ဝန်ချတောင်းပန်ခြင်း ပြန်လည်သင့်မြတ်ရန်သော့ချက်
ဝန်ချတောင်းပန်ခြင်း ပြန်လည်သင့်မြတ်ရန်သော့ချက်
“တောင်းပန်ချက်များသည် တန်ခိုးရှိ၏။ အကြမ်းမဖက်ဘဲ ပဋိပက္ခများကို ဖြေရှင်းပေးသည်၊ တိုင်းနိုင်ငံအချင်းချင်း ကွဲပြားနေခြင်းကို ပြန်လည်စေ့စပ်ပေးသည်၊ မိမိနိုင်ငံသားများ၏ ခံစားချက်ကို အစိုးရများအား အသိအမှတ်ပြုစေသည်၊ ပုဂ္ဂိုလ်ချင်းဆက်ဆံရေးကို ဟန်ချက်ပြန်ညီစေသည်။” ဤသို့ ဝါရှင်တန်၊ ဒီ.စီ.၊ ဂျော့ခ်ျတောင်းတက္ကသိုလ်မှ အရောင်းအသွက်ဆုံး စာရေးဆရာနှင့် လူမှုရေးအထူးပြုသူ ဘာသာဗေဒပညာရှင် ဒယ်ဘရာတယ်နန် ရေးသားခဲ့သည်။
ပျက်ပြားသွားသောဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရန် စိတ်ရင်းမှန်ဖြင့် ဝန်ချတောင်းပန်ခြင်းသည် ထိရောက်သောနည်းဖြစ်လေ့ရှိကြောင်း သမ္မာကျမ်းစာက အတည်ပြုပါသည်။ သာဓကအနေနှင့်၊ ယေရှု၏ဖြုန်းတီးသောသားပုံဥပမာတွင် သားဖြစ်သူ အိမ်ပြန်လာပြီး စိတ်ရင်းမှန်ဖြင့် ဝန်ချတောင်းပန်လိုက်သောအခါ ဖခင်ဖြစ်သူသည် သူ့ကိုဝမ်းသာအားရပြန်လက်ခံရန် အသင့်ရှိခဲ့သည်။ (လုကာ ၁၅:၁၇-၂၄) လူတစ်ဦးသည် မိမိ၏မာန်ကိုချိုးနှိမ်၍ ဝန်ချတောင်းပန်ပြီး ခွင့်လွှတ်မှုရရှိရန် ကြိုးစားဖို့ ဘယ်သောအခါမျှ မာနမကြီးလွန်းသင့်ပါ။ အမှန်တကယ် စိတ်နှိမ့်ချသူများအတွက် ဝန်ချတောင်းပန်ခြင်းသည် မခက်ခဲလှချေ။
ဝန်ချတောင်းပန်ခြင်း၏တန်ခိုး
ရှေးဣသရေလနိုင်ငံမှ ပညာရှိအမျိုးသမီးတစ်ဦးဖြစ်သူ အဘိဂဲလသည် ဝန်ချတောင်းပန်ခြင်း၏တန်ခိုးကို ပုံဖော်ပြခဲ့၏၊ သူသည် သူ့ခင်ပွန်းပြုမိသော အမှားအတွက် ဝန်ချတောင်းပန်ခဲ့သည်။ နောက်ပိုင်းတွင် ဣသရေလရှင်ဘုရင်ဖြစ်လာသူ ဒါဝိဒ်သည် သူ၏နောက်လိုက်များနှင့်အတူ တောထဲ၌နေခဲ့ကြစဉ် အဘိဂဲလ၏လင်ယောက်ျား၊ နာဗလ၏သိုးအုပ်ကို စောင့်ရှောက်ကာကွယ်ပေးခဲ့သည်။ သို့တိုင် ဒါဝိဒ်၏လုလင်တို့က မုန့်နှင့်ရေကို တောင်းဆိုသောအခါ နာဗလသည် အလွန်ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုပြီး သူတို့ကို လက်ချည်းလွှတ်လိုက်သည်။ ထိုအခါ ရန်စခံရသောဒါဝိဒ်သည် နာဗလနှင့် သူ၏အိမ်ထောင်စုကိုတိုက်ခိုက်ဖို့ လူ ၄၀၀ ခန့်ကို ဦးစီးခေါ်ဆောင်လာ၏။ အခြေအနေကို အဘိဂဲလသိသောအခါ ဒါဝိဒ်နှင့်တွေ့ဆုံ၁ ဓမ္မရာဇဝင် ၂၅:၂-၃၅။
