မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အားယူကြလော့! ငါသည် ဤလောကကို အောင်ပြီ”

“အားယူကြလော့! ငါသည် ဤလောကကို အောင်ပြီ”

“အားယူ​ကြလော့! ငါသည် ဤ​လောကကို အောင်ပြီ”

ယေရှု​သေဆုံး​သည့်​နေ့​ဖြစ်သော ဂျူး​လ​နိသန် ၁၄ ရက်​နေ့​သည် စီ.အီး. ၃၃၊ မတ်​လ ၃၁ ရက် ကြာသပတေး​နေ့ နေဝင်ချိန်​တွင်​စတင်​သည်။ အဆိုပါ​ညနေခင်း​တွင် ယေရှု​နှင့် ကိုယ်တော်​၏​တမန်​တော်​များသည် ပသခါပွဲ​ကျင်းပ​ရန် ယေရုရှလင်​မြို့ရှိ​အိမ်တစ်လုံး​၏ အထက်ခန်း​တွင် စုရုံး​နေကြ​သည်။ ယေရှုသည် “ဤ​လောက​မှ​ခမည်းတော်​ထံ​သို့ ပြောင်း” ရွှေ့​သွား​ရန်​ပြင်ဆင်​နေစဉ် မိမိ၏​တမန်​တော်​များ​ကို အဆုံးတိုင်​ချစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ (ယောဟန် ၁၃:၁) မည်သို့​ဖော်ပြ​ခဲ့​သနည်း။ နှစ်လိုဖွယ်​သင်ခန်းစာများ​သွန်သင်ပေး​ပြီး ရှေ့တွင်​ကြုံတွေ့​ရမည့်​အမှု​အတွက် သူတို့ကို အသင့်ရှိ​စေခြင်း​အားဖြင့်​ဖြစ်သည်။

ညဉ့်နက်​လာ​သည်​နှင့် ယေရှု​က “အားယူ​ကြလော့! ငါသည် ဤ​လောကကို​အောင်ပြီ” ဟု​တပည့်​များ​ကို မိန့်ဆို​၏။ (ယောဟန် ၁၆:၃၃သမ္မာ) ထို​ရဲရင့်​သော​မိန့်ဆိုချက်​အားဖြင့် ကိုယ်တော် အဘယ်အရာကို​ဆိုလို​သနည်း။ တစ်နည်း​အားဖြင့် ဤသို့​ဖြစ်သည်– ‘ဤ​လောက​၏​ဆိုးသွမ်းမှု​သည် ငါ့​စိတ်​ကို​မ​နာကြည်း​စေ​ခဲ့၊ ထပ်တူ​တုံ့ပြန်​ရန်​လည်း မပြု​လုပ်​စေနိုင်​ခဲ့​ပေ။ ငါ့ကို ဤ​လောက ပုံသွင်း​၍​မရခဲ့။ သင်တို့၏​အဖြစ်​၌​လည်း ထိုသို့​အမှန်​ဖြစ်​ကြောင်း ထင်ရှား​နိုင်​သည်။’ မြေကြီး​အသက်တာ​၏ နောက်ဆုံး​နာရီ​ပိုင်း​တွင် တည်ကြည်သော​တမန်​တော်​များ​အား ယေရှု​သွန်သင်​ပေး​ခဲ့​ရာ​များသည် လောကကို​အောင်နိုင်​ရန် သူတို့ကိုလည်း ထောက်ကူ​ပေး​ခဲ့​ပေမည်။

ယနေ့ လောကတွင် ဆိုးသွမ်းမှု​ပျံ့နှံ့​နေကြောင်း​ကို မည်သူ​ငြင်းဆို​မည်​နည်း။ မတရားမှုများ​နှင့် အဓိပ္ပာယ်မဲ့ အကြမ်းဖက်​လုပ်ရပ်များ​ကို ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​သနည်း။ ၎င်း​တို့​က ကျွန်ုပ်​တို့ကို စိတ်​နာကြည်း​သွား​စေ​သလော၊ ရန်ကို​ရန်​နှင့်​တုံ့ပြန်​လို​စိတ် ပေါ်​စေ​သလော။ ကျွန်ုပ်​တို့​ဝန်းကျင်ရှိ ကိုယ်ကျင့်တရား​လျော့ရဲမှု​က ကျွန်ုပ်​တို့ကို မည်သို့​သြဇာလွှမ်း​သနည်း။ အဆိုပါ​သြဇာလွှမ်း​မှု​အပြင် လူ့​မစုံလင်မှု​များနှင့် အပြစ်ပြု​လို​သော​သဘောထားများ​ရှိသည်​ဖြစ်​ရာ ကျွန်ုပ်​တို့​တိုက်လှန်​ရမည့်​အရာ​နှစ်ခု​ရှိသည်၊ ၎င်းတို့မှာ ပြင်ပ​ရှိ ဆိုးသွမ်း​သော​လောက​နှင့် ကျွန်ုပ်​တို့​ကိုယ်​တွင်း​ရှိ ဉာဉ်ဆိုး​များ​ဖြစ်သည်။ ယင်းကို ဘုရားသခင့်​အကူအညီ​မပါဘဲ အောင်နိုင်​မည်​ဟု ကျွန်ုပ်​တို့​အမှန် မျှော်လင့်​နိုင်​သလော။ ကိုယ်တော်​၏​အကူအညီကို ကျွန်ုပ်​တို့ မည်သို့​ရရှိနိုင်​သနည်း။ ဇာတိ​စိတ်ထား​များ​ကို တိုက်လှန်​ဖို့ အဘယ်​အရည်အသွေးများ​ကို ကျွန်ုပ်​တို့ မွေးမြူ​သင့်​သနည်း။ အဖြေ​ရရှိရန် ယေရှု၏​မြေကြီး​အသက်တာ နောက်ဆုံး​နေ့တွင် ချစ်လှစွာ​သော​တပည့်​များ​အား ကိုယ်တော်​သွန်သင်​ပေး​ခဲ့​ရာ​ကို ပြန်​သုံးသပ်ကြည့်​ကြ​စို့။

