မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝမ်းနည်းကြေကွဲရသော်လည်း ကျေနပ်အားရဖွယ်ဘဝ

ဝမ်းနည်းကြေကွဲရသော်လည်း ကျေနပ်အားရဖွယ်ဘဝ

ဘဝ​အတ္ထုပ္ပတ္တိ

ဝမ်းနည်း​ကြေကွဲ​ရ​သော်လည်း ကျေနပ်​အားရဖွယ်​ဘဝ

အော်​ဒ​ရေး ဟိုက်​ဒ်​ပြောပြ​သည်

ယေဟောဝါသက်သေ​တွေ​ရဲ့ ကမ္ဘာ့​ဌာနချုပ်​မှာ ၅၉ နှစ်​အပါအဝင် အချိန်ပြည့်​ဓမ္မ​အမှုမှာ ၆၃ နှစ်​ကျော်​ပါဝင်​ခဲ့​တာ​ကို ပြန်ပြောင်း​ကြည့်​လိုက်တဲ့အခါ ကျွန်မ​ရဲ့​ဘဝဟာ ကျေနပ်​အားရစရာ​ကောင်းတယ်​လို့ ပြော​နိုင်​ပါ​တယ်။ ကျွန်မ​ရဲ့ ပထမ​ခင်ပွန်း ကင်ဆာ​ရောဂါ​ကို တနုံ့နုံ့​ခံစား​ပြီး သေဆုံး​သွားတာ၊ ဒုတိယ​ခင်ပွန်း​က​လည်း အယ်​လ်ဇိုင်း​မား​ရောဂါ​ရဲ့ ဆိုးရွား​လှတဲ့ အကျိုးဆက်​တွေ ခံစား​နေရ​တာ​ကို မြင်ရ​ခြင်း​ဟာ အင်မတန်​ဝမ်းနည်း​ကြေကွဲ​ရတာ​အမှန်​ပါ။ ဒီလို ဝမ်းနည်းစရာ​တွေ​ရှိပေမဲ့ ကျွန်မ​ရဲ့​ရွှင်လန်းမှု​ကို ဘယ်လို​ထိန်းထား​နိုင်​ခဲ့​တဲ့​အကြောင်း ဝေမျှပေး​ပါ​ရစေ။

ကျွန်မ​ဟာ နာ​ဘ​ရာ့စ်​ခါ​နယ်စပ်​အနီး၊ ကော်လိုရာဒို​အရှေ့မြောက်ပိုင်း မြက်ခင်း​လွင်ပြင်​ပေါ်မှာ​ရှိတဲ့ ဟက်​စ်​တန်​မြို့ငယ်​လေး​အနီး​က စိုက်​ပျိုး​မွေးမြူရေး​ခြံ​မှာ ကြီးပြင်း​လာတာပါ။ အော်​ရ​ယ်လ်​နဲ့ နီ​နာ မော့​ခ် တို့​ရဲ့ သားသမီး​ခြောက်​ယောက်​ထဲမှာ ကျွန်မ​က နံပါတ် ငါး။ ရပ်စယ်လ်၊ ဝိန်း၊ က​လဲ​ရာ​နဲ့ အာဒစ်​တို့ကို ၁၉၁၃ နဲ့ ၁၉၂၀ အကြား​မှာ မွေး​ခဲ့​ပြီး နောက်​တစ်နှစ်​မှာ ကျွန်မ​ကို​မွေးတယ်။ ကား​တ​စ္စ​ကို ၁၉၂၅ ခုနှစ်​မှာ​မွေးတယ်။

၁၉၁၃ ခုနှစ်​မှာ အမေ​ဟာ ကျမ်းစာ​ကျောင်းသား​တစ်ယောက်​ဖြစ်လာ​တယ်၊ ယေဟောဝါ​သက်သေတွေကို ဟို​တုန်း​က အဲ့​လို​ပဲ​ခေါ်​တယ်။ တဖြည်းဖြည်း ကျန်​အိမ်သားတွေ​လည်း လိုက်ပြီး​ဖြစ်လာ​ကြတယ်။

မြက်ခင်း​လွင်ပြင်​ပေါ်မှာ ဖြစ်ထွန်း​လာတဲ့​ဘဝ

အဖေဟာ အရမ်း​တိုးတက်​ချင်​တဲ့​သူ​ဖြစ်တယ်။ စိုက်​ပျိုး​မွေးမြူရေး​ခြံ​ထဲ​က ကျွန်မ​တို့​ရဲ့ အဆောက်အအုံ​အားလုံး​ကို လျှပ်စစ်မီး​သွယ်​တန်း​ထား​တယ်၊ အဲဒီခေတ်​တုန်း​က အရမ်း​ရှားပါး​တဲ့​အရာ​ပေါ့။ ဒါ့အပြင် ကျွန်မ​တို့​ခြံ​ကနေ အစဉ်အလာ​ထွက်ကုန်​တွေ​ဖြစ်​တဲ့ ကြက်​ဥ၊ နွား​နို့၊ နို့​မလို​င်​နဲ့ ထော​ပတ်​တွေ​ရတယ်။ မြင်း​တွေ​နဲ့ ကျွန်မ​တို့​လယ်ထွန်​ကြ​ပြီး စတော်ဘယ်ရီ​တွေ၊ အာလူး​တွေ​အပြင် ဂျုံ​နဲ့ ပြောင်း​လည်း စိုက်​ကြတယ်။

အဖေဟာ သူ့​ကလေး​တွေ​အားလုံး​ကို အလုပ်,လုပ်တတ်​သူတွေ​ဖြစ်​ရမယ်​လို့ ယူဆ​ထား​တယ်။ ကျွန်မ​ကျောင်း​မနေ​သေး​တဲ့​အရွယ်မှာ​တောင် လယ်ကွင်း​တွေ​မှာ အလုပ်လုပ်ဖို့ လေ့ကျင့်ပေး​ခံ​နေရ​ပြီ​လေ။ နွေ​ရာသီ နေ​ပူ​ကျဲကျဲ​မှာ ဥယျာဉ်ခြံ​ထဲ​က မြက်​ပင်​တွေ​ကို အတန်း​အရှည်ကြီး ပေါက်တူး​ပေါက်​ခဲ့​တာ သတိရ​သေး​တယ်။ ‘ဒီ​အတန်း​ကို ဘယ်တော့​များ ပေါက်​လို့​ပြီး​ပါ့​မလဲ’ ဆိုပြီး တွေးမိ​တယ်။ တစ်ကိုယ်လုံး ချွေးတဒီးဒီး​ကျနေ​ပြီး ပျား​က​လည်း တု​ပ်​လိုက်​သေး။ တစ်ခါ​တ​လေ ကျွန်မ​ကိုယ်​ကျွန်မ သနား​မိတယ်၊ ဘာကြောင့်လဲ​ဆိုတော့ တခြား​လူငယ်တွေ​က ကျွန်မ​တို့​လောက် ပင်ပင်ပန်းပန်း အလုပ်​မလုပ်ရဘူး။ ဒါပေမဲ့ ကျွန်မ​ရဲ့​လူငယ့်​ဘဝကို ပြန်​တွေးကြည့်​ရင် အလုပ်လုပ်​တတ်​အောင် သွန်သင်ခံ​ခဲ့​ရတဲ့​အတွက် ကျေးဇူး​တင်​မိတယ်။

ကျွန်မ​တို့အားလုံး တာဝန်​ကိုယ်စီ​ရှိကြတယ်။ အာဒစ်​က ကျွန်မ​ထက် နို့​ညှစ်​ပို​ကျွမ်းကျင်​တာ​ကြောင့် ကျွန်မ​က မြင်းဇောင်း​တွေ​ထဲ​က မြင်း​ချေး​တွေ​ကို ဂေါ်​ပြား​နဲ့​ကော်​ထုတ် လှဲ​ကျင်း​ရတယ်။ ဒါပေမဲ့ ကျွန်မ​တို့​တစ်​တွေ ပျော်ရွှင်​ချိန်၊ ကစား​ချိန်​လည်း​ရ​ကြတယ်။ ဒေသခံ ဆော့​ဖ်​ဘော​အသင်း​တစ်သင်း​မှာ ကျွန်မ​နဲ့ အာဒစ် ပါဝင်​ကစား​ခဲ့​ကြတယ်။ ကျွန်မ​က ဖမ်း​လူ ဒါမှ​မဟုတ် တတိယ​အခြေခံ​ထောင့်​လူနေ​ရာ​မှာ ကစား​ပြီး အာဒစ်​က ပထမ​အခြေခံ​ထောင့်​လူနေ​ရာ​မှာ ကစား​တယ်။

