မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ—သိကျွမ်းထိုက်သည့်ဘုရားသခင်

ယေဟောဝါ—သိကျွမ်းထိုက်သည့်ဘုရားသခင်

ယေဟောဝါ—သိကျွမ်း​ထိုက်သည့်​ဘုရားသခင်

သင့်​ဘဝတွင် အရေးကြီးသော​အရာ​တစ်ခုခု လက်လွတ်​ဆုံးရှုံး​နေပါသလော။ အကယ်၍ သင်သည် ဘုရားသခင်​အကြောင်း အနည်း​အကျဉ်း​သာ​သိလျှင် သင်​အမှန်တကယ် လက်လွတ်​ဆုံးရှုံး​နေပြီ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မူ​ကား လူ​သန်းပေါင်း​များစွာ သိရှိ​ခဲ့​ကြ​သည့်​အတိုင်း သမ္မာကျမ်းစာ​၏​ဘုရားသခင်​ကို သိကျွမ်းခြင်း​သည် အကျိုး​အလွန်​ကြီး​လှ​၏။ ဤ​အကျိုးကျေးဇူးများ​ကို ယခု​ချက်ချင်း​ပင် ခံစား​ရပြီး နောင်​အနာဂတ်​အထိ ဆက်၍​ခံစားရ​မည်​ဖြစ်သည်။

သမ္မာကျမ်းစာ​၏​အာဘော်ရှင်၊ ယေဟောဝါ​ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို ကိုယ်တော်​အား သိကျွမ်း​စေ​လို​သည်။ ဆာလံဆရာ​က ဤသို့​ရေးသားခဲ့​သည်– “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ဟူ၍ နာမတော်​ရှိသော ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် မြေကြီး​တစ်ပြင်လုံး​အပေါ်မှာ အမြင့်ဆုံး​သော​ဘုရား [သခင်] ဖြစ်​တော်​မူ​ကြောင်းကို သိကြပါစေ​သော။” ကိုယ်တော်​အား​သိကျွမ်းခြင်း​သည် ကျွန်ုပ်​တို့အတွက် အကျိုး​ကြီး​ကြောင်း ကိုယ်တော်​အသိအမှတ်ပြု​သည်။ “ငါ [“ယေဟောဝါ၊” က​ဘ] သည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင် . . . သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏။” အကြီးမြတ်ဆုံး​အရှင်၊ ယေဟောဝါ​ဘုရားသခင်​အား သိကျွမ်းခြင်း​မှ ကျွန်ုပ်​တို့ အဘယ်​အကျိုးကျေးဇူး ခံစား​ကြ​ရမည်​နည်း။—ဆာလံ ၈၃:၁၈; ဟေရှာယ ၄၈:၁၇

အမှန်ပင်​ကြီးမားသော အကျိုးကျေးဇူး​တစ်ခု​မှာ နေ့စဉ်​နှင့်​အမျှ ကြုံတွေ့​နေရ​သည့် ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်းရန် လမ်းညွှန်မှု​ရသည်၊ အနာဂတ်​အတွက် ခိုင်မြဲ​သော​မျှော်လင့်ချက်​နှင့် စိတ်​ငြိမ်သက်မှု​တို့ကို​လည်း ကျွန်ုပ်​တို့​ရရှိ​ကြသည်။ ထို့​အပြင်၊ ယေဟောဝါ​ကို တရင်းတနှီး​သိကျွမ်း​လာ​သည့်​အတွက် ယနေ့ ကမ္ဘာ​နှင့်​အ​ဝန်း လူ​တို့​ကြုံတွေ့​နေရ​သော အရေးပါ​အရာရောက်​ဆုံး အရေးကိစ္စ​များ​အပေါ် သဘောထား​ပြောင်းလဲ​စေ​သည်။ ထို​အရေးကိစ္စ​များ​ကား အဘယ်နည်း။

