မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာပညတ်ချက်တစ်ခု အမြဲလိုသလော

ကျမ်းစာပညတ်ချက်တစ်ခု အမြဲလိုသလော

ကျမ်းစာ​ပညတ်ချက်​တစ်ခု အမြဲလို​သလော

ငယ်​စဉ်​အချိန်​က သင်၏​မိဘများသည် သင့်အတွက် စည်းမျဉ်း​များစွာ​ချပေး​ခဲ့​ပေမည်။ သူတို့သည် သင်၏​ကောင်းကျိုး​ကို လိုလား​ပြီး ထိုသို့​ပြု​ခဲ့​ကြောင်း သင်​ကြီးပြင်း​လာ​သည်​နှင့်​အမျှ သိ​နားလည်​လာ​၏။ လူကြီး​တစ်ဦး​အနေ​နှင့် သင်သည် သူတို့၏​အုပ်ချုပ်မှု​အောက် မရှိတော့​သည့်​တိုင် သူတို့​သွတ်သွင်း​ထားသော မူ​အချို့​နှင့်​အညီ သင်​နေထိုင်​ဆဲ​ဖြစ်​ပေမည်။

ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်၊ ယေဟောဝါ​သည် တိုက်ရိုက်​ပညတ် အတော်များများကို ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​မှ​တစ်ဆင့် ပေး​ထား​ပါ​သည်။ ဥပမာ၊ . . . ၊ မတရားသော​မေထုန်ပြု​ခြင်း၊ သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​နှင့် ခိုးခြင်း​တို့ကို ကိုယ်တော်​တားမြစ်​သည်။ (ထွက်မြောက်ရာ ၂၀:၁-၁၇; တမန်​တော် ၁၅:၂၈၊ ၂၉) ဝိညာဉ်​ရေး​အရ “အရာ​ရာ​တို့​၌​ကြီးပွား​ကြ” စဉ် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အကောင်းဆုံး​အကျိုးကို လိုလား​ကြောင်း၊ ကိုယ်တော်​၏​ပညတ်ချက်​များသည် ချုပ်ချယ်​လွန်း​ခြင်း​မဟုတ်​ကြောင်း ကျွန်ုပ်​တို့​သိ​နားလည်​လာ​ကြသည်။—ဧဖက် ၄:၁၅; ဟေရှာယ ၄၈:၁၇၊ ၁၈; ၅၄:၁၃

သို့သော် တိုက်ရိုက်​ပညတ်ချက်​များ​မရှိသော အခြေအနေ​များစွာ​ရှိ၏။ ထို့​ကြောင့် ကျမ်းစာ​တွင် တိုက်ရိုက်​ပညတ်​မရှိပါ​က မိမိတို့​ကြိုက်​သလို​ပြုလုပ်​နိုင်​သည်​ဟု ယူမှတ်​သူ​အချို့​ရှိသည်။ လိုအပ်​သည်​ဟု ဘုရားသခင်​ယူဆ​ပါ​က တိုက်ရိုက်​ပညတ်​အသွင်​ဖြင့် အလိုတော်ကို​ဖော်ပြ​ထား​လိမ့်​မည်​ဟု သူတို့​ဆင်ခြေ​တက်​ကြသည်။

ထိုသို့​ယူမှတ်​ကြ​သူတို့သည် နောက်ပိုင်း​တွင် အကြီးအကျယ်​နောင်​တရ​စေ​လေ့​ရှိသည့် ပညာ​မဲ့​ဆုံးဖြတ်ချက်​များ​ချ​တတ်ကြ​၏။ သမ္မာကျမ်းစာ​တွင် ပညတ်​ဥပဒေ​များ​သာမက ဘုရားသခင့်​စဉ်းစား​တွေးခေါ်ပုံ​ကို ဖော်ပြ​သော အသိပေး​ချက်​များ​ပါ​ကြောင်း သူတို့​မသိ​မြင်ကြ​ချေ။ သမ္မာကျမ်းစာ​ကို လေ့လာ​၍ ယေဟောဝါ​၏​ရှုမြင်ပုံကို သိ​နားလည်​လာ​သည်​နှင့်​အမျှ ကျမ်းစာ​ဖြင့်​လေ့ကျင့်​ထားသော သိစိတ်​ဖြစ်ပေါ်​လာပြီး ကျွန်ုပ်​တို့သည် ကိုယ်တော်​စဉ်းစား​ပြုမူ​သကဲ့သို့ ရွေးချယ်​ပြုမူ​ရန် တိုက်တွန်း​ခံရ​ကြသည်။ ထိုသို့​ပြု​ကြသောအခါ ကိုယ်တော်​၏​နှလုံးကို ရွှင်ပြုံး​စေပြီး ပညာရှိ​ဆုံးဖြတ်ချက်​များ​ချ​ခြင်း​ကြောင့် အကျိုးကျေးဇူးများ​ခံစားရ​သည်။—ဧဖက် ၅:၁

