျွန်တော်​တို့ ဝမ်းသာ​ပါ​တယ်။”

ဆက်လက်​ရွှင်လန်း​နိုင်​ပုံ

ညီအစ်ကို​ဘာ​ဘာ အဖွင့်​စကားပြော​ပြီး​နောက် ဒေါ​န်​အယ်​ဒမ်စ်​က ကျောင်းဆင်း ၄၈ ယောက်​အပါအဝင် ပရိသတ်​အား “ယေဟောဝါ​၏​ကောင်းချီး​မင်္ဂလာ​သည် ကျွန်ုပ်​တို့ကို​ကြွယ်ဝ​စေ” အကြောင်း ဟောပြောခဲ့​သည်။ နယပုံပြင် ၁၀:၂၂ ကို​အခြေပြု​သော သူ၏​ဟောပြောချက်​၌ မိမိတို့၏​အသက်တာတွင် နိုင်ငံတော်​အကျိုး​စီးပွား​ကို ဦးထိပ်​ထားသော​အခါ ​ယေဟောဝါ​သည် မိမိ​ကျေးကျွန်​များ​ကို ထောက်မ​ပြီး ကောင်းချီး​ပေး​ကြောင်း ပရိသတ်​ကို သတိပေး​ခဲ့​သည်။ “မာကေဒေါနိ​ပြည်​သို့​ကူး​ပါ။ . . . မစ​ပါ” ဟု​ဖိတ်ခေါ်​ခံရ​စဉ်​က တမန်​တော်​ပေါလု​ဖော်ပြ​ခဲ့​သော စိတ်ဓာတ်​မျိုး​နှင့် မိမိတို့၏​တာဝန်​သစ်​များ​ကို လက်ခံ​ကြ​ရန် ကျောင်းသား​များ​ကို အားပေးခဲ့​သည်။ (တမန်​တော် ၁၆:၉) ဖြေရှင်း​ရမည့်​အခက်အခဲ​များ​ရှိသော်လည်း ညွှန်ကြားခံ​ရသော​နေရာတွင် ဟောပြောရန် ပေါလု​လိုလိုလားလား​ရှိ​ခြင်း​ကြောင့် ဝမ်းမြောက်​ဖွယ်​ကောင်းချီး​များစွာ ရရှိခဲ့သည်။

သင်တန်းဆင်း​များသည် ၎င်းတို့၏ ငါး​လ​တာ​ကျမ်းစာ​လေ့လာမှု​နှင့် သာသနာပြု​လုပ်ငန်း​အတွက် ပြင်ဆင်​လေ့ကျင့်မှု ပြီးသွား​ခဲ့​ပေ​ပြီ။ သို့​တိုင် ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်သူ ဒယ်နီယယ်​ဆစ်​ဒ​လစ်​ခ်​က လေ့လာသူ​များ​ဆက်​ဖြစ်​ကြ​ရန် သူတို့ကို​အားပေးခဲ့​သည်။ “စစ်မှန်သော​တပည့်​များ​ဖြစ်​ကြလော့” အဓိက​အချက်​ကို ဟောပြော​ကာ သူ​ဤသို့​ပြောဆို​ခဲ့​သည်– “တပည့်ဖြစ်​ခြင်း​ဆိုတာ ယေရှုရဲ့​စကား​တွေ​ကို မပြတ်​တမ်း​နာခံ​တာ​ကို ဆိုလို​တယ်။ အဲဒီ​ထဲမှာ ကိုယ်တော့်​စကား​တွေ ကိုယ်တော့်​သတင်းတရား ကိုယ်တော့်​သွန်သင်ချက်​တွေ​ကို အမြဲ​နားထောင်ဖို့ ကျွန်တော်​တို့ လိုလိုလားလား​ရှိတာ ပါဝင်​တယ်။” ခရစ်တော်​၏​တပည့်​များသည် သခင်၏​စကား​ကို နားမထောင်​ဘဲ ဆုံးဖြတ်ချက်​များ​မချ​ကြ​ကြောင်း သူ​ထောက်ပြ​ခဲ့​သည်; ဘုရားသခင်​၏​ဉာဏ်ပညာ​သည် ခရစ်တော်​နှင့်​ဆက်နွှယ်​လျက်​ရှိ၏။ (ကောလောသဲ ၂:၃) ယေရှု၏​စကား​များ​ကို ကျွန်ုပ်​တို့ တစ်ကြိမ်​ကြား​ရုံ​နှင့် ကိုယ်တော့်​အကြောင်း အားလုံး​သိ​သည်​ဟု မည်သူမျှ ကောက်ချက်​မချ​နိုင် ထို့​ကြောင့် ညီအစ်ကို​ဆစ်​ဒ​လစ်​ခ်​က လွတ်လပ်မှု​ဖြစ်စေ​သော ခရစ်ယာန်​သမ္မာတရား​ကို ဆက်လက်​လေ့လာ​ကျင့်သုံး​ပြီး သွန်သင်​ကြ​ရန် အားပေးခဲ့​သည်။​—ယောဟန် ၈:​၃၁၊ ၃၂

