ထွက်မြောက်ရာကျမ်းမှ ပေါ်လွင်ချက်များ
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည်အသက်ရှင်၏
ထွက်မြောက်ရာကျမ်းမှ ပေါ်လွင်ချက်များ
ယင်းသည် ‘နိုင်လိုမင်းထက်အုပ်ချုပ်မှုအောက် ကျွန်’ ဖြစ်ခဲ့ကြသူတို့၏ လွတ်မြောက်ခြင်းအကြောင်း ဖြစ်ရပ်မှန် ဇာတ်ကြောင်းဖြစ်သည်။ (ထွက်မြောက်ရာ ၁:၁၃) လူမျိုးတစ်မျိုး စတင်မွေးဖွားလာသည့် စိတ်လှုပ်ရှားဖွယ် မှတ်တမ်းတစ်ခုလည်းဖြစ်၏။ ရင်သပ်ရှုမောစရာ အံ့ဖွယ်အမှုများ၊ အကောင်းဆုံးတရားဥပဒေနှင့် တဲတော်ကိုဆောက်လုပ်ခြင်းတို့သည် ယင်း၏စိတ်ဝင်စားဖွယ်ကောင်းသော အချက်အချို့ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် ၎င်းတို့သည် ထွတ်မြောက်ရာကျမ်းစာစောင်၌ ပါဝင်သောအကြောင်းများပင်တည်း။
ဟေဗြဲပရောဖက်မောရှေ ရေးသားခဲ့သော ထွက်မြောက်ရာကျမ်းသည် ဘီ.စီ.အီး. ၁၆၅၇ ခုနှစ် ယောသပ်သေဆုံးချိန်မှ ဘီ.စီ.အီး. ၁၅၁၂ ခုနှစ် တဲတော်ပြီးစီးချိန်အထိ၊ ၁၄၅ နှစ်တာကာလအတွင်း ဣသရေလလူမျိုးတို့၏ အဖြစ်အပျက် အတွေ့အကြုံများကို ဖော်ပြပေးပါသည်။ သို့သော် ဤမှတ်တမ်းသည် သမိုင်းဝင်ဖြစ်ရပ်တစ်ခုမျှသာ မကချေ။ ယင်းသည် လူသားတို့အတွက် ဘုရားသခင့်နှုတ်မြွက်စကားတော် သို့မဟုတ် သတင်းတရား တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ထို့ကြောင့် ယင်းသည် ‘အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်’ တတ်သည်။ (ဟေဗြဲ ၄:၁၂) သို့ဖြစ်၍ ထွက်မြောက်ရာကျမ်းသည် ကျွန်ုပ်တို့အတွက် အမှန်အဓိပ္ပာယ်ရှိပါသည်။
“သူတို့ညည်းတွားမြည်တမ်းခြင်းအသံကို ဘုရားသခင်ကြားတော်မူ”
အီဂျစ်ပြည်တွင် နေထိုင်ကြသော ယာကုပ်၏သားစဉ်မြေးဆက်များသည် လူဦးရေ အလျင်အမြန်တိုးပွားများပြားလာရာ ဘုရင့်အမိန့်ဖြင့် ကျွန်ဘဝရောက်သွားကြသည်။ ဖာရောဘုရင်သည် ဣသရေလလူမျိုး နို့စို့ကလေးယောက်ျားလေးအားလုံးကို သတ်ပစ်ရန်ပင် အမိန့်ထုတ်ခဲ့သည်။ ထိုသို့ဘဝနိဂုံးချုပ်ခြင်းမှ လွတ်မြောက်ခဲ့သူမှာ ဖာရောသမီးတော်၏ မွေးစားခြင်းခံရသူ သုံးလသားအရွယ် မောရှေလေးဖြစ်သည်။ ဘုရင့်နန်းတွင်းသားများအကြား ကြီးပြင်းလာခဲ့သော်လည်း အသက် ၄၀ အရွယ်တွင် မောရှေသည် မိမိလူမျိုးဘက်မှနေကာ အီဂျစ်လူတစ်ဦးကိုသတ်ခဲ့သည်။ (တမန်တော် ၇:၂၃၊ ၂၄) မိဒျန်ပြည်သို့ မဖြစ်မနေ သူထွက်ပြေးရလေ၏။ ထိုတွင် အိမ်ထောင်ကျပြီး သိုးထိန်းတစ်ဦးအဖြစ် အသက်မွေးနေလေသည်။ အံ့ဖွယ်ကောင်းစွာ မီးလောင်နေသောချုံပုတ်တစ်ခုတွင် ယေဟောဝါသည် ဣသရေလလူမျိုးကို ကျွန်ဘဝမှကယ်ရန် အီဂျစ်ပြည်သို့ပြန်သွားဖို့ မောရှေကိုတာဝန်ပေးလေသည်။ သူ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် သူ့အစ်ကို အာရုန်ကို ခန့်အပ်ခဲ့သည်။
ကျမ်းစာမေးခွန်းများ အဖြေ–
၃:၁—ယေသရောသည် မည်သို့သော ယဇ်ပုရောဟိတ်မျိုး ဖြစ်သနည်း။ ဖခင်ကြီးစိုးသည့်ခေတ်တွင် အိမ်ထောင်ဦးစီးသည် သူ့မိသားစုအတွက် ယဇ်ပုရောဟိတ်အဖြစ် အမှုထမ်းသည်။ ယေသရောသည် မိဒျန်လူမျိုးစု၏ခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားသည်။ မိဒျန်လူမျိုးတို့သည် ကေတုရနှင့်ရသော အာဗြဟံ၏သားစဉ်မြေးဆက်များဖြစ်သောကြောင့် ယေဟောဝါအား ဝတ်ပြုခြင်းအကြောင်းကို သူတို့သိရှိထားဖို့ အကြောင်းရှိပေမည်။—ကမ္ဘာဦး ၂၅:၁၊ ၂။
၄:၁၁—ယေဟောဝါသည် အဘယ်သဘောဖြင့် ‘စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမမြင်သောသူတို့ကို ဖန်ဆင်းထားသနည်း။’ ယေဟောဝါသည် လူတို့ကို မျက်စိကွယ်စေ၊ စကားအစေခဲ့သော အချိန်အခါများရှိသော်လည်း ထိုသို့သော ကိုယ်အင်္ဂါချို့ယွင်းမှုတိုင်းအတွက် ကိုယ်တော်၌ တာဝန်မရှိပါ။ (ကမ္ဘာဦး ၁၉:၁၁; လုကာ ၁:၂၀-၂၂၊ ၆၂-၆၄) ယင်းတို့သည် မစုံလင်မှု၏အကျိုးဆက်များဖြစ်၏။ (ယောဘ ၁၄:၄; ရောမ ၅:၁၂) သို့သော် ဤအခြေအနေများကို ဘုရားသခင်ခွင့်ပြုထားသဖြင့် စကားအခြင်း၊ နားမကြားခြင်းနှင့် မျက်စိကွယ်ခြင်းတို့ကို “ဖန်ဆင်း” ထားသည်ဟု ကိုယ်တော်ဆိုနိုင်ပါသည်။
၄:၁၆ (ကဘ)—မောရှေသည် အာရုန်အတွက် မည်သို့ “ဘုရားသခင်ကဲ့သို့ လုပ်ဆောင်” ရန်ဖြစ်သနည်း။ မောရှေသည် ဘုရားသခင်၏ ကိုယ်စားလှယ်တော်ဖြစ်၏။ ထို့ကြောင့် မောရှေသည် မိမိကိုယ်စားပြောဆိုပေးသူ အာရုန်အတွက် “ဘုရားသခင်ကဲ့သို့” ဖြစ်လာခဲ့သည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၁:၇၊ ၁၄။ ယေဟောဝါသည် အီဂျစ်ပြည်၌ မိမိ၏လူမျိုးတော် နှိပ်စက်ခံရသောအခါ ထောက်မပေးခဲ့သည်။ အလားတူစွာ မျက်မှောက်ခေတ်သက်သေခံများ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံရသည့်အခါ၌ပင် ကိုယ်တော်ထောက်မပေးပါသည်။
