မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟာစမိုနီယန်များနှင့် သူတို့၏အမွေအနှစ်

ဟာစမိုနီယန်များနှင့် သူတို့၏အမွေအနှစ်

ဟာစမိုနီယန်​များနှင့် သူတို့၏​အမွေအနှစ်

ယေရှု ကမ္ဘာ​ပေါ်​ရှိ​စဉ်​က ယုဒ​ဘာသာသည် ဂိုဏ်းဂဏ​များစွာ​ကွဲ​နေ၍ လူ​တို့​အပေါ် ဩဇာ​လွှမ်းမိုး​ရန် အားလုံး​ယှဉ်ပြိုင်​ခဲ့​ကြသည်။ ၎င်း​အခြေအနေ​ကို ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​၌​သာမက ပထမ​ရာစု​ဂျူး​သမိုင်း​ပညာရှင် ဂျိုစီဖတ်စ်​၏​စာပေ​၌​လည်း ဖော်ပြ​ထား​သည်။

ဖာရိရှဲ​များနှင့်​ဇဒ္ဒုကဲ​များသည် မေရှိယ​အဖြစ် ယေရှု​အား​ငြင်းပယ်​သည့်​အထိ​ပင် အများ​ပြည်သူ​၏​ခံယူ​ချက်​ကို ဩဇာ​လွှမ်းမိုး​နိုင်​သူများ​ဖြစ်​ခဲ့​ကြသည်။ (မဿဲ ၁၅:၁၊ ၂; ၁၆:၁; ယောဟန် ၁၁:၄၇၊ ၄၈; ၁၂:၄၂၊ ၄၃) သို့သော် အဆိုပါ​သြဇာလွှမ်း​မိုး​သော​အုပ်စု​နှစ်စု​ကို ဟေဗြဲ​ကျမ်းစာ​တွင် အဘယ်​နေရာ၌​မျှ​မဖော်​ပြ​ထား​ချေ။

ဂျိုစီဖတ်စ်​သည် ဇဒ္ဒုကဲ​များနှင့်​ဖာရိရှဲ​များ​အကြောင်းကို ဘီ.စီ.အီး. ဒုတိယ​ရာစု​ကာလ​အကြောင်း​ရေးသားချိန်​တွင် ဦးဆုံး​ဖော်ပြ​သည်။ ယင်း​အချိန်ကာလ​အတွင်း ဂျူး​များစွာ​သည် ဂရိ​ယဉ်ကျေးမှု​နှင့်​အတွေးအခေါ် ထုံးတမ်း​စဉ်​လာ​ဝါဒ​၏ ဆွဲဆောင်မှု​တွင် လိုက်လျော​မျောပါ​လျက်​ရှိကြသည်။ ဆ​လူး​ဆ​ဒ်​အုပ်စိုးရှင်​များသည် ယေရုရှလင်​မြို့ရှိ ဗိမာန်တော်ကို ဇုသ​နတ်​ဘုရား​အား​ဆက်သ​၍ ညစ်ညမ်း​စေ​ခဲ့​သောအခါ ဂရိ​ထုံးတမ်း​စဉ်​လာ​ဝါဒ​နှင့် ယုဒ​ဘာသာ​စပ်ကြား တင်းမာမှု​သည် အထွတ်အထိပ်​သို့​ရောက်သွား​သည်။ ဟာစမိုနီယန်​များ​အဖြစ် ကျော်ကြား​ခဲ့​သော​မိသားစု​တစ်စု​မှ ထက်မြက်​သော​ဂျူး​ခေါင်းဆောင် ဂျူ​ဒါ​မက္ကဘီး​သည် ဂရိ​လက်​မှ ဗိမာန်တော်ကို​ပြန်​သိမ်းယူ​နိုင်​သည့် တော်လှန်ရေး​တပ်​တစ်တပ်​ကို ဦးဆောင်​ခဲ့​သည်။ *

မက္ကဘီး​တော်လှန်ရေး အောင်ပွဲခံ​ပြီး​သည့်​နှစ်များ​တွင် အပြိုင်အဆိုင်​အယူအဆ​များ​အပေါ်​အခြေပြု​သည့် ဂိုဏ်းဂဏ​များ​ပေါ်ထွက်​လာ​ကာ ၎င်း​တို့​တစ်ခု​ချင်း​စီ​သည် ဂျူး​အသိုင်းအဝိုင်း​အများစုကို သိမ်းသွင်း​နိုင်​ရန် ပြိုင်ဆိုင်​ခဲ့​ကြသည်။ သို့သော် ဤ​ပြိုင်ဆိုင်မှု အဘယ်ကြောင့် ကြီးထွား​လာ​ခဲ့​သနည်း။ ယုဒ​ဘာသာ​တရားသည် အဘယ်ကြောင့် ဤမျှ​ကွဲပြား​သွားခဲ့​ရသနည်း။ အဖြေ​သိရှိ​ရန် ဟာစမိုနီယန်​သမိုင်း​ကို ဆန်းစစ်​ကြည့်​ကြ​စို့​လေ။

