မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု ၏အံ့ဖွယ်အမှုများ—သင်အဘယ်အရာ သင်ယူနိုင်သနည်း

ယေရှု ၏အံ့ဖွယ်အမှုများ—သင်အဘယ်အရာ သင်ယူနိုင်သနည်း

ယေရှု ၏​အံ့ဖွယ်အမှု​များ—သင်​အဘယ်အရာ သင်ယူ​နိုင်​သနည်း

ယေရှု၏​မြေကြီး​အသက်တာ​ဆိုင်ရာ ကျမ်းစာ​မှတ်တမ်းများတွင် မူရင်း​ဂရိ​ဘာသာ​စကား​ဖြင့် “အံ့ဖွယ်အမှု” ဟူသော​စကားလုံး​ကို တစ်ခါမျှ​အသုံးမပြု​ခဲ့​ကြောင်း သိရှိ​ရ​လျှင် သင်​အံ့အားသင့်​ပေမည်။ “အံ့ဖွယ်အမှု” ဟု တစ်ခါတစ်ရံ ဘာသာ​ပြန်ဆို​ထားသော ဂရိ​စကားလုံး (ဒို​င်​နာမ​စ္စ) သည် စာသား​အရ “တန်ခိုး” ဟု​အဓိပ္ပာယ်​ရှိသည်။ (လုကာ ၈:၄၆) ထိုစကား​လုံး​ကို “အစွမ်း​သတ္တိ” သို့​မဟုတ် ‘တန်ခိုး​ပါ​သော​လုပ်ရပ်များ’ ဟူ၍လည်း ပြန်ဆို​နိုင်​သည်။ (မဿဲ ၁၁:၂၀; ၂၅:၁၄၊ ၁၅) ပညာရှင်​တစ်ဦး​အရ ဤ​ဂရိ​ဝေါဟာရ​သည် “ပြီးမြောက်​ခဲ့​သော ကြီးမား​သည့်​လုပ်ရပ်​နှင့် ယင်းကို ပြီးမြောက်​အောင်မြင်​စေသည့်​တန်ခိုး​ကို အထူး​အလေးပေး​သည်။ အဖြစ်အပျက်​ကို ဘုရားသခင့်​တန်ခိုးတော် ထင်ရှားပြ​ခြင်း​အဖြစ် ဖော်ပြ​ထား​သည်။”

အခြား​ဂရိ​စကားလုံး (ထဲ​ရက်စ်) ကို​မူ ‘နိမိတ်​လက္ခဏာ’ သို့​မဟုတ် “အံ့ဖွယ်သော​အမှု” ဟု​ပြန်ဆို​လေ့​ရှိသည်။ (ယောဟန် ၄:၄၈; တမန်​တော် ၂:၁၉) ဤ​အသုံးအနှုန်း​က တွေ့မြင်​သူတို့​အပေါ် အကျိုး​သက်ရောက်​ကြောင်း အလေးပေး​ဖော်ပြ​သည်။ မကြာခဏ​ဆို​သလို လူအုပ်​နှင့် တပည့်​များသည် ယေရှု၏​တန်ခိုး​ပါ​သော​လုပ်ရပ်များ​ကြောင့် အံ့သြ​မိန်းမော​ခဲ့​ကြသည်။—မာကု ၂:၁၂; ၄:၄၁; ၆:၅၁; လုကာ ၉:၄၃

ယေရှု၏​အံ့ဖွယ်အမှု​များ​ကို ရည်ညွှန်းသော တတိယ​ဂရိ​စကားလုံး (စီ​မီ​အောန်) မှာ​မူ “နိမိတ်” ဟု​အဓိပ္ပာယ်​ရသည်။ ပညာရှင် ရောဘတ် ဒက်ဖင်​ဘာ့ခ်​က ယင်းသည် “အံ့ဖွယ်အမှု​၏ လေးနက်​သော​အဓိပ္ပာယ်​ကို အာရုံစိုက်​စေ​သည်” ဟု​ဆို​၏။ “နိမိတ်​လက္ခဏာ​ဟူသည် အံ့ဖွယ်အမှု​ဖြစ်​ပြီး ကျွန်ုပ်​တို့၏​သခင်​ယေရှု​အကြောင်း သိ​အပ်သော​အမှန်တရားကို သိစေ​သည်” ဟု​သူ​ထပ်မံ​ဆို​သည်။