ကြည်လင်​တဲ့​ညဘက်​ကောင်းကင်​ယံ​တွေ​ဟာ ပ​ရေ​ရီ​မြက်ခင်းပြင်​ပေါ်မှာ အရမ်း​ကို​လှ​နေတယ်။ ထောင်သောင်း​မ​က​တဲ့ ကြယ်​တွေ​ဟာ ကျွန်မ​တို့​ရဲ့​ဖန်ဆင်း​ရှင်၊ ယေဟောဝါ​ဘုရားသခင်​ကို သတိ​ရစေတယ်။ ကျွန်မ​ဟာ ကလေး​အရွယ်​ပဲ​ရှိ​နေချိန်မှာ​တောင် ‘ယေဟောဝါ​သည် ကြယ်​များ​ကို​ရေတွက်​၍ အသီးအသီး​တို့အား နာမည်​ဖြင့်​သမုတ်​တော်​မူ​၏’ လို့​ဖတ်​ရတဲ့ ဆာလံ ၁၄၇:၄ [သမ္မာ] ကို တွေး​လေ့​ရှိတယ်။ ဒီလို​ကြည်လင်​တဲ့​ည​တွေ​မှာ ကျွန်မ​ရဲ့​ခွေး ဂျာ့ဂ်​က သူ့​ခေါင်း​ကို ကျွန်မ​ရဲ့​ပေါင်​ပေါ်မှာ​တင်ပြီး ကျွန်မ​နဲ့ အဖော်​လုပ်ပေးတယ်။ နေ့လယ်​နေ့ခင်း​ဆိုရင် ဝ​ရန်​တာ​မှာ​ထိုင်ပြီး လေ​တစ်ချက်​အဝှေ့ နေရောင်အောက်​မှာ ငွေရောင်​သန်း​သွားတဲ့ ဂျုံခင်း​ကြီး​တွေ​ကို​ကြည့်​ပြီး ရှုမျှော်​မဆုံး​ဖြစ်နေ​တတ်တယ်။

အမေ့ရဲ့ စံနမူနာ​ကောင်း

ကျွန်မ​ရဲ့​အမေ​ဟာ အရမ်း​ချစ်ခင်​တွယ်တာ​ဖို့​ကောင်း​တဲ့ အိမ်ရှင်မ​ဖြစ်တယ်။ အဖေက​တော့ အမြဲ​အိမ်ထောင်ဦးစီး​ပဲ၊ သူ့ကို​ရိုသေ​လေးစားဖို့ ကျွန်မ​တို့ကို အမေ​သွန်သင်​ပေး​ခဲ့​တယ်။ ၁၉၃၉ ခုနှစ်​မှာ အဖေ​လည်း ယေဟောဝါသက်သေ​ဖြစ်လာ​တယ်။ အဖေဟာ ကျွန်မ​တို့ကို အလုပ်​ကောင်းကောင်း​ခိုင်း​ပြီး အလို​မလိုက်​ခဲ့​ပေမဲ့ ကျွန်မ​တို့ကို​ချစ်တယ်​ဆိုတာ​ကို သိထားကြတယ်။ အများအားဖြင့် ဆောင်းတွင်း​ရောက်ရင် အဖေဟာ မြင်း​နှစ်ကောင်ကို​တွဲ၊ စွပ်ဖား​မှာ တပ်​ပြီး ကျွန်မ​တို့ကို ပေး​စီး​တယ်။ အရောင်​တဖျတ်ဖျတ်​တောက်​နေတဲ့ နှင်း​တွေ​ပေါ်မှာ​စီး​ရတာ အရမ်းပျော်​ဖို့​ကောင်းတယ်!

ဘုရားသခင်​ကို ချစ်​ဖို့နဲ့ သမ္မာကျမ်းစာ​ကို လေးမြတ်​တတ်​ဖို့ ကျွန်မ​တို့ကို သွန်သင်​ပေး​တာ​က​တော့ အမေ​ပါ​ပဲ။ ဘုရားသခင်​ရဲ့​နာမည်​က ယေဟောဝါ​ဖြစ်တယ်၊ ကိုယ်တော်​ဟာ အသက်ရဲ့​ပင်ရင်း​ဖြစ်တယ်​ဆိုတာ ကျွန်မ​တို့တွေ သိလာ​ရတယ်။ (ဆာလံ ၃၆:၉; ၈၃:၁၈က​ဘ) ဒါ့အပြင် ကိုယ်တော်​ဟာ ကျွန်မ​တို့ကို လမ်းညွှန်ချက်တွေ​ပေး​ထားပြီး အဲ့ဒီ​လမ်းညွှန်ချက်တွေ​က ကျွန်မ​တို့​ရဲ့​ပျော်ရွှင်မှု​ကို နုတ်ယူ​ဖို့​မဟုတ်ဘဲ အကျိုးအတွက်​ဖြစ်တယ်​ဆိုတာ​လည်း ကျွန်မ​တို့​သိလာ​ခဲ့​ရတယ်။ (ဟေရှာယ ၄၈:၁၇) ကျွန်မ​တို့​မှာ လုပ်စရာ​အထူး​လုပ်ငန်း​တစ်ခု ရှိတဲ့​အကြောင်း ကျွန်မ​တို့ကို အမေ​အမြဲ​ပြော​တယ်။ ယေရှုဟာ သူ့ရဲ့​နောက်လိုက်​တွေ​ကို “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း [ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော ဤ [သတင်းကောင်း] ကို မြေတစ်ပြင်လုံး၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့” လို့​ပြော​ခဲ့​ကြောင်း ကျွန်မ​တို့​သိရှိ​ခဲ့​ရတယ်။—မဿဲ ၂၄:၁၄သမ္မာ။

ကလေး​ဘဝ​တုန်း​က ကျွန်မ​ကျောင်း​က​ပြန်လာတဲ့​အခါ အမေ့ကို အိမ်ထဲမှာ​မ​တွေ့ရ​ရင် သူ့ကို လိုက်ရှာ​လေ့​ရှိတယ်။ ကျွန်မ​အသက် ခြောက်​နှစ်ခု​နစ်​နှစ်လောက်​တုန်း​က တစ်ခါ​မှာ အမေ့ကို သိုလှောင်ရုံ​ထဲမှာ ရှာတွေ့​တယ်။ အဲဒီနောက် မိုး​အကြီးအကျယ်​စ​ရွာ​တော့​တယ်။ ကောက်ရိုး​တွေ​တင်ထား​တဲ့​ထပ်ခိုး​မှာ ကျွန်မ​တို့​ရှိနေကြ​တုန်း ဘုရားသခင်​ဟာ နောက်ထပ်​ရေလွှမ်းမိုး​ဘေး ကျရောက်​စေပြီ​လားလို့ အမေ့ကို​မေးလိုက်တယ်။ ဘုရားသခင်​ဟာ ကမ္ဘာ​မြေကြီးကို ရေလွှမ်းမိုး​ဘေး​နဲ့ ပြန်​ဖျက်ဆီး​မှာ​မဟုတ်တော့ဘူးလို့ ကတိပေး​ခဲ့​တဲ့​အကြောင်း ကျွန်မ​ကို စိတ်ချ​စေတယ်။ ဒါ့အပြင် လေ​ဆင်​နှာမောင်း​တိုက်​လေ့​ရှိတဲ့​အတွက် မြေအောက်ခန်း​ထဲ အခါ​ပေါင်း​များစွာ ပြေး​ပြေးဝင်​ပုန်း​ခဲ့​ရတာကို​လည်း ပြန်​အမှတ်​ရ​နေတယ်။

အမေ​ဟာ ကျွန်မ​ကို မမွေးခင်​ကတည်းက ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​နေပြီ​ဖြစ်တယ်။ ကျွန်မ​တို့​အိမ်မှာ တွေ့ဆုံ​ခဲ့​ကြ​တဲ့​အုပ်စု​တစ်စု​ရှိတယ်၊ သူတို့​အားလုံး​က ခရစ်တော်​နဲ့​အတူ ကောင်းကင်​မှာ​နေထိုင်ဖို့ မျှော်လင့်ချက်​ရှိသူတွေ​ချည်း​ပဲ။ တစ်အိမ်​မှ​တစ်အိမ်​ဟောပြောခြင်းက အမေ့​အတွက် စိန်ခေါ်ချက်​ဖြစ်နေ​ပေမဲ့ ဘုရားသခင်​ကို​ချစ်တဲ့ သူ့ရဲ့​မေတ္တာက ကြောက်ရွံ့​မှု​ကို အနိုင်ယူ​သွားတယ်။ အသက် ၈၄ နှစ်အရွယ်၊ ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်မှာ တည်ကြည်​စွာ​နဲ့ ကွယ်လွန်​သွားတယ်။ “မေမေ၊ ကောင်းကင်​ကို​သွားပြီး မေ​မေ့​အသိ​တွေ​နဲ့ အတူ​နေရ​မှာ” လို့ သူ့​နား,နားကပ်​ပြီး လေသံ​လေး​နဲ့​ပြော​လိုက်တယ်။ အမေ​ကွယ်လွန်​တဲ့​အချိန်​မှာ သူ့​အနား​ရှိခဲ့​ပြီး ကျွန်မ​ရဲ့​ယုံကြည်​စိတ်ချမှု​ကို ပြောပြ​လိုက်​ရလို့ တကယ်​ဝမ်းသာ​မိတယ်! သူက “သမီးဟာ အမေ့​အပေါ် အရမ်း​ကောင်း​တာ​ပဲ​ကွယ်” လို့ အသံသဲ့သဲ့​နဲ့​ဆို​ရှာတယ်။