ရန် ထွက်လာလေ၏။ ဒါဝိဒ်ကိုမြင်သောအခါ မြေပေါ်မှာ သူ့ရှေ့ဦးညွှတ်ချ၏။ ထို့နောက် သူက “ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ကျွန်မသည် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ” ဟုလျှောက်လေသည်။ ၎င်းနောက် အဘိဂဲလသည် အခြေအနေကိုရှင်းပြပြီး ဒါဝိဒ်အား စားဖွယ်၊ သောက်ဖွယ်တို့ကို ဆက်သလေသည်။ ထိုအခါ ဒါဝိဒ်က “သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏မျက်နှာကိုလည်းထောက်၍နေမည်” ဟုဆိုခဲ့သည်။—အဘိဂဲလ၏နှိမ့်ချသောသဘောထားနှင့်အတူ ခင်ပွန်းသည်၏ရိုင်းပျမှုအတွက် သူ၏တောင်းပန်စကားများကြောင့် တစ်အိမ်ထောင်လုံး အသက်ချမ်းသာရခဲ့ခြင်းဖြစ်သည်။ လူအသက်သတ်ခြင်းငှာ မသွားရမည်အကြောင်း ဆီးတားပေးခြင်းအတွက် ဒါဝိဒ်က သူ့ကိုကျေးဇူးပင်တင်ခဲ့သည်။ အဘိဂဲလသည် ဒါဝိဒ်နှင့်သူ့နောက်လိုက်များကို မတော်မတရားပြုခဲ့သူမဟုတ်သော်လည်း သူ့မိသားစုအတွက် ခေါင်းခံပြီး ဒါဝိဒ်နှင့် ပြန်လည်သင့်မြတ်ရန် ကြိုးစားခဲ့သည်။
အဘယ်အချိန်၌ ဝန်ချတောင်းပန်ရမည်ကိုသိသူ နောက်တစ်ဦးမှာ တမန်တော်ပေါလုဖြစ်သည်။ တစ်ချိန်က သူသည် ဂျူးအထက်တရားရုံး၊ ဆဲန်ဟီဒရင်ရှေ့ မိမိကိုယ်ကို ခုခံကာကွယ်ပြောဆိုခဲ့ရသည်။ ယဇ်ပုရောဟိတ်မင်းအာနနိသည် ပေါလု၏ပရိယာယ်ကင်းသောစကားကြောင့် ဒေါသထွက်သွားရာ သူ၏နှုတ်ကိုရိုက်ရန် ပေါလုအနားတွင် ရပ်နေသူများကို အမိန့်ပေးခဲ့သည်။ ထိုအခါ ပေါလုက “အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှာ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော” ဟူ၍ ပြန်ပြောခဲ့သည်။ ယဇ်ပုရောဟိတ်မင်းကို ဝေဖန်ပြစ်တင်သည့်အတွက် ဘေးမှရပ်ကြည့်သူများက ပေါလုကိုအပြစ်ဆိုကြသည့်အခါ တမန်တော်က “ညီအစ်ကိုတို့၊ သူသည်ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကို အကျွန်ုပ်မသိ။ ‘သင်၏အမျိုးကိုအုပ်စိုးသောမင်းကို သင်သည်မကဲ့ရဲ့ရ’ ဟု ကျမ်းစာ၌လာသည်” ဟုဆိုလျက် မိမိ၏အမှားကို ချက်ချင်းဝန်ခံခဲ့သည်။—တမန်တော် ၂၃:၁-၅။
တရားစီရင်ရန် ခန့်အပ်ခံရသူတစ်ဦးသည် အကြမ်းမဖက်သင့်ဟု ပေါလုပြောဆိုခဲ့ခြင်းသည် တရားနည်းလမ်းကျပါသည်။ သို့တိုင် ယဇ်ပုရောဟိတ်မင်းကို မရိုမသေပြုသည်ဟု ရှုမြင်နိုင်သောပြောဆိုပုံဖြင့် သူမသိဘဲပြောမိသည့်အတွက် ဝန်ချတောင်းပန်ခဲ့သည်။ * ပေါလု၏ဝန်ချတောင်းပန်မှုက သူပြောဆိုလိုသောစကားကို ဆဲန်ဟီဒရင် နားထောင်စေဖို့ လမ်းဖွင့်ပေးခဲ့သည်။ လွှတ်တော်အဖွဲ့ဝင်များအကြား အငြင်းပွားမှုများရှိကြောင်းကို ပေါလုသိထားသောကြောင့် သူက မိမိသည် ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်ကြောင့် စစ်ကြောစီရင်ခံနေရသည်ဟု ဆိုလေ၏။ သို့နှင့် ဖာရိရှဲများသည် ပေါလုဘက်မှနေ၍ အကြီးအကျယ်အငြင်းပွားကြလေသည်။—တမန်တော် ၂၃:၆-၁၀။
