မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု၏အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော

ယေရှု၏အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော

ယေရှု၏​အံ့ဖွယ်အမှု​များ—အဖြစ်မှန်​လော၊ လုပ်ကြံ​ဖန်တီးမှု​လော

“နတ်ဆိုးစွဲ​သော​သူ​အများ​တို့ကို [ယေရှု​ခရစ်] အထံတော်​သို့​ဆောင်​ခဲ့​၍ နှုတ်​တော်​မြွက်​ကာ​မျှ​နှင့် ထို​နတ်​တို့ကို​နှင်ထုတ်​တော်​မူ​၏။ နာ​သော​သူ​ရှိသမျှ​တို့ကို သက်သာ​စေတော်မူ​၏။” (မဿဲ ၈:၁၆) “ကိုယ်တော် [ယေရှု] သည်​ထ၍ ‘တိတ်ဆိတ်​ငြိမ်​ဝပ်​စွာ​နေ’ ဟု လေ​နှင့်​ပင်လယ်​ကို​ဆုံးမ​တော်​မူ​သဖြင့် လေ​သည်​ငြိမ်​၍ အလွန်​သာယာ​လေ​၏။” (မာကု ၄:၃၉) ဤ​ဖော်ပြချက်များ​ကို သင်​မည်သို့​ယူဆ​သနည်း။ တကယ့်​ဖြစ်ရပ်မှန်၊ သမိုင်း​ဆိုင်ရာ​အဖြစ်အပျက်​များ​ဟု သင်​ယုံကြည်​လက်ခံ​သလော၊ သို့​မဟုတ် ပုံခိုင်း​ရေးဖွဲ့​ဇာတ်လမ်း​များ၊ ဒဏ္ဍာရီ​များ​ဟူ၍​သာ သင်ယူ​မှတ်​သလော။

ယနေ့ ယေရှု၏​သမိုင်းဝင်​အံ့ဖွယ်အမှု​များ​ကို အကြီးအကျယ်​သံသယဝင်​သူ များစွာ​ရှိ၏။ အဝေးကြည့်​နှင့် အနီး​ကြည့်မှန်​ပြောင်း၊ အာကာသ​စူးစမ်း​လေ့လာမှု​နှင့် မျိုးရိုး​ဗီဇ​ပြုပြင်​ဖန်တီးမှု​စ​သည်​တို့ တိုးတက်​ထွန်းကား​နေသော ဤ​ခေတ်တွင် အံ့ဖွယ်အမှု​များနှင့် သဘာဝလွန်​ဖြစ်ရပ်​သတင်း​များ​ကို လူ​တို့​လက်ခံ​ချင်​ပုံ​မရ​ပေ။

အချို့​က အံ့ဖွယ်အမှု​များသည် စိတ်ကူး​၌​သာ​ရှိ၏ သို့​မဟုတ် ပုံခိုင်း​ရေးဖွဲ့ထား​ခြင်း​မျှ​ဖြစ်၏​ဟု ယူဆကြ​သည်။ ယေရှု “အစစ်အမှန်” အား ရှာဖွေ​လေ့လာ​ထား​သည်​ဟု​ဆို​သော စာအုပ်​ကို​ရေးသားသူ​အရ ခရစ်တော်​၏​အံ့ဖွယ်အမှု​ဇာတ်လမ်း​များသည် ခရစ်ယာန်​ဘာသာ​ပြန့်ပွား​စေဖို့ “ဈေးကွက်​တင် နည်း​ပရိယာယ်​များ” မျှ​ဖြစ်၏​ဟု​ဆို​သည်။

အခြားသူများ​က​မူ ယေရှု၏​အံ့ဖွယ်အမှု​များသည် လိမ်လည်မှု​သက်​သက်​ဖြစ်၏​ဟု ရှုမြင်​ကြသည်။ ယေရှု​ကိုယ်တော်တိုင်​ကို​ပင် လှည့်စား​တတ်​သူ​ဟူ၍ တစ်ခါတစ်ရံ စွပ်စွဲ​ကြသည်။ စီ.အီး. ဒုတိယ​ရာစု​မှ ဂျတ်စ်​တင်​မာ​တာ​၏​အဆို​အရ ယေရှုကို ရှုတ်ချ​ပုတ်ခတ်​သူများ​သည် “ကိုယ်တော်​အား မှော်ဆရာ​နှင့် လူ​တို့ကို လိမ်လည်​လှည့်ဖြားသူ​ဟူ၍ပင် ခေါ်ဆို​ခဲ့​ကြသည်။” အချို့​က ယေရှုသည် “ဂျူး​ပရောဖက်​တစ်ပါး​အဖြစ်​မဟုတ်ဘဲ မှော်ဆရာ​တစ်ဦး၊ အယူမှား​သူတို့၏​ဝတ်ပြုရာ​ကျောင်း​များ​တွင် ဇာတ်​သွင်း​ခံရ​သူ​တစ်ဦး​အဖြစ် အံ့ဖွယ်အမှု​များ​ပြုလုပ်​ခဲ့​သည်” ဟု​ဆို​ကြ​၏။