ကျွန်မ​တို့ စ​ဟောခဲ့​ကြ

၁၉၃၉ ခုနှစ်​မှာ ရပ်​စ​ယ်​ဟာ ယေဟောဝါသက်သေ​တွေ​က အချိန်ပြည့်​ဧဝံဂေလိ​ဟောပြောသူတွေကို​ခေါ်​တဲ့ ရှေ့ဆောင်​တစ်ယောက်​ဖြစ်လာ​တယ်။ သူ့ကို နယူးယောက်၊ ဘ​ရွတ်​က​လင်​မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့​ကမ္ဘာ့​ဌာနချုပ် (ဗေသလ​ဟု​ခေါ်) မှာ အမှုဆောင်ဖို့ ဖိတ်ခေါ်​ခဲ့​တဲ့ ၁၉၄၄ ခုနှစ်​အထိ အို​က​လာ​ဟိုး​မား​နဲ့ နီ​ဘ​ရာ​စ​ကာ​ပြည်နယ်​တွေ​မှာ ရှေ့ဆောင်​ခဲ့​တယ်။ ကျွန်မ​က​တော့ ၁၉၄၁ ခုနှစ်၊ စက်တင်ဘာ ၂၀ မှာ ရှေ့ဆောင်​စ​လုပ်ပြီး ကော်လိုရာဒို၊ ကဲ​န်း​ဆပ်​စ်​နဲ့ နီ​ဘ​ရာ​စ​ကာ​ပြည်နယ်​တွေ​မှာ​ရှိတဲ့ ဒေသ​မျိုးစုံ​မှာ အမှုဆောင်ခဲ့တယ်။ တခြား​သူတွေကို ယေဟောဝါ​အကြောင်း​သိလာအောင် ကူညီ​ပေး​နိုင်​တဲ့​အပြင် ကိုယ်တော့်​အပေါ် အားထား​မှီခို​တတ်လာ​တဲ့​အတွက် ရှေ့ဆောင်​လုပ်ခဲ့တဲ့ အဲဒီ​အချိန်တွေ​ဟာ ပျော်စရာ​ကောင်း​တဲ့​အချိန်တွေ​ပါ​ပဲ။

ရပ်​စ​ယ်​ရှေ့ဆောင်​စ​လုပ်တဲ့​အချိန်​လောက်​မှာပဲ ဝိန်း​ဟာ တစ်ခဏ အလုပ်​လုပ်ပြီး အရှေ့ဘက်​ကမ်းရိုးတန်း​မှာ ကောလိပ်​သွား​တက်တယ်။ နောက်တော့ သူလည်း ဗေသလ​ကို ဖိတ်ခေါ်​ခံရ​တယ်။ နယူးယောက်၊ အီတာကာ​အနား​က ဘုရားသခင့်​နိုင်ငံတော်​ခြံ​မှာ နှစ်​အတန်ကြာ သူ​အမှုဆောင်ခဲ့တယ်။ အဲဒီ​ခြံ​မှာ ခြံ​မိသားစု​လေး​အတွက်ရော ဘ​ရွတ်​က​လင်​ဗေသလ​က အမှုထမ်း ၂၀၀ အတွက်​ပါ စားသုံး​သီးနှံ​တွေ​ကို စိုက်​ပျိုး​ထား​တယ်။ ဝိန်း​ဟာ သူ့ရဲ့​ကျွမ်းကျင်​မှု​စွမ်းရည်​နဲ့ အတွေ့အကြုံ​တွေ​ကို သူ​သေဆုံး​တဲ့ ၁၉၈၈ ခုနှစ်​အထိ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ အသုံးချ​သွားတယ်။

ကျွန်မ​အစ်မ အာဒစ်​က​တော့ ဂျိမ်းစ် ကား​န် နဲ့ အိမ်ထောင်​ပြုပြီး သားသမီး​ငါး​ယောက်​ရှိတဲ့ မိသားစု​တစ်စု​ဖြစ်လာ​တယ်။ ၁၉၉၇ ခုနှစ်​မှာ သူ​ကွယ်လွန်​သွား​ရှာတယ်။ ကျွန်မ​ရဲ့ နောက်​အစ်မ​တစ်ယောက်​ဖြစ်​တဲ့ က​လဲ​ရာ​က​တော့ က​နေ့​အချိန်​ထိ ယေဟောဝါ​အပေါ် တည်ကြည်​နေတုန်းပဲ၊ အားလပ်ရက်​တွေ​မှာ သူ​နေထိုင်တဲ့ ကော်လိုရာဒို​ပြည်နယ်​က သူ့အိမ်ကို ကျွန်မ​သွား​သွားလည်တယ်။ ကျွန်မ​တို့​ရဲ့ မောင်​အငယ်ဆုံး ကား​တ​စ္စ​က​တော့ ၁၉၄၀ ပြည့်လွန်​နှစ်​အလယ်ပိုင်း​ကျ​မှ ဘ​ရွတ်​က​လင်​ဗေသလ​ကို ရောက်လာ​ခဲ့​တာ။ ကုန်ပစ္စည်း​အမျိုးမျိုး​တင်ဆောင်​ထား​တဲ့ ထရပ်ကား​ကို ဘုရားသခင့်​နိုင်ငံတော်​ခြံ​နဲ့ ဘ​ရွတ်​က​လင်​အကြား ခေါက်​တုံ့​ခေါက်​ပြန် သယ်ယူ​မောင်း​ပို့ပေး​ရတယ်။ သူက အိမ်ထောင်​မပြုဘူး၊ ၁၉၇၁ ခုနှစ်​ရောက်တော့ သူ​ဆုံး​သွားတယ်။

ကျွန်မ​ရဲ့​ဆန္ဒ—ဗေသလ​လုပ်ငန်း

ကျွန်မ​ရဲ့​အစ်ကိုကြီး​က ဗေသလ​ကို စောစော​ရောက်သွား​တော့ ကျွန်မ​လည်း အဲဒီမှာ အမှုဆောင်​ချင်​ခဲ့​တယ်။ ကျွန်မ ဖိတ်ခေါ်​ခံ​ရတာဟာ သူတို့​ပုံသက်သေ​ကောင်း​လို့​ဆိုတာ သေချာတယ်။ ဘုရားသခင့်​အဖွဲ့အစည်း​ရဲ့ သမိုင်းကြောင်း​ကို အမေ​ပြောပြ​တုန်း​က နားထောင်ခဲ့တာ၊ နောက်ဆုံး​နေ့ရက်​တွေ​နဲ့​ပတ်သက်​တဲ့ ကျမ်းစာ​ပရောဖက်ပြုချက်​တွေ​ရဲ့ ပြည့်စုံချက်​ကို ကျွန်မ​ကိုယ်တိုင် မျက်ဝါးထင်ထင်​တွေ့​နေရ​တာ​တွေ​က ဗေသလမှာ အမှုဆောင်​ချင်​တဲ့ ကျွန်မ​ရဲ့​စိတ်ဆန္ဒ​ကို ပျိုးထောင်​ပေး​ခဲ့​တယ်။ ကိုယ်တော် ကျွန်မ​ကို ဗေသလမှာ အမှုဆောင်​စေမယ်​ဆိုရင် ခရစ်ယာန်​တာဝန်​တွေ မပြီးမချင်း ဗေသလ​ကနေ မ​ထွက်​ဘူးလို့ ယေဟောဝါ​ဆီ ဆုတောင်း​ပြီး ကတိ​သစ္စာဆို​လိုက်တယ်။

၁၉၄၅ ခုနှစ်၊ ဇွန် ၂၀ မှာ ဗေသလ​ကို ကျွန်မ​ရောက်သွား​ပြီး အိမ်မှု​ပြုစုပေး​ရတယ်။ နေ့တိုင်း အခန်း ၁၃ ခန်း​ကို သန့်ရှင်းရေး​လုပ်​ရတယ်၊ အိပ်ရာ ၂၆ ခု​ကို ပြင်ပေး​ရတယ်၊ ပြီး​တော့ စင်္ကြံ​တွေ၊ လှေကား​တွေ​နဲ့ ပြတင်းပေါက်​တွေ​ကို​ပါ သန့်ရှင်းရေး​လုပ်ပေး​ရတယ်။ ဒီ​အလုပ်​က ပင်ပန်း​တဲ့​အလုပ်​ဖြစ်တယ်။ နေ့တိုင်း အလုပ်​လုပ်နေတဲ့​အခါ ‘နင် မော​နေတာ​မှန်ပေမဲ့ နင်​ရောက်နေတဲ့​နေရာ​က ဘုရားသခင့်​အိမ်တော်၊ ဗေသလ​လေ!’ လို့ ကိုယ့်​ကိုယ်ကို တ​ဖွဖွ​ပြောပေး​ရတယ်။

