မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယေဟောဝါ၏ အမိန့်တော်” ပျက်ကွက်မည်မဟုတ်

“ယေဟောဝါ၏ အမိန့်တော်” ပျက်ကွက်မည်မဟုတ်

“ယေဟောဝါ​၏ အမိန့်တော်” ပျက်ကွက်​မည်​မဟုတ်

“ယေဟောဝါ​၏​အမိန့်တော်ကို ငါ​ပြန်ကြား​ပေ​အံ့။ ကိုယ်တော်​က ‘သင်သည် ငါ့​သား​ဖြစ်၏။ . . . လူအမျိုးမျိုး​တို့ကို သင်၏​အမွေဥစ္စာ​ဖို့ ငါ​ပေး​ရန်​အ​လို့​ငှာ ငါ့ကို​တောင်း​လော့’ ဟု​မိန့်တော်မူ၏။”—ဆာလံ ၂:၇-၉၊ က​ဘ။

၁။ ဘုရားသခင်​၏​ရည်ရွယ်ချက်​နှင့် လူမျိုး​တို့၏​ရည်ရွယ်ချက်​သည် မည်သို့​ကွာခြား​သနည်း။

ယေဟောဝါ ဘုရားသခင်​၌ လူသား​တို့​နှင့် ကမ္ဘာ​မြေကြီး​အတွက် ရည်ရွယ်ချက်​ရှိ​တော်​မူ​၏။ လူမျိုး​တို့​တွင်​လည်း ရည်ရွယ်ချက်​ရှိသည်။ သို့သော် အလွန်​ကွဲပြား​ခြားနား​သည်​တကား! ဘုရားသခင်​က “မိုးကောင်းကင်​သည် မြေကြီး​ထက်​သာ၍​မြင့်​သကဲ့သို့ ငါ​၏​အကျင့်​သည် သင်တို့၏ အကျင့်​ထက် လည်းကောင်း၊ ငါ​၏​အကြံအစည်​သည် သင်တို့၏​အကြံအစည်​ထက်​လည်းကောင်း သာ၍​မြင့်​၏” ဟု​မိန့်တော်မူ​ထား​ရာ ယင်း​သို့​ဖြစ်​ဖို့​အကြောင်း​ရှိသည်။ ကိုယ်တော်​က ဤသို့​ဆက်၍ မိန့်တော်မူ​ထား​ရာ ဘုရားသခင်​၏ ရည်ရွယ်ချက်​သည် သေချာပေါက် ပြည့်စုံ​ရမည်– ‘မိုး​ရေ​နှင့်​မိုး​ပွင့်​တို့သည် မိုးကောင်းကင်​မှ​ဆင်းသက်​၍ နောက်​တစ်ဖန်​မပြန်၊ မြေ​သည် မျိုးစေ့ကြဲ​သော​သူအား မျိုးစေ့ကို​လည်းကောင်း၊ အစာစား​သော​သူအား အစာကို​လည်းကောင်း ပေး​မည်​အကြောင်း မြေ​ကို​စို​စေ​သဖြင့် အပင်ပေါက်​စေ​၍ အသီးကို​သီး​စေ​သကဲ့သို့ ထို့​အတူ ငါ​၏​နှုတ်မြွက်​စကား​သည် ဖြစ်​လိမ့်​မည်။ အကျိုးမရှိ​ဘဲ ငါ့​ထံ​သို့​မပြန်​ရ။ ငါ့​အလိုကို ပြည့်စုံ​စေမည်။ ငါ​စေခိုင်း​သော​အမှု၌ အောင်​လိမ့်​မည်။’—ဟေရှာယ ၅၅:၉-၁၁

၂၊ ၃။ ဆာလံ​အခန်းကြီး​နှစ်​တွင် အဘယ်​အကြောင်းကို ရှင်းလင်းစွာ ဖော်ပြ​ထား​သနည်း၊ သို့သော် အဘယ်​မေးခွန်းများ ပေါ်ထွက်​လာ​သနည်း။

