မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်အရာက စစ်မှန်သောတန်ဖိုး ရှိသနည်း

အဘယ်အရာက စစ်မှန်သောတန်ဖိုး ရှိသနည်း

အဘယ်အရာက စစ်မှန်သော​တန်ဖိုး ရှိ​သနည်း

စစ်မှန်သော​တန်ဖိုး​ရှိသည့်​အရာ​တစ်ခုခု​ကို ပိုင်ဆိုင်​ထားခြင်း​က စိတ်​ကို​ပျော်ရွှင်​စေနိုင်​သည်။ သို့သော် ၎င်း​ကား အဘယ်အရာ​ဖြစ်​နိုင်​မည်​နည်း။ မြောက်မြားစွာ​သော​ငွေကြေး​လော။ တန်ဖိုး​ကြီးသော သို့​မဟုတ် ဆန်းပြား​သော​ရတနာ​လော။ ထင်ပေါ်​ကျော်ကြား​မှု​လော။ လူအများသည် ယင်း​တို့ကို အလွန်​တန်ဖိုး​ထား​တတ်ကြ​၏။ ၎င်းတို့ကို​ပိုင်ဆိုင်​ထားခြင်း​သည် စား​ဝတ်​နေ​ရေး​ကို​ဖူလုံ​စေနိုင်​သည်၊ ဘဝကို ပို​၍​အဓိပ္ပာယ်​ရှိစေ​နိုင်​သည်၊ သို့​မဟုတ် အသိအမှတ်ပြု ခံ​လို​စိတ်​နှင့် အထမြောက်​ပြီ​ဟူသော​စိတ်​တို့ကို ရောင့်ရဲ​စေနိုင်​သည်။ ဤ​အရာများ​က အနာဂတ်​အတွက် ကျွန်ုပ်​တို့၏​ပန်းတိုင်​များနှင့် ရည်မှန်းချက်​များ​ကို ပြည့်စုံ​စေမည်​ဟု​ယူမှတ်​ကာ ယင်း​တို့ကို ရှာဖွေ​စုဆောင်း​ရန် ကြိုးစား​အားထုတ်​နေ​သလော။

အများအားဖြင့်​ဆို​ရ​လျှင် လူတို့သည် မိမိတို့၏​လိုအပ်ရာ​များ​ကို မည်သို့​ဖြည့်စွက်​ပေး​သည် သို့​မဟုတ် အလိုဆန္ဒများကို မည်မျှ​ကျေနပ်​ရောင့်ရဲ​စေ​သည်​အပေါ် အခြေပြု​၍ တစ်စုံတစ်ရာ​ကို တန်ဖိုး​ထား​တတ်ကြ​၏။ ကျွန်ုပ်​တို့သည် စိတ်​ချမ်းသာ​စေပြီး လုံခြုံ​သော​အနာဂတ်​ရှိဖို့​အတွက် အလားအလာ​ရှိစေ​သည့်​အရာများ​ကို မြတ်နိုး​တတ်ကြ​သည်။ စိတ်သက်သာ​မှု၊ နှစ်သိမ့်မှု၊ သို့​မဟုတ် အသိအမှတ်ပြု​ခံရ​မှု ချက်ချင်း​ပေး​သော​အရာများ​ကို ကျွန်ုပ်​တို့​တန်ဖိုး​ထား​တတ်ကြ​သည်။ သို့​တိုင် ပြောင်းလဲ​နေသော ကျွန်ုပ်​တို့၏​ဆန္ဒ​များ သို့​မဟုတ် စိတ်ဝင်စား​ရာ​များ​ကို အခြေပြု​၍ တန်ဖိုး​ဖြတ်​ခြင်း​သည် အတိမ်အနက်​မရှိ၊ အမြော်အမြင်​နည်း​ရာ​ကျ​သည်။ စင်စစ်​အားဖြင့် ကျွန်ုပ်​တို့အတွက်​အလိုအပ်ဆုံး​ဟု ကျွန်ုပ်​တို့​ပိုင်းခြား​သိမြင်​သည့်​အရာ​က စစ်မှန်သော​တန်ဖိုး​ကို သတ်မှတ်​ပေး​သည်။