ဘုရားသခင့်​လုပ်ငန်းတော်​၌ ဆက်လက်​ရွှင်လန်း​နေ​ရန် ပဲ့ပြင်​ဆုံးမမှု​နှင့် ပြုပြင်​တည့်မတ်​ပေးခြင်း​ကို လိုလိုလားလား​လက်ခံရ​မည်။ ဂိလဒ်​နည်းပြ​ဆရာ လော​ရဲ​န့်စ် ​ဘို​ဝင်​န် မေးလိုက်​သော မေးခွန်း​မှာ “သင့်​ကျောက်ကပ်​များသည် သင့်ကို​ပြုပြင်​တည့်မတ်​ပေး​မည်​လော” ဖြစ်သည်။ သမ္မာ​ကျမ်းစာ​ပါ ပုံဆောင်​ကျောက်ကပ်​များသည် လူတစ်ဦး​၏ အနက်ရှိုင်းဆုံး​တွေးတောမှု​များ စိတ်​လှုပ်ရှားမှုများ​နှင့်​ဆက်စပ်​ကြောင်း သူ​ဖော်ပြ​ခဲ့​သည်။ ကျမ်းစာ​မှ မှုတ်သွင်းခံ​အကြံပြုချက်​သည် လူတစ်ဦး​၏​နှလုံး​အထိ ဝင်ရောက်​သွား​မည်​ဆိုလျှင် ယင်း​တို့သည် သူ့​အားပြု​ပြင်​တည့်မတ်​ပေး​နိုင်​သည်။ (ဆာလံ ၁၆:၇; ယေရမိ ၁၇:၁၀) လူတစ်ဦး​၏​သစ္စာရှိ​လမ်းစဉ်သည် ယေဟောဝါ​အား အတွင်းကျကျ​ထိမိ​စေနိုင်​၏။ နယပုံပြင် ၂၃:​၁၅၊ ၁၆ ကို​ဖတ်​ပြီး​နောက် ဟောပြောသူက “သင့်​ကျောက်ကပ်​များသည် သင့်ကို​ပြုပြင်​တည့်မတ်​ပေး​မည်​လော” ဟု​မေးခဲ့သည်။ သူက ဤသို့​ထပ်​ဆို​သည်– “ပြုပြင်​တည့်မတ်​ပေး​မယ်​လို့ ကျွန်တော်​တို့​ဆုတောင်း​ပါ​တယ် အဲဒီလို​ဆိုရင် ယေဟောဝါ​ဟာ အကြီးအကျယ်​ရွှင်လန်း​ဝမ်းမြောက်​ပါ​လိမ့်မယ်။ ကိုယ်တော့်​စိတ်​ကို သင်တို့​အတော်​လှုပ်ရှား​စေမှာ​ပါ။ သင့်တာဝန်​ကို စွဲစွဲမြဲမြဲ​ထမ်းဆောင်​မယ်​ဆိုရင် ဘုရားသခင်​ကို အူလှိုက်သည်းလှိုက်​ဝမ်းမြောက်​စေ​ကြ​မှာ​အမှန်​ပဲ။”

