မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တည်ကြည်ပြီး သတိပညာရှိသော “ကျွန်”

တည်ကြည်ပြီး သတိပညာရှိသော “ကျွန်”

တည်ကြည်​ပြီး သတိပညာ​ရှိသော “ကျွန်”

“အရှင်​သည် မိမိ​အိမ်သူအိမ်သား​အပေါင်း​တို့အား အချိန်တန်လျှင် အစားအသောက်​တို့ကို​ဝေဖန်​စေခြင်း​ငှာ အ​အုပ်​အချုပ်​ခန့်​ထား​၍ [တည်ကြည်မှု] နှင့်​လည်းကောင်း၊ သတိပညာ​နှင့်​လည်းကောင်း ပြည့်စုံသော​ကျွန်​ကား​အဘယ်သူ​နည်း။”—မဿဲ ၂၄:၄၅

၁၊ ၂။ ယနေ့​အချိန်တွင် ကျွန်ုပ်​တို့သည် ဝိညာဉ်​အစာ​ပုံမှန်​ရရှိရန် အဘယ်ကြောင့် အရေးကြီး​သနည်း။

စီ.အီး. ၃၃၊ နိသန်လ ၁၁ ရက်၊ အင်္ဂါ​နေ့ မွန်းလွဲပိုင်း​တွင် ယေရှု၏​တပည့်​များသည် ယနေ့​ကျွန်ုပ်​တို့​အချိန်ကာလ​အတွက် အလွန်​လေးနက်​သော​အဓိပ္ပာယ်​ရှိသည့် မေးခွန်း​တစ်ခု မေးခဲ့သည်။ သူတို့​မေးခဲ့​သည့်​မေးခွန်း​မှာ ဤသို့​ဖြစ်သည်– ‘ကိုယ်တော်​သည်​ကြွ​လာ၍ ဤ​ကပ်ကမ္ဘာ​ကုန်​သော​နိမိတ်​သည် အဘယ်​နိမိတ်​ဖြစ်​မည်​ကို ... အမိန့်​ရှိ​တော်​မူ​ပါ။’ မေးခွန်း​ကို အဖြေပေး​ရာ​တွင် ယေရှု​က မှတ်သားဖွယ်​ကောင်းသော ပရောဖက်ပြုချက်​တစ်ခု​ကို မြွက်ကြား​တော်​မူ​ခဲ့​သည်။ စစ်​များ၊ အစာ​ခေါင်းပါး​မှုများ၊ မြေငလျင်​များနှင့် ရောဂါဘယ​များ​ကြောင့် မငြိမ်မသက်​ဖြစ်​မည့် အချိန်ကာလ​တစ်ခု​အကြောင်း ကိုယ်တော် မိန့်တော်မူ​ခဲ့​သည်။ ယင်း​တို့သည် “ဆင်းရဲခြင်း​၏ အစအဦး” မျှ​သာ​ဖြစ်​မည်။ အခြေအနေ ပို​၍​ဆိုး​လာ​မည်။ ထိတ်လန့်​ကြောက်ရွံ့​ဖွယ်​ပင်!—မဿဲ ၂၄:၃၊ ၇၊ ၈၊ ၁၅-၂၂; လုကာ ၂၁:၁၀၊ ၁၁

၁၉၁၄ ခုနှစ်​မှ​စ၍ ယေရှု၏​ပရောဖက်ပြုချက်​ပါ သွင်ပြင်​လက္ခဏာ​အများစု ပြည့်စုံ​လာ​ခဲ့​သည်။ “ဆင်းရဲခြင်း” သည် လူသားများ​အပေါ် အကြီးအကျယ်​ကျရောက်​လျက်​ရှိသည်။ သို့သော် စစ်မှန်သော​ခရစ်ယာန်​များသည် ကြောက်စရာ​မလိုပါ။ ယေရှု​က အာဟာရ​ပြည့်ဝသော ဝိညာဉ်​အစာ​ဖြင့် သူတို့ကို​ထောက်မ​မည်​ဟု ကတိပြု​ခဲ့​သည်။ ယခု ယေရှုသည် ကောင်းကင်​တွင်​ရှိနေ​သောကြောင့် မြေကြီးပေါ်​ရှိ ကျွန်ုပ်​တို့အတွက် ဝိညာဉ်​အစာ​ရရှိရန် ကိုယ်တော် မည်သို့​စီစဉ်​ပေး​ခဲ့​သနည်း။

၃။ ကျွန်ုပ်​တို့ ‘အချိန်တန်​အစာ’ ရရှိရန် အဘယ်​အစီအစဉ်များ​ကို ယေရှု​ပြု​လုပ်ပေး​ထား​သနည်း။

ယေရှု​ကိုယ်တော်တိုင်​က ထို​မေးခွန်း​၏​အဖြေကို ဖော်ပြ​ခဲ့​သည်။ အရေးကြီးသော​ပရောဖက်ပြုချက်​ကို ကိုယ်တော်​မိန့်တော်မူ​နေစဉ် ဤသို့​မေးခဲ့​၏– “အရှင်​သည် မိမိ​အိမ်သူအိမ်သား​အပေါင်း​တို့အား အချိန်တန်လျှင် အစားအသောက်​တို့ကို ဝေဖန်​စေခြင်း​ငှာ အ​အုပ်​အချုပ်​ခန့်​ထား​၍ [တည်ကြည်မှု] နှင့်​လည်းကောင်း၊ သတိပညာ​နှင့်​လည်းကောင်း ပြည့်စုံသော​ကျွန်​ကား​အဘယ်သူ​နည်း။” ထို့နောက် ကိုယ်တော် ဤသို့​မိန့်တော်မူ​ခဲ့​၏– “အ​ကြင်​ကျွန်​သည် ဤသို့​ပြုလျက်​နေသည်​ကို အရှင်​သည်​ပြန်​လာ၍​တွေ့​၏။ ထို​ကျွန်​သည် မင်္ဂလာ​ရှိ၏။ ငါ​အမှန်​ဆိုသည်ကား အရှင်​သည် ထို​ကျွန်​ကို မိမိ​ဥစ္စာ​ရှိသမျှ​အပေါ်​၌ အ​အုပ်​အချုပ်​ခန့်​ထား​လိမ့်​မည်။” (မဿဲ ၂၄:၄၅-၄၇သမ္မာ) မှန်ပါသည်၊ ဝိညာဉ်​အစာ​ပြင်ဆင်​ပေး​ရန် တာဝန်​ပေးခြင်း​ခံရ​သော “ကျွန်” တစ်ဦး​ရှိ​ရမည်​ဖြစ်​ပြီး ထို “ကျွန်” သည် တည်ကြည်​ရမည်​ဖြစ်​ကာ သတိပညာ​ရှိသူလည်း ဖြစ်​ရမည်။ ထို​ကျွန်​သည် တစ်ယောက်​ပြီး​တစ်ယောက် ဆက်ခံ​လာ​သည့် ပုဂ္ဂိုလ်​တစ်ဦး​တစ်ယောက်​လော၊ သို့​မဟုတ် အခြား​အရာ​တစ်ခုခု​လော။ တည်ကြည်သော​ကျွန်​သည် လွန်​စွာ​လိုအပ်သော​ဝိညာဉ်​အစာများ​ကို ထောက်ပံ့​ပေး​နေသော​ကြောင့် မိမိတို့​အကျိုးအတွက် ထို​ကျွန်​ကို​သိရှိ​ရန် ရှာဖွေ​ဖို့​ဖြစ်သည်။