လွတ်လပ်မှု​နှင့်​သဘောထား​ကွဲလွဲ​မှု တိုးများ​လာ​ခြင်း

ဂျူ​ဒါ​မက္ကဘီး​သည် ယေဟောဝါ​ဗိမာန်တော်၌ ဝတ်ပြု​ကိုးကွယ်​မှု​ပြန်လည်​တည်ထောင်​ရန် သူ၏​ဘာသာရေး​ပန်းတိုင်​သို့​ရောက်ရှိ​ပြီး​နောက် နိုင်ငံရေး​ဘက်​သို့​ဦးလှည့်​ခဲ့​သည်။ သို့​ဖြစ်၍ ဂျူး​များစွာ​သည် သူ့​နောက်သို့​မလိုက်​တော့​ချေ။ သို့​တိုင် သူသည် ဆ​လူး​ဆ​ဒ်​အုပ်စိုးရှင်​များ​ကို ဆက်တိုက်​ခိုက်​ပြီး ရောမ​နှင့်​စာချုပ်​ချုပ်​၍ လွတ်လပ်​သော​ဂျူး​နိုင်ငံ​တစ်ခု​တည်ထောင်​ရန် ကြိုးပမ်း​ခဲ့​သည်။ တိုက်ပွဲ​၌ ဂျူ​ဒါ​ကျဆုံး​ပြီး​နောက်​တွင် သူ၏​ညီ​ဂျော်​န​သန်​နှင့် အစ်ကို​ဆိုက်​မွန်​တို့သည် ဆက်၍​ကြိုးပမ်း​တိုက်ခိုက်​ခဲ့​ကြ​၏။ ပထမ​ပိုင်း​တွင် ဆ​လူး​ဆ​ဒ်​အုပ်စိုးရှင်​များသည် မက္ကဘီး​များ​ကို အားကြိုးမာန်တက်​တိုက်ခိုက်​ကြသည်။ သို့ရာတွင် အတန်ကြာ​လေ​သော် ထို​အုပ်စိုးရှင်​များသည် ဟာစမိုနီယန်​ညီအစ်ကို​များ​အား ကိုယ်ပိုင်​အုပ်ချုပ်ခွင့်​အတော်အသင့်​ပေး​ကာ နိုင်ငံရေး​စစ်​ပြေငြိမ်း​ရန် သဘောတူခဲ့​ကြသည်။

ဟာစမိုနီယန်​များသည် ယဇ်ပုရောဟိတ်​မျိုးနွယ်​ဖြစ်သော်လည်း ယဇ်ပုရောဟိတ်မင်း​အရာ​ကို မည်သူမျှ​မခံယူ​ခဲ့​ချေ။ ယဇ်ပုရောဟိတ်မင်း​အဖြစ် ရှောလမုန်​ခန့်အပ်​ခဲ့​သည့် ဇာဒုတ်​မျိုးရိုး​မှ ယဇ်ပုရောဟိတ်​များ​သာ ဤ​အရာ​ကို​ခံယူ​သင့်​သည်​ဟု ဂျူး​များစွာ​တို့​က ယူဆကြ​သည်။ (၃ ဓမ္မ​ရာဇဝင် ၂:၃၅; ယေဇကျေလ ၄၃:၁၉) ဂျော်​န​သန်​သည် စစ်မှု​စစ်​ရာ​နှင့် အလိုက်သင့်​ပေါင်းသင်း​ဆက်ဆံခြင်း​ကို​အသုံးပြု၍ မိမိ​အား ယဇ်ပုရောဟိတ်မင်း​အဖြစ်​ခန့်အပ်​ရန် ဆ​လူး​ဆ​ဒ်​များ​ကို တိုက်တွန်း​ခဲ့​သည်။ သို့သော် ဂျော်​န​သန်​ကွယ်လွန်​ပြီး​နောက် သူ၏​အစ်ကို​ဆိုက်​မွန်​သည် ပို​၍​ပင်​အောင်မြင်​ခဲ့​၏။ ဘီ.စီ.အီး. ၁၄၀ ပြည့်နှစ် စက်တင်ဘာ​လ​တွင် ယေရုရှလင်​မြို့၌ အရေးပါ​အမိန့်​တစ်ခု​ကို ထုတ်​ပြန်၍ ၎င်းကို ဂရိ​ပုံစံ​ဖြင့် ကြေးနီ​ကျောက်ပြား​များ​ပေါ်​တွင် ဤသို့​ရေးထွင်း​ထား​၏– “ရှင်ဘုရင်​ဒမီ​ထ​ရက်စ် [ဂရိ​ဆ​လူး​ဆ​ဒ်​မင်း] သည်​သူ့ [ဆိုက်​မွန်] ကို​ယဇ်ပုရောဟိတ်မင်း​အရာ​၌​ခန့်အပ်​၍ မိတ်ဖွဲ့​ကာ အလွန်​ဂုဏ်ပြု​ခဲ့​သည်။ . . . ယုံကြည်​ကိုးစား​ထိုက်​သော ပရောဖက်​တစ်ပါး​မ​ပေါ်​မချင်း ဆိုက်​မွန်​သည် မိမိတို့၏​ခေါင်းဆောင်​နှင့် ယဇ်ပုရောဟိတ်မင်း အစဉ်​ဖြစ်​သင့်​သည်​ဟု ဂျူး​များနှင့် သူတို့၏​ယဇ်ပုရောဟိတ်​များ​က စိတ်ပိုင်းဖြတ်​ထား​ကြသည်။”—၁ မက္ကဘီး ၁၄:၃၈-၄၁ (ကျမ်း​ပို​တွင်​တွေ့ရ​သော သမိုင်း​စာစောင်)။