ဤကျမ်းစာပုံနမူနာနှစ်ခုမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ ထိုဖြစ်ရပ်နှစ်ခုစလုံးတွင် ဝမ်းနည်းကြောင်း ရိုးသားမှန်ကန်စွာဝန်ခံခဲ့ခြင်းကြောင့် ဆက်လက်စကားပြောဆိုခွင့်ရရှိခဲ့သည်။ ထို့ကြောင့် ဝန်ချတောင်းပန်သည့်စကားများသည် ပြန်လည်သင့်မြတ်စေနိုင်သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏အမှားများကိုဝန်ခံပြီး နစ်နာမှုအတွက် ဝန်ချတောင်းပန်ခြင်းသည် အပြုသဘောဆွေးနွေးခွင့်များရရှိစေသည်။
‘ဒါပေမဲ့ ကျွန်တော်ဘာအမှားမှမလုပ်မိတာ’
ကျွန်ုပ်တို့ပြောမိဆိုမိ၊ ပြုလုပ်မိသည့်အမှုတစ်ခုကြောင့် တစ်ဦးတစ်ယောက် စိတ်ထိခိုက်သွားကြောင်းသိရသောအခါ ထိုသူသည် လွန်ကဲလွန်းသည် သို့မဟုတ် အကဲဆတ်လွန်းသည်ဟု ကျွန်ုပ်တို့ယူမှတ်ပေမည်။ သို့သော် ယေရှုက တပည့်များကို ဤသို့မှာကြားမဿဲ ၅:၂၃၊ ၂၄။
ခဲ့သည်– “ထို့ကြောင့် သင်သည် ပူဇော်[ရာယဇ်]ကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်[ရာယဇ်]ကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်[ရာယဇ်]ကိုတင်လော့။”—ဥပမာ၊ ညီအစ်ကိုတစ်ဦးက သူ့ကိုသင်ပြစ်မှားသည်ဟု ယူမှတ်ပေမည်။ ထိုသို့သောအခြေအနေမျိုးတွင် သူ့ကိုပြစ်မှားမိသည်ဟု သင်ယူမှတ်သည်ဖြစ်စေ၊ မယူမှတ်သည်ဖြစ်စေ သွား၍ “ညီအစ်ကိုနှင့်သင့်တင့်” ရန် ယေရှုမိန့်မှာတော်မူ၏။ ဂရိကျမ်းစာအရ ဤတွင်ယေရှုအသုံးပြုသောစကားလုံးသည် ‘အပြန်အလှန်ရန်လိုကြပြီးနောက် အပြန်အလှန်အလျှော့ပေးခြင်း အဓိပ္ပာယ်ရှိသည်။’ (ဗိုင်း၏ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန်) အမှန်အားဖြင့် လူနှစ်ဦးမသင့်မတင့်ဖြစ်သောအခါ နှစ်ဦးစလုံး မစုံလင်သူများဖြစ်ကြပြီး မှားယွင်းတတ်သဖြင့် နှစ်ဖက်စလုံးသည် အနည်းနှင့်အများ အမှားမကင်းပေ။ ယင်းကြောင့် အပြန်အလှန်အလျှော့ပေးဖို့ လိုအပ်သည်။
ဆွေးနွေးရန်အချက်မှာ မည်သူမည်မျှမှန်သည်၊ မည်သူမည်မျှမှားသည်မဟုတ်ဘဲ ပြန်လည်သင့်မြတ်ရန် မည်သူကအစပြုကြိုးစားမည်ဖြစ်သည်။ ကောရိန္သုမြို့ရှိ ခရစ်ယာန်များသည် ငွေကြေးနှင့်ပတ်သက်သော ကတောက်ကဆတ်ဖြစ်မှုကဲ့သို့သော ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကြောင့် ဘုရားသခင့်ကျေးကျွန်ချင်းကို