ဗေသလမှာ​စ​အမှုဆောင်​တုန်း​က ရှက်​သွေး​ဖြန်း​စ​ရာ​တစ်ခု ဖြစ်ပျက်​ခဲ့​တယ်။ ကျွန်မ​က တောသူ​ဆိုတော့ ဒမ်းဝိတ်​တာ​ဆိုတာ တိုက်​တစ်​ထပ်​ကနေ​တစ်​ထပ်​ကို ပစ္စည်းပစ္စယ​တွေ​သယ်​ပေး​ရတဲ့ ဓာတ်​လှေကား​ငယ်​ကို​ခေါ်​တယ်​ဆိုတာ မသိ​ဘူး။ တစ်ရက်​မှာ အလုပ်လုပ်​နေတုန်း ကျွန်မ​ကို “ဒမ်းဝိတ်​တာ​ကို အောက်​ပို့ပေး​လို့​ရမလား” ဆိုပြီး ဖုန်း​နဲ့​အကူအညီ​လှမ်း​တောင်း​တယ်။ ဖုန်း​ခေါ်​တဲ့​သူက ဖုန်း​ကို ချက်ချင်း​ချ​သွားတော့ ကျွန်မ​ဘာလုပ်​ရ​မှန်း​မသိ​ဖြစ်သွား​တယ်။ ဒါပေမဲ့ ကျွန်မ အိမ်မှုပြု​ပေး​ရတဲ့​အထပ်​မှာ​နေတဲ့ ညီအစ်ကို​တွေ​ထဲမှာ တစ်ယောက်​က ဝိတ်​တာ​စားပွဲထိုး​ဖြစ်တယ်​ဆိုတာ​ကို သတိရ​လိုက်တယ်။ ဒါနဲ့ သူ့​အခန်းတံခါး​ကို​သွား​ခေါက်​ပြီး “စား​ဖို​ဆောင်​ကို ဆင်းလာ​ပါ​တဲ့” လို့ ပြောလိုက်​ပါ​လေ​ရော။

နေသန် နောရ်​နဲ့ လက်ထပ်​ထိမ်းမြားခြင်း

အိမ်ထောင်ပြု​ချင်​တဲ့ ဗေသလ​အိမ်သားတွေကို ဗေသလ​ကနေ​ထွက်​ပြီး အခြား​တစ်​နေရာ​ရာ​မှာ နိုင်ငံတော်​အကျိုး​စီးပွား သယ်ပိုး​ကြဖို့ ၁၉၂၀ ပြည့်လွန်​နှစ်တွေ​ကတည်းက တောင်းဆို​ထားပြီး​သား​ဖြစ်တယ်။ ဒါပေမဲ့ ၁၉၅၀ ပြည့်လွန်​နှစ်​အစောပိုင်းမှာ​တော့ ဗေသလမှာ အချိန်​အတော်ကြာ အမှုဆောင်ခဲ့​ကြ​တဲ့ စုံတွဲ​တချို့​ကို အိမ်ထောင်​ပြုပြီး​တဲ့​နောက် ဆက်နေ​ခွင့်ပြု​ခဲ့​တယ်။ အဲဒီတုန်းက ကမ္ဘာချီ​ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို ဦးဆောင်​နေတဲ့ နေသန် အိပ်ခ်ျ. နောရ်​က ကျွန်မ​ကို စိတ်ဝင်စား​ချိန်မှာ ‘သူဟာ ဗေသလမှာ နေကို​နေမယ့်​သူပဲ!’ လို့ ကျွန်မ​တွေးထင်​ထား​တယ်။

နေသန်​ဟာ ယေဟောဝါသက်သေ​တွေ​ရဲ့ ကမ္ဘာချီ​လှုပ်ရှား​ဆောင်ရွက်မှု​ကို ကြီးကြပ်​ရတဲ့​တာဝန်​တွေ တစ်ပုံကြီး​ထမ်း​ထား​တာ။ ဒါ​ကြောင့် ကျွန်မ​ကို သူ ပွင့်ပွင့်လင်းလင်း​ပဲ​ပြော​တယ်၊ သူ​လက်ထပ်ခွင့်​တောင်းဆို​တာ​ကို လက်မခံ​ခင် သေသေချာချာ စဉ်းစား​သင့်တဲ့ အကြောင်း​တွေ အများကြီး​ပြောပြ​ခဲ့​တယ်။ အဲဒီ​အချိန်တုန်းက သူဟာ ကမ္ဘာ​အနှံ့အပြား​မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ ဌာနခွဲရုံး​တွေ​ကို လည်ပတ်​ကြည့်ရှု​ဖို့ ခရီး​သွား​နေရ​ပြီး တစ်ခါ​တစ်ခါ​သွား​ရင် အပတ်​နဲ့​ချီ​ပြီး​ကြာ​တယ်။ ဒါ​ကြောင့် ကျွန်မ​တို့ တခြား​စီ​နေရ​မယ့်​အချိန်တွေ ရှိလာ​လိမ့်မယ်လို့ သူက​ရှင်းပြတယ်။

နွေဦး​ပေါက်​မှာ မင်္ဂလာဆောင်​ပြီး ဟာဝိုင်ယီ​ဆို​တဲ့ ပစိဖိတ်ကျွန်း​တစ်ကျွန်း​ကို ပျားရည်ဆမ်း​ခရီးထွက်​မယ်​လို့ ငယ်ငယ်​တုန်း​က စိတ်ကူးယဉ်​ခဲ့​ဖူး​တယ်။ တကယ်တမ်း​ကျ​တော့၊ ကျွန်မ​တို့​ဟာ ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်​နေ့၊ ဆောင်း​ရာသီမှာ လက်ထပ်​လိုက်ပြီး အဲ့ဒီ စနေနေ့ ညနေပိုင်း​နဲ့ တနင်္ဂနွေ​နေ့​တွေ​ကို န​ယူး​ဂျာ​ဆီ​မှာပဲ ကျွန်မ​တို့​ရဲ့ ပျားရည်ဆမ်း​ခရီး ထွက်​လိုက်တယ်။ တနင်္လာ​နေ့မှာ ကျွန်မ​တို့ အလုပ်​ပြန်ဝင်​ခဲ့​ကြတယ်။ ဒါပေမဲ့ တစ်ပတ်​အကြာမှာ​တော့ ပျားရည်ဆမ်း​ခရီး​ကို ကျွန်မ​တို့ ထွက်​ဖြစ်​ခဲ့​ကြ​ပြန်​တယ်။

အလုပ်​အရမ်း​ကြိုးစား​တဲ့ အဖော်

၁၉၂၃ မှာ ဗေသလ​ရောက်​ခဲ့​စဉ်​က နေသန်​ဟာ အသက် ၁၈ နှစ်​ဖြစ်တယ်။ သက်သေခံတွေရဲ့​လုပ်ငန်း​ကို ဦးစီး​နေတဲ့ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်​နဲ့ ပုံနှိပ်​စက်​မန်နေဂျာ ရောဘတ် ဂျေ. မာတင်​တို့​လို အတွေ့အကြုံ​ရှိတဲ့​သူတွေဆီ​ကနေ အဖိုးထိုက်​လှတဲ့ သွန်သင်လေ့​ကျင့်ပေး​မှု​ကို သူ​လက်ခံရ​ရှိခဲ့တယ်။ ၁၉၃၂ စက်တင်ဘာ​လမှာ ညီအစ်ကို​မာတင် ကွယ်လွန်​သွားတော့ နေသန်​ဟာ ပုံနှိပ်​စက်​မန်နေဂျာ ဖြစ်လာ​ခဲ့​တယ်။ နောက်​တစ်နှစ်​မှာ ဥရောပ​က ယေဟောဝါသက်သေ​တွေ​ရဲ့ ဌာနခွဲရုံး​တွေ​ဆီ ညီအစ်ကို ရပ်သဖော့ဒ်​သွား​လည်ပတ်​တဲ့​အခါ နေသန်​ကို သူနဲ့အတူ ခေါ်​သွားတယ်။ ၁၉၄၂ ဇန်နဝါရီ​လမှာ ညီအစ်ကို​ရပ်သဖော့ဒ် ကွယ်လွန်​သွားတော့ နေသန်​ကို ယေဟောဝါသက်သေ​တွေ​ရဲ့ ကမ္ဘာချီ​လုပ်ငန်း​ကို ကြီးကြပ်​ရတဲ့​တာဝန် ပေး​လိုက်ကြတယ်။

