မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ‘ယေဟောဝါ၏ တရားတော်’ ၌မွေ့လျော်ပါသလော

သင်သည် ‘ယေဟောဝါ၏ တရားတော်’ ၌မွေ့လျော်ပါသလော

သင်သည် ‘ယေဟောဝါ​၏ တရားတော်’ ၌​မွေ့လျော်​ပါသလော

‘ယေဟောဝါ​၏​တရားတော်​၌ မွေ့လျော် . . . သော​သူသည် မင်္ဂလာ​ရှိ၏။’—ဆာလံ ၁:၁၊ ၂

၁။ ယေဟောဝါ​၏ ကျေးကျွန်​များ​အဖြစ် ကျွန်ုပ်​တို့ အဘယ်ကြောင့် ပျော်ရွှင်​နေကြ​ရသနည်း။

ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို တည်ကြည်သော ကျေးကျွန်​များ​အနေ​နှင့် ထောက်မ​ကူညီ​ပြီး ကောင်းချီး​ပေး​တော်​မူ​သည်။ စုံစမ်း​နှောင့်ယှက်မှု​များစွာကို ကျွန်ုပ်​တို့ ရင်ဆိုင်​ရသည်မှာ မှန်​၏။ သို့သော်လည်း စစ်မှန်သော​ပျော်ရွှင်မှု​ကို ခံစား​ကြ​ရ​ပါ​သည်။ ယင်းသည် အံ့အားသင့်​စ​ရာ​မဟုတ်ပါ၊ အကြောင်း​မှာ “ပျော်ရွှင်​တော်​မူ​သော ဘုရားသခင်” ကို ကျွန်ုပ်​တို့ ကိုးကွယ်​ကြ​ရာ ကိုယ်တော်​၏ သန့်ရှင်းသော​ဝိညာဉ်တော်သည် ကျွန်ုပ်​တို့ စိတ်နှလုံး​ကို ရွှင်လန်းစေသည့်​အတွက်​ဖြစ်သည်။ (၁ တိ မော​သေ ၁:၁၁၊ က​ဘ; ဂလာတိ ၅:၂၂) ရွှင်လန်းခြင်း​ဟူသည် ကောင်းမွန်သော​အရာ​တစ်ခုခု​ကို မျှော်လင့်ခြင်း၊ ရယူ​ပိုင်ဆိုင်​ရခြင်း​မှ ဖြစ်ပေါ်​လာသော ပျော်ရွှင်မှု​အစစ်အမှန်​ဖြစ်သည်။ ကောင်းကင်​ခမည်းတော်​သည် ကောင်းမြတ်​စုံလင်သော ဆုကျေးဇူး​များ​ကို ကျွန်ုပ်​တို့အား အမှန်​ပေးသနား​တော်​မူ​၏။ (ယာကုပ် ၁:၁၇) ယင်း​တို့​ကြောင့် ကျွန်ုပ်​တို့ ပျော်ရွှင်​ကြ​ရခြင်း​ဖြစ်သည်!

၂။ အဘယ်​ဆာလံ​သီချင်း​တို့ကို ကျွန်ုပ်​တို့ ဆွေးနွေး​ကြ​မည်​နည်း။

ဆာလံကျမ်း​တွင် ပျော်ရွှင်​ခြင်း​အကြောင်း အထူး​ဖော်ပြ​ထား​၏။ ဥပမာ၊ ဆာလံ ၁ နှင့် တို့​တွင် ယင်းကို အထူး​တင်ပြ​ထား​သည်။ ယေရှု​ခရစ်​၏ အစောပိုင်း​နောက်လိုက်​များ​က ဒုတိယ​ဆာလံ​ကို ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ် ရေးစပ်​ခဲ့​သည်​ဟု ဆို​ကြသည်။ (တမန်​တော် ၄:၂၅၊ ၂၆) ပထမ​ဆာလံ​ကို ရေးစပ်​သော အမည်​မဖော်​သူက သူ၏​မှုတ်သွင်းခံ​သီချင်းကို ဤ​စကားလုံး​များ​ဖြင့် အစပြု​ထား​၏– “မတရားသော​သူတို့၏ တိုက်တွန်းခြင်း​သို့​မလိုက် . . . သော​သူသည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ၏။” (ဆာလံ ၁:၁၊ ၂) ဝမ်းမြောက်စရာ အကြောင်း​များ​ကို ဆာလံ ၁ နှင့် ၂ က​မည်သို့​ဖော်ပြ​ကြောင်း ဤ​ဆောင်းပါး​နှင့် နောက်​ဆောင်းပါး​တို့​တွင် လေ့လာ​ကြည့်​ကြ​စို့။

ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက်

၃။ ဆာလံ ၁:၁၊ ၂ အရ ဘုရားသခင့်​ဝတ်၌ မွေ့လျော်​သော​သူ​တစ်ဦး ပျော်ရွှင်​ရသည့် အကြောင်းရင်း​အချို့​ကား အဘယ်နည်း။

ဘုရားသခင့်​ဝတ်၌ မွေ့လျော်​သော​သူသည် အဘယ်ကြောင့်​ပျော်ရွှင်​ကြောင်း ဆာလံ ၁ က ဖော်ပြ​ထား​၏။ ထိုသို့​ပျော်ရွှင်​ရသည့် အကြောင်းရင်း​တချို့​ကို ဆာလံဆရာ​က ဤသို့​ဖော်ကျူး​ခဲ့​၏– “မတရားသော​သူတို့၏ တိုက်တွန်းခြင်း​သို့​မလိုက်၊ လူဆိုး​တို့၏​လမ်း​တွင် မ​ရပ်​မနေ၊ မထီမဲ့မြင်​ပြုသောသူ​တို့၏ အစည်းအဝေး​၌​မ​ထိုင် . . . သော​သူသည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ၏။”—ဆာလံ ၁:၁၊ ၂

၄။ ဇာခရိ​နှင့် ဧလိရှဗက်​တို့သည် ပုံသက်သေ​ကောင်းသော အဘယ်​လမ်းစဉ်​ကို လိုက်လျှောက်​ခဲ့​ကြ​သနည်း။