သို့ဖြင့် အုပ်စိုးရှင်​အဖြစ်​မ​က ယဇ်ပုရောဟိတ်မင်း​အဖြစ်​လည်း ဆိုက်​မွန်​၏​ရာထူးကို—မိမိ​နှင့် မိမိ​သားစဉ်မြေးဆက်​များ​အတွက်—တိုင်းတစ်ပါး​ဆ​လူး​ဆ​ဒ်​အာဏာရှင်​အပြင် မိမိလူ​မျိုး​၏ “အစည်းအဝေးကြီး” က​လည်း သဘောတူခဲ့​ကြ​၏။ ယင်းက အရေးပါသော​အလှည့်အပြောင်း​တစ်ခု​ဖြစ်သည်။ သမိုင်း​ပညာရှင်​ဧ​မီလ် ဆ​ကူ​ရာ​ဖော်ပြ​သည့်​အတိုင်း ဟာစမိုနီယန်​များသည် နိုင်ငံရေး​မင်းဆက်​ကို တည်ထောင်​ပြီး​သည်​နှင့် “၎င်းတို့၏​အဓိက​အရေး​သည် တိုရာ [ဂျူး​ပညတ်] ပြီးပြည့်စုံ​ရန်​မဟုတ်​တော့​ဘဲ ၎င်းတို့၏​နိုင်ငံရေး​အာဏာကို ထိန်းသိမ်း​တိုးချဲ့​ရန်ဖြစ်​သည်။” သို့သော် ဆိုက်​မွန်​သည် ဂျူး​တို့၏​စိတ်​သဘောထားကို မထိခိုက်​မိ​စေရန် “ရှင်ဘုရင်” အစား “လူတို့၏​ခေါင်းဆောင်” ဟူသော​ဘွဲ့​ကို ဂရုစိုက်​အသုံးပြု​ခဲ့​သည်။

ဘာသာရေး​နှင့် နိုင်ငံရေး​အာဏာကို​ပါ ဟာစမိုနီယန်​တို့ ချုပ်ကိုင်​ခြင်း​ကို လူတိုင်း​မကျေနပ်​ခဲ့​ကြ​ချေ။ ပညာရှင်​များစွာ​၏​အဆို​အရ ဤ​အချိန်တွင် ကွ​မ္မ​ရန်​လူစု​ကို ဖွဲ့စည်း​လာ​ခဲ့​သည်။ “ဖြောင့်မတ်ခြင်း​တရား သွန်သင်သူ” အဖြစ် ကွ​မ္မ​ရန်​စာပေ​တွင် ညွှန်း​ထား​ခံရ​သူ ဇာဒုတ်​အမျိုး​မှ ယဇ်ပုရောဟိတ်​တစ်ဦး​သည် ယေရုရှလင်​မြို့မှ​ထွက်၍ ပင်လယ်သေ​အနီး ယုဒ​ကန္တာရ​ထဲ​သို့ အတိုက်အခံ​အုပ်စု​တစ်စု​ကို ဦးဆောင်​ခဲ့​သည်​ဟု​ဆို​၏။ ဟဗက္ကုတ်ကျမ်း​ကို​ဖွင့်ဆို​ထားသော ပင်လယ်သေ​ကျမ်းလိပ်​တစ်လိပ်​က “အစပိုင်း​တွင် အမှန်တရား​အမည်​ဖြင့် အခေါ်​ခံ​ခဲ့​ရသော ဆိုးညစ်သော​ယဇ်ပုရောဟိတ်​သည် ဣသရေလ​အပေါ်​အုပ်ချုပ်​သောအခါ သူ၏​နှလုံး မောက်မာ​လာ​သည်” ကို​ပြစ်တင်​ရှုတ်ချ​ထား​သည်။ ထို​ဂိုဏ်းဂဏ​ဖော်ပြ​သည့် အုပ်စိုးရှင် “ဆိုးညစ်သော​ယဇ်ပုရောဟိတ်” သည်​ဂျော်​န​သန်​သော်လည်း​ကောင်း၊ ဆိုက်​မွန်​သော်လည်း​ကောင်း ဖြစ်​နိုင်​သည်​ဟု ကျမ်း​ပညာရှင်​များစွာက ယူဆကြ​သည်။

ဆိုက်​မွန်​သည် မိမိ၏​ထိန်းချုပ်မှု​အောက်​ရှိ​နယ်မြေ​ကို တိုးချဲ့​ရန် ဆက်တိုက်​စစ်​ဆင်နွှဲ​ခဲ့​၏။ သို့သော် သူသည် သား​နှစ်ယောက်​နှင့်အတူ ယေရိခေါမြို့​အနီး စားသောက်ပွဲ​ခင်းကျင်း​နေစဉ် သမက်​ဖြစ်သူ​တော်လမီ​က သူတို့ကို​လုပ်ကြံ​ခဲ့​ချိန်​တွင် သူ၏​အုပ်ချုပ်မှု မမျှော်လင့်​ဘဲ​အဆုံးတိုင်​ခဲ့​လေ​သည်။ ဤ​ကြိုးစား​အားထုတ်မှု​သည် မအောင်မြင်​ခဲ့​ချေ။ ဆိုက်​မွန်​၏​ကျန်ရှိ​သော​သား ဂျွန်ဟိုင်ရ်ကန်းနပ်စ်​သည် မိမိကို​လုပ်ကြံ​ဖို့ ကြိုးစား​အားထုတ်မှု​အကြောင်း သိရှိ​ခဲ့​၏။ သူသည် မိမိ​အား​လုပ်ကြံ​မည့်​သူများကို ဖမ်းဆီး​၍ ဖခင်​၏​ခေါင်းဆောင်​နှင့် ယဇ်ပုရောဟိတ်မင်း​အရာ​ကို ဆက်ခံ​လိုက်​လေ​သည်။