ကျွန်ုပ်​တို့​အလိုအပ်ဆုံး​အရာ​ကား အဘယ်နည်း။ အသက်—အဓိက​အ​ကျဆုံး​ဖြစ်သည့် ယင်း​အရာ​မ​ရှိလျှင် မည်သည့်​အရာ​မျှ တန်ဖိုး​မရှိပေ။ အသက်မရှိ​လျှင် ကျွန်ုပ်​တို့​တည်ရှိ​မည်​မဟုတ်။ ရှေး​ဣသရေလ​ရှင်ဘုရင်​ရှောလမုန်က ဤသို့​ရေးခဲ့​၏– “သေ​သော​သူ​မူ​ကား အဘယ်အရာကို​မျှ​မသိ။ . . . မရ​ဏာ​နိုင်ငံ [လူသားများ​၏​သာမန်​သင်္ချိုင်း] ၌​လုပ်ဆောင်ခြင်း​မရှိ။ ကြံစည်ခြင်း​မရှိ။ သိပ္ပံ​အတတ်​မရှိ။ ပညာ​မရှိပါ​တကား။” (ဒေ. ၉:၅၊ ၁၀) ကျွန်ုပ်​တို့​သေသွား​လျှင် ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ပစ္စည်း​ရှိသမျှကို ထားရစ်​ခဲ့​ရသည်။ သို့​ဖြစ်သော​ကြောင့် ကျွန်ုပ်​တို့​အလိုအပ်ဆုံး​အရာ​မှာ ကျွန်ုပ်​တို့၏​အသက်ကို ထိန်းသိမ်း​ပေး​မည့်​အရာ​ကို ပိုင်ဆိုင်​ရရှိ​ထား​ဖို့​ဖြစ်သည်။ အဘယ်အရာက ထိုသို့​ပြုလုပ်​ပေး​မည်​နည်း။

ကျွန်ုပ်​တို့၏​အသက်ကို အဘယ်အရာက ထိန်းသိမ်း​ပေး​မည်​နည်း

“ငွေ​သည်လည်း ကွယ်ကာ​တတ်၏” ဟု​ဘုရင်​ရှောလမုန်က ပြော​ခဲ့​သည်။ (ဒေ. ၇:၁၂) ငွေကြေး​အလုံအလောက်​ရှိလျှင် အစာ​အစား​နှင့် အဆင်ပြေ​သော​အိမ်ကို ရရှိနိုင်​သည်။ ငွေကြေး​ဖြင့် ခရီး​ဝေး​သွား​ရ​၍ ပျော်ရွှင်​နိုင်၏။ အသက်​ကြီးရင့်​ပြီး မ​ကျန်း​မမာ​ဖြစ်သည့်​အခါ အလုပ်​မ​လုပ်နိုင်​သည့်​အတွက် ကျွန်ုပ်​တို့​လိုအပ်ရာ​များ​ကို ငွေ​က​ထောက်ပံ့​ပေး​နိုင်​သည်။ လူအများသည် ချမ်းသာ​ကြွယ်ဝ​ကြသည်။ သို့​တိုင် ငွေ​သည် ကျွန်ုပ်​တို့ကို ဆက်​အသက်မရှင်​စေနိုင်​ပေ။ တမန်​တော်​ပေါလု​က “ဤ​ဘဝ​၌ ငွေ​ရ​တတ်သော​သူတို့သည် မာန်​မာန​စိတ်​နှင့်​ကင်းလွတ်​၍ မ​မြဲ​သော​စည်းစိမ်​ကို​မကိုးစား​ဘဲ . . . အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​ကို ကိုးစား​ရမည်” ဟု​တိမောသေ​အား သတိပေး​ဆုံးမ​ခဲ့​သည်။ (၁ တိမောသေ ၆:၁၇) လောက​မှ​ငွေကြေး​ရှိသမျှသည် ကျွန်ုပ်​တို့အတွက် အသက်ကို​မဝယ်​ပေး​နိုင်​ချေ။

