မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝိညာဉ်ရေးဆိုင်ရာစံများကို ယာကုပ် တန်ဖိုးထားလေးစားခဲ့

ဝိညာဉ်ရေးဆိုင်ရာစံများကို ယာကုပ် တန်ဖိုးထားလေးစားခဲ့

ဝိညာဉ်​ရေး​ဆိုင်ရာ​စံ​များ​ကို ယာကုပ် တန်ဖိုး​ထား​လေးစား​ခဲ့

ယာကုပ်​၏​ဘဝ​သည် ပဋိပက္ခ​နှင့် ဆင်းရဲ​ခက်ခဲ​မှု​တို့​ဖြင့် ပြည့်နှက်​နေသည်။ သူ၏​အမြွှာ​ညီအစ်ကို​၏ ဒေါသ​မုန်တိုင်း​ကြောင့် အသက်ဘေး​မှ ယာကုပ်​ထွက်ပြေး​ရသည်။ သူ​ချစ်​မြတ်နိုးသည့်​မိန်းကလေးကို လက်ထပ်​ရမည့်​အစား သူသည် အခြားသူ​တစ်ဦး​ကို အလျင်​လက်ထပ်​ရန် လှည့်စား​ခံ​လိုက်ရ​ကာ နောက်ဆုံး ဇနီး​လေးဦး၊ ပြဿနာ​များစွာ​ဖြင့် ဇာတ်သိမ်း​လိုက်ရ​သည်။ (ကမ္ဘာဦး ၃၀:၁-၁၃) မိမိ​အား​အမြတ်​ထုတ်​သည့် လူတစ်ယောက်​အတွက် အနှစ် ၂၀ တိုင် အလုပ်,လုပ်ပေး​ရသည်။ ကောင်းကင်တမန်​တစ်ပါး​နှင့် သူ​နပန်းလုံး​ရာ အနာတရ​ဖြစ်သွား​၏။ သူ၏​သမီး​ခမျာ မုဒိမ်းကျင့်​ခံရ၊ သားများ​က​လည်း သိမ်း​ရုံး​သတ်ဖြတ်မှု​ပြု​ကြသည်၊ အချစ်ဆုံးသား​နှင့်​ဇနီး​တို့ကို ဆုံးရှုံး​လိုက်ရ​သည့်​အတွက် သူ​ငိုကြွေး​ရလေ​သည်။ အသက်အရွယ်​အိုမင်း​လာချိန်​တွင် အစာ​ရှားပါးမှု​မှ​လွတ်မြောက်​ရန် တိုင်းတစ်ပါး​သို့ မလွှဲ​မရှောင်​သာ​ပြောင်းရွှေ့​သွား​ရပြီး သူ၏​အသက်တာ​နေ့ရက်​များသည် “နည်း​၍ ဆိုး” ကြောင်း ဝန်ခံ​လေ​သည်။ (ကမ္ဘာဦး ၄၇:၉) မည်သို့​ဆို​စေ ယာကုပ်​သည် ဘုရားသခင်​ကို​ယုံကြည်၍ ဝိညာဉ်​ရေး​ကောင်း​သူ​ဖြစ်သည်။ သူ၏​ယုံကြည်​အားထား​ရာ လွဲမှား​နေ​သလော။ ယာကုပ်​၏​အတွေ့အကြုံ​တချို့​ကို သုံးသပ်ကြည့်​ခြင်း​မှ အဘယ်​သင်ခန်းစာများ​ရရှိနိုင်​သနည်း။

သူ၏​အစ်ကို​နှင့်​လုံးဝ​မတူ

ယာကုပ်​သည် သူ၏​အစ်ကို​နှင့် သဘောထား​ကွဲလွဲ​ရသည့် အကြောင်းရင်း​မှာ အဖိုးထိုက်​လှ​သည့် ဝိညာဉ်​ရေးရာ​များ​ကို သူ​တန်ဖိုး​ထား​လေးစား​ခဲ့​ပြီး ဧသော​က​မူ ယင်း​တို့ကို မထီမဲ့မြင်​ပြု​ခဲ့​၏။ ယာကုပ်​သည် အာဗြဟံ​အား​ကတိပေး​ခဲ့​သည့် ပဋိညာဉ်​ကို စိတ်ဝင်စား​ပြီး အမွေခံများ​အဖြစ် ဘုရားသခင်​ခန့်အပ်​ထား​သည့် ဆွေစဉ်မျိုးဆက်​ကို ကြည့်ရှု​စောင့်ရှောက်​ပေး​ရန် သူ့​ဘဝကို​မြှုပ်နှံထား​ခဲ့​သည်။ ထို​အကြောင်းကြောင့် ယေဟောဝါ​သည် သူ့ကို “ချစ်” တော်​မူ​၏။ ယာကုပ်​သည် “အပြစ်တင်​ခွင့်​နှင့်​ကင်း​သော​သူ” ဖြစ်၏၊ ဆိုလိုသည်မှာ သူသည် ကိုယ်ကျင့်တရား​အထူး​ကောင်းမွန်​သူ​ဖြစ်၏။ ၎င်းနှင့်​ခြားနား​စွာ ဧသော​သည် မိမိ၏​ဝိညာဉ်​ရေးရာ​အမွေအနှစ်​ကို အရေးမစိုက်​သည့်​အပြင် ယင်းကို တစ်စုံတစ်ရာ​အနည်းငယ်​မျှ​ဖြင့် ယာကုပ်​အား ရောင်းစား​ပစ်လိုက်​သည်။ ယာကုပ်​သည် ဘုရားသခင့်​မျက်နှာသာတော်​ဖြင့် အစ်ကို​၏​သားဦး​အရိုက်အရာ​နှင့် ဝိညာဉ်​ရေးရာ​အမွေအနှစ်​တို့ကို ရရှိရန်​ပြောဆို​သောအခါ ဧသော​သည် ဒေါသတကြီး လက်စားချေ​လို​ခဲ့​သည်။ သို့​နှင့် ယာကုပ်​သည် မိမိ​ချစ်​မြတ်နိုး​ရသူ​အားလုံး​ကို စွန့်ခွာ​ခဲ့​ရ၏၊ သို့သော် နောက်ပိုင်း​တွင် ဖြစ်ပျက်​ခဲ့​သမျှ​သည် စိတ်ပျက်​အားလျော့​မှုများ​ကို ပျောက်ပျက်​သွား​စေ​ခဲ့​သည်။—မာလခိ ၁:၂၊ ၃; ကမ္ဘာဦး ၂၅:၂၇-၃၄; ၂၇:၁-၄၅

