မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ကောင်းချီးသည် ကျွန်ုပ်တို့အား ကြွယ်ဝစေ

ယေဟောဝါ၏ကောင်းချီးသည် ကျွန်ုပ်တို့အား ကြွယ်ဝစေ

ယေဟောဝါ​၏​ကောင်းချီး​သည် ကျွန်ုပ်​တို့အား ကြွယ်ဝ​စေ

“ထာဝရ​ဘုရား​၏​ကောင်းချီး​မင်္ဂလာ​သည် စည်းစိမ်​ကို​ဖြစ်စေ​တတ်၏။ ထို​စည်းစိမ်​နှင့်​လည်း ဝမ်းနည်းခြင်း​အကြောင်းကို ရောနှော​တော်​မ​မူ။”—သု. ၁၀:၂၂

၁၊ ၂။ ပျော်ရွှင်မှု​သည် ရုပ်ပစ္စည်း​ကြွယ်ဝ​ချမ်းသာခြင်း​နှင့် အဘယ်ကြောင့် မဆက်စပ်​သနည်း။

ယနေ့​သန်းပေါင်း​များစွာသော​လူတို့၏​အသက်တာကို ဥစ္စာ​ရှာဖွေခြင်းက လွှမ်းမိုး​ချုပ်ကိုင်​ထား​သည်။ သို့သော် ရုပ်ပစ္စည်း​များ​က သူတို့ကို ပျော်ရွှင်​စေ​သလော။ “လူတို့သည် မိမိတို့၏​ကံကြမ္မာ​ကို ဤမျှ​စိတ်ပူ​ပန်​ကြ​သည့် အချိန်​အခါ​ကို မမှတ်မိ​ပါ” ဟူ၍ ဩစတြေးလျ​အမျိုးသမီး​အပတ်စဉ်​ရေးရာ​မဂ္ဂဇင်းက ဆို​သည်။ ဤသို့​ထပ်ဆင့်​ဖော်ပြ​သည်– “ယင်းသည် တွေး​ရ​ခက်​ပေ​သည်။ ဩစတြေးလျ​နိုင်ငံ​သည် စီးပွားရေး​အရ အလွန်​ကောင်း​သည့်​အခြေအနေ​၌​ရှိပြီး ဤ​ထက်​သာ၍​ကောင်းသော အသက်တာ​မရှိ​ဟု ဆို​ကြသည်။ . . . သို့​တိုင် နိုင်ငံတစ်လွှား​သို့​ကြည့်​လျှင် အဆိုး​ဘက်​သို့​ရှုမြင်​တတ်​သည့်​သဘော လွှမ်းမိုး​နေသည်။ အမျိုးသား​နှင့် အမျိုးသမီးများ​ပါ သူတို့၏​အသက်တာ​မှ တစ်စုံတစ်ရာ​ပျောက်ဆုံး​နေသည်​ဟု ခံစား​နေကြ​ရ​သော်လည်း အဘယ်အရာ​ဖြစ်​ကြောင်းကို ဂ​ဃ​န​ဏ​မပြော​နိုင်​ကြ​ချေ။” ပျော်ရွှင်မှု သို့​မဟုတ် အသက်​ဟူသည် ကျွန်ုပ်​တို့​ပိုင်ဆိုင်ရာ​များ​အပေါ်​မတည်​ကြောင်း သမ္မာကျမ်းစာ​၌ ညွှန်ပြ​ထားခြင်း​မှာ တကယ်​မှန်ကန်​လိုက်​လေ​ခြင်း!—ဒေ. ၅:၁၀; လုကာ ၁၂:၁၅

အကြီးမားဆုံး​ပျော်ရွှင်မှု​မှာ ဘုရားသခင့်​ကောင်းချီး​ခံစား​ရခြင်း​မှ​ဖြစ်ပေါ်​လာ​ကြောင်း သမ္မာကျမ်းစာ​က​သွန်သင်​သည်။ ယင်း​နှင့်​ပတ်သက်​၍ နယပုံပြင် ၁၀:၂၂ က ဤသို့​ဆို​သည်– “ထာဝရ​ဘုရား​၏​ကောင်းချီး​မင်္ဂလာ​သည် စည်းစိမ်​ကို​ဖြစ်စေ​တတ်၏။ ထို​စည်းစိမ်​နှင့်​လည်း ဝမ်းနည်းခြင်း​အကြောင်းကို ရောနှော​တော်​မ​မူ။” စည်းစိမ်ဥစ္စာ​ကို တပ်မက်​လွန်း​ခြင်း​မှ ဝမ်းနည်းခြင်း ဖြစ်ပေါ်​လာလေ့​ရှိ၏။ တမန်​တော်​ပေါလု ဤသို့​သတိပေး​ခဲ့​ခြင်း​မှာ ဆီလျော်​လှ​ပေ​သည်– “ငွေ​ရ​တတ်​ခြင်း​ငှာ​အလိုရှိ​သော​သူတို့သည် အပြစ်​သွေးဆောင်ခြင်း၊ ဖမ်းမိ​ခြင်း၊ မိုက်မဲ​ဖျက်ဆီး​တတ်သော​တပ်မက်​ခြင်း​များ​ထဲ​သို့ ကျရောက်​တတ်ကြ​၏။ ထို​သူတို့အား​ဖြင့် လူတို့သည် အကျိုး​နည်း​ခြင်း၊ ပျက်စီးခြင်း​၌​နစ်မွန်း​တတ်ကြ​၏။ အကြောင်း​မူ​ကား၊ ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းသော​အမှု​အပေါင်းတို့တွင် မူလအမြစ်​ဖြစ်​သတည်း။ လူ​အချို့​တို့သည် ငွေ​ကို​တပ်မက်သော​ကြောင့် ယုံကြည်ခြင်း​တရားလမ်း​မှ​လွဲသွား​၍၊ ပူပန်ခြင်း​ဝေဒနာ​များနှင့် ကိုယ်ကို​ကိုယ်​ထုတ်ချင်းခပ်​အောင်​ထိုး​ကြပြီ။”—၁ တိမောသေ ၆:၉၊ ၁၀

၃။ ဘုရားသခင့်​ကျေးကျွန်​များသည် စုံစမ်းမှု​များ​ကို အဘယ်ကြောင့်​ကြုံတွေ့​ရ​ကြ​သနည်း။