သင့်​ဘဝတွင် ရည်ရွယ်ချက်​ရှိသလော

စက်​မှု​နည်း​ပညာ​ဘက်တွင် အံ့သြဖွယ်ကောင်း​လောက်​အောင် တိုးတက်​နေ​သော်လည်း ယနေ့ ဤ​အခြေခံကျ​သော မေးခွန်းများကို လူ​တို့​မေးမြန်း​နေကြ​ဆဲ​ပင်– ‘ကျွန်ုပ် အဘယ်ကြောင့် ဤ​နေရာတွင် ရောက်ရှိ​နေရ​သနည်း။ ကျွန်ုပ် အဘယ်​အရပ်သို့ ဦးတည်​သွား​နေသနည်း။ ဘဝ၏​ရည်ရွယ်ချက်ကား အဘယ်နည်း။’ ကျေနပ်​လောက်​သော အဖြေ​များ​မရရှိ​သူ၏​ဘဝတွင် စစ်မှန်သော​ရည်ရွယ်ချက်​ရှိ​လိမ့်​မည်​မဟုတ်ပေ။ ဤ​လိုအပ်ချက်​ကို လူ​တို့ သဘောပေါက်​ကြ​ပါသလော။ ၁၉၉၀ ပြည့်လွန်​နှစ်များ​အကုန်ပိုင်း​တွင် ဂျာမနီ​နိုင်ငံ​၌ ပြုလုပ်​ခဲ့​သည့် လေ့လာချက်​တစ်ခု​က မေးမြန်း​ခံရ​သူ​တစ်ဝက်​သည် သူတို့​ဘဝတွင် ရည်ရွယ်ချက်​ရှိ​ပုံ​မရ​ကြောင်း မကြာခဏ သို့​မဟုတ် တစ်ခါတစ်ရံ ခံစား​မိ​ကြသည်​ဟု ဖော်ပြ​ခဲ့​၏။ သင်​နေထိုင်​သည့်​ဒေသ​တွင်​လည်း အလားတူ​အခြေအနေ​မျိုး ရှိ​နေနိုင်​သည်။

ဘဝတွင် ရည်ရွယ်ချက်​မရှိသူ​သည် ကိုယ်ပိုင်​ပန်းတိုင်​များ​ထား​ရန် အခြေခံ​မရှိ​ချေ။ လူအများသည် အောင်မြင်မှု​ရှိ​လုပ်ငန်း​တစ်ခု​လုပ်ခြင်း၊ စည်းစိမ်ဥစ္စာ​စုဆောင်းခြင်း​အားဖြင့် ဤ​လိုအပ်ရာ​ကို အစားထိုး​ဖို့ ကြိုးစား​ကြသည်။ သို့​တိုင်၊ ဟာတာတာ​ဖြစ်​နေဆဲ​ပင်။ ဘဝတွင် ရည်ရွယ်ချက်​မရှိသည့်​အတွက် လူ​အချို့​သည် အသက်​ပင်မ​ရှင်​လို​တော့​ချေ။ ငယ်ရွယ်​သည့်​အလှ​ပ​ဂေး​တစ်ဦး ထိုသို့​ဖြစ်​ခဲ့​သည်၊ နိုင်ငံတကာ သံတော်ဆင့်​သတင်းစာ​အရ ဤ​မိန်းကလေး​သည် “ငွေ​ပုံ​ပေါ်​ထိုင်ပြီး အခွင့်အရေး​များစွာ​ရ” သည့်​ဘဝမျိုး​တွင် ကြီးပြင်း​လာ​ခဲ့​၏။ သူသည် စည်းစိမ်​ရှိ​ရှိနေ​ထိုင်​ခဲ့​ရ​သော်လည်း အထီးကျန်​ပြီး ဘဝတွင် ရည်ရွယ်ချက်​မဲ့​နေခဲ့​သည်။ ထို​အခါ သူသည် အိပ်ဆေး​သောက်​ပြီး သေဆုံး​သွားလေသည်။ ဤသို့​သော​ဝမ်းနည်းဖွယ်​အဖြစ်ဆိုး​ဖြင့် ဘဝကို အဆုံးတိုင်​စေ​ခဲ့​သည့် အခြား​အထီးကျန်​သူများကို​လည်း သင်​သိ​ကောင်း​သိ​ပေမည်။

သို့သော် သိပ္ပံ​ပညာ​သည် ဘဝ​အကြောင်း အပြည့်အစုံ​သိရှိ​စေနိုင်​သည်​ဟု လူ​အချို့​ဆို​သည်ကို သင်ကြား​ဖူး​ပါသလော။ ဂျာမန် ပတ်စဉ်​သတင်း ဒီ ဗော်​ခါ​က ဤသို့​ထောက်ပြ​သည်– “သိပ္ပံ​ပညာ​သည် မှန်ကန်​နေ​မည်​ဖြစ်သော်လည်း ဝိညာဉ်​ရေး​အရ​မူ ချို့တဲ့​သည်။ ဆင့်ကဲ​သီအိုရီ​သည် မ​ပီပြင်​ဘဲ တပ်အပ်​မပြော​နိုင်၊ အပြောင်းအလဲ​များသော ကွ​မ်​တ​မ်​ရူပဗေဒ​ပင်​လျှင် နှစ်သိမ့်မှု​နှင့် လုံခြုံမှု လုံးဝ​မပေး​ချေ။” သိပ္ပံ​ပညာ​ဆိုင်ရာ ရှာဖွေ​တွေ့ရှိချက်​များသည် ပုံစံ​အမျိုးမျိုး​ရှိ သက်ရှိ​အကြောင်း များစွာ​ဖော်ပြ​၍ အသက်ဆက်​စေသည့် သံသရာ​စနစ်​များနှင့် လည်ပတ်​စဉ်​များ​ကိုလည်း ရှင်းပြ​ပေး​ခဲ့ပြီ။ သို့​တိုင်၊ ကျွန်ုပ်​တို့ အဘယ်ကြောင့် ဤ​တွင်​ရောက်ရှိ​နေရ​သည်၊ အဘယ်​သို့​ဦးတည်​နေသည်​ကို သိပ္ပံ​ပညာ​က မရှင်းပြ​နိုင်​ပေ။ သိပ္ပံ​ပညာ​ကို​သာ လုံးလုံး​မှီခို​အားထား​မည်​ဆိုလျှင် ဘဝ၏​ရည်ရွယ်ချက်​နှင့်​ပတ်သက်​သည့် မေးခွန်းများ​အတွက် အဖြေ​ရမည်​မဟုတ်​ချေ။ ဆူး​အက် ဒူး​အိ​ခ်ျ ဇီ​တန် သတင်းစာ​အစီရင်ခံ​သည့်​အတိုင်း အကျိုး​ရလဒ်​မှာ “လမ်းညွှန်မှု လွန်​စွာ​လိုအပ်​နေ​ပေ​လိမ့်​မည်” ဖြစ်သည်။