၁:၁၇-၂၁။ ယေဟောဝါသည် “ကျေးဇူးပြု” ရန် ကျွန်ုပ်တို့ကို အောက်မေ့တော်မူ၏။—နေဟမိ ၁၃:၃၁။
၃:၇-၁၀။ ယေဟောဝါသည် မိမိလူမျိုးတော်၏အော်ဟစ်သံကို တုံ့ပြန်ရန်အသင့်ရှိတော်မူ၏။
၃:၁၄။ ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက်များကို ဧကန်အမှန်ဖြစ်မြောက်စေသည်။ သို့ဖြစ်၍ မကြာမီ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ကျမ်းစာအခြေပြုမျှော်လင့်ချက်များကိုလည်း အကောင်အထည်ဖော်ပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။
၄:၁၀၊ ၁၃။ ဘုရားသခင်ကျောထောက်နောက်ခံပေးမည်ဟု အာမခံပေးလျက်ကယ် မောရှေသည် သူ၏စကားပြောနိုင်စွမ်းကို လုံးဝယုံကြည်စိတ်ချမှုမရှိခဲ့ပေ၊ ဖာရောနှင့် သွားရောက်ဆွေးနွေးရန် အခြားသူတစ်ဦးကိုစေလွှတ်ဖို့ ဘုရားသခင်အား တောင်းပန်ခဲ့သည်။ သို့တိုင် ယေဟောဝါသည် မောရှေကိုအသုံးပြုတော်မူပြီး သူ၏တာဝန်ကိုထမ်းဆောင်ရန် လိုအပ်သောဉာဏ်ပညာနှင့် ခွန်အားကိုပေးသနားခဲ့သည်။ ကျွန်ုပ်တို့၏ချွတ်ယွင်းချက်များကို အာရုံစိုက်မနေဘဲ ယေဟောဝါကိုမှီခိုအားထားကာ ကျွန်ုပ်တို့၏ဟောပြောခြင်းနှင့် သွန်သင်ခြင်းတာဝန်ကို သစ္စာရှိရှိ သယ်ပိုးနိုင်ပါစေ။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။
အလွန်အံ့အားသင့်စရာ အံ့ဖွယ်အမှုများကြောင့် လွတ်မြောက်မှုရ
မောရှေနှင့် အာရုန်တို့သည် ဖာရောရှေ့မှောက်ဝင်ရောက်ကာ ဣသရေလလူမျိုးများ တောထဲတွင် ယေဟောဝါအတွက် ပွဲတော်ကျင်းပရန် ခွင့်ပြုဖို့တောင်းလျှောက်ကြ၏။ အီဂျစ်ပြည့်ရှင်က အပြတ်ပယ်ချလိုက်သည်။ ယေဟောဝါသည် မောရှေကိုသုံးပြီး ပြင်းထန်သောထိုးနှက်မှုများ တစ်ခုပြီးတစ်ခုကျရောက်စေသည်။ ဖာရောသည် ဒသမကပ်ဘေးကျရောက်ပြီးမှသာ ဣသရေလလူမျိုးကို သွားခွင့်ပြုခဲ့သည်။ သို့သော် မကြာမီ သူနှင့် သူ၏စစ်သည်ဗိုလ်ပါအလုံးအရင်းသည် နောက်မှသဲသဲမဲမဲလိုက်လာလေသည်။ သို့သော် ယေဟောဝါသည် ပင်လယ်နီတွင် ထွက်ပေါက်လမ်းကြောင်းဖွင့်ပေးခြင်းဖြင့် မိမိ၏လူမျိုးတော်ကို ကယ်တင်လိုက်သည်။ ပင်လယ်နီ ပြန်စေ့လိုက်သောအခါ ဤနောက်မှလိုက်သော အီဂျစ်လူတို့ ရေနစ်သေကုန်သည်။
ကျမ်းစာမေးခွန်းများ အဖြေ–