ဤ​အစီအစဉ်​၏ နောက်ဆုံး​ဟောပြောချက်ကို ဂိလဒ်​နည်းပြ​တစ်ဦး ဖြစ်​မလာ​မီ ကင်​ညာ​နိုင်ငံ​တွင် သာသနာပြု​တစ်ဦး​အဖြစ် အမှုထမ်းခဲ့​သူ မာ့ခ်​နူ​မဲ​ရ်​က ဟောပြောခဲ့​သည်။ “မျက်စိဖြင့်​မြင်​ခြင်း​သည် သာ၍​ကောင်း​၏” ခေါင်းစဉ်​ရှိ သူ၏​ဟောပြောချက်သည် ရောင့်ရဲမှု​ကို ပြုစု​ပျိုးထောင်​ခြင်း​၏​အရေးကြီးမှုကို ပေါ်လွင်​စေ​သည်။ ဒေ. ၆:၉ နှင့်​အညီ ညီအစ်ကို​နူ​မဲ​ရ်​က ဤသို့​ထောက်ခံ​ပြောဆို​ခဲ့​သည်– “အဖြစ်မှန်​ကို ရင်ဆိုင်​ပါ။ အဲဒါ​က ‘မျက်စိ​နဲ့​မြင်​တာ’ ဖြစ်တယ်။ လုပ်ချင်တာတွေ​ကို လုပ်​မနေ​ရတဲ့​အကြောင်း စိတ်ကူး​နေမယ့်​အစား လက်ရှိ​အခြေအနေ​ကိုပဲ အတတ်နိုင်ဆုံး​အသုံးပြု​ဖို့ အာရုံစိုက်​ကြ​ပါ။ အိပ်မက်​ကမ္ဘာ​မှာ အသက်ရှင်နေ​ပြီး အကျိုးသင့်အကြောင်းသင့်​မရှိတဲ့ မျှော်လင့်ချက်တွေ​ထား​မယ် ဒါမှ​မဟုတ် သင်​တာဝန်ကျ​တဲ့​နေရာ​ရဲ့ စိတ်​တိုင်း​မကျတဲ့​အရာ​တွေ​ကို​သာ တွေးတော​နေမယ်​ဆိုရင် ကျေနပ်​ရောင့်ရဲမှု​ရှိ​မှာ​မဟုတ်ဘူး။” မှန်ပါသည် ကျွန်ုပ်​တို့ မည်သည့်​နေရာ မည်သည့်​အခြေအနေ​၌​ပင်​ရှိပါစေ မိမိတို့၏​ကိုယ်စီ​အခြေအနေ​တွင် ဘုရားသခင်​ရေးရာ​ရောင့်ရဲမှု​ကို ပြုစု​ပျိုးထောင်​ခြင်း​သည် မြင့်မြတ်​သော​ဖန်ဆင်း​ရှင်​၏ အမှုတော်ထမ်း​ခြင်း​၌ ရွှင်လန်း​အားရ​သော​စိတ် ရှိစေပါ​သည်။

ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​နှင့် ဂိလဒ်​ကျောင်း​မှ ရွှင်လန်းဖွယ်​တွေ့ ကြုံ​မှုများ

