မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုရာကျမ်းမှ ပေါ်လွင်ချက်များ

ဝတ်ပြုရာကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​စကားတော်​သည် အသက်ရှင်​၏

ဝတ်ပြုရာကျမ်း​မှ ပေါ်လွင်​ချက်​များ

အီဂျစ်​တို့၏​အချုပ်အနှောင်​မှ​ဣသရေလ​လူမျိုး လွတ်မြောက်​လာ​သည်​မှာ တစ်နှစ်​ပင်မ​ကြာ​သေး​ချေ။ ယခု လူမျိုးအသစ်​တစ်ခု​အဖြစ် ဖွဲ့စည်းထား​ပြီ​ဖြစ်​ရာ ခါ​နာ​န်​ပြည်​သို့​သွား​နေကြ၏။ ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​မှာ ထို​ပြည်​တွင် သန့်ရှင်းသော​လူမျိုးတစ်မျိုး နေထိုင်​စေရန်​ဖြစ်၏။ သို့ရာတွင်၊ ခါ​နာ​န်​လူမျိုး​တို့၏ ဘဝ​ပုံစံ​နှင့် ဘာသာရေး​ထုံးတမ်းများ​သည် အလွန်​ပင် ယုတ်ညံ့​လျက်​ရှိ၏။ ထို့​ကြောင့် စစ်မှန်သော​ဘုရားသခင်​သည် ဣသရေလ​လူစုလူဝေး​ကို မိမိ၏​အမှုတော်​အတွက် သီးခြား​ဖြစ်စေ​ရန် စည်းမျဉ်း​ဥပဒေ​များ ပေး​တော်​မူ​သည်။ ယင်း​တို့ကို ဝတ်ပြုရာကျမ်း​တွင် မှတ်တမ်း​တင်ထား​၏။ ဘီ.စီ.အီး. ၁၅၁၂ ခုနှစ်​ခန့်​က သိနာ​တော​၌ ပရောဖက်​မောရှေ​ရေးသားခဲ့​သည့် အဆိုပါ​ကျမ်း​သည် တစ်လ​သာ​ကြာ​သည့် ဣသရေလ​လူမျိုး​တို့၏​သမိုင်းကြောင်း​ဖြစ်သည်။ (ထွက်မြောက်ရာ ၄၀:၁၇; တောလည်ရာ ၁:၁-၃) ယေဟောဝါ​သည် မိမိ​အား​ဝတ်ပြုသူ​တို့ကို သန့်ရှင်းခြင်း​ရှိကြ​ရန် ထပ်ခါတလဲ​လဲ တိုက်တွန်း​တော်​မူ​၏။—ဝတ်ပြုရာ ၁၁:၄၄; ၁၉:၂; ၂၀:၇၊ ၂၆

ယနေ့ ယေဟောဝါသက်သေ​များသည် မောရှေ​မှ​တစ်ဆင့် ဘုရားသခင်​ပေး​ထား​သည့် ပညတ်တရား​အောက်တွင် မရှိကြ​ချေ။ ယင်း​ပညတ်တရား​ကို ယေရှု​ခရစ်​၏​သေခြင်းက ဖယ်ရှားပစ်​လိုက်​၏။ (ရောမ ၆:၁၄; ဧဖက် ၂:၁၁-၁၆) သို့ရာတွင်၊ ဝတ်ပြုရာကျမ်း​၌​တွေ့ရ​သည့် စည်းမျဉ်း​ဥပဒေ​များသည် ကျွန်ုပ်​တို့ကို အကျိုးပြု​နိုင်​ကာ ကျွန်ုပ်​တို့၏​ဘုရားသခင် ယေဟောဝါ​အား ဝတ်ပြုခြင်း​နှင့်​ပတ်သက်​၍ များစွာ​သွန်သင်ပေး​သည်။

သန့်ရှင်း​မြင့်မြတ်​သည့် ပူဇော်ရာ​ယဇ်များ—စေတနာအလျောက် ပူဇော်​ခြင်း​နှင့် မဖြစ်​မနေ​ပူဇော်​ရခြင်း

(ဝတ်ပြုရာ ၁:၁–၇:၃၈)