လောကတရားရုံးသို့ ခေါ်ဆောင်သွားလျက်ရှိကြောင်း တမန်တော်ပေါလု သတိပြုမိသောအခါ သူတို့ကို ဤသို့ဆုံးမခဲ့သည်– “တရားမတွေ့ဘဲ ညှဉ်းဆဲခြင်းကို အဘယ်ကြောင့်မခံသနည်း။ ကိုယ်ဥစ္စာရှုံးခြင်းကို အဘယ်ကြောင့်မခံသနည်း။” (၁ ကောရိန္သု ၆:၇၊ ၈) လောကတရားရုံးများ၌ မိမိတို့၏ ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကို ထုတ်ဖော်ပြောဆိုခြင်းမပြုရန် ခရစ်ယာန်ရောင်းရင်းများကို တားဆီးဖို့ ပေါလုဤသို့ပြောခဲ့ခြင်းဖြစ်သည်မှန်သော်လည်း ထင်ရှားပေါ်လွင်သော မူမှာ မည်သူမှန်၍ မည်သူမှားကြောင်းသက်သေထူခြင်းထက် ယုံကြည်သူချင်းများအကြား ငြိမ်သက်မှုရှိဖို့ သာ၍အရေးကြီးသည်ဖြစ်၏။ ဤမူကို စိတ်စွဲမှတ်ထားလျှင် တစ်စုံတစ်ယောက်က သူ့ကို ကျွန်ုပ်တို့ပြစ်မှားကျူးလွန်သည်ဟု ယူမှတ်သောအမှားအတွက် ကျွန်ုပ်တို့ဝန်ချတောင်းပန်ဖို့ ပိုလွယ်ကူစေသည်။
စိတ်ရင်းမှန်ဖို့လို
သို့သော် လူအချို့သည် ဝန်ချတောင်းပန်လို၍ ပြောဆိုသော စကားလုံးများကို အလွန်အကျွံအသုံးပြုတတ်ကြသည်။ သာဓကအနေနှင့်၊ ဂျပန်နိုင်ငံတွင် ဝန်ချတောင်းပန်ရာ၌ သုံးလေ့သုံးထရှိသော စူမီမားစဲန်ဟူသောစကားလုံးကို ကြိမ်ဖန်များစွာ ကြားရလေ့ရှိသည်။ ထိုစကားလုံးကို ကျေးဇူးတင်ကြောင်းဖော်ပြရန်ပင် အသုံးပြုနိုင်ပြီး မျက်နှာသာပြခံရခြင်းကို အပြိုင်အညီ မတုံ့ပြန်နိုင်သဖြင့် မလုံမလဲဖြစ်သည့်သဘောပါသည်။ ထိုစကားလုံးကို ဘက်စုံအသုံးပြုနိုင်သဖြင့် ယင်းကို မကြာခဏအသုံးပြုကြရာ စိတ်ရင်းမှန်ဖြင့်ပြောခြင်းဟုတ်မဟုတ် အချို့ကနားလည်ရခက်ကြပေမည်။ အခြားသောယဉ်ကျေးမှုများတွင်လည်း ဝန်ချတောင်းပန်စကားအမျိုးမျိုးကို အလွန်အကျွံအသုံးပြုကြပုံရှိပေမည်။
မည်သည့်ဘာသာစကားတွင်မဆို ဝန်ချတောင်းပန်သည့်အခါ စိတ်ရင်းမှန်ဖို့အရေးကြီးသည်။ အသုံးပြုသောစကားလုံးများနှင့် အသံနေအသံထားက အမှန်တကယ် ဝမ်းနည်းကြောင်း သဘောပေါက်စေသင့်သည်။ တောင်ပေါ်တရားတော်တွင် တပည့်များကို ယေရှုခရစ်က ဤသို့သင်ကြားခဲ့သည်– “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေလော့။ ဤထက်လွန်သောစကားသည် မကောင်းသောအရာမှဖြစ်၏။” (မဿဲ ၅:၃၇၊ သမ္မာ) သင်ဝန်ချတောင်းပန်မည်ဆိုလျှင် တကယ်ဖြစ်ပါစေ! ဥပမာအနေနှင့် လေဆိပ်၌ စာရင်းသွင်းသည့် ဌာနတစ်ခုတွင် အမျိုးသားတစ်ဦးသည် မိမိနောက်၌တန်းစီနေသူကို သူ၏ခရီးဆောင်အိတ်နှင့် တိုက်မိသောအခါ တောင်းပန်ခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် တန်းစီနေသူများ ရှေ့တိုးကြသောအခါ ၎င်းအိတ်နှင့် ထိုအမျိုးသမီးကို တစ်ဖန်ပြန်တိုက်မိပြန်သည်။ ထိုသူသည် တစ်ဖန် ရည်မွန်စွာ ပြန်တောင်းပန်လေ၏။ သို့သော် နောက်တစ်ကြိမ် ထိုသို့ဖြစ်ပြန်သောအခါ အမျိုးသမီး၏ခရီးသွားဖော်က သူပြောခဲ့သည့်အတိုင်း အမှန်ဆိုလိုပါလျှင် အမျိုးသမီးကို နောက်တစ်ကြိမ် အိတ်ဖြင့်မတိုက်မိစေရန် ဂရုပြုသင့်ကြောင်း ပြောသည်။ မှန်ပါ၏၊ စိတ်ရင်းမှန်ဖြင့် ဝန်ချတောင်းပန်ခြင်းသည် အမှားကိုပြန်မလုပ်မိဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ဒွန်တွဲနေသင့်သည်။
ကျွန်ုပ်တို့သည် စိတ်ရင်းမှန်ပါက ကျွန်ုပ်တို့၏ဝန်ချတောင်းပန်ချက်တွင် တစ်စုံတစ်ရာသောအမှားကိုဝန်ခံခြင်း၊ ခွင့်လွှတ်ပါရန် တောင်းခံခြင်းနှင့် အတတ်နိုင်ဆုံးကြိုးစားပြီး ထိခိုက်နစ်နာမှုကိုပြင်ပေးခြင်းတို့ ပါဝင်ပါလိမ့်မည်။ ပြစ်မှားခံရသူကလည်း နောင်တရသောအပြစ်ပြုသူကို ခွင့်လွှတ်ရန် အသင့်ရှိရပေမည်။ (မဿဲ ၁၈:၂၁၊ ၂၂; မာကု ၁၁:၂၅; ဧဖက် ၄:၃၂; ကောလောသဲ ၃:၁၃) နှစ်ဖက်စလုံးသည် မစုံလင်သူများဖြစ်ကြရာ ပြန်လည်သင့်မြတ်ရန် အစဉ်အမြဲ ချောမွေ့မည်မဟုတ်ပေ။ သို့ရာတွင် ဝန်ချတောင်းပန်စကားများသည် ပြန်လည်သင့်မြတ်စေရန် အလွန်အစွမ်းထက်လှသည်။
ဝန်ချတောင်းပန်ရန် မသင့်တော်သည့်အခါ
ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောသည့်စကားများသည် စိတ်သက်သာစေပြီး ရန်ငြိမ်းစေသော်လည်း ပညာရှိသူသည် ထိုအသုံးအနှုန်းများကို မသုံးသင့်သည့်အခါ မသုံးဘဲနေပါမည်။ ဥပမာ၊ ဘုရားသခင်အား သမာဓိစောင့်သိခြင်းနှင့်ပတ်သက်သော ကိစ္စဆိုပါစို့။ ယေရှုခရစ်မြေကြီးပေါ်ရှိစဉ်က ကိုယ်တော်သည် “အသေခံခြင်းဖိလိပ္ပိ ၂:၈) သို့ရာတွင် ကိုယ်တော်သည် ဆင်းရဲမခံရဖို့ မိမိ၏ယုံကြည်ချက်အတွက် တောင်းပန်ခြင်းမပြုခဲ့ပေ။ ယဇ်ပုရောဟိတ်မင်းက “သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် မှန်သည်မမှန်သည်ကို ငါတို့အားပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကိုတိုင်တည်၍ သင့်ကိုကျိန်ဆိုစေ၏” ဟုပြောသောအခါ ယေရှုမတောင်းပန်ခဲ့ချေ။ ကြောက်ကြောက်လန့်လန့်ဖြင့် တောင်းပန်မည့်အစား ယေရှုက “သင်ဆိုသည်အတိုင်းမှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတ္တံ့” ဟူ၍ သတ္တိရှိရှိ ဖြေဆိုခဲ့သည်။ (မဿဲ ၂၆:၆၃၊ ၆၄) မိမိ၏ခမည်းတော်၊ ယေဟောဝါဘုရားသခင်အား သမာဓိစောင့်သိခြင်းကို စတေးပြီး ယဇ်ပုရောဟိတ်မင်းနှင့် သင့်တင့်မှုရဖို့ ယေရှုတစ်ခါမျှမတွေးတောခဲ့ပါ။
သာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။” (ခရစ်ယာန်များသည် အခွင့်အာဏာရှိသူတို့ကို ရိုသေလေးစားကြပါသည်။ သို့သော် ဘုရားသခင်အား နာခံခြင်းအတွက်၊ မိမိတို့ညီအစ်ကိုများကို ချစ်သည့်အတွက် သူတို့ဝန်ချတောင်းပန်စရာမလိုပါ။—မဿဲ ၂၈:၁၉၊ ၂၀; ရောမ ၁၃:၅-၇။
ပြန်လည်သင့်မြတ်ရန် အတားအဆီးမရှိတော့
ယနေ့ ကျွန်ုပ်တို့သည် ဘိုးဘေးအာဒံထံမှ မစုံလင်မှုနှင့်အပြစ်ကို အမွေခံထားကြသောကြောင့် အမှားများပြုကြသည်။ (ရောမ ၅:၁၂; ၁ ယောဟန် ၁:၁၀) ဖန်ဆင်းရှင်ကို ပုန်ကန်ခဲ့သောကြောင့် အာဒံသည် အပြစ်ရှိအခြေအနေသို့ရောက်သွားခဲ့သည်။ သို့ရာတွင် အစကနဦးက အာဒံနှင့်ဧဝတို့သည် စုံလင်၍ အပြစ်ကင်းသူများဖြစ်ခဲ့ကြသည်၊ လူသားတို့ကို ထိုစုံလင်သောအခြေအနေသို့ ပြန်ရောက်စေမည်ဟု ဘုရားသခင်ကတိပြုထားပါသည်။ ထိုအခါ အပြစ်နှင့် ယင်း၏အကျိုးဆက်မှန်သမျှကို ကိုယ်တော်ဖယ်ရှားပစ်ပါလိမ့်မည်။—၁ ကောရိန္သု ၁၅:၅၆၊ ၅၇။
ယင်းသည် အဘယ်အဓိပ္ပာယ်ရှိကြောင်း စဉ်းစားကြည့်ပါ! လျှာကိုအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ဆုံးမရာတွင် ယေရှု၏မိတူဖကွဲညီ ယာကုပ်က ဤသို့ဆိုခဲ့သည်– “ငါတို့ရှိသမျှသည် အများအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။” (ယာကုပ် ၃:၂) စုံလင်သူတစ်ဦးသည် မိမိလျှာကိုထိန်းချုပ်နိုင်သည်ဖြစ်ရာ လျှာကိုအလွဲသုံးခြင်းအတွက် သူဝန်ချတောင်းပန်စရာမလိုပေ။ ထိုသူသည် “မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်” ၏။ ကျွန်ုပ်တို့အားလုံး စုံလင်လာကြသောအခါ မည်မျှကောင်းလိုက်မည်ဖြစ်ခြင်း! ထိုအခါ လူလူချင်း သင့်မြတ်ရန် အဘယ်အတားအဆီးမျှ ရှိတော့မည်မဟုတ်။ သို့သော်၊ ဤအတောအတွင်း ပြုလုပ်မိသောအမှားအတွက် စိတ်ရင်းမှန်ဖြင့် သင့်လျော်စွာ ဝန်ချတောင်းပန်ခြင်းသည် ပြန်လည်သင့်မြတ်လာရန် များစွာအထောက်အကူပြုပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 8 ယဇ်ပုရောဟိတ်မင်းကို ပေါလုမမှတ်မိရခြင်းသည် သူ၏မျက်စိမှုန်သောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ပေါလု၏ပုံနမူနာမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
လူတိုင်းစုံလင်ကြသောအခါ ပြန်လည်သင့်မြတ်ရန် အတားအဆီးများရှိမည်မဟုတ်