မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ယေဟောဝါသက်သေ​များသည် သွေး​အပိုင်းအစ​ငယ် တစ်ခုခု​ကို လက်ခံ​ပါသလော။

အောက်ပါ​ဖြေဆိုချက်​မှာ ၂၀၀၀၊ ဇွန် ၁၅ ရက်ထုတ်​မှ ပြန်လည်​ပုံနှိပ်​ထားခြင်း​ဖြစ်သည်။

အခြေခံကျ​သော​အဖြေ​မှာ ယေဟောဝါသက်သေ​များသည် သွေး​ကို​လက်မခံကြ​ပါ။ သွေး​နှင့်​ပတ်သက်သော ဘုရားသခင်​၏​ပညတ်​သည် ပြောင်းလဲ​နေသော​ယူဆ​ချက်​များနှင့်​အညီ ပြောင်းလဲ​သွားခြင်း​မရှိ​ဟု ကျွန်ုပ်​တို့ အခိုင်အမာ​ယုံကြည်​ကြသည်။ သို့သော် ယခု သွေး​ကို အဓိက​အပိုင်း​လေးမျိုး​နှင့် ထို​အပိုင်း​များ​၏ အပိုင်းအစ​များ​အဖြစ်သို့ တာရှည်ခံ​စေရန် စီမံ​ထား​နိုင်သော​ကြောင့် ဆွေးနွေး​စ​ရာ​အကြောင်း​အသစ်များ ပေါ်ပေါက်​လာ​သည်။ ခရစ်ယာန်​တစ်ဦး​သည် ၎င်းတို့ကို လက်ခံ​မည်၊ လက်မခံ​မည်​ကို ဆုံးဖြတ်ချက်​ချ​ရာ​၌ ဖြစ်​နိုင်​ခြေ​ရှိ ဆေး​ဘက်​ဆိုင်ရာ ကောင်းကျိုး​များနှင့် ဆိုးကျိုး​များ​ကို ကျော်လွန်​၍​ကြည့်မြင်​သင့်​သည်။ စိုးရိမ်​သင့်​ရာ​မှာ သမ္မာကျမ်းစာ​ပြောဆို​ထား​ရာ​များနှင့် တန်ခိုးရှင်​ဘုရားသခင်​နှင့် သူ၏​ဆက်ဆံ​ရေး​အပေါ် ဖြစ်ပေါ်​လာနိုင်​သော အကျိုး​သက်ရောက်မှု​တို့​ဖြစ်သည်။

အဓိက​အရေးကိစ္စ​များ​မှာ ရိုးရိုးလေး​သာ​ဖြစ်သည်။ ထိုသို့​အဘယ်ကြောင့်​ဖြစ်​ရ​ကြောင်းကို သိမြင်​ရန် ကျမ်း​ဆိုင်ရာ၊ သမိုင်း​ဆိုင်ရာ​နှင့် ဆေး​ဘက်​ဆိုင်ရာ နောက်ခံ​အချို့​ကို သုံးသပ်ကြည့်​ပါ။

သွေး​ကို အလေးထား​ရမည်ဟု ကျွန်ုပ်​တို့အားလုံး​၏ ဘိုးဘေး​နောဧ​ကို ယေဟောဝါ​ဘုရားသခင် မိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၉:၃၊ ၄) နောက်ပိုင်း​တွင် ဣသရေလ​လူမျိုး​ကို​ပေး​သော ဘုရားသခင့်​ပညတ်​များသည် သွေး​၏​မြင့်မြတ်မှု​ကို ဤသို့​ထင်ဟပ်​ဖော်ပြ​ခဲ့​သည်– “ဣသရေလ​အမျိုးသားများ​မှ​စ၍ . . . တစ်ပါး​အမျိုးသား​တစ်စုံ​တစ်ယောက်​သည် အသွေး​တစ်မျိုး​မျိုးကို​စား​လျှင် ထို​သူကို ငါသည်​မျက်နှာထား​၍ သူ၏​အမျိုး​မှ​ပယ်ရှင်း​မည်။” ဘုရားသခင်​၏​ပညတ်​ကို ငြင်းပယ်​ခြင်း​ဖြင့် ဣသရေလ​တစ်ဦး​သည် အခြား​သူများကို ညစ်ညမ်း​စေနိုင်​သည်; သို့ဖြင့် “သူ၏​အမျိုး​မှ​ပယ်ရှင်း​မည်” ဟု​ဘုရားသခင်​မိန့်ဆိုခဲ့​ခြင်း​ဖြစ်သည်။ (ဝတ်ပြုရာ ၁၇:၁၀) နောက်ပိုင်း၌ ယေရုရှလင်​မြို့၌ အစည်းအဝေး​တစ်ခု​တွင် တမန်​တော်​များနှင့် အကြီးအကဲ​များသည် “အသွေးကို . . . ကြ​ဉ်​ရှောင်​ရမည်” ဟု​ထုတ်ပြန်ခဲ့​သည်။ ထိုသို့​ကြ​ဉ်​ရှောင်ခြင်း​သည် လိင်​အကျင့်​ယိုယွင်းမှု​နှင့် ရုပ်ပုံ​ကိုးကွယ်​မှု​ကို ကြ​ဉ်​ရှောင်ခြင်း​တ​မျှ အရေးကြီး​သည်။—တမန်​တော် ၁၅:၂၈၊ ၂၉