လိုအပ်​သည့်​လမ်းညွှန်မှုကို​ပေး​ရန် ဖန်ဆင်း​ရှင်​ထက်သာ​သူ မည်သူ​ရှိ​မည်​နည်း။ ကိုယ်တော်​သည် လူသား​တို့ကို ဤ​ကမ္ဘာ​မြေကြီးပေါ်​တွင် အစ​ကတည်းက နေရာချ​ပေး​ထား​ရာ သူတို့ အဘယ်ကြောင့် ဤ​တွင်​တည်ရှိ​ရ​ကြောင်းကို ကိုယ်တော်​သိထား​ပေမည်။ ယေဟောဝါ​သည် လူကို​ဖန်ဆင်း​ပြီး ကမ္ဘာ​မြေကြီးပေါ်​နေထိုင်​စေ​ကာ ယင်းကို​ကြည့်ရှု​စောင့်ရှောက်​စေ​လို​ကြောင်း သမ္မာကျမ်းစာ​က​ရှင်းပြသည်။ လူသား​တို့​လုပ်ဆောင်လေသမျှ​တွင် တရား​မျှတမှု၊ ဉာဏ်ပညာ​နှင့် ချစ်ခြင်း​မေတ္တာ အစ​ရှိသည့် ကိုယ်တော်​၏​အရည်အသွေးများ​ကို ရောင်ပြန်ဟပ်​ကြဖို့​ဖြစ်သည်။ ကျွန်ုပ်​တို့ကို ယေဟောဝါ​အဘယ်ကြောင့်​ဖန်ဆင်း​ရ​ကြောင်း ကျွန်ုပ်​တို့​သိပြီ​ဆိုလျှင် ဤ​နေရာတွင် ကျွန်ုပ်​တို့​အဘယ်ကြောင့်​ရှိနေကြောင်း​ကို သိ​ကြ​ရပြီ။—ကမ္ဘာဦး ၁:၂၆-၂၈

သင်​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း

‘ကျွန်ုပ် အဘယ်ကြောင့် ဤ​နေရာတွင် ရောက်ရှိ​နေရ​သနည်း။ ကျွန်ုပ် အဘယ်​အရပ်သို့ ဦးတည်​သွား​နေသနည်း။ ဘဝ၏​ရည်ရွယ်ချက်ကား အဘယ်နည်း’ ဟူသော​မေးခွန်းများ​အတွက် စိတ်​ကျေနပ်ဖွယ်​အဖြေ​များ ယခင်​က​မရခဲ့​လျှင် အသို့နည်း။ သို့​ဆိုလျှင် ယေဟောဝါ​အား တရင်းတနှီး​သိကျွမ်း​ရန်​ကြိုးစား​ဖို့ သမ္မာကျမ်းစာ​က​အကြံပြု​သည်။ အမှန်​ဆို​ရ​လျှင် ယေရှု​က “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင် တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း” ဟု မိန့်ဆိုခဲ့​၏။ ထို့နောက် ဘုရားသခင်​ရေးရာ​အရည်အသွေးများ၊ အထူးသဖြင့် ချစ်ခြင်း​မေတ္တာကို ပြုစု​ပျိုးထောင်​ရန်​နှင့် ရောက်ရှိ​တော့​မည့် ဘုရားသခင်​၏​မေရှိယနိုင်ငံတော်​အောက်တွင် အသက်ရှင်​နေထိုင်​နိုင်​ရန် ပန်းတိုင်​ထား​ဖို့​လည်း သင့်ကို​အားပေးထား​သည်။ သို့​ဆိုလျှင် သင့်​ဘဝတွင် ရည်ရွယ်ချက်​ရှိလာ​လိမ့်​မည်၊ အနာဂတ်​အတွက်​လည်း အထူး​ကောင်းမွန်​ပြီး စိတ်ချ​ရသည့် မျှော်လင့်ချက်​ရှိ​ပေ​လိမ့်​မည်။ ဤ​အချိန်​အခါ​အထိ သင့်ကို စိတ်ရှုပ်​ထွေး​စေသော အခြေခံကျ​သည့် မေးခွန်းများ​အတွက်​လည်း အဖြေ​ရရှိ​ပေ​လိမ့်​မည်။—ယောဟန် ၁၇:၃; ဒေ. ၁၂:၁၃

