ဘုရားသခင်သည် သင့်ကို အမှန်တကယ်ပင်ဂရုစိုက်
ဘုရားသခင်သည် သင့်ကို အမှန်တကယ်ပင်ဂရုစိုက်
ကျွန်ုပ်တို့သည် အလွန်အကျဉ်းအကျပ်ရောက်ချိန်တွင် ဘုရားသခင်အား အကူအညီတောင်းခံခြင်းသည် ဓမ္မတာပင်ဖြစ်၏။ အကြောင်းမှာ ကိုယ်တော် “သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်းကြီး၏။ ဉာဏ်တော်သည် [အတိုင်းအဆမဲ့] ဖြစ်၏။” (ဆာလံ ၁၄၇:၅) ကိုယ်တော်သည်သာ ကျွန်ုပ်တို့၏ပြဿနာများကို အကောင်းဆုံး အောင်မြင်စွာဖြေရှင်းပေးနိုင်သည့်အရှင် ဖြစ်တော်မူသည်။ ထို့အပြင် ဘုရားသခင်ရှေ့မှောက် “စိတ်နှလုံးကို သွန်ပြကြလော့” ဟု သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဖိတ်ခေါ်ထားသည်။ (ဆာလံ ၆၂:၈၊ သမ္မာ) သို့ဖြစ်လျက်ကယ် မိမိတို့၏ဆုတောင်းသံကို ဘုရားသခင်နားမညောင်းဟု လူများစွာ အဘယ်ကြောင့် ယူမှတ်နေကြရသနည်း။ ယင်းကြောင့် ကိုယ်တော်ဂရုမစိုက်ဟု ဆိုလိုပါသလော။
ကြားဝင်ဆောင်ရွက်ပေးပုံမရသည့် အရာတစ်ခုအတွက် ဘုရားသခင်အား အပြစ်တင်စောမည့်အစား သင်၏ငယ်စဉ်တောင်ကျေး ကလေးဘဝကို ပြန်ပြောင်းတွေးကြည့်ပါ။ သင်၏မိဘနှစ်ပါးသည် သင်တောင်းဆိုရာတိုင်းကို မဖြည့်ဆည်းပေးသောအခါ သင့်ကို သူတို့မချစ်ဟု အပြစ်ဆိုခဲ့ဖူးသလော။ ကလေးသူငယ်များစွာ ထိုသို့ဆို၏။ သို့သော် သင်အရွယ်ရောက်လာသည်နှင့်အမျှ ချစ်ခြင်းမေတ္တာကို နည်းမျိုးစုံဖြင့် တင်ပြ၍ရကြောင်း၊ ကလေးကိုအလိုလိုက်ခြင်းက အမှန်တကယ်တွင် မေတ္တာပြရာမရောက်ကြောင်း သိရှိနားလည်လာသည်။
အလားတူ၊ ယေဟောဝါသည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ကျွန်ုပ်တို့အလိုကျ အမြဲနားညောင်းမပေးသော်လည်း ကျွန်ုပ်တို့ကို ကိုယ်တော်လျစ်လျူရှုထားသည်ဟူ၍ မဆိုလိုချေ။ အမှန်တကယ်တွင် ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးကို နည်းအမျိုးမျိုးဖြင့် ဂရုစိုက်တော်မူသည်။
‘ကိုယ်တော်အားဖြင့် အသက်ရှင်’
ဦးဆုံးအနေနှင့်၊ ‘ကျွန်ုပ်တို့သည်’ ဘုရားသခင်အားဖြင့် ‘အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်’ ရှိကြရကား ကိုယ်တော်အားကျေးဇူးတင်ရမည်။ (တမန်တော် ၁၇:၂၈) ကျွန်ုပ်တို့အား အသက်ပေးထားခြင်းက ကျွန်ုပ်တို့အတွက် ကိုယ်တော်၏မေတ္တာပါသော ဂရုစိုက်မှုကို အတိအလင်းဖော်ပြလေသည်!