ဘုရားသခင်​သည် ယာကုပ်​အား လှေကား၊ သို့​မဟုတ် ‘ကျောက်​လှေကား​အထစ်ထစ်’ ပေါ်​တွင် ကောင်းကင်တမန်​များ တက်​ချည်​ဆင်း​ချည်​လုပ်​နေကြ​သည်ကို အိပ်မက်​တစ်ခု​၌ တွေ့မြင်​စေ​ခဲ့​ပြီး ယာကုပ်နှင့် သူ၏​မျိုးနွယ်တော်​ကို ကိုယ်တော်​ကာကွယ်​ပေး​မည်​ဟု မိန့်ဆိုခဲ့သည်။ “သင်​နှင့် သင်၏​အမျိုးအနွယ်​အားဖြင့် လူမျိုးအပေါင်း​တို့သည် ကောင်းချီး​မင်္ဂလာ​ကို ခံရ​ကြလိမ့်မည်။ ငါသည် သင့်​ဘက်မှာ​ရှိ၏။ သင်​သွား​လေ​ရာ​ရာ​၌ ငါ​စောင့်မ​မည်။ ဤ​ပြည်​သို့​တစ်ဖန်ဆောင်​ခဲ့​ဦး​မည်။ ကတိ​ထား​သည်​အတိုင်း မပြည့်စုံ​မီ၊ သင့်ကို​ငါ​မစွန့်။”—ကမ္ဘာဦး ၂၈:၁၀-၁၅; အောက်ခြေမှတ်ချက်။

အလွန်​အားတက်စရာ​ပါ​တကား! ယေဟောဝါ​သည် အာဗြဟံ​နှင့်​ဣဇာက်​တို့အား ပေး​ခဲ့​သည့် ကတိတော်​များ​ကို အတည်ပြု​ပေး​ခဲ့​ခြင်း​ဖြင့် ယာကုပ်​၏​မိသားစုကို ဝိညာဉ်​ရေး​အရ ကြွယ်ဝ​စေ​သည်။ ဘုရားသခင့်​မျက်နှာသာ​ရရှိ​ထား​သူတို့ကို ကောင်းကင်တမန်​များ ကြည့်ရှု​ပေး​နိုင်​ကြောင်း ယာကုပ်​သိရှိ​ခဲ့​ရပြီး ဘုရားသခင့်​ကာကွယ်​စောင့်ရှောက်မှု​ရမည်ဟု​လည်း သူ​ယုံကြည်​စိတ်ချ​နိုင်​ခဲ့​သည်။ ကျေးဇူး​တင်​ကြောင်း​အသိအမှတ်ပြု​သည့်​အနေ​ဖြင့် ယာကုပ်​သည် ယေဟောဝါ​အား​တည်ကြည်​ရန် အဓိဋ္ဌာန်​ပြု​ခဲ့​သည်။—ကမ္ဘာဦး ၂၈:၁၆-၂၂