ထင်ရှားသော ကျမ်းစာ​ပုံ​နမူနာ​များ

ရှေးခေတ်​မှ ဘုရားသခင့်​ကျေးကျွန်​များ​၏​အကြောင်းကို ကျမ်းစာ​တွင်​ဖတ်ရှု​ကြည့်​သောအခါ သူတို့သည် တိုက်ရိုက်​မိန့်မှာချက်​မရရှိ​သည့်​တိုင် ယေဟောဝါ​၏​စဉ်းစား​တွေးခေါ်ပုံ​ကို ထည့်သွင်း​စဉ်းစား ပြုမူ​ခဲ့​ကြောင်း တွေ့ရှိ​ရသည်။ ယောသပ်​၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။ ပေါတိဖာ​မယား​နှင့် အကျင့်​ယိုယွင်း​ရန် သွေးဆောင်​ခံ​နေရ​ချိန်​တွင် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​ကို တားမြစ်​သည့် ဘုရားသခင့်​ပညတ်ချက်​မရှိ​သေး​ချေ။ ထိုသို့​သော​တိုက်ရိုက်​ပညတ် မရှိသည့်​တိုင် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​သည် သူကိုယ်တိုင်​၏​သိစိတ်ကို​သာမက “ဘုရားသခင်​ကို . . . ပြစ်မှား” သည့်​အပြစ်​ဖြစ်​ကြောင်း ယောသပ်​သိ​နားလည်ခဲ့​သည်။ (ကမ္ဘာဦး ၃၉:၉) သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​သည် ဧဒင်​အရပ်​တွင်​ဖော်ပြ​ခဲ့​သော ဘုရားသခင့်​တွေးခေါ်ပုံ​နှင့် အလိုတော်ကို ဖောက်ဖျက်​ခြင်း​ဖြစ်​ကြောင်း ယောသပ်​သိမြင်ခဲ့​သည်။—ကမ္ဘာဦး ၂:၂၄

အခြား​ပုံ​နမူနာ​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ တမန်​တော် ၁၆:၃ အရ၊ ပေါလု​သည် ခရစ်ယာန်​ခရီးစဉ်​တွင် သူနှင့်​အတူ တိမောသေ​ကို​ခေါ်​မသွားမီ အရေဖျားလှီး​ပေး​ခဲ့​ကြောင်း ကျွန်ုပ်​တို့​သိရ​သည်။ သို့​တိုင် အခန်းငယ် ၄ တွင် ပေါလု​နှင့် တိမောသေ​သည် ‘ယေရုရှလင်​မြို့၌​ရှိသော​တမန်​တော်​တို့​နှင့် သင်း​အုပ်​တို့​စီရင်​သော ပညတ်​များ​ကို’ ပေးအပ်​ရန် မြို့ရွာ​များ​သို့ ခရီးထွက်​ခဲ့​ကြောင်း ဖတ်ရှု​ရသည်။ အဆိုပါ​ပညတ်​များ​တွင် ခရစ်ယာန်​များသည် အရေဖျားလှီး​ခြင်း​ပညတ်​အောက် မရှိတော့​ဟူသော ဆုံးဖြတ်ချက်​ပါဝင်​သည်! (တမန်​တော် ၁၅:၅၊ ၆၊ ၂၈၊ ၂၉) တိမောသေ​ကို အရေဖျားလှီး​ပေးဖို့​လို​သည်​ဟု ပေါလု အဘယ်ကြောင့်​ယူဆ​ခဲ့​ရသနည်း။ “[တိမောသေ] ၏​အဘသည် ဟေ​လ​သ​လူ​ဖြစ်သည်​ကို ထို​အရပ်​တို့​၌​ရှိသော ယုဒ​လူအပေါင်း​တို့သည်​သိ​သောကြောင့်” ဖြစ်၏။ ပေါလု​သည် မလိုအပ်ဘဲ ထိမိ​၍​လဲစရာ​မဖြစ်စေ​လို​ခဲ့​ချေ။ ခရစ်ယာန်​များသည် “ဘုရားသခင့်​ရှေ့တော်၌ လူအပေါင်း​တို့၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​အတိုင်း ချီးမွမ်း” စ​ရာ​ဖြစ်နေ​စေဖို့ သူ​အလေးထား​ခဲ့​သည်။—၂ ကောရိန္သု ၄:၂; ၁ ကောရိန္သု ၉:၁၉-၂၃