၆:၃—အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် အဘယ်နည်းဖြင့် ဘုရားသခင့်နာမတော်ကို မသိခဲ့ကြသနည်း။ ဤဘိုးဘေးများသည် ဘုရားသခင့်နာမတော်ကို အသုံးပြုခဲ့ကြပြီး ကတိတော်များရရှိခဲ့ကြသည်။ သို့သော် ယေဟောဝါသည် အဆိုပါကတိတော်များကို ပြည့်စုံစေသူဖြစ်ကြောင်း သူတို့မသိခဲ့ သို့မဟုတ် မကြုံကြိုက်ဖူးချေ။—ကမ္ဘာဦး ၁၂:၁၊ ၂; ၁၅:၇၊ ၁၃-၁၆; ၂၆:၂၄; ၂၈:၁၀-၁၅။
၇:၁—မောရှေသည် မည်သို့ “ဖာရောဘုရင်၏ဘုရား” ဖြစ်ခဲ့ရသနည်း။ မောရှေသည် ဘုရားသခင်ထံမှ တန်ခိုးရရှိခဲ့ပြီး ဖာရောအပေါ် အခွင့်အာဏာရှိခဲ့သည်။ ထို့ကြောင့် ထိုရှင်ဘုရင်ကို ကြောက်စရာမလိုပေ။
၇:၂၂—အီဂျစ်ယဇ်ပုရောဟိတ်တို့သည် သွေးမဖြစ်သေးသော ရေကို အဘယ်မှရရှိခဲ့ကြသနည်း။ ဤကပ်ဘေးမတိုင်မီက နိုင်းလ်မြစ်မှ ခပ်ယူထားသော ရေကို သူတို့အသုံးပြုခဲ့ကြပေမည်။ နိုင်းလ်မြစ်အနီးရှိ စိုထိုင်းသောမြေတွင် တွင်းတူးခြင်းဖြင့်လည်း သောက်သုံးရေ ရနိုင်စရာရှိပါသည်။—ထွက်မြောက်ရာ ၇:၂၄။
၈:၂၆၊ ၂၇—မောရှေက ဣသရေလလူတို့၏ ပူဇော်ရာယဇ်များသည် “အိဂျစ်လူတို့၏ရွံရှာဖွယ်သောအရာ” ဖြစ်မည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အီဂျစ်ပြည်တွင် တိရစ္ဆာန်အမျိုးမျိုးကို ကိုးကွယ်ကြသည်။ ထို့ကြောင့် ယဇ်ပူဇော်ခြင်းအကြောင်းပြောခြင်းက ယေဟောဝါကိုယဇ်ပူဇော်ဖို့ ထွက်သွားခွင့်ပြုရန် သာ၍တွန်းအားဖြစ်စေပြီး မောရှေ၏အခိုင်အမာတောင်းဆိုချက်ကို သာ၍လက်ခံချင်စရာဖြစ်စေသည်။
၁၂:၂၉—သားဦးဟုဆိုရာတွင် မည်သူတို့ပါဝင်သနည်း။ သားဦးဟုဆိုရာတွင်သားယောက်ျားများသာပါဝင်သည်။ (တောလည်ရာ ၃:၄၀-၅၁) ဖာရောကိုယ်တိုင် သားဦးဖြစ်သော်လည်း အသတ်မခံခဲ့ရပါ။ သူ့မှာ အိမ်ထောင်စုရှိနေပြီ။ ဒသမကပ်ဘေးကြောင့် အိမ်ထောင်ဦးစီးမဟုတ်ဘဲ အိမ်ထောင်စုတစ်ခု၏သားဦး သေဆုံးခြင်းဖြစ်သည်။
၁၂:၄၀—ဣသရေလလူမျိုးသည် အီဂျစ်ပြည်တွင် မည်မျှကြာ နေထိုင်ခဲ့ကြသနည်း။ ဤတွင်ဖော်ပြထားသော နှစ်ပေါင်း ၄၃၀ တွင် ‘အီဂျစ်ပြည်နှင့် ခါနာန်ပြည်တို့တွင်’ ဣသရေလ၏သားများ နေထိုင်ခဲ့ချိန်ပါဝင်သည်။ (ကဘအောက်ခြေမှတ်ချက်ရှု။) အသက်ခုနစ်ဆယ့်ငါးနှစ်အရွယ် အာဗြဟံသည် ဘီ.စီ.အီး. ၁၉၄၃ ခုနှစ်တွင် ယူဖရေးတီးမြစ်ကိုဖြတ်၍ ခါနာန်ပြည်သို့သွားလေ၏။ (ကမ္ဘာဦး ၁၂:၄) ထိုအချိန်မှ အီဂျစ်ပြည်သို့ အသက် ၁၃၀ အရွယ်ရှိ ယာကုပ် ဝင်ရောက်ခဲ့ချိန်အထိ ၂၁၅ နှစ်ကြာသည်။ (ကမ္ဘာဦး ၂၁:၅; ၂၅:၂၆; ၄၇:၉) ထို့နောက် ဣသရေလလူမျိုးတို့သည် အီဂျစ်ပြည်၌ ၂၁၅ နှစ်ကြာ ဆက်နေထိုင်ခဲ့သည့်သဘောဖြစ်သည်။