နေသန်​ဟာ အမြော်အမြင်​ကြီး​တယ်၊ အနာဂတ်​ဖွံ့ဖြိုး​တိုးတက်မှု​အတွက် အမြဲ​ကြိုတင်​စီစဉ်​ထား​တတ်တယ်။ ဒီ​အစီအစဉ်​စနစ်​ရဲ့​အဆုံး​က အရမ်း​နီးကပ်​လာပြီ​ဆိုတော့ တချို့က အဲဒါကို မသင့်တော်ဘူးလို့ ယူဆကြတယ်။ အမှန်​ပဲ နေသန်​ရဲ့​အစီအစဉ်ကို သတိပြုမိ​တဲ့ ညီအစ်ကို​တစ်ယောက်​က သူ့ကို “ဒါက ဘာ​သဘော​လဲ၊ ညီအစ်ကို​နောရ်။ ခင်ဗျား​မှာ ယုံကြည်ခြင်း​မရှိတော့ဘူး​လား” လို့​မေးလိုက်တယ်။ သူက “ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်​တို့​မျှော်လင့်တဲ့​အတိုင်း အဆုံး​မြန်မြန်​မ​ရောက်လာ​သေး​ရင် ကျွန်တော်​တို့​က အသင့်​ဖြစ်နေ​မှာ” လို့ ပြန်ဖြေ​လိုက်ပါ​တယ်။

အထူးသဖြင့် ခရစ်ယာန်​သာသနာပြုတွေ​အတွက် ကျောင်း​တစ်​ကျောင်း​တည်ထောင်​ပေး​ဖို့ နေသန် အခိုင်အမာ​မျှော်လင့်​ထား​တယ်။ ဒီလိုနဲ့ ၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီ​လ ၁ ရက်​နေ့မှာ ခရစ်ယာန်​သာသနာပြု​ကျောင်း​ကို အဲဒီ​အချိန်တုန်းက ကျွန်မ​ရဲ့​အစ်ကို​ဝိန်း အမှုဆောင်​နေတဲ့ စိုက်ပျိုးရေး​ခြံ​ကြီး​ထဲမှာ စ​ဖွင့်​ခဲ့​တယ်။ အဲဒီ​ကျောင်း​က ငါး​လ​နီးပါး​ကြာပြီး ကျမ်းစာ​ကို အပြင်းအထန်​လေ့လာ​တဲ့​သင်တန်း​ဖြစ်​ပေမဲ့ နေသန်​ဟာ ကျောင်းသား​တွေ​ကို အနားယူ​အပန်းဖြေ​စေ​ခဲ့​တယ်။ အစောပိုင်း​သင်တန်း​တွေ​မှာ​ဆိုရင် သူ​ဆော့​ဖ်​ဘော​ကစား​ခဲ့​တယ်၊ နောက်ပိုင်း​ကျ​တော့ ထိခိုက်​ဒဏ်ရာ​ရပြီး နွေ​ရာသီ​ခရိုင်​စည်းဝေးကြီး​ကို သူ​မတက်ရောက်​နိုင်​မှာ​စိုးလို့ မကစား​တော့​ဘူး။ ဒါနဲ့ ဒို​င်​လူကြီး​လုပ်ပေးတယ်။ ပါဝင်​ကစား​ခဲ့​ကြ​တဲ့ တိုင်းတစ်ပါး​သင်တန်းသားတွေ​ဘက်က​လိုက်ပြီး စည်းမျဉ်း​တွေ​ကို ပြောင်း​ပေး​လို့ သင်တန်းသားတွေ အရမ်း​သဘောကျကြတယ်။

နေသန်​နဲ့​အတူ ခရီး​သွားခြင်း

နောက်တော့ ကျွန်မ​ဟာ နေသန်​နဲ့​အတူ တခြား​နိုင်ငံ​တွေ​ကို ခရီးစ​လှည့်​ရတယ်။ ဌာနခွဲရုံး စေတနာ့​ဝန်ထမ်း​တွေ​နဲ့ ခရစ်ယာန်​သာသနာပြုတွေကို တွေ့ကြုံမှု​တွေ ဝေမျှပေး​ရတာ ကျွန်မ​နှစ်သက်တယ်။ သူတို့ရဲ့​မေတ္တာနဲ့ ဆက်ကပ်​မြှုပ်နှံထား​မှု​ကို ကိုယ်တိုင်​မြင်တွေ့ခဲ့​ရတယ်၊ သူတို့ရဲ့ လုပ်နေကျ​အစီအစဉ်တွေ၊ သူတို့​တာဝန်ကျ​တဲ့​နိုင်ငံ​တွေ​မှာ စားသောက်​နေထိုင်​ရ​ပုံ​တွေ​ကို ကျွန်မ​သိရှိ​ခဲ့​ရတယ်။ နှစ်တွေ​တစ်လျှောက် အဲလို​လည်ပတ်မှု​တွေ​အတွက် ကျေးဇူး​တင်​စာ​တွေ​ကို ဆက်တိုက်​လက်ခံရ​ရှိခဲ့တယ်။

ကျွန်မ​တို့​ရဲ့​ခရီးစဉ်​တွေ​ကို ပြန်ပြောင်း​ကြည့်​တဲ့​အခါ တွေ့ကြုံမှု​များစွာကို အမှတ်ရ​သေး​တယ်။ ဥပမာ၊ ပိုလန်​နိုင်ငံ​ကို ကျွန်မ​တို့​လည်ပတ်​တုန်း​က ညီအစ်မ​နှစ်ယောက်​ဟာ ကျွန်မ​ရှေ့မှာ နှစ်ယောက်​သား တီးတိုး​တီးတိုး​စကားပြော​နေကြ​တယ်။ ကျွန်မ​က “ဘာကြောင့် တီးတိုး​တီးတိုး​ပြော​နေကြ​တာလဲ” လို့​မေးလိုက်တယ်။ သူတို့က​တောင်းပန်​စကား​ဆိုပြီး ပိုလန်​နိုင်ငံ​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း ပိတ်ပင်​ခံရ​ပြီး၊ အိမ်တွေမှာ လျှို့ဝှက်​မိုက်ကရိုဖုန်း​တွေ အ​တပ်​ခံရ​တဲ့​အတွက် စကား​တီးတိုး​ပြော​တဲ့​အကျင့်​ဖြစ်သွား​ကြောင်း ရှင်းပြ​ကြတယ်။

ပိုလန်​နိုင်ငံ​ပိတ်ပင်​မှု​အောက်မှာ အမှုဆောင်ခဲ့​ရတဲ့​သူ​အများကြီး​ထဲမှာ ညီအစ်မ​အာဒါလ​ည်း တစ်ယောက်​ဖြစ်တယ်။ သူ့ရဲ့ ကောက်နေ​တဲ့​ဆံပင်​ကို ရှေ့မှာ ဆံမြိတ်​ချထား​တယ်။ တစ်ခေါက်​မှာ ဆံမြိတ်​ကို​လှန်​ပြီး အမာရွတ်​ကြီး​တစ်ခု သူ​ပြ​ခဲ့​တယ်၊ နှိပ်စက်​ညှဉ်းပန်း​သူ​တစ်ယောက်​က ရိုက်​လိုက်လို့ ရခဲ့တဲ့​ဒဏ်ရာ​တဲ့။ ကျွန်မ​တို့​ရဲ့ ညီအစ်ကို​ညီအစ်မ​တွေ ခံရပ်​ခဲ့​ရတဲ့ ခုလို​ရက်ရက်စက်စက် ပြုမူ​ဆက်ဆံမှု​တွေ​ကို ကျွန်မ​ကိုယ်တိုင်​မြင်တွေ့​လိုက်ရ​တော့ တုန်လှုပ်​သွားတယ်။

ဟာဝိုင်ယီ​ဗေသလ​က ကျွန်မ​အနှစ်သက်ဆုံး​နေရာ​ပေါ့။ ၁၉၅၇ တုန်း​က ဟီ​လို​မြို့တော်​မှာ​ကျင်းပ​ခဲ့​တဲ့ စည်းဝေးကြီး​ကို ကျွန်မ​မမေ့ဘူး။ ထူးခြားတဲ့ အခါသမယ​တစ်ခု​ဖြစ်တယ်၊ တက်ရောက်သူ​က ဒေသခံ​သက်သေခံ​အရေအတွက်​စုစုပေါင်း​ထက် ပို​များတယ်။ မြို့တော်ဝန်​က​တောင် နေသန်​ကို အထိမ်းအမှတ်​သော့​တစ်ချောင်း ပေး​ခဲ့​သေး​တယ်။ လူတွေ​အများကြီး ကျွန်မ​တို့ကို လာ​နှုတ်ဆက်​တယ်၊ ပန်း​ကုံး​တွေ​စွပ်​ကြတယ်။