ယာကုပ်​သည် ဧသော​၏​အမွေအနှစ်​ကို အတင်း​အဓမ္မ မလုယူ​ခဲ့​ပေ။ အဆိုပါ​ယောက်ျားလေး​များ မမွေး​မီ​က​ပင် “အကြီး​သည် အငယ်​၌ ကျွန်ခံ​ရ​လိမ့်​မည်” ဟု​ယေဟောဝါ​မိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၂၅:၂၃) သို့​ဖြစ်၍ တစ်ဦး​တစ်ယောက်​က ‘ဘုရားသခင်​က ယာကုပ်​ကို အရင်​မွေး​စေ​လျှင် ပို​လွယ်​မသွား​ဘူးလား’ ဟု​မေး​ပေမည်။ နောက်ပိုင်း​အဖြစ်အပျက်​များ​က အရေးကြီးသော​အမှန်တရား​များ​ကို သွန်သင်ပေး​သည်။ မိမိသည်​ကောင်းချီး​ခံစား​ပိုင်ခွင့်​ရှိသည်​ဟု ယူမှတ်​သူတို့​အတွက် ဘုရားသခင်​သည် ကောင်းချီး​များ လျာ​မထား​ပေး​ပါ၊ သို့သော် ကိုယ်တော်​ရွေးကောက်​ထား​သူတို့အား မခံစားထိုက်သော​ကြင်နာ​မှု ပြတော်မူ​၏။ သို့​နှင့် သားဦး​အရိုက်အရာကို တန်ဖိုး​မထားတတ်​သည့် အစ်ကိုကြီး​မရဘဲ ယာကုပ်​ရလေ​သည်။ အလားတူ၊ ဇာတိ​ဂျူး​များသည် လူမျိုး​အလိုက် ဧသော​ကဲ့သို့​သော သဘောထားကို တင်ပြ​ခဲ့​ကြသော​ကြောင့် ဝိညာဉ်​ရေး​ဣသရေလ​လူမျိုး​ဖြင့် အစားထိုး​ခြင်း​ကို ခံ​လိုက်ရ​လေ​သည်။ (ရောမ ၉:၆-၁၆၊ ၂၄) လူတစ်ဦး​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​သည့်​မိသားစု သို့​မဟုတ် ဝန်းကျင်​အခြေအနေ​တွင် မွေးဖွား​ကြီးပြင်း​လာ​သည့်​တိုင် အားစိုက်ထုတ်​ခြင်း​မရှိဘဲ ယေဟောဝါ​နှင့်​ကောင်းသော​ဆက်ဆံ​ရေး​ကို ယနေ့ အလိုလို​ရမည်​မဟုတ်။ ဘုရားသခင်​၏​ကောင်းချီး​ခံစား​လို​သူ​တိုင်း ဘုရားသခင်​ရေးရာ​စိတ်ဓာတ်​ရှိ​ရမည်၊ ဝိညာဉ်​ရေးရာ​များ​ကို အမှန်တကယ်​တန်ဖိုး​ထား​လေးမြတ်​ရမည်။

လာ​ဗန်​၏​ကြိုဆို​ခြင်း​ခံရ

မိမိ၏​ဆွေမျိုး​များ​အကြား ဇနီး​ရှာ​ရန် ပါ​ဒ​နာ​ရ​သို့​ရောက်​သောအခါ လာ​ဗန်​၏​သမီး၊ သူ၏​ဝမ်းကွဲ ရာခေလ​ကို ရေတွင်း​တစ်​တွင်း​၌ တွေ့ဆုံ​၍ သူ​ထိန်းကျောင်း​နေသည့်​တိရစ္ဆာန်​များ​ကို ရေ​တိုက်​ရန် ရေတွင်း​ကို​အုပ်​ထား​သည့် လေးလံ​သော​ကျောက်တုံး​ကို ဖယ်​ပေး​ခဲ့​သည်။ * ရာခေလ​သည် ယာကုပ်​ရောက်ရှိ​နေကြောင်း​ကို အိမ်​သို့ တစ်ဟုန်ထိုး​ပြေး​သွား​၍ အသိပေး​လိုက်​ရာ လာ​ဗန်​သည် သူ့​အား က​ပျာ​က​ယာ​ထွက်​ကြိုဆို​လေ​သည်။ အာဗြဟံ​၏​ကျွန်​ထံ​မှ သူ့​မိသားစု​ရရှိခဲ့​သည့် ဥစ္စာ​ပစ္စည်း​များ​ကို လာ​ဗန်​ပြန်​အမှတ်ရနေ​မည်​ဆိုလျှင် ယခု သူ​စိတ်ပျက်​ရတော့​သည်၊ အကြောင်း​မှာ​ယာကုပ်​သည် လက်​ချည်း​သက်​သက် ရောက်လာ​ခဲ့​သောကြောင့်​ဖြစ်၏။ သို့သော် လာ​ဗန်​သည် အလုပ်​ကြိုးစား​မည့် အလုပ်သမား​တစ်ဦး​ကို​တွေ့ ပြီး ကိုယ်ကျိုး​အတွက် အမြတ်​ထုတ် အသုံးပြုနိုင်​မည်​ကို တွေ့ မြင်​လိုက်​သည်။—ကမ္ဘာဦး ၂၈:၁-၅; ၂၉:၁-၁၄

ယာကုပ်​က မိမိ၏​အဖြစ်အပျက်​ကို ပြောပြ​၏။ သားဦး​အရိုက်အရာကို ပရိယာယ်​သုံး​၍​ယူ​ခဲ့​ကြောင်း သူ​ပြော​မပြော​ကို​ကား အတိအကျ​မသိ​ရ​ချေ၊ သို့သော် “အမှုအရာ​ရှိသမျှကို” ကြားသိ​ပြီး​နောက် လာ​ဗန်​က “အကယ်စင်စစ် သင်သည် ငါ့​အရိုး၊ ငါ့​အသား​ပင်​ဖြစ်၏” ဟု​ပြောဆို​ခဲ့​သည်။ ပညာရှင်​တစ်ဦး​က ဤ​စကား​သည် ယာကုပ်​အား လှိုက်လှဲ​စွာ​ဖိတ်ခေါ်​လိုက်ခြင်း၊ သို့​မဟုတ် ဆွေမျိုး​တော်စပ်​သဖြင့် လာ​ဗန်​သည် သူ့ကို ကာကွယ်​စောင့်ရှောက်​ရန် တာဝန်​ရှိ၏​ဟု ဝန်ခံ​လိုက်ခြင်း သဘော​သက်ရောက်​နိုင်​သည်​ဟု​ဆို​၏။ မည်သို့​ပင်​ဆို​စေ​ကာ​မူ လာ​ဗန်​သည် မိမိ၏​တူ​တော်​မောင်​အား သူ​မည်သို့​အသုံးချ​နိုင်​ကြောင်းကို မကြာမီ စေ့စေ့​စဉ်းစား​ဆင်ခြင်​လေ​သည်။