ဟီ​တို​ရှီ​၏​အတွေ့အကြုံကို သုံးသပ်ကြည့်​ပါ။ ဆင်းရဲ​ချို့ငဲ့​စွာ​ကြီးပြင်း​လာသော​ကြောင့် ဟီ​တို​ရှီ​သည် ချမ်းသာ​ကြွယ်ဝ​လို​ခဲ့​၏။ ငွေ​ဖြင့် လူ​တို့ကို​ပင် ဝယ်ယူ​နိုင်၏​ဟူ၍​ထင်မှတ်​သည့်​အထိ ငွေ​၏​အစွမ်းထက်​မြက်​မှု​ကို သူ​ယုံကြည်ခဲ့​သည်။ ထို​အခါ ဟီ​တို​ရှီ​၏​အိမ်​သို့ လူတစ်ဦး​ရောက်လာ​ပြီး သူ့​အတွက် ယေရှု​ခရစ်​အသေခံပေး​ခဲ့​ကြောင်း သိပါသလော​ဟု​မေးခဲ့သည်။ မိမိ​ကဲ့သို့​သော​သူ​တစ်ဦး​အတွက် မည်သူကမျှ​အသေခံပေး​မည်​မဟုတ်​ဟု ဟီ​တို​ရှီ​အထင်​ရှိသောကြောင့် ထို​မေးခွန်း​ကို သိ​လို​ခဲ့​သည်။ လူထု​ကျမ်းစာ​ဟောပြောချက်​တစ်ခု​ကို သူ​တက်ရောက်​နားထောင်​ခဲ့​ပြီး ‘မျက်စိ​ကို​ရိုးရှင်း​စွာ​ထား’ ရန်​သတိပေး​ချက်​ကို ကြား​ရသည့်​အခါ အံ့အားသင့်​ခဲ့​၏။ “ရိုးရှင်း” သော​မျက်စိသည် အမြင်​ကျယ်​၍ ဝိညာဉ်​ရေးရာ​များ​အပေါ် အာရုံ​စူးစိုက်​တတ်​ကြောင်း ဟောပြောသူက ရှင်းပြသည်။ (လုကာ ၁၁:၃၄) ထို​အခါ ဟီ​တို​ရှီ​သည် ငွေကြေး​များ​လာဖို့​အတွက် ကြိုးစားပမ်းစား​လုပ်ကိုင်​မည့်​အစား သူ့​ဘဝတွင် ဝိညာဉ်​ရေး​စံနှုန်း​များ​ကို ဦးစားပေး​လာ​လေ​သည်။

စည်းစိမ်ဥစ္စာ​သည် အတိုင်းအတာ​တစ်ခု​အထိ တည်ငြိမ်​အေးချမ်း​လုံခြုံမှု​ရှိစေ​နိုင်​သည်။ ချမ်းသာ​ကြွယ်ဝခြင်း​သည် ကျွန်ုပ်​တို့၏​နေ့စဉ်​လိုအပ်ရာ​များ​အတွက် စိုးရိမ်​ပူပန်ခြင်း​ကို လျော့နည်းစေ​နိုင်၏။ နှစ်လိုဖွယ်​ရပ်ကွက်​တစ်ခု​တွင် အိမ်ကောင်း​တစ်လုံး​ရှိ​ထားခြင်း​က ပြီးပြည့်စုံ​သည်​ဟု​ခံစားရ​စေမည်။ ခေတ်မီ​အဝတ်အစား​များနှင့် ကား​ကောင်း​တစ်စီး​က အခြားသူများ​၏ အထင်ကြီး​လေးစားမှုကို ရရှိ​စေနိုင်​သည်။

‘ကျွန်ုပ်​တို့​ကြိုးစား​အားထုတ်​သမျှ​သော​အမှု၌​ပျော်မွေ့’ ရခြင်း​သည် ကောင်းချီး​တစ်ရပ်​ဖြစ်သည်။ (ဒေ. ၃:၁၃) အလျှံပယ်​ရှိ​ခြင်း​က ကျွန်ုပ်​တို့​ချစ်​မြတ်နိုးသူ​များ​အား ‘ငြိမ်​ဝပ်​စွာ​နေ​ရန်၊ စားသောက်​ရန်၊ ပျော်မွေ့​ရန်’ လုပ်ဆောင်ပေး​နိုင်​ပေမည်။ သို့သော် စည်းစိမ်ဥစ္စာ​သည် မ​မြဲ​သောတန်​ဖိုး​မျှ​သာ​ဖြစ်သည်။ လောဘ​လွန်ကြူး​ခြင်း​အကြောင်းကို သတိပေး​ရာ​၌ ယေရှု​ခရစ်​က “စည်းစိမ်​ရှိသော်လည်း စည်းစိမ်​၌ အသက်​မတည်” ဟု​မိန့်မှာ​ခဲ့​၏။ (လုကာ ၁၂:၁၅-၂၁) ပစ္စည်းဥစ္စာ​များသည် အရေအတွက် သို့​မဟုတ် တန်ဖိုး​မည်မျှ​ပင်​ရှိပါစေ ကျွန်ုပ်​တို့ကို အသက်​အာမခံချက်​မပေးနိုင်​ချေ။