စိတ်​လှုပ်ရှား​စ​ရာ​ကောင်း​တဲ့ စည်းဝေးကြီး​နောက်တစ်ခု​က​တော့ ၁၉၅၅ ခုနှစ်၊ ဂျာမနီ​နိုင်ငံ၊ နူ​ရင်​ဘာ့ဂ်​မှာ​ဖြစ်တယ်၊ ဟစ်တလာ​ရဲ့ စစ်ရေး​ပြ​ကွင်းပြင်​ကြီး​မှာ ကျင်းပ​ခဲ့​ကြ​တာ။ ဂျာမနီ​နိုင်ငံ​မှာ​ရှိကြ​တဲ့ ယေဟောဝါ​ရဲ့​လူမျိုးတော်​တွေ​ကို အစတုံး​သုတ်သင်ပစ်​မယ်​လို့ ဟစ်တလာ​သစ္စာဆို​ခဲ့​တဲ့​နေရာ​ဆိုပြီး နာမည်ကြီး​တယ်၊ ဒါပေမဲ့ အခုတော့ ဒီ​အားကစားကွင်း​ကြီး​ဟာ ယေဟောဝါသက်သေ​တွေ​နဲ့ ပြည့်လျှံ​နေတယ်! ကျွန်မ​မျက်ရည်​မဆည်နိုင်အောင်​ဖြစ်​ခဲ့​တယ်။ စင်မြင့်​က အကြီးကြီး​ပဲ၊ ပြီး​တော့ တိုင်လုံးကြီး ၁၄၄ တိုင်​ပုံဆွဲ​ထား​တဲ့ နောက်ခံ​ပန်းချီကား​က အရမ်း​စွဲမက်​ဖွယ်​ကောင်းတယ်။ ကျွန်မ​က စင်မြင့်​ပေါ်မှာ​ရှိနေ​တော့ ပရိသတ် ၁၀၇,၀၀၀ ကျော်​ကို မြင်​နေ​ရတယ်။ ရှေ့​နဲ့​နောက် တော်တော်လေး​ဝေး​တာ​ဆိုတော့ နောက်ဆုံး​ခုံတန်း​ကို မမြင်​ရသလောက်​ဘဲ။

နာဇီ​အုပ်စိုးမှု​အောက်မှာ နှိပ်စက်​ညှဉ်းပန်း​ခံရ​တုန်း​က ယေဟောဝါ​ဆီက​ရလာတဲ့​ခွန်အား၊ ဂျာမန်​ညီအစ်ကို​တွေ​ရဲ့ တည်ကြည်မှု​ကို ကျွန်မ​တို့ သိရှိခံစား​လိုက်​မိတယ်။ အဲဒါ​က ယေဟောဝါ​အပေါ် ကျွန်မ​တို့ တည်ကြည်​ရမယ်ဆို​တဲ့ သန္နိ​ဋ္ဌာန်​ကို ခိုင်ခံ့​စေ​ခဲ့​တယ်။ နိဂုံး​ဟောပြောချက်ကို နေသန်​ပေး​ပြီး​တာ​နဲ့ ပရိသတ်​ကို လက်ဝှေ့​ယမ်း​နှုတ်ဆက်​လိုက်တယ်။ ပရိသတ်​က​လည်း ခွဲခွာ​တဲ့​အနေ​နဲ့ သူတို့ရဲ့​လက်ကိုင်​ပဝါ​တွေ​ကို ဝှေ့ယမ်း​ပြ​ကြတယ်။ လှပတဲ့​ပန်း​ခင်း​ကြီး​နဲ့ တူ​နေတယ်။

နောက်​မမေ့နိုင်​စ​ရာ​တစ်ခု​က​တော့ ၁၉၇၄ ဒီဇင်ဘာ​မှာ ပေါ်တူဂီ​နိုင်ငံ​ကို ကျွန်မ​တို့ သွား​လည်ပတ်​တုန်း​က​ဖြစ်တယ်။ ကျွန်မ​တို့​ရဲ့​ဟောပြောခြင်း​လုပ်ငန်း တရားဝင်​ဖြစ်​ပြီး​တဲ့​နောက် လစ္စဘွန်း​မြို့မှာ​ရှိတဲ့ သက်သေခံတွေရဲ့ ပထမ​ဆုံး​ကျင်းပ​တဲ့​အစည်းအဝေး​ကို ကျွန်မ​တို့​တက်ရောက်​ခဲ့​ကြတယ်။ အနှစ် ၅၀ ပိတ်ပင်​ခံ​ထား​ရတာ​လေ! အဲဒီ​အချိန်တုန်းက အဲ့ဒီ​မှာ ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ ၁၄,၀၀၀ ပဲ​ရှိပေမဲ့ ကျင်းပ​တဲ့ အစည်းအဝေး​နှစ်ခု​မှာ တက်ရောက်သူ​က ၄၆,၀၀၀ ကျော်​ရှိတယ်။ “ကျွန်တော်​တို့ ပုန်း​စ​ရာ​မလို​တော့​ဘူး။ လွတ်လပ်​သွားပြီ” လို့ ညီအစ်ကို​တွေ​ပြော​တဲ့​အခါ ကျွန်မ​မျက်ရည်လည်​မိတယ်။

နေသန်​နဲ့​အတူ ခရီး​သွားခဲ့​ရတဲ့​အချိန်​ကစပြီး က​နေ့​အချိန်​ထိ လေယာဉ်ပျံ​ပေါ်မှာ၊ စားသောက်​ဆိုင်​တွေ​မှာ၊ ပြီး​တော့ လမ်းပေါ်မှာ ကျွန်မ​အလွတ်သဘော​သက်သေခံ​ခဲ့​တယ်။ အဆင်သင့်​သက်သေခံ​လို့​ရအောင် စာအုပ်စာတမ်း​တွေ အမြဲ​ဆောင်ထား​တယ်။ တစ်ခါ​က နောက်ကျ​နေတဲ့ လေယာဉ်​ကို ကျွန်မ​တို့​စောင့်နေ​တုန်း အမျိုးသမီး​တစ်ယောက်​က ကျွန်မ​ကို ဘယ်မှာ​အလုပ်,လုပ်တာ​လဲ​လို့ မေးခဲ့တယ်။ အဲဒီ​ကနေ သူ​ရ​ယ်၊ ကျွန်မ​တို့​ပြော​တာတွေကို နားထောင်​နေကြ​တဲ့ ပတ်ဝန်းကျင်​ကလူ​တွေ​နဲ့ စကားပြော​ဖြစ်သွား​တယ်။ ဗေသလ​လုပ်ငန်း​နဲ့ ကျွန်မ​ရဲ့​ဟောပြောခြင်း​လုပ်ငန်း​က ကျွန်မ​ကို အလုပ်​များနေ​စေပြီး အရမ်းပျော်​ရွှင်​စေ​ခဲ့​ပါ​တယ်။

ဖျားနာ​မှု​နဲ့ ခွဲခွာ​နှုတ်ဆက်​အားပေးမှု

၁၉၇၆ ခုနှစ်​မှာ နေသန်​ဟာ ကင်ဆာ​ရောဂါ​နဲ့ မ​ကျန်း​မမာ​ဖြစ်လာ​လို့ သူ့ကို ကျွန်မ​ရော ဗေသလ​မိသားစုဝင်​တွေ​ပါ ကြည့်ရှု​စောင့်ရှောက်​ပေး​ခဲ့​ကြတယ်။ သူ့ရဲ့​ကျန်းမာ​ရေး ဆုတ်ယုတ်​လာပေမဲ့ အဲဒီ​အချိန်တုန်းက သင်တန်း​အတွက် ဘ​ရွတ်​က​လင်​မှာ ရောက်နေ​ကြ​တဲ့ ကမ္ဘာ​တစ်ဝန်း​က ဌာနခွဲရုံး​အဖွဲ့ဝင်​တွေ​ကို ကျွန်မ​တို့​အခန်း​ထဲ ခေါ်ဖိတ်​လေ့​ရှိတယ်။ ဒွန်​နဲ့ အာလင်းစတီးလ်၊ လွိုက်နဲ့ မဲ​လ်​ဘာ​ဘယ်​ရီ၊ ဒေါ​က်​ဂလပ်စ်​နဲ့ မေရီ​ဂပ်​စ်၊ မာတင်နဲ့ ဂါ​ထ​ရွတ် ပွိုတ်​ဇ​င်​ငါ၊ ပ​ရိုက်​စ် ယူးဇ်​နဲ့ တခြား​ညီအစ်ကို​တွေ အများကြီး လာ​လည်ပတ်ကြတာ​ကို ကျွန်မ​သတိရ​သေး​တယ်။ ကျွန်မ​တို့ကို သူတို့​နိုင်ငံ​က တွေ့ကြုံမှု​တွေ ပြောပြ​တတ်ကြ​တယ်။ ပိတ်ပင်​မှု​အောက်​က ကျွန်မ​တို့​ညီအစ်ကို​တွေ​ရဲ့ တည်ကြည်​မြဲမြံ​မှု​ကို ပြန်​ပြောပြ​တဲ့ တွေ့ကြုံမှု​တွေ​ကို ကျွန်မ​အထူး​စွဲမှတ်​တယ်။