အခြား​တစ်ဖက်​တွင်​မူ “[“ယေဟောဝါ၊” က​ဘ] ၏​စကားတော်​ကို နားထောင်” နေ​သူအား​လုံး ဝမ်းနည်းခြင်း​မရှိသော ကောင်းချီး​များ​ခံစား​ကြ​ရ၏။ (တရားဟောရာ ၂၈:၂) သို့​တိုင် အချို့​က ‘ယေဟောဝါ​ပေး​သော​ကောင်းချီး​တွင် ဝမ်းနည်းခြင်း​မပါ​လျှင် ဘုရားသခင့်​ကျေးကျွန်​များစွာ​သည် အဘယ်ကြောင့် ဆင်းရဲ​ကြ​ရသနည်း’ ဟူ၍​မေး​ကြ​ပေမည်။ ကျွန်ုပ်​တို့​ခံရ​သော​စုံစမ်းခြင်း​များ​ကို ဘုရားသခင်​ခွင့်ပြု​သော်လည်း အမှန်​မှာ စာတန်၊ သူ၏​ဆိုးညစ်သော​စနစ်​နှင့် ကျွန်ုပ်​တို့​ကိုယ်တိုင်​၏ မစုံလင်​သော​ပင်ကိုစိတ်​ထား​တို့​မှ အစပြု​ကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ (ကမ္ဘာဦး ၆:၅; တရားဟောရာ ၃၂:၄၊ ၅; ယောဟန် ၁၅:၁၉; ယာကုပ် ၁:၁၄၊ ၁၅) ယေဟောဝါ​သည် “ကောင်းမြတ်​စုံလင်သော​ဆုကျေးဇူး​ရှိသမျှ” ၏​ရင်းမြစ်​ဖြစ်​တော်​မူ​၏။ (ယာကုပ် ၁:၁၇) သို့​ဖြစ်၍ ကိုယ်တော်​၏​ကောင်းချီး​များသည် ဘယ်​သောအခါ​မျှ ဝမ်းနည်းစရာ​များ မဖြစ်​ပေါ်​စေပါ။ ထို့​ကြောင့် ဘုရားသခင်​၏​စုံလင်သော​ဆုကျေးဇူး​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

ဘုရားသခင့်​နှုတ်မြွက်​စကားတော် —တန်ဖိုး​မ​ဖြတ်​နိုင်သော​ဆုကျေးဇူး

၄။ ဤ “အမှု​ကုန်​ရသည့်​ကာလ” အတွင်း ယေဟောဝါ​၏​လူတို့သည် အဘယ်​ကောင်းချီး​နှင့် အဖိုး​မ​ဖြတ်​နိုင်သော​ဆုကျေးဇူး​ကို ခံစား​ကြ​ရသနည်း။

“အမှု​ကုန်​ရသည်​ကာလ” နှင့်​ပတ်သက်​၍ ဒံယေလ​ပရောဖက်ပြုချက်​က ဤသို့​ဖော်ပြ​သည်– ‘[စစ်မှန်သော​အသိ] ပညာ တိုးပွား​လာ​လိမ့်​မည်။’ သို့သော် ယင်းကို ဤ​စကား​များ​က အနည်းငယ်​ပြုပြင်​သည်– “မတရားသော​သူတို့ . . . တစ်ယောက်မျှ​နားမလည်​ရ။ ပညာရှိ​သော​သူတို့မူကား နားလည်​ကြလိမ့်မည်။” (ဒံယေလ ၁၂:၄၊ ၁၀) စဉ်းစား​ကြည့်​ပါ! ဘုရားသခင့်​စကားတော်—အထူးသဖြင့် ပရောဖက်ပြုချက်—ကို ဘုရားသခင့်​ဉာဏ်ပညာ​ဖြင့် ဖော်ပြ​ထား​ရာ ဆိုးညစ်သော​လူတို့သည် ယင်း​၏ ဆိုလိုရင်း​ကို မသိနိုင်​သော်လည်း ယေဟောဝါ​၏​လူ​တို့​မူ​ကား သိရှိ​နိုင်​ကြသည်။ “ကောင်းကင်​နှင့်​မြေကြီးကို အစိုးရ​တော်​မူ​သော​အဘ၊ ကိုယ်တော်​သည် ပညာအလိမ္မာ​နှင့်​ပြည့်စုံသော​သူတို့အား ဤ​အရာများ​ကို​ထိမ်ဝှက်​ကွယ်ထား​လျက် သူငယ်​တို့အား ဖော်ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေးဇူးတော်​ကို အကျွန်ုပ်​ချီးမွမ်း​ပါ​၏” ဟု​ဘုရားသခင့်​သားတော်​က ဆုတောင်း​ခဲ့​သည်။ (လုကာ ၁၀:၂၁) ဘုရားသခင့်​ထံ​တော်​မှ တန်ဖိုး​မ​ဖြတ်​နိုင်သော​ရေးသား​ထား​သည့် နှုတ်မြွက်​စကားတော်​သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​ရရှိ​ထားခြင်း၊ ယေဟောဝါ​ပေး​သော ဝိညာဉ်​ရေးရာ​ထိုးထွင်း​သိမြင်မှု ရရှိ​ထား​သူတို့​အလယ်တွင် ကျွန်ုပ်​တို့​ရှိနေကြ​ခြင်း​သည် ထူးမြတ်​သော​ကောင်းချီး​ပါ​တကား!—၁ ကောရိန္သု ၁:၂၁၊ ၂၇၊ ၂၈; ၂:၁၄၊ ၁၅

၅။ ဉာဏ်ပညာ​ကား အဘယ်နည်း၊ ယင်းကို မည်သို့​ရရှိနိုင်​သနည်း။

“အထက်​မှ​သက်ရောက်​သော​ပညာ” ကို ကျွန်ုပ်​တို့​မရခဲ့​လျှင် ကျွန်ုပ်​တို့​၌ ဝိညာဉ်​ရေးရာ​ထိုးထွင်း​သိမြင်မှု လုံးဝ​ရှိ​မည်​မဟုတ်။ (ယာကုပ် ၃:၁၇) ဉာဏ်ပညာ​ဟူသည် ပြဿနာ​များ​ကို​ဖြေရှင်းရန် အသိပညာနှင့် သိနားလည်မှုကို အသုံးပြုနိုင်​ခြင်း၊ အန္တရာယ်များ​ကို ရှောင်ရှား​ရန် သို့​မဟုတ် လွှဲဖယ်​စေရန်၊ ပန်းတိုင်​ရောက်​ရန်၊ သို့​မဟုတ် ကောင်းသော​သွန်သင်ချက်ပေး​ရန် စွမ်းရည်​ရှိ​ခြင်း​ဖြစ်၏။ ဘုရားသခင့်​ရေးရာ​ဉာဏ်ပညာ​ကို ကျွန်ုပ်​တို့​မည်သို့​ရရှိနိုင်​သနည်း။ နယပုံပြင် ၂:၆ က​ဤသို့​ဆို​သည်– “ထာဝရ​ဘုရား​သည် ပညာ​ကို​ပေး​တော်​မူ​တတ်၏။ နားလည်​နိုင်သော​ဉာဏ်​သည် နှုတ် [မြွက်​စကား] တော်​အားဖြင့်​သာ​ဖြစ်တတ်​၏။” မှန်ပါသည်၊ ရှောလမုန်​ဘုရင်​အား “ပိုင်းခြား​၍​သိတတ်သော​ဉာဏ်” ကို ယေဟောဝါ​ပေး​တော်​မူ​သကဲ့သို့ ကျွန်ုပ်​တို့သည် ဉာဏ်ပညာ​ရှိဖို့​အတွက် စွဲစွဲမြဲမြဲ​တောင်း​ဆိုလျှင် ကျွန်ုပ်​တို့ကို ကိုယ်တော်​ပေး​တော်​မူ​မည်။ (၃ ဓမ္မ​ရာဇဝင် ၃:၁၁၊ ၁၂ သမ္မာ; ယာကုပ် ၁:၅-၈) ဉာဏ်ပညာ​ရရှိရန် ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို မှန်မှန်​လေ့လာ​ပြီး လိုက်နာခြင်း​ဖြင့် ကိုယ်တော့်​စကား​ကို အမြဲ​နားထောင်​ရမည်။