တစ်ဦး​တစ်ယောက်​လော သို့​မဟုတ် အတန်းအစား​တစ်ခု​လော

၄။ ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ သည် လူတစ်ဦး​တစ်ယောက် မဖြစ်​နိုင်​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိရ​သနည်း။

‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ သည် လူတစ်ဦး​တစ်ယောက် မဖြစ်​နိုင်​ပါ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ယေရှု၏​စကား​အရ ထို​ကျွန်​သည် ပထမ​ရာစု​မှ​စ၍ ဝိညာဉ်​အစာ​ဝေမျှပေး​နေခဲ့​ပြီး စီ.အီး. ၁၉၁၄ တွင် သခင်​ရောက်ရှိချိန်​၌ ထိုသို့​ပင် ဆက်လုပ်​ဆောင်​နေ​လျက်​ရှိ​မည်​ဖြစ်၍​တည်း။ လူတစ်ဦး​တစ်ယောက်​ဖြစ်​မည်​ဆိုလျှင် ထို​သူသည် နှစ်ပေါင်း ၁,၉၀၀ နီးပါး​ခန့် တည်ကြည်​စွာ အမှုဆောင်ခဲ့​သူ​ဖြစ်​ရ​ပေမည်။ မ​သု​ရှ​လ​ပင် ထို​မျှ​အသက်​မရှည်​ခဲ့​ပါ!—ကမ္ဘာဦး ၅:၂၇

၅။ ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ ဟူ​သည့်​အသုံးအနှုန်း​သည် ခရစ်ယာန်​တစ်ဦးချင်း​စီ​နှင့် မသက်ဆိုင်​ကြောင်း ရှင်းပြပါ။

သို့​ဖြစ်​လျှင် ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ ဟူ​သည့်​အသုံးအနှုန်း​သည် ယေဘုယျ​အားဖြင့် ခရစ်ယာန်​တစ်ဦးစီ​နှင့် သက်ဆိုင်​နိုင်​သလော။ ခရစ်ယာန်​အားလုံး​သည် တည်ကြည်​ပြီး သတိ​ပညာရှိ​ရမည်​မှာ မှန်ပါသည်၊ သို့သော် ယေရှု​က ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ အကြောင်း​ပြောဆို​ရာ​တွင် ကိုယ်တော်၌ အခြား​အကြံတော်​တစ်ခုခု​ရှိကြောင်း ထင်ရှား​သည်။ ကျွန်ုပ်​တို့​မည်သို့​သိရ​သနည်း။ အကြောင်း​မှာ ကိုယ်တော်​က “အရှင်​သည် ပြန်လာ” ချိန်​တွင် ထို​ကျွန်​ကို “မိမိ​ဥစ္စာ​ရှိသမျှ​အပေါ်​၌” အ​အုပ်​အချုပ်​ခန့်​ထား​လိမ့်​မည်​ဟု မိန့်တော်မူ​ခဲ့​သောကြောင့်​ဖြစ်သည်။ ခရစ်ယာန်​တစ်ဦးချင်း​စီ​ကို အရာခပ်သိမ်း—သခင့်​ဥစ္စာ “ရှိသမျှ” အပေါ်​၌ မည်သို့​ခန့်​ထား​နိုင်​မည်​နည်း။ မ​ခန့်​ထား​နိုင်​ပါ!

၆။ ဣသရေလ​လူမျိုး​အား ဘုရားသခင်​၏ “ကျွန်” အဖြစ် ဆောင်ရွက်ရန် မည်သို့​ရည်ရွယ်​ခဲ့​သနည်း။

သို့​ဖြစ်၍ ဆင်ခြင်တုံ​တရား​နှင့်​ညီသော ကောက်ချက်​မှာ ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ အဖြစ် ခရစ်ယာန်​တစ်စု​ကို ယေရှု​ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ စုပေါင်း​ကျေးကျွန်​ဟူ၍ ရှိ​နိုင်​ပါသလော။ ရှိ​နိုင်​ပါ​သည်။ ခရစ်တော်​မပေါ်မီ နှစ်ပေါင်း​ခု​နစ်​ရာ​ခန့်​က ယေဟောဝါ​သည် ဣသရေလလူ​မျိုး​တစ်မျိုးလုံး​ကို “ငါ​၏​သက်သေ”၊ “ငါ​ရွေးကောက်​သော​ကျွန်” အဖြစ် သမုတ်​တော်​မူ​ခဲ့​သည်။ (ဟေရှာယ ၄၃:၁၀) မောရှေ​အား ပညတ်​ပေး​ချိန်​ဖြစ်သော ဘီ.စီ.အီး. ၁၅၁၃ မှ​စ၍ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့​အထိ ဣသရေလ​လူမျိုး​ယောက်​တိုင်း​သည် ထို​ကျွန်​အတန်းအစား​အဝင် ဖြစ်​ခဲ့​ကြသည်။ ဣသရေလ​လူမျိုး​အများစု​သည် လူမျိုးတော်​၏ ကိစ္စရပ်​များ စီမံခန့်ခွဲ​ပေး​မှု သို့​မဟုတ် ဝိညာဉ်​အစာ​ကျွေးမွေးခြင်း အစီအစဉ်​ဆောင်ရွက်မှု​များ​တွင် တိုက်ရိုက်​မပါဝင်​ခဲ့​ကြ​ပေ။ ထို​တာဝန်​များ​ကို​ဆောင်ရွက်ရန် ဘုရင်​များ၊ တရားသူကြီး​များ၊ ပရောဖက်​များ၊ ယဇ်ပုရောဟိတ်​များနှင့် လေဝိ​လူများ​ကို ယေဟောဝါ အသုံးပြု​တော်​မူ​ခဲ့​သည်။ သို့သော် ဣသရေလ​လူမျိုး​သည် လူမျိုးတစ်မျိုး​အနေ​နှင့် ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ကိုယ်စား​ပြု​ကာ အခြား​လူမျိုးများ​အလယ်တွင် ကိုယ်တော်​အား ချီးမွမ်း​ထောမနာပြု​ကြ​ရမည်။ ဣသရေလ​လူမျိုး တစ်ဦးစီ​သည် ယေဟောဝါ​၏ သက်သေ​တစ်ဦး​ဖြစ်​ကြ​ရမည်။—တရားဟောရာ ၂၆:၁၉; ဟေရှာယ ၄၃:၂၁; မာလခိ ၂:၇; ရောမ ၃:၁၊ ၂