သူ​ကွယ်လွန်​တော့​မယ်​ဆိုတာ​ကို နေသန်​သိလာတဲ့​အခါ မုဆိုးမ​ဘဝကို ရင်ဆိုင်​ဖြေရှင်း​နိုင်အောင် အကြံ​ကောင်း​ဉာဏ်​ကောင်း​တချို့ ပေး​ခဲ့​တယ်။ “ငါ​တို့​ဟာ ပျော်ရွှင်​ချမ်းမြေ့​တဲ့ အိမ်ထောင်သည်​ဘဝကို ပိုင်ဆိုင်​ခဲ့​ကြတယ်။ အဲဒီ​ဘဝကို လူအများ မခံစား​ကြ​ရ​ဘူး” လို့ သူပြောတယ်။ ကျွန်မ​တို့​ရဲ့​အိမ်ထောင်ရေး​ကို ပျော်ရွှင်​စေ​တဲ့​အရာတစ်ခု​က​တော့ နေသန်​ရဲ့ ထောက်ထား​စာနာ​တတ်​မှု​ဖြစ်ပါ​တယ်။ ဥပမာ၊ ကျွန်မ​တို့​ခရီး​သွားလာ​ရင်း လူအမျိုးမျိုး​နဲ့ တွေ့ဆုံ​ရတဲ့အခါ သူက “အော်​ဒ​ရေး၊ အကယ်၍ တစ်ခါ​တ​လေ မင်းကို သူတို့နဲ့​မိတ်ဆက်​မပေး​ရင် သူတို့​နာမည်​တွေ​ကို ငါ​မေ့သွား​လို့​ပဲ” ဆိုပြီး ပြော​တတ်တယ်။ ကျွန်မ​ကို သူ​ကြိုတင်​ပြောပြ​ထား​တဲ့​အတွက် အရမ်း​ဝမ်းသာ​ခဲ့​ရတယ်။

“ကျွန်မ​တို့​ရဲ့​မျှော်လင့်ချက်ဟာ သေချာတယ်။ သေ​ပြီး​တဲ့​နောက်​မှာ နောက်ထပ် ဘယ်တော့မှ​ဝေဒနာ​ခံ​စ​ရာ​အကြောင်း ရှိ​မှာ​မဟုတ်ဘူး” လို့ ကျွန်မ​ကို နေသန်​ပြော​ခဲ့​တယ်။ အဲဒီနောက် ကျွန်မ​ကို သူ​ဒီလို တိုက်တွန်း​အားပေး​သွားတယ်– “မင်းရဲ့​ဆုကျေးဇူး​က အနာဂတ်​မှာ​ရှိတဲ့​အတွက် ရှေ့ကို​ပဲ​ကြည့်​ပါ။ မင်းရဲ့​မှတ်ဉာဏ်​တွေ​ထဲမှာ ပြန်​ပေါ်လာ​မှာ​ဖြစ်​ပေမဲ့ အတိတ်​အတွက် အသက်မရှင်​နဲ့။ အချိန်​က မင်းကို ကုစား​ပေး​သွား​လိမ့်မယ်။ မ​နာကြည်း​နဲ့၊ ကိုယ့်​ကိုယ်ကို​သနား​မနေ​နဲ့။ မင်း​ဆီ​မှာ ဒီ​ရွှင်လန်းမှု​တွေ၊ ကောင်းချီး​တွေ​ရှိတာကို ဝမ်းသာ​ပါ။ ခဏ​ကြာပြီး​ရင် မှတ်ဉာဏ်​တွေ​ဟာ မင်းကို​ဝမ်းမြောက်​စေတယ်​ဆိုတာ တွေ့​ရလိမ့်မယ်။ မှတ်ဉာဏ်​တွေ​ဟာ ဘုရားသခင်​ပေး​တဲ့​ဆုကျေးဇူး​ဖြစ်တယ်။” ဒီလို​လည်း သူ​ထပ်​ပြော​သွားခဲ့​သေး​တယ်– “အလုပ်​များနေ​ပါ၊ မင်းရဲ့​ဘဝ​အသက်တာကို တခြား​သူတွေ​အတွက် တစ်ခုခု လုပ်ဆောင်ပေး​သွားဖို့​ကြိုးစား​ပါ။ အဲဒါ​က အသက်ရှင်​ရတာဟာ ပျော်စရာ​ကြီး​ပါ​လား​ဆိုတာ တွေ့​ရလိမ့်မယ်။” အဲဒီနောက်​တော့ ၁၉၇၇၊ ဇွန်လ ၈ ရက်​နေ့မှာ နေသန်​ရဲ့​မြေကြီး​အသက်တာ ကုန်ဆုံး​သွားခဲ့​ပါ​တယ်။

ဂ​လဲ​န်း ဟိုက်​ဒ်​နဲ့ အိမ်ထောင်ပြုခြင်း

အတိတ်​က အမှတ်ရစရာတွေ​နဲ့​အတူ အသက်ရှင်​နိုင်တယ်၊ ဒါမှ​မဟုတ် ဘဝ​သစ်​ထူထောင်​နိုင်တယ်​လို့ ကျွန်မ​ကို နေသန်​ပြော​သွားတယ်။ ဒါ​ကြောင့် ၁၉၇၈ ခုနှစ်​မှာ နယူးယောက်၊ ဝေါလ်ကီး​လ်​က ကင်းမျှော်စင်​စိုက်ပျိုးရေး​ခြံ​ကို ပြောင်းရွှေ့​သွားပြီး​နောက် နူးညံ့​အေးဆေး​တဲ့ ကိုယ်​လူချော ဂ​လဲ​န်း ဟိုက်​ဒ်​ကို ကျွန်မ​လက်ထပ်​လိုက်တယ်။ သူ​သက်သေခံ​မဖြစ်ခင်​တုန်း​က အမေရိကန်​ပြည်ထောင်စု​နဲ့ ဂျပန်​စစ်​ဖြစ်နေ​တဲ့​ကာလ​မှာ သူဟာ ရေတပ် အမှုထမ်း​ဖြစ်တယ်။

ဂ​လဲ​န်း​ဟာ ပီတီ (ကင်း​လှည့်​တော်​ပီ​ဒို​တပ်) ရေ​ယာဉ်ပေါ်မှာ အမှုထမ်းခဲ့​ပြီး စက်ခန်း​မှာ တာဝန်ကျ​ခဲ့​တယ်။ အင်​ဂျင်​စက်​ရဲ့​ဆူညံသံ​ကြောင့် သူ​နား​လေး​သွားတယ်။ စစ်​ပြီး​တဲ့​နောက်​မှာ​တော့ သူဟာ မီး​သတ်​သ​မား​ဖြစ်လာ​တယ်။ စစ်​ဖြစ်​တုန်း​က အတွေ့အကြုံ​တွေ​ကြောင့် နှစ်ပေါင်း​များစွာ အိပ်မက်ဆိုး​တွေ​မက်​ခဲ့​တယ်။ သူ့ကို အလွတ်သဘော​သက်သေခံ​ခဲ့​တဲ့ သူ့ရဲ့​အတွင်းရေးမှူး​ဆီကနေ ကျမ်းစာ​အမှန်တရား​အကြောင်း သိလိုက်​ရတယ်။

နောက်ပိုင်း ၁၉၆၈ ခုနှစ်​မှာ ဂ​လဲ​န်း​ကို ဘ​ရွတ်​က​လင်​မှာ မီး​သတ်​သ​မား​အဖြစ် အမှုဆောင်ဖို့ ဗေသလ​ကို ခေါ်​လိုက်တယ်။ အဲဒီနောက် ကင်းမျှော်စင်​စိုက်ပျိုးရေး​ခြံ​အတွက် မီး​သတ်​အင်​ဂျင်​စက်​ရောက်လာတဲ့​အခါ အဲဒီကို ၁၉၇၅ ခုနှစ်​မှာ ပြောင်းရွှေ့​သွားရတယ်။ နောက်တော့ သူဟာ အယ်​လ်ဇိုင်း​မား​ရောဂါ​ရဲ့ ဖိစီး​နှိပ်စက်မှု​ကို ခံရ​ရှာတယ်။ ကျွန်မ​တို့​အိမ်ထောင်​ပြုပြီး ဆယ်နှစ်​အကြာမှာ​ပဲ သူ​သေဆုံး​သွားပါ​တယ်။