၆။ ကျွန်ုပ်​တို့၏​အသက်တာတွင် ဘုရားသခင့်​ပညတ်​များနှင့် မူများ​ကို လိုက်လျှောက်ခြင်းက အဘယ်ကြောင့် ပညာရှိ​လမ်းစဉ်​ဖြစ်သနည်း။

ဘုရားသခင့်​ရေးရာ​ဉာဏ်ပညာ​၏ အလွန်​အရေးပါသော​ပုံ​ဥပမာ​များ​ကို သမ္မာကျမ်းစာ​ပညတ်​များနှင့် မူများ​တွင်​တွေ့ရှိ​ရသည်။ ယင်း​တို့သည် ကျွန်ုပ်​တို့အား ကိုယ်ခန္ဓာ​ရေး၊ စိတ္တ​ရေး၊ စိတ်ပိုင်း​ဆိုင်ရာ​နှင့်၊ ဝိညာဉ်​ရေး​အရ နည်း​အမျိုးမျိုးဖြင့်​အကျိုးပြု​၏။ ဆာလံဆရာ​က ဤသို့​ဆီလျော်​စွာ သီဆို​ခဲ့​သည်– “ထာဝရ​ဘုရား​၏​တရားတော်​သည် စုံလင်​သည်​ဖြစ်၍ စိတ်​ဝိညာဉ်​ကို​ပြုပြင်​တတ်၏။ ထာဝရ​ဘုရား​၏​သက်သေခံ​တော်​မူ​ချက်​သည် ဟုတ်မှန်​သည်​ဖြစ်၍ မ​လိမ္မာ​သော​သူတို့ကို လိမ္မာ​စေ​တတ်၏။ ထာဝရ​ဘုရား​၏​နည်း​ဥပဒေသ​တို့သည် ဖြောင့်မတ်​သည်​ဖြစ်၍ စိတ်နှလုံး​ကို​ရွှင်လန်း​စေ​တတ်၏။ ထာဝရ​ဘုရား​၏​ပညတ်တော်​သည် စင်ကြယ်​သည်​ဖြစ်၍ မျက်စိ​ကို​ရှင်းလင်း​စေ​တတ်၏။ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​သဘော​သည် သန့်ရှင်း​သည်​ဖြစ်၍ ကာလ​အစဉ်အမြဲ​တည်​၏။ ထာဝရ​ဘုရား​၏​စီရင်တော်မူချက်​တို့သည် သစ္စာတရား​နှင့်​ညီ​၍ တညီတညွတ်​တည်း​ဖြောင့်မတ်​ကြ​၏။ ရွှေ​ထက်မက များစွာသော​ရွှေ​စင်​ထက် နှစ်သက်ဖွယ်​ဖြစ်” သည်။—ဆာလံ ၁၉:၇-၁၀; ၁၁၉:၇၂

၇။ ဘုရားသခင်​၏​ဖြောင့်မတ်​သော​မူများ​ကို လျစ်လျူရှု​ခြင်း​မှ အဘယ်​ရလဒ်များ​ရရှိ​သနည်း။

အခြား​တစ်ဖက်​တွင်​မူ ဘုရားသခင်​၏​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို လျစ်လျူရှု​သူတို့သည် သူတို့​ရရှိ​လို​ကြသော ပျော်ရွှင်မှု​နှင့် လွတ်လပ်မှုကို မရ​ကြ​ချေ။ ဘုရားသခင်​သည် သူတို့​မထီမဲ့မြင်​ပြု​နိုင်​သူ​မဟုတ်​ကြောင်း၊ လူသည် မိမိ​စိုက်​သည့်​အတိုင်း ရိတ်​ရမည်​ဖြစ်​ကြောင်း အနှေး​နှင့်​အမြန် တွေ့ရှိ​လာ​ကြ​ပေမည်။ (ဂလာတိ ၆:၇) သမ္မာကျမ်းစာ​မူများ​ကို လျစ်လျူရှု​သူ သန်းနှင့်ချီ​သူတို့သည် မလိုချင်​သော​ကိုယ်ဝန်​များ၊ စက်ဆုပ်​ရွံရှာဖွယ်​ရောဂါ​များ၊ အားလျော့​စေသည့် မူးယစ်​ဆေးစွဲ​ခြင်း​ကဲ့သို့​သော ဝမ်းနည်းဖွယ်​ရာ​အကျိုးဆက်များ​ကို ရိတ်သိမ်း​လျက်​ရှိကြသည်။ ဤသူတို့​နောင်တ​ယူ​ကာ သူတို့၏​ဘဝ​လမ်းစဉ်​ကို မပြောင်းလဲ​ကြ​လျှင် အဆုံး​၌ သေခြင်းနှင့် ဘုရားသခင့်​လက်တော်​ဖြင့် ပျက်စီး​ရ​လိမ့်​မည်။—မဿဲ ၇:၁၃၊ ၁၄

၈။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ချစ်​မြတ်နိုးသူ​တို့ အဘယ်ကြောင့်​ပျော်ရွှင်​ကြ​သနည်း။

သို့သော် ဘုရားသခင့်​နှုတ်မြွက်​စကား​ကို ချစ်​မြတ်နိုး​၍ ယင်းကို လိုက်လျှောက်​သော​သူတို့သည် ယခု​နှင့် အနာဂတ်​တွင် ကြွယ်ဝသော​ကောင်းချီး​များ ခံစား​ကြ​ရ​လိမ့်​မည်။ သူတို့သည် ဘုရားသခင့်​ပညတ်တော်​အားဖြင့် လွတ်မြောက်​လာ​ခဲ့​ကြ​ရာ အမှန်တကယ်​ပျော်ရွှင်​နေကြ​ပြီး အပြစ်​နှင့် ၎င်း​၏​ဆိုးကျိုး​များ​မှ လုံးလုံး​လွတ်မြောက်​မည့်​အချိန်ကို စိတ်အား​ထက်သန်​စွာ စောင့်မျှော်​လျက်​ရှိကြသည်။ (ရောမ ၈:၂၀၊ ၂၁; ယာကုပ် ၁:၂၅) ဤ​မျှော်လင့်ချက်​သည် သေချာ​၏၊ အကြောင်း​မှာ ယင်းသည် လူသားတို့အား ဘုရားသခင်​ပေး​သော မေတ္တာ​အ​ပါ​ဆုံး​ဆုကျေးဇူး​ဖြစ်သည့် မိမိ၏​တစ်ပါး​တည်း​သော​သားတော် ယေရှု​ခရစ်​၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​အပေါ် အခြေပြု​သောကြောင့်​ဖြစ်သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆; ရောမ ၆:၂၃) ထိုသို့​သော သာလွန်​ထူးကဲ​သည့် ဆုကျေးဇူး​က လူသား​တို့​အပေါ် ဘုရားသခင်​၏​မေတ္တာ မည်မျှ​ကြီးမား​သည်ကို အတည်ပြု​စေပြီး ယေဟောဝါ​၏​စကား နားထောင်သူ​အားလုံး အဆုံးမရှိ​ကောင်းချီး​ခံစား​စေမည်​ဟု အာမခံ​သည်။—ရောမ ၈:၃၂