ထို့ပြင်၊ ယေဟောဝါသည် ကျွန်ုပ်တို့အသက်ဆက်ရှင်စေရန် လိုအပ်ရာများကို ထောက်ပံ့ပေးထားတော်မူသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “တိရစ္ဆာန်ဖို့ မြက်ပင်ကိုလည်းကောင်း၊ လူသုံးဖို့ စပါးပင်ကိုလည်းကောင်း ပေါက်စေတော်မူသဖြင့် မြေကြီးထဲကမုန့်ကို ထုတ်ဖော်တော်မူ၏။” (ဆာလံ ၁၀၄:၁၄) အမှန်ဆိုရလျှင်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ဘဝ၏အခြေခံလိုအပ်ရာလောက်သာ ထောက်ပံ့ပေးထားသည်မဟုတ်ပါ။ ကိုယ်တော်သည် “[ကျွန်ုပ်တို့အား] အစာအာဟာရနှင့် ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို” ရက်ရက်ရောရော ပေးထားတော်မူသည်။—တမန်တော် ၁၄:၁၇။
သို့သော် ‘ဘုရားသခင်က ကျွန်ုပ်တို့ကို သိပ်ချစ်တယ်ဆိုရင် ဘာကြောင့် ဆင်းရဲဝေဒနာခံစားစေတာလဲ’ ဟု တချို့တွေးကောင်းတွေးပေမည်။ အဆိုပါမေးခွန်း၏အဖြေကို သင်သိပါသလော။
ဘုရားသခင်ကြောင့်လော
လူတို့ခံစားရသည့် ဝေဒနာအများစုမှာ ကိုယ့်အတတ်ကိုယ်စူးခြင်းသာဖြစ်သည်။ ဥပမာ၊ အလွယ်တကူ ထိခိုက်ဒဏ်ရာရစေနိုင်သည့် အမှုတချို့၏ အန္တရာယ်များကို သိရှိကြသည်။ သို့တိုင်၊ လူတို့သည် လိင်အကျင့်ယိုယွင်းခြင်း၊ အရက်နှင့် အခြားမူးယစ်ဆေးဝါးများကို တလွဲသုံးခြင်း၊ ဆေးရွက်ကြီးသုံးခြင်း၊ အသက်အန္တရာယ်ရှိသည့် အားကစားပွဲများ၌ပါဝင်ခြင်း၊ ကားမောင်းမြန်လွန်းခြင်း စသည်တို့ကို ပြုကြသည်။ ဤသို့သောအန္တရာယ်များသည့် အပြုအမူကြောင့် ဝေဒနာရလာလျှင် မည်သူ့အပြစ်ကြောင့်နည်း။ ဘုရားသခင်ကြောင့်လော။ သို့မဟုတ် ပညာမဲ့စွာပြုမူသူ၏အပြစ်ကြောင့်လော။ ဘုရားသခင့်မှုတ်သွင်းခံစကားတော်က ဤသို့ဆိုသည်– “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။”—ဂလာတိ ၆:၇။
ထို့ပြင်၊ လူတို့သည် တစ်ဦးကိုတစ်ဦး ထိခိုက်နာကျင်စေလေ့ရှိကြ၏။ နိုင်ငံတစ်နိုင်ငံက စစ်ကြေညာသည့်အခါ စစ်ကြောင့်ဖြစ်လာသည့် ဆင်းရဲဝေဒနာသည် အမှန်ပင် ဘုရားသခင်ကြောင့် မဟုတ်တော့ချေ။ ရာဇဝတ်သားတစ်ဦးသည် ပြည်သူတစ်ဦးကို ရန်မူတိုက်ခိုက်သောအခါ ရလာသည့်ထိခိုက်ဒဏ်ရာ သို့မဟုတ် သေဆုံးမှုသည် ဘုရားသခင်ကြောင့်လော။ လုံးဝမဟုတ်နိုင်ပါ! အာဏာရှင်တစ်ဦးသည် မိမိလက်အောက်ရှိသူတို့ကို ဖိနှိပ်ချုပ်ချယ်မည်၊ ညှဉ်းပန်းနှိပ်စက်မည်၊ သတ်ဖြတ်မည်ဆိုလျှင် ဘုရားသခင်အား ကျွန်ုပ်တို့ အပြစ်တင်သင့်သလော။ ယင်းသို့အပြစ်တင်လျှင် နည်းလမ်းကျမည်မဟုတ်ပေ။—ဒေ. ၈:၉။