နှိမ့်ချမှု​ဖြင့် မာန်​မာန​ကို အောင်နိုင်​ခြင်း

ဥပမာ၊ မာန်​မာန သို့​မဟုတ် မာန​ထောင်လွှား​ခြင်း​ကို ဆင်ခြင်​သုံးသပ်ကြည့်​ပါ။ ယင်း​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က “မာန​သည်​ပျက်စီးခြင်း​အရင်၊ ထောင်လွှား​သော​သဘော​သည် ရှုတ်ချခြင်း​အရင်​၌ နေရာကျ​တတ်၏” ဟု​ဆို​သည်။ (သု. ၁၆:၁၈) ကျမ်းစာ​က ကျွန်ုပ်​တို့ကို ဤသို့​လည်း ဆုံးမ​၏– “အကြင်သူသည် ဘာမျှ​မဟုတ်ဘဲ​လျက်၊ ဤမျှ​လောက်​ငါ​ဖြစ်သည်ဟု​စိတ်ထင်​လျှင်၊ ထို​သူသည် ကိုယ်ကို​လှည့်ဖြား​သော​သူ​ဖြစ်၏။” (ဂလာတိ ၆:၃) မာန်​မာန​သည် အမှန်ပင် ဖျက်ဆီး​၍ လှည့်ဖြား​တတ်​သည်။ “မာနကြီး​ခြင်း [နှင့်] ထောင်လွှား​ခြင်း” ကို​မုန်းတီးခြင်း​သည် ပညာရှိရာ​ရောက်​၏။—သု. ၈:၁၃

ယေရှု၏​တမန်​တော်​များ​တွင် မာနကြီး​၍ ထောင်လွှား​သည့်​ပြဿနာ​ရှိခဲ့​သလော။ မိမိတို့​တွင် မည်သူ​သာ၍​ကြီးမြတ်​သနည်း​ဟု အနည်းဆုံး​တစ်ကြိမ် သူတို့​ငြင်းခုံ​ခဲ့​ကြသည်။ (မာကု ၉:၃၃-၃၇) နောက်​တစ်ကြိမ်​တွင် ယာကုပ်နှင့် ယောဟန်တို့သည် ဘုရားသခင့်​နိုင်ငံတော်​တွင် ထင်ပေါ်​သော​အဆင့်​နေရာကို တောင်းဆို​ခဲ့​ကြသည်။ (မာကု ၁၀:၃၅-၄၅) ယေရှု​က သူ၏​တပည့်​များ​၌ ဤ​စိတ်သဘောထား​မရှိစေရန် ကူညီပေး​လို​၏။ ထို့​ကြောင့် ပသခါပွဲ​သုံးဆောင်​နေစဉ် ကိုယ်တော်​သည်​ထ၍ ပဝါ​ဖြင့် ခါးစည်း​ပြီး တပည့်​များ​၏​ခြေ​ကို စတင်​ဆေး​တော်​မူ​၏။ သူတို့အား သင်ယူ​စေ​လို​သည့်​သင်ခန်းစာ​ကို ကိုယ်တော်​အတိအလင်း​ဖော်ပြ​ခဲ့​သည်။ “ငါသည် သခင်​ဖြစ်​လျက်၊ [“ဆရာ၊” က​ဘ] လည်း​ဖြစ်​လျက်​နှင့် သင်တို့၏​ခြေ​ကို​ဆေး​လျှင် သင်တို့သည် အချင်းချင်း​တို့၏​ခြေ​ကို ဆေး​ရ​ကြ​မည်” ဟု​ယေရှု​မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၁၃:၁၄) မာန်​မာန​ကို နှိမ့်ချမှု​ဖြင့် အစားထိုး​ရမည်။