ထပ်ဆင့်​နယ်​ချဲ့​ပြီး ဖိနှိပ်​ချုပ်ချယ်​ခြင်း

အစပိုင်း​၌ ဂျွန်ဟိုင်ရ်ကန်းနပ်စ်​သည် ဆီးရီးယန်း​တပ်​၏​ခြိမ်းခြောက်​မှုများ​ကို အကြီးအကျယ်​ခံ​ခဲ့​ရ​သော်လည်း ဘီ.စီ.အီး. ၁၂၉ ခုနှစ်​တွင် ပါ​သီး​ယန်း​တို့​နှင့်​တိုက်ပွဲ​ဆင်နွှဲ​သည့်​အခါ ဆ​လူး​ဆ​ဒ်​မင်းမျိုး​ရှုံးနိမ့်​ခဲ့​ရသည်။ ဆ​လူး​ဆ​ဒ်​များ​အပေါ် ယင်း​စစ်ပွဲ​၏​အကျိုး​သက်ရောက်မှု​အကြောင်း ဂျူး​ပညာရှင်​မင်​နာ​ဟ​င်မ် စ​တန်း​က “နိုင်ငံတော်​ဖွဲ့စည်းပုံ​တစ်ခုလုံး ပြိုလဲ​သွားလေသည်” ဟု​ရေးခဲ့​သည်။ သို့ဖြင့် ဟို​င်ရ်​ကန်း​နပ်စ်​သည် “ယုဒ​နိုင်ငံရေး​လွတ်လပ်မှုကို အပြည့်အဝ​ပြန်​ရယူ​နိုင်​ပြီး အဘက်ဘက်သို့ စတင်​နယ်မြေ​ချဲ့ထွင်​နိုင်” ခဲ့​သည်။ အမှန်ပင် နယ်မြေ​တိုးချဲ့​ခဲ့​၏။

ယခု မည်သည့်​ဆီးရီးယန်း​ခြိမ်းခြောက်​မှု​မျှ မရှိတော့​သောကြောင့် ဟို​င်ရ်​ကန်း​နပ်စ်​သည် ယုဒ​နယ်​ပြင်ပ​ရှိ​နယ်မြေ​များ​ကို ကျူးကျော်​တိုက်ခိုက်​ကာ နိုင်နင်း​လေ​တော့​သည်။ ထို​အခါ ပြည်သူ​များသည် ယုဒ​ဘာသာ​သို့​ပြောင်း​ဝင်​ရ​ကြ​၏၊ သို့​မဟုတ်ပါ​က သူတို့​မြို့ရွာ​များသည် ဖျက်ဆီး​ခံရ​လိမ့်​မည်​ဖြစ်သည်။ ဤသို့​သော​စစ်​ဆင်နွှဲ​မှု​တစ်ခု​မှာ ဣဒုမဲ (ဧဒုံ) လူ​တို့ကို​တိုက်ခိုက်​ခြင်း​ဖြစ်သည်။ ၎င်းနှင့်​ပတ်သက်​၍ စ​တန်း​က ဤသို့​ဆို​ခဲ့​သည်– “လူ​အနည်း​အကျဉ်း​မဟုတ်ဘဲ လူမျိုးတစ်မျိုး​လုံး ဘာသာ​ပြောင်း​ဝင်လာ​သည့်​အတွက် ဣဒုမဲ​လူတို့၏​ဘာသာ​ပြောင်းလဲခြင်း​သည် ပထမဦးဆုံး​ဖြစ်သည်။” ချင်းနင်း​သိမ်းပိုက်​ခဲ့​သည့် အခြား​နယ်မြေ​များ​အနက်​တစ်ခု​မှာ ရှမာရိ​ဖြစ်​ပြီး ထို​တွင် ဟို​င်ရ်​ကန်း​နပ်စ်​သည် ဂေ​ရ​ဇိမ်​တောင်ပေါ်​၌​တည်ရှိ​သော ရှမာရိ​ဗိမာန်ကို ဖျက်ဆီး​ပစ်​ခဲ့​သည်။ ဟာစမိုနီယန်​မင်းဆက်​၏ အတင်းအကျပ်​ဘာသာ​ပြောင်း​ဝင်​စေခြင်း အဆိုပါ​ပေါ်လစီ​ကို သရော်​ပြောင်လှောင်​၍ သမိုင်း​ပညာရှင် ဆော်လမွန် ဂ​ရေ​ဇေ​လ်​က ဤသို့​ရေးသားခဲ့​၏– “ယခင်​လူမျိုးဆက်​က ဂုဏ်​အသရေ​ရှိ​စွာ​ကာကွယ်​ခဲ့​သည့် ဘာသာရေး​လွတ်လပ်မှု​မူကို ချိုးဖောက်​နေသော မက်​တ​သိုင်ယပ်စ် [ဂျူ​ဒါ​မက္ကဘီး​၏​ဖခင်] ၏​မြေး​တစ်ယောက်ကို ဤ​တွင်​တွေ့ရှိ​ရသည်။”