ဆင်းရဲမွဲတေ၊ ငတ်ပြတ်နေသည့် သန်းနှင့်ချီသူတို့ကော အသို့နည်း။ ဘုရားသခင်ကြောင့်လော။ မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဤကမ္ဘာကြီးသည် လူတိုင်းကိုကျွေးမွေးနိုင်သည်ထက်ပင် ပိုလျှံအောင် ထောက်ပံ့ပေးလျက်ရှိသည်။ (ဆာလံ ၁၀:၂၊ ၃; ၁၄၅:၁၆) ဘုရားသခင်ပေးသနားထားသည့် ကြွယ်ဝသောအစာရေစာကို ညီတူညီမျှဖြန့်ဝေမပေးခြင်းက ငတ်မွတ်မှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို ပျံ့နှံ့စေသည်။ ထို့ပြင် လူတို့၏တစ်ကိုယ်ကောင်းဆန်မှုကြောင့် ပြဿနာကို ဖြေရှင်း၍မရဖြစ်စေသည်။
အခြေခံအကြောင်းတရား
တစ်ဦးတစ်ယောက်သည် အသက်အရွယ်ကြီးရင့်မှုကြောင့် ဖျားနာမည် သို့မဟုတ် သေဆုံးမည်ဆိုလျှင် မည်သူ့ကြောင့်နည်း။ ယင်းသည်ပင်လျှင် ဘုရားသခင်ကြောင့်မဟုတ်ကြောင်း သင်သိရှိရပါက အံ့အားသင့်မည်လော။ ဘုရားသခင်သည် လူကို အိုမင်းရင့်ရော်ကာ သေဆုံးသွားဖို့ မဖန်ဆင်းခဲ့ချေ။
ကနဦးလူသားမောင်နှံဖြစ်သည့် အာဒံနှင့်ဧဝတို့ကို ဧဒင်ဥယျာဉ်၌ နေရာချထားသောအခါ ယေဟောဝါသည် သူတို့အား မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်ခွင့် ပေးထားတော်မူသည်။ သို့သော် ကိုယ်တော်သည် ကမ္ဘာမြေကြီးကို မိမိတို့ရရှိထားသောအမွေအနှစ်အား တန်ဖိုးထားမည့်လူတို့ဖြင့် ပြည့်စေလိုတော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် ၎င်းတို့၏ အနာဂတ်အသက်တာအလားအလာတွင် ခြွင်းချက်ထားလိုက်လေသည်။ အာဒံနှင့်ဧဝတို့သည် သူတို့၏ မေတ္တာပြည့်ဝသောဖန်ဆင်းရှင်ကို ဆက်လက်နာခံနေသ၍သာ ပရဒိသုတွင် နေထိုင်ကြရမည်ဖြစ်၏။—ကမ္ဘာဦး ၂:၁၇; ၃:၂၊ ၃၊ ၁၇-၂၃။
ဝမ်းနည်းစရာမှာ၊ အာဒံနှင့်ဧဝတို့ ပုန်ကန်ခဲ့ကြသည်။ ဧဝသည် စာတန်၏စကားကိုနားထောင်ဖို့ ရွေးလိုက်သည်။ စာတန်သည် ဧဝကို လိမ်လည်ကာ ဘုရားသခင်သည် ကောင်းသောအရာတစ်ခုခုကို သူ့အား မပေးဘဲ ထိမ်ချန်ထားသည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။ သို့နှင့် ဧဝသည် အမှီအခိုကင်းသည့်လမ်းစဉ်ကို စလျှောက်လှမ်းကာ “ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်” ရန် ကြိုးပမ်းတော့သည်။ အာဒံလည်း သူနှင့်ပူးပေါင်း၍ ပုန်ကန်ခဲ့သည်။—ကမ္ဘာဦး ၃:၅၊ ၆။
ဤနည်းဖြင့် အာဒံနှင့်ဧဝတို့ အပြစ်ပြုသောအခါ ထာဝစဉ်အသက်ရှင်ဖို့ မထိုက်တန်ကြောင်း မိမိတို့ဘာသာ ဖော်ပြခဲ့ကြသည်။ သူတို့သည် အပြစ်၏ခါးသီးသောဆိုးကျိုးများကို တွေ့ကြုံခံစားရလေတော့သည်။ ၎င်းတို့၏အစွမ်းခွန်အား ဆုတ်ယုတ်သွားကာ နောက်ဆုံး သေဆုံးရလေသည်။ (ကမ္ဘာဦး ၅:၅) သို့သော် သူတို့၏ပုန်ကန်မှုဆိုင်ရာ ဆိုးကျိုးများမှာ ဤမျှနှင့်ရပ်မသွားပါ။ ကျွန်ုပ်တို့သည် အာဒံနှင့်ဧဝတို့အပြစ်၏ အကျိုးဆက်များကို ဆက်၍ခံစားနေရဆဲဖြစ်၏။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) မှန်ပါသည်၊ အာဒံနှင့်ဧဝတို့၏ ပုန်ကန်မှုကြောင့် အပြစ်နှင့်သေခြင်းတရားသည် ကြောက်မက်ဖွယ်ကောင်းသော ရောဂါဆိုးကြီးအလား လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ပျံ့နှံ့သွားခဲ့သည်။
