မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောဝတ်ပြုမှု လူတို့ကို စည်းလုံးစေ

စစ်မှန်သောဝတ်ပြုမှု လူတို့ကို စည်းလုံးစေ

စစ်မှန်သော​ဝတ်ပြုမှု လူ​တို့ကို စည်းလုံးစေ

ဘာသာ​တရားသည် လူ​တို့ကို အများအားဖြင့် စိတ်ဝမ်း​ကွဲပြား​စေ​သော်လည်း စစ်မှန်သော​ဘုရားသခင်​တစ်ပါး​တည်း​ကို​သာ ဝတ်ပြု​ကိုးကွယ်​မှု​သည် လူ​တို့ကို စည်းလုံးစေ​နိုင်၏။ ဣသရေလ​လူမျိုး​သည် ဘုရားသခင်​၏​ရွေးချယ်​ထားသော​လူမျိုး​ဖြစ်​စဉ်​က စိတ်ရင်းမှန်​သော တစ်ပါး​အမျိုးသားများစွာ​သည် စစ်မှန်သော​ဝတ်ပြုမှု​ကို ကြိုက်​နှစ်သက်ခဲ့​ကြသည်။ ဥပမာ၊ ရုသ​သည် သူ၏​နေရင်းပြည်​မောဘ​နိုင်ငံ​၏​ဘုရား​များ​ကို​စွန့်​ကာ နောမိ​အား “ကိုယ်တော်​အမျိုး​သည် ကျွန်မ​အမျိုး၊ ကိုယ်တော်​ဘုရား​သည် ကျွန်မ​ဘုရား​ဖြစ်ပါစေ” ဟု​ပြော​ခဲ့​သည်။ (ရုသ ၁:၁၆) စီ.အီး. ပထမ​ရာစု​တိုင်သော် တစ်ပါး​အမျိုးသားများစွာ​သည် စစ်မှန်သော​ဘုရားသခင်​ကို ဝတ်ပြုသူ​များ​ဖြစ်လာ​ကြ​လေ​သည်။ (တမန်​တော် ၁၃:၄၈; ၁၇:၄) နောက်ပိုင်း​တွင် ယေရှု၏​တမန်​တော်​များသည် သတင်းကောင်း​ဟောပြောရန် ဝေးလံ​သော​ဒေသ​များ​သို့ ခရီးစ​ထွက်​သောအခါ အခြား​စိတ်ရင်းမှန်​သူတို့သည် စစ်မှန်သော​ဘုရားသခင်​၏​ဝတ်ပြုမှု​၌ စည်းလုံး​လာ​ခဲ့​ကြသည်။ “အသက်​နှင်​ပြည့်စုံ​လျက် မှန်​တော်​မူ​သော​ဘုရားသခင်​၏​အမှုတော်ကို သင်တို့သည် ဆောင်ခြင်း​ငှာ . . . တို့ကို​ပစ်ပယ်​၍ ဘုရားသခင့်​အထံတော်​သို့ ပြောင်းလဲ​ကြသည်” ဟု​တမန်​တော်​ပေါလု​ရေးသားခဲ့​၏။ (၁ သက်သာလောနိတ် ၁:၉၊ ၁၀) ယနေ့ စစ်မှန်သော​ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​မှု​သည် ထိုသို့​စည်းလုံး​နိုင်​ပါသလော။