အဆိုပါ​ဟောပြောချက်​များ​မှ လက်တွေ့ကျ ဆုံးမ​စကား​များ​ကြား​ရပြီး​နောက် ကျောင်းသား​များသည် ၎င်းတို့၏ ငါး​လ​တာ​ကာလ​အတွင်း လူထု​ခရစ်ယာန်​ဓမ္မ​အမှု၌ ပါဝင်​ခဲ့​ကြ​စဉ် တွေ့ကြုံမှု​အချို့​ကို ပြန်လည်​ပြောပြ​ခဲ့​ကြသည်။ ဂိလဒ်​ကျောင်း​မော်ကွန်းထိန်း​ဖြစ်သူ ဝေါ​လ်​လေး​စ် လစ်​ဗာရိန်စ်​၏​ညွှန်ကြားမှု​အောက် သင်တန်းဆင်း​ကျောင်းသား​များ​က ဘုရားသခင့်​အမှုတော်​ဆောင်​များ​အဖြစ် မိမိတို့​ကိုယ်ကို မည်သို့​ထောက်ခံ​ခဲ့​ကြ​ကြောင်း ပြောပြ​သည်။ (၂ ကောရိန္သု ၄:၂) အချို့​သူတို့၏ ဘုရားသခင်​ပေး ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို သူတို့​ဆွဲဆောင်​နိုင်​ခဲ့​ကြ​၏။ ကျောင်းသား​များသည် လမ်းပေါ် တစ်အိမ်​မှ​တစ်အိမ် ခရစ်ယာန်​ဓမ္မ​အမှု​နှင့် အခြား​နေရာများ​၌ တွေ့ဆုံ​ခဲ့​ကြသော စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​နှင့် ကျမ်းစာ​သင်အံမှုများ မည်သို့​စတင်​နိုင်​ခဲ့​ကြောင်း သူတို့၏​တွေ့ကြုံမှု​များ​က ဖော်ပြ​သည်။ စိတ်ဝင်စားသူ​အသီးသီး​တို့​က ယေဟောဝါ​၏​အဖွဲ့အစည်း ထုတ်ဝေ​သော ကျမ်းစာ​အခြေပြု စာအုပ်စာတမ်း​များသည် သမ္မာတရား​ဖြစ်​ကြောင်း အကြိမ်ကြိမ်​ဖော်ပြ​ခဲ့​ကြသည်။ အိမ်ရှင်မ​တစ်ဦး​သည် ကျမ်းချက်​တစ်ချက်​ကို အလွန်​သဘောကျ​သွား​သည်။ ယခု သူသည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​လေ့လာ​နေပါ​သည်။

၎င်းနောက် ဂျို​အယ်​လ်​အယ်​ဒမ်စ်​က ယခင်​နှစ်များ​မှ ဂိလဒ်​ကျောင်းဆင်း​များ​ကို လူတွေ့မေးမြန်း​ခဲ့​သည်။ သူ၏​အဓိက​အချက်​မှာ “လေ့လာခြင်း​ကို ဘယ်တော့​မျှ​မရပ်စဲ​နှင့် ယေဟောဝါ​အမှုထမ်း​ခြင်း​ကို ဘယ်တော့​မျှ​မရပ်တန့်​နှင့်” ဖြစ်၏။ လူတွေ့မေးမြန်း​ခံရ​သူများ​သည် သာသနာပြု​အသစ်များ​အတွက် အချိန်တန်​အကြံပေး​ချက် ပေး​ခဲ့​ကြသည်။ ၂၆ ကြိမ်​မြောက် ဂိလဒ်​သင်တန်းသား​တစ်ဦး​ဖြစ်​ခဲ့​ခြင်း​ကို သတိရ​သူ ဟယ်ရီ​ဂျွန်​ဆင်​က ဤသို့​ဆို​သည်– “ယေဟောဝါ​ဟာ ကိုယ်တော့်​လူမျိုး​ကို အမြဲ​ဦးဆောင်​ခဲ့​ပြီး ဆက်​ဦးဆောင်​မယ်​လို့ သွန်သင်ခံ​ခဲ့​ရ​ကြတယ်။ အဲဒီ​ယုံကြည်​စိတ်ချမှု​က နှစ်များ​တစ်လျှောက် ကျွန်တော့်​အတွက် အားပေးမှု​တစ်ခု​ဖြစ်​ခဲ့တယ်။” ၅၃ ကြိမ်​မြောက် ဂိလဒ်​သင်တန်းသား​ဖြစ်သူ ဝီလျံ​နော​င့်စ်​က ကျောင်းဆင်း​များ​ကို ဤသို့​အကြံပေး​ခဲ့​သည်– “အရေးကြီးဆုံး​က​တော့ ကျမ်းစာ​မူတွေကို စိတ်ထဲ​စွဲ​နေပြီး အခု​နဲ့ နောင်​ထာဝရ ဆုံးဖြတ်ချက်​တွေ​ချ​ရတဲ့အခါ​တိုင်း အဲဒီ​မူတွေကို​ကျင့်သုံး​ပါ။ ရလဒ်အနေနဲ့ သင်တို့​တာဝန်ကျ​ရာ​နေရာမှာ စွဲစွဲမြဲမြဲ​နေနိုင်မှာ​ဖြစ်​ပြီး ယေဟောဝါ​ရဲ့​ကြွယ်ဝ​တဲ့​ကောင်းချီး​တွေ ခံစား​ရပါလိမ့်မယ်။”

