မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

၂ ကောရိန္သု ၆:၁၄ တွင် “မယုံကြည်​သော​သူတို့” ဟူသော​အသုံးအနှုန်း​ကို ပေါလု​အသုံးပြု​သောအခါ မည်သူ​တို့ကို ရည်ညွှန်း​နေခြင်း​ဖြစ်သနည်း။

၂ ကောရိန္သု ၆:၁၄ [သမ္မာ] တွင် ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “မယုံကြည်​သော​သူတို့နှင့်​တွဲဖက်​၍ မညီသော​ထမ်းပိုး​ကို မ​ထမ်း​ကြ​နှင့်။” ကျမ်းချက်​၏​ရှေ့နောက်စကား​ကို ကျွန်ုပ်​တို့​လေ့လာ​ကြည့်​မည်​ဆိုလျှင် ခရစ်ယာန်​အသင်းတော်​အဝင် မဟုတ်​သူများ​အကြောင်း ပေါလု​ပြောဆို​နေကြောင်း ထင်ရှား​သည်။ ဤ​နားလည်မှု​ကို အခြား​ကျမ်းချက်​များ​က ထောက်ခံ​သည်၊ ထို​တွင် “မယုံကြည်​သော​သူ” သို့​မဟုတ် “မယုံကြည်​သော​သူတို့” ဟူ​သည့် ပေါလု​အသုံးပြု​ခဲ့​သော​အသုံးအနှုန်း​ကို မှတ်တမ်း​တင်ထား​သည်။

ဥပမာ၊ ပေါလု​သည် “မယုံကြည်​သော​သူတို့ရှေ့​၌” အချင်းချင်း တရားစွဲ​ဆို​သည့် ခရစ်ယာန်​များ​ကို ပြင်းပြင်းထန်ထန် ပြစ်တင်​ပြောဆို​၏။ (၁ ကောရိန္သု ၆:၆) ဤ​တွင် မယုံကြည်​သော​သူတို့မှာ ကောရိန္သု​တရားရေး​စနစ်​တွင် အမှုထမ်း​နေကြ​သည့် တရားသူကြီး​များ​ဖြစ်​ကြသည်။ သူ၏​ဒုတိယ​စာစောင်​တွင် ပေါလု​က စာတန်​သည် “မယုံကြည်​သော​ထို​သူတို့၏ ဉာဏ်​မျက်စိ​ကို ကွယ်​စေ” သည်​ဟု ဖော်ပြ​ထား​၏။ ဤ​မယုံကြည်​သူတို့၏ ဉာဏ်​မျက်စိသည် သတင်းကောင်းကို မမြင်​ရန် ‘ဖုံးအုပ်’ ခံရ​ကြသည်။ အဆိုပါ​မယုံကြည်​သူတို့သည် ယေဟောဝါ​၏​အမှုတော်ကို​ထမ်းဆောင်​ရန် စိတ်မဝင်စား​ကြ​ချေ၊ အစောပိုင်းက ပေါလု​ရှင်းပြ​သကဲ့သို့ “ဘုရား[သခင်]အထံတော်​သို့ ပြောင်းလဲ​လျှင် ထို​ဖုံးအုပ်ခြင်း​အကြောင်းကို ပယ်ရှင်း” လေ​သည်။—၂ ကောရိန္သု ၃:၁၆; ၄:၄သမ္မာ။