ဖာရိရှဲ​များနှင့်​ဇဒ္ဒုကဲ​များ ပေါ်လွင်​ထင်ရှား

ဂျိုစီဖတ်စ်​သည် ဟို​င်ရ်​ကန်း​နပ်စ်​၏​နန်းသက်​အကြောင်း ရေး​စဉ်​အချိန်တွင် ဖာရိရှဲ​များနှင့် ဇဒ္ဒုကဲ​များ​၏ လွှမ်းမိုးမှု​တိုးများ​လာ​ခြင်း​အကြောင်း ဦးဆုံး​ဖော်ပြ​ခဲ့​သည်။ (ဂျိုစီဖတ်စ်​သည် ဂျော်​န​သန်​၏​နန်းသက်​အတွင်း အသက်ရှင်ခဲ့​ကြသော ဖာရိရှဲ​များ​အကြောင်း ပြောပြ​ခဲ့ပြီ။) သူတို့၏​ဇာစ်​မြစ်ကို​ကား မဖော်​ပြ​ချေ။ သူတို့သည် ဂျူ​ဒါ​မက္ကဘီး​၏​ရည်မှန်းချက်​များ နိုင်ငံရေး​ဘက်​သို့ မ​လှည့်​သွား​မီ သူ၏​ဘာသာရေး​ပန်းတိုင်​များ​ကို ထောက်ပံ့​ပေး​ခဲ့​သော်လည်း သူ့ကို​စွန့်ခွာ​သွားသော ဘာသာ​တရား​ကိုင်းရှိုင်း​သည့်​ဂိုဏ်း ဟာ​စီ​ဒင်​အဖြစ် တက်လာ​သည့်​အုပ်စု​တစ်စု​ဟု ပညာရှင်​အချို့​က ထင်မြင်​ယူဆကြ​သည်။

ဖာရိရှဲ​အမည်​သည် “အဓိပ္ပာယ်​ရှင်းလင်း​သူများ” ဟူ​သည့်​စကားလုံး​နှင့် ဆက်နွှယ်​နေသည်​ဟု အချို့​က​ထင်မြင်​ကြသော်လည်း အများအားဖြင့် “ဂိုဏ်း​ခွဲထွက်​သူများ” ဟူသော ဟေဗြဲ​အဓိပ္ပာယ်​ရင်းမြစ်​နှင့် ဆက်စပ်​လျက်​ရှိသည်။ ဖာရိရှဲ​များသည် အထူး​မျိုးနွယ်​မှ​မဟုတ်ဘဲ သာမန်​လူတန်းစား​မှ ပညာရှင်​များ​ဖြစ်​ကြသည်။ သူတို့သည် အထူး​ဘာသာ​တရား​ကိုင်းရှိုင်း​သည့်​အတွေးအခေါ်​အားဖြင့် ထုံးတမ်း​ဓလေ့​ညစ်ညမ်းမှု​မှ ခွဲ​ထွက်၍ နေ့စဉ်​အသက်တာ​၏​သာမန်​အခြေအနေ​များ​၌​ပင် ယဇ်ပုရောဟိတ်​တို့၏​သန့်ရှင်းမှု​နှင့်​ဆိုင်သော ဗိမာန်တော်​ပညတ်​များ​ကို လိုက်လျှောက်​ကြသည်။ ဖာရိရှဲ​များသည် ကျမ်းစာ​ကို အဓိပ္ပာယ်​အသစ်​ဖြင့်​ဖွင့်ဆို​ကာ နောက်ပိုင်း​တွင် ၎င်းကို နှုတ်​တိုက်​ပညတ်​ဟု ခေါ်ဝေါ်​ခဲ့​ကြသည်။ ဆိုက်​မွန်​၏​နန်းသက်​အတွင်း အချို့​တို့ကို နောက်ပိုင်း၌ ဆဲန်ဟီဒရင်​ဟု​အမည်တွင်​လာသော ယီရို​စီ​အာ (အသက်ကြီးသူ​များ​ကောင်စီ) ဝင်​အဖြစ်​ခန့်အပ်​လိုက်​သောအခါ ပို​၍​ပင်​အရှိန်အဝါ​ကြီး​ခဲ့​သည်။

အစ​၌ ဂျွန်ဟိုင်ရ်ကန်းနပ်စ်​သည် ဖာရိရှဲ​များ​၏​တပည့်ဖြစ်​ပြီး သူတို့ကို​အားပေးခဲ့​သူ​ဖြစ်သည်ဟု ဂျိုစီဖတ်စ်​က​ဖော်ပြ​သည်။ သို့သော် တစ်ချိန်​တစ်ခါ​တွင် ဖာရိရှဲ​များသည် သူ့ကို ယဇ်ပုရောဟိတ်မင်း​အရာ မစွန့်​လွှတ်​သည့်​အတွက် ပြစ်တင်​ဆုံးမ​ခဲ့​ရာ သိသာ​ထင်ရှား​စွာ စိတ်ဝမ်းကွဲ​သွား​စေ​၏။ ထို့နောက် ဟို​င်ရ်​ကန်း​နပ်စ်​သည် ဖာရိရှဲ​များ​၏​ဘာသာရေး​ဓလေ့​ထုံးစံ​များ​ကို ပိတ်ပင်​လေ​သည်။ အပြစ်ဒဏ်​ပေး​သည်​အနေ​နှင့် ထပ်ဆင့်​ပြီး သူသည် ဖာရိရှဲ​များ​၏​ဘာသာရေး​ပြိုင်ဘက် ဇဒ္ဒုကဲ​များ​ဘက်​ပါသွား​လေ​၏။