ပညတ်တရား​တွင်​ပါရှိ​သည့် တချို့သော ပူဇော်ရာ​ယဇ်များ​သည် စေတနာအလျောက်​ဖြစ်​ပြီး အခြား​တို့​မှာ မဖြစ်​မနေ​ပူဇော်​ရသည့် ယဇ်များ​ဖြစ်သည်။ ဥပမာ၊ မီးရှို့​ရာ​ယဇ်​သည် စေတနာအလျောက်​ပူဇော်​သော​ယဇ်​ဖြစ်၏။ တိရစ္ဆာန်​တစ်ကောင်​လုံး​ကို ဘုရားသခင်​အား ဆက်သ​ပူဇော်​ရ၏၊ ယေရှု​ခရစ်​သည် ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်​အဖြစ် မိမိ၏​အသက်ကို တလိုတလား​နှင့် လုံးလုံးလျားလျား ပေးဆက်​ခဲ့​သည့်​အတိုင်း​ပင်​ဖြစ်သည်။ စေတနာအလျောက်​ပူဇော်​ရသည့် မိတ်သဟာယ​ယဇ်ကို ဝေမျှ​သုံးဆောင်​ရသည်။ ယဇ်ကောင်​၏​အပိုင်း​တစ်ပိုင်း​ကို ယဇ်​ပလ္လင်​ပေါ်​တင်၍ ဘုရားသခင်​ထံ​ဆက်သ​ရ​ကာ နောက်​အပိုင်း​တစ်ပိုင်း​ကို ယဇ်ပုရောဟိတ်​က စား​ရပြီး ကျန်​အပိုင်း​ကို​မူ ပူဇော်​သူက စား​ရသည်။ ထို​နည်းတူ​စွာ၊ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​အတွက် ခရစ်တော်​၏​သေခြင်း​အောက်မေ့ရာပွဲ​သည် မိတ်သဟာယ​စားပွဲ​ဖြစ်သည်။—၁ ကောရိန္သု ၁၀:၁၆-၂၂

အပြစ်ဖြေရာ​ယဇ်နှင့် ကျူးလွန်​မှု​ဖြေ​ရာ​ယဇ်များ​သည် မဖြစ်​မနေ​ပူဇော်​ရသော​ယဇ်များ​ဖြစ်သည်။ အပြစ်ဖြေရာ​ယဇ်များ​က မရည်ရွယ်​ဘဲ အမှား​ပြု​မိ​သည့်​အပြစ်​များ​ကို အပြစ်​ဖြေပေး​သည်။ ကျူးလွန်​မှု​ဖြေ​ရာ​ယဇ်များ​သည် တစ်ဦး​တစ်ယောက်​၏​အခွင့်အရေး​ကို ဖောက်ဖျက်​မိ​သည့်​အခါ ဘုရားသခင်​၏​စိတ်တော်​ကို​ပြေစေ​သည်၊ သို့​မဟုတ် နောင်တ​ရသော အမှား​ပြုသူ​သည် အခွင့်အရေး​များ ပြန်ပေး​ခံရ​သည်၊ သို့​မဟုတ် နှစ်မျိုး​စ​လုံး​အတွက်​ဖြစ်သည်။ ထို့​ပြင် ယေဟောဝါ​၏​ရက်ရော​ခြင်း​ကို အသိအမှတ်ပြု​သည့်​အနေ​နှင့် ဘော​စဉ်... ပူဇော်ရာ​ယဇ်များ​လည်း ပူဇော်​ရသည်။ ပညတ်ပဋိညာဉ်​တွင် မိန့်မှာ​ထား​သည့် ဤ​ယဇ်​ပူဇော်ရာ​များသည် ယေရှု​ခရစ်​နှင့် ကိုယ်တော်​၏​ပူဇော်ရာ​ယဇ် သို့​မဟုတ် ၎င်း​မှ​ရရှိ​မည့်​အကျိုးကျေးဇူးများ​ကို ညွှန်ပြ​သောကြောင့် ဤ​ကိစ္စရပ်​အားလုံး​သည် ကျွန်ုပ်​တို့အတွက် စိတ်ဝင်စားစရာ​ဖြစ်၏။—ဟေဗြဲ ၈:၃-၆; ၉:၉-၁၄; ၁၀:၅-၁၀

ကျမ်းစာ​မေးခွန်းများ အဖြေ–

၂:၁၁၊ ၁၂—ပျားရည်​အား ‘မီး​ဖြင့်​ပူဇော်ရာ​ယဇ်​ပြုခြင်း’ ကို​ယေဟောဝါ အဘယ်ကြောင့်​လက်မခံ​သနည်း။ ဤ​တွင်​ဖော်ပြ​သည့် ပျားရည်​သည် ပျား​များ​မှ ထုတ်ယူ​ထား​သည့် ပျားရည်​မဖြစ်​နိုင်​ချေ။ ‘မီး​ဖြင့်​ပူဇော်ရာ​ယဇ်​ပြု’ ခွင့်​မရှိ​သော်လည်း “အ​ဦး​သီး​သော ... မြေ​အသီးအနှံ” များ​တွင် ပျားရည်​ပါဝင်​သည်။ (၂ ရာဇဝင်ချုပ် ၃၁:၅) ဤ​ပျားရည်​သည် သစ်သီး​အရည်၊ သို့​မဟုတ် သကာ​ရည်​ဖြစ်​ကြောင်း ထင်ရှား​သည်။ ဤ​ပျားရည်​သည် အချဉ်ပေါက်​နိုင်သော​ကြောင့် ယဇ်​ပလ္လင်​ပေါ် ပူဇော်ရာ​ယဇ်​အဖြစ် ပူဇော်​ခြင်း​ကို လက်မခံနိုင်​ပါ။