မေရှိယ​ဘုရင်​နှင့်​ပတ်သက်သော ဘုရားသခင်​၏​ရည်ရွယ်ချက် ပြည့်စုံ​မည်​ဖြစ်​ကြောင်း ဆာလံ​အခန်းကြီး​နှစ်​တွင် ရှင်းလင်းစွာ​ဖော်ပြ​ထား​၏။ ယင်းကို​စပ်ဆို​သူ ရှေး​ဣသရေလ​ဘုရင် ဒါဝိဒ်က လူမျိုး​တို့ ရုန်းရင်းခတ်​ကြ​မည့် ထူးခြားသည့်​အချိန်​အကြောင်းကို ကြိုပြော​ရန် ဘုရားသခင့်​မှုတ်သွင်းခြင်း​ကို​ခံ​ခဲ့​ရသည်။ လူမျိုး​တို့၏ ရှင်​ဘုရင်​များသည် ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော်​၏​ဘိသိက်ခံ​ကို ရန်ဘက်ပြု​ကြ​မည်​ဖြစ်သည်။ သို့သော် ဆာလံဆရာ​က ဤသို့​သီဆို​သေး​၏– ‘[“ယေဟောဝါ​၏​အမိန့်တော်၊” က​ဘ] ကို ငါ​ပြန်ကြား​ပေ​အံ့။ ထာဝရ​ဘုရားသခင်​က “သင်သည် ငါ့​သား​ဖြစ်၏။ . . . ငါ့ကို​တောင်း​လော့။ လူအမျိုးမျိုး​တို့ကို သင်၏​အမွေဥစ္စာ​ဖို့ ငါ​ပေး​မည်။ မြေကြီးစွန်း​တိုင်အောင် ပိုင်ထိုက်​သော​အခွင့်​ကိုလည်း ငါ​ပေး​မည်။”’—ဆာလံ ၂:၇၊ ၈

“ယေဟောဝါ​၏ အမိန့်တော်” သည် လူမျိုး​တို့အတွက် အဘယ်​အဓိပ္ပာယ်​သက်ရောက်​သနည်း။ ယင်း​အမိန့်တော်​သည် လူအများ​အပေါ် အဘယ်​အကျိုး​သက်ရောက်​မည်​နည်း။ ယင်း​အကျိုး​သက်ရောက်မှု​များ​က ဆာလံ​အခန်းကြီး​နှစ်ကို ဖတ်ရှု​ကြသော ဘုရားသခင်​အား ကြောက်ရွံ့​သူအပေါင်း​အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

လူမျိုး​တို့ ရုန်းရင်းခတ်​ပြု​ကြ

၄။ ဆာလံ ၂:၁၊ ၂ ၏​အဓိက​အချက်​ကို သင်​မည်သို့ အကျဉ်း​ချုံး​ဖော်ပြ​မည်​နည်း။

လူမျိုး​တို့​နှင့် သူတို့၏​အုပ်စိုးရှင်​တို့၏ လုပ်ဆောင်မှုများ​ကို ရည်ညွှန်း​ကာ ဆာလံဆရာ​က ဤသို့​အစပြု ရေးစပ်​သီဆို​ထား​၏– “လူမျိုး​တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်​ပြု​ကြ​သနည်း။ လူစု​တို့သည် အဘယ်ကြောင့် အချည်းနှီး​ကြံစည်​ကြ​သနည်း။ လော[က]ရှင်ဘုရင်​တို့သည် ထကြ​၍ မှူးမတ်​အရာရှိ​တို့​လည်း ထာဝရ​ဘုရား[သခင်]နှင့် ခရစ်တော် [“ကိုယ်တော်​၏​ဘိသိက်ခံသူ၊” က​ဘ] ကို ရန်ဘက်ပြု​လျက်” သင်း​ဖွဲ့​ကြ​၏။—ဆာလံ ၂:၁၊ ၂ *