ဇဒ္ဒုကဲ​ဟူသော​အမည်​မှာ ယဇ်ပုရောဟိတ်မင်း​ဇာဒုတ်​နှင့် ဆက်စပ်​ဖွယ်​ရှိပြီး ထို​သူ၏​သားစဉ်မြေးဆက်​များသည် ရှောလမုန်​ခေတ်​ကတည်းက ယဇ်ပုရောဟိတ်​အရာ​ကို​ခံ​ခဲ့​သူများ​ဖြစ်၏။ သို့သော် ဇဒ္ဒုကဲ​အားလုံး​သည် ဤ​မျိုးရိုး​စဉ်​ဆက်​မှ​မဟုတ်​ချေ။ ဂျိုစီဖတ်စ်​၏​အဆို​အရ ဇဒ္ဒုကဲ​များသည် မင်းမျိုး​အနွယ်​ဝင်၊ ချမ်းသာ​ကြွယ်ဝသူ​များ​ဖြစ်​ကြ​၍ သူတို့သည် လူထု​၏​ထောက်ခံမှု​ကို မရရှိ​ခဲ့​ကြ​ချေ။ ပါမောက္ခ​စ​က​စ်ဖ်​မ​န်​က ဤသို့​ဖော်ပြ​သည်– “သူတို့​မှ​အများစုက ယဇ်ပုရောဟိတ်​များ​ဖြစ်ပုံရ​သည် သို့​မဟုတ် ယဇ်ပုရောဟိတ်မင်း​တို့၏​မိသားစု​များနှင့် ထိမ်းမြား​ခဲ့​သူများ​ဖြစ်​ကြသည်။” သို့ဖြင့် သူတို့သည် အခွင့်အာဏာ​ရှိသူ​များနှင့် အနီးကပ်​ဆက်သွယ်မှု​ရှိခဲ့​သည်​မှာ ကြာမြင့်​ပြီ​ဖြစ်သည်။ ထို့​ကြောင့် လူထု​နှင့် ဖာရိရှဲ​များ ပိုမို​ရောယှက်​လာပြီး လူအပေါင်း​အား ယဇ်ပုရောဟိတ်​တို့၏ သန့်ရှင်းမှု​ရရှိစေ​သည့် ဖာရိရှဲ​အယူအဆ​သည် ဇဒ္ဒုကဲ​တို့၏​ရှိ​မြဲ​အခွင့်အာဏာကို ပျက်စီး​သွား​စေနိုင်​သည့် ခြိမ်းခြောက်​မှု​တစ်ခု​အဖြစ် သူတို့​တွေ့မြင်​ခဲ့​ကြသည်။ ယခု ဟို​င်ရ်​ကန်း​နပ်စ်​၏​နန်းသက် ကုန်ခါနီး​နှစ်များ​တွင် ဇဒ္ဒုကဲ​များသည် အုပ်ချုပ်မှု​အာဏာ​ပြန်​ရရှိ​လာ​ခဲ့​ကြ​၏။

နိုင်ငံရေး​ပို​များ​လာ ဘာသာ​တရား​ကိုင်းရှိုင်း​မှု​လျော့နည်း​သွား

ဟို​င်ရ်​ကန်း​နပ်စ်​၏​သားကြီး အရ​စ္စ​တ​ဗျူ​လ​ပ်စ်​သည် မသေဆုံးမီ​တစ်နှစ်​သာ အုပ်ချုပ်​ခဲ့​ရ၏။ သူသည် ဣတုရဲ​တို့ကို အတင်း​ဘာသာ​ပြောင်း​ဝင်​ခိုင်း​ခြင်း​ပေါ်လစီ​ကို ဆက်​ကျင့်သုံး​ခဲ့​၍ ဂါလိလဲ​အထက်ပိုင်း​ကို ဟာစမိုနီယန်​အုပ်ချုပ်မှု​အောက် ရောက်ရှိ​စေ​ခဲ့​သည်။ သို့သော် ဟာစမိုနီယန်​မင်းဆက်​သည် ဘီ.စီ.အီး. ၁၀၃-၇၆ ခုနှစ်​တွင် အုပ်ချုပ်​ခဲ့​သော သူ၏​ညီ​အလက်ဇန္ဒား ဂျာ​နေ​အာ​စ်​၏​နန်းသက်​တွင် တန်ခိုး​အာဏာ အထွတ်အထိပ်​သို့​ရောက်​ခဲ့​သည်။