ထို​အချိန်​က “ကြ​ဉ်​ရှောင်ခြင်း” ဟူသည် မည်သို့​အဓိပ္ပာယ်​ရှိခဲ့​မည်​နည်း။ ခရစ်ယာန်​များသည် လတ်ဆတ်​သော​သွေး သို့​မဟုတ် သွေး​ခဲ​များ​ကို မစားသုံး​ခဲ့​ကြ​ချေ; အသွေး​မ​ထုတ်​ထားသော​အသားကို​လည်း သူတို့ မစားသုံး​ခဲ့​ကြ​ချေ။ ထို့​ပြင် သွေး​အူ​ချောင်း​ကဲ့သို့​သော သွေးပါ​သည့်​အစားအစာ​များ​ကိုလည်း စား​ကြ​မည်​မဟုတ်ပါ။ ထို​နည်းများဖြင့် သွေး​ကို​စားသုံးခြင်း​သည် ဘုရားသခင်​၏​ပညတ်တော်​ကို ချိုးဖောက်​ရာ​ရောက်မည်​ဖြစ်သည်။—၁ ဓမ္မ​ရာဇဝင် ၁၄:၃၂၊ ၃၃

တာတူလျန် (စီ.အီး. ဒုတိယ​နှင့် တတိယ​ရာစု​များ) ၏​စာပေ​တွင် ကျွန်ုပ်​တို့​တွေ့​နိုင်​သည့်​အတိုင်း ရှေး​အချိန်​မှ လူအများစု​သည် သွေး​စားသုံးခြင်း​နှင့်​ပတ်သက်​၍ စိုးရိမ်​မည်​မဟုတ်​ခဲ့​ချေ။ ခရစ်ယာန်​များသည် သွေး​စားသုံး​သည်​ဟူသော မှားယွင်းသော​စွဲချက်​ကို ချေပ​သည့်​အနေ​ဖြင့် သွေး​သောက်​၍ သစ္စာဆို​ကြ​သည့် လူမျိုးနွယ်​စု​များ​အကြောင်း တာတူလျန်​ဖော်ပြ​ခဲ့​သည်။ “ကွင်း​အတွင်း တိုက်ခိုက်​ပွဲ​ပြီး​သောအခါ အာသာငမ်းငမ်း​ဖြစ်နေ​သူ​အချို့​သည် သူတို့၏​ဝက်ရူးပြန်​ရောဂါ​ကို ပျောက်စေ​ရန် အသတ်ခံရ​သူ၏ သွေး​စိမ်း​ရှင်​ရှင်​ကို . . . ခံယူ​ခဲ့​ကြသည်” ဟူ၍လည်း သူ​ဖော်ပြ​ခဲ့​၏။

အဆိုပါ​အပြု​အမူ​များ​ကို (ရောမ​အချို့​သည် ကျန်းမာ​ရေး​အကြောင်း​ပြပြီး ပြုလုပ်​လျှင်​ပင်) ခရစ်ယာန်​များ​အတွက် မှားယွင်း​၏– “ကျွန်ုပ်​တို့​စား​သော​အစာ​တွင် တိရစ္ဆာန်​အသွေး​ပင် လုံးဝ​မပါ” ဟု တာတူလျန်​ရေးခဲ့​သည်။ ရောမ​များသည် ခရစ်ယာန်စစ်​များ​၏​သမာဓိကို စမ်းသပ်​သည့်​အနေ​ဖြင့် သွေး​ထည့်​ထားသော​အစာများ​ကို အသုံးပြု​ခဲ့​ကြသည်။ တာတူလျန်​က ဤသို့​ထပ်ဆင့်​ပြော​သည်– “[ခရစ်ယာန်​များသည်] တိရစ္ဆာန်​သွေး​ကို ရွံရှာ​မည်​ဖြစ်​ကြောင်း တပ်အပ်​သိထား​လျက်​နှင့် လူ့​အသွေးကို သူတို့​ငမ်းငမ်းတက်​မည်​ဟု သင်​အထင်​ရှိ​ခြင်း​ကား အသို့နည်း​ဟု ယခု သင့်ကို​မေး​မည်။”