“ကျွန်” အဖြစ်​မှ ရပ်စဲ​ခံရ

၇။ ရှေး​ဣသရေလ​လူမျိုး​သည် ဘုရားသခင့် “ကျွန်” အဖြစ် အဘယ်ကြောင့် အရည်အချင်း​မပြည့်မီ​သနည်း။

ဣသရေလ​လူမျိုး​သည် ရာစုနှစ်များစွာ​က ဘုရားသခင်​၏ “ကျွန်” ဖြစ်​ခဲ့​သောကြောင့် ယေရှု​မိန့်တော်မူ​ခဲ့​သော ကျွန်​လည်း​ဖြစ်ပါ​သလော။ မဖြစ်​ပါ၊ ရှေး​ဣသရေလ​လူမျိုး​သည် တည်ကြည်မှု​မရှိသည့်​အပြင် သတိပညာ​လည်း မရှိသည့်​အဖြစ်သို့ ဝမ်းနည်းဖွယ်​ရောက်ရှိ​ခဲ့​သည်။ လူမျိုးတော်​အား ယေဟောဝါ​မိန့်တော်မူ​ခဲ့​သည့်​စကား​ကို ပေါလု​ကိုးကား​ရာ​တွင် အခြေအနေ​ကို ဤသို့​အကျဉ်း​ချုံး​ဖော်ပြ​၏– “တစ်ပါး​အမျိုးသား​တို့သည် သင်တို့​အကျင့်ကို​ထောက်၍ ဘုရားသခင်​၏​နာမတော်​ကို ကဲ့ရဲ့​တတ်ကြ​၏။” (ရောမ ၂:၂၄) အမှန်ပင်၊ ဣသရေလ​လူမျိုး၏ နှစ်ပေါင်း​ကြာရှည်​စွာ​ပုန်ကန်မှု​သည် ယေရှုကို​ငြင်းပယ်​ခြင်း​အားဖြင့် အထွတ်အထိပ်​သို့ ရောက်​ရှိခဲ့​ပြီး ယင်းကြောင့် သူတို့ကို ယေဟောဝါ​ငြင်းပယ်​ခဲ့​သည်။—မဿဲ ၂၁:၄၂၊ ၄၃

၈။ ဣသရေလ​လူမျိုး​နေရာတွင် အစားထိုး​သည့် “ကျွန်” ကို အဘယ်​အချိန်တွင် ခန့်အပ်​ခဲ့​သနည်း၊ အဘယ်​အခြေအနေ​များ​အောက်တွင်​နည်း။

ဤ “ကျွန်” ဖြစ်သော ဣသရေလ​လူမျိုး၏ တည်ကြည်မှု​မရှိခြင်း​ကြောင့် တည်ကြည်သော ဝတ်ပြု​ကိုးကွယ်​သူများကို ဝိညာဉ်​အစာ​ထောက်ပံ့​ပေးခြင်း​မှ ထာဝစဉ်​ဖြတ်တောက်​လိုက်​သည်​ဟု မဆိုလို​ပါ။ ယေရှု​သေဆုံး​ပြီး ရက်​ငါးဆယ်​ပြည့်​သည့်​နေ့၊ စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ယေရုရှလင်​မြို့ အထက်​ခန်းမ​တစ်ခု​တွင်​ရှိ ကိုယ်တော်​၏​တပည့် ၁၂၀ အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်းခဲ့​သည်။ ထို​အချိန်တွင် လူမျိုးသစ်​တစ်မျိုး မွေးဖွား​လာ​သည်။ သင့်လျော်​စွာ​ပင်၊ လူမျိုးသစ်​အဝင်​များသည် “ဘုရားသခင်​၏ အံ့ဖွယ်သော​အမှုတို့​ကို” ယေရုရှလင်​မြို့သား​များ​အား ရဲရင့်စွာ​စတင်​ပြောကြားခြင်း​ဖြင့် လူမျိုးသစ်​မွေးဖွား​ကြောင်း လူသိရှင်ကြား​ဖြစ်သွား​လေ​သည်။ (တမန်​တော် ၂:၁၁) သို့ဖြင့် လူမျိုးသစ်​ဖြစ်သော ဝိညာဉ်​ရေး​ဆိုင်ရာ​လူမျိုး​သည် ယေဟောဝါ​၏​ဘုန်းတော်​ကို အခြား​လူမျိုးများ​အား​ကြေညာ​ပြီး အချိန်တန်​အစာ​ထောက်ပံ့​ပေး​သော “ကျွန်” ဖြစ်လာ​သည်။ (၁ ပေတရု ၂:၉) သင့်လျော်​စွာ​ပင် ယင်း​လူမျိုး​သည် “ဘုရားသခင်​၏ ဣသရေလ​အမျိုး” ဟု ခေါ်တွင်​လာ​သည်။—ဂလာတိ ၆:၁၆

၉။ (က) ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ ကို မည်သူ​တို့​ဖြင့် ဖွဲ့စည်းထား​သနည်း။ (ခ) “အိမ်သူအိမ်သား” တို့​ကား မည်သူ​တို့​နည်း။