သို့ရာတွင် မာန်​မာန​ကို အောင်နိုင်ဖို့​မလွယ်ကူ​ပါ။ ထို​ညနေ​နှောင်းပိုင်းတွင် ယေရှုသည် မိမိကို​သစ္စာဖောက်​တော့​မည့် ယုဒရှကာရုတ်​အား ထွက်သွား​စေပြီး​နောက် တမန်​တော် ၁၁ ပါး​သည် အပြင်းအထန် အချေအတင်​ငြင်းခုံ​ကြ​ပြန်​သည်။ အဘယ်ကြောင့်​နည်း။ သူတို့တွင် မည်သူ အကြီးမြတ်ဆုံး​ဖြစ်သနည်း​ဟူသော​ကိစ္စ​ဖြစ်သည်! ယေရှုသည် သူတို့ကို​ဆူပူ​မည့်​အစား သူတစ်ပါး​အစေခံခြင်း​၏​တန်ဖိုး​ကို စိတ်ရှည်​စွာ အလေးပေး​ဖော်ပြ​ပြန်​သည်။ ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့သည်– “လော[က]မင်းတို့​သည် အစိုးတရ​ပြု​တတ်ကြ​၏။ အာဏာ​ထားသော​သူတို့ကိုလည်း ကျေးဇူးရှင်​ဟူ၍​ခေါ်ဝေါ်​ကြ​၏။ သင်တို့​မူ​ကား ထိုသို့​မပြု​ကြ​နှင့်။ သင်တို့တွင် အကဲအမှူး​ပြုသောသူ​ကို ငယ်သား​ကဲ့သို့​ဖြစ်စေ။ အုပ်စိုး​သော​သူကိုလည်း အစေခံ​ကဲ့သို့​ဖြစ်စေ။” မိမိ၏​ပုံသက်သေ​ကို ပြန်သတိရ​စေပြီး ကိုယ်တော်​က “ငါသည်​သင်တို့တွင် လုပ်ကျွေး​သော​သူ​ကဲ့သို့​ဖြစ်၏” ဟု​ဆို​၏။—လုကာ ၂၂:၂၄-၂၇

ဆိုလိုချက်​ကို တမန်​တော်​များ နားလည်ခဲ့​ကြ​ပါသလော။ သူတို့​နားလည်ခဲ့​ကြောင်း ထင်ရှား​သည်။ နှစ်​အတန်ကြာ​လေ​သော် တမန်​တော်​ပေတရု​က ဤသို့​ရေးသားခဲ့​သည်– “သင်တို့​အပေါင်း​သည် စိတ်​တညီတညွတ်​တည်း​ရှိကြလော့။ စိတ်​ကြင်နာ​ခြင်း၊ ညီအစ်ကို​ချင်း​ကဲ့သို့​ချစ်ခြင်း၊ သနားစုံမက်​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း​ရှိကြလော့။” (၁ ပေတရု ၃:၈) ကျွန်ုပ်​တို့​လည်း နှိမ့်ချမှု​ဖြင့် မာန်​မာန​ကို အောင်နိုင်​ရန် အရေးကြီး​လှ​သည်​တကား! ထင်ပေါ်​ကျော်ကြား​မှု၊ အာဏာ သို့​မဟုတ် ရာထူး​ရခြင်း​တို့​၌ အချိန်ကုန်​ခံ​နေခြင်း​သည် ပညာ​မရှိ​ချေ။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ထောင်လွှား​စော်ကား​သော​သူတို့ကို ဘုရားသခင်​ဆီးတား​တော်​မူ​၏။ စိတ်​နှိမ့်ချသော​သူတို့အား ကျေးဇူးပြု​တော်​မူ​၏။” (ယာကုပ် ၄:၆) ထို​နည်းတူ ရှေးခေတ်​မှ ပညာရှိ​စကား​တစ်ခွန်း​က ဤသို့​ဆို​၏– “စိတ်​နှိမ့်ချ​ခြင်း၊ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​ကျေးဇူး​ကြောင့် စည်းစိမ်၊ ဂုဏ်​အသရေ၊ အသက်ကို​ရ​တတ်၏။”—သု. ၂၂:၄