ထို့နောက် လာ​ဗန်​သည် နောက်​အနှစ် ၂၀ ကျော်​တိုင် ရန်လို​စ​ရာ​ဖြစ်လာ​သည့်​ကိစ္စ​ကို ပေါ်​စေ​လေ​သည်။ သူက “သင်သည် ငါ့​တူ​ဖြစ်သော​ကြောင့်၊ အကျိုးမဲ့​ကျွန်ခံ​ရ​ပါ​မည်​လော။ ခံ​လို​သော​အ​ခ​ကို ငါ့​အား​ပြော​လော့” ဟု​မေးခဲ့​၏။ လာ​ဗန်​သည် သဘောကောင်း​သော​ဦးလေး​ဟန်ဆောင်​ခဲ့​သော်လည်း သွေးသား​တော်စပ်​သည့်​ယာကုပ်​အား သူ၏​အစေ​ကို​ခံ​ဖို့ သဘောတူ​စေ​ခဲ့​သည်။ ယာကုပ်​သည် ရာခေလ​ကို အလွန်​ချစ်​မြတ်နိုး​နေရာ “ဦး​ရီး​သမီး​အငယ် ရာခေလ​ကို​ရခြင်း​ငှာ ခု​နစ်​နှစ်​အစေခံပါ​မည်” ဟု ပြန်​ဖြေဆိုခဲ့သည်။—ကမ္ဘာဦး ၂၉:၁၅-၂၀သမ္မာ။

သတို့သမီး​၏​မိသားစုကို ကွမ်း​ဖိုး​ပေးခြင်း​ဖြင့် စေ့စပ်​ကြောင်း​လမ်း​လေ့​ရှိသည်။ နောက်ပိုင်း​တွင် မောရှေ​ပညတ်​က သွေးဆောင်​ဖြားယောင်း​ခံရ​သည့် အပျိုကညာ​များ​အတွက် ပေးဆောင်​ရန်​တန်ဖိုး​မှာ ငွေ​အချိန်​ငါးဆယ်​ဖြစ်​ရမည်ဟု သတ်မှတ်​လိုက်​သည်။ ပညာရှင် ဂေါ်​ဒွန် ဝင်​ဟ​မ်​က ယင်းသည် “ကွမ်း​ဖိုး​အများဆုံး” ဖြစ်သော်လည်း ကွမ်း​ဖိုး​အများစုမှာ “အလွန့်အလွန်​နည်း” ကြောင်း ယူဆ​သည်။ (တရားဟောရာ ၂၂:၂၈၊ ၂၉) ယာကုပ်​မူ​ကား ကွမ်း​ဖိုး​မပေးနိုင်​ခဲ့​ပေ။ ထို့​ကြောင့် လာ​ဗန်​အတွက် ခု​နစ်​နှစ်​အစေခံ​မည်​ဟု သူ​ဆို​ခဲ့​သည်။ “ရှေးခေတ် ဗာဗုလုန်​အချိန်​က ပျံ​ကျ​အလုပ်သမား​များသည် တစ်လ​လျှင် ငွေ​တစ်ဝက်​နှင့် တစ်​ကျပ်​အကြား​ရရှိခဲ့ကြ​ရာ ယာကုပ်​သည် ရာခေလ​ကို​လက်ထပ်​ရန်​ကွမ်း​ဖိုး​အဖြစ် (ခု​နစ်​နှစ်​အပြည့်​တွင် ငွေ​အချိန်​မှာ ၄၂ မှ ၈၄ အထိ​ဖြစ်) လာ​ဗန်​အား ရက်ရက်ရောရော ပေး​လေ​သည်” ဟု ဝင်​ဟ​မ်​က​ဆက်ဆို​သည်။ လာ​ဗန်​သည် ရှော​ရှော​ရှူရှူ​လက်ခံ​လိုက်​၏။—ကမ္ဘာဦး ၂၉:၁၉

