စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

ယေဟောဝါသက်သေများသည် သွေးအပိုင်းအစငယ် တစ်ခုခုကို လက်ခံပါသလော။

အောက်ပါဖြေဆိုချက်မှာ ၂၀၀၀၊ ဇွန် ၁၅ ရက်ထုတ်မှ ပြန်လည်ပုံနှိပ်ထားခြင်းဖြစ်သည်။

အခြေခံကျသောအဖြေမှာ ယေဟောဝါသက်သေများသည် သွေးကိုလက်မခံကြပါ။ သွေးနှင့်ပတ်သက်သော ဘုရားသခင်၏ပညတ်သည် ပြောင်းလဲနေသောယူဆချက်များနှင့်အညီ ပြောင်းလဲသွားခြင်းမရှိဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ကြသည်။ သို့သော် ယခု သွေးကို အဓိကအပိုင်းလေးမျိုးနှင့် ထိုအပိုင်းများ၏ အပိုင်းအစများအဖြစ်သို့ တာရှည်ခံစေရန် စီမံထားနိုင်သောကြောင့် ဆွေးနွေးစရာအကြောင်းအသစ်များ ပေါ်ပေါက်လာသည်။ ခရစ်ယာန်တစ်ဦးသည် ၎င်းတို့ကို လက်ခံမည်၊ လက်မခံမည်ကို ဆုံးဖြတ်ချက်ချရာ၌ ဖြစ်နိုင်ခြေရှိ ဆေးဘက်ဆိုင်ရာ ကောင်းကျိုးများနှင့် ဆိုးကျိုးများကို ကျော်လွန်၍ကြည့်မြင်သင့်သည်။ စိုးရိမ်သင့်ရာမှာ သမ္မာကျမ်းစာပြောဆိုထားရာများနှင့် တန်ခိုးရှင်ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးအပေါ် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုတို့ဖြစ်သည်။

အဓိကအရေးကိစ္စများမှာ ရိုးရိုးလေးသာဖြစ်သည်။ ထိုသို့အဘယ်ကြောင့်ဖြစ်ရကြောင်းကို သိမြင်ရန် ကျမ်းဆိုင်ရာ၊ သမိုင်းဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ နောက်ခံအချို့ကို သုံးသပ်ကြည့်ပါ။

သွေးကို အလေးထားရမည်ဟု ကျွန်ုပ်တို့အားလုံး၏ ဘိုးဘေးနောဧကို ယေဟောဝါဘုရားသခင် မိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၉:၃၊ ၄) နောက်ပိုင်းတွင် ဣသရေလလူမျိုးကိုပေးသော ဘုရားသခင့်ပညတ်များသည် သွေး၏မြင့်မြတ်မှုကို ဤသို့ထင်ဟပ်ဖော်ပြခဲ့သည်– “ဣသရေလအမျိုးသားများမှစ၍ . . . တစ်ပါးအမျိုးသားတစ်စုံတစ်ယောက်သည် အသွေးတစ်မျိုးမျိုးကိုစားလျှင် ထိုသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။” ဘုရားသခင်၏ပညတ်ကို ငြင်းပယ်ခြင်းဖြင့် ဣသရေလတစ်ဦးသည် အခြားသူများကို ညစ်ညမ်းစေနိုင်သည်; သို့ဖြင့် “သူ၏အမျိုးမှပယ်ရှင်းမည်” ဟုဘုရားသခင်မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ (ဝတ်ပြုရာ ၁၇:၁၀) နောက်ပိုင်း၌ ယေရုရှလင်မြို့၌ အစည်းအဝေးတစ်ခုတွင် တမန်တော်များနှင့် အကြီးအကဲများသည် “အသွေးကို . . . ကြဉ်ရှောင်ရမည်” ဟုထုတ်ပြန်ခဲ့သည်။ ထိုသို့ကြဉ်ရှောင်ခြင်းသည် လိင်အကျင့်ယိုယွင်းမှုနှင့် ရုပ်ပုံကိုးကွယ်မှုကို ကြဉ်ရှောင်ခြင်းတမျှ အရေးကြီးသည်။—တမန်တော် ၁၅:၂၈၊ ၂၉