အလက်ဇန္ဒား ဂျာ​နေ​အာ​စ်​သည် ယခင်​ပေါ်လစီ​ကို​ပယ်ဖျက်​၍ မိမိသည် ယဇ်ပုရောဟိတ်မင်း​နှင့် ရှင်ဘုရင်​ဖြစ်​ကြောင်း အတိအလင်း​ကြေညာ​ခဲ့​၏။ ဟာစမိုနီယန်​များနှင့် ဖာရိရှဲ​များ​၏ ပဋိပက္ခ​များသည် ဂျူး ၅၀,၀၀၀ သေဆုံး​ခဲ့​ရသော ပြည်တွင်းစစ်​ပွဲ​ဖြစ်သည့်​အထိ​ပင် ပြင်းထန်​လာ​လေ​သည်။ ဂျာ​နေ​အာ​စ်​သည် တော်လှန်​ပုန်ကန်မှု​ကို ချေမှုန်း​ပြီး​နောက် အယူမှား​ဘုရင်​များ​ပြုလုပ်​လေ့​ရှိသည်​အတိုင်း ပုန်ကန်​သူ ၈၀၀ ကို​သစ်တိုင်တင်​ကွပ်မျက်​ခဲ့​သည်။ သူတို့​မသေမီ​လေး​တွင် ဂျာ​နေ​အာ​စ်​သည် မောင်းမမိဿံ​များနှင့်​အထင်အရှား​ပွဲခံ​နေစဉ် ထို​သူတို့၏​ဇနီး​များနှင့်​သားသမီး​များ​ကို သူတို့​မျက်မှောက်​၌ သတ်ဖြတ်​ခဲ့​သည်။ *

ဂျာ​နေ​အာ​စ်​သည် ဖာရိရှဲ​များ​ကို မုန်းတီး​လျက်​ကယ် သူသည် လက်တွေ့ကျ​နိုင်ငံရေးသမား​တစ်ဦး​ဖြစ်သည်။ ဖာရိရှဲ​များသည် လူထု​၏​ထောက်ခံမှု​ကို များစွာ​ရရှိ​ထား​ကြောင်း သူသိ​ရှိသည်။ ထို့​ကြောင့် သူတို့နှင့်​အတူ​အုပ်ချုပ်​ရန် သူ၏​ဇနီး စ​လို​မီ​အလက်ဇန္ဒြား​ကို သေခါနီး​တွင်​မှာကြား​ခဲ့​သည်။ ဂျာ​နေ​အာ​စ်​သည် မိမိ၏​နိုင်ငံတော်​ဆက်ခံသူ​အဖြစ် သားများ​အစား ဇနီး​ဖြစ်သူကို​ရွေးချယ်​ခဲ့​၏။ သူသည် ဟာစမိုနီယန်​အုပ်ချုပ်မှု​အောက် (ဘီ.စီ.အီး. ၇၆-၆၇ ခုနှစ်) ငြိမ်းချမ်း​သာယာသော​ကာလ​ကို တိုင်းသူပြည်သား​များ​အားရ​ရှိစေ​ခြင်း​ဖြင့် စွမ်းရည်​ရှိ​အုပ်ချုပ်သူ​တစ်ဦး​ဖြစ်​ကြောင်း သက်သေထူ​ခဲ့​သည်။ ဖာရိရှဲ​များသည် အခွင့်အာဏာ​ပြန်​ရရှိ​လာပြီး သူတို့၏​ဘာသာရေး​ဓလေ့​ထုံးစံ​များ​ကို ဖျက်သိမ်း​ထား​သည့်​ပညတ်​များ​ကို ပြန်လည်​ရုပ်သိမ်း​သည်။

စ​လို​မီ​ကွယ်လွန်​သောအခါ သူ၏​သားများ​ဖြစ်​ကြသော ယဇ်ပုရောဟိတ်မင်း​အမှုထမ်းခဲ့​သူ ဟို​င်ရ်​ကန်း​နပ်စ် ၂ နှင့်​အရ​စ္စ​တ​ဗျူ​လာ​စ် ၂ တို့သည် အာဏာ​လု​ခဲ့​ကြသည်။ သူတို့​နှစ်ယောက်စလုံး​တွင် ဘိုးဘေး​များ​၏​နိုင်ငံရေး​နှင့်​စစ်ရေး သိနားလည်မှု​မရှိကြ​သည့်​အပြင် ဆ​လူး​ဆ​ဒ်​နိုင်ငံ လုံးဝ​ပြိုလဲ​ပြီး​နောက် ထို​ဒေသ​တွင် ရောမ​အာဏာ တိုးများ​လာ​ခြင်း​ကို သူတို့​နှစ်ဦးစလုံး အပြည့်အဝ​အဓိပ္ပာယ်​ပေါက်​ပုံ​မရ​ကြ​ချေ။ ဘီ.စီ.အီး. ၆၃ ခုနှစ်​တွင် ထို​ညီအစ်ကို​နှစ်ဦးစလုံး​သည် ဒ​မ​သက်​မြို့တွင်​ရောက်ရှိ​လာသော ရောမ​အုပ်စိုးရှင်​ပေါင်​ပေ​အား မိမိတို့၏​ပဋိပက္ခ​ကို ဖျန်ဖြေ​ပေး​ရန် တောင်းဆို​ကြသည်။ ထို​နှစ်​တွင်​ပင် ပေါင်​ပေ​နှင့် သူ၏​စစ်သည်တော်​များသည် ယေရုရှလင်​မြို့ထဲ​ဝင်၍ စစ်ချီ​တိုက်ခိုက်​သိမ်းပိုက်​လိုက်​လေ​၏။ ယင်းသည် ဟာစမိုနီယန်​နိုင်ငံတော် ချုပ်ငြိမ်း​ချိန် စတင်ခြင်း​ပင်​ဖြစ်သည်။ “ယုဒ​ရှင်ဘုရင်၊” “ရောမ​လူတို့၏ မဟာမိတ်​နှင့်​မိတ်ဆွေ” အဖြစ် ရောမ​လွှတ်တော် အသိအမှတ်​ခံရ​သူ ဣဒုမဲ​ဘုရင်မဟာ​ဟေရုဒ်သည် ဘီ.စီ.အီး. ၃၇ ခုနှစ်​တွင် ယေရုရှလင်​မြို့ကို သိမ်းပိုက်​ခဲ့​သည်။ ထို​အခါ ဟာစမိုနီယန်​နိုင်ငံတော် ပျောက်ကွယ်​သွား​လေ​တော့​သည်။