ယနေ့ ဆရာဝန်​တစ်ဦး​က သွေးသွင်း​ရန် အကြံပြု​သောအခါ တန်ခိုးရှင်​ဘုရားသခင်​၏ ပညတ်တော်​များနှင့်​ပတ်သက်​နေသည်​ဟု ယူမှတ်​မည့်​သူ မရှိသလောက်​ပင်။ ယေဟောဝါသက်သေ​များသည် အမှန်ပင် ဆက်​အသက်ရှင်​လို​ကြသော်လည်း သွေး​နှင့်​ပတ်သက်သော ယေဟောဝါ​၏​ပညတ်တော်​ကို ကျွန်ုပ်​တို့​နာခံကြ​ရန် တာဝန်​ရှိသည်။ ယင်းသည် လက်ရှိ​ဆေး​ကုသ​နည်းသစ်​၏​ရှုထောင့်​မှ အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

ဒုတိယ​ကမ္ဘာ​စစ်​ပြီး​နောက် ပကတိ​အတိုင်း​ရှိသော​သွေး​ကို သွင်း​ခြင်း​သည် အစဉ်အလာ​ဖြစ်လာ​သော်လည်း ၎င်း​သည် ဘုရားသခင့်​ပညတ်​ကို ဆန့်ကျင်​ကြောင်း ယေဟောဝါသက်သေ​များ သိမြင်ခဲ့​ကြ​ပြီး ယခု​အထိ ထို​အတိုင်း ယုံကြည်​နေဆဲ​ပင်​ဖြစ်သည်။ သို့ရာတွင် ထို​အချိန်​မှ​စ၍ ဆေးပညာ​သည် ပြောင်းလဲ​လာ​ခဲ့ပြီ။ ယနေ့ ပကတိ​အတိုင်း​ရှိသော​သွေး​ကို အများအားဖြင့် မ​သွင်း​တော့​ဘဲ ယင်း​၏​အဓိက​အစိတ်အပိုင်း​တစ်ခုခု (၁) သွေး​ဆဲလ်​နီ​များ; (၂) သွေးဆဲလ်ဖြူ​များ; (၃) သွေးဥမွှား​များ; (၄) ပလာစမာ (သွေးရည်ကြည်)၊ အရည်​ပိုင်း​တို့ကို သွင်း​လေ့​ရှိသည်။ လူနာ​၏​အခြေအနေ​အပေါ်​မူတည်၍ ဆရာဝန်​များသည် သွေး​ဆဲလ်​နီ​များ၊ သွေးဆဲလ်ဖြူ​များ၊ သွေးဥမွှား​များ၊ သို့​မဟုတ် ပလာစမာ​ကို ညွှန်ကြား​ပေး​ပေမည်။ ဤ​အဓိက​အစိတ်အပိုင်း​များ​ကို သွင်း​ခြင်း​ဖြင့် သွေး​တစ်​ယူနစ်​ကို လူနာ​အများ​အား မျှဝေ​သွင်း​ပေး​နိုင်​သည်။ ပကတိ​အတိုင်း​ရှိသော​သွေး​ဖြစ်စေ၊ အဆိုပါ မည်သည့်​အဓိက​အစိတ်အပိုင်း​လေးမျိုးကို​ဖြစ်စေ သွင်း​ခြင်း​တို့သည် ဘုရားသခင်​၏​ပညတ်​ကို ချိုးဖောက်​ရာ​ရောက်​သည်​ဟု ယေဟောဝါသက်သေ​များ​က ခံယူ​ကြသည်။ ဤ​ကျမ်းစာ​အခြေပြု အနေအထား​ကို​ခံယူ​ခြင်း​သည် သွေးမှ​ကူးစက်​နိုင်သော အသည်းရောင်​ရောဂါ​နှင့် အေအိုင်ဒီအက်စ်​စ​သည့် ရောဂါ​များ​အပါအဝင် ဘေးအန္တရာယ်​များစွာ​မှ ကာကွယ်​ပေး​ခဲ့​သည်​မှာ ထင်ရှား​ပါ​သည်။