၁၅:၈—ပင်လယ်နီ ရေ “တောင့်မာ” သွားခြင်းသည် အမှန်တကယ်ရေခဲသွားခြင်းလော။ ဤတွင် “တောင့်မာ” ဟုဘာသာပြန်ဆိုထားသော ဟေဗြဲစကားလုံးသည် ကျုံ့သွားသည် သို့မဟုတ် ထူပျစ်လာသည်ဟု အဓိပ္ပာယ်ရှိ၏။ ယောဘ ၁၀:၁၀ တွင် ၎င်းအသုံးအနှုန်းကို ဒိန်ချဉ်ဖောက်ရာ၌ အသုံးပြုထားသည်။ ထို့ကြောင့် တောင့်မာသောရေသည် ရေခဲတုံးဖြစ်သွားသည်ဟု ယူမှတ်စရာမလိုပါ။ ထွက်မြောက်ရာ ၁၄:၂၁ တွင်ဖော်ပြထားသော “အားကြီးသောအရှေ့လေ” သည် ရေများကိုအေးခဲစေသည့်အထိ အေးသည်ဆိုလျှင် ထိုမျှအေးသော လေအကြောင်းကို ဘာသာပြန်ကျမ်းအချို့က ရေးသားဖော်ပြမည်မှာ သေချာပါသည်။ မြင်သာသော အဘယ်အရာကမျှ ရေကို ကာဆီးထားခြင်းမရှိသောကြောင့် အစိုင်အခဲကဲ့သို့ တောင့်မာ သို့မဟုတ် ပျစ်ခဲသည့်အသွင်ရှိရပေမည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၇:၁၄–၁၂:၃၀။ ကပ်ဘေးဆယ်ခုသည် မတော်တဆဖြစ်ပျက်လာရာများ မဟုတ်ပါ။ တင်ကူးပြောထားနှင့်ပြီး အတိအကျဖြစ်ပျက်လာရာများဖြစ်သည်။ ဖန်ဆင်းရှင်သည် ရေ၊ နေ၏အလင်း၊ ပိုးမွှားများ၊ တိရစ္ဆာန်များနှင့် လူသားတို့ကို ထိန်းချုပ်နိုင်စွမ်းရှိကြောင်း သိသာလှသည်! ကပ်ဘေးများက ဘုရားသခင်သည် မိမိအားဝတ်ပြုသူများကို ကာကွယ်ပေးနေခိုက် မိမိ၏ရန်သူများအပေါ် ကွက်၍ ဘေးကျရောက်စေနိုင်ကြောင်းကိုလည်း ဖော်ပြပါသည်။
၁၁:၂; ၁၂:၃၆။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ကောင်းချီးပေးတော်မူ၏။ အီဂျစ်ပြည်၌ ဣသရေလလူတို့၏ လုပ်အားခများရရှိဖို့ ယခု ကိုယ်တော်အရေးယူဆောင်ရွက်နေကြောင်း ထင်ရှားသည်။ သူတို့သည် ကျွန်ပြုခံရမည့် စစ်သုံ့ပန်းများအဖြစ်မဟုတ်ဘဲ လွတ်လပ်သောလူမျိုးတစ်မျိုးအဖြစ် အီဂျစ်ပြည်သို့ ဝင်ရောက်ခဲ့သည်။
၁၄:၃၀။ ကျရောက်အံ့ဆဲ ‘ကြီးစွာသောဆင်းရဲခြင်း’ တွင် မိမိအား ဝတ်ပြုသူများကို ယေဟောဝါကယ်လွှတ်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။—မဿဲ ၂၄:၂၀-၂၂; ဗျာ. ၇:၉၊ ၁၄။