အစီအစဉ်​တွင် မိမိ​တာဝန်ကျ​ရာ​အပိုင်း​အတွက် ရစ်ချတ်​ရိုင်း​ယန်​ရွေးချယ်​ခဲ့​သော အဓိက​အချက်​မှာ “ယေဟောဝါ​အလိုတော်​ဆောင်ရွက်ရန် ခိုင်ခံ့ခြင်း” ဖြစ်၏။ သူ​ခေါ်​မေးမြန်းခဲ့​သူ​တစ်ဦး​မှာ သာသနာပြု​တစ်ဦး​အဖြစ် စပိန်​နိုင်ငံ​တွင် ၄၁ နှစ်​ကြာ​အမှုထမ်းခဲ့​သော အကြိမ် ၃၀ မြောက်​သင်တန်း​မှ ကျောင်းဆင်း​တစ်ဦး​ဖြစ်သူ ဂျွန်​ခတ်ဇ်​ဖြစ်သည်။ ဂိလဒ်​သင်ရိုး​နှင့်​ပတ်သက်​၍ မေးမြန်း​ခံရသော​အခါ ညီအစ်ကို ခတ်ဇ်​က ဤသို့​ဆို​၏– “အဓိက​ကျောင်း​ညွှန်း​စာအုပ်​က​တော့ ကျမ်းစာ​ဖြစ်တယ်။ ပြီး​တော့ ကျမ်းစာ​ကို​နားလည်စေတဲ့ ကျမ်းစာ​လေ့လာ​ဖို့ အထောက်အကူ​စာအုပ်​တွေ​ပဲ။ အဲဒီ​စာအုပ်​တွေ​ကို အားလုံး​အသုံးပြုနိုင်​ပါ​တယ်။ ဂိလဒ်​ကျောင်း​မှာ လျှို့ဝှက်​အကြောင်းအရာတွေ သင်ပေးတာ​မရှိပါဘူး။ အဲ့​ဒါကို ကျွန်တော်​အမြဲ​သိစေတယ် အကြောင်းကတော့ ဂိလဒ်​မှာ​သင်ပေးတဲ့​အချက်အလက်​တွေ​ကို အားလုံး သုံးစွဲ​နိုင်​တဲ့​အတွက်ပဲ။”

ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်သူ ညီအစ်ကို​ဂဲရစ်လော့ရှ်​က “ယေဟောဝါ​၏​အတောင်​တော် အထက်​နှင့် အောက်တွင်” အကြောင်းကို ဟောပြောခြင်း​အားဖြင့် ​ဝိညာဉ်​ရေးရာ​အစီအစဉ်ကို အဆုံးသတ်​ခဲ့​သည်။ ကိုယ်တော့်​အား တည်ကြည်​ကြသော​ကျေးကျွန်​များ​ကို ဘုရားသခင် ကာကွယ်​ထောက်မ​ပုံ​သည် လင်းယုန်​၏​အတောင်များ​ဖြင့် ကျမ်းစာ​က မည်သို့​တင်စား​ဖော်ပြ​ကြောင်း ရှင်းပြ​ခဲ့​သည်။ (တရားဟောရာ ၃၂:​၁၁၊ ၁၂; ဆာလံ ၉၁:၄) လင်းယုန်​ကြီး​သည် တစ်ခါတစ်ရံ ယင်း​၏​သားပေါက်​များ​ကို ကာကွယ်​ရန် နာရီ​နှင့်​ချီ​၍ ယင်း​၏​အတောင်များ​ကို ဖြန့်​ထား​လေ့​ရှိ၏။ ရံဖန်ရံခါ လင်းယုန်​မ​သည် သားပေါက်​များ​ကို လေ​အေး​ဒဏ်​မှ​ကာကွယ်​ပေး​ရန် မိမိ​အတောင်များ​ဖြင့်​ပင် ဖုံးအုပ်​ထား​တတ်​ပေ​သည်။ အလားတူ ရည်ရွယ်တော်မူချက်​နှင့်​အညီ အထူးသဖြင့် ယေဟောဝါ​၏​ကျေးကျွန်​များသည် ဝိညာဉ်​ရေး​စမ်းသပ်မှု​များ ရင်ဆိုင်​ရသောအခါ ကိုယ်တော်​သည် ထောက်မ​ကူညီပေး​နိုင်၏။ ​ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ မခံရပ်​နိုင်​သည့် သွေးဆောင်မှု​ကို မခံ​စေ​ဘဲ ခံနိုင်ရည်​ရှိ​ရန် သူတို့​အတွက် လွတ်မြောက်​ရာ​လမ်းကို ပြင်ဆင်​ပေး​သည်။ (၁ ကောရိန္သု ၁၀:၁၃) ညီအစ်ကို​လော့​ရှ်​က ဤသို့​ပြောဆို​ကာ နိဂုံး​ချုပ်​ခဲ့​သည်– “ဝိညာဉ်​ရေး​အရ အမြဲ​ကာကွယ်​ခံရ​ဖို့ ယေဟောဝါ​ရဲ့​အတောင်​တော်​အောက်မှာ ကျွန်တော်​တို့​ရှိနေရမယ်။ ဒါ​ကြောင့် ကျွန်တော်​တို့​မှာ အားမကိုးချင်​တဲ့​စိတ်ဓာတ် မရှိ​ရ​ဘူးလို့​ဆိုလို​တယ်။ ယေဟောဝါ​နဲ့ မိခင်နဲ့​တူ​တဲ့ ကိုယ်တော့်​အဖွဲ့အစည်း​ရဲ့ ညွှန်ကြားချက်​နဲ့ မေတ္တာပါ​တဲ့ ဆုံးမ​စကား​တွေ​နဲ့ မခွဲခွာ​ဘဲ နီးနီးကပ်ကပ်​နေကြ​စို့။”