“စစ်မှန်သော​ဝတ်ပြုသူ​များ” သို့​မဟုတ် “စစ်မှန်သော​ဘုရားသခင်” ဟူ၍​ပြောဆိုခြင်း​သည် မှား​၏​ဟု သံသယ​သမားများ​က​ဆို​ကြသည်။ အမှန်တရားကို​သင်ယူ​နိုင်​သည့် အဘယ်​ဇာစ်​မြစ်ကို​မျှ သူတို့​မသိကြ​ခြင်း​ကြောင့် ထိုသို့​ယူမှတ်ခြင်း​ဖြစ်​ပေမည်။ သို့ရာတွင် နောက်ခံ​အမျိုးမျိုး​မှ အမှန်တရားကို​ကြိုးစား​ရှာဖွေသူ​တို့​က ဝတ်ပြုရေးမှာ ကြိုက်​နှစ်သက်ရာကို ရွေးချယ်စရာ​မဟုတ်​ကြောင်း သဘောပေါက်​လာ​ခဲ့​ကြပြီ။ ကျွန်ုပ်​တို့၏​ဝတ်ပြု​ကိုးကွယ်​မှု​ကို ရထိုက်​သော​အရှင်​တစ်ပါး​တည်း​မှာ အရာခပ်သိမ်း​ကို​ဖန်ဆင်း​သော ယေဟောဝါ​ဘုရားသခင်​သာ​လျှင်​ဖြစ်သည်။ (ဗျာဒိတ် ၄:၁၁) ကိုယ်တော်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်၍ ကိုယ်တော့်​အား မည်သို့​ဝတ်ပြု​ကိုးကွယ်​ရမည်ကို ကိုယ်တော်​သာ ဆုံးဖြတ်​ပိုင်ခွင့်​ရှိသည်။

ယေဟောဝါ​သည် မိမိ၏​တောင်းဆိုချက်​များ​ကို ကျွန်ုပ်​တို့​ပိုင်းခြား​သိမြင်​စေရန် ကိုယ်တော်​၏​စကားတော် သမ္မာကျမ်းစာ​ကို​ပေး​ထား​သည်။ ယနေ့ မြေကြီးပေါ်​ရှိ လူတိုင်း​နီးပါး​သည် သမ္မာကျမ်းစာ​တစ်အုပ်လုံး သို့​မဟုတ် ၎င်း​၏​အစိတ်အပိုင်း​များ​ကို ရရှိနိုင်​သည်။ ထို့​ပြင် ဘုရားသခင်​၏​သားတော်​က “သင်တို့သည် ငါ​၏[တရားတော်]၌​တည်​လျှင် . . . [အမှန်]တရားကို​လည်း​သိ​ကြ” လိမ့်​မည်​ဟု မိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၃၁၊ ၃၂) သို့​ဖြစ်သော​ကြောင့် အမှန်တရားကို သိရှိ​နိုင်​ကြ​၏။ ဘာသာ​တရား​နောက်ခံ​အမျိုးမျိုး​မှ သန်းနှင့်ချီ​စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​သည် ဤ​အမှန်တရားကို သတ္တိရှိရှိ​လက်ခံ​လာ​လျက် စစ်မှန်သော​ဝတ်ပြုရေး​၌ စည်းလုံး​လာ​လျက်​ရှိနေကြ​၏။—မဿဲ ၂၈:၁၉၊ ၂၀; ဗျာဒိတ် ၇:၉၊ ၁၀

ကျွန်ုပ်​တို့​ခေတ်တွင် ကမ္ဘာချီ​စည်းလုံးမှု

ဇေဖနိကျမ်း​မှ မှတ်သားလောက်ဖွယ် ပရောဖက်ပြုချက်​တစ်ခု​က နောက်ခံ​မတူ​သူ​လူများစွာ စုရုံး​လာ​ကြ​မည်​ဟု​ဖော်ပြ​ထား​သည်။ ယင်းက ဤသို့​ဆို​သည်– “ထို​အခါ လူမျိုးအပေါင်း​တို့သည် အမှုတော်ကို ပခုံး​ချင်း​ယှဉ်​၍ ထမ်းဆောင်​မည်​အကြောင်း ယေဟောဝါ​၏​နာမတော်​ကို ဆုတောင်း​စေခြင်း​ငှာ စင်ကြယ်သော​ဘာသာ​စကား​ကို သူတို့အား ငါ [ယေဟောဝါ​ဘုရားသခင်] ပေး​မည်။” (ဇေဖနိ ၃:၉က​ဘ) ဘုရားသခင့်​အမှုတော်ကို စည်းလုံးစွာ​ဆောင်ရွက်​နေကြ​သော ပြောင်းလဲ​လာ​သူများကို တကယ်​လှပ​တင့်တယ်​စွာ​ဖော်ပြ​ထား​ပါ​သည်​တကား!

ယင်းသည် မည်သည့်​အချိန်တွင် ဖြစ်ပျက်​မည်​နည်း။ “ထာဝရ​ဘုရား​မိန့်တော်မူသည်​ကား ‘ဖမ်းဆီး​လုယက်​ခြင်း​ငှာ ငါ​မ​ထ​မီ​တိုင်အောင် ငါ့ကို​ငံ့​လင့်​ကြလော့။ တိုင်းနိုင်ငံ​ပြည်သား​အမျိုးမျိုး​တို့ကို စုဝေး​စေ​၍ ငါ့​အမျက်၊ ငါ့​ဒေါသ​အရှိန်ကို အကုန်အစင်​သွန်းလောင်း​မည်​ဟု ငါ​အကြံ​ရှိ၏။ ငါ့​ဒေါသ​မီး​သည် မြေတစ်ပြင်လုံး​ကို လောင်​ရ​လိမ့်​မည်’” ဟု​ဇေဖနိ ၃:၈ က​ဆို​သည်။ မှန်ပါသည်၊ တိုင်းနိုင်ငံ​သားများ​ကို ယေဟောဝါ​စုဝေး​နေစဉ် ကိုယ်တော်​၏​ဒေါသ​အမျက်မီး သူတို့​အပေါ် မ​သွန်းလောင်း​မီ​အချိန်အတွင်း မြေကြီးပေါ်​ရှိ နူးညံ့​သိမ်မွေ့​သူများကို စင်ကြယ်သော​ဘာသာ​စကား ပေး​ထား​တော်​မူ​သည်။ ၎င်း​အချိန်​သည် ယခု​ပင်​ဖြစ်၏၊ အကြောင်း​မှာ အာမဂေဒုန်​၌ အဆုံးမဲ့​တန်ခိုးရှင်​ဘုရားသခင်​၏​နေ့ကြီး​စစ်ပွဲ​သို့ တိုင်းနိုင်ငံ​အသီးသီး​တို့ကို စုဝေး​နေပြီ​ဖြစ်သော​ကြောင့်​တည်း။—ဗျာဒိတ် ၁၆:၁၄၊ ၁၆

ယေဟောဝါ​သည် မိမိလူ​တို့ကို စည်းလုံးမှု​ရှိစေရန် သူတို့အား စင်ကြယ်သော​ဘာသာ​စကား​ကို ပေး​ထား​သည်။ ဤ​ဘာသာ​စကား​အသစ်​တွင် ဘုရားသခင်​နှင့် ကိုယ်တော်​၏​ရည်ရွယ်ချက်များ​ဆိုင်ရာ ကျမ်းစာ​အမှန်တရားကို မှန်ကန်​စွာ​သဘောပေါက်​နားလည်ခြင်း​ပါဝင်​သည်။ စင်ကြယ်သော​ဘာသာ​စကား​ကို​ပြောဆိုခြင်း​တွင် အမှန်တရားကို​ယုံကြည်ခြင်း၊ အခြားသူများ​အား ယင်းကို​သွန်သင်​ပေးခြင်း​နှင့် ဘုရားသခင်​၏​ပညတ်တော်​များ၊ မူများ​နှင့်​အညီ အသက်ရှင်နေထိုင်​ခြင်း​တို့​ပါရှိ​သည်။ ကွဲပြား​စေသော​နိုင်ငံရေး​ကို ရှောင်ကြဉ်​ပြီး ဤ​လောက​၏​ထင်ရှားသော​အမှတ်အသား​ဖြစ်သည့် လူမျိုးရေး​ခွဲခြား​မှု​နှင့် စိတ်ဝမ်းကွဲ​စေသော​မျိုးချစ်စိတ် အစ​ရှိသည့် အတ္တ​သဘောထားများကို နှလုံး​မှ​ဖယ်ရှားပစ်​ဖို့​လိုအပ်​သည်။ (ယောဟန် ၁၇:၁၄; တမန်​တော် ၁၀:၃၄၊ ၃၅) အမှန်တရားကို​ချစ်​မြတ်နိုးကြသော စိတ်နှလုံး​ရိုး​ဖြောင့်​သူအား​လုံး​သည် ဤ​ဘာသာ​စကား​ကို သင်ယူ​နိုင်​ကြ​၏။ ရှေ့​ဆောင်းပါး​တွင်​ဖော်ပြ​ထား​သည့် ယခင်​က ဘာသာရေး​အရ အလွန်​ကွဲပြား​နေသော အဆိုပါ​လူ​ငါး​ဦး​သည် ယခု စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​တစ်ဆူတည်း​ကို​သာ ဝတ်ပြု​ကိုးကွယ်​မှု​၌ မည်သို့​စည်းလုံး​လျက်​ရှိနေကြ​ကြောင်း သုံးသပ်ကြည့်​ပါ။