မယုံကြည်​သူ​အချို့​သည် မတရား​သဖြင့်​ပြုမူ​၏၊ သို့​မဟုတ် ရုပ်ပုံ​ကိုးကွယ်​ကြ​၏။ (၂ ကောရိန္သု ၆:၁၅၊ ၁၆) သို့ရာတွင်၊ သူတို့​အားလုံး​သည် ယေဟောဝါ​၏​ကျေးကျွန်​များ​ကို အတိုက်အခံ​မပြု​ကြ​ပါ။ အချို့​ဆိုလျှင် အမှန်တရားကို စိတ်ဝင်စား​ကြ​၏။ လူအများသည် ခရစ်ယာန်​အိမ်ထောင်ဖက်​များ​ရှိကြ​ပြီး သူတို့နှင့် ဆက်​ပေါင်းသင်း​လို​ကြသည်။ (၁ ကောရိန္သု ၇:၁၂-၁၄; ၁၀:၂၇; ၁၄:၂၂-၂၅; ၁ ပေတရု ၃:၁၊ ၂) သို့ရာတွင် အထက်တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ‘သခင်​ဘုရား​၌ ယုံကြည်​သော​သူများ’ ဖြင့်​ဖွဲ့စည်းထား​သော ခရစ်ယာန်​အသင်းတော်တွင် မပါဝင်​သူများကို ပေါလု​က “မယုံကြည်​သော​သူတို့” ဟူ၍ အမြဲ​ခေါ်ဆို​သည်။—တမန်​တော် ၂:၄၁; ၅:၁၄; ၈:၁၂၊ ၁၃

၂ ကောရိန္သု ၆:၁၄ တွင် တွေ့ရှိ​ရသော​မူ​သည် ဘဝ​အခြေအနေ​အမျိုးမျိုး​ရှိ ခရစ်ယာန်​များ​အတွက် အဖိုးထိုက်​လှ​သည့် လမ်းညွှန်ချက်​တစ်ခု​ဖြစ်​ပြီး အိမ်ထောင်ဖက်​ရှာနေ​သူ ခရစ်ယာန်​များ ထည့်​စဉ်းစား​သင့်​သည့် ပညာရှိ​ဆုံးမ​စကား​အဖြစ် မကြာခဏ ကိုးကား​ဖော်ပြ​တတ်ကြ​သည်။ (မဿဲ ၁၉:၄-၆) ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ပြီး​သော ခရစ်ယာန်​တစ်ဦး​သည် ပညာရှိ​စွာ​ဖြင့် မယုံကြည်​သူများ​ထဲ​မှ အိမ်ထောင်ဖက်​ရှာ​မည်​မဟုတ်ပေ၊ အကြောင်း​မှာ မယုံကြည်​သူတို့၏ အကျင့်​စရိုက်​စံနှုန်း​များ၊ ပန်းတိုင်​များနှင့် ယုံကြည်ချက်များ​သည် စစ်မှန်သော​ခရစ်ယာန်​များနှင့် အလွန့်အလွန်​ကွာခြား​လှ​၏။

သို့သော် သမ္မာကျမ်းစာ​ကို​လေ့လာ​၍ ခရစ်ယာန်​အသင်းတော်​နှင့် ပူးပေါင်း​နေသူတို့​ကို​ကော။ နှစ်ခြင်း​မခံရ​သေး​သည့် ကြေညာသူ​များ​ကို​ကော။ သူတို့သည် မယုံကြည်​သူများ​လော။ မဟုတ်ပါ။ သတင်းကောင်း​နှင့်​ဆိုင်သော အမှန်တရားကို လက်ခံ​ထား​ကြ​ပြီး နှစ်ခြင်း​ခံ​ဖို့ မှန်မှန်​တက်လှမ်း​နေ​သူများကို မယုံကြည်​သူများ​ဟု မ​ခေါ်​သင့်​ပါ။ (ရောမ ၁၀:၁၀; ၂ ကောရိန္သု ၄:၁၃) ကော်နေလိ နှစ်ခြင်း​မခံ​မီ​က သူ့ကို “ဘုရားတရား​ကြည်ညို​၍ ဘုရားသခင်​ကို ကြောက်ရွံ့” သူ​ဟု ခေါ်ဆို​ခဲ့​ကြသည်။—တမန်​တော် ၁၀:၂သမ္မာ။

