အချိန်တန်သွန်သင်ချက်ဖြင့် လူငယ်များကိုကူညီပေးခြင်း
ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်
အချိန်တန်သွန်သင်ချက်ဖြင့် လူငယ်များကိုကူညီပေးခြင်း
ဧပဖြသည် ရောမမြို့သို့ရောက်ခဲ့ဖူးသူ ပထမရာစုမှ ခရစ်ယာန်တစ်ဦးဖြစ်သည်။ သို့သော် အကြောင်းကောင်းရှိ၍ သူ၏စိတ်သည် အာရှမိုင်းနားရှိ ကောလောသဲမြို့သို့ ပြန်ရောက်နေသည်။ သူသည် ထိုတွင်သတင်းကောင်းဟောပြောခဲ့ဖူးပြီး ကောလောသဲမြို့သားအချို့ကို ယေရှု၏တပည့်များဖြစ်လာဖို့ သူကူညီပေးခဲ့သည်မှာသေချာ၏။ (ကောလောသဲ ၁:၇) ဧပဖြသည် ကောလောသဲမြို့ရှိ ယုံကြည်သူချင်းများအတွက် အလွန်စိုးရိမ်ခဲ့သည်၊ အကြောင်းမှာ ရောမမြို့မှ တမန်တော်ပေါလုက သူတို့ထံ ဤသို့ရေးသားခဲ့၏– “ဧပဖြက သင်တို့သည် ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် အဆုံးတွင်အပြည့်အဝရပ်တည်မည်အကြောင်း သင်တို့အဖို့ကာလအစဉ် ကြိုးစား၍ဆုတောင်းတတ်၏။”—ကောလောသဲ ၄:၁၂၊ ကဘ။
အလားတူ မျက်မှောက်ခေတ်ခရစ်ယာန်မိဘများသည် မိမိတို့သားသမီးများ၏ ဝိညာဉ်ရေးကောင်းကျိုးအတွက် ထက်သန်စွာဆုတောင်းကြသည်။ ဤမိဘများသည် ယုံကြည်ခြင်း၌ မိမိတို့ကလေးများ ခိုင်မြဲလာစေဖို့ ကလေးငယ်များ၏နှလုံးထဲသို့ ဘုရားသခင်အား ချစ်သည့်မေတ္တာကို ကြိုးစားသွင်းပေးကြသည်။
ခရစ်ယာန်လူငယ်များစွာတို့သည် ကျောင်းနှင့် အခြားနေရာများတွင် သူတို့ရင်ဆိုင်ရကြသော စိန်ခေါ်ချက်များကိုဖြေရှင်းဖို့ အကူအညီတောင်းခံခဲ့ကြပြီ။ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးက ဤသို့ဆိုခဲ့သည်– “ကျွန်မတို့ရဲ့ပြဿနာတွေက ပိုပိုဆိုးလာနေတယ်။ ဘဝဟာ တကယ်ထိတ်လန့်စရာပဲ။ ကျွန်မတို့အကူအညီလိုတယ်!” အဆိုပါလူငယ်များ၏ တောင်းဆိုချက်များနှင့် ဘုရားသခင်ရေးရာမိဘများ၏ ဆုတောင်းချက်များ အဖြေရခဲ့ပြီလော။ ရခဲ့ပါပြီ! ‘သစ္စာနှင့် သတိပညာရှိကျေးကျွန်’ မှတစ်ဆင့် ကျမ်းစာအခြေပြုသွန်သင်ချက်များကို ပေးခဲ့ပြီ။ (မဿဲ ၂၄:၄၅) လူငယ်ထောင်ပေါင်းများစွာကို “ခိုင်မြဲသောစိတ်ချမှုဖြင့် . . . အပြည့်အဝရပ်တည်” ရန်ကူညီပေးခဲ့သော စာပေစာတမ်းအချို့ကို ဤတွင်ဖော်ပြထားသည်။ ယင်းစာပေစာတမ်းအချို့ကို သုံးသပ်ကြည့်ကြစို့။
“သက်သေခံလူသစ် ၁၅,၀၀၀ . . . ကိုရှုစားလော့!”