အမှန်တကယ်​ပျော်ရွှင်သူ​များ​ဖြစ်​ကြ​ရန် ယေဟောဝါ​၏ ဖြောင့်မှန်​သော တောင်းဆိုချက်​များနှင့်​အညီ နေထိုင်​ကျင့်ကြံ​ကြ​ရမည်။ နှစ်ခြင်း​ဆရာ​ယောဟန်​၏ မိဘများ​ဖြစ်လာ​သည့် ရွှင်လန်းဖွယ်​အခွင့်ထူး​ရရှိခဲ့ကြ​သူ ဇာခရိ​နှင့် ဧလိရှဗက်​တို့သည် “ထာဝရ​ဘုရား​၏ ပညတ်တရား​တော်​အမျိုးမျိုး​တို့ကို ကျင့်ဆောင်​၍ အပြစ်တင်​ခွင့်​နှင့်​လွတ်​သဖြင့် ဘုရားသခင့်​ရှေ့တော်၌ ဖြောင့်မတ်” သူများ​ဖြစ်​ခဲ့​ကြသည်။ (လုကာ ၁:၅၊ ၆) ကျွန်ုပ်​တို့သည် ထပ်တူ​လမ်းစဉ်​မျိုး လိုက်လျှောက်​ကာ ‘မတရားသော​သူတို့၏ တိုက်တွန်းခြင်း​သို့​မလိုက်၊’ သူတို့၏ မကောင်းသော​အကြံအစည်​များ​ကို လက်မခံဘဲ​နေ​မည်​ဆိုလျှင် ပျော်ရွှင်​နိုင်​ကြ​ပါ​သည်။

၅။ ‘အပြစ်ပြု​သူတို့၏​လမ်း’ ကို​ရှောင်ရန် အဘယ်အရာက ထောက်ကူ​ပေး​နိုင်​သနည်း။

လူဆိုး​တို့၏ အတွေးမျိုး ကျွန်ုပ်​တို့ မတွေး​လျှင် ‘လူဆိုး​တို့၏​လမ်း​တွင် ကျွန်ုပ်​တို့ ရပ်’ နေ​မည်​မဟုတ်။ လူဆိုး​တို့အား တွေ့ရ​တတ်​သည့် အကျင့်ပျက် အပန်းဖြေ​သည့်​နေရာများ၊ နာမည်​ဆိုးသော​နေရာများ​တွင် ကျွန်ုပ်​တို့​ရှိ​မည်​မဟုတ်ပေ။ ကျမ်းစာ​နှင့်​မညီသော အမူအကျင့်များ​ကို ပြုကျင့်​ရန် ကျွန်ုပ်​တို့​သွေးဆောင်​ခံရ​မည်​ဆိုလျှင်​ကော အသို့နည်း။ သို့​ဖြစ်​လျှင် တမန်​တော်​ပေါလု​၏ ဤ​စကား​များနှင့်​အညီ ပြုမူ​ကျင့်ကြံ​ရန် ဘုရားသခင့်​အကူအညီ​ရဖို့ ဆုတောင်း​ကြ​စို့– “မယုံကြည်​သော​သူတို့နှင့်​တွဲဖက်​၍ ဆန့်ကျင်ဘက်​ဖြစ်သော​ထမ်းပိုး​ကို မ​ထမ်း​ကြ​နှင့်။ တရားသော​အမှုသည် မတရားသော​အမှုကို အဘယ်​သို့​လက်ခံ​နိုင်​မည်​နည်း။ အလင်း​သည် မှောင်မိုက်​နှင့် အဘယ်​သို့​ဆက်ဆံ​နိုင်​မည်​နည်း။” (၂ ကောရိန္သု ၆:၁၄) ကျွန်ုပ်​တို့​က​သာ ဘုရားသခင်​ကို အားထား​မှီခို​ပြီး “စိတ်နှလုံး ဖြူစင်” ကြ​မည်​ဆိုလျှင် အပြစ်ပြု​သူတို့၏ စိတ်ဓာတ်​နှင့် ဘဝ​ပုံစံ​ကို ငြင်းပယ်​ကြ​မည်၊ “ဟန်ဆောင်ခြင်း​ကင်း​သော ယုံကြည်ခြင်း” နှင့်အတူ သန့်ရှင်းသော​စိတ်ထား၊ ဖြူစင်​သော​စိတ်ဆန္ဒ​များ ရှိကြ​မည်​ဖြစ်သည်။—မဿဲ ၅:၈; ၁ တိမောသေ ၁:၅က​ဘ။

၆။ မထီမဲ့မြင်​ပြုသောသူ​တို့ကို အဘယ်ကြောင့် သတိပြု​သင့်​သနည်း။

ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​ရန် “မထီမဲ့မြင်​ပြုသောသူ​တို့၏ အစည်းအဝေး​၌​မ​ထိုင်” ကြ​ရ​ပါ။ တချို့က ဘုရားသခင့်​ဝတ်၌ မွေ့လျော်ခြင်း​ကို​ပင် မထီမဲ့မြင်​ပြု​ကြသည်၊ သို့သော် အယူဖောက်ပြန်သူ​များ​ဖြစ်လာ​ကြ​သည့် ခရစ်ယာန်​ဖြစ်​ခဲ့​ဖူး​သူတို့သည် ဤ ‘နောက်ဆုံး​ကာလ’ တွင်​ပို​၍​ပင် မထီမဲ့မြင်​ပြု ကဲ့ရဲ့​ကြသည်။ တမန်​တော်​ပေတရု​က ယုံကြည်သူချင်း​များ​ကို ဤသို့​သတိပေး​ခဲ့​၏– “ချစ်သူ​တို့ . . . ရှေးဦး​စွာ သိမှတ်​အပ်သော​အရာ​မူ​ကား နောက်ဆုံးသော​ကာလ​၌ ပြက်ရယ်ပြု​တတ်သော​သူတို့သည် မိမိတို့​တပ်မက်​ခြင်း​အတိုင်း​ကျင့်​နေ၍ ‘သခင်​ဘုရား​ကြွလာ​မည်​ဟူသော​ကတိတော်​သည် အဘယ်​မှာ​ရှိ​သနည်း။ ဘိုးဘေး​များ​အိပ်ပျော်​သည်​နောက် ခပ်သိမ်း​သော​အရာ​တို့သည် ဖန်ဆင်း​စ​က​ဖြစ်​သကဲ့သို့ ဖြစ်မြဲ​ဖြစ်​ကြ​၏’ ဟု​ဆို​လျက် ကဲ့ရဲ့​ခြင်း​နှင့်​တကွ ပေါ်လာ​ကြလိမ့်မည်။” (၂ ပေတရု ၃:၁-၄) ကျွန်ုပ်​တို့သည် ‘မထီမဲ့မြင်​ပြုသောသူ​တို့​နှင့်အတူ မ​ထိုင်’ ကြ​ပါ​က သူတို့​ကြုံတွေ့ ကြ​ရမည့် ဘေးဆိုး​ကို ရှောင်ရှား​နိုင်​ကြ​မည်။—သု. ၁:၂၂-၂၇