သန့်ရှင်းသော​ဝိညာဉ်​တော် ဆုကျေးဇူး​အတွက် ကျေးဇူး​တင်​ခြင်း

၉၊ ၁၀။ ယေဟောဝါ​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ဆုကျေးဇူး​မှ ကျွန်ုပ်​တို့ မည်သို့​အကျိုး​ခံစားရ​သနည်း။ ဥပမာတစ်ခု​ပေး​ပါ။

ကျွန်ုပ်​တို့​ကျေးဇူး​တင်​သင့်​သည့် ဘုရားသခင်​၏ မေတ္တာပါ​အခြား​ဆုကျေးဇူး​တစ်ခု​မှာ သန့်ရှင်းသော​ဝိညာဉ်​တော်​ဖြစ်သည်။ စီ.အီး. ၃၃ ပင်တေကုတ္တေ​ပွဲနေ့​တွင် တမန်​တော်​ပေတရု​သည် ယေရုရှလင်​မြို့ရှိ များစွာသော​သူတို့ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “သင်တို့၏​အပြစ်ကို​လွတ်​စေခြင်း​ငှာ နောင်တ​ရ​၍ တစ်ယောက်မျှ​မ​ကြွင်း၊ ယေရှု​ခရစ်​၏​နာမ၌ ဗတ္တိဇံ​ကို​ခံ​ကြလော့။ သို့ပြုလျှင် သန့်ရှင်းသော​ဝိညာဉ်​တော်​တည်း​ဟူသော ဆုကျေးဇူး​တော်​ကို ခံရ​ကြလိမ့်မည်။” (တမန်​တော် ၂:၃၈) ယနေ့ ယေဟောဝါ​သည် ဝိညာဉ်​တော်​ကို တောင်းခံ​၍ ကိုယ်တော့်​အလိုတော် ဆောင်ရွက်​လို​သူ ဆက်ကပ်​အပ်နှံ​ထားသော ကျေးကျွန်​များ​အား သန့်ရှင်းသော​ဝိညာဉ်​တော် ပေးသနား​တော်​မူ​သည်။ (လုကာ ၁၁:၉-၁၃) ရှေး​အချိန်​က စကြဝဠာ​တွင် ဤ​တန်ခိုး​အကြီးမားဆုံး​စွမ်းအင်​ဖြစ်သည့် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော် သို့​မဟုတ် လှုပ်ရှား​တတ်သော​စွမ်းအား​သည် အစောပိုင်း​ခရစ်ယာန်​များ​အပါအဝင် ယုံကြည်ခြင်း​ရှိသူ အမျိုးသား၊ အမျိုးသမီးများ​ကို အစွမ်း​သတ္တိ​ရှိစေခဲ့​သည်။ (ဇာခရိ ၄:၆; တမန်​တော် ၄:၃၁) ယေဟောဝါ​၏​လူမျိုးများ​အဖြစ် ကြောက်မက်​ဖွယ်​သော​အခက်အခဲ​များ သို့​မဟုတ် စိန်ခေါ်ချက်​များ​ကို ကျွန်ုပ်​တို့​ရင်ဆိုင်​ရဦး​တော့ ယင်းသည် ကျွန်ုပ်​တို့အတွက် အလားတူ​ပြုလုပ်​ပေး​နိုင်​သည်။—ယောလ ၂:၂၈၊ ၂၉

၁၀ ပိုလီယို​ရောဂါစွဲ​ကပ်​ခဲ့​၍ သံ​အဆုတ်​ထဲ ၃၇ နှစ်​တိုင်​နေထိုင်ခဲ့​ရသူ လော်​ရ​ယ်လ်​၏​ပုံသက်သေ​ကို သုံးသပ်ကြည့်​ပါ။ * သူ၏​အလွန်​ဆိုးဝါး​သော​အခြေအနေ​များ​ကြား သူသည် သေ​သည့်​အထိ ဘုရားသခင်​ကို​ဇွဲရှိ​ရှိ အမှုတော်​ဆောင်​ခဲ့​သည်။ နှစ်များ​တစ်လျှောက် ယေဟောဝါ​၏​ကြွယ်ဝသော​ကောင်းချီး​ကို လော်​ရ​ယ်လ်​ခံစား​ခဲ့​ရသည်။ ဥပမာ၊ တစ်ရက်​လျှင် ၂၄ နာရီ သံ​အဆုတ်​အတွင်း သူ​နေခဲ့ရ​သော်လည်း တိကျသောသမ္မာကျမ်းစာ​အမှန်တရားကို လူ ၁၇ ဦး​အား သိရှိ​လာ​စေရန် သူ​ကူညီပေး​နိုင်​ခဲ့​သည်​တကား! သူ၏​အခြေအနေ​က တမန်​တော်​ပေါလု​၏ ဤ​စကား​ကို ပြန်​အမှတ်ရ​စေ​သည်– “ငါသည်​အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ၏။” (၂ ကောရိန္သု ၁၂:၁၀) မှန်ပါသည်၊ သတင်းကောင်း​ဟောပြော​ရာ​တွင် ကျွန်ုပ်​တို့​ခံစားရ​သည့် မည်သည့်​အောင်မြင်မှု​မဆို​မှာ ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​အစွမ်းအစ​အားဖြင့်​မဟုတ်ဘဲ ဘုရားသခင်​၏​စကား​ကို အမြဲ​နားထောင်သူ​တို့အား ကိုယ်တော်​ပေးသနား​တော်​မူ​သော သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့်​ဖြစ်သည်။—ဟေရှာယ ၄၀:၂၉-၃၁

၁၁။ “လူသစ်” ကို ယူတင်​ဝတ်ဆောင်​သူတို့တွင် ဘုရားသခင့်​ဝိညာဉ်​တော်​သီးပွင့်​စေသည့် အရည်အသွေးများ​ကား အဘယ်နည်း။