ထိုအချိန်က “ကြဉ်ရှောင်ခြင်း” ဟူသည် မည်သို့အဓိပ္ပာယ်ရှိခဲ့မည်နည်း။ ခရစ်ယာန်များသည် လတ်ဆတ်သောသွေး သို့မဟုတ် သွေးခဲများကို မစားသုံးခဲ့ကြချေ; အသွေးမထုတ်ထားသောအသားကိုလည်း သူတို့ မစားသုံးခဲ့ကြချေ။ ထို့ပြင် သွေးအူချောင်းကဲ့သို့သော သွေးပါသည့်အစားအစာများကိုလည်း စားကြမည်မဟုတ်ပါ။ ထိုနည်းများဖြင့် သွေးကိုစားသုံးခြင်းသည် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ရာရောက်မည်ဖြစ်သည်။—၁ ဓမ္မရာဇဝင် ၁၄:၃၂၊ ၃၃

တာတူလျန် (စီ.အီး. ဒုတိယနှင့် တတိယရာစုများ) ၏စာပေတွင် ကျွန်ုပ်တို့တွေ့နိုင်သည့်အတိုင်း ရှေးအချိန်မှ လူအများစုသည် သွေးစားသုံးခြင်းနှင့်ပတ်သက်၍ စိုးရိမ်မည်မဟုတ်ခဲ့ချေ။ ခရစ်ယာန်များသည် သွေးစားသုံးသည်ဟူသော မှားယွင်းသောစွဲချက်ကို ချေပသည့်အနေဖြင့် သွေးသောက်၍ သစ္စာဆိုကြသည့် လူမျိုးနွယ်စုများအကြောင်း တာတူလျန်ဖော်ပြခဲ့သည်။ “ကွင်းအတွင်း တိုက်ခိုက်ပွဲပြီးသောအခါ အာသာငမ်းငမ်းဖြစ်နေသူအချို့သည် သူတို့၏ဝက်ရူးပြန်ရောဂါကို ပျောက်စေရန် အသတ်ခံရသူ၏ သွေးစိမ်းရှင်ရှင်ကို . . . ခံယူခဲ့ကြသည်” ဟူ၍လည်း သူဖော်ပြခဲ့၏။

အဆိုပါအပြုအမူများကို (ရောမအချို့သည် ကျန်းမာရေးအကြောင်းပြပြီး ပြုလုပ်လျှင်ပင်) ခရစ်ယာန်များအတွက် မှားယွင်း၏– “ကျွန်ုပ်တို့စားသောအစာတွင် တိရစ္ဆာန်အသွေးပင် လုံးဝမပါ” ဟု တာတူလျန်ရေးခဲ့သည်။ ရောမများသည် ခရစ်ယာန်စစ်များ၏သမာဓိကို စမ်းသပ်သည့်အနေဖြင့် သွေးထည့်ထားသောအစာများကို အသုံးပြုခဲ့ကြသည်။ တာတူလျန်က ဤသို့ထပ်ဆင့်ပြောသည်– “[ခရစ်ယာန်များသည်] တိရစ္ဆာန်သွေးကို ရွံရှာမည်ဖြစ်ကြောင်း တပ်အပ်သိထားလျက်နှင့် လူ့အသွေးကို သူတို့ငမ်းငမ်းတက်မည်ဟု သင်အထင်ရှိခြင်းကား အသို့နည်းဟု ယခု သင့်ကိုမေးမည်။”

ယနေ့ ဆရာဝန်တစ်ဦးက သွေးသွင်းရန် အကြံပြုသောအခါ တန်ခိုးရှင်ဘုရားသခင်၏ ပညတ်တော်များနှင့်ပတ်သက်နေသည်ဟု ယူမှတ်မည့်သူ မရှိသလောက်ပင်။ ယေဟောဝါသက်သေများသည် အမှန်ပင် ဆက်အသက်ရှင်လိုကြသော်လည်း သွေးနှင့်ပတ်သက်သော ယေဟောဝါ၏ပညတ်တော်ကို ကျွန်ုပ်တို့နာခံကြရန် တာဝန်ရှိသည်။ ယင်းသည် လက်ရှိဆေးကုသနည်းသစ်၏ရှုထောင့်မှ အဘယ်အဓိပ္ပာယ်ရှိသနည်း။