၅၊ ၆။ လူစု​တို့သည် အဘယ် ‘အချည်းနှီး​သော​အမှုတို့​ကို ကြံစည်’ နေကြ​သနည်း။

မျက်မှောက်ခေတ်​လူစု​တို့သည် အဘယ် ‘အချည်းနှီး​သော​အရာ​တို့ကို ကြံစည်’ ကြ​သနည်း။ ဘုရားသခင်​၏​ဘိသိက်ခံ—မေရှိယ သို့​မဟုတ် ခရစ်တော်—ကို​လက်ခံ​မည့်​အစား လူမျိုး​တို့သည် မိမိတို့၏​အခွင့်အာဏာ တည်မြဲ​ရန် “ကြံစည်” အားထုတ်​နေကြ​သည်။ ဆာလံ​အခန်းကြီး​နှစ်​ပါ ထိုစကား​များသည် စီ.အီး. ပထမ​ရာစု​ရှိ ဂျူး​များနှင့် ရောမ​အာဏာပိုင်​တို့​က ဘုရားသခင်​၏​ခန့်အပ်​ခံ​ဘုရင် ယေရှု​ခရစ်​ကို​သတ်​ရန် အတူတကွ ပူးပေါင်း​ကြံစည်​ခဲ့​ကြ​ချိန်​တွင်​လည်း ပြည့်စုံ​ခဲ့​သည်။ သို့သော် ကောင်းကင်ဘုရင်​အဖြစ် ယေရှု​နန်းတင်​ခံရ​ချိန် ၁၉၁၄ ခုနှစ်​မှ​စတင်​ကာ အကြီးစား​ပြည့်စုံ​ခဲ့​သည်။ ထို​အချိန်​မှ​စ၍ မြေကြီးပေါ်​ရှိ မည်သည့်​နိုင်ငံရေး အဖွဲ့အစည်း​က​မျှ ဘုရားသခင်​၏ နန်းထိုင်​ဘုရင်​ကို အသိအမှတ် မပြု​ခဲ့​ကြ​ချေ။

ဆာလံဆရာ​က “လူစု​တို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်​ကြ​သနည်း” ဟု​မေး​ခြင်း​သည် အဘယ်အရာကို​ဆိုလို​သနည်း။ သူတို့၏​ရည်ရွယ်ချက်​သည် အချည်းနှီး​ဖြစ်သည်; အကျိုးမရှိ၊ ပျက်စီး​မည်​ကို ဆိုလို​သည်။ သူတို့သည် ဤ​ကမ္ဘာ​မြေကြီး​အပေါ် ငြိမ်သက်မှု၊ သွေး​စည်း​ညီညွတ်မှု ရှိစေ​နိုင်​မည်​မဟုတ်ပါ။ သို့​တိုင် သူတို့သည် ဘုရားသခင့် အုပ်ချုပ်မှု​ကို ဆန့်ကျင်​ရန် အတတ်နိုင်ဆုံး ကြိုးစား​လုပ်ဆောင်ကြ​သည်။ အမှန်​မှာ သူတို့သည် အကြီးမြတ်ဆုံး​အရှင်​နှင့် ကိုယ်တော်​၏ ဘိသိက်ခံ​တို့​တစ်ဖက် အတူတကွ စည်းလုံးစွာ​စုရုံး​ပြီး ဆန့်ကျင်ဘက်​ပြု​နေကြပါ​သည်။ မိုက်မဲမှု​ပါ​တကား!