မုန်းတီးမှု​ကို အောင်နိုင်​ခြင်း—မည်သို့​အားဖြင့်​နည်း

ဤ​လောက​၌ တွေ့မြင်​နေကျ​စရိုက် နောက်တစ်ခု​ဖြစ်သော မုန်းတီးမှု​ကို သုံးသပ်ကြည့်​ပါ။ ကြောက်ရွံ့​မှု၊ ဗဟုသုတ​နည်း​မှု၊ စိတ်​စွန်းကွက်​မှု၊ ဖိနှိပ်မှု၊ မတရားမှု​တို့​ကြောင့်​ဖြစ်စေ လူမျိုးရေး​စိတ်ဓာတ်၊ လူမျိုးနွယ်​စု​ချစ်စိတ်​ဓာတ် သို့​မဟုတ် လူမျိုးရေး​ခွဲခြား​မှု​တို့​ကြောင့်​ဖြစ်စေ ကျွန်ုပ်​တို့​ဝန်းကျင်​၌ မုန်းတီးမှု​ပျံ့နှံ့​နေ​ပုံ​ရသည်။ (၂ တိမောသေ ၃:၁-၄) ယေရှု​ခေတ်​၌​လည်း မုန်းတီးမှု​ပျံ့နှံ့​ခဲ့​ပါ​သည်။ အခွန်ခံ​များ​ကို ဂျူး​အသိုင်းအဝိုင်း​က မုန်းတီး​၍​ပယ်​ထား​ကြသည်။ ဂျူး​တို့သည် ရှမာရိ​လူမျိုး​ကို အ​ဖက်​မ​လုပ်ခဲ့ကြ​ချေ။ (ယောဟန် ၄:၉) တစ်ပါး​အမျိုးသားများ သို့​မဟုတ် ဂျူး​မဟုတ်​သူများ​လည်း ဂျူး​တို့၏​အထင်သေး​မှု​ကို ခံ​ခဲ့​ကြ​ရသည်။ သို့သော် အတန်ကြာ​လေ​သော် ယေရှု​စတင်​ခဲ့​သော ဝတ်ပြုနည်း​သည် လူမျိုးအပေါင်း​မှ လူ​တို့ကို​လက်ခံ​စေ​သည်။ (တမန်​တော် ၁၀:၃၄၊ ၃၅; ဂလာတိ ၃:၂၈) ထို့​ကြောင့် ကိုယ်တော်​သည် တပည့်​များ​အား လမ်းစဉ်​သစ်​တစ်ခု​ကို မေတ္တာ​ရှိ​စွာ ပေး​ခဲ့​သည်။

ယေရှု​ဤသို့​ကြေညာ​ခဲ့​သည်– “သင်တို့သည် အချင်းချင်း​တစ်ယောက်ကို​တစ်ယောက်​ချစ်​ကြလော့။ ငါသည် သင်တို့ကို​ချစ်​သည်​နည်းတူ အချင်းချင်းချစ်​ကြလော့​ဟု ပညတ်သစ်​ကို​ငါ​ပေး​၏။” ဤ​ချစ်ခြင်း​မေတ္တာကို​တင်ပြ​ဖို့ သူတို့​သင်ယူ​ကြ​ရမည်​ဖြစ်သည်၊ အကြောင်း​မှာ ကိုယ်တော်​ဤသို့​ဆက်၍ မိန့်ဆို​သည်– “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို​သိရ​ကြလိမ့်မည်။” (ယောဟန် ၁၃:၃၄၊ ၃၅) ဤ​ပညတ်​သည် “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ” ချစ်ခြင်း​ထက် သာ​သဖြင့် အသစ်​ဖြစ်သည်။ (ဝတ်ပြုရာ ၁၉:၁၈) အဘယ်​နည်းဖြင့်​နည်း။ ဤသို့​ဆို​၍ ယင်းကို ယေရှု​ရှင်းပြ​ခဲ့​သည်– “ငါ့​ပညတ်​ဟူ​မူ​ကား၊ ငါသည်​သင်တို့ကို​ချစ်​သည်​နည်းတူ၊ သင်တို့သည်​အချင်းချင်းချစ်​ကြလော့။ ကိုယ်​အဆွေ​တို့​အဖို့​အလို​ငှာ ကိုယ်​အသက်ကို​စွန့်​ခြင်း​မေတ္တာ​ထက် သာ၍​မြတ်သော​မေတ္တာသည် အဘယ်သူ​၌​မျှ​မရှိ။” (ယောဟန် ၁၅:၁၂၊ ၁၃) သူတို့သည် အချင်းချင်း​နှင့် အခြားသူများ​အတွက် အသက်စွန့်​ရန် အသင့်ရှိ​ကြ​ရမည်။