ယာကုပ်​သည် ရာခေလ​အား အလွန်​ချစ်​မြတ်နိုး​သဖြင့် သူ့​အတွက် ခု​နစ်​နှစ်​ဟူသည် “ရက်​အနည်းငယ်​မျှ​သာ” ဖြစ်​ဟန်​တူ​သည်။ ထို့နောက် လာ​ဗန်​သည် သူ့ကို​လှည့်စား​လိမ့်​မည်​ဟု နည်းနည်း​မျှ​သံသယ​မဝင်​ဘဲ ဇာ​ပဝါ​လွှမ်းခြုံ​ထား​သည့် သတို့သမီး​ကို သူ​အပိုင်​သိမ်းပိုက်​လိုက်​သည်။ နောက်​တစ်နေ့​နံနက်​တွင် မိမိသည် ရာခေလ​နှင့်​မဟုတ်ဘဲ သူ့​အစ်မ​လေအာ​နှင့်အတူ အိပ်စက်​မိ​သည်ကို​တွေ့​လိုက်ရ​သောအခါ သူ​အပြင်းအထန်​စိတ်ထိခိုက်​သွား​သည်ကို မြင်ယောင်​ကြည့်​လိုက်ပါ! ယာကုပ်​က “ကျွန်တော်​၌​ပြုသော​အမှု​ကား အဘယ်​သို့​နည်း။ ရာခေလ​ကို​ရခြင်း​ငှာ အစေခံ​ခဲ့ပြီ​မဟုတ်လော။ ကျွန်တော့်​ကို အဘယ်ကြောင့်​လှည့်စား​ရသနည်း” ဟု​ဆို​၏။ လာ​ဗန်​က “ငါ​တို့​ပြည်​၌ သမီး​အကြီး​ကို​မထိမ်းမြားမီ အငယ်​ကို​မ​ထိမ်းမြား​တတ်။ ခု​နစ်​ရက်​စေ့​အောင်​သူနှင့်​နေ​ဦး​လော့။ နောက်​တစ်ဖန် ခု​နစ်​နှစ်ဆက်​လက်​အစေခံ​ရမည်​အတွက် ရာခေလ​ကိုလည်း သင်​အား​ထိမ်းမြား​မည်” ဟု​ပြန်​ပြော​လေ​သည်။ (ကမ္ဘာဦး ၂၉:၂၀-၂၇သမ္မာ) အကွက်​ဆင်​ခံရ​၍ ချေပ​နိုင်စွမ်း​မရှိတော့​သည့် ယာကုပ်​သည် ရာခေလ​ကို​ရယူလို​ပါ​က ထို​သတ်မှတ်ချက်​များ​ကို လက်ခံရ​ပေ​တော့​မည်။

နောက်​ခု​နစ်​နှစ်​သည် ပထမ​ခု​နစ်​နှစ်​နှင့်​မတူဘဲ အလွန်​ခံရ​ခက်လှ​သည်။ လာ​ဗန်​၏ ယုတ်မာ​သော​သဘောကို ယာကုပ်​မည်သို့​ခွင့်လွှတ်​နိုင်​မည်​နည်း။ ကြံရာပါ​လေအာကို​လည်း မည်သို့​ခွင့်လွှတ်​နိုင်​ပါ​မည်​နည်း။ လာ​ဗန်​သည် လေအာ​နှင့်​ရာခေလ​တို့အတွက် သူ​အသင့်ပြင်​ဆင်​ပေး​လိုက်​သည့် ကသောင်းကနင်း​နိုင်​လှ​သော​အနာဂတ်​ကို လုံးဝ​စိတ်မဝင်စား​ခဲ့​ပေ။ ကိုယ်ကျိုး​ကို​သာ သူ​ရှာ​ခဲ့​၏။ ရာခေလ​ခမျာ မြုံနေ​စဉ် လေအာ​က သား​ချည်း​လေးယောက် ဆက်တိုက်​မွေးဖွား​လာ​သည့်​အခါ မနာလိုမှု​မှ နာကြည်းမှု​ထပ်၍​ပေါ်လာ​၏။ ထို့နောက် ရာခေလ​သည် ကြံရာမရ​သည့်​အဆုံး သားသမီး​ရ​လို​ရ​ငြား သူ၏​အစေခံကျွန်​မ​ကို ကိုယ်စား​မိခင်​အဖြစ်​ပေး​လိုက်​သည်၊ ပြိုင်ဆိုင်​လို​စိတ်​ကြောင့် လေအာ​က​လည်း ထပ်တူ​ပြု​လေ​သည်။ ယာကုပ်​ခမျာ ဇနီး ၄ ဦး၊ ကလေး ၁၂ ယောက်​နှင့် ပျော်ရွှင်မှု​မရှိသည့်​မိသားစု​ထမ်းပိုး​ကို ထမ်း​နေရ​ရှာ​သည်။ သို့​တိုင် ယေဟောဝါ​သည် ယာကုပ်​အား လူမျိုး​ကြီး​တစ်မျိုး​ဖြစ်လာ​နေ​စေ​၏။—ကမ္ဘာဦး ၂၉:၂၈–၃၀:၂၄