လှည့်စားမှု​လော၊ ဘုရားသခင်​ပေး​သောတန်​ခိုး​လော

ယေရှု၏​အံ့ဖွယ်အမှု​များသည် လူ​တို့ကို​ဖျော်ဖြေ​ဖို့ လှည့်​ကွက်​များ သို့​မဟုတ် လှည့်စားမှု​များ​ဖြစ်သည်ဟု သမ္မာကျမ်းစာ​က မဖော်ပြပါ။ ၎င်းတို့သည် လူငယ်လေး​တစ်ဦးထံ​မှ နတ်ဆိုး​ကို ယေရှု​နှင်​ထုတ်ပေး​ခဲ့​သော​အဖြစ်​မှာ​ကဲ့သို့ “ဘုရားသခင်​၏​မဟာ​တန်ခိုးတော်” ထင်ရှား​ပြသမှု​များ​ဖြစ်သည်။ (လုကာ ၉:၃၇-၄၃) ဤ​တန်ခိုး​ပါ​သော​လုပ်ရပ်များ​သည် “ခွန်အား​ကြီး​၍ တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော” အရှင်၊ အတိုင်းအဆမဲ့​တန်ခိုးရှင်​အတွက် မတတ်နိုင်​ရာ​ဖြစ်ပါ​မည်​လော။ (ဟေရှာယ ၄၀:၂၆) ဝေးလေစွ!

ယေရှု​ပြု​တော်​မူ​ခဲ့​သော အံ့ဖွယ်အမှု ၃၅ ခု​ကို ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​က ဖော်ပြ​သည်။ သို့သော် ကိုယ်တော်​၏​အံ့ဖွယ်အမှု အရေအတွက်​အားလုံး​ကို​ကား ဖော်ပြ​မထား​ချေ။ သာဓက​အနေ​နှင့် မဿဲ ၁၄:၁၄ က “ယေရှုသည်​ထွက်ကြွ​၍ လူ​အစုအဝေး​တို့ကို​မြင်တော်မူ​လျှင်၊ သနားခြင်း​စိတ်တော်​ရှိ၍ လူနာ​ရှိသမျှ​တို့ကို ချမ်းသာပေး​တော်​မူ​၏” ဟု​ဖော်ပြ​သည်။ ထို​အချိန်​အခါ​တွင် လူနာ မည်​၍​မည်မျှ​ကို ကုသ​ပေး​ခဲ့​ကြောင်း ကျွန်ုပ်​တို့​မသိ​ရ​ပါ။

တန်ခိုး​ပါ​သော ထို​လုပ်ရပ်များ​က ယေရှုသည် ဘုရားသခင့်​သားတော်၊ ကတိထားရာ​မေရှိယ​ဖြစ်သည်​ဟူသော ကိုယ်တော်​၏​အဆိုကို ထောက်ခံ​ရာ​၌ အဓိကကျ​သည်။ ယေရှုသည် ဘုရားသခင်​ပေး​သောတန်​ခိုး​တော်​ကြောင့် အံ့ဖွယ်အမှု​များ​ပြုလုပ်​နိုင်​ခဲ့​ကြောင်း သမ္မာကျမ်းစာ​က အမှန်​အတည်ပြု​ဖော်ပြ​သည်။ တမန်​တော်​ပေတရု​က “သင်တို့​သိ​ကြသည်​အတိုင်း . . . ယေရှုသည် ထူးဆန်းသော​တန်ခိုး၊ နိမိတ်​လက္ခဏာ၊ အံ့ဖွယ်သော​အမှုတို့​ကို သင်တို့တွင်​ပြု​ရသော​အခွင့်​နှင့် ဘုရားသခင်​ပေး​တော်​မူ​သော​သက်သေ​ကို ရသော​သူ​ဖြစ်” ၏​ဟူ၍​ဆို​ခဲ့​သည်။ (တမန်​တော် ၂:၂၂) နောက်​တစ်ကြိမ်​တွင် ပေတရု​က ဤသို့​ဖော်ပြ​ခဲ့​သည်– “ဘုရားသခင်​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ တန်ခိုးတော်​နှင့်​လည်းကောင်း . . . ယေရှုကို ဘိသိက်ပေး​တော်​မူ​၍ ထို​သူနှင့်​အတူ​ရှိ​တော်​မူ​သဖြင့် ထို​သူသည် ကျေးဇူးပြု​လျက်၊ [စာတန်] ညှဉ်းဆဲ​သော​သူအပေါင်း​တို့အား ချမ်းသာ​ကို​ပေး​လျက် လှည့်လည်​တော်​မူ​၏။”—တမန်​တော် ၁၀:၃၇၊ ၃၈သမ္မာ။