သို့သော် သွေး​ကို အဆိုပါ​အဓိက​အစိတ်အပိုင်း​များ​ထက်မက အဆင့်ဆင့်​ပြုပြင်​စီမံ​နိုင်သော​ကြောင့် ထို​အဓိက​သွေး​အစိတ်အပိုင်း​များ​မှ​ရရှိ​သည့် သွေး​အပိုင်းအစ​ငယ်​များနှင့်​ပတ်သက်​၍ မေးခွန်းများ​ပေါ်ပေါက်​လာ​ပါ​သည်။ ဤ​သွေး​အပိုင်းအစ​ငယ်​များ​ကို မည်သို့​အသုံးပြု​ကြ​ပြီး ယင်း​တို့​နှင့်​စပ်လျဉ်း၍ ဆုံးဖြတ်ချက်​ချ​သောအခါ ခရစ်ယာန်​တစ်ဦး​သည် အဘယ်အရာ​များ​ကို ထည့်​သုံးသပ်​သင့်​သနည်း။

သွေးသည် အစိတ်အပိုင်း​များစွာ​ဖြင့် ဖွဲ့စည်းထား​၏။ ၉၀ ရာခိုင်နှုန်း​မှာ ရေ​ဖြစ်သည့် ပလာစမာ​၌​ပင်​လျှင် သတ္တု​ဓာတ်​များနှင့် သကြားဓာတ်​အပါအဝင် ဟော်မုန်း​အများအပြား၊ အ​ဇီဝ​မူလ​ဆား​များ၊ အင်ဇိုင်း​များနှင့် အာဟာရဓာတ်များ​ပါရှိ​သည်။ ပလာစမာ​တွင် အယ်​လ​ဗျူ​မင်၊ သွေး​ခဲ​စေသည့်​ပစ္စည်း​များနှင့် ရောဂါ​များ​ကို တိုက်​ထုတ်ပေး​သော ပဋိပစ္စည်း​များ​ပါဝင်​၏။ ပညာရှင်​များသည် ပလာစမာ​ပရိုတင်း​များစွာကို သီးသန့်​ခွဲခြား​ထုတ်ယူ​ကာ အသုံးပြု​ကြသည်။ ဥပမာ၊ အ​ဋ္ဌ​မ​သွေး​ခဲ​စေသည့်​ပစ္စည်း​ကို သွေး​ထွက်​လွယ်​သည့် သွေး​မ​တိတ်​ရောဂါ​သည်​များ​ကို သွင်း​ပေးလေ့​ရှိသည်။ သို့​မဟုတ် တစ်ဦး​တစ်ယောက်​သည် အချို့​သော​ရောဂါ​များ ဖြစ်​မည်​ဆိုလျှင် ဆရာဝန်​များသည် ရောဂါ​ပြီး​သူတို့၏ သွေး​ပလာစမာ​မှ ထုတ်ယူ​ထားသော ဂမ္မာဂလိုဗျူလင်​ကို​ထိုး​ရန် ညွှန်ကြား​မည်​ဖြစ်သည်။ ဆေးပညာ​အရ အခြား​ပလာစမာ​ပရိုတင်း​များ​ကို အသုံးပြု​တတ်ကြ​သော်လည်း အဓိက​သွေး​အစိတ်အပိုင်း (ပလာစမာ) ကို​ပြုပြင်​စီမံ​ခြင်း​ဖြင့် ၎င်း​မှ သွေး​အပိုင်းအစ​ငယ်​များ​ရရှိ​နိုင်​ပုံ​ကို အထက်ပါ​ဥပမာ​က ဖော်ပြ​သည်။ *