ယင်းက သင့်အတွက် မည်မျှ​ထူးခြား​စေနိုင်​သနည်း။ ဟန်းစ်​သည် ယင်းကို ကောင်းစွာ​ဖြေဆို​ပေး​နိုင်​သူ​တစ်ဦး​ဖြစ်သည်။ * ဟန်းစ်​သည် လွန်ခဲ့သော နှစ်​အနည်း​က ဘုရားသခင်​ရှိသည်​ကို မရေမရာ​ယုံကြည်​သော်လည်း ထို​ယုံကြည်မှု​သည် သူ့​အသက်တာအပေါ် ဩဇာ​မသက်ရောက်​ခဲ့​ချေ။ သူသည် မူးယစ်​ဆေးဝါး သုံးစွဲခြင်း၊ အကျင့်ပျက်​အမျိုးသမီးများနှင့်​ပေါင်း​ခြင်း၊ ပြစ်မှု​ငယ်​များ​ကျူးလွန်​ခြင်း​နှင့် မော်တော်​ဆိုင်ကယ်​အဖွဲ့​များနှင့်​ပေါင်း​ခြင်း​တို့ကို ပျော်​ပိုက်​ခဲ့​သည်။ “ဒါပေမဲ့ ကျွန်တော့်​ဘဝဟာ အဓိပ္ပာယ်​မရှိဘူး၊ ဘာ​ကျေနပ်မှု​မှ​လည်း​မရခဲ့​ဖူး​ဘူး” ဟု​သူ​ရှင်းပြသည်။ အသက်​နှစ်​ဆယ်​ကျော်​လာသော​အခါ ဟန်းစ်​သည် ဘုရားသခင်​ကို​သိကျွမ်း​လာဖို့ ကျမ်းစာ​အသေအချာ​ဖတ်​မည်​ဟု စိတ်​ဆုံးဖြတ်​လိုက်​သည်။ ယေဟောဝါ​ကို သူ​တရင်းတနှီး​သိကျွမ်း​လာပြီး ဘဝ၏​ရည်ရွယ်ချက်ကို နားလည်​လာ​သည်​နှင့်​တစ်ပြိုင်တည်း မိမိ၏​ဘဝ​ပုံစံ​ကို ပြောင်းလဲ​ကာ ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် နှစ်ခြင်း​ခံ​လိုက်​သည်။ ယခု သူ​အချိန်ပြည့်​ဓမ္မ​အမှုဆောင်​နေသည်​မှာ ဆယ်နှစ်​ရှိ​လေ​ပြီ။ သူက “ယေဟောဝါ​ရဲ့​အမှုတော်ကို ထမ်းဆောင်​ရတာ အကောင်းဆုံး​ဘဝ​လမ်းစဉ်​ပဲ။ ဘာနဲ့မှ နှိုင်းယှဉ်​လို့​မရဘူး။ ယေဟောဝါ​ကို​သိကျွမ်း​လာလို့ ဘဝမှာ​ရည်ရွယ်ချက်​ရှိပြီ” ဟု​ပွင့်ပွင့်လင်းလင်း​ပြောဆို​သည်။

လူအများ​စိတ်ဝင်စား​နေကြ​သည်​မှာ ဘဝ​ရည်ရွယ်ချက်​တစ်ခု​တည်း မဟုတ်ပါ။ ကမ္ဘာ့​အခြေအနေ​ဆုတ်ယုတ်​လာ​သည်​နှင့်​အမျှ လူတို့သည် နောက်ထပ်​အရေးကိစ္စ​တစ်ခု​ကြောင့် စိတ်​အနှောင့်အယှက် ပို​ဖြစ်လာ​နေကြ​သည်။