သူတို့သည် စစ်မှန်သော​ဝတ်ပြုမှု​၌ စည်းလုံး​လျက်​ရှိကြ

. . . ဘာသာ​ကိုင်းရှိုင်း​သူ ဖီဒေလ်ယား​သည် သမီး​၏​ကျောင်းစာ​အတွက် ကျမ်းစာ​တစ်အုပ်​ဝယ်​ပေး​သောအခါ မိမိ၏​သေဆုံး​သွားသော​ကလေး​ငါး​ယောက်​သည် မည်သို့​ဖြစ်ပျက်​နေ​မည်​ကို​သိရှိ​ရန် ကျမ်းစာ​မှ​ရှင်းပြပါ​ဟု ခရစ်ယာန်​ဘုန်းကြီး​အား​တောင်းဆို​ခဲ့​သည်။ “တကယ့်ကို​စိတ်ပျက်​ဖို့​ကောင်းတယ်” ဟု​သူ​ပြောပြ​သည်။ ထို့​ကြောင့် ယေဟောဝါသက်သေ​များ သူ့​ထံ​လည်ပတ်​လာသော​အခါ ထို​မေးခွန်း​ကို​ပင် သူ​မေးခဲ့သည်။ သေလွန်သူ​၏​အခြေအနေ​အမှန်​ကို သူ့​ကိုယ်ပိုင်​ကျမ်းစာ​အုပ်​တွင် သူ​ဖတ်​ကြည့်​ပြီး​နောက် မိမိ၏​ချာ့ခ်ျ​သည် မိမိကို မည်မျှ​လှည့်စား​ခဲ့​ကြောင်း သူ​သဘောပေါက်ခဲ့​၏။ သေလွန်သူ​များသည် အဘယ်အရာမျှ​မသိ​ရှိသောကြောင့် လင်​ဘို သို့​မဟုတ် အခြား​မည်သည့်​အရပ်၌​မဆို ဝေဒနာ​ခံစား​နေသည်​မဟုတ်​ကြောင်း သူသိ​ရှိခဲ့​သည်။ (ဆာလံ ၁၄၆:၄; ဒေ. ၉:၅) ထို​အခါ ဖီဒေလ်ယား​သည် သူ၏​ဘာသာရေး​ပုံ​များ​ကို စွန့်ပစ်​ပြီး ချာ့ခ်ျ​မှ​နုတ်​ထွက်၍ သမ္မာကျမ်းစာ​ကို စတင်​လေ့လာ​ခဲ့​သည်။ (၁ ယောဟန် ၅:၂၁) ယခု သူသည် အခြားသူများ​အား ကျမ်းစာ​အမှန်တရားကို သွန်သင်​ပေးခြင်း​၌ ပျော်မွေ့​ခဲ့​သည်​မှာ ဆယ်နှစ်​ရှိနေပြီ။