ကမ္ဘာ​တစ်ဝန်း​ရှိ ဆန္ဒ​မွန်​ပါး​သူတို့​ထံ​မှ ကြေးနန်း​စာ​နှင့် နှုတ်​ခွန်း​ဆက်သ​ဝ​ဏ်လွှာ​များ​ကို သဘာပတိ​က​ဖတ်ပြ​သည်။ ယင်း​နောက် ဒီ​ပ​လို​မာ​ဘွဲ့များ အပ်နှင်း​၏။ ဂိလဒ်​ကျောင်း တည်ထောင်​ခဲ့​ချိန်​က ငါး​နှစ်​ကျော်​ကာလ​အတွင်း သင်တန်း​အနည်းငယ်​သာ​ပေး​ရန် ရည်ရွယ်​ခဲ့​သည်။ သို့ရာတွင် ၅၈ နှစ်​တာ​ကာလ​အတွင်း ယေဟောဝါ​ဘုရားသခင်​သည် ဤ​ကျောင်း​ကို​ဆက်လက်​တည်ရှိ​စေ​ခဲ့ပြီ။ ညီအစ်ကို​ဘာ​ဘာက မိမိ၏​အဖွင့်​စကား​တွင် ပြော​ခဲ့​သကဲ့သို့ပင်​ဖြစ်သည်– “ဂိလဒ်​ကျောင်း​ကို အပ်နှံ​ခဲ့​ချိန် ၁၉၄၃ ခုနှစ်​ကတည်းက ဂိလဒ်​ကျောင်းဆင်း​များ​ရဲ့​မှတ်တမ်းဟာ တကယ့်ကို​ထူးခြား​တာ​ပဲ! သူတို့ရဲ့​ပူးပေါင်း​ကြိုးပမ်းမှု​တွေ​ဟာ ယေဟောဝါ​ရဲ့​ဘုန်းထင်ရှား​တဲ့​အဖွဲ့အစည်း​ထဲ မြေကြီးပေါ်​က ထောင်နဲ့​ချီ​တဲ့​စိတ်နှလုံး​နူးညံ့​သူတွေရဲ့​အရေအတွက်​ကို တိုးများ​လာ​စေ​ခဲ့တယ်။” မှန်ပါသည် ဤ​သာသနာပြု​ကျောင်း​သည် ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်​ဖြင့် သန်းနှင့်ချီ​သော​သူတို့အား ရွှင်လန်း​စေ​ခဲ့ပြီ​ဖြစ်သည်။

[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]

သင်တန်း​ဆိုင်ရာ​အချက်အလက်​များ

ကိုယ်စား​ပြု နိုင်ငံ​အရေအတွက်– ၈

တာဝန်​ပေးအပ်​ခံရ​သည့်​နိုင်ငံ​အရေအတွက်– ၁၈

ကျောင်းသား/သူ​အရေအတွက်– ၄၈

ပျမ်းမျှ​အသက်– ၃၄

ပျမ်းမျှ​အမှန်တရား​သက်တမ်း– ၁၈

ပျမ်းမျှ​အချိန်ပြည့်​အမှုဆောင်​သက်တမ်း– ၁၃

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​၏ ၁၁၀ ကြိမ်​မြောက် ဂိလဒ်​သင်တန်း

အောက်ပါ​စာရင်း​တွင် အတန်း​များ​ကို ရှေ့တန်း​မှ နောက်​တန်း​သို့​ရေတွက်​ပြီး အမည်များ​ကို လက်ဝဲ​မှ လက်ယာဘက်​သို့ စီ​ထား​သည်။

(1) Vacek, E.; Madelin, L.; Evans, G.; Watanabe, K. (2) Traff​ord, P.; Turfa, J.; Wilson, P.; Williams, R.; Weber, A. (3) Johnson, T.; Hanau, K.; Mourlhou, F.; Charpentier, F.; Peckham, R.; Androsoff​, P. (4) Seegers, T.; Seegers, D.; Bailey, P.; Bailey, M.; Madelin, K.; Lippold, E.; Lippold, T. (5) Evans, N.; Gold, R.; Bollmann, I.; Vacek, R.; Oundjian, J.; Wilson, N. (6) Turfa, J.; Zuidema, L.; Zuidema, R.; Bengtsson, C.; Bengtsson, J.; Galano, M.; Galano, L. (7) Peckham, T.; Mourlhou, J.; Charpentier, C.; Gold, M.; Bollmann, R.; Oundjian, F. (8) Weber, R.; Johnson, B.; Hanau, D.; Watanabe, Y.; Williams, R.; Traff​ord, G.; Androsoff​, T.