ဒုတိယကမ္ဘာစစ်ပြီးနောက် ပကတိအတိုင်းရှိသောသွေးကို သွင်းခြင်းသည် အစဉ်အလာဖြစ်လာသော်လည်း ၎င်းသည် ဘုရားသခင့်ပညတ်ကို ဆန့်ကျင်ကြောင်း ယေဟောဝါသက်သေများ သိမြင်ခဲ့ကြပြီး ယခုအထိ ထိုအတိုင်း ယုံကြည်နေဆဲပင်ဖြစ်သည်။ သို့ရာတွင် ထိုအချိန်မှစ၍ ဆေးပညာသည် ပြောင်းလဲလာခဲ့ပြီ။ ယနေ့ ပကတိအတိုင်းရှိသောသွေးကို အများအားဖြင့် မသွင်းတော့ဘဲ ယင်း၏အဓိကအစိတ်အပိုင်းတစ်ခုခု (၁) သွေးဆဲလ်နီများ; (၂) သွေးဆဲလ်ဖြူများ; (၃) သွေးဥမွှားများ; (၄) ပလာစမာ (သွေးရည်ကြည်)၊ အရည်ပိုင်းတို့ကို သွင်းလေ့ရှိသည်။ လူနာ၏အခြေအနေအပေါ်မူတည်၍ ဆရာဝန်များသည် သွေးဆဲလ်နီများ၊ သွေးဆဲလ်ဖြူများ၊ သွေးဥမွှားများ၊ သို့မဟုတ် ပလာစမာကို ညွှန်ကြားပေးပေမည်။ ဤအဓိကအစိတ်အပိုင်းများကို သွင်းခြင်းဖြင့် သွေးတစ်ယူနစ်ကို လူနာအများအား မျှဝေသွင်းပေးနိုင်သည်။ ပကတိအတိုင်းရှိသောသွေးဖြစ်စေ၊ အဆိုပါ မည်သည့်အဓိကအစိတ်အပိုင်းလေးမျိုးကိုဖြစ်စေ သွင်းခြင်းတို့သည် ဘုရားသခင်၏ပညတ်ကို ချိုးဖောက်ရာရောက်သည်ဟု ယေဟောဝါသက်သေများက ခံယူကြသည်။ ဤကျမ်းစာအခြေပြု အနေအထားကိုခံယူခြင်းသည် သွေးမှကူးစက်နိုင်သော အသည်းရောင်ရောဂါနှင့် အေအိုင်ဒီအက်စ်စသည့် ရောဂါများအပါအဝင် ဘေးအန္တရာယ်များစွာမှ ကာကွယ်ပေးခဲ့သည်မှာ ထင်ရှားပါသည်။

သို့သော် သွေးကို အဆိုပါအဓိကအစိတ်အပိုင်းများထက်မက အဆင့်ဆင့်ပြုပြင်စီမံနိုင်သောကြောင့် ထိုအဓိကသွေးအစိတ်အပိုင်းများမှရရှိသည့် သွေးအပိုင်းအစငယ်များနှင့်ပတ်သက်၍ မေးခွန်းများပေါ်ပေါက်လာပါသည်။ ဤသွေးအပိုင်းအစငယ်များကို မည်သို့အသုံးပြုကြပြီး ယင်းတို့နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချသောအခါ ခရစ်ယာန်တစ်ဦးသည် အဘယ်အရာများကို ထည့်သုံးသပ်သင့်သနည်း။