ယေဟောဝါ​ကြောင့် ကြွယ်ဝ​လာ

အခက်အခဲ​အမျိုးမျိုး​ကြား ဘုရားသခင်​သည် ကတိပြု​ထား​သည့်​အတိုင်း သူနှင့်​အတူ​ရှိနေကြောင်း​ကို ယာကုပ်​ရိပ်စားမိ​ခဲ့​သည်။ လာ​ဗန်​လည်း ရိပ်မိ​သည်၊ အကြောင်း​မှာ မိမိ​၌ တိရစ္ဆာန်​အနည်းငယ်​သာ​ရှိရာ​မှ ယာကုပ်​ရောက်​လာ၍ ကြည့်ရှု​စောင့်ရှောက်​ပေး​မှု​ကြောင့် ကောင်ရေ​ပွား​များ​လာ​ခဲ့​သည်။ ယာကုပ်​အား ထွက်ခွာ​မသွား​စေ​လို​သဖြင့် လာ​ဗန်​က နောက်ထပ်​အစေခံ​သည့်​အတွက် လုပ်အားခ​ကို​သတ်မှတ်​ရန် သူ့​အား​ကမ်း​လှမ်း​လိုက်​သည်၊ ယာကုပ်​က လာ​ဗန်​၏​တိရစ္ဆာန်​အုပ်​တွင် ထူးခြားသည့်​အရောင်​ဖြင့်​မွေးလာ​သည့် တိရစ္ဆာန်​များ​ကို တောင်းခံ​လိုက်​သည်။ ထို​ဒေသ​တွင် သိုး​အများ​သည် အဖြူရောင်​ဖြစ်​ပြီး ဆိတ်​များ​မှာ အ​မည်း​ရော​င် သို့​မဟုတ် အညို​ရ​င့်​ရော​င်​ဖြစ်​ကြသည်; အနည်းငယ်​သာ အစက်အပြောက်​ရှိသည်​ဟု​ဆို​၏။ ထို့​ကြောင့် သူ့​အတွက် အခွင့်အရေး​သာ​နေပြီ​ဟု​ထင်မှတ်​လျက် လာ​ဗန်​သည် ရှော​ရှော​ရှူရှူ​သဘောတူ​လိုက်​ကာ ထူးခြား​စွာ အမှတ်အသား​များ​ပြု​ထား​သည့် သူ၏​တိရစ္ဆာန်​အားလုံး​ကို ယာကုပ်​၏​တိရစ္ဆာန်​အုပ်​နှင့် မ​ရောနှော​သွားစေရန် ဝေးရာ​သို့ ချက်ချင်း ပြောင်းရွှေ့​လိုက်​၏။ အများအားဖြင့် လုပ်အားခ​အဖြစ် ရှေး​က​သိုးထိန်း​များ​ရရှိကြ​သည့် မွေးကင်းစ ဆိတ်​ကလေး​များနှင့် သိုးကလေး​များ​၏ ၂၀ ရာခိုင်နှုန်း ရဖို့​မဆို​နှင့် သူတို့၏​သဘော​တူညီချက်​အရ ယာကုပ်​သည် အကျိုးကျေးဇူး​မ​ရသလောက်​ဖြစ်​မည်​ဟု သူ​ယူမှတ်​ကြောင်း ထင်ရှား​သည်။ သို့သော် လာ​ဗန်​အတွက်​မှားသွား​သည်၊ အကြောင်း​မှာ ယာကုပ်နှင့်​အတူ ယေဟောဝါ​ရှိသောကြောင့်​ဖြစ်၏။—ကမ္ဘာဦး ၃၀:၂၅-၃၆

ဘုရားသခင်​၏​လမ်းညွှန်မှုဖြင့် ယာကုပ်​သည် မိမိ​အလိုရှိ​ရာ​အရောင်​ပါ​သည့် သန်မာ​ကြံ့ခိုင်​သော တိရစ္ဆာန်​များ​ကို မွေးမြူ​ခဲ့​ရသည်။ (ကမ္ဘာဦး ၃၀:၃၇-၄၂) တိရစ္ဆာန်​မွေးမြူရေး​နှင့်​ပတ်သက်​၍ သူ၏​အယူအဆ​များ​မှာ ကျိုးကြောင်း​ညီညွတ်မှု​မရှိ​ချေ။ သို့​ဖြစ်​လျက်​ပင် “သိပ္ပံ​နည်း​အရ အကွက်​အ​ကျား​ဖြစ်ပေါ်​စေရန် မျိုးရိုး​ဗီဇ​ငုပ်​နေသည့် တစ်​ရော​င်​တည်း​ရှိ တိရစ္ဆာန်​များ​ကို ဆက်တိုက် အမျိုး​စပ်​ပေး​လိုက်ခြင်း​ဖြင့် လိုအပ်သော​အကျိုး​ရလဒ်များ​ကို ရရှိနိုင်​သည်​ဖြစ်၏။ ယင်း​သို့​သော တိရစ္ဆာန်​များ​ကို [၎င်းတို့၏] မျိုးစပ်​သန်မာ​ကြံ့ခိုင်မှု​ကို​ထောက်၍ ခွဲခြား​သိရှိ​နိုင်​သည်” ဟု ပညာရှင် နာဟုံ ဆာ​နာ​က​ရှင်းပြသည်။