သီအိုကရက်တစ် လူမျိုးတစ်မျိုးကို ယေဟောဝါဖွဲ့စည်း
အီဂျစ်ပြည်မှလွတ်မြောက်ပြီးနောက် တတိယလတွင် ဣသရေလလူတို့သည် သိနာတောင်ခြေရင်း၌ စခန်းချကြသည်။ ထိုတွင် ပညတ်တော်ဆယ်ပါးနှင့် အခြားပညတ်ဥပဒေများကို သူတို့ရရှိခဲ့ကြပြီး ယေဟောဝါနှင့် ပဋိညာဉ်ဖွဲ့ကာ သီအိုကရက်တစ် လူမျိုးတစ်မျိုးဖြစ်လာသည်။ စစ်မှန်သောဝတ်ပြုရေးအပြင် သယ်သွားရလွယ်သော ဝတ်ပြုရာအိမ်တော်ဖြစ်သည့် ယေဟောဝါ၏တဲတော် ဆောက်လုပ်ခြင်းတို့နှင့်ပတ်သက်သော ညွှန်ကြားချက်များရယူရန် မောရှေသည် တောင်ပေါ်၌ ရက် ၄၀ နေခဲ့သည်။ ထိုအတောအတွင်း ဣသရေလလူမျိုးတို့သည် ရွှေနွားရုပ်တစ်ခုပြုလုပ်ပြီး ကိုးကွယ်ကြ၏။ တောင်ပေါ်မှအဆင်း ယင်းကို မောရှေတွေ့သွားရာ အလွန်အမျက်ထွက်သဖြင့်
ဘုရားသခင်ပေးသော ကျောက်ပြားနှစ်ချပ်ကို ရိုက်ခွဲပစ်လိုက်သည်။ အပြစ်ပြုသူတို့ကို ထိုက်သင့်သလို ဒဏ်ပေးပြီးနောက် နောက်ထပ်ကျောက်ပြားတစ်စုံရယူဖို့ တောင်ပေါ်ပြန်တက်လေသည်။ မောရှေပြန်လာသောအခါ တဲတော်ဆောက်လုပ်ခြင်း စတင်သည်။ ဣသရေလလူမျိုးတို့ လွတ်မြောက်သည့် ပထမနှစ်အကုန်ပိုင်းတွင် အံ့ဖွယ်ကောင်းသောတဲတော်နှင့် ၎င်း၏အသုံးအဆောင်တန်ဆာအားလုံး တပ်ဆင်ပြီးစီးခဲ့ရာ ယေဟောဝါသည် တဲတော်ကို မိမိ၏ဘုန်းတော်ဖြင့် ဖြည့်လိုက်သည်။ကျမ်းစာမေးခွန်းများ အဖြေ–
၂၀:၅—ယေဟောဝါသည် “အဘတို့၏အပြစ်ကို” နောင်လာနောက်သားများ၌ “ဆပ်ပေးစီရင်” ခြင်းကား မည်သို့နည်း။ တာဝန်ယူနိုင်သည့်အရွယ်ရောက်လာသူတိုင်း သူ့အကျင့်အကြံနှင့် စိတ်နေသဘောထားအလျောက် စီရင်ခံရသည်။ သို့သော် ဣသရေလလူမျိုးတို့ အရုပ်ကိုးကွယ်သောအခါ ၎င်းဆိုးကျိုးများကို နောင်လာနောက်သားများ ခံစားခဲ့ရသည်။ လူမျိုးတော်၏ ဘာသာရေးပြစ်မှုများ၏ အကျိုးဆက်များကို တည်ကြည်သောဣသရေလလူများပင် ခံစားခဲ့ရသောကြောင့် သူတို့အဖို့ တည်ကြည်မှုရှိသောလမ်းစဉ်၌ ဆက်မြဲရန် အခက်တွေ့ခဲ့ရသည်။
၂၃:၁၉; ၃၄:၂၆—ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရဟူသော ပညတ်၏အဓိပ္ပာယ်ကား အဘယ်နည်း။ သားငယ် (ဆိတ်သငယ် သို့မဟုတ် အခြားတိရစ္ဆာန်) ကို အမိ၏နို့ရည်တွင် ပြုတ်ခြင်းသည် အယူမှားသူတို့၏ မိုးခေါ်နည်းဖြစ်သည်ဟု သိရသည်။ ထို့ပြင် မိခင်၏နို့ရည်သည် သားငယ်ကို အာဟာရဖြစ်စေသောကြောင့် ယင်း၌ သားငယ်ကိုထည့်ပြုတ်ခြင်းသည် ရက်စက်သည့်လုပ်ရပ်ဖြစ်ပေမည်။ ဘုရားသခင့်လူမျိုးတော်သည် သနားကြင်နာသင့်ကြောင်း ဤပညတ်က တင်ပြပါသည်။