ဟာစမိုနီယန်​အမွေအနှစ်

ဂျူ​ဒါ​မက္ကဘီး​မှ အရ​စ္စ​တ​ဗျူး​လာ​စ် ၂ အထိ ဟာစမိုနီယန်​ခေတ်​သည် ယေရှု ကမ္ဘာ​ပေါ်​ရောက်လာသော​အခါ​တွင် တွေ့ရှိ​ရသည့် ဘာသာရေး​သဘောထားကွဲ​ပြား​မှု​အတွက် အုတ်မြစ်ချ​ပေး​ခဲ့​သည်။ ဟာစမိုနီယန်​များသည် ဘုရားသခင့်​ဝတ်ပြုရေးကို ဇွဲ​န​ပဲ​နှင့်​စတင်​ခဲ့​သော်လည်း ကိုယ်ကျိုးရှာ​စိတ်​လွှမ်းမိုး​လာ​ခြင်း​ဘက်​သို့ တိမ်းစောင်း​သွားလေသည်။ ဘုရားသခင့်​ပညတ်တော်​များ​ကို လိုက်လျှောက်ရန် လူ​တို့ကို​ပေါင်းစည်း​ပေး​ခွင့်​ရရှိကြ​သော သူတို့၏​ယဇ်ပုရောဟိတ်​များသည် ထို​လူမျိုး​ကို နိုင်ငံရေး​ယှဉ်ပြိုင်​မှု​ချောက်​ထဲ ဆွဲခေါ်​သွား​၏။ အဆိုပါ​ဝန်းကျင်​တွင် ဘာသာရေး​ရှုမြင်ချက်များ​ကွဲပြား ကြီးထွား​လာ​သည်။ ဟာစမိုနီယန်​များ မရှိတော့​သော်လည်း ယခု ဟေရုဒ်​နှင့်​ရောမ​လက်အောက်​ရှိ ထို​လူမျိုး​တွင် ဇဒ္ဒုကဲ​များ၊ ဖာရိရှဲ​များနှင့် အခြား​သူများ​သည် ဘာသာရေး​ချုပ်ကိုင်​မှု​ကို အပြိုင်အဆိုင်​လုယူ​မှု ဆက်​ရှိ​လိမ့်​မည်​ဖြစ်သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 ၁၉၉၈၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှ “မက္ကဘီး​များ​ကား မည်သူ​များ​နည်း” ဆောင်းပါး​ကို​ရှု။

^ အပိုဒ်၊ 22 “နာဟုံ​အနက်ဖွင့်ဆို​ကျမ်း” ပင်လယ်သေ​ကျမ်းလိပ်​သည် အထက်​ဖော်ပြ​ပါ​အဖြစ်အပျက်​ကို ညွှန်း​နေခြင်း​ဖြစ်​မည့် “လူ​တို့ကို​ကြိုး​တင်​သတ်ခဲ့” သည့် “ခြင်္သေ့​အမျက်​ဒေါသ” အကြောင်း​ဖော်ပြ​သည်။

[စာမျက်နှာ ၃၀ ပါ ဇယား]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ဟာစမိုနီယန်​မင်းဆက်

ဂျူ​ဒါ​မက္ကဘီး ဂျော်​န​သန်​မက္ကဘီး ဆိုက်​မွန်​မက္ကဘီး

ဂျွန်ဟိုင်ရ်ကန်းနပ်စ်

↓ ↓

စ​လို​မီ​အလက်ဇန္ဒြား — လက်ထပ်​သော — အလက်ဇန္ဒား​ဂျာ​နေ​အာ​စ် အရ​စ္စ​တ​ဗျူး​လာ​စ်

↓ ↓

ဟို​င်ရ်​ကန်း​နပ် ၂ အရ​စ္စ​တ​ဗျူး​လာ​စ် ၂

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဂျူ​ဒါ​မက္ကဘီး​သည် ဂျူး​လွတ်လပ်ရေး​အတွက် ကြိုးစား​အားထုတ်​ခဲ့

[Credit Line]

The Doré Bible Illustrations/​Dover Publications, Inc.

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ဂျူး​မဟုတ်သည့်​မြို့များ​ကို နယ်​ချဲ့​အုပ်ချုပ်​ရန် ဟာစမိုနီယန်​များ တိုက်ခိုက်​ခဲ့

[Credit Line]

The Doré Bible Illustrations/​Dover Publications, Inc.