ဤသို့​အဘယ်ကြောင့် ဖြစ်ပျက်​ရသနည်း

ဆင်းရဲ​ခက်ခဲ​မှု ရုတ်တရက်​ကျရောက်​လာ​သည့်​အခါ ဤသို့ အဘယ်ကြောင့်​ဖြစ်ပျက်​ရသနည်း​ဟု ဆင်းရဲ​ခက်ခဲ​မှု​ခံရ​သူက သိ​လို​သည်။ ဆင်းရဲ​ခက်ခဲ​မှု​ကို စိတ်ပိုင်း​အရ ကိုင်တွယ်​ဖြေရှင်း​နိုင်စွမ်း​ရှိ​ရန် ထို​မေးခွန်း​၏ သင့်လျော်​သော​အဖြေ ရရှိ​ထား​ဖို့​လို​သည်။ စိတ်​ကျေနပ်​လောက်​ဖွယ် အဖြေ​မရရှိ​ထား​ပါ​က ဆက်​စိတ်​ဆင်းရဲ​နေ​မည်​ဖြစ်​ပြီး ခံရ​သူ​ခမျာ ပို​၍​စိတ်​နာကြည်း​သွား​နိုင်​ပါ​သည်။ ဥပမာ၊ ဘ​ရူ​နီ​၏​အတွေ့အကြုံကို သုံးသပ်ကြည့်​ကြ​စို့။

“လွန်ခဲ့တဲ့​နှစ်​အနည်းငယ်​လောက်​က ကျွန်မ​ရဲ့ သမီးလေး​ဆုံးသွားတယ်။ ဘုရားသခင်​ကို ကျွန်မ​ယုံကြည်လို့ ဒေသခံ​ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး​ဆီ​သွားပြီး စိတ်သက်သာ​မှု​ရှာခဲ့တယ်။ ဇူဇဲ​နာ​ကို ဘုရားသခင်​ကောင်းကင်​ခေါ်သွား​ပြီး အခု ကောင်းကင်တမန်​တစ်ပါး​ဖြစ်နေ​ပြီ​လို့ သူက​ပြောပြ​တယ်။ ကျွန်မ​သမီးလေး​ဆုံးသွား​လို့ ကျွန်မ​အတွက် အရာ​ရာ​ဟာ ပြိုလဲ​သွား​ရုံ​မ​က သမီးလေးကို​ခေါ်ဆောင်​သွား​လို့ ဘုရားသခင်​ကို​ပါ ကျွန်မ​အရမ်း​မုန်း​သွားတယ်” ဟု ယခု လူလတ်ပိုင်း​အရွယ်​ရှိ မိခင်​တစ်ဦး​ဖြစ်သူ ဘ​ရူ​နီ​က​ရှင်းပြသည်။ ဘ​ရူ​နီ​သည် စိတ်နာ​ကြည်း​မှု​နှင့် ဆင်းရဲခြင်း​ဝေဒနာ​ကို နှစ်ပေါင်း​များစွာ ဆက်ခံစား​ခဲ့​ရ​ရှာ​သည်။ “အဲဒီလို​ခံစား​နေရ​တုန်း​မှာ ယေဟောဝါသက်သေ​တစ်ယောက်​က ဘုရားသခင်​ကို ကျွန်မ​မုန်းစရာ​အကြောင်း​လုံးဝ​မရှိဘူးလို့ သမ္မာကျမ်းစာ​ကနေ ဖော်ပြ​ပေး​ခဲ့တယ်။ ယေဟောဝါ​ဟာ ဇူဇဲ​နာ​ကို ကောင်းကင်​ခေါ်​သွားတာ​မှ​မဟုတ်တာ၊ သမီးလေး​ဟာ ကောင်းကင်တမန်​တစ်ပါး​လည်း ဖြစ်​မနေဘူး​ဆိုတာ သိလာတယ်။ သူ​မ​ကျန်း​မမာ​ဖြစ်​ရတာဟာ လူ့​မစုံလင်မှု​ကြောင့်​ပဲ။ အခု​သေခြင်း​မှာ ဇူဇဲ​နာ​အိပ်ပျော်​နေပြီး သူ့ကို ယေဟောဝါ​ထမြောက်​စေမယ့်​အချိန်ကို စောင့်နေ​တုန်း​ပဲ။ ကိုယ်တော်​ဟာ လူကို ပရဒိသု​မြေကြီး​ပေါ်မှာ ထာဝစဉ်​နေထိုင်ဖို့ ဖန်ဆင်း​ခဲ့​တဲ့​အတွက် မကြာခင် အဲ့ဒီ​အတိုင်း​ဖြစ်​တော့​မယ်​လို့ ကျွန်မ​သိလာတယ်။ ယေဟောဝါ​ဟာ ဘယ်လို​ပုဂ္ဂိုလ်​မျိုး​ဖြစ်​မှန်း ကျွန်မ​စ​သိလာ​တာ​နဲ့ ကိုယ်တော့်​ထံ​ချဉ်းကပ်​ခဲ့​တဲ့​အတွက် ကျွန်မ​ရဲ့​နာကျင်မှု​လည်း တဖြည်းဖြည်း​သက်သာ​လာတယ်။”—ဆာလံ ၃၇:၂၉; တမန်​တော် ၂၄:၁၅; ရောမ ၅:၁၂