၂:၁၃—‘ပူဇော်ရာ​ယဇ်​ဟူ​သမျှ​၌’ အဘယ်ကြောင့် ဆား​ခတ်​ရသနည်း။ ယဇ်များ​၏​အရသာ​တိုး​စေရန် ဤသို့​ပြု​ရခြင်း​မဟုတ်​ချေ။ ကမ္ဘာ​တစ်ဝန်း​တွင် ဆား​ကို တာရှည်ခံ​စေသည့်​အရာ​အဖြစ် အသုံးပြုလေ့​ရှိသည်။ ဆား​သည် ယိုယွင်းခြင်း​နှင့် ပုပ်ပျက်​ခြင်း​မှ ကာကွယ်​ပေး​နိုင်​ခြင်း​ကို ပုံဆောင်​ရာ ပူဇော်ရာ​ယဇ်များ​ကို ဆား​ခတ်​ရခြင်း​ဖြစ်​ဟန်​တူ​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၃:၁၇ဆီ​ဥ​သည် အကောင်းဆုံး သို့​မဟုတ် အာဟာရ​အရှိဆုံး​အပိုင်း​ဟု ယူမှတ်​ထား​ကြ​ရာ ယင်းကို မစား​ရန် တားမြစ်​ခြင်း​က အကောင်းဆုံး​အပိုင်း​သည် ယေဟောဝါ​ပိုင်ဆိုင်ရာ​ဖြစ်​ကြောင်း ဣသရေလ​လူမျိုး​တို့ စွဲမှတ်​သွားစေရန်​ဖြစ်ပုံရ​သည်။ (ကမ္ဘာဦး ၄၅:၁၈) ကျွန်ုပ်​တို့၏​အကောင်းဆုံး​ကို ယေဟောဝါ​အား​ပေးဆက်​သင့်​ကြောင်း ယင်းက သတိပေး​၏။—သု. ၃:၉၊ ၁၀; ကောလောသဲ ၃:၂၃၊ ၂၄

၇:၂၆၊ ၂၇ဣသရေလ​လူမျိုး​သည် သွေး​ကို မစား​ရ​ချေ။ ဘုရားသခင့်​အမြင်​တွင် သွေးသည် အသက်ကို ကိုယ်စား​ပြု​၏။ “ကိုယ်ခန္ဓာ​အသက်သည် အသွေး​၌​တည်​၏” ဟု ဝတ်ပြုရာ ၁၇:၁၁ က ဆို​သည်။ သွေး​ကို​ကြ​ဉ်​ရှောင်ခြင်း​သည် စစ်မှန်သော​ဝတ်ပြုသူ​များ​အတွက် ယနေ့​တိုင် စံနှုန်း​ဖြစ်​နေဆဲ​ပင်။—တမန်​တော် ၁၅:၂၈၊ ၂၉

သန့်ရှင်းသော​ယဇ်ပုရောဟိတ်​မျိုးကို စီစဉ်​ပေး​ခဲ့

(ဝတ်ပြုရာ ၈:၁–၁၀:၂၀)