၇။ ဆာလံ ၁:၁ ပါ​စကား​များ​ကို အဘယ်ကြောင့် နှလုံး​သွင်း​သင့်​သနည်း။

ဆာလံ ၁ ၏​အဖွင့်​စကား​ကို ကျွန်ုပ်​တို့​နှလုံး​မ​သွင်း​ပါ​က သမ္မာကျမ်းစာ​လေ့လာခြင်း​မှ ရရှိခဲ့​သော ဝိညာဉ်​ရေးရာ​များ ဆုံးရှုံး​သွား​နိုင်​သည်။ ထို​အခါ ကျွန်ုပ်​တို့၏​ဆိုးညစ်ခြင်း​သည် တရွေ့ရွေ့​တိုး၍ ဆိုးညစ်​သွား​နိုင်​သည်။ မတရားသော​သူတို့၏ တိုက်တွန်းခြင်း​ကို​လိုက်​မိ​ပါ​က ဝိညာဉ်ရေးတွင် စတင်​ဆုတ်ယုတ်​ကျဆင်း​လာပေမည်။ ထို့နောက် သူတို့နှင့် ပေါင်းသင်း​နေကျ​ဖြစ်လာ​ရာ နောက်ဆုံး ယုံကြည်ခြင်း​မရှိသော အယူဖောက်ပြန်​သည့် မထီမဲ့မြင်​ပြုသူ​များ​ပင် ဖြစ်လာ​နိုင်​သည်။ မတရားသော​သူတို့နှင့်​မိတ်ဖွဲ့ခြင်း​သည် ဘုရားသခင်​၏​တရားတော်​နှင့် မညီသော​စိတ်ဓာတ်​များ တိုးပွား​လာ​စေနိုင်​ပြီး ယေဟောဝါ​ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏ ဆက်ဆံ​ရေး​ကောင်း​ကို ပျက်စီး​သွား​စေနိုင်​ကြောင်း ထင်ရှား​သည်။ (၁ ကောရိန္သု ၁၅:၃၃; ယာကုပ် ၄:၄) ထိုသို့ ဘယ်တော့​မျှ အဖြစ်​မခံ​လေ​နှင့်!

၈။ ဝိညာဉ်​ရေးရာ​များ​အပေါ် ဆက်၍​အာရုံစိုက်​နေနိုင်​ရန် အဘယ်အရာက အကူအညီ​ပေး​မည်​နည်း။

ဝိညာဉ်​ရေးရာ​များ​အပေါ် အာရုံစိုက်​နေ​စေရန်​နှင့် လူဆိုး​တို့​နှင့် မပေါင်းဖော်​ကြ​ရန် ဆုတောင်းခြင်း​က ကူညီ​ပေး​ပါ​မည်။ “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း . . . သော​အားဖြင့် သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား ကြားလျှောက်​ကြလော့” ဟု ပေါလု​ရေးသားခဲ့​သည်။ တမန်​တော်​က မှန်ကန်သော၊ အလေးအနက်​ထား​ရသော၊ ဖြောင့်မတ်​သော၊ စင်ကြယ်သော၊ ချစ်ဖွယ်​ကောင်းသော၊ အသရေရှိသော၊ မွန်မြတ်သော၊ ချီးမွမ်းဖွယ်​ဖြစ်သော​အရာ​တို့ကို ဆင်ခြင်​သုံးသပ်ရန် အားပေးခဲ့​သည်။ (ဖိလိပ္ပိ ၄:၆-၈က​ဘ) သို့​ဖြစ်၍ ပေါလု​၏ ဆုံးမ​စကား​နှင့်​အညီ ပြုမူ​ကျင့်ကြံ​ကြ​စို့၊ မတရားသော​သူ​အဖြစ်သို့ ဘယ်တော့​မျှ မ​ရောက်​ပါစေ​နှင့်။

၉။ ကျွန်ုပ်​တို့သည် မကောင်းသော​အမူအကျင့်များ​ကို ရှောင်ကြဉ်​ကြသည်​မှန်​သော်လည်း လူမျိုးအပေါင်း​တို့ကို မည်သို့ ကြိုးစား​ကူညီ​ပေး​ကြ​သနည်း။

မကောင်းသော​အမူအကျင့်များ​ကို ကျွန်ုပ်​တို့ ငြင်းပယ်​ကြသည်​မှန်​သော်လည်း တမန်​တော်​ပေါလု​က ရောမ​ဘုရင်ခံ ဖေလဇ်​အား “ဖြောင့်မတ်ခြင်း​တရား​နှင့် ကာ​မ​ဂုဏ်​ချုပ်တည်း​ခြင်း​တရားကို​လည်းကောင်း၊ နောက်​ဖြစ်လတ္တံ့​သော စစ်ကြော​စီရင်ခြင်း​ကိုလည်း​ကောင်း” ဟောပြောခဲ့​သကဲ့သို့ အခြား​သူများကို လိမ္မာ​ပါးနပ်​စွာ သက်သေခံ​ကြ​ပါ​သည်။ (တမန်​တော် ၂၄:၂၄၊ ၂၅; ကောလောသဲ ၄:၆) ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်းကို လူမျိုးအပေါင်း​အား ကျွန်ုပ်​တို့​ဟောပြောကြ​ပြီး သူတို့ကို ကြင်နာ​စွာ ပြုမူ​ဆက်ဆံ​ကြ​၏။ “ထာဝရ​အသက်ကို တလိုတလား​ရှိသူ” တို့သည် ယုံကြည်သူများ​ဖြစ်လာ​ကြ​ပြီး ဘုရားသခင်​၏ တရားတော်​၌ မွေ့လျော်​ကြလိမ့်မည်​ဟု ကျွန်ုပ်​တို့ ယုံကြည်​ကြသည်။—တမန်​တော် ၁၃:၄၈က​ဘ။