မဖြစ်​နိုင်ရာ​ကို အဓိပ္ပာယ်​ဖွင့်​ခြင်း

ထိုသို့​သော​သံသယများ​နောက်​တွင် အံ့ဖွယ်အမှု​များ​ကို လူ​တို့​မယုံကြ​သည့် အခြေခံ​အကြောင်းရင်း​ရှိ​ရမည်ဟု သင်ယူ​ဆ​ပေမည်။ ထို​သူတို့​အတွက် သဘာဝလွန်​စွမ်းအား​များ​ဖြင့် အံ့ဖွယ်အမှု​များ​ပြုလုပ်​နိုင်​ခြင်း​သည် ယုံကြည်​လက်ခံနိုင်ဖို့​ခက်​ပြီး မဖြစ်​နိုင်​စ​ရာ​ပင်။ မိမိသည် မသိ​ဝါဒီ​ဟု​ဆို​သော လူရွယ်​တစ်ဦး​က “အံ့ဖွယ်ရာ​ဆိုတာ မဖြစ်​နိုင်​ပါ​ဘူး” ဟု​ပြော​ခဲ့​သည်။ ထို့နောက် သူက “အံ့ဖွယ်အမှု​သည် သဘာဝ​နိယာမ​တရား​များ​ကို ချိုးဖောက်​ခြင်း​ဖြစ်သည်” ဟု​ရေးသားခဲ့​သူ ၁၈ ရာစု​မှ စကော့တလန်​လူမျိုး ဒဿန​ပညာရှင် ဒေးဗစ် ဟျူးမ်​၏​စကား​များ​ကို ကိုးကား​ပြ​လေ​သည်။

သို့သော် လူအများ​က ထူးဆန်းသော​အမှု​တစ်ခု မဖြစ်​ပျက်​နိုင်​ဟု တထစ်ချ​မပြော​ရဲ​ကြ​ချေ။ အံ့ဖွယ်အမှု​ဟူသည် “သဘာဝ​နိယာမ​တရား​နှင့်​အညီ မရှင်းပြ​နိုင်သော​အဖြစ်အပျက်​တစ်ခု” ဟု ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း​က​ဆို​၏။ ထို​အနက်ဖွင့်ဆို​ချက်​အတိုင်း​ဆိုလျှင် အာကာသ​ခရီးစဉ်၊ ကြိုးမဲ့​ကြေးနန်း​နှင့် ဆက်သွယ်ရေး​ဂြိုဟ်တု​စနစ်​တို့သည် လွန်ခဲ့သော​အနှစ်​တစ်​ရာ​ခန့်​မှ လူများ​အတွက် “အံ့ဖွယ်ရာများ” ဖြစ်​ပေမည်။ လတ်တလော​သိရှိ​မှု​ပေါ်​မူတည်ပြီး မရှင်းပြ​နိုင်​ရုံ​နှင့် အဆိုပါ​အံ့ဖွယ်အမှု​များ မဖြစ်​နိုင်​ဟု တထစ်ချ​ဆို​ခြင်း​သည် အမှန်ပင်​ပညာ​မဲ့​ရာ​ရောက်​ပေမည်။

ယေရှု​ခရစ်​ပြု​တော်​မူ​ခဲ့​သော အံ့ဖွယ်အမှု​များ​ဆိုင်ရာ ကျမ်းစာ​အထောက်အထား​အချို့​ကို ဆန်းစစ်​ကြည့်​ပါ​က ကျွန်ုပ်​တို့ အဘယ်အရာ​တွေ့ရှိ​ကြ​ရမည်​နည်း။ ယေရှု၏​အံ့ဖွယ်အမှု​များသည် အဖြစ်မှန်​လော၊ လုပ်ကြံ​ဖန်တီးမှု​လော။