ယေဟောဝါ​၏ အောင်ပွဲခံ​ဘုရင်

၇။ ဆာလံ ၂:၁၊ ၂ ၏​သက်ဆိုင်ပုံ​ကို ယေရှု၏ အစောပိုင်း နောက်တော်လိုက်​များ​၏ ဆုတောင်းချက်​က မည်သို့​ဖော်ပြ​သနည်း။

ဆာလံ ၂:၁၊ ၂ ပါ​စကား​များသည် ယေရှု​နှင့် ဆက်စပ်​၏​ဟု ယေရှု၏​နောက်တော်လိုက်​များ​က တင်ပြ​ခဲ့​ကြသည်။ သူတို့၏​ယုံကြည်ခြင်း​ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံရ​ချိန်​တွင် သူတို့ ဤသို့​ဆုတောင်း​ခဲ့​ကြသည်– “အစိုးရ​တော်​မူ​သော​အရှင် [ယေဟောဝါ]၊ ကိုယ်တော်​သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ​မှ​စ၍ ထို​အရပ်​တို့​၌​ရှိသမျှ​တို့ကို ဖန်ဆင်း​တော်​မူ​သော ဘုရားသခင်​ဖြစ်​တော်​မူ​၏။ ကိုယ်တော်​က​လည်း ‘လူမျိုး​တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်​ပြု​ကြ​သနည်း။ လူစု​တို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်​ကြ​သနည်း။ လော[က]ရှင်ဘုရင်​တို့သည် ထကြ​၍ မှူးမတ်​အရာရှိ​တို့​လည်း ထာဝရ​ဘုရား[သခင်]နှင့် ခရစ်တော်​ကို ရန်ဘက်ပြု​လျက် စည်းဝေး​ကြ​၏’ ဟု ကိုယ်တော်​ကျွန် ဒါဝိဒ်​၏​နှုတ်ဖြင့် [ကြိုဟော] ထား​တော်​မူ​သည်​နှင့်​အညီ ဟေရုဒ် [အန္တိပ] မင်း၊ ပုန္တိပိလတ်​မင်း​မှ​စ၍ ဣသရေလ​အမျိုးသား၊ တစ်ပါး​အမျိုးသား​တို့သည် . . . ဘိသိက်ပေး​တော်​မူ​သော သားတော်​မြတ်​ယေရှုကို ဤ​မြို့၌ ရန်ဘက်ပြု​၍ စည်းဝေး​ကြပြီ။” (တမန်​တော် ၄:၂၄-၂၈; လုကာ ၂၃:၁-၁၂) * မှန်ပါသည်၊ ပထမ​ရာစု​တွင် ဘုရားသခင်​၏ ဘိသိက်ခံကျွန် ယေရှုကို ဆန့်ကျင်​ဖို့ ပူးပေါင်း​ကြံစည်​ခဲ့​ကြသည်။ သို့ရာတွင် ဤ​ဆာလံ​စကား​များသည် ရာစုနှစ်များစွာ​ကြာပြီးနောက် နောက်ထပ်​ပြည့်စုံ​ရဦး​မည်​ဖြစ်သည်။

၈။ ဆာလံ ၂:၃ သည် မျက်မှောက်ခေတ်​လူမျိုး​တို့​နှင့် မည်သို့​သက်ဆိုင်​သနည်း။

ရှေး​ဣသရေလ​နိုင်ငံ​တွင် ဒါဝိဒ်​ကဲ့သို့​သော လူသား​ဘုရင်​ရှိခဲ့​ချိန်​က အယူမှား​လူမျိုးများ​နှင့် ၎င်း​၏​အုပ်ချုပ်သူ​များသည် ဘုရားသခင်​နှင့် ကိုယ်တော်​နန်းတင်​ထားသော ဘိသိက်ခံ​ကို အတူတကွ ပူးပေါင်း​ဆန့်ကျင်​ခဲ့​ကြသည်။ သို့သော် ကျွန်ုပ်​တို့​အချိန်တွင်​ကော။ မျက်မှောက်ခေတ် လူမျိုး​တို့သည် ယေဟောဝါ​နှင့် မေရှိယ​တို့၏ တောင်းဆိုချက်​များ​ကို မလိုက်နာ​လို​ကြ​ပါ။ ထို့​ကြောင့် “သူတို့​ချည်နှောင်ခြင်း​ကို ဖြေ​ကြ​ကုန်​အံ့။ ချည်နှောင်​သော​ကြိုး​တို့ကို ပယ်​ကြ​ကုန်​အံ့” ဟု​ဆို​ခဲ့​ကြောင်း တင်စား​ဖော်ပြ​ထား​သည်။ (ဆာလံ ၂:၃) ဘုရားသခင်​နှင့် ကိုယ်တော်​၏​ဘိသိက်ခံ​တို့ ချမှတ်​သည့် မည်သည့် ကန့်သတ်ချက်​ကို​မဆို အုပ်စိုးရှင်​တို့​နှင့် လူမျိုး​တို့ ဆန့်ကျင်​ကြ​မည်​ဖြစ်သည်။ သို့သော် ထို​ချည်နှောင်မှု နှောင်ကြိုး​တို့ကို ပယ်​ရန် ကြိုးစား​အားထုတ်မှု​မှန်သမျှ​သည် အချည်းနှီးသာ​ဖြစ်​ကြ​ရမည်။