သူသည် ယေဟောဝါ​၏ တရားတော်​၌ မွေ့လျော်​မည်

၁၀။ ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​စဉ် စိတ်နှလုံး​ထဲ စွဲမှတ်​သွား​နိုင်​ရန် အဘယ်အရာက အထောက်အကူ​ပြု​မည်​နည်း။

၁၀ ပျော်ရွှင်သူ​နှင့်​ပတ်သက်​၍ ဆာလံဆရာ​က သူသည် “ထာဝရ​ဘုရား[သခင်]၏ တရားတော်​၌ မွေ့လျော်​၍ ထို​တရားတော်​ကို နေ့​ည​မပြတ် ဖတ်ရွတ်​ဆင်ခြင်” ၏​ဟု ထပ်ဆင့်​ဆို​သည်။ (ဆာလံ ၁:၂သမ္မာ) ဘုရားသခင့်​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ‘ယေဟောဝါ​၏​တရားတော်​၌ မွေ့လျော်’ လေ့​ရှိကြ​၏။ ကျွန်ုပ်​တို့ ကိုယ်ပိုင်​လေ့လာမှု​ပြု​၍ တွေးတော​ဆင်ခြင်​သည့်​အခါ ဖြစ်​နိုင်​လျှင် ကျမ်းစာ​ကို အသံ​တိုးတိုး​ဖြင့် “ဖတ်ရွတ်” နိုင်​သည်။ မည်သည့်​ကျမ်းပိုဒ်​ကို​မဆို ထိုသို့​ဖတ်ရွတ်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏ စိတ်နှလုံး​ထဲ စွဲမှတ်​သွားပေ​မည်။

၁၁။ သမ္မာကျမ်းစာ​ကို အဘယ်ကြောင့် “နေ့​ည​မပြတ်” ဖတ်​သင့်​သနည်း။

၁၁ ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ သည် သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှု​ရန် အားပေးထား​သည်။ (မဿဲ ၂၄:၄၅) လူ​တို့အား ယေဟောဝါ​သိစေလို​သော သတင်းစကားကို ပိုမို​သိကျွမ်း​လို​သည့် စိတ်ဆန္ဒ​ကြောင့် သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့ “နေ့​ည​မပြတ်၊”—အကြောင်း​တစ်ခုခု​ကြောင့် အိပ်မပျော်သည့်​ည​များ​တွင်​ပင် ဖတ်ရှု​ကြ​ပေမည်။ ပေတရု​က “ကယ်တင်ခြင်း​အ​လို့​ငှာ [နှုတ်မြွက်​စကားတော်] ၏​နို့​စစ်​အားဖြင့် ကြီးပွား​မည်​အကြောင်း ဖွား​စ​သော​သူငယ်​ကဲ့သို့ ထို​တရား​နို့​ကို အလွန်​လိုချင်​သော​စိတ်​ရှိကြလော့” ဟု​တိုက်တွန်း​ခဲ့​၏။ (၁ ပေတရု ၂:၁-၃) သင်သည် သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှု​ပြီး နှုတ်မြွက်​စကားတော်​နှင့် ရည်ရွယ်တော်မူချက်​များ​ကို ည​အခါ ဆင်ခြင်​တွေးတောခြင်း​၌ မွေ့လျော်​သလော။ ဆာလံဆရာ​သည် ယင်း​သို့​ပြု​ခဲ့​၏။—ဆာလံ ၆၃:၅

၁၂။ ဘုရားသခင့်​တရားတော်​ကို မွေ့လျော်​ပါ​က ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​ကြ​မည်​နည်း။

၁၂ ကျွန်ုပ်​တို့၏ ထာဝရ​ပျော်ရွှင်မှု​သည် ဘုရားသခင့်​တရားတော်​၌ မွေ့လျော်ခြင်း​အပေါ် မူတည်​သည်။ ဘုရားသခင့်​တရားတော်​သည် စုံလင်​ဖြောင့်မတ်​တော်​မူ​ပြီး ယင်းကို​စောင့်ရှောက်ခြင်း​သည် အလွန်​အကျိုး​ကြီး​၏။ (ဆာလံ ၁၉:၇-၁၁) တပည့်​ဖြစ်သူ​ယာကုပ် ဤသို့​ရေးခဲ့​၏– “လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံလင်သော​တရား၌ စေ့စေ့​ကြည့်ရှု​၍ တည်ကြည်သော​သူ​မူ​ကား တရား​နာ​၍ မေ့လျော့​သော​သူ​မဟုတ်၊ အကျင့်​ကျင့်​သော​သူ​ဖြစ်​သဖြင့် မိမိ​ကျင့်​သော​အကျင့်​၌ မင်္ဂလာ​ရှိသောသူ​ဖြစ်၏။” (ယာကုပ် ၁:၂၅) ယေဟောဝါ​၏​တရားတော်​၌ ကျွန်ုပ်​တို့ အမှန်​မွေ့လျော်​ပါ​က ဝိညာဉ်​ရေးရာ​အကြောင်း​များ​ကို မ​သုံးသပ်​သည့်​ရက်​ဟူ၍ ရှိ​မည်​မဟုတ်ပါ။ ‘ဘုရားသခင်​၏ နက်နဲ​သော​အရာ​တို့ကို ရှာဖွေ’ ရန်၊ ကျွန်ုပ်​တို့​ဘဝ​အသက်တာတွင် ဘုရားသခင့်​နိုင်ငံတော် အကျိုး​စီးပွား​များ​ကို ရှေးဦး​ရှာ​ရန် အမှန်​လှုံ့ဆော်​ခံရ​ကြ​မည်။—၁ ကောရိန္သု ၂:၁၀-၁၃; မဿဲ ၆:၃၃