ဤသို့​စဉ်းစား​ဆင်ခြင်ခြင်း​သည် ပေါလု​နှင့် တိမောသေ​တို့၏​ဉာဉ်​ဖြစ်​ခဲ့​သည်။ ရောမ ၁၄:၁၅၊ ၂၀၊ ၂၁ နှင့် ၁ ကောရိန္သု ၈:၉-၁၃; ၁၀:၂၃-၃၃ စ​သည့်​ကျမ်းချက်​များ​ကို​ဖတ်​ကြည့်​ပြီး အခြား​သူများကို၊ အထူးသဖြင့် မှား​သည်​ဟု တပ်အပ်​မပြော​နိုင်သော​အရာတစ်ခု​နှင့်​ပတ်သက်​၍ ထိမိ​၍​လဲ​နိုင်​သူများ​၏ ဝိညာဉ်​ရေး​ကောင်းကျိုး​ကို ပေါလု​မည်မျှ​အလေးထား​ခဲ့​ကြောင်း ကြည့်​ပါ။ ထို့​ပြင် တိမောသေ​နှင့်​စပ်လျဉ်း၍ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ထို​သူသည် သင်တို့​အကျိုးကို​ကြည့်ရှု​ချင်​သော စေတနာ​စိတ်​ရှိသကဲ့သို့ စိတ်သဘော​တူသော​သူ​တစ်ယောက်မျှ ငါ​တို့​၌​မရှိ။ လူ​ခပ်သိမ်း​တို့သည် ယေရှု​ခရစ်​၏​အကျိုးကို​မ​ရှာ၊ ကိုယ်​အကျိုးကို​သာ​ရှာ​ကြ​၏။ သို့သော်လည်း သား​သည် အဘ​နှင့်အတူ​ဆောင်ရွက်​သကဲ့သို့၊ သူသည် ငါ​နှင့်အတူ ဧဝံဂေလိတရား​အမှုကို အမှန်​ဆောင်ရွက်​သည်​ဟု သူ​ပြ​သော​သက်သေ​ကို သင်တို့​သိ​ကြ​၏။” (ဖိလိပ္ပိ ၂:၂၀-၂၂) ဤ​ခရစ်ယာန်​အမျိုးသား​နှစ်ဦး​သည် ယနေ့ ကျွန်ုပ်​တို့အတွက် တကယ့်​ပုံသက်သေ​ကောင်း​ပါ​တကား! ဘုရားသခင်​ထံ​မှ တိကျသော​မိန့်မှာချက်​မရှိသည့်​အခါ သူတို့သည် မိမိ​အဆင်ပြေ​ရေး သို့​မဟုတ် မိမိ​အကြိုက်ကို ရွေးချယ်​ပြုလုပ်​မည့်​အစား မိမိတို့၏​ဆုံးဖြတ်ချက်​များ​ကြောင့် အခြားသူများ​၏ ဝိညာဉ်​ရေး​ကို ထိခိုက်​စေနိုင်​ကြောင်း စဉ်းစား​သုံးသပ်ခြင်း​ဖြင့် ယေဟောဝါ​နှင့် ကိုယ်တော့်​သားတော်​၏​မေတ္တာကို သူတို့​တုပ​ခဲ့​ကြသည်။

ကျွန်ုပ်​တို့၏​အဓိက​စံနမူနာရှင် ယေရှု​ခရစ်​ကို သုံးသပ်ကြည့်​ပါ။ ဘုရားသခင့်​ပညတ်တော်​များ​၏​ဆိုလိုရင်း​ကို သဘောပေါက်​နားလည်​သူ​တစ်ဦး​သည် အတိအကျ​မိန့်မှာချက်၊ သို့​မဟုတ် တားမြစ်ချက် မရှိသည့်​တိုင် ၎င်းတို့ကို နာခံ​လိမ့်​မည်​ဖြစ်​ကြောင်း ကိုယ်တော်​၏​တောင်ပေါ်​တရားတော်​တွင် အတိအလင်း​ရှင်းပြ​ခဲ့​သည်။ (မဿဲ ၅:၂၁၊ ၂၂၊ ၂၇၊ ၂၈) ဘုရားသခင်​အတိအကျ ပညတ်​မထားသည့်​အခါ မိမိ​စိတ်ကြိုက် ပြုမူ​နိုင်​သည်​ဟု ယေရှု၊ ပေါလု၊ တိမောသေ​သော်လည်း​ကောင်း ယောသပ်​သော်လည်း​ကောင်း မယူဆ​ခဲ့​ကြ​ပါ။ ဤ​အမျိုးသားများသည် ဘုရားသခင့်​စဉ်းစား​တွေးခေါ်ပုံ​နှင့် ကိုက်ညီ​စွာ ဘုရားသခင်​နှင့် လူလူချင်းကို​ချစ်ပါ​ဟူသော ယေရှု​ပြဋ္ဌာန်း​ခဲ့​သည့် အကြီးမြတ်ဆုံး​ပညတ်​နှစ်ခု​အတိုင်း အသက်ရှင်နေ​ထိုင်​ခဲ့​ကြသည်။—မဿဲ ၂၂:၃၆-၄၀