ယဇ်များ​နှင့် ပူဇော်ရာ​များ ပူဇော်​ရသည့်​လုပ်ငန်းများ​ကို ထမ်းဆောင်​ရန် မည်သူ​တို့အား တာဝန်​ပေး​ထား​သနည်း။ ယဇ်ပုရောဟိတ်​များ​ကို တာဝန်​ပေး​ထား​၏။ မောရှေ​သည် ဘုရားသခင်​ညွှန်ကြား​သည့်​အတိုင်း အာရုန်​ကို ယဇ်ပုရောဟိတ်မင်း​အဖြစ်၊ သူ၏​သားလေး​ဦး​ကို လက်ထောက်​ယဇ်ပုရောဟိတ်​များ​အဖြစ် တင်မြှောက်​သည့်​အခမ်းအနား​ပွဲ ကျင်းပ​ခဲ့​၏။ အဆိုပါ​အခမ်းအနား​သည် ခု​နစ်​ရက်​ကြာ​ပုံ​ရပြီး နောက်​တစ်နေ့​တွင်​ပင် ယဇ်ပုရောဟိတ်​လုပ်ငန်း​ကို စတင်​လုပ်ဆောင်ခဲ့​ကြ​၏။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၉:၉—အသွေးကို ယဇ်​ပလ္လင်​ခြေရင်း​တွင် သွန်းလောင်း​ပြီး အရာဝတ္ထု​အမျိုးမျိုး​ပေါ်​တွင် ပက်​ဖျန်းခြင်း​၏ ထူးခြားချက်​က အဘယ်နည်း။ ဤသို့​ပြုခြင်း​ကား အပြစ်ဖြေ​ခြင်း​တို့အတွက် အသွေးကို ယေဟောဝါ​လက်ခံ​ကြောင်း ဖော်ပြ​သည်။ အပြစ်ဖြေ​ခြင်း​အစီအစဉ်​တစ်ခုလုံး​သည် အသွေး​ပေါ်​မူတည်​၏။ တမန်​တော်​ပေါလု​က “ပညတ်တရား​အတိုင်း ခပ်သိမ်း​သော​အရာ​တို့ကို ကုန်​မတတ် အသွေး​အားဖြင့် စင်ကြယ်​စေ​တတ်၏။ အသွေး​မ​သွန်းလောင်း​ဘဲ အပြစ်လွှတ်ခြင်း​မရှိ” ဟူ၍ ရေးသားခဲ့​သည်။—ဟေဗြဲ ၉:၂၂

၁၀:၁၊ ၂—အာရုန်​၏​သားများ​ဖြစ်သူ နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့ ကျူးလွန်​မိ​သည့်​အပြစ်​ကား အဘယ်နည်း။ ယဇ်ပုရောဟိတ်​တာဝန်​များ​ကို ထမ်းဆောင်​ရာ​တွင် နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့ မတော်မလျော်​ပြုမူ​ခဲ့​ကြ​ပြီး​နောက် မကြာမီတွင် ယေဟောဝါ​သည် ယဇ်ပုရောဟိတ်​များ​အား တဲ​တော်​၌​အမှုထမ်း​နေစဉ် ဝိုင် သို့​မဟုတ် သေ​ရည်​သေ​ရက်​အသုံးမပြု​ကြ​ရန် တားမြစ်​ခဲ့​၏။ (ဝတ်ပြုရာ ၁၀:၉) ဤ​အကြောင်း​ဖော်ပြချိန်​တွင် အာရုန်​၏​သား​နှစ်ဦး​သည် အရက်ယမကာ​သောက်သုံး​ထား​ပုံ​ရှိသည်။ သို့ရာတွင်၊ ၎င်း​တို့​သေဆုံးရခြင်း​၏ အကြောင်းရင်း​မှာ “[ယေဟောဝါ] မှာ​ထား​တော်​မူ​သော​မီး​မဟုတ်၊ ထူးခြားသော​မီး” ကို ပူဇော်​ကြသော​ကြောင့်​ဖြစ်သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၁၀:၁၊ ၂။ ယနေ့ ယေဟောဝါ​၏ တာဝန်​ရှိ​ကျေးကျွန်​များသည် ဘုရားသခင်​တောင်းဆိုချက်​များ​ကို ပြည့်မီ​ရမည်​ဖြစ်သည်။ ထို့​ပြင် သူတို့သည် တာဝန်​ကို​ထမ်းဆောင်​သည့်​အခါ ရော​င့်​မ​တက်​ရ​ပေ။

၁၀:၉မူးယစ်​ကာ အရက်​ရှိန်​မပြေ​မီ ဘုရားသခင်​ပေး​တာဝန်​များ​ကို မ​ဆောင်ရွက်​သင့်​ပေ။

သန့်ရှင်း​မြင့်မြတ်​သော​ဝတ်ပြုရေး စင်ကြယ်မှု​ကို​တောင်းဆို

(ဝတ်ပြုရာ ၁၁:၁–၁၅:၃၃)

စင်ကြယ်သော​တိရစ္ဆာန်​များနှင့် မစင်ကြယ်​သော​တိရစ္ဆာန်​များနှင့်​စပ်​လျ​ဉ်း​သည့် အစားအသောက်​စည်းမျဉ်း​ဥပဒေ​များသည် ဣသရေလ​လူမျိုး​ကို နည်း​နှစ်နည်း​ဖြင့် အကျိုးပြု​ခဲ့​၏။ ဤ​စည်းမျဉ်း​ဥပဒေ​များသည် သူတို့ကို ဘေး​ဖြစ်စေ​တတ်သော ပိုးမွှား​များ​မှ ရောဂါ​မရ​စေသည့်​အပြင် ပတ်ဝန်းကျင်​နိုင်ငံ​များ​မှ လူမျိုး​တို့​နှင့် မတူ​သည်ကို ပိုမို​သိသာ​ထင်ရှားစေ​သည်။ အခြားသော​စည်းမျဉ်း​ဥပဒေ​များ​မှာ အသေကောင်​ကို​တို့​ထိမိ​၍ မစင်ကြယ်ခြင်း၊ မီးဖွား​ထားသော အမျိုးသမီးများ​ကို စင်ကြယ်​စေခြင်း၊ နူနာ​စွဲ​ခြင်း​နှင့်​ဆိုင်​သည့် လုပ်ထုံး​လုပ်​နည်း​များနှင့် ဖို​မ​စပ်ယှက်​ပြီး​၍ မစင်ကြယ်ခြင်း​တို့​နှင့်​ပတ်သက်​သည်။ ယဇ်ပုရောဟိတ်​များသည် မစင်ကြယ်​သူများ​၏​ကိစ္စရပ်​များ​ကို ကိုင်တွယ်​ဖြေရှင်း​ပေး​ကြ​ရ၏။