သွေး​ပလာစမာ​မှ အပိုင်းအစ​ငယ်​များ​အသီးသီး ထုတ်ယူ​နိုင်​သကဲ့သို့ အခြား​အဓိက​အစိတ်အပိုင်း​များ (သွေး​ဆဲလ်​နီ​များ၊ သွေးဆဲလ်ဖြူ​များ၊ သွေးဥမွှား​များ) မှ​လည်း သွေး​အပိုင်းအစ​ငယ်​များ​ကို သီးခြားခွဲ​ထုတ်ယူ​နိုင်၏။ ဥပမာ၊ သွေးဆဲလ်ဖြူ​များသည် ဗိုင်းရတ်​ကူးစက်​ရောဂါ​များနှင့် ကင်ဆာ​ရောဂါ​အချို့​တို့ကို ကုသ​ရန်​အသုံးပြု​ခဲ့​သော ဗိုင်းရတ်​ဟန့်တား​ပရိုတင်း​များနှင့် ပ​ဋိ​လှုံ့​သွေးဆဲလ်ဖြူ​ဓာတ်​တို့၏ ရင်းမြစ်​တစ်ခု​ဖြစ်​ပေမည်။ သွေးဥမွှား​များ​ကို ပြုပြင်​စီမံ​၍ ဒဏ်ရာ​ပျောက်စေ​သော​ဆေး ထုတ်လုပ်​နိုင်​သည်။ ထို့​ပြင် (အနည်းဆုံး အစပိုင်း​တွင်) သွေး​အစိတ်အပိုင်း​များ​မှ ထုတ်ယူ​ထား​ရာ​များ​ပါဝင်​သည့် အခြား​ဆေးဝါး​များလည်း ပေါ်လာ​ပါ​ပြီ။ ဤသို့​သော​ကုသ​နည်း​များသည် အဆိုပါ​အဓိက​အစိတ်အပိုင်း​များ​ကို သွင်း​ခြင်း​မဟုတ်; ထို​ကုသ​နည်း​များ​တွင် များသောအားဖြင့် ၎င်း​တို့​မှ​ထုတ်ယူ​ထားသော အပိုင်းအစ​ငယ်​များ​ပါ​ဝင်လေ့​ရှိသည်။ ခရစ်ယာန်​များသည် ဆေး​ကုသ​ခံယူ​ရာ​တွင် ယင်း​အပိုင်းအစ​ငယ်​များ​ကို လက်ခံသင့်​သလော။ ကျွန်ုပ်​တို့​မပြော​နိုင်​ပါ။ သမ္မာကျမ်းစာ​တွင် အသေးစိတ်​မပြော​ထားသော​ကြောင့် ခရစ်ယာန်​တစ်ဦး​သည် ဘုရားသခင်​ရှေ့တွင် ကိုယ်ပိုင်​အသိစိတ်​ရှိ​ရှိ ဆုံးဖြတ်​ရမည်​ဖြစ်သည်။

အချို့​သည် သွေးမှ​ထုတ်ယူ​ထားသော မည်သည့်​အရာ​ကို​မဆို (ယာယီ အလိုအလျောက်​ရောဂါ​ပြီး​စေရန် ရည်ရွယ်​ထားသော အပိုင်းအစ​လေး​များ​ကို​ပင်) ငြင်းပယ်​ကြ​မည်​ဖြစ်သည်။ ‘အသွေးကို ကြ​ဉ်​ရှောင်​ရမည်’ ဟူသော ဘုရားသခင်​၏​ပညတ်ချက်​ကို ထို​အတိုင်း သူတို့​နားလည်​သဘောပေါက်၍​ဖြစ်၏။ သတ္တဝါ​တစ်ကောင်​မှ ထုတ်​လိုက်​သည့်​သွေး​ကို “မြေပေါ်မှာ​သွန်​ရမည်” ဟု​ဣသရေလ​လူမျိုး​အား ကိုယ်တော့်​ပညတ်တော်​က တောင်းဆို​၏​ဟု သူတို့​ကျိုးကြောင်း​ဆင်ခြင်​ကြသည်။ (တရားဟောရာ ၁၂:၂၂-၂၄) ထို​ကျမ်းချက်​နှင့် သက်ဆိုင်မှု​ရှိ၏​လော။ ဂမ္မာဂလိုဗျူလင်၊ သွေး​အခြေပြု သွေး​ခဲ​စေသည့်​ပစ္စည်း​များ အစ​ရှိသည်​တို့ကို ဖော်စပ်​ရန် သွေး​ကို​ထုတ်ယူ​ကာ အဆင့်ဆင့်​လုပ်ဆောင်​သွားဖို့​လို​သည်။ ထို့​ကြောင့် ခရစ်ယာန်​အချို့​သည် ပကတိ​အတိုင်း​ရှိသော​သွေး သို့​မဟုတ် သွေး​၏​အဓိက​အစိတ်အပိုင်း​လေးမျိုးကို သွင်း​ရန်​ငြင်းပယ်​ကြ​သကဲ့သို့ အဆိုပါ​ဆေးဝါး​များ​ကိုလည်း ငြင်းပယ်​ကြသည်။ သူတို့၏ စိတ်​ရိုး​မှန်သော၊ အသိစိတ်​ရှိ​ရှိ​ရပ်တည်မှု​ကို လေးစား​သင့်​သည်။