မျက်မှောက်ခေတ်​ခရစ်ယာန်​များ​ကော

တာဝန်​ဝတ္တရား​ရပ်​တိုင်း​ကို အတိအကျ​ဖော်ပြ​ထား​ဖို့ မျှော်လင့်​ကာ သမ္မာကျမ်းစာ​ကို တရားဝင်​စာချုပ်​တစ်ခု​အဖြစ် ကျွန်ုပ်​တို့ မယူမှတ်​သင့်​သည်​မှာ ရှင်းနေပါသည်။ ကျွန်ုပ်​တို့​လိုက်လျှောက်​ရမည့်​လမ်းစဉ်​ကို ညွှန်ကြား​ပေး​သော သတ်သတ်မှတ်မှတ်​ပညတ်ချက်​မရှိသည့်​တိုင် ယေဟောဝါ​စဉ်းစား​ပြုမူ​သကဲ့သို့ ရွေးချယ်​ပြုမူ​သည့်​အခါ ကိုယ်တော့်​နှလုံးကို အကြီးအကျယ်​ရွှင်ပြုံး​စေပါ​သည်။ တစ်နည်း​အားဖြင့်​ဆိုလျှင် ဘုရားသခင်​ပြုလုပ်​စေလိုရာ​ကို အမြဲတစေ မိန့်မှာ​ပေး​စ​ရာ​လို​မည့်​အစား ကျွန်ုပ်​တို့သည် ‘ယေဟောဝါ​အလိုတော်ကို ပိုင်းခြား​၍​သိမြင်’ နိုင်​ပါ​သည်။ (ဧဖက် ၅:၁၇; ရောမ ၁၂:၂) ထိုသို့​ပြုခြင်း​က ယေဟောဝါ​ကို အဘယ်ကြောင့်​ပျော်ရွှင်​စေ​သနည်း။ အကြောင်း​မှာ ကျွန်ုပ်​တို့သည် မိမိ​အဆင်ပြေ​ရေး​နှင့် မိမိ​ရပိုင်ခွင့်​များ​ထက် ကိုယ်တော့်​စိတ်တော်နှင့်​တွေ့​ဖို့​ကို ပို​၍​အရေးပေး​ကြောင်း တင်ပြသော​ကြောင့်​ဖြစ်သည်။ ထို့​ပြင် ကိုယ်တော်​၏​မေတ္တာတော်ကို တုပ​လို​သည့်​အထိ ထို​မေတ္တာတော်ကို တန်ဖိုး​ထား​လေးမြတ်​ကြောင်း၊ ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​သည့်​စွမ်းအား​ဖြစ်စေ​လို​ကြောင်း​လည်း ဖော်ပြ​သည်။ (သု. ၂၃:၁၅; ၂၇:၁၁) ထို့​ပြင် ကျမ်းစာ​ဖော်ပြချက်​အပေါ် အခြေပြု​သည့် လုပ်ရပ်များ​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​နှင့် ကာယရေး​ကျန်းမာ​မှု​ကို​ပါ ဖြစ်ထွန်း​စေ​လေ့​ရှိသည်။

အဆိုပါ​မူကို ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​တွင်​လည်း မည်သို့​အသုံးချ​နိုင်​ကြောင်း ကြည့်​ကြပါစို့။

အပန်းဖြေမှု​ရွေးချယ်ခြင်း

သီချင်း​အယ်လဘမ်​တစ်ခု​ကို ဝယ်ယူ​လို​သော လူငယ်​တစ်ဦး၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ ၎င်းကို သူ​နားထောင်​ကြည့်​လိုက်​သောအခါ အလွန်​ဆွဲဆောင်မှု​ရှိ၏၊ သို့သော် အယ်လဘမ်​နောက်​ကျောဖုံး​က လိင်ကို​အသားပေး​ဖော်ကျူး​၍ ညစ်ညမ်း​သော သီချင်း​စာသား​များ​ကို အရိပ်အမြွက်​ဖော်ပြ​ထားသော​ကြောင့် သူ​စိုးရိမ်​မိ​သည်။ ထို့​ပြင် ထို​အဆိုတော်​၏​တိ​ပ်​ခွေ၊ ဓာတ်ပြား​အများစုမှာ ဒေါသူပုန်​ထ​ပြီး ရန်လို​သည့်​သံစဉ် များ​ကြောင်းကို​လည်း သူသိ​ထား​သည်။ ဤ​လူငယ်​သည် ယေဟောဝါ​ကို ချစ်​မြတ်နိုးသူ​တစ်ဦး​ဖြစ်​ရာ ဤကိစ္စနှင့်​ပတ်သက်​၍ ကိုယ်တော်​၏​တွေးခေါ်ပုံ၊ ကိုယ်တော်​၏​သဘောထားကို သူ​စိတ်ဝင်စား​၏။ ဤ​ကိစ္စ​တွင် ဘုရားသခင့်​အလိုတော်ကို သူ​မည်သို့​ပိုင်းခြား​၍ သိမြင်​နိုင်​မည်​နည်း။