“ဘုရားသခင်​၏ ဣသရေလ​အမျိုး” ဝင် ယောက်​တိုင်း​သည် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်းခြင်း​ခံရ​သော ကောင်းကင်​မျှော်လင့်ချက်​ရှိသည့် ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​ပြီး​သော ခရစ်ယာန်​များ​ဖြစ်​ကြသည်။ ထို့​ကြောင့် ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်​မှ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့​အထိ မည်သည့်​တစ်ချိန်ချိန်​တွင်​မဆို အသက်ရှင်ခဲ့​သော ဣသရေလလူ​မျိုး​အဝင်​ယောက်​တိုင်း​သည် ခရစ်ယာန်​ခေတ်​မတိုင်မီ​က ကျွန်​အတန်းအစား​တွင် ပါဝင်​ခဲ့​သကဲ့သို့ ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ ဟူ​သည့်​အသုံးအနှုန်း​သည် အုပ်စု​လိုက်​အနေ​နှင့် စီ.အီး. ၃၃ ခုနှစ်​မှ ယခု​အချိန်အထိ မည်သည့်​တစ်ချိန်ချိန်​တွင်​မဆို မြေကြီးပေါ်​တွင်​အသက်ရှင်ခဲ့​သည့် ဝိညာဉ်​တော်​ဖွား ဝိညာဉ်​ရေး​လူမျိုးအဝင် ယောက်​တိုင်း​ကို ရည်ညွှန်း​သည်။ သို့သော် ထို​ကျွန်​ထံ​မှ အာဟာရ​ရှိသော ဝိညာဉ်​အစာကို လက်ခံ​ယူ​ကြ​သည့် “အိမ်သူအိမ်သား” များ​ကား မည်သူ​များ​နည်း။ စီ.အီး. ပထမ​ရာစု​ရှိ ခရစ်ယာန်​တိုင်း​သည် ကောင်းကင်​မျှော်လင့်ချက် ရှိ​သူများ​ဖြစ်သည်။ သို့​ဖြစ်၍ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည်​လည်း အိမ်သူအိမ်သား​များ​ဖြစ်​ခဲ့​ကြ​ကာ အုပ်စု​လိုက်​အနေ​နှင့်​မဟုတ်ဘဲ တစ်ဦးချင်း​စီ​အနေ​နှင့်​ဖြစ်​ခဲ့​သည်။ အသင်းတော်တွင် တာဝန်​ရှိ​အခွင့်အရေး​များ ရရှိ​ထား​သူများ​အပါအဝင် အားလုံး​သည် ကျွန်​ထံ​မှ ဝိညာဉ်​အစာ လိုအပ်​ခဲ့​သည်။—၁ ကောရိန္သု ၁၂:၁၂၊ ၁၉-၂၇; ဟေဗြဲ ၅:၁၁-၁၃; ၂ ပေတရု ၃:၁၅၊ ၁၆

“အသီးသီး​ဆိုင်ရာ​အလုပ်”

၁၀၊ ၁၁။ ကျွန်​အတန်းအစား​ဝင် အားလုံး​သည် အလုပ်​တာဝန်​တစ်မျိုးတည်း​ကို​သာ မရရှိ​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိရ​သနည်း။

၁၀ “ဘုရားသခင်​၏ ဣသရေလ​အမျိုး” သည် အလုပ်​တာဝန်​တစ်ခု​ရရှိ​ထား​သည့် တည်ကြည်​ပြီး သတိပညာ​ရှိသော ကျွန်​အတန်းအစား​ဖြစ်​ပြီး တစ်ချိန်တည်း​တွင် တစ်ဦးစီ၌​လည်း ကိုယ်ပိုင်​တာဝန်​များ​ရှိ​ထား​သည်။ မာကု ၁၃:၃၄၊ [သမ္မာ] တွင်​မှတ်တမ်း​တင်ထားသော ယေရှု၏​စကား​များ​က ယင်းကို ရှင်းလင်း​နားလည်စေ​သည်။ ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​၏– “ဥပမာ​ကား၊ လူတစ်ဦး​သည် အခြားသော​ပြည်​သို့​သွား​မည်​အကြံ​ရှိသည်​နှင့် အိမ်​မှ​ထွက်သွား​၍ မိမိ​ကျွန်​တို့အား အခွင့်အာဏာကို​လည်းကောင်း၊ အသီးအသီး​ဆိုင်ရာ​အလုပ်ကို​လည်းကောင်း အပ်​ထားပြီး​လျှင် တံခါး​စောင့်​အား စောင့်နေ​လော့​ဟု မှာ​ထားခဲ့​လေ​၏။” ထို့​ကြောင့် ကျွန်​အတန်းအစား အဖွဲ့ဝင်​တစ်ဦးစီ​သည် တာဝန်​တစ်ခုစီ ရရှိ​ထား​ကြသည်—ခရစ်တော်​၏ မြေကြီးဆိုင်ရာ​ဥစ္စာ​တို့ကို တိုးပွား​စေ​ရေး​တာဝန်ဖြစ်​သည်။ မိမိ၏​အစွမ်း​သတ္တိ​နှင့်​အညီ ယင်း​တာဝန်​ကို ဆောင်ရွက်​ရသည်။—မဿဲ ၂၅:၁၄၊ ၁၅

၁၁ ထို့​ပြင် တမန်​တော်​ပေတရု​က မိမိ​ခေတ်​ရှိ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို ဤသို့​ပြော​ခဲ့​၏– “သင်တို့သည် ဆုကျေးဇူး​တော်​ကို​အသီးသီး​ခံရ​ကြသည်​နှင့်​အညီ​ဘုရားသခင်​၏ အထူးထူး​အပြားပြား​သော ကျေးဇူးတော်​ဘဏ္ဍာစိုး​ကောင်း​ကဲ့သို့ အချင်းချင်း​ဝေငှ​ပေးကမ်း​ကြလော့။” (၁ ပေတရု ၄:၁၀) ထို့​ကြောင့်၊ ထို​ဝိညာဉ်​တော်​ဖွား​များသည် မိမိတို့​အား ဘုရားသခင်​ပေးအပ်​ထားသော ဆုကျေးဇူး​များ​ကို အချင်းချင်း​တို့အား ဝေငှ​ပေးကမ်း​ရန် တာဝန်​ရှိကြသည်။ ထို့​ပြင် ပေတရု​၏​စကား​များ​က ခရစ်ယာန်​အားလုံး​သည် စွမ်းရည်၊ တာဝန် သို့​မဟုတ် အထူး​အခွင့်အရေး တစ်မျိုးတည်း​ရှိကြ​မည်​မဟုတ်​ကြောင်း ဖော်ပြ​သည်။ သို့သော် ကျွန်​အတန်းအစား​ဝင် တစ်ဦးစီ​သည် ဝိညာဉ်​ရေး​လူမျိုး၏ ကြီးပွား​တိုးတက်မှု​အတွက် တစ်နည်း​နည်းဖြင့် အကူအညီ​ပေး​နိုင်​ကြသည်။ မည်သို့​အားဖြင့်​နည်း။