ဘုရားသခင်ဂရုစိုက်ကြောင်း အထင်ရှားဆုံးသာဓက
ယင်းကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံလူသားများသည် အမြဲပျက်စီးသွားမည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ၊ ဤတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အားဂရုစိုက်ကြောင်း အထင်ရှားဆုံး သက်သေသာဓကရှိသည်။ ဘုရားသခင်သည် အကြီးအကျယ် အနစ်နာခံကာ လူသားတို့အား အပြစ်နှင့်သေခြင်းတရားမှ ကယ်လွှတ်ရန် နည်းလမ်းများ ပြင်ဆင်ပေးခဲ့သည်။ ပြန်ရွေးယူရန် ပေးဆပ်ရမည့်အရာမှာ ကျွန်ုပ်တို့အကျိုးအတွက် တလိုတလားပေးဆက်ခဲ့သည့် ယေရှု၏စုံလင်သောအသက်ဖြစ်သည်။ (ရောမ ၃:၂၄) သို့ဖြစ်၍ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့လေသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော[က]သားတို့ကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ဤသိသာထင်ရှားလှသော မေတ္တာပါလုပ်ရပ်ကြောင့် ကျွန်ုပ်တို့သည် ထာဝစဉ်အသက်ရှင်နိုင်သည့်အလားအလာကို ပြန်လည်ရရှိကြသည်။ ပေါလုသည် ရောမမြို့သားများထံ ဤသို့စာရေးခဲ့၏– “တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့် လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကိုရကြ၏။”—ရောမ ၅:၁၈။
ဘုရားသခင်သတ်မှတ်ထားသည့်အချိန်တွင် ကမ္ဘာဂြိုဟ်ပေါ်၌ သေခြင်း သို့မဟုတ် ဆင်းရဲခြင်းဝေဒနာရှိတော့မည်မဟုတ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ သို့အစား ဗျာ. ကျမ်းပါ ကြိုမြင်ထားသည့် ဤအခြေအနေများက စိုးမိုးသွားပါလိမ့်မည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာ. ၂၁:၃၊ ၄) ‘အဲဒီအချိန်ရောက်တဲ့အထိ ငါနေရမှာမဟုတ်ပါဘူး’ ဟု သင်ဆိုပေမည်။ သို့ရာတွင်၊ အမှန်မှာ ထိုအချိန်အထိ သင်ရှင်နိုင်ပါသည်။ ထို့အပြင် သင်သေဆုံးသွားသည့်တိုင် ဘုရားသခင်သည် သင့်ကို သေရာမှ အသက်ပြန်ရှင်စေနိုင်တော်မူ၏။ (ယောဟန် ၅:၂၈၊ ၂၉) ယင်းသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်ရည်ရွယ်ထားရာ၊ ဖြစ်ကိုဖြစ်လာမည့်အရာတည်း။ ဘုရားသခင်သည် လူတို့ကို ဂရုမစိုက်ဟူ၍ ပြောဆိုခြင်းသည် တက်တက်စင်အောင် မှားလိုက်လေခြင်း!