ဂလာတိ​အသင်းတော်​ထံ​ရေး​သော​စာ​တွင် တမန်​တော်​ပေါလု​သည် ဇာတိ​အကျင့်​များနှင့် ဘုရားသခင့်​ဝိညာဉ်​အသီးများ​ကို စာရင်း​တင်ပြ​သည်။ ဘုရားသခင့်​ဝိညာဉ်​အသီးများ​တွင် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း​တို့ ပါဝင်​ကြောင်း သင်​သိ​ပြီး​သား​ဖြစ်​ပေမည်။ သို့သော် ဇာတိ​အကျင့်​များ​ကား အဘယ်​လုပ်ရပ်များ​ဖြစ်သနည်း။ ပေါလု​ဤသို့​ရေး​၏– “ဇာတိ​ပကတိ​အကျင့်​တို့သည် ထင်ရှား​ကြ​၏။ ထို​အကျင့်​တို့​မူ​ကား၊ သူ့​မယား​ကို​ပြစ်မှားခြင်း၊ မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာလွန်​ကျူး​ခြင်း၊ . . . ကိုကိုး​ကွယ်​ခြင်း၊ သူတစ်ပါးကို​ပြုစားခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်း​ကွဲပြားခြင်း၊ သင်း​ခွဲခြင်း၊ သူ့​အကျိုးကို​ငြူစူ​ခြင်း၊ လူ​အသက်ကို​သတ်​ခြင်း၊ ယဇ်မျိုး​ကို​သောက်ကြူး​ခြင်း၊ ပွဲ​လုပ်ခြင်း​မှ​စ၍ ထိုသို့​သော​အကျင့် [“အမျိုး​တူ​အကျင့်​များ၊” သ​မ] ပေ​တည်း။ ထိုသို့​သော​အကျင့်ကို​ကျင့်​သော​သူတို့သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေမခံ​ရ​ကြ​ဟု အထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အတိုင်း ယခု​ပင်​လည်း ငါ​ပြော​နှင့်​၏။”—ဂလာတိ ၅:၁၉-၂၃

ထို​စာရင်း​၏​နောက်ဆုံး​ဖော်ပြချက်​ဖြစ်သော ‘အမျိုး​တူ​အကျင့်​များ’ ကို​သတိပြုပါ။ ပေါလု​သည် ဇာတိ​အကျင့်​ဟု သတ်မှတ်​ခံရ​မည့်​အရာအားလုံးကို အပြည့်အစုံ စာရင်း​မပြု​စု​ခဲ့​ချေ။ ယင်းကြောင့် လူတစ်ဦး​သည် ‘ဇာတိ​အကျင့်​နဲ့​ပတ်သက်ပြီး ပေါလု​ရဲ့​စာရင်း​ထဲမှာ​မပါတဲ့ လုပ်ရပ်​တစ်ခု​ကို​ပြုလုပ်​ဖို့ ကျမ်းစာ​က​ခွင့်ပြု​တယ်’ ဟု အကြောင်း​မပြ​နိုင်​ပါ။ ယင်းအစား စာရှုသူ​များသည် အဆိုပါ​စာရင်း​တွင်​မပါ​သော်လည်း ‘အမျိုး​တူ​အကျင့်​များ’ ကို ခွဲခြား​သိမြင်​ရန် မိမိတို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို အသုံးပြု​ဖို့​လို​သည်။ စာရင်း​တွင်​ဖော်ပြ​မထား​သော်လည်း ‘အမျိုး​တူ​အကျင့်​များ’ ကို နောင်တ​မယူ​ဘဲ ပြုကျင့်​သူများ​သည် ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​ကို အမွေခံ​ရမည်​မဟုတ်ပါ။