သွေးသည် အစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထား၏။ ၉၀ ရာခိုင်နှုန်းမှာ ရေဖြစ်သည့် ပလာစမာ၌ပင်လျှင် သတ္တုဓာတ်များနှင့် သကြားဓာတ်အပါအဝင် ဟော်မုန်းအများအပြား၊ အဇီဝမူလဆားများ၊ အင်ဇိုင်းများနှင့် အာဟာရဓာတ်များပါရှိသည်။ ပလာစမာတွင် အယ်လဗျူမင်၊ သွေးခဲစေသည့်ပစ္စည်းများနှင့် ရောဂါများကို တိုက်ထုတ်ပေးသော ပဋိပစ္စည်းများပါဝင်၏။ ပညာရှင်များသည် ပလာစမာပရိုတင်းများစွာကို သီးသန့်ခွဲခြားထုတ်ယူကာ အသုံးပြုကြသည်။ ဥပမာ၊ အဋ္ဌမသွေးခဲစေသည့်ပစ္စည်းကို သွေးထွက်လွယ်သည့် သွေးမတိတ်ရောဂါသည်များကို သွင်းပေးလေ့ရှိသည်။ သို့မဟုတ် တစ်ဦးတစ်ယောက်သည် အချို့သောရောဂါများ ဖြစ်မည်ဆိုလျှင် ဆရာဝန်များသည် ရောဂါပြီးသူတို့၏ သွေးပလာစမာမှ ထုတ်ယူထားသော ဂမ္မာဂလိုဗျူလင်ကိုထိုးရန် ညွှန်ကြားမည်ဖြစ်သည်။ ဆေးပညာအရ အခြားပလာစမာပရိုတင်းများကို အသုံးပြုတတ်ကြသော်လည်း အဓိကသွေးအစိတ်အပိုင်း (ပလာစမာ) ကိုပြုပြင်စီမံခြင်းဖြင့် ၎င်းမှ သွေးအပိုင်းအစငယ်များရရှိနိုင်ပုံကို အထက်ပါဥပမာက ဖော်ပြသည်။ a

သွေးပလာစမာမှ အပိုင်းအစငယ်များအသီးသီး ထုတ်ယူနိုင်သကဲ့သို့ အခြားအဓိကအစိတ်အပိုင်းများ (သွေးဆဲလ်နီများ၊ သွေးဆဲလ်ဖြူများ၊ သွေးဥမွှားများ) မှလည်း သွေးအပိုင်းအစငယ်များကို သီးခြားခွဲထုတ်ယူနိုင်၏။ ဥပမာ၊ သွေးဆဲလ်ဖြူများသည် ဗိုင်းရတ်ကူးစက်ရောဂါများနှင့် ကင်ဆာရောဂါအချို့တို့ကို ကုသရန်အသုံးပြုခဲ့သော ဗိုင်းရတ်ဟန့်တားပရိုတင်းများနှင့် ပဋိလှုံ့သွေးဆဲလ်ဖြူဓာတ်တို့၏ ရင်းမြစ်တစ်ခုဖြစ်ပေမည်။ သွေးဥမွှားများကို ပြုပြင်စီမံ၍ ဒဏ်ရာပျောက်စေသောဆေး ထုတ်လုပ်နိုင်သည်။ ထို့ပြင် (အနည်းဆုံး အစပိုင်းတွင်) သွေးအစိတ်အပိုင်းများမှ ထုတ်ယူထားရာများပါဝင်သည့် အခြားဆေးဝါးများလည်း ပေါ်လာပါပြီ။ ဤသို့သောကုသနည်းများသည် အဆိုပါအဓိကအစိတ်အပိုင်းများကို သွင်းခြင်းမဟုတ်; ထိုကုသနည်းများတွင် များသောအားဖြင့် ၎င်းတို့မှထုတ်ယူထားသော အပိုင်းအစငယ်များပါဝင်လေ့ရှိသည်။ ခရစ်ယာန်များသည် ဆေးကုသခံယူရာတွင် ယင်းအပိုင်းအစငယ်များကို လက်ခံသင့်သလော။ ကျွန်ုပ်တို့မပြောနိုင်ပါ။ သမ္မာကျမ်းစာတွင် အသေးစိတ်မပြောထားသောကြောင့် ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်ရှေ့တွင် ကိုယ်ပိုင်အသိစိတ်ရှိရှိ ဆုံးဖြတ်ရမည်ဖြစ်သည်။