၁၉၄၁ ခုနှစ်၊ ဩဂုတ်လတွင် ထိုအချိန်အထိ ယေဟောဝါသက်သေများ၏ အကြီးမားဆုံးစည်းဝေးကြီးကိုကျင်းပရန် ယူ.အက်စ်.အေ. မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ္စမြို့၌ ပရိသတ် ၁၁၅,၀၀၀ စုရုံးခဲ့ကြသည်။ စည်းဝေးကြီးနောက်ဆုံးနေ့—“ကလေးငယ်များနေ့”—တွင် ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က “ရှင်ဘုရင်၏ကလေးများ” အကြောင်းဟောပြောသည်ကို စင်မြင့်အနီးထိုင်နေကြသော ကလေး ၁၅,၀၀၀ ခန့်က အာရုံစူးစိုက်နားထောင်ခဲ့ကြသည်။ ဟောပြောချက်နိဂုံးပိုင်းတွင် အသက် ၇၁ နှစ်အရွယ်ရှိ ရပ်သဖော့ဒ်က ဖခင်လေသံဖြင့် ဤသို့ပြောခဲ့သည်–
“ဘုရားသခင်နဲ့ ကိုယ်တော့်ဘုရင်ရဲ့စကားကို နားထောင်ဖို့ . . . သဘောတူတဲ့ . . . ကလေးအားလုံး ကျေးဇူးပြုပြီးမတ်တတ်ရပ်ပေးပါ။” ကလေးများက တပေါင်းတစည်းတည်း မတ်တတ်ရပ်လိုက်ကြသည်။ ညီအစ်ကိုရပ်သဖော့ဒ်က ဤသို့ကြွေးကြော်ခဲ့သည်– “ဘုရားသခင့်နိုင်ငံတော်ကို သက်သေခံမည့်လူသစ် ၁၅,၀၀၀ ကျော်ကို ရှုစားလော့!” လက်ခုပ်သံများ တစ်ခဲနက်ထွက်ပေါ်လာခဲ့သည်။ ဟောပြောသူက ဤသို့ထပ်ဆင့်ပြောဆိုခဲ့သည်– “ဘုရားသခင့်နိုင်ငံတော်အကြောင်း တခြားသူတွေကို တတ်နိုင်သလောက်ပြောပြဖို့ သဘောတူတဲ့သူအားလုံး . . . ကျေးဇူးပြု၍ တူပါတယ်ဟုပြောကြပါ။” ထိုကလေးများက “တူပါတယ်!” ဟုကျယ်လောင်စွာ တုံ့ ပြန်ခဲ့ကြသည်။ ထို့နောက် သူက ကလေးများဟူသော စာအုပ်အသစ်ကိုထုတ်ပြရာ လက်ခုပ်သြဘာသံကို ကြာရှည်ကြားခဲ့ကြရသည်။
ဤစိတ်လှုပ်ရှားဖွယ်ဟောပြောချက်ပြီးသည့်နောက် လူငယ်လူရွယ်တသီတတန်းကြီးသည် ညီအစ်ကိုရပ်သဖော့ဒ်ရှိရာ စင်မြင့်ပေါ်သို့လျှောက်သွားကြပြီး သူ့ထံမှ စာအုပ်အသစ်တစ်အုပ်စီ လက်ဆောင်ရခဲ့ကြသည်။ ထိုမြင်ကွင်းက ပရိသတ်ကိုမျက်ရည်ကျစေခဲ့သည်။ ထိုဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ဤသို့ဆိုသည်– “လူငယ်တွေ သူတို့ရဲ့ဘုရားသခင်ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ကိုးစားကြောင်း တင်ပြနေတဲ့မြင်ကွင်းကို နှလုံးခိုင်မာတဲ့သူသာ စိတ်မလှုပ်ရှားဘဲနေမှာ။”
ထိုအမှတ်ရဖွယ်အစည်းအဝေးတွင် လူငယ် ၁,၃၀၀ သည် သူတို့ကိုယ်ကို ယေဟောဝါအားဆက်ကပ်အပ်နှံကြောင်း အထိမ်းအမှတ်အဖြစ် နှစ်ခြင်းယူခဲ့ကြသည်။ သူတို့ထဲမှ များစွာသောသူတို့သည် ယနေ့ထက်တိုင် ယုံကြည်ခြင်း၌ ခိုင်မြဲကြဆဲဖြစ်သည်။ သူတို့သည် ဒေသခံအသင်းတော်များကို ထောက်မကြသည်၊ ဗေသလစေတနာ့ဝန်ထမ်းများ သို့မဟုတ် နိုင်ငံရပ်ခြားတွင် သာသနာပြုများအဖြစ် အမှုထမ်းနေကြသည်။ “ကလေးငယ်များနေ့” နှင့်ကလေးများစာအုပ်သည် လူငယ်များစွာ၏နှလုံးတွင် အမှန်တကယ် အစဉ်စွဲမှတ်စရာဖြစ်စေခဲ့သည်တကား!