ယေရှု​ပြု​တော်​မူ​ခဲ့​သော အံ့ဖွယ်အမှု​များသည် ကိုယ်တော်​၏​သတင်းတရား​နှင့် ပတ်သက်​ဆက်နွှယ်​သည်။ ယေရှု၏​သွန်သင်ချက်​နှင့် ကိုယ်တော်​၏​အံ့ဖွယ်အမှု​တစ်ခု​ကို လူ​တို့​တုံ့ပြန်​ပုံ​အကြောင်း မာကု ၁:၂၁-၂၇ က​ဖော်ပြ​သည်။ မာကု ၁:၂၂ က ပရိသတ်​တို့သည် ‘ကိုယ်တော်​၏​သွန်သင်နည်း​ကို အလွန်​အံ့သြ​ကြ​၏’ ဟု​ဆိုပြီး နတ်ဆိုး​ကို ကိုယ်တော်​နှင်​ထုတ်ပေး​သောအခါ လူ​တို့ “မိန်းမော​တွေဝေ” ခဲ့​ကြ​ကြောင်း အခန်းငယ် ၂၇ က​ဖော်ပြ​သည်။ ယေရှု၏​တန်ခိုး​ပါ​သော​လုပ်ရပ်များ​ရော ကိုယ်တော်​၏​သတင်းတရား​က​ပါ ကိုယ်တော်​သည် ကတိထားရာ​မေရှိယ​ဖြစ်​ကြောင်း သိရှိ​စေပါ​သည်။

ယေရှု​က မိမိသည် မေရှိယ​ဖြစ်သည်ဟု ဆို​ရုံ​မျှ​မပြု​ခဲ့​ပါ; ကိုယ်တော်​မိန့်ဆိုခဲ့​သော​စကား​များ၊ လုပ်ရပ်များနှင့်​အတူ အံ့ဖွယ်အမှု​များ​ပြု​ရာ​တွင် ထင်ရှား​သည့် ဘုရားသခင့်​တန်ခိုးတော်​က ကိုယ်တော်​၏​မေရှိယ​အဖြစ်ကို သက်သေထူ​ခဲ့​သည်။ ကိုယ်တော်​၏​အခန်းကဏ္ဍ၊ အခွင့်အာဏာကို မေးမြန်း​လာ​ကြသောအခါ ရဲရင့်စွာ​ဖြင့် ယေရှု​ဤသို့​ဖြေဆိုခဲ့သည်– “[နှစ်ခြင်း​ဆရာ] ယောဟန်​၏​သက်သေ​ထက် သာ၍ကြီးသော​သက်သေ​သည် ငါ​၌​ရှိ၏။ အ​ကြင်​အမှုတို့​ကို ငါ​ပြီးစီး​စေခြင်း​ငှာ ခမည်းတော်​သည် ငါ့​လက်​သို့​အပ်ပေး​တော်​မူ​၍၊ ငါ​ပြုသော​ထို​အမှုတို့​သည်လည်း ငါ့​ဘက်၌​နေ၍၊ ခမည်းတော်​သည် ငါ့ကို​စေလွှတ်​တော်​မူ​သည်​အကြောင်းကို သက်သေခံ​ကြ​၏။”—ယောဟန် ၅:၃၆