မစုံလင်​သော​လူသားများ​သည် မိမိတို့​ဘဝ​အသက်တာ​မှ ရန်ငြိုး​ထားသော​မုန်းတီးမှု​ကို မည်သို့​ဖယ်ရှားပစ်​နိုင်​သနည်း။ ကိုယ်ကျိုး​စွန့်​မေတ္တာ​နှင့် အစားထိုး​ခြင်း​အားဖြင့်​ဖြစ်သည်။ လူမျိုးစု၊ ယဉ်ကျေးမှု၊ ဘာသာရေး​နှင့် နိုင်ငံရေး​နောက်ခံ​အမျိုးမျိုး​မှ သန်းပေါင်း​များစွာသော စိတ်ရင်းမှန်​သူများ​သည် ထိုသို့​ပြု​နေကြ​သည်။ ယခု သူတို့သည် စည်းလုံး​၍ မုန်းတီးမှု​မရှိသော အသိုင်းအဝိုင်း—ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​ညီအစ်ကို​များ အသင်းအပင်း—တစ်ခု​ဖြစ်လာ​လေ​ပြီ။ သူတို့သည် တမန်​တော်​ယောဟန်​၏ ဤ​မှုတ်သွင်းခံ​စကား​များ​ကို နှလုံး​သွင်း​ကြသည်– “မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မည်​သည်​ကား၊ လူအသက်ကို​သတ်​သော​သူ​ဖြစ်၏။ လူ​အသက်ကို​သတ်​သော​သူ တစ်စုံ​တစ်ယောက်မျှ ထာဝရ​အသက်​မတည်​သည်ကို သင်တို့​သိ​ကြ​၏။” (၁ ယောဟန် ၃:၁၅) စစ်မှန်သော​ခရစ်ယာန်​များသည် လက်နက်ကိုင်​တိုက်ခိုက်​ခြင်း​ကို ငြင်းပယ်​ရုံ​မ​က တစ်ဦး​ကိုတစ်​ဦး ကြိုးစား​မေတ္တာပြ​ကြသည်။

သို့သော် ယုံကြည်သူချင်း​မဟုတ်​သူ၊ ကျွန်ုပ်​တို့ကို​မုန်းတီး​သူများ​အပေါ် အဘယ်​စိတ်သဘောထား​ရှိ​သင့်​သနည်း။ သစ်တိုင်ပေါ်​ဆွဲ​ထား​ခံရ​စဉ် ယေရှု​က “အို​အဘ၊ သူတို့၏​အပြစ်ကို​လွှတ်တော်​မူ​ပါ။ သူတို့သည် ကိုယ်​ပြုသော​အမှုကို​မသိကြ” ဟု​ဆို​လျက် မိမိ​အား သေဒဏ်​စီရင်သူ​များ​အတွက် ဆုတောင်းပေး​ခဲ့​သည်။ (လုကာ ၂၃:၃၄) မုန်းတီးစိတ်​ပြည့်နေ​သူများ​က တပည့်တော်​သတေဖန်​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​သောအခါ သူ၏​နောက်ဆုံး​စကား​မှာ ဤသို့​ဖြစ်သည်– “[“ယေဟောဝါ၊” က​ဘ] ဤသူတို့​ပြုသော . . . အပြစ်ကို​မှတ်​တော်​မ​မူ​ပါ​နှင့်။” (တမန်​တော် ၇:၆၀) ယေရှု​နှင့် သတေဖန်​တို့သည် မိမိတို့ကို မုန်းတီး​သူတို့​အတွက်​ပင် အကောင်းဆုံး​ဖြစ်စေ​လို​ခဲ့​ကြသည်။ သူတို့​စိတ်ထဲ​တွင် နာကြည်းမှု​လုံးဝ​မရှိခဲ့​ပါ။ သမ္မာကျမ်းစာ​က “ခပ်သိမ်း​သော​သူတို့အား ကျေးဇူးပြု​ကြ​ကုန်​အံ့” ဟု​တိုက်တွန်း​ထား​သည်။—ဂလာတိ ၆:၁၀

‘အစဉ်မပြတ်​ထောက်မ​သူ’

ယေရှုသည် တည်ကြည်သော​ တမန်​တော် ၁၁ ပါး​နှင့် စည်းဝေး​နေစဉ် မကြာမီ ကိုယ်တော်​သည် ကာယရေး​အရ သူတို့နှင့်​အတူ ရှိတော့မည်​မဟုတ်​ကြောင်း အသိပေးခဲ့​သည်။ (ယောဟန် ၁၄:၂၈; ၁၆:၂၈) သို့သော် သူတို့ကို ဤသို့​စိတ်ချ​စေ​သည်– “ငါသည်​လည်း ခမည်းတော်​ကို​တောင်း​၍ ခမည်းတော်​သည် . . . အခြားသော . . . ဆရာ [“ထောက်မ​သူ၊” က​ဘ] တစ်ပါး​ကို သင်တို့​နှင့်အတူ အစဉ်မပြတ်​တည်​နေ​စေခြင်း​ငှာ သင်တို့အား​ပေး​တော်​မူ​မည်။” (ယောဟန် ၁၄:၁၆သမ္မာ) ကတိထားရာ​ထောက်မ​သူ​မှာ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​ဖြစ်သည်။ ၎င်း​သည် ကျမ်းစာ​၏​နက်နဲရာ​များ​ကို သွန်သင်ပေး​ပြီး ယေရှု၏​မြေကြီး​ဓမ္မ​အမှုဆောင်ချိန်​အတွင်း ကိုယ်တော်​သွန်သင်​ပေး​ခဲ့​ရာ​များ​ကို သူတို့အား ပြန်သတိရ​မှတ်မိ​စေမည်​ဖြစ်သည်။—ယောဟန် ၁၄:၂၆