ယေဟောဝါ​သည် သူတို့ကို ပြက်ရယ်ပြု​တော်​မူ​၏

၉၊ ၁၀။ ယေဟောဝါ​သည် လူမျိုး​တို့ကို အဘယ်ကြောင့် ပြက်ရယ်ပြု​တော်​မူ​သနည်း။

ယေဟောဝါ​သည် လူမျိုး​တို့၏​အုပ်စိုးရှင်​များ သူတို့​အာဏာ​တည်မြဲ​ရန် ကြိုးစား​လေ​သမျှ​ကို လုံးဝ​အရေးမထား​ပါ။ ဆာလံ​အခန်းကြီး​နှစ်​တွင် ဤသို့​ဆက်ဆို​ထား​၏– “ကောင်းကင်ဘုံ​၌ ထိုင်​တော်​မူ​သော​သူသည် ပြုံးရယ်​၍ ထာဝရ​ဘုရား[သခင်]သည် သူတို့ကို​ကဲ့ရဲ့ [“ပြက်ရယ်ပြု၊” သတင်းကောင်း] တော်​မူ​၏။” (ဆာလံ ၂:၄) ဘုရားသခင်​သည် ထို​အုပ်စိုးရှင်​တို့ကို ဘာမျှ​မဟုတ်သကဲ့သို့ ယူမှတ်​ကာ မိမိ​ရည်ရွယ်​ထား​သည့်​အတိုင်း ဆက်၍ ပြု​တော်​မူ​၏။ သူတို့၏​ရောင့်တက်​စော်ကားမှု​ကို ကိုယ်တော် ပြုံးရယ်​တော်​မူ​၏။ သူတို့​အကြံအစည်​ကို သူတို့ ဝါကြွား​ကြ​ပါ​လေ​စေ။ ယေဟောဝါ​အဖို့​မူ သူတို့သည် ရယ်မော​စ​ရာ​သာ​ဖြစ်သည်။ သူတို့၏ အချည်းနှီး​သက်​သက် ဆန့်ကျင်မှု​များ​ကို ကိုယ်တော် ပြုံးရယ်​တော်​မူ​၏။