ခတ္တမန္ဒူ​မြို့မှ တာ​ရာ​သည် ဟိန္ဒူ​ဘုရားကျောင်း​အနည်းငယ်​ရှိသည့် နိုင်ငံ​တစ်နိုင်ငံ​သို့ ပြောင်းရွှေ့​ခဲ့​သည်။ သို့​ဖြစ်၍ သူ၏​ဝိညာဉ်​ရေး​လိုအပ်ချက်​များ​ကို ဖြည့်ဆည်း​လို​၍ မက်သဒစ်​ချာ့ခ်ျ​ကို သွား​တက်​ခဲ့​၏။ သို့သော် လူ့​ဆင်းရဲခြင်း​နှင့်​ပတ်သက်သော သူ့​မေးခွန်း​၏​အဖြေကို​မရရှိ​ခဲ့​ပေ။ ထို့နောက် ယေဟောဝါသက်သေ​များ​က သူ့ကို​ဆက်သွယ်​ပြီး ကျမ်းစာ​သင်အံမှု​ကမ်း​လှမ်း​ခဲ့​သည်။ “ကမ္ဘာ​မှာ ခံစား​နေရ​တဲ့​ဆင်းရဲခြင်း​အားလုံး​ရဲ့ တရားခံ​ဟာ မေတ္တာရှင်​ဘုရားသခင် မဟုတ်​နိုင်ဘူး​ဆိုတာ​ကို ကျွန်မ​သဘောပေါက်​လာတယ်။ . . . ငြိမ်းချမ်း​ပြီး စည်းလုံးမှု​ရှိ​မယ့် ကမ္ဘာသစ်​ကို​စောင့်မျှော်​ခွင့်​ရှိတာကို ကျွန်မ​အားရ​ကျေနပ်​မိတယ်” ဟု​တာ​ရာ​က​ပြောပြ​သည်။ (ဗျာဒိတ် ၂၁:၃၊ ၄) တာ​ရာ​သည် သူ၏​ဟိန္ဒူ​ပုံ​များ​ကို စွန့်ပစ်​ပြီး သူ၏​နေရင်း​တိုင်းပြည်​၏ ဘာသာရေး​ဓလေ့​ထုံးစံ​များ​ကို မလိုက်​တော့​ချေ၊ ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် အခြားသူများ​၏​ဝိညာဉ်​ရေး​လိုအပ်ချက်​များ​ကို ကူညီ​ဖြည့်ဆည်း​ပေးခြင်း​၌ ပျော်ရွှင်မှု​အစစ်​ကို သူ​တွေ့ရှိ​လေ​ပြီ။

ဘန်ကောက်​မြို့မှ . . . ပါ​န်​ယာ​ထံ ယေဟောဝါသက်သေ​များ ဦးဆုံး​လည်ပတ်ချိန်​၌ သူသည် ဗေဒင်​ဆရာ​တစ်ဦး​ဖြစ်သော​ကြောင့် သမ္မာ​ကျမ်းစာ​ပါ ပရောဖက်ပြုချက်​များသည် သူ့​အတွက်​ဆွဲဆောင်မှု​ရှိခဲ့​သည်။ “လက်ရှိ​အခြေအနေ​တွေ​ဟာ ဖန်ဆင်း​ရှင်​ရဲ့ မူလ​ရည်ရွယ်ချက်​နဲ့ တခြား​စီ​ဖြစ်​တဲ့​အကြောင်း၊ ကိုယ်တော်​နဲ့ ကိုယ်တော်​ရဲ့​ပိုင်သ​အုပ်ချုပ်မှု​ကို ငြင်းပယ်​သူတွေ​လုပ်ထား​တဲ့ ဆိုးကျိုး​တွေ​ကို ချေဖျက်​ပစ်​ဖို့ ဘာတွေ​စီစဉ်​ထား​တယ်​ဆို​တဲ့​အကြောင်း​တွေ​ကို ကျွန်တော်​သိလာတဲ့​အခါ ကျွန်တော့်​မျက်စိ​ကနေ အကာ​ကြီး​တစ်ခု​ပြုတ်ကျ​သွား​သလိုပဲ။ ကျမ်းစာ​ရဲ့​သတင်းတရား​အားလုံး​ဟာ တကယ့်ကို​ကျိုးကြောင်း​ညီညွတ်​တယ်။ ယေဟောဝါ​ကို ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် ကျွန်တော်​ချစ်​မြတ်နိုး​လာတယ်; အဲဒါ​ကြောင့် မှန်တယ်လို့​ကျွန်တော်​သိ​တာ​ကို လက်တွေ့​ကျင့်သုံး​ဖို့ လှုံ့ဆော်ပေး​ခံရ​တယ်။ လူ့​ဉာဏ်ပညာ​နဲ့ ဘုရားသခင့်​ဉာဏ်ပညာ​ရဲ့ ကွာခြား​ချက်​ကို အခြားသူ​တွေ​လည်း သိလာ​ရအောင် ကူညီပေး​ချင်​တဲ့​စိတ် ပြင်းပြ​လာတယ်။ စစ်မှန်​တဲ့​ဉာဏ်ပညာ​က ကျွန်တော့်​ဘဝကို တကယ်ပဲ​ပြောင်းလဲ​စေ​ခဲ့တယ်” ဟု​ပါ​န်​ယာ​ပြောပြ​ခဲ့​သည်။