ကျမ်း​ဆိုင်ရာ​မေးခွန်းများ အဖြေ–

၁၂:၂၊ —ကလေး​မွေးဖွားခြင်း​က အမျိုးသမီး​တစ်ဦး​ကို အဘယ်ကြောင့် “မစင်ကြယ်” စေ​သနည်း။ မျိုးပွား​အင်္ဂါများ​သည် စုံလင်​သူများ ပေါက်ဖွား​စေရန်​ဖြစ်သည်။ သို့သော် အပြစ်​၏​အကျိုးဆက်များ​ကို အမွေခံ​ထား​ရ​သဖြင့် သားစဉ်မြေးဆက်​တို့​ထံ မစုံလင်မှု​နှင့် အပြစ်ကို​ရစေသည်။ ကလေး​မွေးဖွားခြင်း​အပြင် ဓမ္မတာ​လာ​ခြင်း၊ သုတ်​ရည်​ထွက်​ခြင်း အစ​ရှိသည်​တို့၏ ကာလ​အခိုက်အတန့် “မစင်ကြယ်” ခြင်း​က အမွေ​ရလာ​သည့် အပြစ်ရှိ​အခြေအနေ​ကို သတိ​ရစေသည်။ (ဝတ်ပြုရာ ၁၅:၁၆-၂၄; ဆာလံ ၅၁:၅; ရောမ ၅:၁၂) သန့်ရှင်း​စင်ကြယ်​ဖို့ လိုက်လျှောက်​ရမည့် စည်းမျဉ်း​ဥပဒေ​များ​က လူအပေါင်း​တို့၏​အပြစ်ကို ဖုံးအုပ်​ရန်​နှင့် ပြန်​စုံလင်​လာ​စေရန် ရွေးဖိုး​ပူဇော်ရာ​ယဇ်​လိုအပ်ကြောင်း ဣသရေလ​လူမျိုး​ကို သဘောပေါက်​စေ​သည်။ သို့​နှင့် ပညတ်တရား​သည် ‘ခရစ်တော်​ထံ​သို့​ပို့ဆောင်သော အထိန်း’ ဖြစ်လာ​၏။—ဂလာတိ ၃:၂၄

၁၅:၁၆-၁၈—ဤ​အခန်းငယ်​များ​တွင် ဖော်ပြ​ထား​သည့် ‘သုတ်​ရည်​ထွက်​ခြင်း’ ကား အဘယ်နည်း။ ည​အခါ သုတ်​ရည်​ထွက်​ခြင်း​နှင့် လင်မယား​ဆက်ဆံခြင်း​ကို ရည်ညွှန်းခြင်း​ဖြစ်​ပေမည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁၁:၄၅ယေဟောဝါ​ဘုရားသခင်​သည် သန့်ရှင်း​မြင့်မြတ်​သောကြောင့် ကိုယ်တော့်​အမှုတော်ကို ထမ်းဆောင်သူ​တို့သည် သန့်ရှင်း​ကြ​ရမည်​ဖြစ်သည်။ သူတို့သည် ကာယရေး​နှင့် ဝိညာဉ်​ရေး​ဘက် အမြဲ​သန့်ရှင်း​ကြ​ရမည်။—၂ ကောရိန္သု ၇:၁; ၁ ပေတရု ၁:၁၅၊ ၁၆

၁၂:၈ယေဟောဝါ​သည် ဆင်းရဲသား​များ​အား ပို​၍​ဈေးကြီး​သော သိုး​အစား ငှက်​များ​ကို ပူဇော်ရာ​ယဇ်​အဖြစ် ဆက်သ​စေ​သည်။ ကိုယ်တော်​သည် ဆင်းရဲသား​များ​ကို ထောက်ထား​ညှာတာ​တော်​မူ​၏။

သန့်ရှင်းမှုကို ထိန်းသိမ်း​ရမည်

(ဝတ်ပြုရာ ၁၆:၁–၂၇:၃၄)