သူသည် အပင်​ကဲ့သို့​ဖြစ်​မည်

၁၃-၁၅။ ရေပေါများ​သော​အရပ်​တွင်​စိုက်​သော သစ်ပင်​နှင့် ကျွန်ုပ်​တို့ အဘယ်​သဘော​မျိုး​ဖြင့် တူ​နိုင်​ကြ​သနည်း။

၁၃ ဖြောင့်မတ်​သူ​အကြောင်း ဖော်ပြ​ရာ​တွင် ဆာလံဆရာ​က ဤသို့​ထပ်ဆင့်​ဆို​၏– “ထို​သူသည် မြစ်​နား​မှာ​စိုက်​လျက် မိမိ​အချိန်တန်​မှ အသီးကို​သီး​၍ အရွက်​မညှိုးနွမ်း​တတ်သော အပင်​နှင့်​တူ​၏။ ပြု​လေ​သမျှ​တို့​၌ အောင်​လိမ့်​မည်။” (ဆာလံ ၁:၃) မစုံလင်သူ​အားလုံး​နည်းတူ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူ ကျွန်ုပ်​တို့သည်​လည်း ဘဝ​ပြဿနာ​များ ကြုံတွေ့​ကြ​ရသည်။ (ယောဘ ၁၄:၁) ယုံကြည်ခြင်း​နှင့်​ဆက်နွှယ်သော နှိပ်စက်​ညှဉ်းပန်းမှု​နှင့် အခြားသော စုံစမ်း​နှောင့်ယှက်မှု​များ​ကို ကျွန်ုပ်​တို့ ရင်ဆိုင်​ကြ​ရ​ပေမည်။ (မဿဲ ၅:၁၀-၁၂) သို့ရာတွင် ကြံ့ခိုင်​သန်မာ​သော အပင်​တစ်ပင်​သည် လေပြင်း​တိုက်ခတ်​မှု​ကို ခံရပ်​နိုင်​သကဲ့သို့ ဘုရားသခင်​၏​အကူအညီ​ဖြင့် ထို​စမ်းသပ်မှု​များ​ကို ကျွန်ုပ်​တို့ အောင်မြင်စွာ ခံနိုင်​မည်။

၁၄ ရေ​မပြတ်​ရ​နေသော အပင်​တစ်ပင်​သည် ပူပြင်း​သော​ရာသီ၊ သို့​မဟုတ် မိုးခေါင်​ချိန်​တွင် ခြောက်သွေ့​သွား​မည်​မဟုတ်။ ထို​နည်းတူ ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို ကြောက်ရွံ့​သူများ​ဖြစ်​ကြ​မည်​ဆိုလျှင် အစဉ်မပြတ်​ထောက်ပံ့​ပေး​နိုင်သော ယေဟောဝါ​ဘုရားသခင်​ထံ​မှ ခွန်အား​ရရှိ​နေကြ​မည်။ ပေါလု​သည် ဘုရားသခင်​ကို မျှော်ကိုး​ခဲ့​သဖြင့် “ငါ့ကို​ခွန်အား​နှင့် ပြည့်စုံ​စေတော်မူ​သော အရှင် [ယေဟောဝါ] အားဖြင့် ခပ်သိမ်း​သော​အမှုကို ငါ​တတ်စွမ်း​နိုင်၏” ဟု​ဆိုနိုင်​ခဲ့​၏။ (ဖိလိပ္ပိ ၄:၁၃သမ္မာ) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏ သန့်ရှင်းသော​ဝိညာဉ်​တော် လမ်းပြမှု​ကို​ခံရ​ပြီး ဝိညာဉ်​ရေး​ထောက်မမှု အမြဲ​ရရှိ​နေ​မည်​ဆိုလျှင် အသီး​မ​သီး၊ ဝိညာဉ်ရေးတွင်​သေ​သူ​အဖြစ် ခြောက်သွေ့​ညှိုးနွမ်း​သွား​မည်​မဟုတ်ပါ။ ဘုရားသခင့် လုပ်ငန်းတော်တွင် အသီးသီး​ကြ​သည့်​အပြင် ကိုယ်တော်​၏ ဝိညာဉ်​တော်​အသီးများ​ကိုလည်း ထင်ရှား​စွာ​သီး​ပြ​နေကြ​မည်။—ယေရမိ ၁၇:၇၊ ၈; ဂလာတိ ၅:၂၂၊ ၂၃

၁၅ “နှင့်​တူ​၏” ဟု​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​ကို အသုံးပြုခြင်း​ဖြင့် ဆာလံဆရာ​သည် ဂုဏ်ရည်​တူသော အရာ​နှစ်ခု​ကို နှိုင်းယှဉ်​ပြ​၏။ ကွဲပြား​ခြားနား​လင့်​ကစား တစ်စုံတစ်ရာ​သော အရည်အသွေး​ရှိသည့် အရာ​နှစ်ခု​ကို သူ​နှိုင်းယှဉ်​ပြ​နေခြင်း​ဖြစ်သည်။ လူ​နှင့် အပင်​သည် မတူ​ပါ၊ သို့သော် ရေပေါများ​သော​အရပ်​တွင် စိုက်​ထား​သည့် အခက်​အ​လက်​အရွက် စိုပြေ​ဝေဆာ​သော​သစ်ပင်​က ‘ယေဟောဝါ​၏ တရားတော်​၌ မွေ့လျော်​သော​သူတို့’ ခံစား​ကြ​ရသော ဝိညာဉ်​ရေး​ချမ်းသာ​ကြွယ်ဝမှု​ကို ဆာလံဆရာ​အား သတိ​ရစေ​ပုံ​ရသည်။ ဘုရားသခင်​၏​တရားတော်​၌ ကျွန်ုပ်​တို့ မွေ့လျော်​ပါ​က ကျွန်ုပ်​တို့၏​နေ့ရက်​များသည် သစ်ပင်​၏​နေ့ရက်​ကာလ​ကဲ့သို့ ဖြစ်​နိုင်​ပါ​သည်။ အမှန်​ဆို​ရ​လျှင် ထာဝစဉ်​ပင် အသက်ရှင်​နိုင်​ကြ​၏။—ယောဟန် ၁၇:၃