ကိုယ်တိုင်​ကြုံတွေ့​ရသည့် ဝမ်းနည်း​ကြေကွဲမှု၊ စစ်မှု၊ ငတ်ပြတ်​မှု၊ သဘာဝဘေးဒဏ် အစ​ရှိသည့် ဆင်းရဲ​ခက်ခဲ​မှု​အမျိုးမျိုးကို ခံစား​နေကြ​ရသူ သန်းနှင့်ချီ​ရှိသည်။ ဆင်းရဲ​ခက်ခဲ​မှု​ခံရ​ခြင်း​သည် ယေဟောဝါ​ကြောင့်​မဟုတ်​ကြောင်း၊ လူသား​တို့ကို ဝေဒနာ​ခံစား​စေ​လို​တော်​မူ​သည်မဟုတ်​ကြောင်း​နှင့် များ​မကြာမီ ဆိုးသွမ်းမှု​ကို အဆုံးတိုင်​စေမည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​၏​ရှင်းပြချက်ကို ဘ​ရူ​နီ​ကြားသိ​သည်​နှင့်​တစ်ပြိုင်တည်း သက်သာမှု​ရလေ​၏။ ဆိုးသွမ်းမှု တိုးများ​လာ​နေခြင်း​ကိုယ်နှိုက်​က လက်ရှိ​အစီအစဉ်​စနစ်​၏ ‘နောက်ဆုံး​နေ့ရက်​များ’ တွင် ကျွန်ုပ်​တို့​အသက်ရှင်နေ​ရသည့် နိမိတ်​လက္ခဏာ​တစ်ခု​ဖြစ်သည်။ ကျွန်ုပ်​တို့အားလုံး တောင့်တ​ကြ​သည့် အကြီးအကျယ်​တိုးတက်​ကောင်းမွန်​လာ​မည့် ပြောင်းလဲမှု​ကြီး နီးနေပြီ။—၂ တိမောသေ ၃:၁-၅; မဿဲ ၂၄:၇၊ ၈

ဘုရားသခင်​အား သိကျွမ်း​လာ​ခြင်း

ဟန်းစ်​နှင့် ဘ​ရူ​နီ​တို့သည် ဘုရားသခင်​အကြောင်း အနည်း​အကျဉ်း​သာ​သိထားကြသည်။ ကိုယ်တော့်​အကြောင်း များများ​မသိကြ​သော်လည်း ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။ ယေဟောဝါ​ကို တိကျ​မှန်ကန်​စွာ​သိကျွမ်းဖို့ အချိန်ပေး​လေ့လာ​ကြသောအခါ သူတို့​အကျိုး​ခံစား​ခဲ့​ရသည်။ ကျွန်ုပ်​တို့​ခေတ်​နှင့်​ဆိုင်​သည့် အရေးကြီးဆုံး​မေးခွန်းများ​၏ သင့်လျော်​သော​အဖြေ​များ​ကို သူတို့​ရရှိ​သွား​ကြ​၏။ ယင်းကြောင့် သူတို့သည် စိတ်​ငြိမ်သက်မှု​ရပြီး အနာဂတ်​အတွက် စိတ်ချ​ရသော​မျှော်လင့်ချက်လည်း ရရှိ​သွား​သည်။ ထပ်တူ​အတွေ့အကြုံ​မျိုးကို ယေဟောဝါ​၏​ကျေးကျွန်​သန်း​ချီ တွေ့ကြုံ​ခဲ့​ကြပြီ။

ယေဟောဝါ​ကို​သိကျွမ်း​လာရန် သမ္မာကျမ်းစာ​ကို စေ့စေ့စပ်စပ် ဖတ်ရှု​လေ့လာခြင်း​နှင့် အစပြု​သည်၊ သမ္မာကျမ်းစာ​က ကိုယ်တော့်​အကြောင်း​နှင့် ကျွန်ုပ်​တို့​ထံ​မှ ကိုယ်တော် အဘယ်အရာ​တောင်းဆို​ကြောင်း ဖော်ပြ​သည်။ ပထမ​ရာစု​မှ သူတချို့ ထိုသို့​ပြုလုပ်​ခဲ့​ကြ​၏။ သမိုင်း​ပညာရှင်​နှင့် ဆေးဆရာ​ဖြစ်သူ လုကာ​က ဂရိ​နိုင်ငံ၊ ဗေရိ​မြို့ရှိ ဂျူး​အသင်း​သူ​အသင်းသားများ​သည် “အလွန်​ကြည်ညို​သော​စေတနာ​စိတ်​နှင့် [ပေါလု​နှင့်​သိလ​တို့​ထံ​မှ] နှုတ် [မြွက်​စကား] တော်​ကို​ခံ​ယူ၍ မှန်​မမှန်​သိခြင်း​ငှာ ကျမ်းစာ​ကို နေ့တိုင်း​အစဉ်​စေ့စေ့​ကြည့်ရှု​ကြ​၏” ဟု ရေးသား​ဖော်ပြ​သည်။—တမန်​တော် ၁၇:၁၀၊ ၁၁