သန့်ရှင်းသော​ဝိညာဉ်တော်သည် ကျွန်ုပ်​တို့ကို ယနေ့ မည်သို့​ထောက်မ​ကူညီ​နိုင်​သနည်း။ သမ္မာကျမ်းစာ​သည် ဘုရားသခင့်​မှုတ်သွင်းခံ နှုတ်မြွက်​စကားတော်​ဖြစ်၏။ ပရောဖက်ပြုချက်​များ​ကို မြွက်ဆို​၍ ကျမ်းစာ​ကို​ရေးသား​ရန် အသုံးပြု​ခံ​ခဲ့​ရသူ​များသည် “သန့်ရှင်းသော​ဝိညာဉ်​တော်​၏ တိုက်တွန်း​တော်​မူ​ခြင်း​ကို​ခံရ” ကြ​၏။ (၂ ပေတရု ၁:၂၀၊ ၂၁; ၂ တိမောသေ ၃:၁၆) သမ္မာကျမ်းစာ​ကို လေ့လာ​၍ တတ်သိလာ​ရာ​တို့ကို လက်တွေ့​ကျင့်သုံး​ခြင်း​က ကျွန်ုပ်​တို့ကို​အသိပညာ၊ ဉာဏ်ပညာ၊ သိနားလည်မှု၊ ထိုးထွင်း​သိမြင်မှု၊ ပိုင်းခြား​သိမြင်မှု​နှင့် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​တို့ကို ရရှိစေ​သည်။ ထို​အခါ ဆိုးညစ်သော​လောက​၏ ဖိစီးမှုများ​ကို ရင်ဆိုင်​ဖြေရှင်း​နိုင်​ရန် ကျွန်ုပ်​တို့ သာ၍​အသင့်ရှိ​မည်​မဟုတ်ပေ​လော။

သန့်ရှင်းသော​ဝိညာဉ်တော်သည် အခြား​နည်း​တစ်နည်း​ဖြင့် ထောက်မ​ပေး​သေး​သည်။ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်တော်သည် ကောင်းကျိုး​ပြုသော တန်ခိုး​ကြီးမား​သည့်​စွမ်းအား​ဖြစ်​ရာ ယင်း​၏​သြဇာလွှမ်း​မိုး​မှု​ခံ​သူများကို ဘုရားသခင်​ရေးရာ​အရည်အချင်းများ တင်ပြ​စေနိုင်​သည်။ “ဝိညာဉ်​ပကတိ​၏​အကျိုး​မူ​ကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ [ယုံကြည်]ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း​ပေ​တည်း” ဟု​ကျမ်းစာ​က​ဆို​၏။ အကျင့်​ယိုယွင်းခြင်း၊ ရန်​တွေ့​ခြင်း၊ မနာလို​ခြင်း၊ အမျက်ထွက်ခြင်း​အစ​ရှိသော ဇာတိ​သဘောထားများကို​အောင်နိုင်​ရန် အဆိုပါ​အရည်အချင်းများ​ကို ကျွန်ုပ်​တို့​လိုအပ်​သည် မဟုတ်ပေ​လော။—ဂလာတိ ၅:၁၉-၂၃

ဘုရားသခင့်​ဝိညာဉ်​တော်​ကို မှီခို​အားထားခြင်း​ဖြင့် မည်သည့်​ပြဿနာ၊ မည်သည့်​စိတ်​ဆင်းရဲမှု​ကို​မဆို ရင်ဆိုင်​ဖြေရှင်း​နိုင်​ရန် “သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်” ကိုလည်း ကျွန်ုပ်​တို့​ရရှိနိုင်​သည်။ (၂ ကောရိန္သု ၄:၇) သန့်ရှင်းသော​ဝိညာဉ်တော်သည် စုံစမ်း​နှောင့်ယှက်မှု​များ၊ သွေးဆောင်မှုများ​ကို ဖယ်ရှား​ပေး​မည်​မဟုတ်သော်လည်း ၎င်းတို့ကို အမှန်​ခံရပ်​နိုင်​စေ​သည်။ (၁ ကောရိန္သု ၁၀:၁၃) “ငါ့ကို​ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော ခရစ်တော်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏” ဟု​တမန်​တော်​ပေါလု ရေးသားခဲ့​သည်။ (ဖိလိပ္ပိ ၄:၁၃) ဘုရားသခင်​သည် ထိုသို့​သော​ခွန်အား​ကို ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ရရှိစေ​ပါ​သည်။ သန့်ရှင်းသော​ဝိညာဉ်​တော်​အတွက် ကျွန်ုပ်​တို့ အမှန်တကယ် ကျေးဇူး​တင်​နိုင်​ကြသည်​တကား! ‘ယေရှုကို​ချစ်၍ ကိုယ်တော်​၏​ပညတ်​များ​ကို စောင့်ရှောက်​ကြ’ သူများ​အား ယင်းကို​ပေး​မည်​ဟု ကတိတော်​ရှိ၏။—ယောဟန် ၁၄:၁၅

“ငါ​၏​ချစ်ခြင်း​မေတ္တာ​၌​တည်​နေကြ​လော့”

လူသား​တစ်ဦး​အဖြစ် ကိုယ်တော်​၏​နောက်ဆုံး​ည​တွင် တမန်​တော်​များ​ကို ယေရှု​ဤသို့​လည်း​မိန့်ဆိုခဲ့သည်– “ငါ့​ပညတ်​တို့ကို​ရ​၍ စောင့်ရှောက်သော​သူသည် ငါ့ကို​ချစ်သော​သူ​ဖြစ်၏။ ငါ့ကို​ချစ်သော​သူကို ငါ့​ခမည်းတော်​သည်​ချစ်တော်မူ​မည်။” (ယောဟန် ၁၄:၂၁) “ငါ​၏​ချစ်ခြင်း​မေတ္တာ​၌​တည်​နေကြ​လော့” ဟု​ကိုယ်တော်​တိုက်တွန်း​ခဲ့​သည်။ (ယောဟန် ၁၅:၉) ကျွန်ုပ်​တို့​ကိုယ်​တွင်း​ရှိ အပြစ်ပြု​လို​သည့်​သဘောထားများ​အပြင် ပြင်ပ​ရှိ ဆိုးညစ်သော​ဤ​လောက​နှင့် ဆိုင်ပြိုင်​တိုက်လှန်​ရာ​တွင် ခမည်းတော်​နှင့်​သားတော်​တို့၏​မေတ္တာ​၌ တည်​နေခြင်း​က မည်သို့​ထောက်ကူ​ပေး​သနည်း။

အပြစ်ပြု​လို​သည့်​သဘောထားများကို ချုပ်ထိန်း​ရန် ပြင်းပြ​သည့်​လှုံ့ဆော်မှု​မရှိပါ​က ထိုသို့​ပြု​နိုင်​ပါ​မည်​လော။ ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော်​၏​သားတော်​နှင့်​ပါ ကောင်းသော​ဆက်ဆံ​ရေး​ရှိ​လို​သည့်​ဆန္ဒ​ထက် သာ၍​ကောင်းသော​လှုံ့ဆော်မှု ရှိ​နိုင်​ဦး​မည်​လော။ ဆယ်ကျော်သက်​အရွယ်​မှ​စ၍ အသက်ရှင်နေ​ထိုင်​ခဲ့​သော အကျင့်​ယိုယွင်း​သည့် ဘဝ​ပုံစံ​ကို အကြီးအကျယ်​တိုက်လှန်​ခဲ့​ရသူ အာနက်စတို *က ဤသို့​ရှင်းပြသည်– “ကျွန်တော် ဘုရားသခင့်​စိတ်တော်​နဲ့​တွေ့ချင်​လာတယ်၊ ကျွန်တော့်​ရဲ့ အသက်ရှင်​နေထိုင်ပုံ​ကို ကိုယ်တော်​မကြိုက်​မှန်း ကျမ်းစာ​လေ့လာ​လို့ သိလာတယ်။ ဒါ​ကြောင့် ဘုရားသခင့်​လမ်းညွှန်မှု​တွေ​ကို လိုက်နာ​ဖို့၊ အရင်​နဲ့​မတူတဲ့​လူ​ဖြစ်​ဖို့ ကျွန်တော်​စိတ်​ဆုံးဖြတ်​လိုက်တယ်။ ကျွန်တော့်​စိတ်ထဲ လှိမ့်​ဝင်လာ​တတ်​တဲ့ အပျက်သဘော​ပါ​တဲ့ ညစ်ညမ်း​တဲ့​အတွေး​တွေ​ကို နေ့တိုင်း​လို​လို ကျွန်တော်​တိုက်လှန်​ခဲ့​ရတယ်။ ဒါပေမဲ့ ဒီ​တိုက်ပွဲ​ကို အောင်နိုင်ဖို့ ကျွန်တော်​စိတ်ပိုင်းဖြတ်​ထားပြီး ဘုရားသခင့်​အကူအညီ​ရဖို့ အမြဲ​ဆုတောင်း​ခဲ့တယ်။ ကျွန်တော့်​ကိုယ်ကို ကြပ်မတ်​နေရ​တုန်း​ဖြစ်​ပေမဲ့ နှစ်နှစ်​ကြာပြီး​တဲ့​နောက် အဆိုးရွားဆုံး​အခြေအနေ​ကို ကျွန်တော်​ကျော်လွှား​နိုင်​ခဲ့ပြီ။”

ပြင်ပ​လောက​နှင့် တိုက်လှန်​ရခြင်း​နှင့်​စပ်လျဉ်း၍ ယေရုရှလင်​မြို့ရှိ အထက်ခန်း​မ​မှ မထွက်ခွာမီ ယေရှု၏​နိဂုံး​ချုပ်​ဆုတောင်းချက်​ကို သုံးသပ်ကြည့်​ပါ။ ကိုယ်တော်​၏​တပည့်​များ​အတွက် ခမည်းတော်​ထံ ဤသို့​တောင်းလျှောက်​ခဲ့​သည်– “ဤသူတို့ကို ဤ​လောက​မှ​နုတ်ယူ​တော်​မူ​မည်​အကြောင်း အကျွန်ုပ်​တောင်း​သည်မဟုတ်​ပါ။ မကောင်းသော​အမှုအရာ​နှင့် ကင်းလွတ်​စေခြင်း​ငှာ စောင့်မ​တော်​မူ​မည်​အကြောင်းကို​သာ တောင်း​ပါ​၏။ အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည်​မဆက်ဆံ​ကြ​ပါ။” (ယောဟန် ၁၇:၁၅၊ ၁၆) တကယ်​အားရှိစရာ​ပါ​တကား! ယေဟောဝါ​သည် မိမိ​ချစ်​မြတ်နိုး​သူများကို စောင့်ရှောက်​တော်​မူ​ပြီး လောက​နှင့် သူတို့​မဆက်ဆံ​ဘဲ​နေကြ​စဉ် သူတို့ကို ခွန်အား​ပေး​တော်​မူ​၏။

“ယုံကြည်​ကြလော့”

ယေရှု၏​ပညတ်​များ​ကို လိုက်နာ​စောင့်ရှောက်ခြင်း​သည် ဤ​ဆိုးညစ်သော​လောက​နှင့် ကျွန်ုပ်​တို့၏​အပြစ်ပြု​လို​သော သဘောထားများကို တိုက်လှန်​ရာ​တွင် အမှန်​အောင်ပွဲခံ​စေနိုင်​ပါ​သည်။ သို့သော် အဆိုပါ​အောင်ပွဲ​များသည် အရေးကြီး​သည်​မှန်​သော်လည်း ဤ​လောက​နှင့် ကျွန်ုပ်​တို့​အမွေ​ရထား​သော​အပြစ်ကို မဖယ်ရှား​ပေး​နိုင်​ချေ။ သို့​ဖြစ်သော်လည်း စိတ်ပျက်​စ​ရာ​မလိုပါ။

သမ္မာကျမ်းစာ​က “လောက​နှင့်​လော[က]တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ . . . ထာဝရ​တည်​၏” ဟု​ကြေညာ​ထား​သည်။ (၁ ယောဟန် ၂:၁၇) ယေရှုသည် “[မိမိ]ကို ယုံကြည်သူ​အပေါင်း” အား အပြစ်​နှင့်​သေခြင်း​မှ​ကယ်လွှတ်​ရန် အသက်စွန့်​ခဲ့ပြီ။ (ယောဟန် ၃:၁၆) သို့​ဖြစ်၍ ဘုရားသခင့်​အလိုတော်နှင့် ရည်ရွယ်တော်မူချက်​များ​ကို ကျွန်ုပ်​တို့​တိုး​သိ​နားလည်​လာ​သည်​နှင့်​အမျှ “ဘုရားသခင်​ကို​ယုံကြည်​ကြလော့။ ငါ့ကို​လည်း​ယုံကြည်​ကြလော့” ဟူသော ယေရှု၏​တိုက်တွန်းချက်​ကို နှလုံး​သွင်း​ကြပါစို့။—ယောဟန် ၁၄:၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 22 ဤ​တွင် အစားထိုး​အမည်​ကို အသုံးပြု​ထား။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

“ငါ​၏​ချစ်ခြင်း​မေတ္တာ​၌ တည်​နေကြ​လော့” ဟု တမန်​တော်​များ​ကို ယေရှု​တိုက်တွန်း​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အပြစ်​နှင့် ယင်း​၏​အကျိုးဆက်များ​မှ လွတ်မြောက်ခြင်း​သည် မကြာမီ အမှန်တကယ်​ဖြစ်လာ​တော့​မည်