ထို့​ကြောင့် ယေဟောဝါ​မနှစ်သက်​သော​အရာ​သည် အဘယ်အရာ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ ပိုင်းခြား​သိမြင်၊ သို့​မဟုတ် ထိုးထွင်း​သိမြင်ဖို့​လို​သည်။ ထိုသို့​ပြု​ရန် ခက်ခဲ​သလော။ ဆရာဝန်​က အသီးအနှံ​နှင့် ဟင်းသီးဟင်းရွက်​များများ​စား​ပါ၊ အစာ​သွတ်​မုန့်၊ ရေခဲမုန့်​နှင့် ထို​ကဲ့သို့​သော​အစာ​မျိုးကို​ရှောင်ပါ​ဟု သင့်ကို​အကြံပြု​သည်​ဆိုပါစို့။ ကိတ်မုန့်​သည် အဘယ်​စာရင်း​တွင်​ပါ​ကြောင်း သိမြင်ဖို့​ခက်​မည်​လော။ ယခု ဘုရားသခင့်​ဝိညာဉ်​အသီး​နှင့် ဇာတိ​အကျင့်​များ​ကို ပြန်​ကြည့်​ပါ။ အထက်တွင်​ဖော်ပြ​ထားသော သီချင်း​အယ်လဘမ်​သည် အဘယ်​စာရင်း​တွင်​ပါ​မည်​နည်း။ ယင်းသည် ချစ်ခြင်း၊ ကောင်းမြတ်​ခြင်း၊ ချုပ်တည်း​ခြင်း သို့​မဟုတ် ဘုရားသခင့်​ဝိညာဉ်​အသီး​နှင့်​ဆိုင်သော အခြား​အရည်အသွေးများနှင့် ဆင်တူချက် လုံးဝ​မရှိပေ။ ဤသို့​သော​တေးသီချင်း​သည် ဘုရားသခင့်​စဉ်းစား​တွေးခေါ်ပုံ​နှင့် မညီညွတ်​ကြောင်း ပိုင်းခြား​သိမြင်ဖို့ တိုက်ရိုက်​ပညတ်​လို​မည်​မဟုတ်။ အဆိုပါ​မူများ​သည် စာပေ​များ၊ ရုပ်ရှင်​များ၊ ရုပ်မြင်သံကြား​အစီအစဉ်များ၊ ကွန်ပျူတာ​ဂိမ်း​များ၊ ဝက်ဘ်ဆိုက်​များ အစ​ရှိသည်​တို့​နှင့်​လည်း သက်ဆိုင်​ပေမည်။

လက်ခံဖွယ်​ဖြစ်သော ကိုယ်​အသွင်အပြင်

သမ္မာကျမ်းစာ​သည် ဝတ်စား​ဖြီးလိမ်းပုံ​နှင့်​သက်ဆိုင်​သော မူများ​ကိုလည်း ပေး​ထား​ပါ​သည်။ ဤ​မူများ​က ခရစ်ယာန်​ယောက်စီ​ယောက်​တိုင်း​ကို သင့်တော်​လျောက်ပတ်​၍ နှစ်လိုဖွယ်​ကောင်းသော ကိုယ်​အသွင်အပြင်​ရှိနေ​စေဖို့ ထိန်း​ကြောင်း​ပေး​သည်။ သို့​တိုင် ဤ​ကိစ္စ​တွင်​လည်း ယေဟောဝါ​ကို​ချစ်​မြတ်နိုးသူ​တစ်ဦး​သည် မိမိ​စိတ်ကြိုက်​ရွေးချယ်​ပြုလုပ်​မည့်​အစား ကောင်းကင်​ခမည်းတော်​ကို ရွှင်ပြုံး​စေနိုင်​မည့် အခွင့်အလမ်း​ဟု ယူမှတ်ပါ​လိမ့်​မည်။ ကျွန်ုပ်​တို့​သိ​ပြီး​ဖြစ်သည့်​အတိုင်း၊ ကိစ္စရပ်​တစ်ခု​တွင် သတ်သတ်မှတ်မှတ်​ပညတ်ချက်​များ ပေး​မထား​ခြင်း​က ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်​လုပ်ဆောင်​ရာ​ကို ဂရုမစိုက်​ဟု မဆိုလို​ပါ။ ဝတ်စားဆင်ယင်ပုံ​သည် တစ်​နေရာ​နှင့် တစ်​နေရာ​မတူ​ချေ၊ တစ်​နေရာ​တည်း​၌​ပင် အခါ​အား​လျော်​စွာ ပြောင်းလဲ​တတ်​သည်။ သို့သော် ဘုရားသခင်​သည် မည်သည့်​အချိန်၊ မည်သည့်​နေရာ၌​မဆို မိမိ၏​လူမျိုးတော်ကို ထိန်း​ကြောင်း​ပေး​မည့် အခြေခံ​မူများ​ကို ပေးသနား​ထား​ပါ​သည်။