အရေးအပါဆုံး အပြစ်ဖြေရာ​ယဇ်များ​ကို နှစ်စဉ်​ကျင်းပ​သည့် အပြစ်ဖြေရာ​နေ့တွင် ပူဇော်​ကြ​ရ၏။ ယဇ်ပုရောဟိတ်​များနှင့် လေဝိ​အနွယ်​အတွက် နွား​ထီး​ကို ပူဇော်​ကြ​ရသည်။ ယဇ်ပုရောဟိတ်​အနွယ်​မဟုတ်သည့် ဣသရေလလူ​တို့အတွက် ဆိတ်​ကို ပူဇော်​ကြ​ရ၏။ လူတို့၏​အပြစ်​များ​ကို နောက်ထပ်​ဆိတ်​တစ်ကောင်​အပေါ်​တင်ပြီး​နောက် တော​ထဲ​သို့ လွှတ်လိုက်​ရသည်။ ထို​ဆိတ်​နှစ်ကောင်ကို အပြစ်ဖြေရာ​ယဇ်​တစ်ခု​အဖြစ် သတ်မှတ်​ကြ​ရ၏။ ယင်း​တို့အားလုံး​က ယေရှု​ခရစ်​သည် ယဇ်​အဖြစ်​ပူဇော်​ခံရ​ပြီး အပြစ်​များ​ယူဆောင်​သွား​မည်​ကို ညွှန်ပြ​၏။

အသားစား​ခြင်း​နှင့် အခြားသော​ကိစ္စရပ်​များနှင့်​ပတ်သက်​သည့် စည်းမျဉ်း​ဥပဒေ​များ​က ယေဟောဝါ​အား ကျွန်ုပ်​တို့ ဝတ်ပြု​သည့်​အခါ သန့်ရှင်းမှု​ရှိဖို့လို​ကြောင်း အထူး​အလေးပေး​ဖော်ပြ​သည်။ ထို့​ကြောင့် ယဇ်ပုရောဟိတ်​များသည် သန့်ရှင်း​ဖို့​အရေးကြီး​သည်။ နှစ်စဉ်​ကျင်းပ​သော ပွဲတော်​သုံးခု​က အကြီးအကျယ်​ဝမ်းမြောက်​ဝမ်းသာစရာ အချိန်​အခါ​များ​ဖြစ်​ပြီး ဖန်ဆင်း​ရှင်​အား ကျေးဇူးတော်​ချီးမွမ်း​သည့် အခါသမယ​များ​ဖြစ်သည်။ ယေဟောဝါ​သည် မိမိ၏​သန့်ရှင်းသော​နာမတော်​ကို အလွဲသုံးစား​ပြုခြင်း၊ ဥပုသ်​စောင့်​ခြင်း​နှင့် ယုဘိလ​ပွဲခံခြင်း​အပြင် ဆင်းရဲသား​များ​ကို ပြုမူ​ဆက်ဆံပုံ၊ ကျွန်​များနှင့်​ဆက်ဆံပုံ​တို့အတွက်​လည်း စည်းမျဉ်း​ဥပဒေ​များ ချမှတ်​ပေး​တော်​မူ​၏။ ဘုရားသခင်​အား နာခံမှု​တင်ပြခြင်း​ကြောင့် ရရှိ​မည့်​ကောင်းချီး​များနှင့် မနာခံ​သည့်​အတွက် ရမည့်​ကျိန်ခြင်း​များ​ကို နှိုင်းယှဉ်​ပြ​ထား​သည်။ ကတိကဝတ်​များ​ပြုခြင်း၊ တန်ဖိုး​ဖြတ်​ခြင်း​တို့​နှင့်​ဆက်စပ်​သည့် ပူဇော်ရာ​ယဇ်များ၊ တိရစ္ဆာန်​သားဦးများ​ကို​ပူဇော်​ခြင်း၊ ‘ယေဟောဝါ​အဖို့ သန့်ရှင်း​ရမည့်​အရာ’ အဖြစ် ဆယ်ဖို့တစ်ဖို့​ပေးခြင်း​တို့​နှင့်​စပ်​လျ​ဉ်း​သည့် စည်းမျဉ်း​ဥပဒေ​များလည်း ရှိပါ​သေး​သည်။