“အချိန်ကိုက်ရောက်လာသလိုပဲ”
၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ယေဟောဝါသက်သေများသည် ထောင်နှင့်ချီသော လူငယ်များ၏နှလုံးကိုထိမိခဲ့သည့် နောက်ထပ်စာအုပ်သုံးအုပ်ကို ထုတ်ဝေခဲ့သည်။ ၎င်းတို့မှာ ကြီးမြတ်သောဆရာ့စကားကိုနားထောင်ခြင်း၊ လူငယ့်ဘဝ—အနှစ်သာရနှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်တို့ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် “လူငယ်များအမေး . . . ” အခန်းဆက်ဆောင်းပါးများ နိုးလော့!မဂ္ဂဇင်း၌ ပါစပြုလာသည်။ ဤဆောင်းပါးများသည် ကြီးငယ်မဟူတို့၏နှလုံးနှင့်တွေ့ ခဲ့ကြပြီ။ ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက “ဒီဆောင်းပါးတွေကို ထုတ်
ဝေပေးတဲ့အတွက် ဘုရားသခင်ကို ကျွန်တော်ညတိုင်း ကျေးဇူးတင်မိတယ်” ဟုဆိုခဲ့သည်။ ၁၃ နှစ်အရွယ်တစ်ဦးက ဤသို့ဖော်ပြခဲ့သည်– “အဲဒီဆောင်းပါးတွေကို ကျွန်မသိပ်ကြိုက်တာ၊ အချိန်ကိုက်ရောက်လာသလိုပဲ။” ဤဆောင်းပါးများသည် အချိန်သင့်အခါသင့်ဖြစ်ပြီး အကျိုးဖြစ်ထွန်းကြောင်းကို မိဘများနှင့် ခန့်အပ်ခံခရစ်ယာန်အကြီးအကဲများက သဘောတူကြသည်။၁၉၈၉ ခုနှစ်တိုင်သော် နိုးလော့! တွင် “လူငယ်များအမေး . . . ” ဆောင်းပါး ၂၀၀ ခန့်ထုတ်ဝေခဲ့ပြီဖြစ်သည်။ ထိုနှစ်တွင်ကျင်းပသော “ဘုရားရေးရာဆက်ကပ်အပ်နှံခြင်း” ခရိုင်စည်းဝေးကြီး၌ လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ် ထွက်လာခဲ့သည်။ ယင်းက လူငယ်များ ယုံကြည်ခြင်း၌ ဆက်လက်ခိုင်မြဲဖို့ရန် ကူညီပေးခဲ့ပြီလော။ လူငယ်သုံးဦးက ဤသို့စာရေးအကြောင်းကြားခဲ့သည်– “ကျွန်တော်တို့၏အခက်အခဲများကို ကျွန်တော်တို့နားလည်ပြီး ၎င်းတို့ကို မည်သို့ဖြေရှင်းရမည်ကိုသိရှိရန် ဤစာအုပ်သည် ကျွန်တော်တို့အတွက် အဖိုးတန်စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီ။ ကျွန်တော်တို့အကျိုးကို စိတ်ဝင်စားသောကြောင့် ကျေးဇူးတင်ပါသည်။” ကမ္ဘာတစ်ဝန်းရှိ စာရှုသူလူငယ်များစွာက ထို့အတူဆိုကြသည်။
“ယင်းက ကျွန်တော်တို့ရဲ့ဆာလောင်မှုကိုပြေစေ”
