မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဖြောင့်သောလမ်း၌” လျှောက်လှမ်းလော့

“ဖြောင့်သောလမ်း၌” လျှောက်လှမ်းလော့

“ဖြောင့်သော​လမ်း၌” လျှောက်လှမ်း​လော့

“ဖြောင့်မတ်​သော​သူသည် မင်္ဂလာ​ရှိ၏ . . . အကြောင်း​မူ​ကား သူသည် မိမိ​အကျင့်​တို့၏​အကျိုးကို ခံစားရ​လိမ့်​မည်” ဟု​ပရောဖက်​ဟေရှာယ​က ကြေညာ​ခဲ့​သည်။ “ဖြောင့်မတ်​သော​သူသည် ဖြောင့်သော​လမ်း၌ သွား​တတ်၏” ဟူ၍လည်း ဟေရှာယ​ဆို​သည်။ (ဟေရှာယ ၃:၁၀; ၂၆:၇) ကျွန်ုပ်​တို့​ပြုမူ​ရာ​များ​မှ အကျိုး​ကောင်း​များ​ထွက်ပေါ်​စေဖို့​ဆိုလျှင် ဘုရားသခင်​၏​မျက်မှောက်တော်၌ ဖြောင့်မတ်​ရာ​ကို လုပ်ဆောင်​ရမည်​မှာ ရှင်းနေပါသည်။

သို့သော် ဖြောင့်သော​လမ်း၌ ကျွန်ုပ်​တို့ မည်သို့​လျှောက်လှမ်း​နိုင်​မည်​နည်း။ ထိုသို့​လျှောက်လှမ်းခြင်း​မှ မည်သည့်​ကောင်းကျိုး​များ​ကို မျှော်လင့်​နိုင်​မည်​နည်း။ ဘုရားသခင်​၏​ဖြောင့်မတ်​သော​စံနှုန်း​များနှင့်​အညီ ကျွန်ုပ်​တို့​လိုက်လျှောက်ခြင်း​အားဖြင့် အခြား​သူများ​သည် မည်သို့​အကျိုးကျေးဇူးများ​ခံစားရ​မည်​နည်း။ နယပုံပြင်​ကျမ်း​အခန်းကြီး ၁၀ တွင်​ရှေး​ဣသရေလ​ရှင်ဘုရင် ရှောလမုန်​သည် ဆိုးညစ်မှု​နှင့် ဖြောင့်မတ်မှု​ကို နှိုင်းယှဉ်​ဖော်ပြ​စဉ် အဆိုပါ​မေးခွန်းများကို ဖြေဆို​ပေး​သည်။ ထိုသို့​ဖြေဆို​ရာ​တွင် “ဖြောင့်မတ်​သော​သူ[များ]” အသုံးအနှုန်း​ကို ၁၃ ကြိမ်​အသုံးပြု​ခဲ့​၏။ အခန်းငယ် ၁၅ မှ ၃၂ တွင်​ဤ​အသုံးအနှုန်း​ကို ကိုး​ကြိမ်​တွေ့ရ​သည်။ သို့​ဖြစ်၍ နယပုံပြင် ၁၀:၁၅-၃၂ ကို​သုံးသပ်ခြင်း​ဖြင့် အားရှိ​လာ​ပါ​လိမ့်​မည်။ *

ဆုံးမ​ပဲ့ပြင်​မှု​ကို စွဲကိုင်​ထား​လော့

ရှောလမုန်​သည် ဖြောင့်မတ်ခြင်း​၏​အရေးပါမှု​ကို ထောက်ပြ​ခဲ့​သည်။ သူက “ငွေ​ရ​တတ်သော​သူ၏​စည်းစိမ်​သည် သူ၏​ခိုင်ခံ့​သော​မြို့​ဖြစ်၏။ ဆင်းရဲသား​တို့၏​ဆင်းရဲခြင်း​မူ​ကား သူတို့၏​အကျိုး​နည်း​ကြောင်း​ဖြစ်၏။ ဖြောင့်မတ်​သော​သူ၏​အလုပ်အကိုင်​သည် အသက်​နှင့်​လည်းကောင်း၊ မတရားသော​သူ၏​အကျိုး​စီးပွား​သည် အပြစ်​နှင့်​လည်းကောင်း​ယှဉ်​၏” ဟု​ပြော​သည်။—သု. ၁၀:၁၅၊ ၁၆