ခိုင်လုံ​သော​အထောက်အထား​များ

ယေရှု၏​အံ့ဖွယ်အမှု​များသည် လိမ်လည်မှု​မဟုတ်၊ အမှန်​ဖြစ်ပျက်​ခဲ့​သည်​ဟု အဘယ်ကြောင့်​စိတ်ချ​နိုင်​သနည်း။ ခိုင်လုံ​သော​အထောက်အထား​အချို့​ကို သုံးသပ်ကြည့်​ပါ။

ယေရှုသည် တန်ခိုး​ပါ​သော​လုပ်ရပ်များ​ကို ပြုလုပ်​သည့်​အခါ မိမိကို​အာရုံစိုက်​စေဖို့ တစ်ခါမျှ​မပြု​လုပ်ခဲ့​ပါ။ မည်သည့်​အံ့ဖွယ်အမှု​မဆို​သည် ဘုရားသခင်​အား ဂုဏ်တင်​ချီးမွမ်းစရာ​ဖြစ်စေ​ရန် ကိုယ်တော်​အလိုရှိ​တော်​မူ​ခဲ့​သည်။ ဥပမာ၊ မျက်မမြင်​တစ်ဦး​ကို မ​ကုသ​မီ ယေရှု​က “ဘုရားသခင်​၏​အမှုတော်ကို သူ၌​ထင်ရှားစေ” ဖို့​ကုသ​ပေးခြင်း​ဖြစ်​ကြောင်း အလေးပေး​ပြောဆို​ခဲ့​သည်။—ယောဟန် ၉:၁-၃; ၁၁:၁-၄

ယေရှုသည် မျက်​လှည့်​ဆရာများ၊ မှော်ဆရာ​များ၊ ယုံကြည်ခြင်း​ကုထုံး​ဖြင့် ကုသ​ပေး​သူများ​နှင့်​မတူ​ချေ၊ စိတ်​ညှို့​ခြင်း၊ လိမ်လည်​လှည့်စားခြင်း၊ ကြီးကျယ်​ခမ်းနား​သော​ပြပွဲများ၊ မ​န်း​မှုတ်ခြင်း သို့​မဟုတ် စိတ်​လှုပ်ရှား​စေသော ဘာသာရေး​အခမ်းအနား​များ​ကို တစ်ကြိမ်​တစ်ခါမျှ မပြု​လုပ်ခဲ့​ချေ။ ကိုယ်တော်​သည် အယူသီးမှု​ကို အသုံး​မချ . . . ခဲ့​ပါ။ မျက်မမြင်​နှစ်ဦး​အား ယေရှု​ကုသ​ပေး​ခဲ့​ပုံ ရိုးရိုးလေး​ကို သတိပြုပါ။ “ယေရှုသည် သနားစိတ်​ရှိ၍ သူတို့၏​မျက်စိ​ကို လက်​နှင့်​တို့​တော်​မူ​၏။ ထို​ခဏ​ခြင်း​တွင် ထို​သူတို့သည် မျက်စိ​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏” ဟု​မှတ်တမ်းက​ဆို​သည်။ (မဿဲ ၂၀:၂၉-၃၄) ဘာသာရေး​ထုံးတမ်း၊ အခမ်းအနား သို့​မဟုတ် ဟန်​ရေး​ပြပွဲများ လုံးဝ​မပါ​ခဲ့​ချေ။ ယေရှုသည် ကိုယ်တော်​၏​အံ့ဖွယ်​လုပ်ရပ်များ​ကို လူသိရှင်ကြား မျက်မြင်​သက်သေ​အများ​ရှေ့တွင် ပြုလုပ်​လေ့​ရှိသည်။ အထူး​စီမံ​ထား​သည့်​မီး၊ ဇာတ်​စင် သို့​မဟုတ် ဇာတ်​ဝင်​ပစ္စည်း အသုံးအဆောင်​များ​ကို ကိုယ်တော်​အသုံးမပြု​ခဲ့​ချေ။ ယခု​ခေတ်​အံ့ဖွယ်ရာ​တို့​မှာ​မူ ယင်း​နှင့်​မတူ အများအားဖြင့် သက်သေ​အထောက်အထား​မပြ​နိုင်​ကြ​ချေ။—မာကု ၅:၂၄-၂၉; လုကာ ၇:၁၁-၁၅