၂၃:၂၀-၂၃—ဤတွင်ဖော်ပြထားသော ကောင်းကင်တမန်ကား မည်သူနည်း၊ ယေဟောဝါ၏နာမတော်သည် “သူ၌တည်” ခြင်းက အဘယ်သို့နည်း။ ဤကောင်းကင်တမန်သည် ယေရှု လူ့ဘဝမတိုင်မီက ကောင်းကင်တမန်ဖြစ်ဖို့ အကြောင်းများသည်။ ဣသရေလလူမျိုးကို ကတိထားရာပြည်သို့ ပို့ဆောင်ရာတွင် ကိုယ်တော်အသုံးတော်ခံခဲ့သည်။ (၁ ကောရိန္သု ၁၀:၁-၄) ယေရှုသည် ခမည်းတော်၏နာမတော်ကို ချီးမြှောက်၍ သန့်ရှင်းမြင့်မြတ်စေရာတွင် အဓိကပုဂ္ဂိုလ်ဖြစ်ရာ ယေဟောဝါ၏နာမတော်သည် “သူ၌တည်ရှိ၏။”
၃၂:၁-၈၊ ၂၅-၃၅—အာရုန်သည် ရွှေနွားရုပ်ပြုလုပ်ခြင်းအတွက် အဘယ်ကြောင့် ပြစ်ဒဏ်မခံခဲ့ရသနည်း။ အာရုန်သည် ဤကိုးကွယ်မှုနှင့် ပတ်သက်လိုသူ မဟုတ်ခဲ့ပါ။ နောက်ပိုင်းတွင် လေဝိသားချင်းများနှင့်ပူးပေါင်းကာ ဘုရားသခင်ဘက် ရပ်တည်ခဲ့ပြီး မောရှေအား အတိုက်အခံပြုသူတို့ကို သူဆန့်ကျင်ခဲ့ပါသည်။ အပြစ်ရှိသူများ အသတ်ခံရပြီးနောက် မောရှေက သူတို့အပြစ်ကြီးကြောင်း လူမျိုးတော်အား သတိပေးခဲ့ရာ အာရုန်သာမက အခြားသူများလည်း ယေဟောဝါ၏သနားညှာတာမှုကို ရရှိခံစားခဲ့ကြောင်း ဖော်ပြသည်။
၃၃:၁၁၊ ၂၀—ဘုရားသခင်သည် မောရှေနှင့် မည်သို့ “မျက်နှာချင်းဆိုင်” စကားပြောခဲ့သနည်း။ ဤအသုံးအနှုန်းက ရင်းရင်းနှီးနှီး အပြန်အလှန်စကားပြောဆိုခြင်းကို ဖော်ပြသည်။ မောရှေသည် ဘုရားသခင်၏ကိုယ်စားလှယ်တော်နှင့် စကားပြောခဲ့ရပြီး သူ၏နှုတ်မှတစ်ဆင့် ယေဟောဝါထံမှ ညွှန်ကြားချက်များကို ရရှိခဲ့သည်။ သို့သော် ‘ဘုရားသခင်ကိုမြင်လျှင် အသက်ရှင်နိုင်သောသူ တစ်စုံတစ်ယောက်မျှမရှိ’ သောကြောင့် ယေဟောဝါကို မောရှေမမြင်ခဲ့ပါ။ အမှန်မှာ ယေဟောဝါကိုယ်တော်တိုင် မောရှေနှင့်စကားမပြောခဲ့ပါ။ ပညတ်တော်ကို “ကောင်းကင်တမန်များမှတစ်ဆင့် စေ့စပ်သူတစ်ဦးလက်ဖြင့်ပေးပို့တော်မူသည်” ဟုဂလာတိ ၃:၁၉ (ကဘ) ကဖော်ပြသည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၁၅:၂၅; ၁၆:၁၂။ ယေဟောဝါသည် မိမိ၏လူမျိုးတော်လိုအပ်ရာကို ထောက်ပံ့ပေးတော်မူ၏။