ခိုင်ခံ့​သော​မြို့​သည် ၎င်း​တွင်​နေထိုင်ကြ​သူများကို လုံခြုံမှု​အနည်း​အကျဉ်း​ပေး​သည့်​နည်းတူ စည်းစိမ်ဥစ္စာ​သည် ဘဝတွင် ကြုံတွေ့​ရသည့် မရေရာမှု​အချို့​မှ ကာကွယ်​ပေး​သည်။ မမျှော်လင့်​သော​အဖြစ်အပျက်​များ ဖြစ်ပေါ်​လာသော​အခါ ဆင်းရဲခြင်း​သည် အခြေအနေ​ပို​ဆိုးဝါး​စေနိုင်​သည်။ (ဒေ. ၇:၁၂) သို့သော် ချမ်းသာခြင်း​နှင့် ဆင်းရဲခြင်း နှစ်ခုစလုံး​နှင့်​ပတ်သက်​၍ အန္တရာယ်​ရှိ​နိုင်​ကြောင်းကို​လည်း ထို​ပညာရှိ​ရှင်ဘုရင်​က အရိပ်အမြွက်​ပြောဆို​နေခြင်း​ဖြစ်​မည်။ ဥစ္စာ​ရှိသူ​သည် မိမိ၏​စည်းစိမ်​ကို “မြင့်သော​မြို့ရိုး​နှင့်​တူ” သည်​ဟု ယူမှတ်​ကာ သူ၏​ဥစ္စာ​ကို လုံးလုံးလျားလျား အားကိုး​နေ​ပေမည်။ (သု. ၁၈:၁၁) ဆင်းရဲသား​မူ​ကား မိမိ​ဆင်းရဲသော​ကြောင့် အနာဂတ်​တွင် အဘယ်​မျှော်လင့်ချက်​မျှ​မရှိ​ဟု တလွဲ​ယူမှတ်​နိုင်​ပေ​သည်။ ဤနည်းဖြင့် ထို​သူ​နှစ်ဦးစလုံး​သည် ဘုရားသခင့်​ရှေ့တွင် နာမည်​ကောင်း​မရရှိ​ကြ​ချေ။

တစ်ဖက်​တွင်​မူ ဖြောင့်မတ်​သူ၌ စည်းစိမ်ဥစ္စာ များသည်​ဖြစ်စေ၊ နည်း​သည်​ဖြစ်စေ သူ၏​ဖြောင့်မတ်​သော​လုပ်ရပ်က သူ့ကို​အသက်ရှင်​စေ​၏။ မည်သို့​အားဖြင့်​နည်း။ သူ့​တွင်​ရှိသမျှ​နှင့် ကျေနပ်​ရောင့်ရဲသော​ကြောင့်​ဖြစ်သည်။ သူ၏​ငွေကြေး​အခြေအနေ​ကြောင့် ဘုရားသခင်​ရှေ့မှောက် သူ၏​မျက်နှာသာ​ရသော​အနေအထား​ကို အဟန့်အတား​ဖြစ်စေ​မည်​မဟုတ်​ချေ။ ဖြောင့်မတ်​သော​သူသည် ချမ်းသာ​သည်​ဖြစ်စေ၊ ဆင်းရဲ​သည်​ဖြစ်စေ သူ၏​ဘဝ​လမ်းစဉ်​က ယခု​ပင် သူ့​အား​ပျော်ရွှင်မှု​ကို​ရရှိ​စေပြီး အနာဂတ်​တွင် ထာဝရ​အသက်​ရ​ရန် မျှော်လင့်ချက်​ပေး​သည်။ (ယောဘ ၄၂:၁၀-၁၃) မတရားသော​သူသည် ချမ်းသာ​ကြွယ်ဝ​လျှင်​ပင် အကျိုး​မခံစား​ရ​ပေ။ သူသည် စည်းစိမ်​၏​ကာကွယ်​မှု​ကို​တန်ဖိုး​ထားပြီး ဘုရားသခင့်​အလိုတော်နှင့်​အညီ အသက်ရှင်​မည့်​အစား အပြစ်ပြု​ရန် သူ၏​စည်းစိမ်​ကို အသုံးပြု​လေ​သည်။

“နည်း​ဥပဒေသကို စောင့်ရှောက်သော​သူသည် အသက်​လမ်း​သို့​လိုက်​တတ်၏။ ဆုံးမခြင်း​ကို​ငြင်းပယ်​သော​သူ​မူ​ကား လမ်းလွဲ​တတ်၏” ဟူ၍ ဣသရေလ​ရှင်ဘုရင်​ဆက်ဆို​သည်။ (သု. ၁၀:၁၇) ဤ​အခန်းငယ်​ကို အဓိပ္ပာယ်​နှစ်မျိုး​ဖြင့် နားလည်​နိုင်​သည်​ဟု ကျမ်း​ပညာရှင်​တစ်ဦး​က ဖော်ပြ​သည်။ ဖြစ်​နိုင်​ခြေ​တစ်ခု​မှာ ဆုံးမ​ပဲ့ပြင်​မှု​ကို​လက်ခံ​ပြီး ဖြောင့်မတ်ခြင်း​ကို​လိုက်စားသူ​သည် အသက်​လမ်းစဉ်​ပေါ်​တွင်​ရှိပြီး ဆုံးမမှု​ကို​ငြင်းပယ်​သူ​မူ​ကား ထို​လမ်း​မှ​သွေဖည်​သွား​၏။ ဤ​အခန်းငယ်​သည် ဤသို့​လည်း​ဆိုလို​နိုင်​သည်– “ဆုံးမ​ပဲ့ပြင်​မှု​ကို အလေးထား​သူသည် အသက်​လမ်းကို​ပြသ​သည်၊ [သူ၏​ပုံသက်သေ​ကောင်း​သည် အခြား​သူများကို အကျိုးပြုသော​ကြောင့်​ဖြစ်၏] သို့သော် ပဲ့ပြင်​မှု​ကို လျစ်လျူရှု​သူ​မည်သူ​မဆို​သည် အခြား​သူတို့ကို လမ်းမှား​စေ​သည်။” (သု. ၁၀:၁၇အပြည်ပြည်ဆိုင်ရာ​ဘာသာပြန်​ကျမ်း) မည်သို့​ပင်​ဆို​စေ ကျွန်ုပ်​တို့သည် ပဲ့ပြင်​မှု​ကို​စွဲကိုင်​ထားပြီး ဆုံးမခြင်း​ကို​မစွန့်ခွာ​ရန် တကယ်​အရေးကြီး​ပါ​သည်​တကား!