အံ့ဖွယ်အမှု​၏​အကျိုး ခံစား​ခဲ့​ရသူ​တို့၏ ယုံကြည်ခြင်းကို ယေရှု တစ်ခါတစ်ရံ အသိအမှတ်ပြု​ခဲ့​သည်။ သို့သော် လူတစ်ဦး​တွင် ယုံကြည်ခြင်း​မရှိသော​ကြောင့် ယေရှုသည် အံ့ဖွယ်​အမှုကို​မပြု​ဘဲ မနေခဲ့ချေ။ ကိုယ်တော်​သည် ဂါလိလဲ​နယ်၊ ကပေရနောင်​မြို့၌​ရှိ​စဉ် “နတ်ဆိုးစွဲ​သော​သူ​အများ​တို့ကို အထံတော်​သို့​ဆောင်​ခဲ့​၍ နှုတ်​တော်​မြွက်​ကာ​မျှ​နှင့် ထို​နတ်​တို့ကို​နှင်ထုတ်​တော်​မူ​၏။ နာ​သော​သူ​ရှိသမျှ​တို့ကို သက်သာ​စေတော်မူ​၏။”—မဿဲ ၈:၁၆

ယေရှုသည် စပ်စု​သူများ စိတ်​ကျေနပ်​သွားစေရန် မဟုတ်ဘဲ ကာယရေး​ဘက် အကူအညီ အမှန်​လိုအပ်​နေ​သူများကို ကူညီ​ပေး​လို​၍ အံ့ဖွယ်အမှု​များ​ပြုလုပ်​ခဲ့​ခြင်း​ဖြစ်သည်။ (မာကု ၁၀:၄၆-၅၂; လုကာ ၂၃:၈) ထို့​အပြင် ကိုယ်တော်​သည် တစ်နည်း​နည်းဖြင့် အကျိုး​ရရှိဖို့ အံ့ဖွယ်အမှု​များ​ကို တစ်ခါမျှ မပြု​လုပ်ခဲ့​ချေ။—မဿဲ ၄:၂-၄; ၁၀:၈

ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​ကော အသို့နည်း

ယေရှု၏​အံ့ဖွယ်အမှု​များနှင့်​ဆိုင်သော ဖြစ်ရပ်မှန်များ​အကြောင်းကို ခရစ်ဝင်​ကျမ်း​လေး​ကျမ်း​မှ​တစ်ဆင့် ကျွန်ုပ်​တို့​သိရှိ​ကြ​ရပြီ။ ယေရှု​ပြုလုပ်​ခဲ့​သည်​ဟု အသိအမှတ်ပြု​ထားသော အံ့ဖွယ်အမှု​များ​၏ စစ်မှန်​မှု​ကို ဆန်းစစ်​ကြည့်​ရာ​တွင် ဤ​ခရစ်ဝင်​ကျမ်း​များ​ကို ယုံကြည်​စိတ်ချ​စ​ရာ​အကြောင်း ရှိပါ​သလော။ အမှန်​ရှိပါ​သည်။

သတိပြု​ခဲ့​ပြီး​ဖြစ်သည့်​အတိုင်း ယေရှု၏​အံ့ဖွယ်အမှု​များ​ကို လူသိရှင်ကြား မျက်မြင်​သက်သေ​များစွာ​ရှေ့ ပြုလုပ်​ခဲ့​ပါ​သည်။ ရှေးအကျဆုံး​ခရစ်ဝင်​ကျမ်း​များ​ကို ထို​မျက်မြင်​သက်သေ​အများစု​တို့ အသက်ရှင်နေ​ဆဲ​အချိန်တွင် ရေးသားခဲ့​သည်။ ခရစ်ဝင်​ကျမ်း​ရေးသူ​များ​၏ ရိုး​ဖြောင့်​မှု​နှင့်​ပတ်သက်​၍ အံ့ဖွယ်အမှု​များနှင့် ရှင်ပြန်ထမြောက်ခြင်း​စာအုပ်​က ဤသို့​ဖော်ပြ​သည်– “ဘာသာရေး​ဝါဒဖြန့်​ရန် ရည်ရွယ်ချက်​ဖြင့် အံ့ဖွယ်အမှု​ဟု​ဆို​သော အဖြစ်အပျက်​တစ်​ပုံ​တစ်​ခေါင်း​ကြား​တွင် သမိုင်းဝင်​ဖြစ်ရပ်မှန်များ​ကို တမင်​ဖုံးကွယ်​ထား​သည်​ဟု ခရစ်ဝင်​ကျမ်း​ရေးသူ​များ​အား စွပ်စွဲ​ခြင်း​သည် လုံးဝ​တရား​မည်​မဟုတ်။ . . . ထို​သူတို့သည် ယုံကြည်​စိတ်ချ​ရသော ကျမ်း​ရေးသူ​များ​ဖြစ်​လို​သော ဆန္ဒရှိ​ခဲ့​ကြသည်။”