၁၂။ ကျွန်​အတန်းအစား​ဝင် အမျိုးသား၊ အမျိုးသမီး​တိုင်း​သည် ကျွန်​အတန်းအစား​၏ ကြီးပွား​တိုးတက်မှု​အတွက် မည်သို့​ထောက်ကူ​ပေး​ခဲ့​ကြ​သနည်း။

၁၂ ဦးဆုံး ယောက်​တိုင်း​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြော​ကာ ယေဟောဝါသက်သေ တစ်ဦး​ဖြစ်နေ​ဖို့ လို​သည်။ (ဟေရှာယ ၄၃:၁၀-၁၂; မဿဲ ၂၄:၁၄) ယေရှု ကောင်းကင်​သို့​မတက်ကြွမီ​အချိန်တွင် မိမိ၏​တည်ကြည်သော တပည့်​အားလုံး၊ အမျိုးသား​ရော အမျိုးသမီးများ​ပါ သွန်သင်​သူများ​ဖြစ်​ကြ​ရန် ကိုယ်တော် မိန့်မှာ​ခဲ့​သည်။ ကိုယ်တော် ဤသို့​မိန့်တော်မူ​ခဲ့​၏– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ ဗတ္တိဇံ​ကို​ပေး​ကြလော့။ ငါသည် သင်တို့​အားပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ [သွန်သင်] ပေး​ကြလော့။ ငါသည်​လည်း ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်။”—မဿဲ ၂၈:၁၉၊ ၂၀

၁၃။ ဝိညာဉ်​တော်​ဖွား​အားလုံး​တွင် အဘယ်​အခွင့်ထူး ရရှိခဲ့​သနည်း။

၁၃ တပည့်​သစ်​များ​ကို တွေ့ရှိ​ကြသောအခါ တပည့်​များ​အား ခရစ်တော်​မိန့်မှာ​ခဲ့​သမျှ​ကို စောင့်ရှောက်​စေရန် ထို​သူတို့ကို အသေအချာ သွန်သင်​ပေး​ခဲ့​ကြသည်။ အချိန်တန်သော် တုံ့ပြန်​ကြ​သူများ​သည် အခြားသူများ​အား သွန်သင်​ရန် အရည်အချင်း​ရှိလာ​ခဲ့​ကြ​ပေမည်။ (၂ တိမောသေ ၂:၂; ဟေဗြဲ ၅:၁၂) ကျေးကျွန်​အတန်းအစား​ဝင်​ဖြစ်​ရန် အလားအလာ​ရှိ​သူများ​အား ဝိညာဉ်​အစာ ကျွေးမွေးခြင်း​ဖြစ်သည့် ယင်း​လုပ်ငန်း​ကို ခရစ်ယာန်​အမျိုးသား၊ အမျိုးသမီး​အားလုံး​တို့​က ဆောင်ရွက်​ခဲ့​ကြသည်။ (တမန်​တော် ၁၈:၂၄-၂၆) ယင်း​လုပ်ငန်း​ကို ကျွန်​အတန်းအစား ဦးဆုံး​လုပ်ဆောင်​ချိန်​မှ​စ၍ ဤ​အစီအစဉ်​စနစ် အဆုံးပိုင်း​အထိ ဆက်​လုပ်ဆောင်​သွား​ရန်ဖြစ်​ခဲ့​သည်။

၁၄။ အသင်းတော်တွင် သွန်သင်ခြင်း​တာဝန်​ကို မည်သူ​တို့​သာ ရရှိ​ထား​သနည်း၊ ယင်းကို တည်ကြည်သော ဝိညာဉ်​တော်​ဖွား​အမျိုးသမီးများ မည်သို့​ယူမှတ်ခဲ့​ကြ​သနည်း။

၁၄ နှစ်ခြင်း​ခံ​ခါ​စ​လူသစ်များ​နှင့် ဝိညာဉ်​တော်​ဖွား​များသည် ကျွန်​အတန်းအစား​ဝင်​ဖြစ်လာ​ခဲ့​ကြ​ပြီး သူတို့ကို ဦးဆုံး မည်သူက​ပင် သင်ပေးခဲ့​ပါစေ အသက်ကြီးသူ​များ​အဖြစ် အမှုဆောင်​ကြ​သည့် ကျမ်း​ဆိုင်ရာ​အရည်အချင်းများ​ရှိသော အသင်းသားများ​ထံ​မှ ညွှန်ကြားချက်​များ​ကို သူတို့​ဆက်၍​ခံယူ​ခဲ့​ကြ​ရသည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၆-၉) သို့ဖြင့် ထို​ခန့်အပ်​ခံ​အမျိုးသားများသည် လူမျိုးတော် ကြီးပွား​တိုးတက်စေ​ရန် အထူး​နည်းလမ်း​တစ်ခု​ဖြင့် ထောက်ကူ​ပေး​ရသည့် အခွင့်ထူး​ရရှိခဲ့​ကြသည်။ အသင်းတော်တွင် သွန်သင်ခြင်း​တာဝန်​များ​ကို ခရစ်ယာန်​အမျိုးသားများ​သာ​ရခြင်း​ကြောင့် တည်ကြည်သော​ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​အမျိုးသမီးများ​သည် စိတ်​မ​ကွက်​ခဲ့​ကြ​ပါ။ (၁ ကောရိန္သု ၁၄:၃၄၊ ၃၅) ယင်း​သို့​ဖြစ်​မည့်​အစား သူတို့သည် အသင်းတော်​ရှိ အမျိုးသား​တို့၏ ကြိုးစား​ဆောင်ရွက်မှု​ကြောင့် ရရှိ​သည့်​အကျိုးကျေးဇူးများ​အတွက် ဝမ်းသာ​ခဲ့​ကြ​သည့်​အပြင် အခြားသူများ​အား ဝမ်းမြောက်​ဖွယ်​သတင်း​စကား ဟောပြောခြင်း​အပါအဝင် မိမိတို့​ရရှိသော အခွင့်ထူး​များ​အတွက် ကျေးဇူး​တင်​လေးမြတ်​ခဲ့​ကြသည်။ ယနေ့​အချိန်တွင် ခန့်အပ်​ခံ​အကြီးအကဲ​များသည် ဝိညာဉ်​တော်​ဖွား​ဟုတ်​သည်​ဖြစ်စေ၊ မဟုတ်​သည်​ဖြစ်စေ ထက်သန်​သော​ဝိညာဉ်​တော်​ဖွား​ညီအစ်မ​များသည် ထို​ကဲ့သို့​သော နှိမ့်ချ​သည့်​အရည်အသွေးကို တင်ပြ​ကြသည်။