၁၈:၂၁။ ခရစ်ယာန်အသင်းတော်၌ တာဝန်ရှိနေရာများထမ်းဆောင်ဖို့ ရွေးချယ်ခံရသောအမျိုးသားများသည်လည်း စွမ်းရည်ရှိသော၊ ဘုရားသခင်ကိုကြောက်ရွံ့သော၊ ယုံကြည်စိတ်ချရပြီး ကိုယ်ကျိုးမရှာသူများဖြစ်ရကြမည်။
၂၀:၁–၂၃:၃၃။ ယေဟောဝါသည် အကြီးမြတ်ဆုံးသော ပညတ်ပေးရှင်ဖြစ်တော်မူ၏။ ဣသရေလလူမျိုးတို့သည် ကိုယ်တော်၏ပညတ်များကို နာခံမှုပြသောအခါ ကိုယ်တော်အား စည်းစနစ်တကျ၊ ပျော်ရွှင်စွာ ဝတ်ပြုကိုးကွယ်နိုင်ခဲ့ကြသည်။ ယနေ့ ယေဟောဝါ၌ သီအိုကရက်တစ်အဖွဲ့အစည်းတစ်ခုရှိပါသည်။ ဤအဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် ပျော်ရွှင်မှုနှင့် လုံခြုံမှုရစေပါသည်။
ကျွန်ုပ်တို့အတွက် တကယ်အဓိပ္ပာယ်ရှိ
ထွက်မြောက်ရာကျမ်းက ယေဟောဝါအကြောင်း အဘယ်အရာဖော်ပြသနည်း။ ကိုယ်တော်သည် မေတ္တာရှိသော ထောက်မပေးရှင်၊ ပြိုင်ဘက်ကင်းသောကယ်တင်ရှင်နှင့် မိမိ၏ကတိတော်များကို ပြည့်စုံစေသူဖြစ်ကြောင်း ဖော်ပြပါသည်။ ကိုယ်တော်သည် သီအိုကရက်တစ်အဖွဲ့အစည်း၏ ဘုရားသခင်ဖြစ်တော်မူ၏။
သင်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းအတွက် ပြင်ဆင်ရာ၌ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို ပြုလုပ်စဉ် ထွက်မြောက်ရာကျမ်းမှ သိရှိခဲ့ရာများကြောင့် အကြီးအကျယ်လှုံ့ဆော်ခံရမည် သေချာသည်။ “ကျမ်းစာမေးခွန်းများ အဖြေ” အပိုင်းအောက် ဖော်ပြထားရာများကို သုံးသပ်ဆင်ခြင်သည့်အခါ ကျမ်းပိုဒ်အချို့ကို သင်သာ၍ အတွင်းနက်နက် နားလည်လာပါလိမ့်မည်။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်မှ မည်သို့အကျိုးရယူနိုင်ကြောင်းကို “ကျွန်ုပ်တို့အတွက် သင်ခန်းစာများ” အောက်ရှိမှတ်ချက်များက ဖော်ပြပါမည်။
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]
ဣသရေလလူမျိုးကို ကျွန်ဘဝမှကယ်ထုတ်ရန် နူးညံ့သိမ်မွေ့သော မောရှေကို ယေဟောဝါတာဝန်ပေးခဲ့
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ကပ်ဘေးဆယ်ခုက ရေ၊ နေ၏အလင်း၊ ပိုးမွှားများ၊ တိရစ္ဆာန်များနှင့် လူသားတို့အပေါ် ဖန်ဆင်းရှင် ထိန်းချုပ်နိုင်စွမ်းရှိကြောင်း ဖော်ပြ
[စာမျက်နှာ ၂၆၊ ၂၇ ပါ ရုပ်ပုံ]
ယေဟောဝါသည် မောရှေအားဖြင့် ဣသရေလလူမျိုးကို သီအိုကရက်တစ်လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းခဲ့