၁၁ ကျွန်ုပ်​တို့သည် ဘုရားသခင့်​စကား​ကို​နားထောင်​မည်​ဆိုလျှင် ကိုယ်တော်​၏​ဝိညာဉ်​တော်​က ကျွန်ုပ်​တို့ကို ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း အရည်အသွေးများ​ရှိစေသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ဤ “ဝိညာဉ်​ပကတိ​အကျိုး” သည် ယခင်​က ရှိ​ကောင်း​ရှိခဲ့​မည့် လုယူ​ကိုက်စား​တတ်​သည့် တိရစ္ဆာန်​ကဲ့သို့​သော အကျင့်​စရိုက်​များ​အစား ခရစ်ယာန်​များ​ဝတ်ဆင်​ခဲ့​ကြ​သည့် “လူသစ်” ၏​တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်။ (ဧဖက် ၄:၂၀-၂၄; ဟေရှာယ ၁၁:၆-၉) ဤ​ဝိညာဉ်​အသီး​တွင် အရေးကြီး​သည့်​အရည်အသွေး​ကား “စုံလင်ခြင်း​အဖွဲ့အစည်း​တည်း​ဟူသော” မေတ္တာ​ပင်​တည်း။—ကောလောသဲ ၃:၁၄

ခရစ်ယာန်​မေတ္တာ—မြတ်နိုး​ရန်​ဆုကျေးဇူး

၁၂။ တဗိသ​နှင့် အခြား​ပထမ​ရာစု​ရှိ​ခရစ်ယာန်​များသည် မေတ္တာကို မည်သို့​ဖော်ပြ​ကြ​သနည်း။

၁၂ ခရစ်ယာန်​မေတ္တာသည် ဘုရားသခင့်​ထံ​တော်​မှ​လာသော ကျွန်ုပ်​တို့​အမှန်​မြတ်နိုး​ရသည့် ဆုကျေးဇူး​နောက်တစ်ခု​ဖြစ်၏။ ယင်းကို မူ​ဖြင့်​ထိန်းချုပ်​ထား​သော်လည်း ၎င်း​သည် သွေးသား​သံယောဇဉ်​ထက်​ပင် ယုံကြည်သူချင်း​တို့ကို ပိုမို​ရင်းနှီး​ချစ်ခင်​စေ​သည်။ (ယောဟန် ၁၅:၁၂၊ ၁၃; ၁ ပေတရု ၁:၂၂) ဥပမာ၊ ပထမ​ရာစု​မှ အမျိုးသမီး​ကောင်း​တစ်ဦး​ဖြစ်သူ တဗိသ​ကို သုံးသပ်ကြည့်​ပါ။ “ထို​မိန်းမသည် ကောင်းသော​အကျင့်၊” အထူးသဖြင့် အသင်းတော်​ရှိ မုဆိုးမများ​အား “စွန့်ကြဲ​ခြင်း​အကျင့်​နှင့်​ပြည့်စုံ” သည်။ (တမန်​တော် ၉:၃၆) ဤ​အမျိုးသမီးများ​တွင် သူတို့၏​သွေးသား​ရင်း​ဆွေမျိုး​များ ရှိ​ကောင်း​ရှိ​ပေမည်၊ သို့သော် တဗိသ​သည် သူတို့ကို အတတ်နိုင်ဆုံး ကူညီ​အားပေး​လို​ခဲ့​သည်။ (၁ ယောဟန် ၃:၁၈) အလွန်​ကောင်းသော​ပုံသက်သေ​ကို တဗိသ​ပြ​ခဲ့​ပါ​သည်​တကား! ညီအစ်ကို​ချင်း​မေတ္တာက ပြစ်ကိလ​နှင့် အာကုလ​တို့အား ပေါလု​အတွက် “မိမိတို့​လည်ပင်း​ကို​ချထား” ဖို့ လှုံ့ဆော်ပေး​ခဲ့​သည်။ အဆိုပါ​တမန်​တော်​သည် ရောမမြို့​၌​ထောင်ကျ​နေစဉ် သူ့ကို​ကူညီပေး​ရန် မေတ္တာက ဧပဖြ၊ လုကာ၊ ဩ​နေ​သိ​ဖော်​နှင့် အခြား​သူတို့ကို စေ့ဆော်​ပေး​ခဲ့​သည်။ (ရောမ ၁၆:၃၊ ၄; ၂ တိမောသေ ၁:၁၆; ၄:၁၁; ဖိလေမုန် ၂၃၊ ၂၄) မှန်ပါသည်၊ ယနေ့ ထိုသို့​သော​ခရစ်ယာန်​များသည် ‘သူတို့​အချင်းချင်း​၌ မေတ္တာ​ရှိကြ’ ရာ ၎င်း​သည် ဘုရားသခင့်​ထံ​တော်​မှ ဆုကျေးဇူး​တစ်ရပ်​ဖြစ်၏၊ ယင်းက သူတို့အား ယေရှု၏​ခရစ်ယာန်စစ်​များ​ဖြစ်​ကြောင်း ဖော်ပြ​သည်။—ယောဟန် ၁၃:၃၄၊ ၃၅

၁၃။ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​ကို အလွန်​တန်ဖိုး​ထား​လေးမြတ်​ကြောင်း မည်သို့​ဖော်ပြ​နိုင်​သနည်း။

၁၃ ခရစ်ယာန်​အသင်းတော်တွင် ထင်ရှားသော​မေတ္တာကို သင်​မြတ်နိုး​သလော။ ကျွန်ုပ်​တို့၏​ကမ္ဘာချီ ဝိညာဉ်​ရေးရာ ညီအစ်ကို​အသင်းအပင်း​ရှိသည့်​အတွက် သင်​ကျေးဇူး​တင်​သလော။ ၎င်းတို့သည်​လည်း အထက်​မှ​လာသော ကောင်းချီး​များနှင့် နှစ်သက်ဖွယ်ရာ​ဆုကျေးဇူး​များ ဖြစ်သည်။ ၎င်းတို့ကို ကျွန်ုပ်​တို့​တန်ဖိုး​ထား​ကြောင်း မည်သို့​ဖော်ပြ​နိုင်​သနည်း။ ယေဟောဝါ​၏​မြင့်မြတ်​သော​အမှုတော်ကို ထမ်းဆောင်ခြင်း၊ ခရစ်ယာန်​စည်းဝေးများ​တွင် ပါဝင်ခြင်း​နှင့် မေတ္တာ​နှင့် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​အသီးများ​ကို ဖော်ပြခြင်း​အားဖြင့်​ဖြစ်သည်။—ဖိလိပ္ပိ ၁:၉; ဟေဗြဲ ၁၀:၂၄၊ ၂၅

“လူ့​အသွင် ဆုလာဘ်များ”

၁၄။ ခရစ်ယာန်​တစ်ဦး​သည် အကြီးအကဲ​တစ်ဦး သို့​မဟုတ် ဓမ္မ​အမှုထမ်း​တစ်ဦး​အဖြစ် အမှုထမ်းဆောင်​လို​မည်​ဆိုလျှင် အဘယ်အရာ​လိုအပ်​သနည်း။