ပထမ​ရာစု​ခရစ်ယာန်​များသည် အသင်းတော်များ​တွင် အတူတကွ​စုဝေးခြင်း​ကိုလည်း ပြုလုပ်​ခဲ့​ကြ​၏။ (တမန်​တော် ၂:၄၁၊ ၄၂၊ ၄၆; ၁ ကောရိန္သု ၁:၁၊ ၂; ဂလာတိ ၁:၁၊ ၂; ၂ သက်သာလောနိတ် ၁:၁) ယနေ့လည်း ထပ်တူ​ပင်။ ယေဟောဝါသက်သေ​များသည် ယေဟောဝါ​ထံ​ချဉ်းကပ်​ရန်​နှင့် ကိုယ်တော့်​အမှုတော်ထမ်း​ရွက်​ခြင်း​မှ ရွှင်လန်းမှု​ရရှိကြ​ရန် အထူး​စီစဉ်​ထား​သည့် အစည်းအဝေး​များ​သို့ အသင်းတော်​လိုက် အတူတကွ​စုရုံး​ကြသည်။ ဒေသခံ​သက်သေခံ​များနှင့် ပေါင်းသင်း​ခြင်း​မှ အခြား​အကျိုး​တစ်ခု​ရ​သေး​သည်။ လူတို့သည် မိမိတို့​ဝတ်ပြု​ကိုးကွယ်​သော ဘုရားသခင်​နှင့် တဖြည်းဖြည်း ပို​၍​ပို​၍​တူ​လာ​သည့်​အတွက် ယေဟောဝါ​ကိုယ်တော်တိုင်​တင်ပြ​သည့် အရည်အသွေးများ​ကို ယေဟောဝါသက်သေ​များသည် ယင်းကို အကန့်အသတ်​သာ​ဖြစ်​သော်​ငြား​လည်း တင်ပြ​ကြ​၏။ ထို့​ကြောင့် သက်သေခံ​များနှင့်​အတူ​စုဝေးခြင်း​က ယေဟောဝါ​အား ပို​သိကျွမ်း​လာ​စေ​သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅

အရှင်သခင်​တစ်ပါး​တည်း​ကို သိကျွမ်း​လာဖို့ များစွာ​အားစိုက်​ထုတ်ရ​ပုံ​ပေါက်​ပါသလော။ အမှန်တကယ်​ပင် အားထုတ်​ရ​ပေမည်။ သို့သော် အသင် ဖြစ်မြောက်အောင်​မြင်​စေ​လို​သည့် အရာ​များစွာကို ထိုသို့​ပြုလုပ်​ရမည် မဟုတ်ပေ​လော။ ထိပ်​တန်း​အားကစားသမား​တစ်ဦး​ဖြစ်​ဖို့ အားစိုက်ထုတ်​လေ့ကျင့်​ခဲ့​ရသည်ကို စဉ်းစား​ကြည့်​ပါ။ ဥပမာ၊ ပြင်သစ်​နိုင်ငံ အိုလံပစ် ရေခဲပြင်​လျှော​စီး ရွှေ​တံဆိပ်​ဆု​ရှင် ဇဲန်း-ကလော့ဒ် ကီလီ​က အောင်မြင်​သော နိုင်ငံတကာ အားကစား​ပြိုင်ပွဲဝင်​သူ​တစ်ဦး​ဖြစ်​ရန် ပြုလုပ်​ခဲ့​ရ​သမျှ​အကြောင်း ဤသို့​ဆို​သည်– “ပြိုင်ပွဲ​မဝင်​ခင် ဆယ်နှစ်​ကြိုတင်ပြီး နှစ်​နဲ့​ချီ၊ နေ့တိုင်း ဒါကိုပဲ တွေးတော​စီမံ​နေ​ရတယ် . . . တစ်နှစ်​ပတ်လုံး၊ ၃၆၅ ရက်​စ​လုံး စိတ်ရောကိုယ်ပါ နှစ်မြှုပ်​ထား​ရတဲ့​အလုပ်​ဖြစ်တယ်။” ဆယ်မိနစ်​သာ​ကြာ​မည့် ပြိုင်ပွဲ​တစ်ပွဲ​တွင် ဝင်​ပြိုင်​ဖို့​အရေး ရှိရှိသမျှ အချိန်​နှင့် အားစိုက်ထုတ်မှု ပေး​ဆပ်​ရလေ​သည်! ယေဟောဝါ​အား သိကျွမ်းခြင်း​ဖြင့် ရရှိ​မည့် အောင်မြင်မှု​မှာ ပို​၍​ပင် ကြာရှည်​တည်မြဲ​ပါ​သည်။