၁၀ အခြား​ဆာလံကျမ်း​များ​တွင်​လည်း ဒါဝိဒ်​သည် ရန်သူ​လူမျိုးများ​ကို ရည်ညွှန်း​ကာ ဤသို့​သီဆို​ထား​၏– ‘ဣသရေလ​အမျိုး​၏ ဘုရားသခင်၊ ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရ​ဘုရားသခင်၊ ပြင်ပ​လူအပေါင်း​တို့ကို​ဆုံးမခြင်း​ငှာ နိုး​တော်​မူ​ပါ။ မကောင်းမှု​၌ ကျင်လည်​သော​သူ တစ်စုံ​တစ်ယောက်ကို​မျှ သနား​တော်​မ​မူ​ပါ​နှင့်။ သူတို့သည် ညဦးယံ​၌ ပြန်​လာ၍ ခွေး​ဘာသာ​အတိုင်း​မြည်​လျက် မြို့ကို​လှည့်ပတ်​ကြ​ပါစေ​သော။ ထို​သူတို့သည် စော်ကား​သော​စကား​ကိုပြော​၍ သူတို့​နှုတ်ခမ်း​တွင် ဓား​ပါ​လျက် အဘယ်သူ​ကြား​လိမ့်​မည်​နည်း​ဟု ဆို​တတ်ကြ​ပါ​၏။ သို့ရာတွင် အို​ထာဝရ​ဘုရားသခင်၊ ကိုယ်တော်​သည် သူတို့ကို​ပြုံးရယ်​၍ ပြင်ပ​လူအပေါင်း​တို့ကို ကဲ့ရဲ့​တော်​မူ​မည်။’ (ဆာလံ ၅၉:၅-၈) ယေဟောဝါ​အား ဆန့်ကျင်​၍ မိုက်မဲ​စွာ​ပြုမူ​သော လူမျိုး​တို့၏ ဝါကြွား​မှု၊ ရုန်းရင်းခတ်​မှု​တို့ကို ကိုယ်တော် ပြုံးရယ်​တော်​မူ​၏။

၁၁။ လူမျိုး​တို့သည် ဘုရားသခင့်​ရည်ရွယ်ချက်ကို တားဆီး​ရန် ကြိုးစား​ကြသောအခါ မည်သို့​ဖြစ်ပျက်​သနည်း။

၁၁ ဘုရားသခင်​သည် မည်သည့်​ပြဿနာ​ကို​မဆို ဖြေရှင်း​နိုင်သော​ကြောင့် ဆာလံ ၂ ပါ​စကား​များသည် ကျွန်ုပ်​တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့​စေ​သည်။ ကိုယ်တော်​သည် အလိုတော်ကို အမြဲ​ပြီးမြောက်​အောင်မြင်​စေပြီး တည်ကြည်သော ကျေးကျွန်​များ​ကို ဘယ်တော့​မျှ​စွန့်ပစ်​တော်​မ​မူ​ကြောင်း ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​သည်။ (ဆာလံ ၉၄:၁၄) ထို့​ကြောင့် ယေဟောဝါ​၏ ရည်ရွယ်ချက်ကို တားဆီး​ရန် လူမျိုး​တို့ ကြိုးစား​ကြသောအခါ မည်သို့​ဖြစ်ပျက်​သနည်း။ ဆာလံ​အခန်းကြီး​နှစ်​အရ ဘုရားသခင်​သည် ကြောက်မက်​ဖွယ် မိုးချုန်းသံ​ပ​မာ “အမျက်တော်​ထွက်၍ သူတို့ကို မိန့်တော်မူ​မည်” ဖြစ်သည်။ ထို့​ပြင် အကြီးအကျယ်​လျှပ်စီးလက်​လိုက်​သကဲ့သို့ “ပြင်းစွာ​သော​အမျက်တော်​နှင့် သူတို့ကို ပူပန်​စေတော်မူ​မည်” ဖြစ်သည်။—ဆာလံ ၂:၅