ဥပမာ၊ ၁ တိမောသေ ၂:၉၊ ၁၀ က​ဤသို့​ဆို​၏– “ထို​နည်းတူ မိန်းမ​တို့သည် ကျစ်​သော​ဆံပင်၊ ရွှေ​တန်ဆာ၊ ကျောက်​ပုလဲ အဖိုးထိုက်​သော​အဝတ်​နှင့် ကိုယ်ကို​မဆင်​ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေ​စောင့်​ခြင်း​အားဖြင့်၊ လျောက်ပတ်​သော​အဝတ်​နှင့်​လည်းကောင်း၊ ဘုရားသခင်​အား​ရိုသေ​လေးမြတ်ခြင်းကို ဝန်ခံ​ပြုစု​သော​မိန်းမ ဆင်​သင့်​သည်​အတိုင်း ကောင်းသော​အကျင့်​နှင့်​လည်းကောင်း ကိုယ်ကို​တန်ဆာဆင်​စေခြင်း​ငှာ ငါ​အလိုရှိ၏။” သို့​ဖြစ်၍ မိမိတို့​ဒေသ​ရှိ​လူများ​က “ဘုရားသခင်​အား​ရိုသေ​လေးမြတ်” သူများ​သည် အဘယ်​အသွင်အပြင်​မျိုး​ရှိ​သင့်​သည်​ဟု ယူဆ​ထား​ကြောင်းကို ခရစ်ယာန်​အမျိုးသမီးများနှင့် အမျိုးသားများ​ပါ အသေအချာ​စဉ်းစား​သင့်​သည်။ ခရစ်ယာန်​တစ်ဦး၏​အသွင်အပြင်​က သူ​သယ်ဆောင်​သွားသော ကျမ်းစာ​သတင်းတရား​အပေါ် အခြားသူများ မည်သို့​ယူမှတ်​မည်​ကို ထည့်တွက်​စဉ်းစား​ဖို့ အထူး​သင့်လျော်​ပေ​၏။ (၂ ကောရိန္သု ၆:၃) ပုံသက်သေ​ကောင်းသော ခရစ်ယာန်​တစ်ဦး​သည် မိမိ​အကြိုက်၊ မိမိ​ရ​သင့်​သည်​ဟု​ထင်​သော အခွင့်အရေး​များ​ကို အရေးပေး​လွန်း​သူ​ဖြစ်​မည့်​အစား အာရုံ​အနှောင့်အယှက်​ဖြစ်စေ​သူ သို့​မဟုတ် အခြားသူများ​အား ထိမိ​၍​လဲစရာ​ဖြစ်စေ​သူ ဖြစ်​မလာ​ဖို့ အလေးထား​လိမ့်​မည်။—မဿဲ ၁၈:၆; ဖိလိပ္ပိ ၁:၁၀၊ ၁၁

ကိုယ်​အသွင်အပြင်​ပုံစံ​တစ်မျိုး​သည် အခြား​သူများကို စိတ်​အနှောင့်အယှက်​ဖြစ်စေ​သည်၊ ထိမိ​၍​လဲစရာ​ဖြစ်စေ​သည်​ဟု ခရစ်ယာန်​တစ်ဦး​သိလာ​လျှင် မိမိ​ကြိုက်​နှစ်သက်ရာ​ထက် သူတစ်ပါး​၏​ဝိညာဉ်​ရေး​ကောင်းကျိုး​ကို အလေးထား​ခြင်း​ဖြင့် တမန်​တော်​ပေါလု​ကို တုပ​နိုင်​ပါ​သည်။ ပေါလု​က “ငါသည် ခရစ်တော်​၏​နည်းတူ​ကျင့်​သကဲ့သို့ သင်တို့လည်း ငါ့​နည်းတူ​ကျင့်​ကြလော့” ဟု​ဆို​ခဲ့​သည်။ (၁ ကောရိန္သု ၁၁:၁) ထို့​ပြင် ယေရှု​နှင့်​ပတ်သက်​၍ ပေါလု​က “ခရစ်တော်​သည် ကိုယ်​အလို​သို့​မလိုက်” ဟု​ရေးသားခဲ့​သည်။ ခရစ်ယာန်​အားလုံး​ကို ပေါလု​ပေး​ခဲ့​သော ဤ​ညွှန်ကြားချက်​သည် ရှင်းရှင်း​လေး​ဖြစ်၏– “သို့​ဖြစ်၍၊ အားရှိ​သော​ငါ​တို့သည် ကိုယ်​အလို​သို့​မလိုက်၊ အားနည်း​သော​သူတို့၏​အားနည်းခြင်း​ကို သည်းခံ​ရ​ကြ​မည်။ ထိုသို့ ငါ​တို့​ရှိသမျှသည် ကိုယ်​နှင့်​စပ်ဆိုင်​သော​သူ၏​အကျိုးကို​ထောက်၍၊ သူ့ကို​တည်ဆောက်​စေခြင်း​ငှာ သူ၏​အလို​သို့​လိုက်​ကြ​ကုန်​အံ့။”—ရောမ ၁၅:၁-၃

ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို ထက်မြက်​စေခြင်း

ကိစ္စရပ်​တစ်ခု​တွင် သတ်သတ်မှတ်မှတ်​ညွှန်ကြားချက် ပေး​မထားသည့်​အခါ​၌​ပင် ယေဟောဝါ​၏​နှစ်သက်မှု​ရရှိ​နိုင်​ပုံ​ကို​သိနိုင်ဖို့ ကျွန်ုပ်​တို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​များ​ကို မည်သို့​ဖွံ့ဖြိုး​ရင့်သန်​စေနိုင်​မည်​နည်း။ သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှု​မည်၊ မှန်မှန်​လေ့လာ​ပြီး ဖတ်ရှု​ခဲ့​ရာ​ကို ဆင်ခြင်​သုံးသပ်​မည်​ဆိုလျှင် ပိုင်းခြား​သိမြင်နိုင်စွမ်း ကြီးထွား​ဖွံ့ဖြိုး​လာ​ပေ​လိမ့်​မည်။ ထိုသို့​သော​ကြီးထွားမှု​သည် ရုတ်တရက်​ဖြစ်ပေါ်​မလာ​ပါ။ ကလေးငယ်​တစ်ဦး၏ ကာယ​ကြီးထွားမှု​မှာ​ကဲ့သို့ ဝိညာဉ်​ရေး​ကြီးထွားမှု​သည် အဆင့်ဆင့်​ဖြစ်​ပြီး ချက်ချင်း​မသိသာ​ချေ။ ထို့​ကြောင့် စိတ်ရှည်​ဖို့​လို​သည်၊ တိုးတက်မှု​ကို ချက်ချင်း​လက်ငင်း မသိ​မြင်ရ​လျှင် ကျွန်ုပ်​တို့ စိတ်ပျက်​မသွား​သင့်​ပါ။ တစ်ဖက်​တွင်​မူ အချိန်​များစွာ​ကုန်လွန်​သွား​ရုံ​ဖြင့် ကျွန်ုပ်​တို့၏ ပိုင်းခြား​သိမြင်နိုင်စွမ်း အလိုအလျောက် ထက်မြက်​လာ​မည်​မဟုတ်။ အထက်တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ကုန်လွန်​သွားခဲ့​သော​အချိန်တွင် သမ္မာကျမ်းစာ​ကို မှန်မှန်​ဆင်ခြင်​သုံးသပ်​နေရ​မည်၊ ထို့​ပြင် သမ္မာကျမ်းစာ​နှင့်​အညီ အတတ်နိုင်ဆုံး အသက်ရှင်နေ​ရမည်။—ဟေဗြဲ ၅:၁၄

ဘုရားသခင်​၏​ပညတ်ချက်​များ​က ကျွန်ုပ်​တို့၏​နာခံမှု​ကို စမ်းသပ်​စဉ် ကိုယ်တော်​၏​မူများ​က ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​နှင့် ကိုယ်တော့်​စိတ်တော်နှင့်​တွေ့​လို​သော​ဆန္ဒ​၏ အတိမ်အနက်​ကို စမ်းသပ်​သည်​ဟု ဆိုနိုင်​ပါ​သည်။ ဝိညာဉ်​ရေး​ဘက်​ကြီးထွား​လာ​သည်​နှင့်​အမျှ ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် ကိုယ်တော့်​သားတော်​အား တုပခြင်း​ကို တိုး၍​အလေးပေး​လာ​ပါ​လိမ့်​မည်။ သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့်​အတိုင်း ကိစ္စရပ်​များ​အပေါ် ဘုရားသခင့်​စဉ်းစား​တွေးခေါ်ပုံ​နှင့်​အညီ ဆုံးဖြတ်ချက်​များ​ချ​လို​စိတ် ပြင်းပြ​လာ​ပါ​လိမ့်​မည်။ ကျွန်ုပ်​တို့​ပြုလေရာရာ​၌ ကောင်းကင်​ခမည်းတော်​ကို ရွှင်ပြုံး​စေ​သည်​နှင့်​အမျှ ကျွန်ုပ်​တို့​ကိုယ်တိုင်​လည်း တိုး၍​ပျော်ရွှင်​လာ​ကြောင်း တွေ့ရ​ပါ​လိမ့်​မည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဝတ်စားဆင်ယင်ပုံ​များသည် တစ်​နေရာ​နှင့် တစ်​နေရာ​မတူ​ချေ၊ သို့သော် ကျွန်ုပ်​တို့၏​ရွေးချယ်မှု​များ​ကို ကျမ်းစာမူ​များ​ဖြင့် ထိန်း​ကြောင်း​သင့်