မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ယေဟောဝါ​အား “စိတ်ဖြင့်” ကိုးကွယ်​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

ရှုခါ​မြို့အနီး ယာကုပ်​၏​ရေတွင်း၌ ရေ​လာ​ခပ်​သော ရှမာရိ​အမျိုးသမီး​တစ်ဦး​ကို သက်သေခံ​သောအခါ ယေရှု​ခရစ်​က “ဘုရားသခင်​သည် . . . ဝိညာဉ်​တစ်ပါး​ဖြစ်​တော်​မူ​သဖြင့် ကိုယ်တော်​ကို​ဝတ်ပြု​သော​သူတို့သည် စိတ်ဖြင့်​လည်းကောင်း၊ [အမှန်တရား]ဖြင့်​လည်းကောင်း ဝတ်ပြု​ရမည်ဟု မိန့်တော်မူ၏။” (ယောဟန် ၄:၂၄က​ဘ) စစ်မှန်သော​ဝတ်ပြုရေးကို ‘အမှန်တရားဖြင့်’ ဝတ်ပြု​ရမည်​ဆို​သည်​မှာ ယေဟောဝါ​ဘုရားသခင်​သည် မိမိ​အကြောင်း​နှင့် မိမိ၏​ရည် ရွယ်​ချက်​များ​အကြောင်း သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​ရာ​များနှင့်​အညီ လုပ်ဆောင်ခြင်း​ဖြစ်သည်။ ထို့​ပြင် အား​ကြီးသော​မေတ္တာ၊ ယုံကြည်ခြင်း​အပြည့်​ရှိ​နှလုံး​၏ လှုံ့ဆော်ပေး​မှု​ဖြင့် စိတ်အား​ထက်သန်​စွာ ဘုရားသခင်​ကို ကျွန်ုပ်​တို့​ဝတ်ပြု​ကိုးကွယ်​ရမည်​ဖြစ်သည်။ (တိတု ၂:၁၄) သို့သော် ‘ဘုရားသခင်​ကို စိတ်ဖြင့်​ဝတ်ပြု​ရမည်’ ဟု​ယေရှု​မိန့်ဆိုခဲ့​ခြင်း​သည် ယေဟောဝါ​အား ကျွန်ုပ်​တို့​ဝတ်ပြု​ကိုးကွယ်​ရာ​တွင် ကျွန်ုပ်​တို့​တွင်ရှိသော စိတ်သဘော​ထက်မက​ဆိုလို​ကြောင်း ရှေ့နောက်စကား​က​ဖော်ပြ​သည်။

ရေတွင်း၌ ယေရှု​တွေ့ဆုံ​ခဲ့​သော​အမျိုးသမီးနှင့် ကိုယ်တော်​ဆွေးနွေး​ခဲ့​ခြင်း​အကြောင်း​သည် ဝတ်ပြုရေး​၌ စိတ်အား​ထက်သန်မှု​ရှိ​ခြင်း၊ မရှိခြင်း​အကြောင်း​မဟုတ်​ချေ။ မှားယွင်းသော​ဝတ်ပြုရေးကို​ပင် ဇွဲရှိ​ရှိ၊ သစ္စာရှိ​ရှိ ဝတ်ပြု​နိုင်၏။ ၎င်း​အစား မျက်မြင်ရ​ဒေသ​များ​ဖြစ်​ကြသော ရှမာရိ​တောင်​၌​လည်းကောင်း၊ ယေရုရှလင်​မြို့ရှိ ဗိမာန်တော်၌​လည်းကောင်း ခမည်းတော်​ကို ဝတ်ပြု​ကိုးကွယ်​ကြလိမ့်မည်​မဟုတ်​ကြောင်း ယေရှု​ပြော​ပြီး​နောက် ဘုရားသခင်​၏​သဘောသဘာဝ​အစစ်အမှန်​ကို အခြေပြု​၍ ဝတ်ပြု​ကိုးကွယ်​ရမည့်​နည်း​အသစ်​ကို ကိုယ်တော်​ညွှန်ပြ​ခဲ့​၏။ (ယောဟန် ၄:၂၁) “ဘုရားသခင်​သည် . . . ဝိညာဉ်​တစ်ပါး​ဖြစ်​တော်​မူ​၏” ဟု​ကိုယ်တော်​မိန့်ဆိုခဲ့သည်။ (ယောဟန် ၄:၂၄) စစ်မှန်သော​ဘုရားသခင်​သည် ရုပ်ခန္ဓာ​မရှိသော​ကြောင့် ကိုယ်တော့်​ကို မမြင်နိုင်၊ မထိတွေ့ နိုင်​ပေ။ ကိုယ်တော်​၏​ဝတ်ပြုရေးသည် မျက်မြင်ရ​ဗိမာန်တော်​တစ်ခု သို့​မဟုတ် တောင်​တစ်လုံး​၌ အခြေ​မပြု​ချေ။ သို့​ဖြစ်၍ မျက်မြင်ရ​အရာများ​ကို​ကျော်လွန်​သော ဝတ်ပြုရေး​အသွင်​တစ်မျိုး​ကို ယေရှု​ရည်ညွှန်း​နေခြင်း​ဖြစ်သည်။

အမှန်တရားဖြင့် ဝတ်ပြု​ကိုးကွယ်​ရမည့်​အပြင် အလိုတော်နှင့်​ညီသော​ဝတ်ပြုမှု​သည် သန့်ရှင်းသော​ဝိညာဉ်​တော်—ဘုရားသခင်​၏​တက်ကြွ​လှုပ်ရှား​သည့်​စွမ်းအား—၏​လမ်းညွှန်မှုကို​လည်း ခံရ​ပေမည်။ “[သန့်ရှင်းသော] ဝိညာဉ်တော်သည် ဘုရားသခင်​၏​နက်နဲ​သော​အရာ​တိုင်အောင် ခပ်သိမ်း​သော​အရာ​တို့ကို စစ်​တော်​မူ​၏” ဟု​တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ ထပ်မံ​၍ သူ​ဤသို့​ဆို​သည်– “ငါ​တို့သည် လော[က]ဝိညာဉ်​ကို​မခံရ​ကြ။ ဘုရားသခင်​ပေး​တော်​မူ​သော​အရာ​တို့ကို သိခြင်း​အလို​ငှာ ဘုရားသခင့်​ထံ​မှ​ကြွလာ​သော​ဝိညာဉ်​ကို ခံရ​ကြပြီ။” (၁ ကောရိန္သု ၂:၈-၁၂) ဘုရားသခင့်​အလိုတော်နှင့်​အညီ ဝတ်ပြု​ကိုးကွယ်​ရန် ကိုယ်တော်​၏​ဝိညာဉ်​တော်​ကို​ခံရ​ပြီး ယင်း​၏​လမ်းညွှန်မှုကို ခံရ​မည်​ဖြစ်သည်။ ထို့​ပြင် ကျွန်ုပ်​တို့၏​စိတ် သို့​မဟုတ် စိတ်​နေ​စိတ်ထား​သည် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကို လေ့လာ​ကျင့်သုံး​ခြင်း​အားဖြင့် ကိုယ်တော်​၏​ဝိညာဉ်​တော်​နှင့်​အညီ ဖြစ်​ဖို့​လည်း​လို​သည်။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

“စိတ်ဖြင့်​လည်းကောင်း၊ [အမှန် တရား]ဖြင့်​လည်းကောင်း” ဘုရားသခင်​ကို ဝတ်ပြု ကိုးကွယ်​ပါ