မုန်းတီးခြင်း​ကို ချစ်ခြင်း​မေတ္တာဖြင့်​အစားထိုး​ပါ​လေ

ရှောလမုန်​သည် ဆက်၍​ထပ်တူ​သဘော​မျိုး​ဆောင်​သည့် အပိုင်း​နှစ်​ပိုင်း​ပါ နယပုံပြင်​တစ်ခု​ကို တင်ဆက်​ကာ ယင်း​၏​ဒုတိယ​အပိုင်း​သည် ပထမ​အပိုင်း​ကို ထောက်ခံ​သည်။ သူ​ဤသို့​ပြော​သည်– “မုန်း​ထားခြင်း​သဘောကို လျှို့ဝှက်​သော​သူသည် မုသာ​နှုတ်​ကို​ပိုင်​၏။” လူတစ်ဦး​သည် အခြားသူ​တစ်ဦး​အား မုန်းတီးစိတ်​ရှိ၍ ယင်းကို ချိုသာ​သော​စကား​များ သို့​မဟုတ် မြှောက်ပင့်​ပြောဆိုမှု​ဖြင့် ဖုံးအုပ်​ထား​မည်​ဆိုလျှင် သူသည် မရိုးသား​ချေ၊ သူ့မှာ “မုသာ​နှုတ်” ရှိ၏။ ပညာရှိ​ရှင်ဘုရင်​က ဤသို့​ထပ်ဆင့်​ဖြည့်စွက်​သည်– “အသရေ​ယုတ်လျော့​အောင် ပြောတတ်​သူ​ကား လူ​မိုက်​ဖြစ်၏။” (သု. ၁၀:၁၈သ​မ) လူ​အချို့​မူ​ကား သူတို့၏​မုန်းတီးမှု​ကို လျှို့ဝှက်​ထား​မည့်​အစား မုန်းတီး​သူ​အကြောင်း မဟုတ်မမှန်​ရာ​များ​ပြောဆို​စွပ်စွဲ​၍ ကဲ့ရဲ့​ဝေဖန်​တတ်ကြ​သည်။ ဤသို့​ပြုခြင်း​သည် မိုက်မဲ​ရာ​ကျ​၏၊ အကြောင်း​မှာ ထိုသို့​သွားပုပ်လေလွင့်​သတင်းဖြန့်​ခြင်း​ဖြင့် ထို​သူအား အမှန်​ပြုပြင်​ပြောင်းလဲ​နိုင်​မည်​မဟုတ်ပေ။ ပိုင်းခြား​သိမြင်မှု​ဖြင့် နားထောင်​တတ်​သူသည် မလို​တ​မာ​စိတ်ထား​ကို​သိမြင်ပြီး သွားပုပ်လေလွင့်​ပြောသူ​ကို​ပင် အထင်သေး​ပေမည်။ သို့ဖြင့် မကောင်း​သတင်းဖြန့်​သူသည် မိမိကိုယ်ကို အကျိုးယုတ်​စေ​သည်။

ဖြောင့်မတ်​သော​လမ်းစဉ်​မှာ လှည့်ဖြားခြင်း​ကိုလည်း​ကောင်း၊ သွားပုပ်လေလွင့်​ပြောဆိုခြင်း​ကိုလည်း​ကောင်း မပြု​လုပ်ခြင်း​ဖြစ်သည်။ ဘုရားသခင်​က ဣသရေလလူ​တို့အား “ညီအစ်ကို​ချင်း​ကို မုန်း​ထား​စိတ်​မရှိ​ရ” ဟု​မိန့်တော်မူ​ခဲ့​သည်။ (ဝတ်ပြုရာ ၁၉:၁၇သ​မ) ထို့​ပြင် ယေရှုကလည်း တရား​နာ​သူများကို ဤသို့​ဆုံးမ​ခဲ့​၏– “ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘ​၏​သား​ဖြစ်​လို​သော​ငှာ သင်တို့၏​ရန်သူ​တို့ကို​ချစ်​ကြလော့။ သင်တို့ကို​ကျိန်ဆို​သော​သူတို့အား မေတ္တာ​ပို့​ကြလော့။ သင်တို့ကို​မုန်း​သော​သူတို့အား ကျေးဇူးပြု​ကြလော့။ သင်တို့ကို နှောင့်ယှက်​ညှဉ်းဆဲ​သော​သူတို့​အဖို့ ဘုရားသခင်​ကို ဆုတောင်း​ကြလော့။” (မဿဲ ၅:၄၄၊ ၄၅) ကျွန်ုပ်​တို့​နှလုံး​တွင် မုန်းတီးခြင်း​အစား ချစ်ခြင်း​မေတ္တာ ပြည့်လျှံ​နေခြင်း​သည် မည်မျှ​ကောင်း​လိုက်​လေ​ခြင်း!