ခရစ်ယာန်​ဘာသာ​ကို အတိုက်အခံပြု​သော ဂျူး​တို့သည် ခရစ်ဝင်​ကျမ်း​များ​တွင် မှတ်တမ်းတင်​ဖော်ပြ​ထားသော တန်ခိုး​ပါ​လုပ်ရပ် များ​ကို တစ်ခါမျှ​မငြင်းပယ်ခဲ့​ကြ​ချေ။ ယင်း​တို့ကို ပြုလုပ်​နိုင်​သည့်​တန်ခိုး​ကို​သာ သူတို့​စောဒကတက်​ခဲ့​ကြသည်။ (မာကု ၃:၂၂-၂၆) နောက်ပိုင်း၌ ပြစ်တင်​ဝေဖန်​ခဲ့​ကြ​သူများ​လည်း ယေရှု၏​အံ့ဖွယ်အမှု​များ​ကို မငြင်းပယ်​နိုင်​ခဲ့​ကြ​ချေ။ ယင်းအစား ယေရှု​ပြုလုပ်​ခဲ့​သော အံ့ဖွယ်​လုပ်ရပ်များ​အကြောင်း စီ.အီး. ပထမ​နှင့် ဒုတိယ​ရာစု​အတွင်း သမိုင်း​ကိုးကားချက်​များ​ရှိခဲ့​သည်။ ထို့​ကြောင့် ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​ပါ ကိုယ်တော်​၏​အံ့ဖွယ်အမှု​များသည် ဖြစ်ရပ်မှန်များ​ဖြစ်​ကြောင်း ယူမှတ်​ရန် အကြောင်းအချက် များစွာ​ရှိသည်။

အံ့ဖွယ်အမှု​များ​ပြုလုပ်​သူ

ယေရှု၏​အံ့ဖွယ်အမှု​များ​ကို ဆန်းစစ်​ကြည့်​ရာ​တွင် ၎င်းတို့၏​စစ်မှန်​မှု​နှင့်​ပတ်သက်​၍ ယုတ္တိတန်​သော​အကြောင်းပြချက်​များ​ကို​သာ ဆန်းစစ်​ကြည့်ရုံ​နှင့် လုံလောက်​မည်​မဟုတ်။ ယေရှု၏​အံ့ဖွယ်​လုပ်ရပ်များ​ကို​ဖော်ပြ​ရာ​တွင် ခရစ်ဝင်​ကျမ်း​များ​က ခံစားချက်​အပြည့်​ရှိပြီး သနား​ကြင်နာ​တတ်​သူ၊ လူ​လူ​ချင်း​၏​ကောင်းကျိုး​ကို အလွန်​စိတ်ဝင်စားသူ​တစ်ဦး​အကြောင်း ဖော်ပြ​သည်။