အကျိုး​ရလဒ်များ​ကို သတိပြုမိ​လျက် လာ​ဗန်​သည် မိမိ၏​တူ​တော်​မောင် ပိုင်ဆိုင်​သည့် အ​စင်း​အကြောင်း၊ အစက်အပြောက်၊ အရောင်​ကွက်​ကျား​ဖြစ်နေ​သော တိရစ္ဆာန်​များနှင့်​ပတ်သက်​၍ သဘော​တူညီချက်​ကို ပြောင်းလဲ​ပစ်​ဖို့ ကြိုးစား​ခဲ့​သည်။ သူသည် မိမိ​အကျိုးကို​သာ ရှာကြံ​ပြုလုပ်​နေ​၏၊ သို့သော် နှစ်ဦး​သဘော​တူညီချက်​ကို လာ​ဗန်​မည်သို့​ပင် ပြောင်းလဲ​ပြုပြင်​ပါစေ ယေဟောဝါ​သည် ယာကုပ်​အား အမြဲ တိုးတက်​ကြီးပွား​နေ​စေတော်မူ​သည်။ ထို့​ကြောင့် လာ​ဗန်​သည် အံကြိတ်​လျက်​သာ နေ,နေရ​သည်။ မကြာမီ ယာကုပ်​သည် မိမိ၏​ကိုယ်ပိုင်​ဉာဏ်​ကြောင့်​မဟုတ်ဘဲ ယေဟောဝါ​၏​ထောက်မ​ကူညီ​မှု​ကြောင့် သိုးအုပ်​များ၊ အစေခံကျွန်​များ၊ ကုလားအုတ်​များနှင့် မြည်း​များ အမြောက်အမြား စုဆောင်း​မိ​၍ ကြီးပွား​ချမ်းသာ​လာ​လေ​သည်။ နောက်ပိုင်း​တွင် ရာခေလ​နှင့် လေအာ​တို့အား သူ​ဤသို့​ရှင်းပြ​လေ​သည်– “သင်တို့​အဘသည်​လည်း ငါ့ကို​လှည့်​စား၍၊ ငါ​ရထိုက်​သော​အ​ခ​ကို ဆယ်​ကြိမ်​လဲ​ခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကို​ညှဉ်းဆဲ​စေခြင်း​ငှာ၊ ဘုရားသခင်​အခွင့်ပေး​တော်​မ​မူ။ . . . ဘုရားသခင်​သည်၊ သင်တို့​အဘ​၏​တိရစ္ဆာန်​တို့ကို​နုတ်​၍ ငါ့​အားပေး​တော်​မူ​ပြီ။” ယေဟောဝါ​သည် လာ​ဗန်​ပြု​လေ​သမျှ​ကို မြင်တော်မူ​ကြောင်း​နှင့် ယာကုပ်​သည် စိတ်ပူ​စ​ရာ​မလို​ကြောင်းကို သူ့​အား စိတ်ချ​စေတော်မူ​ခဲ့​သည်။ ဘုရားသခင်​က “သင်၏ . . . ပြည်၊ သင်၏​အမျိုးသားချင်း​ထံ​သို့ ပြန်သွား​လော့။ ငါသည် သင့်​ဘက်၌​ရှိနေ​မည်” ဟု မိန့်တော်မူ​ခဲ့​၏။—ကမ္ဘာဦး ၃၁:၁-၁၃; ၃၂:၉

ယာကုပ်​သည် စဉ်းလဲ​ကောက်ကျစ်​သည့် လာ​ဗန်​ထံ​မှ အဆုံး​တွင် ထွက်ခွာ​သွား​နိုင်​ခဲ့​ပြီး မိမိ​နေရပ်​သို့ ပြန်​လေ​သည်။ အနှစ် ၂၀ ကုန်လွန်​ခဲ့ပြီ​ဖြစ်သော်လည်း ဧသော​ကို သူ​ကြောက်​နေရ​ဆဲ​ပင်၊ အထူးသဖြင့် ဧသော​သည် လူ​လေး​ရာ​နှင့်​ချီတက်​လာ​နေကြောင်း သတင်း​ကြား​ရသည့်​အချိန်တွင် ပို​၍​ပင်​ကြောက်​လေ​၏။ ယာကုပ် အဘယ်အရာ​ပြုလုပ်​နိုင်​မည်​နည်း။ ဘုရားသခင်​အား အမြဲ​ယုံကြည်​ကိုးစား​သည့် ဝိညာဉ်​ရေး​လူ​အနေ​နှင့် ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ခဲ့​သည်။ သူသည် ကိုယ်တော်​ထံ​ဆုတောင်း​လေ​၏၊ ယေဟောဝါ​၏​ရက်ရောမှု​ကို သူ​မခံစားထိုက်​ကြောင်း​နှင့် ကိုယ်တော်​၏​ကတိတော်​များ​အပေါ်​အခြေပြု​၍ သူနှင့်​သူ့​မိသားစုကို ဧသော​လက်​မှ ကယ်နုတ်​ပါ​မည်​အကြောင်း ဘုရားသခင်​ထံ​အသနားခံ​ခဲ့​သည်။—ကမ္ဘာဦး ၃၂:၂-၁၂

ထို့နောက် မမျှော်လင့်​သည့်​အရာ ဖြစ်ပျက်​လာ​၏။ ည​အချိန်တွင် ကောင်းကင်တမန်​တစ်ပါး​ဖြစ်နေ​သည့် သူစိမ်း​တစ်ဦး​က ယာကုပ်နှင့်​လုံးထွေး​သတ်ပုတ်​ခဲ့​ရာ သူ၏​ပေါင်​ရင်း အဆစ်​ပြုတ်ထွက်​သွား​သည်​အထိ ပြု​ခဲ့​သည်။ ကောင်းကင်တမန်​သည် ယာကုပ်​ကို ကောင်းချီး အလျင်​မပေး​လျှင် ထွက်သွား​ခွင့်ပြု​မည်​မဟုတ်​ဟု ယာကုပ်​ဆို​ခဲ့​သည်။ ယာကုပ်​သည် “ငိုကြွေး​၍ အသနားတော်ခံ​ခွင့်​ကို​ရခဲ့​လေ​၏” ဟု ပရောဖက်​ဟောရှေ​က နောက်ပိုင်း​တွင်​မိန့်ဆိုခဲ့​၏။ (ဟောရှေ ၁၂:၂-၄သ​မ; ကမ္ဘာဦး ၃၂:၂၄-၂၉) ယခင်​က ကောင်းကင်တမန်​များ​ပေါ်လာ​ခြင်း​သည် အာဗြဟံ​မျိုးနွယ်​မှ​တစ်ဆင့် အာဗြဟံ​နှင့်​ဖွဲ့​သော​ပဋိညာဉ် ပြည့်စုံခြင်း​နှင့်​သက်ဆိုင်​ကြောင်း ယာကုပ်​သိရှိ​ခဲ့​သည်။ ထို့​ကြောင့် အားသွန်ခွန်စိုက် နပန်းလုံး​ခဲ့​ရာ နောက်ဆုံး ကောင်းချီး​ရသွား​လေ​သည်။ ဤ​အချိန်တွင် ဘုရားသခင်​က သူ၏​အမည်​ကို “ဘုရားသခင်​နှင့် ဆိုင်ပြိုင်​သူ (ဇွဲ​မလျှော့​ဆိုင်ပြိုင်​သူ)၊” သို့​မဟုတ် “ဘုရားသခင်​ဆိုင်ပြိုင်​သည်” ဟု​အဓိပ္ပာယ်​ရသည့် ဣသရေလ​သို့ ပြောင်းလဲ​ပေး​ခဲ့​သည်။