အချိန်တန်သော် ဗာရ်​ဂျာလ်​သည် သူ၏​ဘာသာရေး​ယုံကြည်ချက်များ​ကို အကြီးအကျယ်​သံသယဝင်​လာ​သည်။ လူ​မဲ​များ​ကို​ကူညီ​ပေးဖို့​နှင့် လူဖြူ​များ​ကို မုန်းတီး​စေ​ပုံ​ရသည့် လူမျိုးရေး​ခွဲခြား​သော​အဖွဲ့အစည်း​တစ်ခု​ဟု သူ​ရိပ်မိ​သောအခါ ၎င်း​အတွက် ဘုရားသခင်​ထံ သူ​ဆုတောင်း​မည့်​အစား အမှန်တရားသည် မည်သည့်​အရာ​ဖြစ်ပါစေ၊ မည်သည့်​နေရာတွင်​ဖြစ်ပါစေ ၎င်းကို​တွေ့​ဖို့​အတွက် သူ​ဆုတောင်း​ခဲ့​၏။ “ဘုရားသခင်​ကို ထက်ထက်သန်သန်​ဆုတောင်း​ပြီး နောက်​တစ်နေ့ ကျွန်တော်​အိပ်ရာထ​တဲ့​အခါ အိမ်ထဲမှာ ကင်းမျှော်စင် တစ်စောင်​တွေ့ခဲ့​တယ်။ . . . တံခါး​အောက်​ကနေ ထိုးထည့်​ထား​တာ​ဖြစ်​ရမယ်” ဟု​ဗာရ်​ဂျာလ်​က ပြန်​ပြောပြ​သည်။ မကြာမီ​ပင် သူသည် ယေဟောဝါသက်သေ​များနှင့် စိတ်အား​ထက်သန်​စွာ ကျမ်းစာ​လေ့လာ​ခဲ့​သည်။ သူက ဤသို့​ဆက်​ပြောပြ​သည်– “ကျွန်တော့်​ဘဝမှာ ပထမ​ဆုံး​အကြိမ် စိတ်​ကျေနပ်မှု​ရရှိခဲ့တယ်။ . . . မျှော်လင့်ချက်​ရောင်ခြည် ပေါ်ထွက်​လာ​သလိုပဲ။” ထို့နောက် ဗာရ်​ဂျာလ်​သည် ဘုရားသခင့်​စကားတော် သမ္မာကျမ်းစာတွင်​ဖော်ပြ​ထား​သည့် တစ်ခု​တည်း​သော​မျှော်လင့်ချက်​အစစ်​ကို လူ​တို့အား ကမ်း​လှမ်းပေး​သူများ​နှင့် မကြာမီ တစည်းတလုံး​တည်း​ရှိလာ​လေ​သည်။