“နှုတ်​ကို​ချုပ်တည်း” လော့

လျှာ​ကို​ချုပ်တည်း​ရန် လို​ကြောင်းကို အလေးအနက်​ထား​ကာ ပညာရှိ​ရှင်ဘုရင် ဤသို့​ဆို​သည်– “စကား​များသောအားဖြင့် အပြစ်​ပါ​တတ်၏။ မိမိ​နှုတ်​ကို​ချုပ်တည်း​သော​သူ​မူ​ကား ပညာရှိ​၏။”—သု. ၁၀:၁၉

“မိုက်​သော​သူသည် စကား​များ​တတ်၏။” (ဒေ. ၁၀:၁၄) သူ၏​နှုတ်​သည် “မိုက်​သော​အရာ​ကို သွန်းလောင်း​တတ်၏။” (သု. ၁၅:၂) ယင်းကြောင့် စကား​များ​လွန်း​သူ​တိုင်း မိုက်မဲ​သည်​ဟု ဆိုလို​နေခြင်း​မဟုတ်ပေ။ သို့ရာတွင် စကား​များ​လွန်း​သူသည် အန္တရာယ်​ရှိသော​အတင်းအဖျင်း သို့​မဟုတ် ကော​လာ​ဟ​လ​သတင်းဖြန့်​ရန် မည်မျှ​လွယ်ကူ​လှ​လေ​ခြင်း! မိုက်မဲ​သော​စကား​ကြောင့် နာမည်​ပျက်​ခြင်း၊ နာကြည်း​စ​ရာ​များ၊ ဆက်ဆံ​ရေး​တင်းမာမှု​များနှင့် ကာယရေး​ထိခိုက်မှု​တို့​ပင် ဖြစ်ပေါ်​ခဲ့​သည်။ “စကား​များများ​ပြော​သော် အပြစ်​ပါ​လိမ့်​မည်။” (သု. ၁၀:၁၉အမေရိကန်​ဘာသာပြန်​ကျမ်း) ထို့​ပြင် ကိစ္စရပ်​တိုင်း​တွင် ပြောစရာ​တစ်စုံတစ်ရာ​ရှိသူ​တစ်ဦး​နှင့်​နေရ​ခြင်း​သည် ဒေါသ​ထွက်​စ​ရာ​ဖြစ်သည်။ ထို​ကြောင့် စကား​များ​လွန်း​သူ​မဖြစ်​ကြ​ပါ​လေ​နှင့်။

မုသာ​စကား​ကို မပြော​ဘဲ​နေ​ရုံ​မျှ​မ​က မိမိ၏​နှုတ်​ကို​ချုပ်တည်း​သော​သူသည် ပညာရှိ​၏။ သူသည် စကား​မပြော​မီ စဉ်းစားတတ်​၏။ ယေဟောဝါ​၏​နည်းလမ်းတော်​များ​ကို ချစ်​မြတ်နိုး​ပြီး လူသားချင်း​ကို တကယ်​ကူညီ​လို​စိတ်၏​လှုံ့ဆော်မှု​ကို​ခံရ​ရာ သူ၏​စကား​သည် သူတစ်ပါး​အား မည်သို့​ထိခိုက်​မည်​ကို ထည့်သွင်း​စဉ်းစား​လိမ့်​မည်။ သူ၏​စကား​သည် မေတ္တာပါ​ပြီး ကြင်နာ​မှု​ရှိသည်။ မိမိ၏​စကား​သည် နှစ်လိုဖွယ်​ဖြစ်​ပြီး အကူအညီ​ဖြစ်စေ​ရန် မည်သို့​ပြောဆို​ရမည်ကို သူ​စဉ်းစား​ဆင်ခြင်​၏။ သူ၏​စကား​များသည် အချိန်တိုင်း​တွင် လိမ္မာပါးနပ်မှု​ရှိပြီး ဂုဏ်​အသရေ​ရှိရာ “ငွေ​အပြော​က်​မှာ​စီခြယ်​သော ရွှေ​ရှောက်​ချို​သီး​နှင့်​တူ​၏။”—သု. ၂၅:၁၁

“လူအများ​ကို ကျွေးတတ်​၏”