သာ၍​ရင်းနှီး​ကျွမ်းဝင်​လာ​သည့် ဆက်ဆံ​ရေး

ဘဝတွင် အရေးကြီးသော​အရာ​တစ်ခုခု​ကို မည်သူ​ဆုံးရှုံး​ခံ​လို​မည်​နည်း။ မည်သူမျှ​ရှိ​မည်​မဟုတ်ပေ။ သို့​ဖြစ်​လျှင် သင့်​ဘဝတွင် စစ်မှန်​သည့်​ရည်ရွယ်ချက်​မရှိ​ဟု ခံစားရ​မည်၊ သို့​မဟုတ် ဆင်းရဲ​ခက်ခဲ​မှု အဘယ်ကြောင့် ရုတ်တရက်​ကျရောက်​လာ​သည်ကို သင်​သိ​လိုလျှင် သမ္မာကျမ်းစာ​၏ ဘုရားသခင် ယေဟောဝါ​ကို သိကျွမ်း​လာဖို့ ပြတ်ပြတ်သားသား​ဆုံးဖြတ်​ပါ​လေ။ ကိုယ်တော့်​ကို သင်​သိကျွမ်း​လာ​လျှင် သင့်​ဘဝ ရေရှည်​တိုးတက်​ကောင်းမွန်​လာ​ပေ​လိမ့်​မည်။

ယေဟောဝါ​အကြောင်း မသင်ယူ​တော့​ဘဲ​နေ​မည့်​အချိန် တစ်ချိန်ချိန်​ရှိ​မည်​လော။ ကိုယ်တော်​၏​အမှုတော်ကို နှစ်ချီ​ထမ်းရွက်​ခဲ့​ကြ​သူတို့သည် ကိုယ်တော့်​အကြောင်း သူတို့​သိရှိ​ခဲ့​ရာ​များနှင့် ဆက်လက်​သိရှိ​လာ​နေ​သေး​သည့် အသစ်​သော​အရာများ​ကို အံ့သြ​ချီးမွမ်း​နေရ​ဆဲ​ပင်။ ဤသို့​သိရှိ​လာသော​အရာများ​သည် ကျွန်ုပ်​တို့ကို​ပျော်ရွှင်​စေပြီး ကိုယ်တော်​နှင့် ပို​၍​ရင်းနှီး​ကျွမ်းဝင်​လာ​စေ​သည်။ “ဘုရားသခင်​၏​ပညာ​နှင့်​ဉာဏ်တော်​သည် အလွန်​ကျယ်ဝန်း​နက်နဲ​စွ​တကား။ စီရင်တော်မူချက်​တို့ကို အဘယ်သူမျှ​စစ်၍​မကုန်နိုင်။ ကြွတော်မူရာ​လမ်း​တို့ကို လိုက်၍​ရှာ​သော်လည်း မ​တွေ့​မမီ​နိုင်။ ‘ထာဝရ​ဘုရား​၏​စိတ်တော်​ကို အဘယ်သူ​သိ​သနည်း။ ထာဝရ​ဘုရား​နှင့် အဘယ်သူ​သည်​တိုင်ပင်​ဘက်​ပြု​သနည်း’” ဟု ရေးသားခဲ့​သူ တမန်​တော်​ပေါလု​၏​သဘောကို ကျွန်ုပ်​တို့ ပဲ့တင်ထပ်​နိုင်​ကြ​ပါစေ။—ရောမ ၁၁:၃၃၊ ၃၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 အမည်များ​ကို ပြောင်းလဲ​ထား​သည်။

[စာမျက်နှာ ၅ ပါ အကျဉ်း​ဖော်ပြချက်]

လူတို့သည် ‘ကျွန်ုပ်​အဘယ်ကြောင့် ဤ​နေရာတွင် ရောက်ရှိ​နေရ​သနည်း။ အဘယ်​အရပ်သို့ ဦးတည်​သွား​နေသနည်း။ ဘဝ​ရည်ရွယ်ချက်ကား အဘယ်နည်း’ ဟူသော အခြေခံကျ​သည့်​မေးခွန်းများကို မေးမြန်း​နေကြ​ဆဲ​ပင်

[စာမျက်နှာ ၆ ပါ အကျဉ်း​ဖော်ပြချက်]

“ယေဟောဝါ​ဟာ ဘယ်လို​ပုဂ္ဂိုလ်​မျိုး​ဖြစ်​မှန်း ကျွန်မ​စ​သိလာ​တာ​နဲ့ ကိုယ်တော့်​ထံ ကျွန်မ​ချဉ်းကပ်​ခဲ့တယ်”

[စာမျက်နှာ ၇ ပါ အကျဉ်း​ဖော်ပြချက်]

“ယေဟောဝါ​ရဲ့​အမှုတော်ကို ထမ်းဆောင်​ရတာ အကောင်းဆုံး ဘဝ​လမ်းစဉ်​ပဲ။ ဘာနဲ့မှ နှိုင်းယှဉ်​လို့​မရဘူး။ ယေဟောဝါ​ကို​သိကျွမ်း​လာလို့ ဘဝမှာ​ရည်ရွယ်ချက်​ရှိပြီ”