မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုံးဖြတ်ချက်များချခြင်း မရှောင်လွှဲနိုင်သော စိန်ခေါ်ချက်တစ်ခု

ဆုံးဖြတ်ချက်များချခြင်း မရှောင်လွှဲနိုင်သော စိန်ခေါ်ချက်တစ်ခု

ဆုံးဖြတ်ချက်​များ​ချ​ခြင်း မရှောင်​လွှဲ​နိုင်သော စိန်ခေါ်ချက်​တစ်ခု

“ဆုံးဖြတ်ချက်​ချ​တတ်​ခြင်း​လောက် ခက်​သည့်​အလုပ်​မရှိ​ချေ၊ ထို့​ကြောင့် ယင်းသည် တန်ဖိုး​ထား​စ​ရာ​အကောင်းဆုံး​ဖြစ်သည်” ဟု ၁၉ ရာစု​မှ ပြင်သစ်​ဧကရာဇ် န​ပို​လီယံဘို​နာ​ပတ် တစ်ကြိမ်​က ပြော​ခဲ့​ဖူး​သည်။ ၎င်း​ဖော်ပြချက်​နှစ်ခုစလုံး​ကို သင်​သဘောတူ​ပေမည်၊ အများအားဖြင့် လူတို့သည် မိမိတို့​ဘဝကို ကိုယ်တိုင်​ထိန်းချုပ်​ကွပ်ကဲ​ရခြင်း​ကို တန်ဖိုး​ထား​တတ်သော​ကြောင့်​ဖြစ်သည်။ တစ်ချိန်တည်း​တွင် ဆုံးဖြတ်ချက်​များ​ချ​ခြင်း​သည် တစ်ခါတစ်ရံ လွယ်ကူ​သည့်​ကိစ္စ​မဟုတ်​ကြောင်း သူတို့​သိထားကြသည်။

လွယ်​သည်​ဖြစ်စေ၊ ခက်​သည်​ဖြစ်စေ ဆုံးဖြတ်ချက်​များ​ချ​ခြင်း​ကို ရှောင်လွှဲ​၍​မရနိုင်​ပါ။ နေ့စဉ်​ပင် ဆုံးဖြတ်ချက်​ချ​ရမည့်​အလုပ်ကို ကျွန်ုပ်​တို့​ရင်ဆိုင်​ကြ​ရသည်။ နံနက်​အိပ်ရာထ​ပြီး​နောက် အဘယ်အရာ​ဝတ်ဆင်​မည်၊ နံနက်​စာ​ဘာ​စား​မည်​နှင့် တစ်နေ့တာ​အတွင်း အခြား​ကိစ္စရပ်​များစွာကို မည်သို့​ကိုင်တွယ်​ဖြေရှင်း​မည် အစ​ရှိသည်​တို့ကို ကျွန်ုပ်​တို့​ဆုံးဖြတ်​လုပ်ကိုင်​ကြ​ရ​ပေမည်။ ဤ​ဆုံးဖြတ်ချက်​အများစုမှာ အသေးအဖွဲ​မျှ​သာ​ဖြစ်သည်။ ၎င်းတို့ကို နှစ်ကြိမ်​ပြန်​စဉ်းစား​ခဲ​သည်။ အဆိုပါ​ဆုံးဖြတ်ချက်​များ ကောင်း​မကောင်း​ဆို​သည်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​အအိပ်ပျက်​ခံ​လေ့​မရှိပါ။

အခြား​တစ်ဖက်​တွင်​မူ ဆုံးဖြတ်ချက်​အချို့​သည် ပို​ကျယ်ပြန့်​သည်။ ယနေ့ လောက​ရှိ လူငယ်​အများစု​သည် အဘယ်​လုပ်ငန်း လုပ်ကိုင်​ရမည်ကို ဆုံးဖြတ်​ကြ​ရမည်။ အဘယ်​သင်တန်း​မျိုး တက်ရောက်​ဖို့​လို​ပြီး မည်မျှ​ကြာကြာ သင်ယူ​ရမည်ကို သူတို့​ဆုံးဖြတ်​ရ​ပေမည်။ သူတို့​အများစု​သည် နောင်​တွင် အိမ်ထောင်ပြု မပြု၊ တစ်ကိုယ်ရေ​တစ်​ကာယ​နေ မနေ၊ အနှေး​နှင့်​အမြန် ဆုံးဖြတ်​ရတော့မည်။ အိမ်ထောင်ပြု​ဖို့​ရွေးချယ်သူ​များ​က ‘ကျွန်ုပ်​သည် အိမ်ထောင်ပြု​နိုင်​သည့် အရွယ်ရောက်​ပြီ​လော၊ အိမ်ထောင်ပြု​နိုင်​လောက်​အောင် ရင့်ကျက်မှု​ရှိပြီ​လော။ အဘယ်​အိမ်ထောင်ဖက်​မျိုးကို ကျွန်ုပ်​အလိုရှိ​သနည်း၊ ထို​ထက်​ကား အဘယ်​အိမ်ထောင်ဖက်​မျိုးကို ကျွန်ုပ်​လိုအပ်​သနည်း’ အစ​ရှိသည်​တို့ကို ဆုံးဖြတ်​ရတော့မည်​ဖြစ်သည်။ အိမ်ထောင်ဖက်​ရွေးချယ်ခြင်း​လောက် ကျွန်ုပ်​တို့၏​ဘဝကို ဩဇာ​ညောင်း​သော ဆုံးဖြတ်ချက်​မျိုး မရှိသလောက်​ပင်။

အရေးကြီးသော​ကိစ္စ​များ​တွင် ပညာရှိရှိ​ဆုံးဖြတ်​ရန်လို​သည်၊ အကြောင်း​မှာ ပျော်ရွှင်မှု​သည် ထိုသို့​ပြုခြင်း​အပေါ် များစွာ​မူတည်​သောကြောင့်​ဖြစ်သည်။ အချို့​က မိမိတို့​ဘာသာ ဆုံးဖြတ်​ပြုလုပ်နိုင်စွမ်း​ရှိသည်​ဟု ယူမှတ်​ကြ​ပြီး အကူအညီကို လက်မခံ ငြင်းပယ်​လိုက်​ကြ​ပေမည်။ ထိုသို့​မပြုခြင်း​သည် ပညာရှိ​သလော။ ကြည့်​ကြပါစို့။

[Picture Credit Line on page 3]

Napoleon: From the book The Pictorial History of the World