“ဘုရားသခင်၌ ချဉ်းကပ်ကြလော့”
လူ့ဆင်းရဲခြင်းပြဿနာအတွက် ရေရှည်နှင့် တည်မြဲသည့်ဖြေရှင်းနည်းကို ဘုရားသခင်အစပြုခဲ့ကြောင်းသိရခြင်းသည် အလွန်စိတ်ချမ်းသာစရာပင်။ လောလောဆယ်၌ကော အသို့နည်း။ ချစ်မြတ်နိုးရသူတစ်ဦးကို သေခြင်း၌ဆုံးရှုံးမည်၊ သို့မဟုတ် မိမိ၏သားသမီး ဖျားနာမည်ဆိုလျှင် ကျွန်ုပ်တို့အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ ယခုအချိန်သည် ဖျားနာမှုနှင့် သေခြင်းကို ဘုရားသခင်ဖယ်ရှားပေးမည့်အချိန် မရောက်သေးပါ။ ယင်းတို့ကိုဖြေရှင်းရန်အတွက် ကျွန်ုပ်တို့ဘက်မှ အချိန်အနည်းငယ် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား စွန့်ပစ်မထားပါ။ တပည့်ဖြစ်သူ ယာကုပ်က “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟု ဆိုခဲ့သည်။ (ယာကုပ် ၄:၈) မှန်ပါသည်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိရန် ကျွန်ုပ်တို့အားဖိတ်ခေါ်တော်မူ၏၊ ထိုသို့သောရင်းနှီးမှုမျိုးရှိသူတို့သည် အခက်ခဲဆုံးအချိန်များ၌ပင် ကိုယ်တော် ထောက်မမှုပေးနေသည်ဟု အမြဲခံစားကြသည်။
ဘုရားသခင်ထံ ကျွန်ုပ်တို့မည်သို့ချဉ်းကပ်ကြမည်နည်း။ လွန်ခဲ့သော အနှစ်သုံးထောင်ခန့်က ဘုရင်ဒါဝိဒ်သည် အလားတူမေးခွန်းမျိုးကို ဤသို့မေးခဲ့သည်– “အိုထာဝရဘုရား[သခင်] . . . သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်း။” (ဆာလံ ၁၅:၁) ဒါဝိဒ်သည် မိမိ၏မေးခွန်းကို ဤသို့ဆက်ဖြေဆိုခဲ့လေသည်– ‘ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍ အမှန်တရားကို စိတ်နှလုံးပါလျက်ပြောဆိုသောသူဖြစ်သည်။ သူတစ်ပါး၏အသရေကိုပျက်စေခြင်းငှာ မပြောဆိုသောသူဖြစ်သည်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို မပြစ်မှားသောသူဖြစ်သည်။’ (ဆာလံ ၁၅:၂၊ ၃) တစ်နည်းပြောရလျှင် ယေဟောဝါသည် အာဒံနှင့်ဧဝတို့၏ လမ်းစဉ်ကို မလိုက်သူတို့အား ကြိုဆိုတော်မူသည်။ မိမိ၏အလိုတော်ကို ဆောင်ရွက်သူတို့အနား ကိုယ်တော်ချဉ်းကပ်တော်မူ၏။—တရားဟောရာ ၆:၂၄၊ ၂၅; ၁ ယောဟန် ၅:၃။
ဘုရားသခင့်အလိုတော်ကို ကျွန်ုပ်တို့မည်သို့ဆောင်ရွက်နိုင်သနည်း။ အဘယ်အရာသည် ‘ကောင်းသောအမှုဖြစ်ပြီး ကျွန်ုပ်တို့ကို ကယ်တင်တော်မူသောအရှင်၊ ဘုရားသခင် နှစ်သက်တော်မူသောအမှု’ ဖြစ်သည်ကို သင်ယူကာ ထိုအတိုင်းကျင့်ကြံပြုမူဖို့ ရွေးချယ်ရမည်ဖြစ်၏။ (၁ တိမောသေ ၂:၃) ယင်းတွင် ဘုရားသခင့်စကားတော် သမ္မာကျမ်းစာဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို ဆည်းပူးခြင်းပါဝင်ပေသည်။ (ယောဟန် ၁၇:၃; ၂ တိမောသေ ၃:၁၆၊ ၁၇) သမ္မာကျမ်းစာကို ဖတ်ရှုရုံနှင့်ကား မလုံလောက်ချေ။ ပေါလု၏ဟောပြောခြင်းကို ကြားနာခဲ့ကြသည့် ဗေရိမြို့ရှိ ပထမရာစုဂျူးများကို ကျွန်ုပ်တို့ အတုယူဖို့လိုသည်။ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘သူတို့သည် အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်မြွက်တရားတော်ကိုခံယူ၍၊ မှန်သည်မမှန်သည်ကိုသိခြင်းငှာ ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကြ၏။’—တမန်တော် ၁၇:၁၁။