၁၄ အကြီးအကဲ​များ သို့​မဟုတ် ဓမ္မ​အမှုထမ်းများ​အဖြစ် ဝတ်ပြုသူချင်း​တို့၏​အကျိုးကို​ဆောင်​လို​သူ ခရစ်ယာန်​အမျိုးသားများ​၌ မွန်မြတ်သော​ပန်းတိုင်​ရှိသည်။ (၁ တိမောသေ ၃:၁၊) ဤ​အခွင့်အရေး​များ​ရဖို့​အတွက် အရည်အချင်း​ပြည့်မီ​ရန် ညီအစ်ကို​တစ်ဦး​သည် သမ္မာကျမ်းစာ​ကို ပိုင်နိုင်​စွာ​အသုံးပြု​တတ်​၍ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ဇွဲရှိ​သော ဝိညာဉ်​ရေး​စိတ်ထား​ရှိသူ​တစ်ဦး ဖြစ်​ရမည်။ (တမန်​တော် ၁၈:၂၄; ၁ တိမောသေ ၄:၁၅; ၂ တိမောသေ ၄:၅) သူသည် စိတ်​နှိမ့်ချ​ခြင်း၊ ကျိုးနွံ​ခြင်း​နှင့် စိတ်ရှည်ခြင်း​ရှိသူ​ဖြစ်​ရမည်၊ အကြောင်း​မူ​ကား ရောင့်တက်​ပြီး မာနကြီး​သည့်​အပြင် ရည်မှန်းချက်​ကြီး​သူများ​အပေါ် ဘုရားသခင့်​ကောင်းချီး​များ မသက်ရောက်​ချေ။ (သု. ၁၁:၂; ဟေဗြဲ ၆:၁၅; ၃ ယောဟန် ၉၊ ၁၀) သူသည် အိမ်ထောင်သည်​ဖြစ်ပါ​က မိမိ​အိမ်ထောင်​ကို ကောင်းစွာ​ကြီးကြပ်​ကွပ်ကဲ​ပေး​နိုင်​သည့် မေတ္တာပါ​သော​အိမ်ထောင်ဦးစီး ဖြစ်​ရ​ပေမည်။ (၁ တိမောသေ ၃:၄၊ ၅၊ ၁၂) ဤ​သူသည် ဝိညာဉ်​ရေး​ဘက်​ကြွယ်ဝမှု​ကို တန်ဖိုး​ထား​တတ်သော​ကြောင့် ယေဟောဝါ​၏​ကောင်းချီး​ရရှိ​လိမ့်​မည်။—မဿဲ ၆:၁၉-၂၁

၁၅၊ ၁၆။ မည်သူ​တို့သည် “လူ့​အသွင် ဆုလာဘ်များ” ဖြစ်​ကြောင်း​သက်သေထူ​ခဲ့ပြီ​နည်း။ ပုံ​ဥပမာ​များ​ပေး​ပါ။

၁၅ အသင်းတော်၌ အကြီးအကဲ​များ​အဖြစ် အမှုထမ်းဆောင်​သူတို့သည် ဧဝံဂေလိ​ဟောပြောသူများ၊ သိုးထိန်း​များ၊ ဆရာသမား​များ​ဖြစ်​ရန် ကြိုးပမ်း​ကြသောအခါ ထိုသို့​သော “လူ့​အသွင် ဆုလာဘ်များ” ကို ကျေးဇူး​တင်​လေးမြတ်​ရန် အကြောင်းကောင်း​များ​ရှိစေသည်။ (ဧဖက် ၄:၈၊ ၁၁က​ဘ) သူတို့၏​မေတ္တာပါ​သော အကျိုးဆောင်​မှု​ကို​ခံစားရ​သူတို့သည် ကျေးဇူး​တင်​ကြောင်းကို နှုတ်ဖြင့်​အမြဲ​ဖွင့်​မပြော​သော်လည်း ယေဟောဝါ​သည် တည်ကြည်သော​အကြီးအကဲ​များ ပြု​လေ​သမျှ​ကို တွေ့မြင်​တော်​မူ​သည်။ ဘုရားသခင့်​လူများ​၏ အကျိုးဆောင်ခြင်း​ဖြင့် ကိုယ်တော့်​နာမကို​ထောက်၍ ပြ​သော​မေတ္တာကို ကိုယ်တော် မေ့လျော့​တော်​မူ​လိမ့်​မည်​မဟုတ်​ချေ။—၁ တိမောသေ ၅:၁၇; ဟေဗြဲ ၆:၁၀

၁၆ ဦးနှောက်​ခွဲစိတ်​ကုသမှု​ခံယူ​လု​ဆဲ​ရှိသည့် ခရစ်ယာန်​မိန်းမငယ်​လေး​တစ်ဦးထံ သွားရောက်​လည်ပတ်​ခဲ့​သော ဝီရိယ​ရှိသည့် အကြီးအကဲ​တစ်ဦး​အကြောင်းကို သုံးသပ်ကြည့်​ပါ။ “သူသည် အလွန်​ကြင်နာ​တတ်၊ အကူအညီ​ပေး​တတ်၊ ဂရုစိုက်​တတ်​သူ​တစ်ဦး​ဖြစ်သည်” ဟု မိသားစု​၏​မိတ်ဆွေ​တစ်ဦး​က စာရေး​အကြောင်းကြား​ခဲ့​သည်။ “ကျွန်မ​တို့​နှင့်အတူ ယေဟောဝါ​ထံ​ဆုတောင်း​ဖို့ သူ​အခွင့်​တောင်း​ခဲ့​သည်။ သူ​ဆုတောင်း​စဉ် [ယေဟောဝါသက်သေ​တစ်ဦး​မဟုတ်သော] ဖခင်​ဖြစ်သူ​သည် ရှိုက်ကြီးတငင်​ငိုချ​လိုက်ပြီး ဆေးရုံ​ခန်း​ထဲ​၌​ရှိသည့် လူတိုင်း​ပင် မျက်ရည်ကျ​လာ​လေ​သည်။ ထို​အကြီးအကဲ​၏ ဆုတောင်းချက်​မှာ အလွန်​မေတ္တာပါ​သိမ်မွေ့​ပြီး ဤ​အချိန်​အခါ​မျိုး​တွင် သူ့ကို ယေဟောဝါ​စေလွှတ်​လိုက်ခြင်းက မည်မျှ​မေတ္တာပါ​လိုက်​လေ​ခြင်း!” အခြား​သက်သေခံ​လူနာ​တစ်ဦး​က သူ့​ထံ​လည်ပတ်​လာသော အကြီးအကဲ​များ​အကြောင်း ဤသို့​ပြောပြ​သည်– “အထူး​ကြပ်မတ်​ကုသ​ဆောင်​ထဲ ကျွန်မ​ရဲ့​ခုတင်​ရှိတဲ့​နေရာကို သူတို့​လျှောက်လာ​ကြ​တဲ့​အခါ ရှေ့လျှောက်​ဘာပဲ​ဖြစ်ဖြစ် ကျွန်မ​ခံရပ်​နိုင်​မယ်​ဆိုတာ ကျွန်မ​အသေအချာ​သိတယ်။ ကျွန်မ​ဟာ စိတ်ဓာတ်​ကြံ့ခိုင်​လာပြီး စိတ်​ငြိမ်သက်မှု​ရှိ​လာတယ်။” ဤသို့​သော မေတ္တာပါ​စိုးရိမ်​ပူပန်​ပေး​မှု​ကို မည်သူ ဝယ်ယူ​နိုင်​မည်​နည်း။ လုံးဝ​မဝယ်​နိုင်​ချေ! ယင်းသည် ဘုရားသခင့်​ထံ​တော်​မှ ဆုကျေးဇူး​ဖြစ်​ပြီး ခရစ်ယာန်​အသင်းတော်​မှ​တစ်ဆင့် ၎င်းကို​ရရှိနိုင်​သည်။—ဟေရှာယ ၃၂:၁၊ ၂