၁၉၉၉ ခုနှစ်တွင် ယေဟောဝါသက်သေများသည် လူငယ်များအတွက် အချိန်သင့်သွန်သင်ချက်တစ်ခုကို နောက်ပုံစံတစ်မျိုးဖြင့် ထုတ်ဝေပေးခဲ့သည်။ ယင်းကား “လူငယ်များအမေး—မိတ်ဆွေစစ်မည်သို့ ဖွဲ့ နိုင်မည်နည်းဟူသော ဗီဒီယိုခွေဖြစ်သည်။ ယင်းကို လူကြိုက်အလွန်များခဲ့သည်။ ၁၄ နှစ်အရွယ် လုံမငယ်တစ်ဦးက “ဒီဗီဒီယိုဟာ ကျွန်မရဲ့နှလုံးကိုတန်းတန်းမတ်မတ်ထိခဲ့တယ်” ဟုဆိုခဲ့သည်။ “ဒီအခွေဟာ ကျွန်မတို့ရဲ့ ပုံမှန်ဝိညာဉ်ရေးဓာတ်စာဖြစ်လာပါလိမ့်မယ်” ဟုကြင်ဖော်မဲ့မိခင်တစ်ဦးကဖော်ပြခဲ့သည်။ အမျိုးသမီးငယ်တစ်ဦးက “ကျွန်မတို့ရဲ့အကောင်းဆုံးမိတ်ဆွေ ယေဟောဝါဟာ ကိုယ်တော်ရဲ့ကမ္ဘာချီအဖွဲ့အစည်းက လူငယ်တွေကို အမှန်ချစ်ပြီး ဂရုစိုက်ကြောင်းသိရတာ တကယ်ကြည်နူးစရာပဲ” ဟုဆို၏။
ဗီဒီယိုခွေက အဘယ်အရာကိုပြီးမြောက်အောင်မြင်စေခဲ့ပြီနည်း။ လူငယ်များက ဤသို့ဆိုသည်– “အပေါင်းအသင်းဂရုစိုက်ဖို့၊ အသင်းတော်မှာ ကျယ်ဝန်းစေဖို့နဲ့ ယေဟောဝါနဲ့မိတ်ဆွေဖွဲ့ဖို့ ဒီဗီဒီယိုခွေက ကျွန်မကိုထောက်ကူပေးခဲ့တယ်။” “ရွယ်တူချင်းတွေကို ကြံ့ကြံ့ခံဖို့ ကျွန်မကို ကူညီပေးခဲ့တယ်။” “ဒီအခွေက ယေဟောဝါအတွက် အတတ်နိုင်ဆုံးအမှုထမ်းဖို့ ကျွန်မရဲ့စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မြဲစေခဲ့ပြီ။” အိမ်ထောင်သည်မောင်နှံစုံတစ်စုံက ဤသို့ရေးသားခဲ့သည်– “ကျွန်တော်တို့ကို ဒီလို ‘အစာ’ တွေပေးနေတဲ့အတွက် နှလုံးထဲကနေကျေးဇူးတင်ပါတယ်။ အဲဒီအခွေကကျွန်တော်တို့ရဲ့ ဆာလောင်မှုကို ပြေစေတယ်။”
ကောင်းကင်အတန်းအစား ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ သည် ဘုရားသခင်ပေးအပ်ထားသောတာဝန်နှင့်အညီ လက်ခံမည့်သူအားလုံးအတွက် အချိန်တန်ဝိညာဉ်အစာကိုပေးခဲ့ပြီ။ ထိုသို့သောကျမ်းစာဆိုင်ရာ သွန်သင်ချက်က “ဘုရားသခင်၏ အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် . . . အပြည့်အဝရပ်တည်” ရန် မျက်မှောက်ခေတ်လူငယ်များအား ကူညီပေးနေပုံကို တွေ့မြင်ရခြင်းသည် တကယ်ဝမ်းမြောက်စရာပင်!