ကျမ်း​ဆိုင်ရာ​မေးခွန်းများ အဖြေ–

၁၆:၂၉—ဣသရေလ​လူမျိုး​သည် ‘မိမိတို့၏​စိုးလ်​များ​ကို’ အဘယ်​နည်းဖြင့် ‘နာကျင်’ စေ​ကြ​ရသနည်း။ အပြစ်ဖြေရာ​နေ့တွင် ပြုလုပ်​ရသည့် ဤ​လုပ်ထုံး​လုပ်​နည်း​သည် အပြစ်လွှတ်​ခံ​လို​၍​ပြုခြင်း​နှင့် ဆက်စပ်​နေသည်။ ထို​အချိန်တွင် အစာရှောင်​ခြင်း​က အပြစ်ကို​အသိအမှတ်​ပြုခြင်း​နှင့် ဆက်စပ်​နေ​ပုံ​ရသည်။ သို့​ဖြစ်သော​ကြောင့် ‘စိုးလ်​ကို​နာကျင်စေခြင်း’ သည် အစာ​ရှောင်ခြင်း​ကို​ဆိုလို​သည်။

၁၉:၂၇—“ဦးခေါင်း​အနား​ပတ်လည်​၌ ဆံပင်​ကို​ဝန်း​၍​မ​ရိတ်​ရ” သို့​မဟုတ် မုတ်ဆိတ်​ကို ‘အလွန်အကျွံ​မ​ရိတ်​ရ’ ဟူသော​မိန့်မှာချက်​က အဘယ်အရာကို ဆိုလို​သနည်း။ ဂျူး​တို့သည် မုတ်ဆိတ်​ရိတ်ခြင်း၊ ဆံပင်​ရိတ်ခြင်း​နှင့်​စပ်​လျ​ဉ်း​သည့် အယူမှား​သော​အလေ့အထ​များ​ကို မတုပ​စေရန် ဤ​ပညတ်​ကို ပေး​ခဲ့​ကြောင်း ထင်ရှား​သည်။ (ယေရမိ ၉:၂၅၊ ၂၆; ၂၅:၂၃; ၄၉:၃၂) သို့သော် ဂျူး​တို့သည် ၎င်းတို့၏​မုတ်ဆိတ်​များ၊ ပါးသိုင်းမွေး​များ​ကို လုံးဝ​မ​ရိတ်​ရ​ဟု ဘုရားသခင်​မိန့်မှာ​နေခြင်း​မဟုတ်ပါ။—၂ ဓမ္မ​ရာဇဝင် ၁၉:၂၄

၂၅:၃၅-၃၇—အတိုး​ယူခြင်း​သည် ဣသရေလလူ​တို့အတွက် အမြဲ​မှား​ပါသလော။ စီးပွားရေး​လုပ်ငန်း​အတွက် ငွေချေး​ပါ​က ချေးပေး​သူသည် အတိုး​ယူ​နိုင်​ပါ​သည်။ သို့သော် ဆင်းရဲခြင်း​မှ​လွတ်​အောင် ချေးယူ​ထား​သည့် ငွေ​များ​အပေါ် အတိုး​ယူခြင်း​ကို​မူ ပညတ်တရား​က တားမြစ်​၏။ စီးပွားပျက်​နေသည့် ခိုကိုးရာ​မဲ့ အိမ်နီးချင်း​အပေါ် အမြတ်​ထုတ်ခြင်း​က မှား​သည်။—ထွက်မြောက်ရာ ၂၂:၂၅

၂၆:၁၉—‘မိုးကောင်းကင်​သည် သံ​ကဲ့သို့၊ မြေကြီး​သည် ကြေးဝါ​ကဲ့သို့’ မည်သို့​ဖြစ်လာ​နိုင်​သနည်း။ မိုး​မ​ရွာ​သောကြောင့် ခါ​နာ​န်​ပြည်​အထက်​ရှိ မိုးကောင်းကင်​သည် မာ​ပြီး စိမ့်ဝင်​နိုင်စွမ်း​မရှိသော သံ​ကဲ့သို့​ဖြစ်လာ​မည်။ မိုး​ရေ​မရ​သည့်​အတွက် မြေကြီး​သည် ကြေးနီ​ရော​င်​ရှိပြီး သတ္တု​ရော​င်​ပြေး​နေ​ပေမည်။