ရှောလမုန်က ဤသို့​ဆက်ဆို​သည်– “ဖြောင့်မတ်​သော​သူ၏​လျှာ​သည် ငွေ​စင်​နှင့်​တူ​၏။ ဆိုးသော​သူ၏​နှလုံး​မူ​ကား အဖိုး​မထိုက်။” (သု. ၁၀:၂၀) ဖြောင့်မတ်​သူ၏​စကား​သည် စင်ကြယ်​၍ အရည်အသွေး​မြင့်မား​သည့် ငွေ​စင်​နှင့်​တူ​သည်။ ယင်းသည် သမ္မာ​ကျမ်းစာ​ပါ အသက်ကယ်​သော​အသိပညာကို အခြား​သူတို့အား ပြောကြား​သည့် ယေဟောဝါ​၏​ကျေးကျွန်​များနှင့် အမှန်ပင်​သက်ဆိုင်​သည်။ သူတို့၏​ကြီးမြတ်သော​သွန်သင်ပေး​ရှင် ယေဟောဝါ​ဘုရားသခင်​သည် သူတို့ကို သင်ကြား​ပေး​ခဲ့​ပြီး ‘ပင်ပန်း​သော​သူအား မစခြင်း​ငှာ စကားပြော​တတ်​မည်​အကြောင်း လူ​တတ်၏​နှုတ်​သတ္တိ​ကို သူတို့အား​ပေး​တော်​မူ​ပြီ။’ (ဟေရှာယ ၃၀:၂၀; ၅၀:၄) အမှန်​ဆို​ရ​လျှင် ကျမ်းစာ​အမှန်တရားကို သူတို့​ပြောဆို​ကြသောအခါ သူတို့၏​လျှာ​သည် ငွေ​စင်​နှင့်​တူ​၏။ သူတို့၏​စကား​များသည် မတရားသော​သူ၏​ရည်ရွယ်ချက်များ​ထက် စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​အတွက် အဖိုး​မ​ဖြတ်​နိုင်​ပါ​တကား! ဘုရားသခင့်​နိုင်ငံတော်​နှင့် ဘုရားသခင်​၏​အံ့ဖွယ်အမှု​များ​ကို စိတ်အား​ထက်သန်​စွာ​ပြောဆို​ကြပါစို့​လေ။

ဖြောင့်မတ်​သော​သူသည် သူ၏​ဝန်းကျင်ရှိ​သူတို့​အတွက် ကောင်းချီး​တစ်ရပ်​ဖြစ်၏။ “ဖြောင့်မတ်​သော​သူ၏​နှုတ်ခမ်း​တို့သည် လူအများ​ကို​ကျွေးတတ်​၏။ မိုက်​သော​သူတို့မူကား ဉာဏ်​မရှိသော​ကြောင့် သေကြ​လိမ့်​မည်” ဟု​ရှောလမုန်က ဆက်၍​ဆို​သည်။—သု. ၁၀:၂၁

အဘယ်​နည်းဖြင့် ‘ဖြောင့်မတ်​သော​သူသည် လူအများ​ကို​ကျွေး’ သနည်း။ ဤ​တွင်​အသုံးပြု​ထား​သည့် ဟေဗြဲ​စကားလုံး​သည် “သိုးထိန်းခြင်း” သဘောဆောင်​သည်။ (သု. ၁၀:၂၁၊ အောက်ခြေမှတ်ချက်) ရှေးခေတ်​က သိုးထိန်း​တစ်ဦး​သည် သူ၏​သိုး​ကို ကြည့်ရှု​စောင့်ရှောက်​သကဲ့သို့ပင် လမ်းညွှန်​ပေးခြင်း​သာမက ကျွေးမွေး​ပြုစု​ခြင်း​သဘော​မျိုး​လည်း ဆောင်​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၆:၁၁; ဆာလံ ၂၃:၁-၃; ရှောလမုန်သီချင်း ၁:၇) ဖြောင့်မတ်​သော​သူသည် ဖြောင့်မတ်​သော​လမ်း​သို့ အခြား​သူများကို ညွှန်ပြ​၏၊ သို့​မဟုတ် ပို့ဆောင်​ပေး​သည့်​အပြင် သူ့​စကား​ကို​နားထောင်သူ​တို့အား အားရှိစေ​သည်။ ရလဒ်​ကား၊ သူတို့သည် သာ၍​ပျော်ရွှင်​ကျေနပ်ဖွယ်​ကောင်းသော အသက်တာ​များ​ရှိသည့်​အပြင် ထာဝရ​အသက်ကို​ပင် ရရှိနိုင်​ကြ​ပေမည်။

သို့သော် မိုက်မဲ​သော​သူနှင့်​ပတ်သက်​၍​ကော အသို့နည်း။ သူသည် နှလုံး​လိုအပ်ချက်​ရှိနေ​သောကြောင့် သူ့မှာ ရည်ရွယ်ချက်​ကောင်း​မရှိ၊ သူ့​လမ်းစဉ်​၏ ဆိုးကျိုး​များနှင့်​ပတ်သက်​၍​လည်း စိုးရိမ်စိတ်​မရှိကြောင်း ဖော်ပြ​သည်။ ဤသို့​သော​သူသည် အဘယ်​အကျိုးဆက်ကို​မျှ ဂရုမစိုက်​ဘဲ သူလို​ချင်​ရာ​ကို ပြုလုပ်​တတ်၏။ ထို့​ကြောင့် သူ့​လုပ်ရပ်များ​၏​ဒဏ်​ကို သူ​ခံရ​သည်။ ဖြောင့်မတ်​သော​သူသည် အခြား​သူများကို အသက်ဆက်ရှင်​စေရန် ကူညီပေး​၏၊ နှလုံး​လိုအပ်ချက်​ရှိသူ​မူ​ကား မိမိကိုယ်ကို​ပင် အသက်မရှင်​စေနိုင်​ပေ။