၁၅။ ပထမ​ရာစု​တွင် ဝိညာဉ်​အစာ​ရရှိရန် အဓိက​ရင်းမြစ်​တစ်ခု​မှာ အဘယ်နည်း၊ ယင်းကို ဝေမျှ​ရာ​တွင် မည်သူ​တို့​က ဦးဆောင်​ခဲ့​သနည်း။

၁၅ ပထမ​ရာစု​၌ အခြေခံ​ဝိညာဉ်​အစာကို တမန်​တော်​များနှင့် ဦးဆောင်​ရန်​တာဝန်ရ​ရှိကြ​သော အခြား​တပည့်​များ ရေးသား​သည့်​စာ​များ​မှ တိုက်ရိုက်​ဖြန့်ဝေ ရရှိခဲ့သည်။ ထို​စာ​များ—အထူးသဖြင့် ခရစ်ယာန်​ဂရိ​ကျမ်း​ပိုင်း​အဖြစ် စုစည်း​ခဲ့​သည့် မှုတ်သွင်းခံကျမ်း​စာ ၂၇ စောင်—ကို အသင်းတော်များ​အကြား​တွင် လက်ဆင့်ကမ်း​ဖြန့်​ဝေပေး​ခဲ့​ရာ ဒေသခံ​အကြီးအကဲ​များ​က သွန်သင်ခြင်း​အတွက် အခြေခံ​အဖြစ် အသုံးပြု​ခဲ့​ကြ​မည်​မှာ သေချာ​သည်။ ယင်း​သို့​အားဖြင့် ကျွန်​အတန်းအစား ကိုယ်စားလှယ်​များသည် စိတ်နှလုံး​ရိုး​ဖြောင့်​သူ ခရစ်ယာန်​များ​အား အလျှံပယ်​ဝိညာဉ်​အစာကို တ​စိုက်​မတ်​မတ် ဖြန့်​ဝေပေး​ခဲ့​သည်။ ပထမ​ရာစု​ကျွန်​အတန်းအစား​သည် ရရှိ​ထားသော​တာဝန်​ကို တည်ကြည်​စွာ​ဆောင်ရွက်​ခဲ့​ကြောင်း သက်သေထူ​ခဲ့​ကြသည်။

၁၉ ရာစု​ကြာပြီးနောက်​ပိုင်း “ကျွန်”

၁၆၊ ၁၇။ ယနေ့​အချိန်တွင် ကျွန်​အတန်းအစား​သည် မိမိ၏​တာဝန်​ကို တည်ကြည်​စွာ ဆောင်ရွက်လျက်​ရှိကြောင်း မည်သို့​သက်သေထူ​ခဲ့ပြီ​နည်း။

၁၆ ယနေ့​အချိန်တွင်​ကော မည်သို့​နည်း။ ယေရှု​ရောက်ရှိ​နေချိန်​အစ​ဖြစ်သော ၁၉၁၄ ခုနှစ်​တွင် အချိန်တန်​အစာကို တည်ကြည်​စွာ ဝေမျှပေး​နေသော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​အုပ်စု​တစ်စု​ကို ကိုယ်တော် တွေ့ရှိ​ခဲ့​သလော။ ကိုယ်တော် အမှန်ပင်​တွေ့ရှိ​ခဲ့​သည်။ ထို​အုပ်စု သီးပွင့်​ခဲ့​သော အသီး​ကောင်း​များ​ကို ထောက်ရှု​ခြင်း​ဖြင့် သူတို့​မည်သူ​ဖြစ်​ကြောင်း သေချာ​စွာ ခွဲခြား​သိမြင်​နိုင်​ခဲ့​သည်။ (မဿဲ ၇:၂၀) သူတို့သာလျှင် အမှန်​ဖြစ်​ကြောင်း ထို​အချိန်​မှ​စ၍ သမိုင်းက​သက်သေထူ​လာ​ခဲ့​သည်။