ဥပမာ၊ လီဇ်​သည် ငွေကြေး​ချမ်းသာသူ​တစ်ဦး​နှင့် လက်ထပ်ခဲ့​သည်။ သူက​ဤသို့​ပြောပြ​သည်– “ကျွန်မ​တို့​မှာ အိမ်ကြီးအိမ်ကောင်း​တစ်လုံး၊ ကား​နှစ်​စီး​ရှိတယ်၊ ကျွန်မ​တို့​ရဲ့​ငွေ​ရေး​ကြေး​ရေး​အခြေအနေ​ကြောင့် လောကရဲ့​ပျော်ပါး​စ​ရာ​ရှိရှိသမျှကို​ရနိုင်တယ်။ . . . ဒါပေမဲ့ အံ့ဩစရာ​က ငွေကြေး​အတွက် ကျွန်မ​စိုးရိမ်​နေ​သေး​တယ်။” သူ​ဤသို့​ရှင်းပြ​၏– “ကျွန်မ​တို့​မှာ ဆုံးရှုံး​နိုင်​စ​ရာ အတော်​များတယ်။ ပို​ရှိ​လေ လုံခြုံမှု​ပို​နည်း​လေ​ပုံ​ခံစား​ရတယ်။”

ထင်ပေါ်​ကျော်ကြား​မှု​သည် ချီးမွမ်း​ဂုဏ်တက်​စေသော​ကြောင့် လူအများ​က ယင်း​တို့ကို အလွန်​တန်ဖိုး​ထား​တတ်ကြ​သည်။ ယနေ့ ဤ​လောကတွင် အောင်မြင်​သော​အသက်မွေး​လုပ်ငန်း​သည် အားကျစရာ​ကောင်း​သည့် ဖြစ်မြောက်မှု​တစ်ခု​ဖြစ်သည်။ ထူးခြားသော​စွမ်းရည်​များ သို့​မဟုတ် ကျွမ်းကျင်​မှုများ​ကို ပျိုးထောင်​ခြင်း​သည် ကျွန်ုပ်​တို့ကို ဂုဏ်တက်​စေနိုင်​သည်။ အခြား​သူများ​သည် ကျွန်ုပ်​တို့ကို ချီးမွမ်း​ပြီး ကျွန်ုပ်​တို့၏​ထင်မြင်ချက်​များ​ကို အလွန်​တန်ဖိုး​ထား​ကာ ကျွန်ုပ်​တို့၏​မျက်နှာသာ​ရ​လို​ကြ​ပေမည်။ ယင်း​တို့အားလုံး​သည် ပျော်ရွှင်​ကျေနပ်စရာ​ဖြစ်​နိုင်​သည်။ သို့သော် အဆုံး​၌​မူ ၎င်း​တို့​ကွယ်ပျောက်​သွား​တတ်​သည်။ ရှင်ဘုရင်​တစ်ပါး​ရရှိနိုင်​သမျှ​ဘုန်း​တန်ခိုး​ကို ရှောလမုန်​ရရှိ​ထား​သော်လည်း သူက​ဤသို့​ညည်းတွား​ခဲ့​၏– “မိုက်​သော​သူ[အား] အစဉ်​မ​အောက်မေ့​သကဲ့သို့ ပညာရှိ​သော​သူကိုလည်း အစဉ်​မ​အောက်မေ့​တတ်။” (ဒေ. ၂:၁၆) အသက်ရှင်ခြင်း​သည် ထင်ပေါ်​ကျော်ကြား​မှု​အတွက် ဆုလာဘ်​မဟုတ်​ချေ။