လျော့​ရဲ​သော​အကျင့်ကို ရှောင်​လော့

လူတစ်ဦး​၏ နှစ်သက်ရာ​နှင့် မနှစ်သက်​ရာ​များ​က သူ၏​ဥပဓိရုပ်​ကို ဖော်ပြ​လေ့​ရှိသည်။ ဣသရေလ​ရှင်ဘုရင်​သည် အဆိုပါ​အချက်​ကို​ဖော်ပြ​ကာ ဤသို့​ဆို​၏– “မိုက်​သော​သူသည် အပြစ်ပြု​ရာ​၌ ပျော်မွေ့​တတ်၏။ ဉာဏ်​ကောင်းသော​သူ​မူ​ကား ဆင်ခြင်​တတ်၏။”—သု. ၁၀:၂၃

အကျင့်​လျော့ရဲမှု​ကို ပျော်စရာ သို့​မဟုတ် ကစားစရာ​အဖြစ် အချို့​က ယူမှတ်​ကြ​ပြီး “ပျော်​စေ​ပြ​က်​စေ” ပြုလုပ်​တတ်ကြ​သည်။ ဤသို့​သော​သူတို့သည် ဘုရားသခင်​ရှေ့ စာရင်း​ရှင်း​ရမည်ကို ဂရုမစိုက်၊ သူတို့​လမ်းစဉ်​မှား​ကြောင်းကို မသိ​ဟန်ဆောင်​နေကြ​သည်။ (ရောမ ၁၄:၁၂) သူတို့​အပြစ်ကို ဘုရားသခင်​မြင်တော်မူ​မည်​မဟုတ်​ဟု ယူမှတ်​သည့်​အထိ အတွေး​ချော်​နေကြ​သည်။ သူတို့၏​အပြုအမူ​အားဖြင့် သူတို့က “ဘုရားသခင်​မရှိ” ဟု​တစ်နည်း​အားဖြင့် ဆို​နေကြ​သည်။ (ဆာလံ ၁၄:၁-၃; ဟေရှာယ ၂၉:၁၅၊ ၁၆) တကယ့်ကို​မိုက်မဲ​လိုက်​လေ​ခြင်း!

ပိုင်းခြား​သိမြင်​သူ​မူ​ကား အကျင့်​လျော့ရဲခြင်း​သည် ကစားစရာ​မဟုတ်​ကြောင်း သဘောပေါက်​သည်။ ယင်းသည် ဘုရားသခင့်​အလိုတော်နှင့်​မ​တွေ့​သည့်​အပြင် ကိုယ်တော်​နှင့်​ဆက်ဆံ​ရေး​ကို​ပါ ပျက်ပြား​စေနိုင်​ကြောင်း သူသိ​ရှိ၏။ ဤသို့​သော​အကျင့်​သည် မိုက်မဲ​၏၊ အကြောင်း​မှာ ယင်းသည် ကိုယ့်​ကိုယ်ကို​လေးစားမှု​ဆုံးရှုံး​စေ​၏၊ အိမ်ထောင်ရေး​ကို​ပျက်စီး​စေ​၏၊ စိတ်ဓာတ်​ရေး​နှင့်​ကိုယ်ခန္ဓာ​ကို​ပါ ထိခိုက်​စေပြီး ဝိညာဉ်​ရေး​ဆုံးရှုံး​စေ​၏။ ကျွန်ုပ်​တို့သည် အကျင့်​လျော့ရဲမှု​ကို​ရှောင်ရှား​ပြီး ဉာဏ်ပညာ​ကို ချစ်​မြတ်နိုး​ရသော​နှမ​အဖြစ် နှစ်သက်​မြတ်နိုး​စိတ် ပြုစု​ပျိုးထောင်​ပေး​လျှင် ပညာရှိရာ​ရောက်မည်။—သု. ၇:၄

အုတ်မြစ်​မှန်​အပေါ် တည်ဆောက်​လော့

လူတစ်ဦး​၏​အသက်တာကို အုတ်မြစ်​ကောင်း​အပေါ် တည်ဆောက်​ခြင်း​၏​တန်ဖိုး​ကို ထောက်ပြ​၍ ရှောလမုန်က ဤသို့​ဆို​သည်– “မတရားသော​သူ ကြောက်​တတ်သော​အမှုသည် သူ့​အပေါ်​သို့​ရောက်​လိမ့်​မည်။ ဖြောင့်မတ်​သော​သူ တောင့်တ​သော​အကျိုးကို​ကား ဘုရားသခင်​ပေး​တော်​မူ​၏။ မတရားသော​သူသည် လွန်သွား​သော​လေပွေ​ကဲ့သို့ ပျောက်​တတ်၏။ ဖြောင့်မတ်​သော​သူ​မူ​ကား မြဲမြံ​သော​တိုက်မြစ်​ဖြစ်၏။”—သု. ၁၀:၂၄၊ ၂၅