လက်တင်အမေရိက​မှ ချာ​ရို​သည် သူ၏​ကလေးငယ်​များနှင့်​မ​နိုင်​မ​နင်း​ဖြစ်နေ​ကြောင်းကို သက်သေခံ​ဂ​လက်​ဒီ​စ်​မြင်​၍ သူ့ကို ဈေး​ခေါ်သွား​ပေးခြင်း​ဖြင့် စတင်​ကူညီပေး​မှု​ကို စိတ်ထဲ​စွဲမှတ်​သွား​သည်။ အချိန်တန်သော် ဂ​လက်​ဒီ​စ်​ကမ်း​လှမ်း​သော အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ကို ချာ​ရို​လက်ခံ​လိုက်​သည်။ ချာ​ရို​သည် လူကောင်း​အားလုံး ကောင်းကင်​သို့​မသွား​ဘဲ မြေကြီးပေါ်​တွင် ထာဝရ​အသက်တာဖြင့် လူသားများ​ကို ယေဟောဝါ​ကောင်းချီး​ပေး​မည်​ဟု သူ၏​ကိုယ်ပိုင်​ကျမ်းစာ​မှ သိရှိ​လာသော​အခါ အံ့အားသင့်​ခဲ့​၏။ (ဆာလံ ၃၇:၁၁၊ ၂၉) ချာ​ရို​ကိုယ်တိုင် ယခု ဤ​မျှော်လင့်ချက်ကို အခြားသူများ​အား ဝေမျှ​ခဲ့​သည်​မှာ ၁၅ နှစ်​ရှိပြီ။

ကမ္ဘာ​မြေကြီး​တစ်ခွင် စစ်မှန်သော​ဘုရားသခင် တစ်ဆူတည်း​ဖြစ်သော​ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​မှု​၌ စိတ်ရင်းမှန်​သူများ စည်းလုံးစွာ​နေထိုင်ကြ​မည်​ကို မြင်ယောင်​ကြည့်​လိုက်ပါ! ယင်းသည် ကြံဖန်​စိတ်ကူးယဉ်​နေခြင်း​မျှ​မဟုတ်​ချေ။ ယေဟောဝါ​၏​ကတိတော်​ဖြစ်သည်။ ဘုရားသခင်​သည် ကိုယ်တော်​၏​ပရောဖက်​ဇေဖနိ​အားဖြင့် ဤသို့​ကြေညာ​ခဲ့​သည်– “နှိမ့်ချ​ဆင်းရဲသော​အမျိုး​ကို သင့်​အလယ်​၌ ငါ​ချန်​ထား​မည်။ ထို​သူတို့သည် ထာဝရ​ဘုရား​၏​နာမတော်​ကို ခိုလှုံ​ကြလိမ့်မည်။ . . . မတရားသော​အမှုကို​မပြုရ​ကြ။ မုသာ​မပြော​ရ​ကြ။ သူတို့​နှုတ်၌ လှည့်စား​တတ်သော​လျှာ​မရှိ​ရ။ အဘယ်သူမျှ​မကြောက်​စေ” ရ။ (ဇေဖနိ ၃:၁၂၊ ၁၃) ဤ​ကတိတော်​ကို သင်​စိတ်ဝင်စား​မည်​ဆိုပါ​က ကျမ်းစာ​၏​ဤ​တိုက်တွန်းချက်​ကို နှလုံး​ထဲ​မှတ်​ကျုံ​ပါ​လေ– “တရားတော်​အတိုင်း​ကျင့်​၍ စိတ်​နှိမ့်ချသော​ပြည်သူပြည်သား​အပေါင်း​တို့ ထာဝရ​ဘုရား​ကို​ရှာ​ကြလော့။ ဖြောင့်မတ်ခြင်း​နှင့် စိတ်​နှိမ့်ချ​ခြင်း​ကိုလည်း​ရှာ​ကြလော့။ ထာဝရ​ဘုရား​အမျက်တော်​ထွက်​တော်​မူ​သော​နေ့၌ သင်တို့သည် ပုန်းရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့​ကြလိမ့်မည်။”—ဇေဖနိ ၂:၃