၂ ကောရိန္သု ၆:၁၄ ပါ ပေါလု​၏​ဆုံးမ​စကား​သည် အတိအကျ​ဆို​ရ​လျှင် ဆက်ကပ်​အပ်နှံ​ထား​သည့်​ခရစ်ယာန်​တစ်ဦး​က နှစ်ခြင်း​မခံရ​သေး​သော ကြေညာသူ​ဖြစ်နေ​ပြီး​သူ​တစ်ဦး​နှင့် မေတ္တာမျှ​ကာ လက်ထပ်​ခြင်း​နှင့် မသက်ဆိုင်​သောကြောင့် ဤသို့​လက်ထပ်​လိုက်​လျှင် ပညာရှိရာ​ကျ​မည်​လော။ ပညာရှိရာ​မကျ​ချေ။ အဘယ်ကြောင့်​နည်း။ ခရစ်ယာန်​မုဆိုးမများ​အား ပေါလု တဲ့တိုး​ဆုံး​မပေးခဲ့​သော စကား​များ​ကြောင့်​ဖြစ်၏။ ပေါလု​ဤသို့​ရေးသားခဲ့​သည်– ‘[သူသည်] မိမိ​အလိုရှိ​သော​သူနှင့် သခင်၌​သာ ထိမ်းမြားခြင်း​ငှာ​အခွင့်​ရှိ၏။’ (၁ ကောရိန္သု ၇:၃၉သမ္မာ) ထို​ဆုံးမ​စကား​နှင့်​အညီ ဆက်ကပ်​အပ်နှံ​ပြီး​သော​ခရစ်ယာန်​များ​ကို ‘အရှင်သခင်​၌’ ရှိကြ​သူတို့တွင်​သာ အိမ်ထောင်ဖက်​ရှာ​ရန် တိုက်တွန်း​ထား​၏။

‘အရှင်သခင်​၌’ ဟူသော​အသုံးအနှုန်း​အပြင် ယင်း​နှင့်​ဆက်စပ်​သည့် “ခရစ်တော်​၌” ဟူ​သည့်​အသုံးအနှုန်း​တို့၏ အဓိပ္ပာယ်​ကား အဘယ်နည်း။ ရောမ ၁၆:၈-၁၀ [သမ္မာ] နှင့် ကောလောသဲ ၄:၇ [သမ္မာ] တို့​တွင် “ခရစ်တော်​၌” သို့​မဟုတ်‘အရှင်သခင်​၌’ရှိနေကြ​သူတို့​အကြောင်း ပေါလု​ပြောပြ​သည်။ ထို​အခန်းငယ်​များ​ကို သင်​ဖတ်ရှု​ကြည့်​ပါ​က ထို​သူတို့သည် ‘လုပ်ဖော်ဆောင်ဖက်​ချင်း၊’ ‘မျက်နှာသာ​ရထား​သူများ၊’ ‘ချစ်​မြတ်နိုး​ရသော ညီအစ်ကို​များ၊’ ‘တည်ကြည်​ကြသော ဓမ္မ​အမှုဆောင်​များ’ နှင့် ‘ကျွန်ချင်း​များ’ ဖြစ်​ကြသည်​ကို တွေ့ရှိ​ပေမည်။

လူတစ်ဦး​သည် အဘယ်​အချိန်တွင် ‘အရှင်သခင်​၌​ကျွန်’ ဖြစ်လာ​သနည်း။ မိမိကိုယ်ကို ငြင်းပယ်​ပြီး ကျွန်​တစ်ဦး လုပ်ဆောင်​ရမည့်​အမှုကို တလိုတလား​လုပ်ဆောင်​သည့်​အချိန်တွင်​ဖြစ်သည်။ ယေရှု​ဤသို့​ရှင်းပြသည်– “ငါ​၌​ဆည်းကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်ကို​ငြင်းပယ်​ပါစေ။ ကိုယ့်​လက်ဝါးကပ်တိုင်​ကို​ထမ်း၍ ငါ့​နောက်သို့​လိုက်ပါ​စေ။” (မဿဲ ၁၆:၂၄သမ္မာ) လူတစ်ဦး​သည် ဘုရားသခင်​ထံ မိမိကိုယ်ကို ဆက်ကပ်​အပ်နှံ​သောအခါ ခရစ်တော်​နောက် စတင်​လိုက်လျှောက်ပြီး ဘုရားသခင့်​အလိုတော်ကို အပြည့်အဝ​လက်အောက်ခံ​ပါ​သည်။ ၎င်းနောက် သူသည် နှစ်ခြင်း​ခံ​လိုက်​ရာ ယေဟောဝါ​ဘုရားသခင်​ရှေ့ မျက်နှာသာ​ရ​အနေအထား​ရှိသည့် ခန့်အပ်​ခံ​ဓမ္မ​အမှုဆောင်​တစ်ဦး ဖြစ်လာ​လေ​သည်။ * ထို့​ကြောင့် ‘အရှင်သခင်​၌ ထိမ်းမြား’ ခြင်း​ဟူသည် ဆက်ကပ်​အပ်နှံ​ထားသော “ဘုရားသခင်​နှင့် အရှင်​ယေရှု​ခရစ်​၏​ကျွန်၊” ယုံကြည်သူ​တစ်ဦး​အမှန်ပင်​ဖြစ်​ကြောင်း ဖော်ပြ​ထား​သူ​တစ်ဦး​အား ထိမ်းမြားခြင်း​ကို​ဆိုလို​ပေ​သည်။—ယာကုပ် ၁:၁