၁၆။ ‘ကျွန်ုပ်​တို့ ပြု​လေ​သမျှ’ အဘယ်ကြောင့်​နှင့် အဘယ်​သို့ ‘အောင်မြင်’ သနည်း။

၁၆ ဖြောင့်မှန်​သော​လမ်းစဉ်​ကို ကျွန်ုပ်​တို့ လိုက်လျှောက်​ကြ​စဉ် စုံစမ်း​နှောင့်ယှက်မှု​များ၊ အခက်အခဲ​များ​၏ ဖိအားပေး​မှုများ​ကို ခံရပ်​နိုင်​ရန် ယေဟောဝါ ကူညီ​တော်​မူ​သည်။ ထို့​ကြောင့် ဘုရားသခင်​၏ လုပ်ငန်းတော်တွင်​ရွှင်လန်း​ပြီး အသီးသီး​ကြသည်။ (မဿဲ ၁၃:၂၃; လုကာ ၈:၁၅) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​အလိုတော်ကို အဓိက​ထား​လုပ်ဆောင်ကြ​သောကြောင့် ‘ကျွန်ုပ်​တို့ ပြု​လေ​သမျှ အောင်မြင်​သည်။’ ကိုယ်တော်​၏ ရည်ရွယ်တော်မူချက်​များသည် အစဉ်​ပြည့်ဝ​အောင်မြင်​သည်​ဖြစ်​ရာ ကိုယ်တော်​၏ တောင်းဆိုချက်​များ​၌ ကျွန်ုပ်​တို့ မွေ့လျော်​ကြသော​ကြောင့် ဝိညာဉ်​ရေး​အရ ကျွန်ုပ်​တို့ ချမ်းသာ​ကြွယ်ဝ​ကြသည်။ (ကမ္ဘာဦး ၃၉:၂၃; ယောရှု ၁:၇၊ ၈; ဟေရှာယ ၅၅:၁၁) အခက်အခဲ​များ​ကို ကျွန်ုပ်​တို့ ရင်ဆိုင်​နေရ​ချိန်​တွင်​ပင် ထိုသို့​ဖြစ်​ကြ​၏။—ဆာလံ ၁၁၂:၁-၃; ၃ ယောဟန် ၂

မတရားသော​သူတို့သည် ကြီးပွား​တိုးတက်​နေ​ပုံ​ရှိ

၁၇၊ ၁၈။ (က) ဆာလံဆရာ​သည် မတရားသော​သူကို အဘယ်အရာ​နှင့် နှိုင်းယှဉ်​သနည်း။ (ခ) မတရားသော​သူသည် ရုပ်ပစ္စည်း​ကြွယ်ဝ​သည့်​တိုင် အဘယ်ကြောင့် တည်မြဲ​သည့်​လုံခြုံမှု မရှိ​သနည်း။

၁၇ မတရားသော​သူ၏​အခြေအနေ​နှင့် ဖြောင့်မတ်​သူ၏ အခြေအနေ​သည် အလွန်​ကွာခြား​သည်! မတရားသော​သူတို့သည် အတန်ကြာ ရုပ်ပစ္စည်း​ကြွယ်ဝ​ပုံ​ရ​သော်လည်း ဝိညာဉ်ရေးတွင် မကြွယ်ဝ​ကြ​ပါ။ ယင်းကို ဆာလံဆရာ ဆက်​ပြော​သော ဤ​စကား​များ​က​ဖော်ပြ​၏– “မတရားသော​သူတို့မူကား ထို​ကဲ့သို့​မဟုတ်။ လေ​တိုက်၍ လွင့်​သော​ဖွဲ [“အ​မှော်၊” က​ဘ] နှင့်​တူ​ကြ​၏။ တရား​ဆုံးဖြတ်​တော်​မူ​ရာ​ကာလ​၌ မတရားသော​သူတို့သည် မတည်​မနေ​ရ​ကြ။ ဖြောင့်မတ်​သော​သူတို့၏ အပေါင်းအသင်း​ထဲ​သို့ လူဆိုး​တို့သည် မဝင်​ရ​ကြ။” (ဆာလံ ၁:၄၊ ၅) “မတရားသော​သူတို့မူကား ထို​ကဲ့သို့​မဟုတ်” ဟု ဆာလံဆရာ​ဆို​သည်ကို သတိပြုပါ။ အသီးများစွာ​သီး​ပြီး ကြာရှည်​တည်​သော အပင်များ​နှင့် နှိုင်းယှဉ်ခဲ့​သော ဘုရားသခင်​ဝတ်၌ မွေ့လျော်သူ​တို့​နှင့် မတရားသော​သူတို့ မတူကြ​ကြောင်းကို ဆိုလိုခြင်း​ဖြစ်သည်။