အချို့သည် သွေးမှထုတ်ယူထားသော မည်သည့်အရာကိုမဆို (ယာယီ အလိုအလျောက်ရောဂါပြီးစေရန် ရည်ရွယ်ထားသော အပိုင်းအစလေးများကိုပင်) ငြင်းပယ်ကြမည်ဖြစ်သည်။ ‘အသွေးကို ကြဉ်ရှောင်ရမည်’ ဟူသော ဘုရားသခင်၏ပညတ်ချက်ကို ထိုအတိုင်း သူတို့နားလည်သဘောပေါက်၍ဖြစ်၏။ သတ္တဝါတစ်ကောင်မှ ထုတ်လိုက်သည့်သွေးကို “မြေပေါ်မှာသွန်ရမည်” ဟုဣသရေလလူမျိုးအား ကိုယ်တော့်ပညတ်တော်က တောင်းဆို၏ဟု သူတို့ကျိုးကြောင်းဆင်ခြင်ကြသည်။ (တရားဟောရာ ၁၂:၂၂-၂၄) ထိုကျမ်းချက်နှင့် သက်ဆိုင်မှုရှိ၏လော။ ဂမ္မာဂလိုဗျူလင်၊ သွေးအခြေပြု သွေးခဲစေသည့်ပစ္စည်းများ အစရှိသည်တို့ကို ဖော်စပ်ရန် သွေးကိုထုတ်ယူကာ အဆင့်ဆင့်လုပ်ဆောင်သွားဖို့လိုသည်။ ထို့ကြောင့် ခရစ်ယာန်အချို့သည် ပကတိအတိုင်းရှိသောသွေး သို့မဟုတ် သွေး၏အဓိကအစိတ်အပိုင်းလေးမျိုးကို သွင်းရန်ငြင်းပယ်ကြသကဲ့သို့ အဆိုပါဆေးဝါးများကိုလည်း ငြင်းပယ်ကြသည်။ သူတို့၏ စိတ်ရိုးမှန်သော၊ အသိစိတ်ရှိရှိရပ်တည်မှုကို လေးစားသင့်သည်။

အခြားခရစ်ယာန်များမူ ထိုသို့ဆုံးဖြတ်ချက်မချကြချေ။ သူတို့သည်လည်း ပကတိအတိုင်းရှိသောသွေး၊ သွေးဆဲလ်နီများ၊ သွေးဆဲလ်ဖြူများ၊ သွေးဥမွှားများ သို့မဟုတ် ပလာစမာ သွင်းခြင်းကိုငြင်းပယ်ကြ၏။ သို့သော် သွေး၏အဓိကအစိတ်အပိုင်းများမှ ထုတ်ယူထားသော အပိုင်းအစလေးများနှင့် မိမိတို့အား ဆရာဝန်ကို ကုသစေပေမည်။ ဤတွင်ပင် ကွာခြားချက်များရှိနိုင်သည်။ ခရစ်ယာန်တစ်ဦးသည် ဂမ္မာဂလိုဗျူလင်ထိုးဆေးကို လက်ခံကောင်းလက်ခံမည်ဖြစ်သော်လည်း သွေးဆဲလ်နီများ သို့မဟုတ် သွေးဆဲလ်ဖြူများမှ ထုတ်ယူထားသောအရာတစ်ခုခုပါရှိသည့် ထိုးဆေးကိုမူ လက်ခံကောင်းလက်ခံမည် သို့မဟုတ် လက်မခံဘဲနေပေမည်။ သို့သော် အားလုံးကိုခြုံငုံကြည့်လျှင် သွေးအပိုင်းအစငယ်များကို လက်ခံနိုင်သည်ဟု သဘောပိုက်ရန် ခရစ်ယာန်အချို့အား အဘယ်အရာက ဆုံးဖြတ်စေသနည်း။

ပလာစမာပရိုတင်းများ (အပိုင်းအစငယ်များ) သည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏သွေးမှ သန္ဓေသား၏ သီးခြားသွေးစနစ်ထဲသို့ ကူးပြောင်းသွားကြောင်း ၁၉၉၀၊ ဇွန် ၁ ကင်းမျှော်စင် [လိပ်] မှ “စာရှုသူများထံမှမေးခွန်းလွှာ” တွင်ဖော်ပြခဲ့သည်။ သို့ဖြင့် မိခင်သည် သူ၏ကလေးထံ ရောဂါပြီးဂလိုဗျူလင်ကို လက်ဆင့်ကမ်းပေးလိုက်ရာ အရေးပါသောကိုယ်ခံအားစနစ်ကို ရရှိစေသည်။ သီးခြားအနေနှင့် သန္ဓေသား၏သွေးဆဲလ်နီများသည် ပုံမှန်သက်တမ်းကုန်သွားစဉ် ၎င်းတို့၏ အောက်ဆီဂျင်သယ်ဆောင်ပေးသောအပိုင်းမှာ အဆင့်ဆင့်ပြုပြင်ခံရသည်။ ယင်း၏အပိုင်းအချို့သည် ဗီလီရူဗင်ဖြစ်လာပြီး အချင်းမှတစ်ဆင့် မိခင်ထံရောက်သွားရာ မိခင်၏ကိုယ်ခန္ဓာစွန့်ပစ်ပစ္စည်းများနှင့်အတူ ထုတ်ပစ်ခံရသည်။ သွေးအပိုင်းအစငယ်များကို ဤသဘာဝနည်းဖြင့် အခြားသူတစ်ဦးထံ လက်ဆင့်ကမ်းပေးနိုင်ခြင်းကြောင့် သွေးပလာစမာ သို့မဟုတ် ဆဲလ်များမှ ထုတ်ယူထားသည့် သွေးအပိုင်းအစငယ်များကို လက်ခံယူနိုင်သည်ဟု ခရစ်ယာန်အချို့က ကောက်ချက်ချပေမည်။