၁၇ ယေရှု​ရောက်ရှိချိန်​တွင် အိမ်သူအိမ်သား ၅,၀၀၀ ခန့်​သည် ကျမ်းစာ​အမှန်တရား ဖြန့်ဝေခြင်း​တွင် အလုပ်များ​နေခဲ့​ကြသည်။ လုပ်သား​နည်း​သော်လည်း ကျွန်​အတန်းအစား​သည် သတင်းကောင်း​ပျံ့နှံ့​စေရန် ပညာ​သားပါ​သော နည်းလမ်း​များစွာကို အသုံးပြု​ခဲ့​ကြသည်။ (မဿဲ ၉:၃၈) ဥပမာ၊ ကျမ်းစာ​အကြောင်းအရာ ဟောပြောချက်​များ​ကို သတင်းစာ ၂,၀၀၀ နီးပါး​တွင် ထည့်သွင်း​ထုတ်ပြန်​ရန် အစီအစဉ်များ ပြုလုပ်​ခဲ့​သည်။ ယင်း​နည်းဖြင့် ဘုရားသခင့်​နှုတ်မြွက်​စကားတော် အမှန်တရားသည် ချက်ချင်း​ပင် ထောင်သောင်း​ချီ​သော​စာရှုသူ​များ​ထံ ရောက်ရှိ​ခဲ့​သည်။ ထို့​ပြင် ဆေး​ရောင်စုံ ရုပ်​သေ​နှင့်​ရုပ်ရှင်​တို့ကို ပေါင်းစပ်​ထားသော ရှစ်​နာရီ​ကြာ​ပြသ​သည့် အစီအစဉ်​တစ်ခု​ကိုလည်း ပြင်ဆင်​ခဲ့​ကြသည်။ ထိုသို့ ပညာသားပါပါ​ပြင်ဆင်မှု​၏ ကျေးဇူး​ကြောင့် ဖန်ဆင်း​ချိန်​မှ​စ၍ ခရစ်တော်​၏ အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​အထိ ကျမ်းစာ​သတင်း​စကား​သည် တိုက်ကြီး​သုံး​တိုက်​မှ ပရိသတ်​ကိုး​သန်း​ကျော်​ထံ ရောက်ရှိ​သွားခဲ့သည်။ ပုံနှိပ်​စာပေ​များသည် အသုံးပြု​ခဲ့​သော နောက်ထပ်​နည်း​တစ်ခု​ဖြစ်သည်။ ဥပမာ၊ ၁၉၁၄ ခုနှစ်​တွင် ဤ​ဂျာနယ်​ကို စောင်ရေ ၅၀,၀၀၀ ထုတ်ဝေ​ခဲ့​သည်။

၁၈။ ယေရှုသည် ကျွန်​အတန်းအစား​ကို မိမိ၏​ဥစ္စာ​ရှိသမျှ​အပေါ် အဘယ်​အချိန်တွင် ခန့်​ထားခဲ့​သနည်း၊ ကျွန်ုပ်​တို့ မည်သို့​သိရှိ​ရသနည်း။

၁၈ အမှန်ပင်၊ သခင်​ရောက်ရှိ​လာသော​အခါ ကိုယ်တော်​၏​တည်ကြည်သော​ကျွန်​သည် သတင်းကောင်း​ဟောပြောခြင်း​အပြင် အိမ်သူအိမ်သား​များ​ကို တာဝန်​သိ​သိ​ဖြင့် ကျွေးမွေး​နေကြောင်း ကိုယ်တော် တွေ့ရှိ​ခဲ့​သည်။ ယခု ထို​ကျွန်​အတွက် သာ၍​ကြီး​လေး​သော​တာဝန်​များ စောင့်ဆိုင်း​နေသည်။ ယေရှု ဤသို့​မိန့်တော်မူ​ခဲ့​၏– “ငါ​အမှန်​ဆိုသည်ကား အရှင်​သည် ထို​ကျွန်​ကို မိမိ​ဥစ္စာ​ရှိသမျှ​အပေါ်​၌ အ​အုပ်​အချုပ်​ခန့်​ထား​လိမ့်​မည်။” (မဿဲ ၂၄:၄၇သမ္မာ) ကျွန်​အတန်းအစား​သည် စမ်းသပ်​ရာ​ကာလ​ကို လွန်မြောက်​ပြီး​နောက်​ဖြစ်သော ၁၉၁၉ ခုနှစ်​တွင် ယင်း​သို့ ယေရှု ခန့်​ထားခဲ့​သည်။ သို့သော် ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ သည် သာ၍​ကြီး​လေး​သော တာဝန်​များ​ကို အဘယ်ကြောင့် ရရှိခဲ့​သနည်း။ အကြောင်း​မှာ သခင်၏​ဥစ္စာ​များ တိုးများ​လာ​ခဲ့​သောကြောင့်​ဖြစ်သည်။ ယေရှုသည် ၁၉၁၄ ခုနှစ်​တွင် ဘုရင့်​အရိုက်အရာကို ရရှိခဲ့​၍​ဖြစ်သည်။

၁၉။ မကြာသေးမီ ဆယ်စုနှစ်​များ​တွင် “လူအုပ်ကြီး” အတွက် ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို မည်သို့​ရရှိခဲ့​ပုံ​အကြောင်း ရှင်းပြပါ။

၁၉ ဘုရင့်​အရိုက်အရာ ရရှိ​ခါ​စ​ဖြစ်သော သခင်သည် မိမိ၏​တည်ကြည်သော​ကျွန်​အား အပ်နှင်း​ခဲ့​သည့် ဥစ္စာ​များ​ကား အဘယ်နည်း။ ကိုယ်တော်​ပိုင်ဆိုင်​တော်​မူ​သော မြေကြီးပေါ်​ရှိ ဝိညာဉ်​ရေးရာ​အားလုံး​ဖြစ်သည်။ ဥပမာ၊ ၁၉၁၄ ခုနှစ်​တွင် ခရစ်တော်​နန်းထိုင်​ပြီး ဆယ်စုနှစ်​နှစ်ခု​လွန်ပြီး​နောက် “အခြားသိုး” အဝင် “လူအုပ်ကြီး” ပေါ်ပေါက်​လာ​ခဲ့​သည်။ (ဗျာ. ၇:၉က​ဘ; ယောဟန် ၁၀:၁၆) သူတို့သည် “ဘုရားသခင်​၏ ဣသရေလ​အမျိုး၊” ဝိညာဉ်​တော်​ဖွား​အဖွဲ့ဝင်​များ​မဟုတ်သော်လည်း ယေဟောဝါ​ကို ချစ်​မြတ်နိုး​ပြီး ဝိညာဉ်​တော်​ဖွား​များ​ကဲ့သို့​ပင် ကိုယ်တော်​၏​အမှုတော်ကို ဆောင်ရွက်​လို​ကြ​သည့် မြေကြီး​မျှော်လင့်ချက်​ရှိသော စိတ်နှလုံး​ရိုး​ဖြောင့်​သည့် အမျိုးသား၊ အမျိုးသမီးများ​ဖြစ်​ကြသည်။ အမှန်​မှာ၊ သူတို့သည် ‘တည်ကြည်​ပြီး သတိပညာ​နှင့်​ပြည့်စုံသော​ကျွန်’ ကို ဤသို့​ပြော​ခဲ့​ကြ​၏– “ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်​မူ​သည်​ဟု အကျွန်ုပ်​တို့သည်​ကြား​သိ၍ သင်တို့​နှင့်အတူ​လိုက်ပါမည်။” (ဇာခရိ ၈:၂၃) ထို​နှစ်ခြင်း​ခံ​ခါ​စ​လူသစ် ခရစ်ယာန်​များသည် ဝိညာဉ်​တော်​ဖွား​အိမ်သူအိမ်သား​များ​ကဲ့သို့ ကြွယ်ဝသော​ဝိညာဉ်​အစာကို စားသုံး​ခဲ့​ကြ​ပြီး ထို​အချိန်​မှ​စ၍ အုပ်စု​နှစ်စု​သည် ထို​ဝိညာဉ်​ရေး​စားပွဲ​တွင် အတူတကွ​စားသုံး​ခဲ့​ကြသည်။ “လူအုပ်ကြီး” အဝင်​ဖြစ်သူ​များ​အတွက် ကောင်းချီး​တစ်ရပ်​ပင်!