လယ်ကွင်း​ဓမ္မ​အမှု ဆုကျေးဇူး

၁၇၊ ၁၈။ (က) ယေဟောဝါ​သည် မိမိ​လူမျိုး​အားလုံး​ကို အဘယ်​လုပ်ငန်းတော်​ဆုကျေးဇူး ပေးသနား​သနည်း။ (ခ) ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို ပြီးမြောက်​စေနိုင်​ရန် အဘယ်​အကူအညီကို ဘုရားသခင်​ပေး​သနည်း။

၁၇ လူသား​အားပေး​သော ဂုဏ်​တို့​တွင် အမြင့်မြတ်ဆုံး​သော​ဘုရား ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ခြင်း​ထက် သာ၍​ကြီးမြတ်သော​ဂုဏ် မရှိ​နိုင်​ချေ။ (ဟေရှာယ ၄၃:၁၀; ၂ ကောရိန္သု ၄:၇; ၁ ပေတရု ၂:၉) မည်သို့​ပင်​ဖြစ်စေ လူထု​ဓမ္မ​အမှု​တွင် ပါဝင်ခွင့်​ကို ဘုရားသခင့်​အမှုတော်​ဆောင်​လို​သူ ယောက်ျား​မိန်းမ ကြီးငယ်မရွေး ရရှိနိုင်၏။ ဤ​အဖိုးတန်​သော​ဆုကျေးဇူး​ကို သင်​အသုံးပြုပါ​သလော။ အချို့​က မိမိတို့သည် အရည်အချင်း​မပြည့်မီ​ဟု​ခံစားရ​သောကြောင့် တွန့်ဆုတ်​နေကြ​ပေမည်၊ သို့သော် ယေဟောဝါ​၏​အမှုတော်ထမ်း​ဆောင်​သူတို့​အပေါ် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သွန်းလောင်း​တော်​မူ​ကြောင်း၊ ယင်းက ကျွန်ုပ်​တို့​တွင်​မရှိသော မည်သည့်​အရာ​ကို​မဆို ဖြည့်စွက်​ပေး​နိုင်​ကြောင်း သတိရပါ။—ယေရမိ ၁:၆-၈; ၂၀:၁၁

၁၈ ယေဟောဝါ​သည် ဘုရားသခင့်​နိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်း​ကို မာနကြီး​သူ၊ ကိုယ့်​အား​ကိုယ်​ကိုး​သူတို့အား​မဟုတ်ဘဲ စိတ်​နှိမ့်ချသော မိမိ၏​ကျေးကျွန်​များ​အား လွှဲအပ်​ထား​တော်​မူ​သည်။ (၁ ကောရိန္သု ၁:၂၀၊ ၂၆-၂၉) စိတ်​နှိမ့်ချ၍ ကျိုးနွံ​သူတို့သည် လယ်ကွင်း​ဓမ္မ​အမှု​တွင် ပါဝင်​ကြ​စဉ် မိမိတို့၏​ကန့်သတ်ချက်​များ​ကို အသိအမှတ်ပြု​ကာ ဘုရားသခင့်​အကူအညီ​ရဖို့ မျှော်လင့်​ကြသည်။ သူတို့သည် ‘သစ္စာရှိ​ကျွန်’ မှ​တစ်ဆင့် ကိုယ်တော်​ပေး​တော်​မူ​သည့် ဝိညာဉ်​ရေးရာ​အထောက်အပံ့​ကိုလည်း တန်ဖိုး​ထား​ကြသည်။—လုကာ ၁၂:၄၂-၄၄; သု. ၂၂:၄

ပျော်ရွှင်သော​မိသားစု—ကောင်းမွန်သော​ဆုကျေးဇူး

၁၉။ သားသမီး​များ​မွေးမြူရေး​၌ အဘယ်​အချက်များ​က အောင်မြင်မှု​ရရှိစေ​သနည်း။

၁၉ အိမ်ထောင်ရေး​နှင့် ပျော်ရွှင်သော​မိသားစု​ဘဝ​သည် ဘုရားသခင့်​ထံ​တော်​မှ ဆုကျေးဇူး​များ​ဖြစ်သည်။ (ရုသ ၁:၉; ဧဖက် ၃:၁၄၊ ၁၅) ကလေး​များသည်​လည်း ‘ယေဟောဝါ​ထံ​မှ [တန်ဖိုး​ရှိ] အမွေဥစ္စာ’ ဖြစ်​ပြီး သူတို့တွင် ဘုရားသခင့်​ရေးရာ အရည်အသွေးများ အောင်မြင်စွာ​သွတ်သွင်း​ပေး​သော မိဘများ​အတွက် ပျော်ရွှင်စရာ​ဖြစ်သည်။ (ဆာလံ ၁၂၇:၃) သင်သည် မိဘ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​အတိုင်း သင့်​ကလေးငယ်​များ​ကို လေ့ကျင့်​သွန်သင်​ပေးခြင်း​ဖြင့် ကိုယ်တော့်​စကားသံ​ကို နားစွင့်​နေပါ။ ထိုသို့​ပြုမူ​သူတို့သည် ယေဟောဝါ​၏​ထောက်ပံ့မှု​နှင့် ကြွယ်ဝသော​ကောင်းချီး​ကို ခံစားရ​ကြ​ရန်​သေချာ​ပါ​သည်။—သု. ၃:၅၊ ၆; ၂၂:၆; ဧဖက် ၆:၁-၄

၂၀။ စစ်မှန်သော​ဝတ်ပြုရေး​မှ သွေဖည်​သွား​သည့် သားသမီး​များ​ရှိသူ မိဘများ​အတွက် အဘယ်အရာက အကူအညီ​ဖြစ်စေ​မည်​နည်း။