အခြား​ခရစ်ယာန်​များ​မူ ထိုသို့​ဆုံးဖြတ်ချက်​မချ​ကြ​ချေ။ သူတို့​သည်လည်း ပကတိ​အတိုင်း​ရှိသော​သွေး၊ သွေး​ဆဲလ်​နီ​များ၊ သွေးဆဲလ်ဖြူ​များ၊ သွေးဥမွှား​များ သို့​မဟုတ် ပလာစမာ သွင်း​ခြင်း​ကို​ငြင်းပယ်​ကြ​၏။ သို့သော် သွေး​၏​အဓိက​အစိတ်အပိုင်း​များ​မှ ထုတ်ယူ​ထားသော အပိုင်းအစ​လေး​များနှင့် မိမိတို့​အား ဆရာဝန်​ကို ကုသ​စေ​ပေမည်။ ဤ​တွင်​ပင် ကွာခြား​ချက်​များ​ရှိ​နိုင်​သည်။ ခရစ်ယာန်​တစ်ဦး​သည် ဂမ္မာဂလိုဗျူလင်​ထိုးဆေး​ကို လက်ခံ​ကောင်း​လက်ခံ​မည်​ဖြစ်သော်လည်း သွေး​ဆဲလ်​နီ​များ သို့​မဟုတ် သွေးဆဲလ်ဖြူ​များ​မှ ထုတ်ယူ​ထားသော​အရာ​တစ်ခုခု​ပါရှိ​သည့် ထိုးဆေး​ကို​မူ လက်ခံ​ကောင်း​လက်ခံ​မည် သို့​မဟုတ် လက်မခံဘဲ​နေ​ပေမည်။ သို့သော် အားလုံး​ကို​ခြုံငုံ​ကြည့်​လျှင် သွေး​အပိုင်းအစ​ငယ်​များ​ကို လက်ခံ​နိုင်​သည်​ဟု သဘော​ပိုက်​ရန် ခရစ်ယာန်​အချို့​အား အဘယ်အရာက ဆုံးဖြတ်​စေ​သနည်း။

ပလာစမာ​ပရိုတင်း​များ (အပိုင်းအစ​ငယ်​များ) သည် ကိုယ်ဝန်ဆောင်​အမျိုးသမီး​တစ်ဦး၏​သွေးမှ သန္ဓေသား​၏ သီးခြား​သွေး​စနစ်​ထဲ​သို့ ကူး​ပြောင်း​သွား​ကြောင်း ၁၉၉၀၊ ဇွန် ၁ ကင်းမျှော်စင် [လိပ်] မှ “စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ” တွင်​ဖော်ပြ​ခဲ့​သည်။ သို့ဖြင့် မိခင်​သည် သူ၏​ကလေး​ထံ ရောဂါ​ပြီး​ဂ​လို​ဗျူ​လင်​ကို လက်ဆင့်ကမ်း​ပေး​လိုက်​ရာ အရေးပါသော​ကိုယ်ခံအား​စနစ်​ကို ရရှိစေ​သည်။ သီးခြား​အနေ​နှင့် သန္ဓေသား​၏​သွေး​ဆဲလ်​နီ​များသည် ပုံမှန်​သက်တမ်း​ကုန်​သွားစဉ် ၎င်းတို့၏ အောက်ဆီဂျင်​သယ်​ဆောင်ပေး​သော​အပိုင်း​မှာ အဆင့်ဆင့်​ပြုပြင်​ခံရ​သည်။ ယင်း​၏​အပိုင်း​အချို့​သည် ဗီလီရူဗင်​ဖြစ်လာ​ပြီး အချင်း​မှ​တစ်ဆင့် မိခင်​ထံ​ရောက်သွား​ရာ မိခင်၏​ကိုယ်ခန္ဓာ​စွန့်ပစ်​ပစ္စည်း​များနှင့်​အတူ ထုတ်ပစ်​ခံရ​သည်။ သွေး​အပိုင်းအစ​ငယ်​များ​ကို ဤ​သဘာဝနည်း​ဖြင့် အခြားသူ​တစ်ဦးထံ လက်ဆင့်ကမ်း​ပေး​နိုင်​ခြင်း​ကြောင့် သွေး​ပလာစမာ သို့​မဟုတ် ဆဲလ်​များ​မှ ထုတ်ယူ​ထား​သည့် သွေး​အပိုင်းအစ​ငယ်​များ​ကို လက်ခံ​ယူ​နိုင်​သည်​ဟု ခရစ်ယာန်​အချို့​က ကောက်ချက်​ချ​ပေမည်။