၂၆:၂၆—‘မိန်းမ​တစ်ကျိပ်​သည် မီးဖို​တစ်​ဖို​၌ မုန့်​ဖုတ်​နေခြင်း’ က အဘယ်အရာကို ဆိုလို​သနည်း။ သာမန်​အားဖြင့် အမျိုးသမီး​တစ်ဦး​သည် သူ​ဖုတ်​ရမည့်​မုန့်​အားလုံး​အတွက် မီးဖို​တစ်​ဖို​လိုအပ်​ပေမည်။ သို့သော် အမျိုးသမီး​ဆယ်ယောက် ဖုတ်​မည့်​မုန့်​အားလုံး​ကို မီးဖို​တစ်​ဖို​တည်း​နှင့်​ပင် ဖုတ်​နိုင်​မည်​ဖြစ်သည်​အထိ အစာရေစာ​ရှားပါး​လိမ့်​မည်​ကို ဤ​စကား​က ညွှန်ပြ​၏။ ယင်းသည် သန့်ရှင်းမှုကို​မထိန်းသိမ်း​သည့် အကျိုးဆက်များ​အနက် ကြိုတင်​ပရောဖက်ပြု​ထားသော အကျိုးဆက်​တစ်ခု​ဖြစ်သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၂၀:၉မုန်းတီး​သည့်​စိတ်​နှင့် အ​ညှိုး​ကြီးသော​စိတ်​သည် ယေဟောဝါ​၏​အမြင်​တွင် လူသတ်မှု​တ​မျှ ဆိုးဝါး​လှ​ပေ​သည်။ ထို့​ကြောင့် ကိုယ့်​မိဘကို ကျိန်ဆဲ​သူနှင့် သူတို့ကို​သတ်​သူကို အပြစ်ဒဏ်​တစ်ခု​တည်း​ပေး​သည်။ ယင်းကြောင့် ယုံကြည်သူချင်း​များ​အား မေတ္တာပြ​ရန် ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​သည်မဟုတ်​လော။—၁ ယောဟန် ၃:၁၄၊ ၁၅

၂၂:၃၂; ၂၄:၁၀-၁၆၊ ၂၃ယေဟောဝါ​၏​နာမတော်​ကို မ​ရှုတ်ချ​ရ​ပေ။ ထိုသို့​ပြု​မည့်​အစား ကိုယ်တော်​၏​နာမတော်​ကို ချီးမွမ်း​ရမည်၊ နာမတော်​အား သန့်ရှင်း​မြင့်မြတ်ခြင်း​ရှိစေရန် ကျွန်ုပ်​တို့​ဆုတောင်းပေး​ရမည်​ဖြစ်သည်။—ဆာလံ ၇:၁၇; မဿဲ ၆:၉

ကျွန်ုပ်​တို့၏​ဝတ်ပြုရေး​အပေါ် ဝတ်ပြုရာကျမ်း အကျိုး​သက်ရောက်​ပုံ

ယနေ့ ယေဟောဝါသက်သေ​များသည် ပညတ်တရား​အောက် မရှိကြ​ပါ။ (ဂလာတိ ၃:၂၃-၂၅) သို့သော် ဝတ်ပြုရာကျမ်း​၌ ပြောဆို​ထား​ရာ​တို့သည် ကိစ္စရပ်​အမျိုးမျိုးနှင့်​ပတ်သက်​၍ ယေဟောဝါ​၏​ရှုမြင်ပုံကို ထိုးထွင်း​သိမြင်​စေ​သဖြင့် ကျွန်ုပ်​တို့၏​ဝတ်ပြုရေး​အပေါ် အကျိုး​သက်ရောက်​စေနိုင်​ပါ​သည်။

သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​အတွက် ပြင်ဆင်​ရန် ပတ်စဉ်​ဖတ်​ရမည့်​ကျမ်းချက်​ကို သင်​ဖတ်ရှု​သည့်​အခါ ကျွန်ုပ်​တို့၏​ဘုရားသခင်​သည် မိမိ၏​ကျေးကျွန်​များ​အား သန့်ရှင်း​စေ​လို​ကြောင်း သင်​သတိပြုမိ​ပေမည်။ ထို့​ပြင် ဤ​ကျမ်းစာ​စောင်​က အမြင့်မြတ်ဆုံး​အရှင်​အား သင်၏​အကောင်းဆုံး​ကို ပေးဆက်​ရာ​တွင် ကိုယ်တော်​အား ချီးမွမ်း​ဂုဏ်တင်စရာ​ဖြစ်စေ​ရန် သန့်ရှင်းမှုကို အမြဲ​ထိန်းသိမ်း​ထား​ဖို့ သင့်​အား လှုံ့ဆော်ပေး​နိုင်​ပါ​သည်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ပညတ်တရား​အောက်​ရှိ​ပူဇော်ရာ​ယဇ်များ​သည် ယေရှု​ခရစ်​နှင့် ကိုယ်တော်​၏​ပူဇော်ရာ​ယဇ်ကို ညွှန်​ပြပေး

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

တဆေးမဲ့​မုန့်​ပွဲ​သည် အလွန်​ပျော်ရွှင်ဖွယ်​ဖြစ်ရပ် ဖြစ်​ခဲ့​သည်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သကေနေပွဲ​ကဲ့သို့​သော နှစ်ပတ်လည်​ပွဲ​များသည် ယေဟောဝါ​အား ကျေးဇူး​တင်​ကြောင်း ဖော်ပြ​သည့် အခါသမယ​များ​ဖြစ်