မတရားသော​သူသည် သူတစ်ပါး​အား လွန်​စွာ​ကြောက်လန့်​စေ​ပေမည်။ သို့သော် အဆုံး​၌​မူ သူ​ကြောက်ရွံ့​ရာ​သည် သူ့​အပေါ်​ရောက်ရှိ​လာ​မည်။ သူသည် ဖြောင့်မတ်​သော​မူများ​အပေါ် အုတ်မြစ်​မချ​ထားခြင်း​ကြောင့် လေပြင်း​မုန်တိုင်း​ကျ​သောအခါ ပြိုကျ​သွား​သည့် ခိုင်ခံ့မှု​မရှိသော​အဆောက်အဦ​နှင့်​တူ​သည်။ သူသည် အခက်အခဲ​နှင့်​ကြုံ​ရသောအခါ အညံ့​ခံ​အရှုံးပေး​လိုက်ရ​သည်။ အခြား​တစ်ဖက်​တွင်​မူ ဖြောင့်မတ်​သော​သူသည် ယေရှု၏​မိန့်တော်မူချက်​များနှင့်​အညီ ပြုမူ​လုပ်ဆောင်​သူနှင့်​တူ​သည်။ သူသည် “ကျောက်​ပေါ်မှာ​အိမ်ဆောက်​သော​ပညာရှိ” ဖြစ်သည်။ “မိုးရွာ​၍​ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်ကို​တိုက်​သည်​ရှိ​သော် ကျောက်​ပေါ်မှာ​တည်​သောကြောင့် မ​ပြို​မလဲ​နေ​၏” ဟူ၍ ယေရှု​မိန့်ဆိုခဲ့သည်။ (မဿဲ ၇:၂၄၊ ၂၅) ဤ​သူသည် ကြံ့ခိုင်​၏၊ သူ့​အတွေးအခေါ်​နှင့် အပြု​အမူ​များသည် ဘုရားသခင့်​မူများ​အပေါ် ခိုင်ခံ့​စွာ​တည်ဆောက်​ထား​သည်။

မတရားသော​သူနှင့် ဖြောင့်မတ်​သော​သူတို့ကို ဆက်၍​မ​နှိုင်းယှဉ်​မီ တိုတုတ်​သော်လည်း အရေးကြီးသော​သတိပေး​ချက်​တစ်ခု​ကို ပညာရှိ​ရှင်ဘုရင်​က​ဖော်ပြ​သည်။ သူ​ဤသို့​ဆို​၏– “ပုံးရည် [“ရှ​လ​ကာ​ရည်၊” က​ဘ] သည်​သွား​၌​လည်းကောင်း၊ မီးခိုး​သည် မျက်စိ​၌​လည်းကောင်း​ဖြစ်​သကဲ့သို့ ပျင်းရိ​သော​သူသည် စေလွှတ်​သော​သူ၌​ဖြစ်၏။” (သု. ၁၀:၂၆) ရှ​လ​ကာ​ရည်​သည် သွားများ​ကို နာကျင်စေ​သည်။ ယင်း​တွင်​ပါရှိ​သော အက်​ဆစ်​တစ်​အက်​ဆစ်​သည် ပါးစပ်​ထဲ​တွင် ချ​ဉ်​ပြီး သွား​ကျိန်း​စေနိုင်​သည်။ မီးခိုး​သည် မျက်စိ​ကို​ကျိန်း​စပ်​စေ​၏။ ထို့​ကြောင့် ပျင်းရိ​သူကို အ​ငှား​လုပ်​ခိုင်း​မည်၊ သို့​မဟုတ် ကိုယ်စားလှယ်​တစ်ဦး​အဖြစ် အသုံးပြု​မည်​ဆိုလျှင် စိတ်​ဆင်းရဲ​ရပြီး ဆုံးရှုံး​လိမ့်​မည်။

‘ယေဟောဝါ​၏​တရားလမ်း​သည် ခိုင်ခံ့​၏’

ဣသရေလ​ရှင်ဘုရင်​က ဤသို့​ဆက်ဆို​သည်– “ထာဝရ​ဘုရား​ကို ကြောက်ရွံ့​သော​သဘော​သည် အသက်တာကို ရှည်​စေ​တတ်၏။ မတရားသော​သူ၏​နှစ်ပေါင်း​ကာလ​မူ​ကား တို​တတ်၏။ ဖြောင့်မတ်​သော​သူ၏ မျှော်လင့်ခြင်းသည် ဝမ်းမြောက်စရာ​အကြောင်း​ဖြစ်၏။ ဆိုးသော​သူ၏​မျှော်လင့်ခြင်း​မူ​ကား ပျောက်ပျက်​လိမ့်​မည်။”—သု. ၁၀:၂၇၊ ၂၈