ထင်မြင်​ယူဆ​ချက်​များနှင့် အသိစိတ်​ရှိ​ရှိ​ဖြင့်​ပြုသော ဆုံးဖြတ်ချက်​များ ကွဲပြား​ခြားနား​ခြင်း​က ယင်း​ကိစ္စ​သည် အရေး​မကြီး​ပါ​ဟု အဓိပ္ပာယ်​သက်ရောက်​သလော။ မသက်ရောက်​ပါ၊ အရေးကြီး​ပါ​သည်။ သို့ရာတွင် အခြေခံကျ​သော ရိုးရှင်း​သည့်​အချက်​တစ်ချက်​ရှိသည်။ ယေဟောဝါသက်သေ​များသည် ပကတိ​အတိုင်း​ရှိသော​သွေး​နှင့် ၎င်း​၏​အဓိက​သွေး​အစိတ်အပိုင်း​များ​ကို​ပါ မ​သွင်း​ကြောင်း အထက်ပါ​အကြောင်းအရာက ဖော်ပြ​နေပါ​သည်။ ‘. . . ရှေ့မှာ ပူဇော်​သော​ယဇ်ကောင်​ကိုလည်း​ကောင်း၊ အသွေးကို​လည်းကောင်း၊ မတရားသော​မေထုန်​ကိုလည်း​ကောင်း ကြ​ဉ်​ရှောင်’ ရန် ခရစ်ယာန်​များ​ကို ကျမ်းစာ​က​မိန့်ကြား​သည်။ (တမန်​တော် ၁၅:၂၈၊ ၂၉) ထို့​ထက်​ကျော်လွန်​၍ အဓိက​အစိတ်အပိုင်း​များ​မှ​ထုတ်လုပ်သည့် အပိုင်းအစ​ငယ်​များနှင့်​ပတ်သက်​လာ​လျှင်​မူ သေချာ​စွာ​ဆုတောင်း၍ ဆင်ခြင်​တွေးတော​ပြီး​နောက် ခရစ်ယာန်​တစ်ဦးချင်း​စီ​အနေ​ဖြင့် မိမိ​ဘာသာ အသိစိတ်​ရှိ​ရှိ ဆုံးဖြတ်ချက်​ချ​ရ​ပေမည်။

သွေးမှ​ထုတ်လုပ်​သော​ပစ္စည်း​များသည် ကျန်းမာ​ရေး​ကို​ထိခိုက်​နိုင်​ကြောင်း လူအများ​သိရှိ​လျက်​ပင် ချက်ချင်း​အကျိုးပြု​နိုင်​ဖွယ်​ရှိသော မည်သည့်​ကုထုံး​ကို​မဆို တလိုတလား​လက်ခံ​လို​ကြ​ပေမည်။ စိတ်ရင်းမှန်​သော​ခရစ်ယာန်​တစ်ဦး​မူ​ကား ကာယရေး​ရှုထောင့်​ထက်မက ပို​၍​မျှတသော​အမြင်​ရှိ​ရန် ကြိုးစား​သည်။ ယေဟောဝါသက်သေ​များသည် အရည်အသွေး​ရှိ​ရှိ ကြိုးစား​ကုသ​ပေး​မှု​ကို တန်ဖိုး​ထား​လေးမြတ်​ကြ​၏၊ မည်သည့်​ကုထုံး​မဆို​၏ ဆိုးကျိုး/ကောင်းကျိုး အချိုးအစား​ကိုလည်း ချင့်ချိန်​သုံးသပ်ကြ​သည်။ သို့သော် သွေးမှ​ထုတ်လုပ်​ထားသော ပစ္စည်း​များနှင့်​ပတ်သက်​လာ​လျှင်​မူ သူတို့သည် ဘုရားသခင်​မိန့်မှာချက်ကို​လည်းကောင်း၊ အသက်ပေး​ပိုင်ရှင်​နှင့် မိမိတို့၏​နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ကိုလည်း​ကောင်း အထူး​အလေးထား ချင့်ချိန်​သုံးသပ်ကြ​သည်။—ဆာလံ ၃၆:၉