ပန်း​ပု​ဆရာ​ချဲလို​သည် ကျော်ကြား​မှု​ထက် သာ၍​တန်ဖိုး​ရှိသော​အရာတစ်ခု​ကို သူ​အလွန်​လေးမြတ်​တတ်လာ​သည်။ သူသည် ထူးချွန်မှု​အတွက် ကျွမ်းကျင်​မှု​တိုးတက်စေ​မည့် သင်တန်း​တစ်ခု​ကို တက်ခွင့်​ရခဲ့​သည်။ မကြာမီ သတင်းစာ​နှင့် အနုပညာ​ဝေဖန်ရေး​သမားများ​က သူ၏​အလုပ်ကို ချီးမွမ်း​ကြ​လေ​သည်။ သူ၏​ပန်းပုရုပ်​များစွာကို ဥရောပ​မြို့ကြီး​များ​တွင် ပြသ​ခဲ့​၏။ ချဲလို​က ဤသို့​ပြော​သည်– “ပန်း​ပု​ပညာ​ဟာ ကျွန်တော့်​ဘဝမှာ အတန်ကြာ​တဲ့​အထိ အရေး​အကြီးဆုံး​ဖြစ်​ခဲ့​တာ​ကို ကျွန်တော်​ဝန်ခံ​ရမယ်။ ဒါပေမဲ့ ကျွန်တော့်​ရဲ့​လုပ်ငန်း​ကို ဆက်​ပြီး​လိုက်စား​နေမယ်​ဆိုရင် သခင်​နှစ်ပါး​ရဲ့​အစေ​ကို​ခံ​နေတာ​ဖြစ်တယ်​ဆိုတာ ကျွန်တော်​သဘောပေါက်​လာတယ်။ (မဿဲ ၆:၂၄) ကျွန်တော်​လုပ်နိုင်တဲ့ အရေးကြီးဆုံး​အရာ​က ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​ပဲ​ဆိုတာ​ကို ကျွန်တော်​လက်ခံ​ယုံကြည်​လာတယ်။ ဒါ​ကြောင့် ပန်း​ပု​ဆရာ​အလုပ်ကို စွန့်လွှတ်​လိုက်​ဖို့ ကျွန်တော်​ဆုံးဖြတ်ချက်​ချ​ခဲ့တယ်။”

အဘယ်အရာ​သည် တန်ဖိုး​အရှိဆုံး​ဖြစ်သနည်း

အသက်မရှိ​လျှင် အဘယ်အရာမျှ အဓိပ္ပာယ်​မရှိ၊ တန်ဖိုး​မရှိသော​ကြောင့် ကျွန်ုပ်​တို့​အသက်ဆက်ရှင်​နိုင်​မည်​ဟု အာမခံ​သည့် မည်သည့်​အရာရှိ​သနည်း။ အသက်​ရှိသမျှသည် ယေဟောဝါ​ဘုရားသခင်​ထံ​မှ မြစ်ဖျားခံ​၏။ (ဆာလံ ၃၆:၉) မှန်ပါသည်၊ “ငါ​တို့သည် ဘုရားသခင်​အားဖြင့် အသက်ရှင်​လျက်၊ လှုပ်ရှား​လျက်၊ ဖြစ်​လျက်​ရှိကြ​၏။” (တမန်​တော် ၁၇:၂၈) ကိုယ်တော်​ချစ်​မြတ်နိုးသူ​များ​အား ဆုကျေးဇူး​အဖြစ် ထာဝရ​အသက်ပေး​သနားတော်မူ​သည်။ (ရောမ ၆:၂၃) ဤ​ဆုကျေးဇူး​ကို​ရရှိရန် ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