ဘုရားသခင်​၏​ဘုရင်​ကို နန်းတင်

၁၂။ ဆာလံ ၂:၆ က​အဘယ်​နန်းတင်​မှု​နှင့် သက်ဆိုင်​သနည်း။

၁၂ ဆာလံဆရာ​မှ​တစ်ဆင့် ယေဟောဝါ ထပ်၍​မိန့်တော်မူသော​စကား​က လူမျိုး​တို့ကို အမှန် စိတ်​အနှောင့်အယှက်​ဖြစ်စေ​မည်။ ဘုရားသခင် ဤသို့​ကြေညာ​၏– “ငါ​၏​ရှင်ဘုရင်​ကို သန့်ရှင်းသော​ဇိအုန်​တောင်တော်​ပေါ်မှာ ငါ​ကိုယ်တိုင် ဘိသိက်ပေး​ပြီ။” (ဆာလံ ၂:၆) ဇိအုန်​တောင်​သည် ဒါဝိဒ်​ကို ဣသရေလ​တစ်မျိုးလုံး​၏ ဘုရင်​အဖြစ် တင်မြှောက်​ခဲ့​သော ယေရုရှလင်​မြို့တွင် တည်ရှိ​သည်။ သို့သော် မေရှိယ​ဘုရင်​သည် ထို​မြို့တွင်​ရှိသော​ပလ္လင် သို့​မဟုတ် မြေကြီးပေါ်​ရှိ အခြား​တစ်​နေရာတွင် နန်းထိုင်​မည်​မဟုတ်ပါ။ အမှန်​မှာ၊ ယေဟောဝါ​သည် ယေရှု​ခရစ်​ကို ရွေးချယ်​ထား​တော်​မူ​သော မေရှိယ​ဘုရင်​အဖြစ် ကောင်းကင်​ဇိအုန်​တောင်​တွင် နန်းတင်​ခဲ့​ပြီး​ဖြစ်သည်။—ဗျာ. ၁၄:၁

၁၃။ ယေဟောဝါ​သည် သားတော်​နှင့် အဘယ်​ပဋိညာဉ်ဖွဲ့​ခဲ့​သနည်း။

၁၃ ယခု မေရှိယ​ဘုရင်​မိန့်မြွက်​သည်​ကား ‘[ဘုရားသခင့်​နိုင်ငံတော်​ပဋိညာဉ်​ကို သားတော်​နှင့် ဖွဲ့​ခဲ့​သော] ယေဟောဝါ​၏ အမိန့်တော်ကို ငါ​ပြန်ကြား​ပေ​အံ့။ ထာဝရ​ဘုရားသခင် [ယေဟောဝါ] က “သင်သည် ငါ့​သား​ဖြစ်၏။ ယနေ့​ပင် သင့်ကို​ငါ​ဖြစ်​ဖွား​စေပြီ” . . . ဟု​ငါ့​အား​မိန့်တော်မူ​ပြီ။’ (ဆာလံ ၂:၇-၉) ခရစ်တော်​သည် မိမိ၏​တမန်​တော်​များ​အား “ငါသည် စုံစမ်း​နှောင့်ယှက်ခြင်း​ကို​ခံ​စဉ်​တွင် သင်တို့သည် ငါ​၌ မှီဝဲ​သော​သူ​ဖြစ်​ရာ​၏။ ငါ့​ခမည်းတော်​သည် ငါ့​အား နိုင်ငံ​ကို ပေး​တော်​မူ​သည်​နှင့်​အညီ . . . ငါသည် သင်တို့​အားပေး​မည်” ဟု​မိန့်တော်မူ​စဉ် ဘုရားသခင့်​နိုင်ငံတော် ပဋိညာဉ်​အကြောင်း ရည်ညွှန်း​တော်​မူ​ခဲ့​၏။—လုကာ ၂၂:၂၈-၃၀

၁၄။ ယေရှုသည် ဘုရင်​အရိုက်အရာ​ခံထိုက်​ခြင်း​ကို အငြင်းပွား​စ​ရာ​မရှိ​ဟု အဘယ်ကြောင့် ဆိုနိုင်​သနည်း။

၁၄ ဆာလံ ၂:၇ တွင်​ကြိုပြော​ထား​သည့်​အတိုင်း ယေဟောဝါ​သည် ယေရှုကို မိမိ​သားတော်​အဖြစ် ကိုယ်တော်​နှစ်ခြင်း​ခံ​ချိန်​တွင်​လည်းကောင်း၊ ဝိညာဉ်​အသက်တာ​သို့ ရှင်ပြန်ထမြောက်​စေခြင်း​ဖြင့်​လည်းကောင်း အထင်အရှား အသိအမှတ်ပြု ဖော်ပြ​ခဲ့​သည်။ (မာကု ၁:၉-၁၁; ရောမ ