မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘မှန်သောစကားကိုပြောသောနှုတ်ခမ်းသည် အစဉ်အမြဲတည်၏’

‘မှန်သောစကားကိုပြောသောနှုတ်ခမ်းသည် အစဉ်အမြဲတည်၏’

‘မှန်သော​စကား​ကို​ပြော​သော​နှုတ်ခမ်းသည် အစဉ်အမြဲ​တည်​၏’

မီး​ပွား​လေး​တစ်ခု​ကြောင့် မီးတောက်လောင်​ပြီး တစ်​တော​လုံး​လောင်ကျွမ်း​သွား​နိုင်​သကဲ့သို့ ၎င်း​သည် လူတစ်ဦး​၏​ဘဝ​တစ်ခုလုံး​ကို ပျက်စီး​သွား​စေနိုင်​၏။ ယင်းသည် အဆိပ်​အပြည့်​ရှိ​နိုင်​ပြီး၊ “အသက်​ပင်” လည်း​ဖြစ်​နိုင်​သည်။ (သု. ၁၅:၄၊ သမ္မာ) ၎င်း​သည် သေခြင်းနှင့် အသက်ရှင်ခြင်းကို အစိုးရ​၏။ (သု. ၁၈:၂၁) ဤ​သေးငယ်သော​လျှာ​ကလေး​သည် အထက်တွင်​ဖော်ပြ​ထား​သည့်​အတိုင်း အစွမ်း​သတ္တိ​ရှိပြီး တစ်ကိုယ်လုံး​ကို ညစ်ညူး​စေနိုင်​သည်။ (ယာကုပ် ၃:၅-၉) ယင်းကြောင့် လျှာ​ကို​စောင့်ထိန်းခြင်း​က ပညာရှိ​ပေ​သည်။

သမ္မာကျမ်းစာ​ရှိ နယပုံပြင်​ကျမ်း အခန်းကြီး ၁၂ ၏​ဒုတိယ​ပိုင်း​တွင် ရှေး​ဣသရေလ​ရှင်ဘုရင်​ရှောလမုန်က ကျွန်ုပ်​တို့၏​အပြောအဆိုကို​စောင့်ထိန်း​ဖို့ တန်ဖိုး​ရှိ​ဆုံးမ​စကား​များ​ဖော်ပြ​ပေး​၏။ လိုရင်းတိုရှင်း​ဖြစ်သော်လည်း လက်တွေ့ကျ​အဓိပ္ပာယ်​ရှိ စကားပုံ​များ​ဖြင့် ပညာရှိ​ရှင်ဘုရင်​က လူတစ်ဦး​ပြော​သော​စကား​အားဖြင့် အကျိုးဆက်များ​ရှိလာ​သကဲ့သို့ ပြောဆိုသူ​၏​အရည်အချင်းများ​ကိုလည်း များစွာ​ဖော်ပြ​၏​ဟု​ဆို​သည်။ ရှောလမုန်​၏​မှုတ်သွင်းခံ​အကြံပြုချက်​သည် ‘နှုတ်ခမ်း​ရှေ့၌ ကင်း​ကို​ထား’ လို​သူ မည်သူ​မဆို​အတွက် အကျိုးများစွာ​ရှိ၏။—ဆာလံ ၁၄၁:၃

‘စကား​လွန်ကျူး​သော​အားဖြင့် ကျော့မိ​တတ်’

“စကား​လွန်ကျူး​သော​အားဖြင့် ဆိုးသော​သူသည်​ကျော့မိ​တတ်၏။ ဖြောင့်မတ်​သော​သူ​မူ​ကား ဒုက္ခ​ထဲ​က​ထွက်မြောက်​တတ်၏” ဟု​ရှောလမုန်​ဆို​သည်။ (သု. ၁၂:၁၃သမ္မာ) လိမ်ညာ​ခြင်း​သည် ယင်းကို​အသုံးပြုသူ​အတွက် သေစေနိုင်​သော​ထောင်ချောက်​ဖြစ်သည်။ (ဗျာ. ၂၁:၈) လိမ်ညာ​ပြောဆိုခြင်း​သည် ပြစ်ဒဏ်​မခံရ​ရန်၊ သို့​မဟုတ် မနှစ်မြို့ဖွယ်​အခြေအနေ​တစ်ခု​မှ လွတ်မြောက်​ရန် အလွယ်​လမ်း​ဖြစ်၏​ဟု​ထင်မှတ်​ပေမည်။ သို့သော် တစ်ကြိမ်​လိမ်ညာ​ပြီး​လျှင် ဆက်တိုက်​လိမ်ညာ​သွား​ရသည်​မဟုတ်လော။ ငွေ​အနည်းငယ်​ဖြင့် စ၍​လောင်းကစား​သူသည် အရှုံး​ကို​ပြန်​ကာမိ​စေရန် လောင်း​ကြေး​များများ​ထပ်​ရသည့်​နည်းတူ လိမ်ညာ​သူ​တစ်ဦး​သည် များ​မကြာမီ အလိမ်အညာ​သံသရာ​ထဲ​မှ ရု​န်း​မ​ထွက်​နိုင်​သည့်​အဖြစ်သို့ ရောက်သွား​တတ်​သည်။

စကား​လွန်ကျူးခြင်း​ဖြင့် အခြား​သူတို့ကို လိမ်ညာ​သော​သူသည် မိမိကိုယ်ကို​လိမ်ညာ​၍ နောက်ထပ်​ကျော့မိ​သွား​စေနိုင်​သည်။ ဥပမာ၊ လိမ်ညာ​သူ​တစ်ဦး​က မိမိသည် အသိပညာ​ကြွယ်ဝ​၍ အလွန်​ထက်​သည်​ဟု အလွယ်တကူ​အထင်​ရှိသော်လည်း အမှန်​မှာ​မဆိုစလောက်​သာ သိရှိ​၏။ သို့​နှင့် သူ၏​လိမ်ညာမှု​နှင့်​အညီ အသက်ရှင်နေ​ထိုင်​သွား​၏။ သူသည် “သူ၏​အပြစ်ကို​တွေ့​တော်​မ​မူ၊ ရွံရှာ​တော်​မ​မူ​ဟု ကိုယ်​မျက်စိရှေ့​၌ ကိုယ်​ကောင်းသော​အယောင်​ကို​ဆောင်​တတ်၏။” (ဆာလံ ၃၆:၂) လိမ်ညာ​ခြင်း​သည် ကျော့ကွင်း​တစ်ခု​ပါ​တကား! သို့သော် ဖြောင့်မတ်​သော​သူသည် ဤ​အကျပ်အတည်း​မျိုးကို ကြုံ​လိမ့်​မည်​မဟုတ်။ ပူ​ပင်​သောကရောက်​နေစဉ်​ပင် လိမ်ညာ​ပြောဆို​မည်​မဟုတ်။

‘ရောင့်ရဲ​စေသော​အသီး’

“အ​လွဲ​မယူ​ကြ​နှင့်။ ဘုရားသခင်​သည် မထီမဲ့မြင်​ပြုခြင်း​ကို​ခံ​တော်​မ​မူ” ဟူ၍ တမန်​တော်​ပေါလု​က သတိပေး​သည်။ “လူသည် မျိုးစေ့ကြဲ​သည်​အတိုင်း အသီးအနှံ​ကို​ရိတ်​ရ​လိမ့်​မည်။” (ဂလာတိ ၆:၇) ဤ​မူ​သည် ကျွန်ုပ်​တို့၏​အပြောအဆို​သာမက အပြု​အမူ​တို့​နှင့်​ပါ သက်ဆိုင်​၏။ ရှောလမုန်က ဤသို့​ပြော​သည်– “လူသည် မိမိ​နှုတ်ခမ်း​အသီး​နှင့်​ရောင့်ရဲ​ရ၏။ မိမိ​လက်​လုပ်​ရာ​အကျိုးအပြစ်​ကိုလည်း​ခံရ​၏။”သု. ၁၂:၁၄

“ပညာ​ကို​မြွက်ဆို​တတ်” သော​နှုတ်ခမ်းသည် ကျေနပ်​ရောင့်ရဲမှု​ဖြစ်စေ​သော​အသီးကို ဖြစ်ထွန်း​စေ​၏။ (ဆာလံ ၃၇:၃၀) ဉာဏ်​ပညာရှိ​ရန် အသိပညာ​ရှိဖို့လို​သည်၊ မည်သူမျှ အသိပညာ​အားလုံး​ပိုင်ဆိုင်​သည်မဟုတ်။ လူတိုင်း ကောင်းသော​သွန်သင်ချက်​ကို​လက်ခံ​နားထောင်​သင့်​သည်။ “မိုက်​သော​သူသည် ကိုယ့်​နည်းလမ်း​မှန်သည်​ဟု ထင်​တတ်၏။ ပညာရှိ​သော​သူ​မူ​ကား အကြံပေး​ရာ​ကို နားထောင်​တတ်၏” ဟု​ဣသရေလ​ရှင်ဘုရင်​ဆို​သည်။—သု. ၁၂:၁၅သမ္မာ။

ယေဟောဝါ​သည် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​နှင့် “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” မှ ပြုစု​သော​စာပေ​စာတမ်း​များ​ကို​အသုံးပြု၍ ကိုယ်တော့်​အဖွဲ့အစည်း​မှ​တစ်ဆင့် ကျွန်ုပ်​တို့ကို ကျိုးကြောင်း​ညီညွတ်​သည့်​သွန်သင်ချက်​ကို ပေး​သည်။ (မဿဲ ၂၄:၄၅သ​မ; ၂ တိမောသေ ၃:၁၆) အကြံပေး​ချက်​ကောင်း​များ​ကို​ငြင်းပယ်​၍ ကိုယ့်​နည်း​ကိုယ့်​ဟန်​လုပ်ဆောင်ခြင်းက မိုက်မဲ​လှ​သည်​တကား! “လူ​တို့အား​ပညာ​အတတ်ကို​သွန်သင်​တော်​မူ​သော​သူ၊” ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ကိုယ်တော်​၏​ဆက်သွယ်ရေး​လမ်းကြောင်း​မှ​တစ်ဆင့် ဆုံးမ​သွန်သင်သော​အခါ ကျွန်ုပ်​တို့ “နား​ကြား​ခြင်း​ငှာ​လျင်မြန်​ကြ” ရမည်။—ယာကုပ် ၁:၁၉; ဆာလံ ၉၄:၁၀

ပညာရှိ​နှင့် မိုက်မဲ​သူတို့သည် စော်ကားခြင်း သို့​မဟုတ် မတရား​သဖြင့်​ပြစ်တင်​ဝေဖန်ခြင်း​တို့ကို မည်သို့​တုံ့ပြန်​တတ်​သနည်း။ ရှောလမုန်က ဤသို့​ဖြေဆို​သည်– “မိုက်​သော​သူ၏​အမျက်​ဒေါသ​သည် ချက်ချင်း​ထင်ရှား​တတ်၏။ ပညာသတိ​ရှိသောသူ​မူ​ကား ရှက်​စ​ရာ​အမှုကို​ဖုံး​တတ်၏။”သု. ၁၂:၁၆

စော်ကား​ခံရသော​အခါ မိုက်မဲ​သော​သူသည် အမျက် “ချက်ချင်း​ထင်ရှား” ဖော်ပြ​တတ်၏။ သို့သော် ပညာသတိ​ရှိသူ​သည် ချုပ်တည်း​နိုင်​ရန် ဘုရားသခင့်​ဝိညာဉ်​တော်​အတွက် ဆုတောင်း​၏။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏​အကြံပြုချက်ကို ဆင်ခြင်​သုံးသပ်ရန်​နှင့် ယေရှု၏ ဤ​စကား​များ​ကို စေ့စေ့​စဉ်းစား​ရန် သူ​အချိန်​ယူ​၏– “သင်၏​ပါး​တစ်ဖက်​ကို သူတစ်ပါး​ပု​တ်​လျှင်၊ ပါး​တစ်ဖက်​ကို​လှည့်၍​ပေး​ဦး​လော့။” (မဿဲ ၅:၃၉) “အဘယ်သူကိုမျှ ရန်​တုံ့​မ​မူ” လို​သောကြောင့် လိမ္မာ​ပါးနပ်​သော​ပုဂ္ဂိုလ်​သည် မိမိ၏​နှုတ်ခမ်း​ကို မဆင်မခြင်​ပြောဆို​မိ​ခြင်း​မှ ချုပ်တည်း​ထား​တတ်​သည်။ (ရောမ ၁၂:၁၇) ထို​နည်းတူ ကျွန်ုပ်​တို့​သိက္ခာ​ချ​ခံရသော​အခါ ဖုံးအုပ်​လိုက်​မည်​ဆိုလျှင် ခိုက်ရန်​ပွား​စ​ရာ​အကြောင်း​မရှိ​ချေ။

‘အနာ​ပျောက်စေ​သော လျှာ’

စကား​လွန်ကျူး​သော​အားဖြင့် တရား​ခွင်​၌ ထိခိုက်​နစ်နာမှု​များစွာ ဖြစ်ပေါ်​စေနိုင်​သည်။ ဣသရေလ​ရှင်ဘုရင်​က ဤသို့​ဆို​သည်– “မှန်သော​သက်သေ​သည် ဖြောင့်မတ်ခြင်း​ဘက်၌​လည်းကောင်း၊ မမှန်​သော​သက်သေ​သည် မဖြောင့်မတ်​ခြင်း​ဘက်၌​လည်းကောင်း ထွက်ဆို​တတ်၏။” (သု. ၁၂:၁၇သမ္မာ) မှန်သော​သက်သေ​၏​သက်သေ​ထွက်ဆိုချက်​သည် ယုံကြည်​စိတ်ချ​နိုင်​စ​ရာ​ဖြစ်သော​ကြောင့် သူသည် ဖြောင့်မတ်ခြင်း​တရား​ဘက်၌​ထွက်ဆို​၏။ သူ၏​စကား​ကြောင့် တရား​သဖြင့်​ဖြစ်ပျက်​လာ​၏။ မမှန်​သော​သက်သေ​မူ​ကား လှည့်ဖြား​လိမ်လည်​လွန်း​၍ တရား​မျှတမှုကို လွဲချော်​မှားယွင်း​စေ​၏။

“သန်လျက်နှင့်​ထိုး​သကဲ့သို့ မစဉ်း​စား​ဘဲ​ပြောဆို​တတ်သော​သူ​အချို့​ရှိ၏။ ပညာရှိ​တို့၏​လျှာ​မူ​ကား အနာ​ကို​ငြိမ်း​စေ​တတ်၏” ဟု​ရှောလမုန်က​ဆက်​ပြော​သည်။ (သု. ၁၂:၁၈သမ္မာ) စကားလုံး​များသည် သန်လျက်​ကဲ့သို့ ထိုးဖောက်​နိုင်​ပြီး ခင်မင်​ရင်းနှီးမှု​ပြတ်စဲ​စေ​၍ ပြဿနာ​များ​ဖြစ်ပွား​စေ​သည်။ သို့​မဟုတ် နှစ်သက်​ကြည်နူး​ဖွယ်၊ သာယာနာပျော်​ဖွယ်​စကား​များ​မူ​ကား ခင်မင်​ရင်းနှီးမှု​တိုးပွား​စေ​၏။ လူ​တစ်ဖက်သားကို ဆဲရေး​တိုင်းထွာ​ခြင်း၊ အော်ဟစ်​ခြင်း၊ တစ်ချိန်​လုံး​ပြစ်တင်​ဝေဖန်ခြင်း​နှင့် သိက္ခာ​ချ​၍​စော်ကားခြင်း​တို့သည် စိတ်ဒဏ်ရာ​များ​ရစေ​သည့် ထိုးနှက်ချက်​များ​ပင်​ဖြစ်သည်။ ထိုသို့​ပြု​မိ​ခဲ့​မည်​ဆိုလျှင် အနာ​ပျောက်စေ​သော​စကားလုံး​များနှင့် စိတ်ရင်းမှန်​ဖြင့်​တောင်းပန်​ခြင်း​သည် အလွန်​ကောင်း​လိုက်​လေ​ခြင်း!

ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​သည့် ခဲယဉ်း​ကျပ်တည်း​သော​ဤ​ကာလ​တွင် လူများစွာ​သည် “ကျိုးပဲ့​သော​စိတ်” ရှိ၍ “နှလုံး​ကြေကွဲ” နေကြ​ခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်​ချေ။ (ဆာလံ ၃၄:၁၈) “စိတ်​ငယ်​သော​သူတို့ကို အားပေး” ၍ “အားနည်း​သော​သူတို့ကို ထောက်မ” ကြသောအခါ အနာ​ငြိမ်း​စေနိုင်​စွမ်း​ရှိ​စကား​ကို ကျွန်ုပ်​တို့​အသုံးပြု​နေခြင်း​မဟုတ်ပေ​လော။ (၁ သက်သာလောနိတ် ၅:၁၄) မှန်ပါသည်၊ အန္တရာယ်​ရှိသော​ရွယ်တူချင်း​ဖိအား​ပေး​မှု​ကို တွန်းလှန်​နေကြ​ရသည့် ဆယ်ကျော်သက်​များ​အား စာနာ​တတ်သော​စကားလုံး​များ​ပြောဆိုခြင်း​သည် အားပေးမှု​ဖြစ်စေ​နိုင်​သည်။ အသက်ကြီးသူတို့​အား ထောက်ထား​စာနာ​စွာ စကားပြော​ဆို​ခြင်း​ဖြင့် သူတို့ကို​ချစ်​ကြောင်း၊ သူတို့​အကူအညီ​လို​ကြောင်း ယုံကြည်​စိတ်ချ​စေ​သည်။ ကြင်နာ​စွာ​ပြောဆို​သော​စကားလုံး​များသည် လူနာ​ကို စိတ်​လန်းဆန်း​စေ​သည်။ ဆို​ဆုံးမမှု​ကို “သိမ်မွေ့​နူးညံ့​သော​သဘော​နှင့်” ပြော​ဆိုလျှင် လက်ခံရ​လွယ်ကူ​စေ​သည်။ (ဂလာတိ ၆:၁) ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို လက်ခံ​နားထောင်သူ​တို့အား ပြောဆိုသူ​၏​လျှာ​သည် အနာ​ကို​အမှန်တကယ်​ငြိမ်း​စေ​သည်​တကား!

‘အစဉ်အမြဲ​တည်​သော​နှုတ်ခမ်း’

“နှုတ်ခမ်း” ဟူသော​စကားလုံး​ကို “လျှာ” ဖြင့်​ခိုင်းနှိုင်း​၍ ရှောလမုန်က ဤသို့​ဆို​သည်– “သစ္စာ​နှုတ်ခမ်းသည် အစဉ်အမြဲ​တည်​၏။ မုသာ​လျှာ​မူ​ကား ခဏ​သာ​တည်​၏။” (သု. ၁၂:၁၉) ‘မှန်သော​စကား​ကို​ပြော​သော​နှုတ်ခမ်း’ ဟူ​သည့်​အသုံးအနှုန်း​မှာ ဟေဗြဲ​ဘာသာ​စကား​တွင် ဧ​က​ဝုစ်​ကိန်း​ဖြစ်၍ မှန်ကန်​စွာ​ပြောဆိုခြင်း​ထက်မက အဓိပ္ပာယ်​နက်နဲ​၏။ “ထို​အသုံးအနှုန်း​သည် ကြာရှည်ခံ​ခြင်း၊ တည်မြဲခြင်း၊ ယုံကြည်​စိတ်ချ​နိုင်​ခြင်း အစ​ရှိသော​အရည်အသွေးများ​ကို​ဆိုလို​၏” ဟု ကိုးကား​ဖော်ပြချက်​တစ်ခု​က ဆို​သည်။ “ဤ​အရည်အသွေး​ပါ​သော စကားပြော​ဆို​ခြင်း​သည် . . . ယုံကြည်​စိတ်ချ​နိုင်သော​စကား​ဖြစ်​သဖြင့် ထာဝစဉ်​တည်မြဲ​လိမ့်​မည်၊ တစ်ခဏ​တာ လိမ်လည်​လှည့်စား​နိုင်သော​စကား​မူ​ကား စမ်းသပ်မှု​ခံရသော​အခါ အ​ညာ​ပေါ်​သွား​ရာ . . . တည်​မည်​မဟုတ်။”

ပညာ​ရှိသော​ဘုရင်​က “မကောင်းသော​အကြံ​ကို ကြံ​သော​သူတို့၏​စိတ်​ထဲမှာ လှည့်စား​တတ်သော​သဘော​ရှိ၏။ ရန်​ပြေစေ​ခြင်း​ငှာ အကြံပေး​သော​သူတို့၌​ကား ဝမ်းမြောက်စရာ​အကြောင်း​ရှိ၏” ဟု​ဆို​သည်။ ထပ်ဆင့်၍ သူ​ဤသို့​ပြော​သည်– “တရားသောသူ၌ အမင်္ဂလာ​မ​ရောက်​ရာ။ မတရားသော​သူ​မူ​ကား အမင်္ဂလာ​နှင့်​ပြည့်ဝ​ရ​လိမ့်​မည်။”—သု. ၁၂:၂၀၊ ၂၁

အကျိုး​ပျက်​စေခြင်း​ငှာ လျှို့ဝှက်​ကြံစည်​သူတို့သည် နာကျင်မှု​နှင့် ဝေဒနာ​ကို​သာ ခံစား​တတ်၏။ အခြား​တစ်ဖက်​တွင်​မူ ငြိမ်သက်ခြင်း​ရှိစေဖို့​အကြံပေး​သူများ​သည် မှန်ရာကို​ပြုလုပ်ခြင်း​မှ ကျေနပ်မှု​ရရှိ​ကြသည်။ အကျိုး​ဖြစ်ထွန်း​လာ​သည့်​အတွက်​လည်း သူတို့​ဝမ်းမြောက်​ကြ​ရ၏။ ထို​ထက်​ကား “ထာဝရ​ဘုရား​သည် မုသာ​သုံး​သော​နှုတ်ခမ်း​ကို စက်ဆုပ်​ရွံရှာ​တော်​မူ​၏။ သစ္စာစောင့်​သော​သူတို့ကို​ကား နှစ်သက်​တော်​မူ” သဖြင့် ဘုရားသခင်​၏​မျက်နှာသာတော်​ကို သူတို့​ရထား​ကြသည်။—သု. ၁၂:၂၂

‘သိ​သော​အရာ​ကို​ပင် ထိမ်ဝှက်​သည့်​စကား’

စကား​ကို​ဂရုစိုက်​ပြောဆို​တတ်​သူနှင့် ဂရုမစိုက်​ဘဲ​ပြောဆို​တတ်​သူတို့၏ နောက်ထပ်​ခြားနား​ချက်​တစ်ခု​ကို ဖော်ပြ​ရာ​တွင် ဣသရေလ​ရှင်ဘုရင်​က ဤသို့​ပြော​သည်– “ပညာသတိ​ရှိသောသူ​သည် မိမိ​သိ​သော​အရာ​ကို​ပင် ထိမ်ဝှက်​တတ်၏။ မိုက်​သော​သူ​မူ​ကား မိမိ​စိတ်​အလိုအလျောက် မိုက်​သော​သဘောကို​ထင်ရှားပြ​တတ်၏။”—သု. ၁၂:၂၃

ပညာသတိ​ရှိသူ​သည် မည်သည့်​အချိန်တွင် စကားပြော​ဆို​ရမည်၊ မည်သည့်​အချိန်တွင် နှုတ်ဆိတ်​နေရ​မည်​ကို​သိရှိ​၏။ မိမိ​သိထား​သည့်​အရာ​ကို လူသိရှင်ကြား​မဖြစ်စေ​ရန် သူ​ထိမ်ဝှက်​ထား​တတ်၏။ ဤသို့​ဆို​သဖြင့် သူသည် မိမိ​သိ​သော​အရာ​ကို အမြဲ​ထိမ်ဝှက်​ထား​တတ်​သည်​ဟု မဆိုလို​ချေ။ ယင်းအစား ၎င်းကို အမြော်အမြင်​သတိရှိရှိ​ဖော်ထုတ်​ပြောဆို​သည်။ မိုက်​သော​သူ​မူ​ကား အလျင်အမြန်​စကားပြော​ဆို​တတ်​ပြီး သူ၏​မိုက်မဲမှု​ကို အထင်အရှား​ဖော်ထုတ်ပြ​၏။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် စကား​နည်း​သူ​ဖြစ်၍ ဝါကြွားခြင်း​ကို ရှောင်ရှား​ကြပါစို့။

ရှောလမုန်​သည် ခြားနား​ချက်​များ​ကို ဆက်​ထုတ်ဖော်​ပြပြီး လုံ့လ​ဝီရိယ​ရှိ​ခြင်း​နှင့် ပျင်းရိခြင်း​ကို ထူးခြား​စွာ​ဖော်ပြ​သည်။ သူ​ဤသို့​ဆို​သည်– “လုံ့လ​ဝီရိယ​ရှိသောသူ​သည် အစိုးရ​လိမ့်​မည်။ ပျင်းရိ​သော​သူ​ကား အစေ​ကျွန်ခံ​ရမည်။” (သု. ၁၂:၂၄) ပင်ပင်ပန်းပန်း​ကြိုးစား​လုပ်ဆောင်ခြင်းက တိုးတက်မှု​ရှိစေ​၍ ငွေကြေး​အမှီအခို​ကင်း​စေ​သည်၊ ပျင်းရိခြင်း​က အလုပ်ကြမ်း​ကို​လုပ်​စေ​၍ ကျွန်ခံ​ရစေသည်။ ပညာရှင်​တစ်ဦး​က “အချိန်တန်သော် လူပျင်း​သည် လုံ့လ​ဝီရိယ​ရှိသူ​၏​ကျွန်​ဖြစ်လာ​လိမ့်​မည်” ဟု​ဆို​သည်။

‘ရွှင်လန်း​စေသော​စကား’

ရှောလမုန်​ဘုရင်​သည် လူ့​သဘောသဘာဝ​ကို ကောင်းစွာ​လေ့လာ​ထား​၍ စကားပြော​ဆို​ခြင်း​အကြောင်း ဤသို့​ပြန်​ပြောဆို​သည်။ “ဝမ်းနည်းခြင်း​အကြောင်း​သည် ညှိုးငယ်​စေ​တတ်၏။ ကောင်းသော​စကား​မူ​ကား ရွှင်လန်း​စေ​တတ်၏။”သု. ၁၂:၂၅

စိတ်နှလုံး​ကို ဝမ်းနည်းမှု​ဖြင့် လေးလံ​စေနိုင်​သော စိုးရိမ်​ကြောင့်ကြ​မှုများ​စွာ​ရှိသည်။ ထို​ဝန်ထုပ်​ကို​ပေါ့ပါး​သွားစေရန်၊ စိတ်နှလုံး​ကို​ရွှင်လန်း​စေရန် နားလည်​ပေး​တတ်​သူ​တစ်ဦးထံ​မှ အားပေး​စကား​လိုအပ်​သည်။ သို့သော် ကျွန်ုပ်​တို့သည် အကြီးအကျယ်​စိုးရိမ်​ကြောင့်ကြ​နေကြောင်း​ကို ဖွင့်​မပြော​လျှင် သူတစ်ပါး​မည်သို့​သိနိုင်​မည်​နည်း။ မှန်ပါသည်၊ ပူ​ပင်​သောကရောက်​သောအခါ၊ စိတ်ဓာတ်ကျ​သောအခါ အကူအညီ​ပေး​နိုင်​မည့် စာနာ​တတ်​သူ​တစ်ဦး​အား ရင်ဖွင့်​ပြောဆို​ရန်လို​သည်။ ထို​ထက်​ကား မိမိ၏​ခံစားချက်​များ​ကို ရင်ဖွင့်​ပြောဆို​လိုက်ရ​ခြင်း​က စိတ်နှလုံး​ပူပန်မှု​ကို အတော်အတန်​သက်သာ​သွား​စေ​သည်။ သို့​ဖြစ်၍ မိမိ၏​အိမ်ထောင်ဖက်၊ မိဘ၊ သို့​မဟုတ် သနား​ကြင်နာ​တတ်​၍ ဝိညာဉ်​ရေး​ကောင်းသော မိတ်ဆွေ​တစ်ဦး​အား ရင်ဖွင့်​ပြောဆိုခြင်း​က ကောင်း​ပေ​သည်။

သမ္မာကျမ်းစာ​တွင်​ပါရှိ​သော အားပေး​စကား​များ​ထက် သာ၍​ကောင်းသော​အဘယ်​စကား​များ​ရှိ​မည်​နည်း။ သို့​ဖြစ်၍ ဘုရားသခင့်​မှုတ်သွင်းခံ​နှုတ်မြွက်​စကားတော်​ကို ကျေးဇူး​တင်​လေးမြတ်​စွာ​ဖြင့် စဉ်းစား​ဆင်ခြင်​ပြီး ကိုယ်တော်​ထံ​ကျွန်ုပ်​တို့​ချဉ်းကပ်​ကြ​ရမည်။ ဤသို့​အလေးထား စဉ်းစား​ဆင်ခြင်ခြင်း​က ပူ​ပင်​သောကရောက်​နေသော​နှလုံးကို အမှန်ပင်​ရွှင်လန်း​စေ​၍ ဝမ်းနည်း​သောမျက်လုံး​များ​ကို တောက်ပ​စေမည်။ ဆာလံဆရာ​က ဤသို့​ထောက်ခံ​ပြောဆို​သည်– “ထာဝရ​ဘုရား​၏​တရားတော်​သည် စုံလင်​သည်​ဖြစ်၍ စိတ်​ဝိညာဉ်​ကို​ပြုပြင်​တတ်၏။ ထာဝရ​ဘုရား​၏​သက်သေခံ​တော်​မူ​ချက်​သည် ဟုတ်မှန်​သည်​ဖြစ်၍ မ​လိမ္မာ​သော​သူတို့ကို လိမ္မာ​စေ​တတ်၏။ ထာဝရ​ဘုရား​၏​နည်း​ဥပဒေသ​တို့သည် ဖြောင့်မတ်​သည်​ဖြစ်၍ စိတ်နှလုံး​ကို​ရွှင်လန်း​စေ​တတ်၏။ ထာဝရ​ဘုရား​၏​ပညတ်တော်​သည် စင်ကြယ်​သည်​ဖြစ်၍ မျက်စိ​ကို​ရှင်းလင်း​စေ​တတ်၏။”—ဆာလံ ၁၉:၇၊ ၈

အကျိုးရှိ​စေသော​လမ်းစဉ်

ဖြောင့်မတ်​သော​သူ၏​လမ်းစဉ်​နှင့် ဆိုးယုတ်​သော​သူ၏​လမ်းစဉ်သည် ခြားနား​ကြောင်းကို ဣသရေလ​ရှင်ဘုရင်​က ဤသို့​ဖော်ပြ​သည်– “ဖြောင့်မတ်​သော​သူသည် [မကောင်းမှု] ကို​လွှဲရှောင်​တတ်၏။ ဆိုးသော​သူ​မူ​ကား မှန်သော​လမ်း​မှ လွှဲ​သွား​တတ်၏။” (သု. ၁၂:၂၆သမ္မာ) ဖြောင့်မတ်​သော​သူသည် သူ၏​ကိုယ်ပိုင်​စားကျက်​ဖြစ်သော အပေါင်းအဖော်​များ​ကို ပညာရှိ​စွာ​ရွေးချယ်​ပေါင်းသင်း​၍ ဘေးပြု​မည့်​သူများ​နှင့် အဆက်အသွယ်​မပြု​ပါ။ လူဆိုး​မူ​ကား အကြံပြုချက်ကို​ငြင်းပယ်​၍ ကိုယ့်​လမ်း​ကိုယ်​သာ​လိုက်သွား​လို​၏။ ထို​အခါ လှည့်စား​ခံရ​ပြီး​လမ်းလွဲ​တတ်၏။

အပျင်း​ထူ​သူနှင့် လုံ့လ​ဝီရိယ​ရှိသူ​သည် ကွာခြား​ကြောင်းကို အခြား​ရှုထောင့်​မှ ရှောလမုန်​ဘုရင်​က ဤသို့​ဖော်ပြ​သည်။ “ပျင်းရိ​သော​သူသည် မုဆိုး​လုပ်​သော်လည်း ဖမ်း​ရသော​အကောင်​ကို ကင်​၍​မစား​ရ။ လုံ့လ​ဝီရိယ​ပြုသောသူ​၏​ဥစ္စာ​မူ​ကား အဖိုးထိုက်​ပေ​၏။” (သု. ၁၂:၂၇) အပျင်း​ထူ​သူ၊ “ပျင်းရိ​သော​သူ” သည် အမဲလိုက်​၍​ဖမ်း​ရသော​အကောင်​ကို သူ “ကင်​၍” မစား​ချေ။ ထို့​ကြောင့် သူ​အစပြု​ထား​ရာ​ကို အဆုံးမသတ်​နိုင်​ချေ။ သို့သော် လုံ့လ​ဝီရိယ​ရှိ​ခြင်း​သည် ကြွယ်ဝ​ချမ်းသာခြင်း​နှင့် အတူတူ​ဖြစ်သည်။

ပျင်းရိခြင်း​သည် အလွန်​အန္တရာယ်​ရှိသောကြောင့် တမန်​တော်​ပေါလု​က သက်သာလောနိတ်​မြို့ရှိ ခရစ်ယာန်​ချင်း​တို့​ထံ စာရေး​၍ ထို​တွင်​ရှိ “မတရား​စွာ​ပြုသော” သူ​အချို့​ကို ပြုပြင်​တည့်မတ်​ပေး​ခဲ့​ရ၏၊ သူတို့သည် အလုပ်​မလုပ်ဘဲ သူတို့နှင့်​မဆိုင်သော​အရာများ​တွင် ဝင်စွက်နေ​ကြသည်။ ထို​သူတို့သည် အခြားသူ​တို့​အပေါ် ငွေကြေး​အရ ဝန်ထုပ်ဝန်ပိုး​ဖြစ်စေ​ခဲ့​ကြသည်။ ထို့​ကြောင့် ပေါလု​က ‘ငြိမ်​ဝပ်​စွာ​လုပ်ဆောင်​၍၊ ကိုယ်​လုပ်စာ​ကို​စား​မည်​အကြောင်း’ သူတို့ကို​ပွင့်ပွင့်လင်းလင်း ဆုံးမ​တိုက်တွန်း​ခဲ့​သည်။ ဤသို့​ပြတ်သား​စွာ​ပြော​သော​ဆုံးမ​စကား​ကို သူတို့​လက်မခံကြ​ပါ​က သူတို့ကို “ရှောင်​ကြ” ဖို့ အသင်းတော်​ရှိ​ညီအစ်ကို​များ​ကို ပေါလု​သတိပေး​ခဲ့​သည်။—၂ သက်သာလောနိတ် ၃:၆-၁၂

လုံ့လ​ဝီရိယ​ရှိ​ရန် ရှောလမုန်​၏​ဆို​ဆုံးမ​စကား​ကို​သာမက ကျွန်ုပ်​တို့​လျှာ​ကို တော်မှန်​စွာ​အသုံးပြုရန် အကြံပြုချက်ကို​ပါ ကျွန်ုပ်​တို့ နှလုံး​သွင်း​ရမည်။ စကား​လွန်ကျူးခြင်း​ကို​ရှောင်​၍ တရားသော​လမ်းကို​လိုက်လျှောက်​ကြ​စဉ် ထို​သေးငယ်သော​အင်္ဂါ​ကို အနာ​ပျောက်စေ​၍ ဝမ်းမြောက်​စေဖို့ အသုံးပြု​ကြ​ရန် ကြိုးစား​ကြပါစို့။ “ဖြောင့်မတ်ခြင်း​တရားလမ်း​၌ သေ​ဘေးမ​ရှိ၊ အသက်ချမ်းသာ​လမ်း​ဖြစ်၏” ဟု​ရှောလမုန်က ကျွန်ုပ်​တို့ကို​စိတ်ချ​စေ​သည်။—သု. ၁၂:၂၈

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

“ပညာရှိ​သော​သူ​မူ​ကား အကြံပေး​ရာ​ကို နားထောင်​တတ်၏”

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

“ပညာရှိ​တို့၏​လျှာ​မူ​ကား အနာ​ကို​ငြိမ်း​စေ​တတ်၏”

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ယုံကြည်​စိတ်ချ​ရသော​မိတ်ဆွေ​တစ်ဦး​ကို ရင်ဖွင့်​ခြင်း​က နှစ်သိမ့်မှု​ရရှိစေ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကျေးဇူး​တင်​လေးမြတ်​စွာ စဉ်းစား​ဆင်ခြင်ခြင်း​က ရွှင်လန်း​ဝမ်းမြောက်​စေ