“ထာဝရ​အရှင်​ဘုရားသခင်​သည် နေလည်း​ဖြစ်​တော်​မူ​၏။ အကွယ်အကာ​လည်း​ဖြစ်​တော်​မူ​၏။ ထာဝရ​ဘုရား[သခင်]သည် ကျေးဇူးတော်​နှင့် ဘုန်း​အသရေ​ကို​ပေး​တော်​မူ​၏။ ဖြောင့်မတ်​စွာ​ကျင့်​သော​သူတို့အား ကောင်းသော​အရာ​ကို​ငြင်း​တော်​မ​မူ။ . . . အရှင်​ထာဝရ​ဘုရား[သခင်]၊ ကိုယ်တော်​ကို ခိုလှုံ​သော​သူသည် မင်္ဂလာ​ရှိပါ၏” ဟု​ရေးသားခဲ့​သော ဆာလံဆရာ​နည်းတူ ယုံကြည်​စိတ်ချမှု​ရှိ​ခြင်း​သည် ခရစ်ယာန်​တစ်ဦး​အတွက် တကယ့်​ကောင်းချီး​တစ်ရပ်​ပါ​တကား!—ဆာလံ ၈၄:၁၁၊ ၁၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ၁၉၇၈၊ ဇွန် ၁၅ ရက် [လိပ်] နှင့် ၁၉၉၄၊ အောက်တိုဘာ ၁ ကင်းမျှော်စင် မှ “စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ” ရှု။ တစ်ချိန်က အသုံးပြု​ခဲ့​သော အချို့​သွေး​အပိုင်းအစ​ငယ်​များ​အစား အသုံးပြုနိုင်​သည့် သွေးမှ​ထုတ်ယူ​ထားခြင်း​မဟုတ်ဘဲ ဓာတု​နည်းဖြင့် ဖော်စပ်​ထားသော​ဆေး​များ​ကို ဆေး​ကုမ္ပဏီ​များ​က ထုတ်လုပ်​ခဲ့ပြီ။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]

ဆရာဝန်​ကို​မေး​ရန် အကြံပြု​ထား​သည့်​မေးခွန်းများ

အကယ်၍ သင်သည် သွေး​ပစ္စည်း​ပါ​နိုင်​သည့် ခွဲစိတ်​ကုသမှု သို့​မဟုတ် ဆေး​ကုသမှု​ကို ခံယူ​ရ​ရန်​အကြောင်း​ရှိလျှင် ဤသို့​မေးပါ–

ယေဟောဝါသက်သေ​တစ်ဦး​အနေ​နှင့် မည်သည့်​အခြေအနေ​၌​မျှ​မဆို သွေး (ပကတိ​အတိုင်း​ရှိသော​သွေး၊ သွေး​ဆဲလ်​နီ​များ၊ သွေးဆဲလ်ဖြူ​များ၊ သွေးဥမွှား​များ၊ သို့​မဟုတ် သွေး​ပလာစမာ) ကို​ကျွန်ုပ်​အား မ​သွင်း​ပေး​ရန် မှာကြား​ထား​သည်ကို ပါဝင်သူ​ဆေး​ဘက်​ဆိုင်ရာ ဝန်ထမ်း​အားလုံး သိ​ကြ​ပါသလော။

သွေး​ပလာစမာ၊ သွေး​ဆဲလ်​နီ သို့​မဟုတ် ဆဲလ်​ဖြူ​များ၊ သို့​မဟုတ် သွေးဥမွှား​များ​မှ ထုတ်လုပ်​ထား​သည့် ဆေး​တစ်မျိုး​မျိုးကို ဆေး​ညွှန်း​ပေး​ထား​လျှင် ဤသို့​မေးပါ–

ဤ​ဆေး​သည် အဓိက​သွေး​အစိတ်အပိုင်း​လေးမျိုး​အနက် တစ်မျိုး​မျိုး​မှ​ထုတ်ယူ​ထားခြင်း​လော။ ထိုသို့ ဖြစ်​လျှင် ၎င်း​တွင်​ပါရှိ​ရာ​ကို ရှင်း​ပြပေး​နိုင်​မည်​လော။

သွေးမှ​ထုတ်လုပ်​ထားသော အဆိုပါ​ဆေး​ကို မည်မျှ​အသုံးပြု​စေမည်​နည်း၊ မည်သည့်​နည်းဖြင့်​နည်း။

ဤ​သွေး​အပိုင်းအစ​ငယ်​ကို လက်ခံရန် ကျွန်ုပ်​၏​သိစိတ်​က ခွင့်ပြု​လျှင် ဆေး​၏​ဆိုးကျိုး​များ​ကား အဘယ်နည်း။

ကျွန်ုပ်​၏​သိစိတ်​ကြောင့် ၎င်း​သွေး​အပိုင်းအစ​ကို ငြင်းပယ်​လျှင် အခြား​မည်သည့်​ကုထုံး​ကို အသုံးပြုနိုင်​မည်​နည်း။

ဤ​ကိစ္စ​ကို နောက်ထပ်​စဉ်းစား​သုံးသပ်​ပြီး​နောက် ကျွန်ုပ်​၏​ဆုံးဖြတ်ချက်​ကို သင့်​အား အဘယ်​အချိန်တွင် သိစေ​နိုင်​မည်​နည်း။