၁၈ မတရားသော​သူတို့သည် ရုပ်ပစ္စည်း​ကြွယ်ဝ​ကြ​သည့်​တိုင် သူတို့၌ တည်မြဲ​သည့် လုံခြုံမှု​မရှိကြ​ပါ။ (ဆာလံ ၃၇:၁၆; ၇၃:၃၊ ၁၂) အမွေ​ကိစ္စ​ဆုံးဖြတ်​ပေး​ရန် တောင်းဆို​လာ​သူကို ယေရှု​ဖော်ပြ​ခဲ့​သည့် ပုံ​ဥပမာ​ထဲ​မှ စဉ်းစား​ဆင်ခြင်မှု​မရှိသော သူဌေး​နှင့် သူတို့​တူ​ကြ​၏။ ယေရှု​ဤသို့ မိန့်တော်မူ​ခဲ့​၏– “လောဘ​လွန်ကျူးခြင်း​ကို သတိ​နှင့်​ကြ​ဉ်​ရှောင်​ကြလော့။ အကြောင်း​မူ​ကား စည်းစိမ်​ရှိသော်လည်း စည်းစိမ်​၌​အသက်​မတည်။” ယင်း​အချက်​ကို ယေရှု​ပုံဖော်​ရာ​တွင် မြေ​ကောင်း​၍ အသီးအနှံ​များ​လှ​သောကြောင့် သိုလှောင်​တိုက်​များ​ကို​ဖျက်​ပြီး သူ၏​ပစ္စည်း​အားလုံး​ဝင်ဆံ့​သည့် ပို​၍​ကြီးသော​တိုက်​များ​ကို ဆောက်လုပ်​ရန်​စီစဉ်​သည့် သူဌေး​တစ်ဦး​အကြောင်း မိန့်တော်မူ​ခဲ့​သည်။ ထို​သူသည် စားသောက်၊ ပျော်မွေ့​ရန် ကြံစည်​ခဲ့​သည်။ သို့သော် ဘုရားသခင် ဤသို့​မိန့်တော်မူ၏– “အချင်း​လူ​မိုက်၊ ယနေ့​ည​ပင် သင်၏​ဝိညာဉ်​ကို ရုပ်သိမ်း​ရာ​အချိန်​ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်သည် ပြင်ဆင်​သိုထား​သော​ဥစ္စာ​ကို အဘယ်သူ​ပိုင်​မည်​နည်း။” ယင်း​အချက်​ကို အလေးအနက်​ပြု​လို​၍ ယေရှု​ဤသို့​ထပ်၍ မိန့်တော်မူ၏– “ထို့​အတူ ကိုယ်​အဖို့ ဘဏ္ဍာများ​ကို​ဆည်းပူး​၍ ဘုရားသခင်​ရှေ့တော်၌ ဆင်းရဲသော​သူ​မည်​သည်​ကား ထို​သူဌေး​နှင့်​တူ​သည်။”—လုကာ ၁၂:၁၃-၂၁

၁၉၊ ၂၀။ (က) ရှေးခေတ်​က စပါးလှေ့​ပုံ​လှေ့​နည်းကို ဖော်ပြ​ပါ။ (ခ) မတရားသော​သူတို့ကို စပါး​မှော်​နှင့် အဘယ်ကြောင့် နှိုင်းယှဉ်​ထား​သနည်း။

၁၉ မတရားသော​သူသည် “ဘုရားသခင်​ရှေ့တော်၌ ဆင်းရဲ” ၏။ ထို့​ကြောင့် ထို​သူတို့သည် စပါး​စေ့​ပေါ် ကပ်​နေသော​အလွှာ​ပါး၊ စပါး​မှော်​ကဲ့သို့​ပင် လုံခြုံမှု​နှင့် ငြိမ်သက်မှု​မရှိကြ​ချေ။ ရှေး​အချိန်​က ဂျုံ​စပါး​ကို ရိတ်သိမ်း​ပြီး​နောက် အများအားဖြင့် ကုန်းမြင့်​မြေပြန့်​ကွက်လပ်​တစ်ခု​ရှိ ကောက်​နယ်​တ​လင်း​သို့ သယ်ယူ​ကြသည်။ ကောက်ရိုး​များ​ကျိုး​ကျေ​ပြီး စပါး​စေ့​များ​ကြွေကျ​စေရန် ထက်​သော​ကျောက်တုံး​များ၊ သံ​သွားများ​တပ်ထား​သည့် စွပ်ဖား​ဖြင့် ဂျုံ​စပါး​နှံ​ပုံ​အပေါ် တိရစ္ဆာန်​များနှင့် နယ်​ကြသည်။ ထို့နောက် နယ်​ထားသော​စပါး​ကို ဂေါ်​ပြား​ဖြင့် လေ​ထဲ​ပစ်​မြှောက်​ကာ လှေ့​ယူ​လေ့​ရှိကြသည်။ (ဟေရှာယ ၃၀:၂၄) စပါး​စေ့​များသည် တ​လင်း​ပေါ်​ပြန်​ကျ​ပြီး ကောက်ရိုး​အကျိုး​အ​ကြေ​များသည် လေ​ဖြင့်​လွှင့်၍ ဘေး​တွင်​ကျ​၏၊ အ​မှော်​များ​မှာ​မူ အဝေး​သို့​လွင့်စဉ်​သွား​သည်။ (ရုသ ၃:၂) ဂျုံ​စပါး​မှ အမှိုက်​ကျောက်စရစ်​ခဲ​များ​ကို ဆန်ခါ​ဖြင့်​ဖယ်ရှား​ပြီး​နောက် ယင်းကို​သိုလှောင်​သိမ်းဆည်း​ရန် အသင့်​ဖြစ်နေ​ပြီ​ဖြစ်သည်။ (လုကာ ၂၂:၃၁) သို့သော် အ​မှော်​များ​မှာ​မူ လွင့်​သွားပြီ​ဖြစ်သည်။

၂၀ အ​မှော်​များ လွင့်​သွားစဉ် မြေပြင်​ပေါ်​ကျ​သည့် ဂျုံ​စပါး​စေ့​များ​ကို သိမ်းဆည်း​ကြ​သကဲ့သို့ပင် ဖြောင့်မတ်​သော​သူတို့သည် ကျန်ရစ်​မည်​ဖြစ်​ပြီး မတရားသော​သူတို့ကို​ကား ဖယ်ရှား​လိုက်​မည်​ဖြစ်သည်။ ထို​ဆိုးညစ်သူ​များ မကြာမီ ထာဝရ​ပျက်စီး​သွား​ကြ​တော့​မည်​ဖြစ်သော​ကြောင့် ကျွန်ုပ်​တို့ အမှန်တကယ်​ဝမ်းမြောက်​ကြ​၏။ ထို​သူတို့ကို​ဖယ်ရှား​ပြီး​နောက် ယေဟောဝါ​၏ တရားတော်​၌ မွေ့လျော်​သော​သူတို့သည် ကောင်းချီး​များစွာ ခံစား​ကြ​ရ​လိမ့်​မည်။ နာခံမှု​ရှိသောသူ​တို့သည် နောက်ဆုံး​တွင် ဘုရားသခင်​ပေး​သော ထာဝရ​အသက် ဆုကျေးဇူး​ကို ရ​ကြလိမ့်မည်။—မဿဲ ၂၅:၃၄-၄၆; ရောမ ၆:၂၃