ယေဟောဝါသက်သေ​များနှင့် သမ္မာကျမ်းစာ​လေ့လာ​နေပြီး ဝိညာဉ်ရေးတွင် ကောင်းကောင်း​တိုးတက်​နေ​သူ​တစ်ဦး​ကို ချီးမွမ်း​ထိုက်​ပေ​သည်။ သို့သော် သူသည် ယေဟောဝါ​ထံ မိမိကိုယ်ကို မအပ်နှံ​သေး​ချေ၊ ကိုယ်ကျိုး​စွန့်​၍ အမှုတော်​ဆောင်ခြင်း​ဘဝ​၌ မိမိ​အသက်တာကို မြှုပ်နှံ​မထား​ရ​သေး​ချေ။ သူသည် လိုအပ်​သလို ပြောင်းလဲမှု​ပြု​နေဆဲ​ဖြစ်သည်။ အိမ်ထောင်ပြုခြင်း​ကဲ့သို့​သော ဘဝ​ပြောင်းလဲမှု​ကြီး​နောက်တစ်ခု​ကို သူ​မစဉ်း​စား​မီ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​ရန် ပြုပြင်​ပြောင်းလဲမှု​ကြီး​များ​ကို သူ​အကုန်အစင်​ပြု​ဖို့​လို​သေး​သည်။

နှစ်ခြင်း​ခံ​ပြီး​နောက်​မှ လက်ထပ်​မည်​ဟူ​သည့် ရည်ရွယ်ချက်​ဖြင့် ကျမ်းစာ​လေ့လာ​နေ​သူ၊ ကောင်းစွာ​တိုးတက်​နေ​ပုံ​ရသူ​တစ်ဦး​နှင့် ခရစ်ယာန်​တစ်ဦး ရည်းစား​ထား​သင့်​ပါသလော။ မထားသင့်​ပေ။ ဆက်ကပ်​အပ်နှံထားသူ ခရစ်ယာန်​တစ်ဦး​သည် မိမိ​အား ထိမ်းမြား​လို​သော်လည်း မိမိ​နှစ်ခြင်း​ခံ​ပြီး​မှ ထိမ်းမြား​မည်​ကို ကျမ်းစာ​သင်သား​သိထားပါ​က သူ၏​ရည်ရွယ်ချက်ကို ဝေခွဲမရ​ဖြစ်သွား​နိုင်​သည်။

လူတစ်ဦး​သည် နှစ်ခြင်း​ခံနိုင်​သည့်​အဆင့်​မရောက်မီ တိုးတက်​နေသည့်တိုင် နှစ်ခြင်း​မခံရ​သေး​သော ကြေညာသူ​ဖြစ်နေ​ချိန်မှာ အများအားဖြင့် တစ်ခဏ​သာ​ဖြစ်သည်။ ထို့​ကြောင့် အရှင်သခင်​ဘုရား​၌​သာ ထိမ်းမြား​ရမည်​ဟူသော အထက်ပါ​ဆုံးမ​စကား​သည် တရားလွန်​တောင်းဆိုခြင်း​မဟုတ်ပေ။ သို့သော် အိမ်ထောင်ပြု​နိုင်​သည့် အသက်အရွယ်​ရောက်​သူ​တစ်ဦး​သည် ခရစ်ယာန်​မိသားစုတွင် ကြီးပြင်း​လာ​ကာ အသင်းတော်တွင် အချိန်​အတန်ကြာ တက်ကြွ​လှုပ်ရှား​ခဲ့​ပြီး နှစ်ခြင်း​မခံ​သေး​သည့် ကြေညာသူ​ဖြစ်​မည်​ဆိုလျှင်​ကော။ ထိုသို့​ဖြစ်​မည်​ဆိုလျှင် သူ့ကို အဘယ်အရာက တားဆီး​နေ​သဖြင့် မိမိ၏​အသက်တာကို ယေဟောဝါ​ထံ မ​ဆက်ကပ်​ရသနည်း။ အဘယ်ကြောင့် သူ​တွန့်ဆုတ်​နေသနည်း။ သံသယဝင်​နေ၍​လော။ ထို​သူသည် မယုံကြည်​သူ​တစ်ဦး မဟုတ်သော်လည်း ‘အရှင်သခင်​ဘုရား​၌’ ရှိသူ​ဟု မ​ခေါ်ဆို​နိုင်​ပါ။

ထိမ်းမြားခြင်း​နှင့်​ပတ်သက်​သည့် ပေါလု​၏​ဆုံးမ​စကား​သည် ကျွန်ုပ်​တို့​အကျိုးအတွက်​ဖြစ်​ပေ​သည်။ (ဟေရှာယ ၄၈:၁၇) အိမ်ထောင်ဖက်​လောင်း​နှစ်ဦးစလုံး​သည် ယေဟောဝါ​ထံ​ဆက်ကပ်​အပ်နှံထားသူ​များ​ဖြစ်​လျှင် တစ်ဦး​အပေါ်​တစ်ဦး​ထား​ရှိသည့် အိမ်ထောင်မင်္ဂလာ​ကတိကဝတ်​သည် ခိုင်မြဲ​သည့် ဝိညာဉ်​ရေး​အုတ်မြစ်​အပေါ်​ဖြစ်​မည်။ ၎င်း​တို့​တွင် တူညီသော​စံနှုန်း​များနှင့် တူညီသော​ပန်းတိုင်​များ​ရှိကြ​မည်။ ယင်းက ပျော်ရွှင်သော ပေါင်းဖက်​မှု​ဖြစ်စေ​မည်။ ထို့​အပြင်၊ ‘အရှင်သခင်​ဘုရား​၌ ထိမ်းမြားခြင်း’ အားဖြင့် ယေဟောဝါ​အပေါ် တည်ကြည်​ကြောင်း​ဖော်ပြ​သည်၊ သို့​ပြုခြင်း​က ကောင်းချီး​အမြဲ​ခံစား​ရဖို့ အကြောင်း​ရှိစေသည်၊ အကြောင်း​မှာ ယေဟောဝါ​သည် “တည်ကြည်သော​သူအား တည်ကြည်မှု​ပြတော်မူ​မည်” ဖြစ်၍​တည်း။—ဆာလံ ၁၈:၂၅က​ဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ပေါလု အစအဦး ရည်ညွှန်း​ရေးသား​သည့် ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​အတွက်​ဆိုလျှင် ‘အရှင်သခင်​၌ ကျွန်’ တစ်ဦး​ဖြစ်​ဖို့ သူတို့သည် ဘုရားသခင်​၏​သားများ​နှင့် ခရစ်တော်​၏​ညီတော်​များ​အဖြစ် ဝိညာဉ်​တော်​သွန်းလောင်း​ပေး​မှု​ကို ခံ​ပြီး​သူများ ဖြစ်​ကြ​ရမည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် “တည်ကြည်သော​သူအား တည်ကြည်မှု​ပြတော်မူ​မည်”