သင်သည် နပန်းလုံး​လို​သလော

ယာကုပ်​ကျော်လွှား​ခဲ့​ရသည့် အကျပ်အတည်း​များ​မှာ ကောင်းကင်တမန်​နှင့်​နပန်းလုံး​ခြင်း၊ ဧသော​နှင့်​ပြန်လည်​သင့်မြတ်ခြင်း​တို့​သာ​လျှင်​မဟုတ်ပါ။ သို့​တိုင်၊ ဤ​တွင်​သုံးသပ်​ထား​သည့် အဖြစ်အပျက်​များ​က သူသည် အဘယ်​သို့​သော​လူစားမျိုး​ဖြစ်သည်​ကို ဖော်ပြ​သည်။ ယာကုပ်​သည် ကောင်းချီး​များ​ခံစားရ​ရန် သူ့​ဘဝ​တစ်လျှောက်​လုံး ရုန်းကန်​ခဲ့​ရ၏၊ ကောင်းကင်တမန်​တစ်ပါး​နှင့်​ပင် နပန်းလုံး​ခဲ့​သည်​အထိ ကြိုးစား​ခဲ့​ရ၏၊ ဧသော​က​မူ မိမိ၏​သားဦး​အရိုက်အရာ​အတွက် ဆာလောင်မှု​ကို မ​မျိုသိပ်​နိုင်​ခဲ့​ချေ။ ဘုရားသခင်​ကတိပြု​ခဲ့​သည့်​အတိုင်း ယာကုပ်​သည် ကိုယ်တော်​၏​လမ်းညွှန်မှု​နှင့် ကာကွယ်​စောင့်ရှောက်မှု​ရရှိခဲ့​သဖြင့် လူမျိုး​ကြီး​တစ်မျိုး​၏ ဘိုးဘေး​သာမက မေရှိယ​၏ ဘိုးဘေး​လည်း ဖြစ်ခွင့်​ရလေ​သည်။—မဿဲ ၁:၂၊ ၁၆

သင်သည် ယေဟောဝါ​၏​မျက်နှာသာတော်​ရ​ရန် နပန်းလုံး​ရသကဲ့သို့​ပင် အားသွန်ခွန်စိုက် ကြိုးပမ်း​အားထုတ်​လို​ပါသလော။ ဘုရားသခင့်​အလိုတော်​ဆောင်​လို​သူတို့​အတွက် ယနေ့ခေတ် လူ့​ဘဝ​သည် အခက်အခဲ​များ၊ စိန်ခေါ်ချက်​များနှင့် ပြည့်နှက်​နေပြီး တစ်ခါတစ်ရံ မှန်ကန်​သည့် ဆုံးဖြတ်ချက်​များ​ချဖို့ အလွန်​အားစိုက်​ကြ​ရမည်။ သို့ရာတွင် ကျွန်ုပ်​တို့​ရှေ့ ယေဟောဝါ​ချပေး​ထား​သည့် ဆုကျေးဇူး​ရမည့်​မျှော်လင့်ချက်ကို ဆုပ်ကိုင်​ထား​ရန် ယာကုပ်​၏​ပုံသက်သေ​ကောင်း​က တကယ်​အားပေးမှု​ဖြစ်သည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ယာကုပ်​သည် ကောင်းချီး​များ​ခံစားရ​ရန် ဘဝ​တစ်လျှောက်​လုံး ကြိုးစား​အားထုတ်​ခဲ့

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 အဆိုပါ​တွေ့ဆုံ​ချိန်​သည် ဧလျာဇာ​၏​ကုလားအုတ်​များ​ကို ရေ​တိုက်​ခဲ့​သည့် ယာကုပ်​၏​မိခင်၊ ရေဗက္က​၏​အဖြစ်အပျက်​နှင့် ဆင်တူ​သည်။ ထို​စဉ်​က ရေဗက္က​သည် သူစိမ်း​တစ်ဦး​ရောက်ရှိ​နေကြောင်း အိမ်သို့ပြန်​ပြေး​၍ ပြောပြ​ခဲ့​သည်။ သူ၏​ညီမ လက်ဆောင်​ရရှိခဲ့​သည့် ရွှေ​ကို​တွေ့ မြင်​လိုက်​သောအခါ လာ​ဗန်​သည် ဧလျာဇာ​ကို ပြေး​၍​ကြိုဆို​ခဲ့​သည်။—ကမ္ဘာဦး ၂၄:၂၈-၃၁၊ ၅၃