ဖြောင့်မတ်​သော​သူသည် ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​မှု​ဖြင့် လမ်းညွှန်​ခံ​ပြီး သူ၏​အတွေးအခေါ်​များ၊ စကား​များနှင့် အပြု​အမူ​များ​ဖြင့် ယေဟောဝါ​၏​အလိုတော်နှင့်​တွေ့​ရန် ကြိုးစား​သည်။ သူ့ကို ဘုရားသခင်​ကြည့်ရှု​စောင့်ရှောက်​ပြီး သူ၏​ဖြောင့်မတ်​သော​မျှော်လင့်ချက်များ​ကို ဖြည့်ဆည်း​ပေး​သည်။ သို့သော် မတရားသော​သူသည် ဘုရားတရား​မဲ့ အသက်ရှင်​နေထိုင်​၏။ သူ၏​မျှော်လင့်ချက်များ​သည် တစ်ခါတစ်ရံ ပြည့်စုံ​သ​ယောင်​ရှိသော်လည်း ခေတ္တ​မျှ​သာ​ဖြစ်သည်၊ အကြောင်း​မှာ သူ၏​ဘဝ​ပုံစံ​ကြောင့် အကြမ်းဖက်မှု သို့​မဟုတ် ဖျားနာ​မှု​ဖြင့် သူ၏​နေ့ရက်​ကာလ​သည် တို​တတ်၏။ သူ​ကွယ်လွန်​သည့်​နေ့တွင် သူ၏​မျှော်လင့်ချက်​ရှိသမျှသည် ပျက်ပြား​သွားလေသည်။—သု. ၁၁:၇

“ထာဝရ​ဘုရား​၏​တရားလမ်း​သည် ဖြောင့်မတ်​သော​သူ ခိုင်ခံ့ခြင်း​အကြောင်း​ဖြစ်၏။ မတရား​သဖြင့်​ကျင့်​သော​သူတို့မူကား ပျက်စီးခြင်း​သို့​ရောက်​ရ​ကြလိမ့်မည်” ဟူ၍ ရှောလမုန်က​ပြောပြ​သည်။ (သု. ၁၀:၂၉) ဤ​တွင် ယေဟောဝါ​၏​လမ်း​သည် ကျွန်ုပ်​တို့​လိုက်လျှောက်​သင့်​သည့် ဘဝ​လမ်းစဉ်​မဟုတ်ဘဲ လူသား​နှင့် ဘုရားသခင်​ဆက်သွယ်​သည့် လမ်းစဉ်​ကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ “ဘုရားသခင်​သည် မူလအမြစ်​ဖြစ်၍ အမှုတော်​သည် စုံလင်​ပေ​၏” ဟူ၍ မောရှေ​ပြော​ခဲ့​သည်။ (တရားဟောရာ ၃၂:၄) ဘုရားသခင်​၏​ဖြောင့်မတ်​သော​လမ်းစဉ်သည် ဖြောင့်မတ်​သူ​အတွက်​လုံခြုံ​ပြီး မတရားသော​သူ​အတွက် ပျက်စီး​သို့​ပို့ဆောင်​သည်။

ယေဟောဝါ​သည် မိမိလူ​တို့အတွက် တကယ်​ခိုင်ခံ့​သည်​တကား! “ဖြောင့်မတ်​သော​သူသည် အစဉ်မပြတ်​နေရာ​မှ​မ​ရွေ့​ရ။ မတရားသော​သူ​မူ​ကား မြေပေါ်မှာ အတည်​မကျ​ရ။ ဖြောင့်မတ်​သော​သူ၏​နှုတ်​မှ ပညာ​စကား​ထွက်​တတ်၏။ ကောက်လိမ်​သော​လျှာ​မူ​ကား အ​ဖြတ်​ခံရ​လိမ့်​မည်။ ဖြောင့်မတ်​သော​သူ၏​နှုတ်ခမ်း​တို့သည် နှစ်သက်ဖွယ်သော​အရာ​ကို သိကျွမ်း​တတ်၏။ မတရားသော​သူတို့မူကား ဆန့်ကျင်​သော​စကား​ကို​ပြောတတ်​၏။”—သု. ၁၀:၃၀-၃၂

ဖြောင့်မတ်​သူတို့သည် ဖြောင့်မတ်​သော​လမ်းစဉ်၌ လျှောက်လှမ်း​ကြသော​ကြောင့် အမှန်ပင်​ကောင်းစား​ပြီး ကောင်းချီး​ခံစား​ကြ​ရ၏။ မှန်ပါသည်၊ “ထာဝရ​ဘုရား​၏​ကောင်းချီး​မင်္ဂလာ​သည် စည်းစိမ်​ကို​ဖြစ်စေ​တတ်၏။ ထို​စည်းစိမ်​နှင့်​လည်း ဝမ်းနည်းခြင်း​အကြောင်းကို ရောနှော​တော်​မ​မူ။” (သု. ၁၀:၂၂) သို့​ဖြစ်၍ ဘုရားသခင့်​မူများ​နှင့်​အညီ ပြုမူ​လုပ်ဆောင်ရန် အမြဲ​သတိထား​ကြ​ပါ​လေ။ ကျွန်ုပ်​တို့၏​နှုတ်​ကိုလည်း ချုပ်တည်း​ကာ လျှာ​ကို သမ္မာ​ကျမ်းစာ​ပါ အသက်ကယ်​သော​အမှန်တရားကို ပြောဆို​ဖို့ အသုံးပြုပြီး အခြားသူများ​အား ဖြောင့်မတ်ခြင်း​လမ်းအတိုင်း လိုက်လျှောက်​ကြ​ရန် လမ်းညွှန်​ပေး​ကြ​စို့​လေ။

[အောက်ခြေမှတ်ချက်]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

လျှာ​သည် “ငွေ​စင်” ကဲ့သို့​ဖြစ်​နိုင်