ထင်မြင်ယူဆချက်များနှင့် အသိစိတ်ရှိရှိဖြင့်ပြုသော ဆုံးဖြတ်ချက်များ ကွဲပြားခြားနားခြင်းက ယင်းကိစ္စသည် အရေးမကြီးပါဟု အဓိပ္ပာယ်သက်ရောက်သလော။ မသက်ရောက်ပါ၊ အရေးကြီးပါသည်။ သို့ရာတွင် အခြေခံကျသော ရိုးရှင်းသည့်အချက်တစ်ချက်ရှိသည်။ ယေဟောဝါသက်သေများသည် ပကတိအတိုင်းရှိသောသွေးနှင့် ၎င်း၏အဓိကသွေးအစိတ်အပိုင်းများကိုပါ မသွင်းကြောင်း အထက်ပါအကြောင်းအရာက ဖော်ပြနေပါသည်။ ‘. . . ရှေ့မှာ ပူဇော်သောယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ မတရားသောမေထုန်ကိုလည်းကောင်း ကြဉ်ရှောင်’ ရန် ခရစ်ယာန်များကို ကျမ်းစာကမိန့်ကြားသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ထို့ထက်ကျော်လွန်၍ အဓိကအစိတ်အပိုင်းများမှထုတ်လုပ်သည့် အပိုင်းအစငယ်များနှင့်ပတ်သက်လာလျှင်မူ သေချာစွာဆုတောင်း၍ ဆင်ခြင်တွေးတောပြီးနောက် ခရစ်ယာန်တစ်ဦးချင်းစီအနေဖြင့် မိမိဘာသာ အသိစိတ်ရှိရှိ ဆုံးဖြတ်ချက်ချရပေမည်။

သွေးမှထုတ်လုပ်သောပစ္စည်းများသည် ကျန်းမာရေးကိုထိခိုက်နိုင်ကြောင်း လူအများသိရှိလျက်ပင် ချက်ချင်းအကျိုးပြုနိုင်ဖွယ်ရှိသော မည်သည့်ကုထုံးကိုမဆို တလိုတလားလက်ခံလိုကြပေမည်။ စိတ်ရင်းမှန်သောခရစ်ယာန်တစ်ဦးမူကား ကာယရေးရှုထောင့်ထက်မက ပို၍မျှတသောအမြင်ရှိရန် ကြိုးစားသည်။ ယေဟောဝါသက်သေများသည် အရည်အသွေးရှိရှိ ကြိုးစားကုသပေးမှုကို တန်ဖိုးထားလေးမြတ်ကြ၏၊ မည်သည့်ကုထုံးမဆို၏ ဆိုးကျိုး/ကောင်းကျိုး အချိုးအစားကိုလည်း ချင့်ချိန်သုံးသပ်ကြသည်။ သို့သော် သွေးမှထုတ်လုပ်ထားသော ပစ္စည်းများနှင့်ပတ်သက်လာလျှင်မူ သူတို့သည် ဘုရားသခင်မိန့်မှာချက်ကိုလည်းကောင်း၊ အသက်ပေးပိုင်ရှင်နှင့် မိမိတို့၏နှစ်ကိုယ်ကြားဆက်ဆံရေးကိုလည်းကောင်း အထူးအလေးထား ချင့်ချိန်သုံးသပ်ကြသည်။—ဆာလံ ၃၆:၉

“ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်းဖြစ်တော်မူ၏။ ထာဝရဘုရား[သခင်]သည် ကျေးဇူးတော်နှင့် ဘုန်းအသရေကိုပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကိုငြင်းတော်မမူ။ . . . အရှင်ထာဝရဘုရား[သခင်]၊ ကိုယ်တော်ကို ခိုလှုံသောသူသည် မင်္ဂလာရှိပါ၏” ဟုရေးသားခဲ့သော ဆာလံဆရာနည်းတူ ယုံကြည်စိတ်ချမှုရှိခြင်းသည် ခရစ်ယာန်တစ်ဦးအတွက် တကယ့်ကောင်းချီးတစ်ရပ်ပါတကား!—ဆာလံ ၈၄:၁၁၊ ၁၂

[အောက်ခြေမှတ်ချက်]

a ၁၉၇၈၊ ဇွန် ၁၅ ရက် [လိပ်] နှင့် ၁၉၉၄၊ အောက်တိုဘာ ၁ ကင်းမျှော်စင် မှ “စာရှုသူများထံမှမေးခွန်းလွှာ” ရှု။ တစ်ချိန်က အသုံးပြုခဲ့သော အချို့သွေးအပိုင်းအစငယ်များအစား အသုံးပြုနိုင်သည့် သွေးမှထုတ်ယူထားခြင်းမဟုတ်ဘဲ ဓာတုနည်းဖြင့် ဖော်စပ်ထားသောဆေးများကို ဆေးကုမ္ပဏီများက ထုတ်လုပ်ခဲ့ပြီ။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]

ဆရာဝန်ကိုမေးရန် အကြံပြုထားသည့်မေးခွန်းများ

အကယ်၍ သင်သည် သွေးပစ္စည်းပါနိုင်သည့် ခွဲစိတ်ကုသမှု သို့မဟုတ် ဆေးကုသမှုကို ခံယူရရန်အကြောင်းရှိလျှင် ဤသို့မေးပါ–

ယေဟောဝါသက်သေတစ်ဦးအနေနှင့် မည်သည့်အခြေအနေ၌မျှမဆို သွေး (ပကတိအတိုင်းရှိသောသွေး၊ သွေးဆဲလ်နီများ၊ သွေးဆဲလ်ဖြူများ၊ သွေးဥမွှားများ၊ သို့မဟုတ် သွေးပလာစမာ) ကိုကျွန်ုပ်အား မသွင်းပေးရန် မှာကြားထားသည်ကို ပါဝင်သူဆေးဘက်ဆိုင်ရာ ဝန်ထမ်းအားလုံး သိကြပါသလော။

သွေးပလာစမာ၊ သွေးဆဲလ်နီ သို့မဟုတ် ဆဲလ်ဖြူများ၊ သို့မဟုတ် သွေးဥမွှားများမှ ထုတ်လုပ်ထားသည့် ဆေးတစ်မျိုးမျိုးကို ဆေးညွှန်းပေးထားလျှင် ဤသို့မေးပါ–

ဤဆေးသည် အဓိကသွေးအစိတ်အပိုင်းလေးမျိုးအနက် တစ်မျိုးမျိုးမှထုတ်ယူထားခြင်းလော။ ထိုသို့ ဖြစ်လျှင် ၎င်းတွင်ပါရှိရာကို ရှင်းပြပေးနိုင်မည်လော။

သွေးမှထုတ်လုပ်ထားသော အဆိုပါဆေးကို မည်မျှအသုံးပြုစေမည်နည်း၊ မည်သည့်နည်းဖြင့်နည်း။

ဤသွေးအပိုင်းအစငယ်ကို လက်ခံရန် ကျွန်ုပ်၏သိစိတ်က ခွင့်ပြုလျှင် ဆေး၏ဆိုးကျိုးများကား အဘယ်နည်း။

ကျွန်ုပ်၏သိစိတ်ကြောင့် ၎င်းသွေးအပိုင်းအစကို ငြင်းပယ်လျှင် အခြားမည်သည့်ကုထုံးကို အသုံးပြုနိုင်မည်နည်း။

ဤကိစ္စကို နောက်ထပ်စဉ်းစားသုံးသပ်ပြီးနောက် ကျွန်ုပ်၏ဆုံးဖြတ်ချက်ကို သင့်အား အဘယ်အချိန်တွင် သိစေနိုင်မည်နည်း။