၂၀။ သခင်၏​ဥစ္စာ တိုးပွား​စေ​ရေး​တွင် “လူအုပ်ကြီး” သည် အဘယ်​အခန်းကဏ္ဍ​မှ ပါဝင်​ခဲ့​သနည်း။

၂၀ “လူအုပ်ကြီး” အဖွဲ့ဝင်​များသည် သတင်းကောင်း​ဟောပြောသူများ​အဖြစ် ဝိညာဉ်​တော်​ဖွား​ကျွန်​အတန်းအစား​နှင့်အတူ ဝမ်းမြောက်​စွာ ပူးပေါင်း​ခဲ့​ကြသည်။ သူတို့​ဟောပြော​မှု​ကြောင့် သခင်၏ မြေကြီးဆိုင်ရာ​ဥစ္စာ​များ တိုးပွား​လာ​ခဲ့​ရာ ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ တွင် တာဝန်​များ ထပ်​တိုးလာ​သည်။ အမှန်တရားကို ဆာလောင်​မွတ်​သိပ်​သူ တိုးများ​လာ​သည်​နှင့်​အမျှ လိုအပ်သော​ကျမ်းစာ​စာပေ​များ ထုတ်ဝေ​ရန် ပုံနှိပ်​အဆောက်အအုံ​များ တိုးချဲ့​ဖို့​လိုအပ်​လာ​ခဲ့​သည်။ ယေဟောဝါသက်သေ​များ​၏​ဌာနခွဲ​များ​ကို တစ်နိုင်ငံ​ပြီး​တစ်နိုင်ငံ ဆက်၍​ဖွင့်လှစ်​ခဲ့​ကြသည်။ ခရစ်ယာန်​သာသနာပြု​များ​ကို “မြေကြီးစွန်း​တိုင်အောင်” စေလွှတ်ခဲ့​ကြသည်။ (တမန်​တော် ၁:၈) ၁၉၁၄ ခုနှစ်​တွင် ဝိညာဉ်​တော်​ဖွား ငါး​ထောင်​နီးပါး​သာ​ရှိရာ​မှ ယနေ့​အချိန်တွင် ဘုရားသခင်​ကို ချီးမွမ်း​ထောမနာပြု​သူ ခြောက်​သန်း​ကျော်​အထိ တိုးများ​လာ​ခဲ့​ပြီး ယင်း​တို့​ထဲ​မှ​အများစု​သည် “လူအုပ်ကြီး” အဝင်​များ​ဖြစ်သည်။ အမှန်ပင်၊ ဘုရင်​၏​ဥစ္စာ​များသည် ၁၉၁၄၊ နန်းတက်​ချိန်​မှ​စ၍ အဆပေါင်း​များစွာ တိုးပွား​ခဲ့ပြီ!

၂၁။ နောက်​ဆောင်းပါး​တွင် အဘယ်​ပုံ​ဥပမာ​နှစ်ခု​ကို သုံးသပ်ကြ​မည်​နည်း။

၂၁ ယင်း​တို့အားလုံး​က ကျွန်​သည် ‘တည်ကြည်​ပြီး သတိ​ပညာရှိ’ ကြောင်း ပြသ​ခဲ့​လေ​ပြီ။ ယေရှုသည် ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ အကြောင်း​ပြော​ပြီး​သည်​နှင့် ထို​အရည်အချင်း​နှစ်ခု​ကို အလေးအနက်​ပေါ်လွင်​စေသော ဤဥပမာ​နှစ်ခု​ကို ပေး​ခဲ့​သည်– ပညာ​ရှိသော​သတို့သမီး​နှင့် မိုက်​သော​သတို့သမီး​ပုံ​ဥပမာ၊ ငွေ​ခွက်​များ​ပုံ​ဥပမာ​တို့​ဖြစ်သည်။ (မဿဲ ၂၅:၁-၃၀) ကျွန်ုပ်​တို့ စိတ်ဝင်စား​ကြသည်! ယင်း​ပုံ​ဥပမာ​များသည် ယနေ့​ကျွန်ုပ်​တို့အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ဤ​မေးခွန်း​ကို နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်။

သင်​မည်သို့​ထင်​သနည်း

• ‘တည်ကြည်​ပြီး သတိပညာ​ရှိသော​ကျွန်’ ကို မည်သူ​တို့​ဖြင့် ဖွဲ့စည်းထား​သနည်း။

• “အိမ်သူအိမ်သား” တို့​ကား မည်သူ​တို့​နည်း။

• တည်ကြည်သော​ကျွန်​သည် သခင်၏​ဥစ္စာ​ရှိသမျှ​အပေါ် အဘယ်​အချိန်တွင် ခန့်အပ်​ခံ​ခဲ့​ရသနည်း၊ အဘယ်ကြောင့် ထို​အချိန်တွင် ခန့်အပ်​ခဲ့​သနည်း။

• မကြာသေးမီ​ဆယ်စုနှစ်​များ​က သခင်၏​ဥစ္စာ​များ​ကို တိုးပွား​လာ​စေရန် မည်သူ​တို့​က အကူအညီ​ပေး​ခဲ့​ကြ​သနည်း၊ မည်သို့​အားဖြင့်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[အောက်ခြေမှတ်ချက်]

ပထမ​ရာစု​ကျွန်​အတန်းအစား​သည် မိမိ၏​တာဝန်​ကို တည်ကြည်​စွာ​လုပ်ဆောင်ခဲ့ကြောင်း သက်သေထူ​ခဲ့