ထာဝရ​အသက်ဆု​ကျေးဇူး​ရရှိ​ခြင်း​သည် ယေဟောဝါ​နှင့် ကျွန်ုပ်​တို့​စပ်ကြား ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ခြင်း​အပေါ် မူတည်​သည်။ သို့​ဖြစ်၍ ကိုယ်တော်​၏​မျက်နှာသာတော်​ရရှိ​ခြင်း​သည် ကျွန်ုပ်​တို့​ပိုင်ဆိုင်​နိုင်​သမျှ​သော မည်သည့်​အရာ​ထက်​မဆို သာ၍​အဖိုးထိုက်​ပေ​သည်။ ယင်းကို ကျွန်ုပ်​တို့​ရရှိ​ပြီ​ဆိုလျှင် စစ်မှန်​ပြီး ထာဝရ​ပျော်ရွှင်မှု​အလားအလာကို ကျွန်ုပ်​တို့​ပိုင်ဆိုင်​ကြ​ပေမည်။ သို့သော် ဘုရားသခင့်​မျက်နှာသာတော်​မရ​ရှိလျှင် ထာဝရ​ဖျက်ဆီးခြင်း​ခံရ​ပေမည်။ ထို့​ကြောင့် ရှင်း​နေသည်​မှာ ယေဟောဝါ​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ရရှိရန် ကျွန်ုပ်​တို့ကို​ကူညီပေး​မည့် မည်သည့်​အရာ​မဆို အလွန်​တန်ဖိုး​ရှိ၏။

ကျွန်ုပ်​တို့​ပြုလုပ်​ရမည့်​အရာ

ကျွန်ုပ်​တို့၏​အောင်မြင်မှု​သည် အသိပညာ​တိုးလာ​ခြင်း​အပေါ် မူတည်​၏။ တိကျ​မှန်ကန်သော​အသိပညာ​၏​ဇာစ်​မြစ်​မှာ ယေဟောဝါ​၏​စကားတော် သမ္မာကျမ်းစာ​ဖြစ်သည်။ ၎င်း​က​သာ​လျှင် ဘုရားသခင်​မျက်နှာသာတော်​ရရှိရန် ကျွန်ုပ်​တို့​ပြုလုပ်​ရမည့်​အရာ​ကို ဖော်ပြ​ပေး​သည်။ ထို့​ကြောင့် ကျမ်းစာ​ကို သေချာ​စွာ​လေ့လာ​ဖို့​လိုအပ်​သည်။ ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​အကြောင်းကို ကျွန်ုပ်​တို့ တတ်နိုင်​သမျှ​သိရှိ​ရန် ဇွဲရှိ​ရှိ​ကြိုးစား​အားထုတ်ခြင်း​သည် ‘ထာဝရ​အသက်​နှင့်​ဆိုင်သော အသိပညာ’ ကို​ရရှိစေ​သည်။ (ယောဟန် ၁၇:၃) ဤသို့​သော​အသိပညာ​သည် မြတ်နိုး​တန်ဖိုး​ထား​ရမည့် ရတနာ​တစ်ပါး​ဖြစ်ပါ​သည်!—သု. ၂:၁-၅

ဘုရားသခင့်​စကားတော်​မှ​ရရှိသော အသိပညာ​သည် နောက်​တစ်ဆင့်​ဖြစ်သော ယေရှု​ခရစ်​၌ ယုံကြည်ခြင်း​တင်ပြ​စေ​သည်။ ယေဟောဝါ​ထံ​ရောက်ရှိ​လာ​ကြ​သူအား​လုံး​သည် ယေရှု​မှ​တစ်ဆင့် ထိုသို့​ပြုလုပ်​ရမည်ဟု ကိုယ်တော်​ပညတ်​ထား​သည်။ (ယောဟန် ၁၄:၆) မှန်​၏၊ “ကယ်တင်​နိုင်သော နာမ​တစ်စုံတစ်ခု​မျှ . . . မရှိ။” (တမန်​တော် ၄:၁၂) ကျွန်ုပ်​တို့၏​အဆုံးသတ်​ကယ်တင်ခြင်း​မှာ “ရွှေငွေ” အပေါ်​မဟုတ်ဘဲ “ခရစ်တော်​၏​အသွေးတော်မြတ်” အပေါ်​မူတည်​ပေ​သည်။ (၁ ပေတရု ၁:၁၈၊ ၁၉) ယေရှု၏​သွန်သင်ချက်​များ​ကို​ယုံကြည်ပြီး ကိုယ်တော်​၏​စံနမူနာ​များ​ကို လိုက်လျှောက်ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို တင်ပြ​ကြ​ရမည်။ (ဟေဗြဲ ၁၂:၁-၃; ၁ ပေတရု ၂:၂၁) ကိုယ်တော်​၏​ပူဇော်​သကာ​သည် အမှန်ပင်​အ​ဖိုးထိုက်လှ​ပါ​သည်​တကား! ၎င်း​၏​အကျိုးကျေးဇူးများ​ကို လိုက်လျှောက်ခြင်းက လူသား​အားလုံး​၏ ထာဝရ​အနာဂတ်​ကို ဆုံးဖြတ်​ပေး​သည်။ ကျွန်ုပ်​တို့၏​အကျိုးအတွက် ယင်းကို အပြည့်အဝ​လိုက်လျှောက်​သောအခါ စစ်မှန်သော​တန်ဖိုး​ရှိသည့် ထာဝရ​အသက်ဆု​ကို ကျွန်ုပ်​တို့​ရရှိကြ​မည်။—ယောဟန် ၃:၁၆