၂၀ ဘုရားသခင့်​ရေးရာ​ကို​ရှေး​ရှု​သော မိဘများသည် တာဝန်​ကျေပွန်​စွာ​ကြိုးစား​ခဲ့​သည့်​ကြား​မှ​ပင် သူတို့၏​သားသမီး​များ ကြီးပြင်း​လာ​ကြသောအခါ သူတို့​အထဲ​မှ အချို့​သည် စစ်မှန်သော​ဝတ်ပြုရေး​မှ သွေဖည်​သွား​ကြ​ပေမည်။ (ကမ္ဘာဦး ၂၆:၃၄၊ ၃၅) ယင်းက မိဘများ အကြီးအကျယ်​စိတ်ပျက်​စ​ရာ​ဖြစ်​နိုင်​သည်။ (သု. ၁၇:၂၁၊ ၂၅) သို့သော် မျှော်လင့်ချက်​အားလုံး​လက်​လျော့​လိုက်​မည့်​အစား ယေရှု၏​သားမိုက်​ပုံ​ဥပမာ​ကို သူတို့​အမှတ်ရခြင်း​က အကူအညီ​ဖြစ်​ပေမည်။ ထို​သား​သည် အိမ်​မှ​ထွက်ခွာ​သွား​၍ ထင်ရာစိုင်း​ခဲ့​သော်လည်း နောက်ပိုင်း​တွင် သူ့​အား ရွှင်လန်းစွာ၊ မေတ္တာဖြင့်​လက်ခံခဲ့​သည့် ဖခင်​အိမ်သို့ပြန်​လာ​ခဲ့​သည်။ (လုကာ ၁၅:၁၁-၃၂) မည်သို့​ပင်​ဖြစ်ပျက်​ပါ​လေ​စေ တည်ကြည်သော​ခရစ်ယာန်​မိဘများသည် ယေဟောဝါ​၏​သိနားလည်မှု၊ ကိုယ်တော်​၏​မေတ္တာပါ​သော စိုးရိမ်​ပူပန်မှု​နှင့် ကိုယ်တော်​၏​ထောက်ပံ့​ကူညီ​မှု အမြဲ​ရရှိ​မည်​ကို ယုံကြည်​စိတ်ချ​နိုင်​ကြသည်။—ဆာလံ ၁၄၅:၁၄

၂၁။ မည်​သူ့ကို ကျွန်ုပ်​တို့​နားထောင်​သင့်​နည်း၊ အဘယ်ကြောင့်​နည်း။

၂၁ သို့​ဖြစ်၍ ကျွန်ုပ်​တို့​တစ်ဦးစီ​အနေ​ဖြင့် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာတွင် အဘယ်အရာ​သည် အမှန်တကယ်​အရေးကြီးကြောင်း ပိုင်းခြား​ကြည့်​ပါ။ ကျွန်ုပ်​တို့သည် ကျွန်ုပ်​တို့​နှင့် ကျွန်ုပ်​တို့၏​မိသားစု​များ​အတွက် ဝမ်းနည်းစရာ​ဖြစ်စေ​နိုင်​မည့် စည်းစိမ်ဥစ္စာ​ကို မက်မက်မောမော​ရှာဖွေ​နေကြ​သလော။ သို့​မဟုတ် “အလင်း​တို့၏​အဘ​ထံ​တော်​က” သက်ရောက်​သည့် “ကောင်းမြတ်​စုံလင်သော​ဆုကျေးဇူး” ကို​ရရှိဖို့ ကျွန်ုပ်​တို့​ကြိုးစား​နေကြ​သလော။ (ယာကုပ် ၁:၁၇) “မုသာ​၏​အဘ” စာတန်​သည် ကျွန်ုပ်​တို့အား စည်းစိမ်ဥစ္စာ​အတွက် အားကုန်​ကြိုးပမ်း​စေ​လို​သည်၊ သို့ဖြင့် ပျော်ရွှင်မှု​နှင့် အသက်ကိုပါ လက်လွှတ်​ဆုံးရှုံး​စေ​လို​သည်။ (ယောဟန် ၈:၄၄; လုကာ ၁၂:၁၅) သို့သော် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အကောင်းဆုံး​အကျိုးကို လိုလား​တော်​မူ​သည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​မေတ္တာရှင်​ကောင်းကင်​ခမည်းတော်​၏​စကား​ကို အစဉ်အမြဲ​နားထောင်​လျက် ကိုယ်တော်၌ “မွေ့လျော်” ကြပါစို့။ (ဆာလံ ၃၇:၄) ယင်း​သို့​သော​လမ်းစဉ်​ကို ကျွန်ုပ်​တို့​လိုက်လျှောက်​မည်​ဆိုလျှင် ယေဟောဝါ​၏​တန်ဖိုး​မ​ဖြတ်​နိုင်သော ဆုကျေးဇူး​များနှင့် မြောက်မြား​လှ​သော​ကောင်းချီး​သည် ကျွန်ုပ်​တို့ကို ဝမ်းနည်းစရာ​အကြောင်း လုံးဝ​မရှိစေ​ဘဲ ကြွယ်ဝ​ချမ်းသာ​စေ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 နိုးလော့! ၁၉၉၃၊ ဇွန်လ ၈ ရက်၊ စာမျက်နှာ ၂၀-၂၃ ရှု။

သင်​မှတ်မိ​သလော

• အကြီးမားဆုံး​သော​ပျော်ရွှင်မှု​ကို မည်သည့်​နေရာတွင် ကျွန်ုပ်​တို့​တွေ့ရှိ​နိုင်​ကြ​သနည်း။

• မိမိလူ​တို့အား ယေဟောဝါ​ပေး​တော်​မူ​သော ဆုကျေးဇူး​အချို့​ကား အဘယ်နည်း။

• လယ်ကွင်း​ဓမ္မ​အမှုသည် အဘယ်ကြောင့် ဆုကျေးဇူး​တစ်ရပ်​ဖြစ်သနည်း။

• မိဘများသည် မိမိတို့၏​သားသမီး​များ​ကို မွေးမြူ​ပျိုးထောင်​ပေး​စဉ် ဘုရားသခင့်​ကောင်းချီး​ခံစားရ​ရန် အဘယ်အရာကို​ပြုလုပ်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဘုရားသခင်​၏ ရေးသား​ထားသော နှုတ်မြွက်​စကားတော်​ဆုကျေးဇူး​အတွက် တန်ဖိုး​ထား​လေးမြတ်မှု သင်​တင်ပြ​ပါသလော

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အလွန်​ခက်ခဲ​သော​အခြေအနေ​များ​ကြား​မှ လော်​ရ​ယ်လ်​န​စ္စ​ဘက်​သည် ဇွဲရှိ​ရှိ​ဖြင့် ဘုရားသခင့်​အမှုတော်​ဆောင်​ခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

တဗိသ​ကဲ့သို့​ပင် မျက်မှောက်ခေတ်​ခရစ်ယာန်​များသည် သူတို့၏​မေတ္တာပါ​လုပ်ရပ်များ​အတွက် လူသိ​များ​ကြ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ခရစ်ယာန်​အကြီးအကဲ​များသည် ယုံကြည်သူချင်း​တို့အတွက် မေတ္တာပါပါ စိုးရိမ်​ပူပန်​ကြ