ယေရှု​ထံ​ချဉ်းကပ်​ပြီး “ကိုယ်တော်​အလို​ရှိလျှင် ကျွန်တော်​ကို​သန့်ရှင်း​စေနိုင်​တော်​မူ​သည်” ဟု အရဲစွန့်​ပြီး​အသနားခံ​သော နူနာ​စွဲ​သူ၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ ယေရှုသည် “သနားသော​စိတ်​ရှိသဖြင့်” လက်တော်ကို​ဆန့်​၍ ထို​သူကို တို့​လျက် “ငါ​အလိုရှိ၏။ သန့်ရှင်းခြင်း​သို့​ရောက်​စေ” ဟု​မိန့်တော်မူ၏။ ထို​ခဏချင်း​တွင် သူ၏​ရောဂါ ပျောက်ကင်း​လေ​၏။ (မာကု ၁:၄၀-၄၂) သို့ဖြင့် ယေရှုသည် အံ့ဖွယ်အမှု​များ​ပြုလုပ်​ရန် ဘုရားသခင်​ပေး​သောတန်​ခိုး​ကို အသုံးပြု​စေသည့် စာနာစိတ်​ကို တင်ပြ​ခဲ့​သည်။

နာဣန​မြို့မှ​ထွက်​လာသော ဈာပန​အခမ်းအနား​နှင့် ယေရှု​ကြုံကြိုက်​သောအခါ မည်သို့​ဖြစ်ပျက်​ခဲ့​သနည်း။ ကွယ်လွန်​သူ​လူရွယ်​မှာ မုဆိုးမ​၏​တစ်ဦးတည်း​သော​သား​ဖြစ်သည်။ ယေရှုသည် ထို​မိန်းမကို “သနားခြင်း​စိတ်တော်​ရှိ၍” သူ့​အနီး​သို့​ကြွ​၍ “မ​ငို​နှင့်” ဟု​မိန့်တော်မူ၏။ ထို့နောက် သူ၏​သားကို အသက်ပြန်ရှင်​စေ​ခဲ့​သည်။—လုကာ ၇:၁၁-၁၅

ယေရှု၏​အံ့ဖွယ်အမှု​များ​မှ ကျွန်ုပ်​တို့​ရရှိနိုင်သော နှစ်သိမ့်မှု​ပေး​သည့်​သင်ခန်းစာ​တစ်ခု​မှာ ကိုယ်တော်​သည် “သနားခြင်း​စိတ်တော်​ရှိ” ပြီး လူ​တို့ကို​ကူညီ​ပေး​ခဲ့​ခြင်း​ဖြစ်သည်။ သို့သော် ထိုသို့​သော​အံ့ဖွယ်အမှု​များသည် သမိုင်း​ဖြစ်ရပ်​မျှ​မဟုတ်ပါ။ “ယေရှု​ခရစ်​သည် မ​နေ့၊ ယနေ့၊ နောင်​ကာလ​အစဉ်အမြဲ မ​ပြောင်း​မလဲ​နေ​တော်​မူ​၏” ဟု​ဟေဗြဲ ၁၃:၈ က​ဆို​သည်။ ယခု ကိုယ်တော်​သည် ကောင်းကင်ဘုရင်​အဖြစ် အုပ်ချုပ်​နေပြီ၊ လူသား​အဖြစ် မြေကြီးပေါ်​ရှိ​စဉ်​က အသုံးပြု​ခဲ့​သည့် ဘုရားသခင်​ပေး​သော အံ့ဖွယ်​တန်ခိုး​များ​ကို သာ၍​ကြီးမားသော​အတိုင်းအတာ​အထိ အသုံးပြုရန် အသင့်ရှိနေ​ပြီ။ မကြာမီ ယေရှုသည် ထို​တန်ခိုး​များ​ကို​အသုံးပြုပြီး နာခံမှု​ရှိသူတို့​၏ အနာ​ရောဂါ​ကို ငြိမ်း​စေပါ​လိမ့်​မည်။ ဤ​တောက်ပ​သော အနာဂတ်​အလားအလာ​အကြောင်း သင်​ပိုမို​သိရှိ​နိုင်​ရန် ယေဟောဝါသက်သေ​များ​က အားရ​ဝမ်းသာ ကူညီ​ပေး​ပါ​လိမ့်​မည်။

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]

ယေရှု၏​အံ့ဖွယ်အမှု​များသည် “ဘုရားသခင်​၏​မဟာ​တန်ခိုးတော်” ထင်ရှား​ပြသမှု​ဖြစ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုသည် ခံစားချက် အပြည့်​ရှိသူ​ဖြစ်