ယေရှု​က “သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ဉာဏ်​ရှိသမျှ​နှင့်​ချစ်​လော့” ဟု​မိန့်ဆိုခဲ့​၏။ (မဿဲ ၂၂:၃၇) ယေဟောဝါ​ကို ချစ်ခြင်း​ဟူသည် “ပညတ်တော်​တို့ကို​စောင့်​ခြင်း” ဖြစ်သည်။ (၁ ယောဟန် ၅:၃) ကိုယ်တော်​၏​ပညတ်တော်​များ​က လောက​နှင့်​သီးခြား​နေဖို့၊ ဖြောင့်မတ်​သော​အကျင့်ကို​ကျင့်​ဖို့​နှင့် ကိုယ်တော်​၏​နိုင်ငံတော်​ကို သစ္စာရှိ​ရှိ​ထောက်ခံဖို့ တောင်းဆို​သည်။ ဤနည်းဖြင့် ကျွန်ုပ်​တို့သည် သေခြင်းကို​မဟုတ်၊ ‘အသက်ရှင်ခြင်းကို ရွေးယူ’ ကြသည်။ (တရားဟောရာ ၃၀:၂၀) “ဘုရားသခင်​၌ ချဉ်းကပ်” လျှင် ‘ကိုယ်တော်​သည် သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်။’—ယာကုပ် ၄:၈

ဤ​လောက​ရှိ အဖိုးတန်​သော​အရာရှိသမျှ​ထက် ဘုရားသခင့်​မျက်နှာသာတော်​ရရှိ​ခြင်း အာမခံချက်​သည် သာ၍​အဖိုးထိုက်​ပေ​သည်။ ယင်းကို​ရရှိ​ထား​သူများ​သည် ကမ္ဘာ​ပေါ်​တွင် အချမ်းသာဆုံး​သော​သူများ​ဖြစ်​ကြ​၏။ သို့​ဖြစ်၍ စစ်မှန်သော​တန်ဖိုး​ရှိ​ရတနာ​ဖြစ်သည့် ယေဟောဝါ​၏​မျက်နှာသာတော်​ရရှိရန် ကြိုးစား​ကြပါစို့​လေ။ တမန်​တော်​ပေါလု​၏ ဤ​သတိပေး​ချက်​ကို နှလုံး​သွင်း​ကြ​စို့​လေ– “ဖြောင့်မတ်​စွာ​ကျင့်​ခြင်း၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့ကို မီအောင်လိုက်​ကြလော့။ ယုံကြည်ခြင်း​နှင့်​ဆိုင်၍ ကောင်းစွာ​သော​တိုက်လှန်​ခြင်း​ကို​ပြု​လော့။ ထာဝရ​အသက်ကို​ကိုင်​ယူ​လော့။”—၁ တိမောသေ ၆:၁၁၊ ၁၂

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အဘယ်အရာကို သင်​အလွန်​တန်ဖိုး​ထား​သနည်း။ ငွေကြေး၊ ပစ္စည်းဥစ္စာ၊ ထင်ပေါ်​ကျော်ကြား​မှု၊ သို့​မဟုတ် အခြား​အရာ​တစ်ခုခု​လော

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် ကျမ်းစာ​ကို သေချာ​စွာ​လေ့လာ​ရန်လို​အပ်