ယနေ့လည်းအလားတူပင်၊ သမ္မာကျမ်းစာကို စေ့စေ့စပ်စပ် လေ့လာခြင်းက ဘုရားသခင်၌ ကျွန်ုပ်တို့ယုံကြည်ခြင်းကို သန်မာစေပြီး ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးကို တည်ဆောက်နိုင်စေသည်။ (ဟေဗြဲ ၁၁:၆) ထို့ပြင် လူသားတို့နှင့် ယေဟောဝါဆက်ဆံပုံကို တိတိကျကျ နားလည်ထားခြင်းသည် ရေတိုအကျိုးအတွက်သာမကဘဲ အထူးသဖြင့် စိတ်ထားမှန်သူအားလုံး၏ ရေရှည်အကျိုးအတွက် အကူအညီရသည်။
ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိကြသည့် ခရစ်ယာန်တချို့၏ ရင်တွင်းစကားများကို သုံးသပ်ကြည့်ပါ။ “ယေဟောဝါကို ကျွန်မအရမ်းချစ်တယ်၊ ကိုယ်တော်ကို ကျေးဇူးတင်စရာတွေလည်း အများကြီးရှိတယ်။ ကိုယ်တော့်ကို စစ်မှန်တဲ့မေတ္တာနဲ့ ချစ်မြတ်နိုးပြီး ကျွန်မကို သမ္မာကျမ်းစာနဲ့အညီ သွန်သင်ပေးခဲ့ကြတဲ့ မေတ္တာရှိတဲ့မိဘတွေပေးထားတယ်” ဟု ၁၆ နှစ်အရွယ် ဒန်ယဲလီကဆိုသည်။ ဥရုဂွေးနိုင်ငံမှ ခရစ်ယာန်တစ်ဦးက ဤသို့ရေးသားသည်– “ကျွန်တော့်နှလုံးဟာ ကျေးဇူးတင်စရာတွေနဲ့ပဲ ပြည့်လျှံနေတယ်၊ ပြီးတော့ ကိုယ်တော်ရဲ့ မခံစားထိုက်တဲ့ကြင်နာမှုနဲ့ ကိုယ်တော်နဲ့ရင်းနှီးမှုတို့အတွက် ယေဟောဝါကိုကျေးဇူးတင်ဖို့ လှုံ့ဆော်ခံရတယ်။” ဘုရားသခင်သည် ကလေးသူငယ်တို့ကိုပင် ကြိုဆိုတော်မူ၏။ အသက်ခုနစ်နှစ်အရွယ် ဂါဘရီးလာက ဤသို့ဆိုလှာသည်– “ဘုရားသခင်ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘယ်အရာမဆိုထက် ပိုချစ်တယ်! ကျွန်မမှာ ကိုယ်ပိုင်ကျမ်းစာအုပ်ရှိတယ်။ ဘုရားသခင်နဲ့ ကိုယ်တော်ရဲ့သားတော်အကြောင်း သင်ယူရတာကို ကျွန်မနှစ်သက်တယ်။”
ယနေ့ ကမ္ဘာတစ်ဝန်း သန်းနှင့်ချီသောသူတို့သည် “အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏” ဟုပြောခဲ့သော ဆာလံဆရာနှင့် စိတ်နှလုံးအကြွင်းမဲ့သဘောတူကြသည်။ (ဆာလံ ၇၃:၂၈) သူတို့သည် လက်ရှိရင်ဆိုင်နေရသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းတတ်ရန် ကူညီပေးခြင်းခံရကြပြီး မြေကြီးပရဒိသုပေါ်တွင် ထာဝစဉ် မွေ့လျော်ကြရမည့် အသက်တာ မျှော်လင့်ချက်ကို ယုံကြည်စိတ်ချကြသည်။ (၁ တိမောသေ ၄:၈) “ဘုရားသခင်၌ ချဉ်းကပ်” ခြင်းသည် သင့်ပန်းတိုင်ဖြစ်ပါလေစေ။ အမှန်မှာ “[ကိုယ်တော်]သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်” ဟူသောအာမခံချက်ကို ကျွန်ုပ်တို့ရရှိထားကြ၏။ (တမန်တော် ၁၇:၂၇) ဘုရားသခင်သည် သင့်ကို အမှန်တကယ်ပင် ဂရုစိုက်သည်တကား!
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့ကို ယေဟောဝါဂရုစိုက်ကြောင်း နည်းအမျိုးမျိုးဖြင့် ထင်ရှား
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကလေးသူငယ်များပင် ဘုရားသခင်၌ ချဉ်းကပ်နိုင်ကြ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယနေ့ ကျွန်ုပ်တို့ခံနိုင်ရည်ရှိစေရန် ယေဟောဝါကူညီပေးတော်မူ၏၊ အချိန်တန်လျှင် ဖျားနာခြင်းနှင့် သေခြင်းတို့ကို ကိုယ်တော်ဖယ်ရှားပစ်မည်