ကျွန်မ​ဘယ်လို ရပ်တည်​နိုင်​မလဲ။ သူ​ကွယ်လွန်​တော့​မယ်​ဆိုတာ​သိ​ပြီး ကျွန်မ​ကို​ပေး​ခဲ့​တဲ့ နေသန်​ရဲ့​ဉာဏ်ပညာ​စကား​ဟာ ခု​လည်း စိတ်သက်သာ​မှု​ပေး​ပြန်​တယ်။ မုဆိုးမ​ဘဝကို ရင်ဆိုင်​ဖြေရှင်းခြင်း​နဲ့​ပတ်သက်​တဲ့ သူ​ရေး​သွားပေး​တဲ့​စာ​တွေ​ကို ကျွန်မ​ဖတ်နေ​ဆဲ​ပဲ။ အိမ်ထောင်ဖက်​ဆုံးရှုံး​သွားတဲ့ တခြား​သူတွေကို အဲဒီ​မှတ်ချက်​တွေ ဝေမျှပေး​နေတုန်းပဲ၊ သူတို့လည်း နေသန်​ရဲ့​အကြံပေး​ချက်​ကြောင့် စိတ်သက်သာရာ​ရခဲ့ကြတယ်။ ကျွန်မ​ကို နေသန်​အားပေး​သွားတဲ့​အတိုင်း ရှေ့ကို​မျှော်ကြည့်​နေတာပဲ ကောင်းတယ်။

အဖိုးထိုက်​လှတဲ့ ညီအစ်ကို​များ​အသင်းအပင်း

အထူးသဖြင့် ကျွန်မ​ကို ပျော်ရွှင်​စေ​တာ၊ ဘဝကို ကျေနပ်​ရောင့်ရဲ​စေ​တာ​က​တော့ ဗေသလ​မိသားစု​အတွင်းမှာ​ရှိကြ​တဲ့ ချစ်​ရတဲ့ မိတ်ဆွေ​တွေ​ပဲ​ပေါ့။ အထူး​မိတ်ဆွေ​တစ်ယောက်​က​တော့ ဂိလဒ် ကင်းမျှော်စင်​သမ္မာကျမ်းစာ​ကျောင်း​ရဲ့ တတိယ​မြောက်​သင်တန်း​ကနေ ၁၉၄၄ ခုနှစ်​မှာ ကျောင်းဆင်း​ခဲ့​တဲ့ အက်စတာ လို​ပက်​ဇ်​ဖြစ်တယ်။ ကျွန်မ​တို့​ရဲ့​ကျမ်းစာ​စာပေ​တွေ​ကို စပိန်​ဘာသာ​နဲ့ ပြန်ဆို​ဖို့ ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီ​လမှာ ဘ​ရွတ်​က​လင်​ကို သူ​ပြန်လာ​ခဲ့​တာ။ နေသန်​ခရီးထွက်​နေချိန်မှာ အက်စတာ​ဟာ ကျွန်မ​ရဲ့​အရင်းနှီးဆုံး​အဖော်​ပဲ​ပေါ့။ သူလည်းပဲ ကင်းမျှော်စင်​စိုက်ပျိုးရေး​ခြံ​တွေ​မှာ နေထိုင်​နေပါတယ်။ အခု​ဆိုရင် သူဟာ အသက် ၉၅ နှစ်လောက်​ရှိနေပြီ​ဆိုတော့ ကျန်းမာ​ရေး​မကောင်း​တော့​ဘူး၊ ကျွန်မ​တို့​ရဲ့ မသန်မစွမ်း​ဆောင်​မှာ ကြည့်ရှု​ပြုစုပေး​နေ​ရတယ်။

ကျွန်မ​တို့​ရဲ့ သွေးသားရင်းချာ​တွေ​ထဲမှာ ရပ်စယ်လ်​နဲ့ က​လဲ​ရာ​တို့​ပဲ အသက်ရှင်​ကျန်​တော့​တယ်။ ရပ်စယ်က အသက် ၉၀ ကျော်​နေပြီး ဘ​ရွတ်​က​လင်​ဗေသလမှာ တည်ကြည်​စွာ အမှုဆောင်​နေတုန်းပဲ။ အိမ်ထောင်​ပြုပြီး ဗေသလမှာ ဆက်နေ​ခွင့်​ရသူတွေ​ထဲမှာ သူ​ဦးဆုံး​ဖြစ်တယ်။ ၁၉၅၂ ခုနှစ်​မှာ ဗေသလ​အိမ်သား​ချင်း​ဖြစ်​တဲ့ ဂျင်း လာ​စဲန်​နဲ့ သူ​လက်ထပ်ခဲ့​တယ်။ ဂျင်း​ရဲ့​မောင် မက်​စ်​ဟာ ၁၉၃၉ ခုနှစ်​မှာ ဗေသလ​ကို​ရောက်လာ​ပြီး ၁၉၄၂ ခုနှစ်​မှာ ပုံနှိပ်​စက် ကြီးကြပ်ရေးမှူး​အဖြစ် နေသန်​ရဲ့​နေရာကို ဆက်ခံ​လိုက်တယ်။ မက်​စ်​ဟာ နဗ်ကြော​ဖွဲ့​ရောဂါ​ခံစား​နေရ​ရှာ​တဲ့ ချစ်​ဇနီး ဟ​ယ်​လဲ​န်​ကို ပြုစု​နေရ​တဲ့​အပြင် ဗေသလ​က တာဝန်​တစ်ပုံကြီး​ကို ဆက်​ထမ်းဆောင်​နေ​ရတယ်။

ယေဟောဝါ​ရဲ့​အမှုတော်ကို ၆၃ နှစ်​ကျော် အချိန်ပြည့်​လုပ်ဆောင်ခဲ့​တာ​ကို ပြန်ပြောင်း​ကြည့်​ရင် ကျွန်မ​ရဲ့​ဘဝဟာ တကယ့်ကို​အားရ​ကျေနပ်စရာ​ကောင်းတယ်​လို့ ပြော​နိုင်​ပါ​တယ်။ ဗေသလ​ဟာ ကျွန်မ​ရဲ့​အိမ်​ဖြစ်လာ​ပြီး အဲဒီမှာ​ပဲ ပျော်ရွှင်စွာ ဆက်​အမှုဆောင်​နေတယ်။ အလုပ်​ကောင်းကောင်း​လုပ်တတ်တဲ့​အကျင့်​နဲ့ ယေဟောဝါ​ရဲ့​အမှုတော်ကို ထမ်းဆောင်​လို​တဲ့ စိတ်ဆန္ဒ​တွေ သွတ်သွင်း​ပေး​တဲ့​အတွက် ကျွန်မ​ရဲ့​မိဘတွေကို ချီးမွမ်း​ရမှာ။ ဒါပေမဲ့ ဘဝကို အမှန်တကယ် ကျေနပ်​အားရ​စေ​တာ​က​တော့ ကျွန်မ​တို့​ရဲ့ ညီအစ်ကို​ညီအစ်မ​တွေ​နဲ့​အတူ ပရဒိသု​မြေကြီး​ပေါ်မှာ​နေထိုင်ပြီး ကျွန်မ​တို့​ရဲ့ မဟာ​ဖန်ဆင်း​ရှင်၊ တစ်ဆူတည်း​သော စစ်မှန်​တဲ့​ဘုရားသခင် ယေဟောဝါ​ရဲ့​အမှုတော်ကို ထာဝစဉ်​အမြဲ ထမ်းဆောင်​သွားမယ်​ဆို​တဲ့​မျှော်လင့်ချက်​နဲ့ ထူးမြတ်​လှတဲ့ ညီအစ်ကို​အသင်းအပင်း​ပဲ​ဖြစ်ပါ​တယ်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

၁၉၁၂ ခုနှစ်၊ ဇွန်လ ကျွန်မ​ရဲ့​မိဘတွေ လက်ထပ်​တဲ့​နေ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဘယ်​မှ​ညာ​သို့– ၁၉၂၇ ခုနှစ်​တုန်း​က ရပ်စယ်လ်၊ ဝိန်း၊ က​လဲ​ရာ၊ အာဒစ်၊ ကျွန်မ​နဲ့ ကား​တ​စ္စ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁၉၄၄ ခုနှစ်​မှာ ရှေ့ဆောင်​လုပ်​တုန်း​က ဖ​ရန်စ​စ္စ​နဲ့ ဘာ​ဘ​ရာ မက်​နော့တ်​တို့ အကြား​မှာ​ရပ်နေ​လျက်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁၉၅၁ ခုနှစ် ဗေသလမှာ။ ဘယ်​မှ​ညာ​သို့– ကျွန်မ၊ အက်စတာ လို​ပက်​ဇ်​နဲ့ ကျွန်မ​ရဲ့​ယောင်းမ ဂျင်း

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

နေသန်​နဲ့ သူ့ရဲ့​မိဘတွေ​နဲ့​အတူ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၅၅ ခုနှစ်​က နေသန်​နဲ့​အတူ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဟာဝိုင်ယီ​မှာ နေသန်​နဲ့​အတူ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ကျွန်မ​ရဲ့​ဒုတိယ​ခင်ပွန်း ဂ​လဲ​န်း​နဲ့​အတူ