ကောင်းချီး​ရ “ဖြောင့်မတ်​သော​သူတို့၏​လမ်း”

၂၁။ ယေဟောဝါ​သည် ‘ဖြောင့်မတ်​သော​သူတို့ကို’ မည်သို့ “သိကျွမ်း” တော်​မူ​သနည်း။

၂၁ ပထမ​ဆာလံ​ကို ဤ​စကား​များ​ဖြင့် နိဂုံး​ချုပ်​ထား​၏– “ဖြောင့်မတ်​သော​သူတို့၏​လမ်းကို ထာဝရ​ဘုရား[သခင်] သိကျွမ်း​တော်​မူ​၏။ မတရားသော​သူတို့၏​လမ်း​သည် ဆုံးရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​သတည်း။” (ဆာလံ ၁:၆) ဘုရားသခင်​သည် ‘ဖြောင့်မတ်​သော​သူတို့ကို’ မည်သို့ “သိကျွမ်း” တော်​မူ​သနည်း။ ဖြောင့်မှန်​သော​လမ်းစဉ်​ကို ကျွန်ုပ်​တို့ လိုက်လျှောက်​နေကြ​မည်​ဆိုလျှင် ကောင်းကင်​ခမည်းတော်​သည် ကျွန်ုပ်​တို့၏ ဘုရားသခင့်​ရေးရာ ဘဝ​ပုံစံ​ကို အသိအမှတ်ပြု​တော်​မူ​ပြီး ကျွန်ုပ်​တို့အား ကိုယ်တော်​၏ မျက်နှာသာ​ရ ကျေးကျွန်​များ​အဖြစ် ရှုမြင်​ကြောင်း စိတ်ချ​နိုင်​ပါ​သည်။ သို့​ဖြစ်၍ ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို အမှန်​ဂရုစိုက်​တော်​မူ​ကြောင်း ယုံကြည်​စိတ်ချ​ကာ ကျွန်ုပ်​တို့၏ စိုးရိမ်​ပူပန်မှု​ရှိသမျှကို ကိုယ်တော်​ထံ လွှဲအပ်​နိုင်​၍ လွှဲအပ်​သင့်​ပေ​သည်။—ယေဇကျေလ ၃၄:၁၁; ၁ ပေတရု ၅:၆၊ ၇

၂၂၊ ၂၃။ မတရားသော​သူတို့နှင့် ဖြောင့်မတ်​သော​သူတို့သည် မည်သို့​ဖြစ်သွား​ကြ​မည်​နည်း။

၂၂ “ဖြောင့်မတ်​သော​သူတို့၏​လမ်း” သည် ထာဝစဉ်​တည်​လိမ့်​မည်၊ သို့သော် ပြုပြင်​ပြောင်းလဲ​၍​မရ​သော လူဆိုး​တို့သည် ယေဟောဝါ​၏ တရား​စီရင်ခြင်း​ကို​ခံရ​သဖြင့် ဆုံးပါး​လိမ့်​မည်။ သူတို့၏ “လမ်း၊” သူတို့​အသက်တာ​လမ်းစဉ်သည် သူတို့နှင့်​အတူ အဆုံးတိုင်​လိမ့်​မည်။ ဒါဝိဒ်​၏ ဤ​စကား​များ ပြည့်စုံ​မည်​ကို ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်၏– “ခဏ​ကြာပြီး​မှ မတရားသော​သူသည်​မရှိ​ရ။ သူ၏​နေရာကို စေ့စေ့​ရှာ၍​မ​တွေ့ရ။ စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။ ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​ကို​အမွေခံ​၍ အစဉ်အမြဲ​နေရ​ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉

၂၃ မတရားသော​သူ မရှိတော့​သည့် မြေကြီး​ပရဒိသု​တွင် ကျွန်ုပ်​တို့ အသက်ရှင်ခွင့်​ရမည်​ဆိုလျှင် အလွန်​ပျော်ရွှင်စရာ​ကောင်း​လိမ့်​မည်! စိတ်​နှိမ့်ချသော​သူနှင့် ဖြောင့်မတ်​သော​သူတို့သည် ‘ယေဟောဝါ​၏​တရားတော်​၌’ အစဉ်​မွေ့လျော်​ကြ​မည်​ဖြစ်သော​ကြောင့် စစ်မှန်သော​ငြိမ်သက်မှု​ကို ခံစား​ကြ​ရ​လိမ့်​မည်။ သို့သော် ထို​အချိန်​မတိုင်မီ ‘ယေဟောဝါ​၏ အမိန့်တော်’ ကို​လိုက်နာ​ကြ​ရမည်။ (ဆာလံ ၂:၇ကက​ဘ) ယင်းသည် အဘယ်​အမိန့်တော်​ဖြစ်​ကြောင်း၊ ကျွန်ုပ်​တို့​နှင့် လူ့​မိသားစု​တစ်ခုလုံး​အတွက် အဘယ်​အဓိပ္ပာယ်​ရှိကြောင်း သိရှိ​စေရန် နောက်​ဆောင်းပါး​က ကူညီ​ပါ​လိမ့်​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

ဘုရားသခင်​၏ တရားတော်​၌ မွေ့လျော်သူ​တစ်ဦး​သည် အဘယ်ကြောင့် ပျော်ရွှင်​သနည်း။

ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​တရားတော်​၌ မွေ့လျော်​ကြောင်း အဘယ်အရာက​တင်ပြ​သနည်း။

လူတစ်ဦး​သည် ရေ​ကောင်းစွာ​ရရှိသော အပင်​နှင့် မည်သို့ တူ​နိုင်​သနည်း။

ဖြောင့်မတ်​သော​သူ၏​လမ်း​နှင့် မတရားသော​သူ၏​လမ်း​သည် မည်သို့​ကွာခြား​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

မတရားသော​သူတို့နှင့် မပေါင်းဖော်​ရန် ဆုတောင်းခြင်း​က ကူညီ​ပေး​မည်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဖြောင့်မတ်​သော​သူသည် အပင်​နှင့် အဘယ်ကြောင့်​တူ​သနည်း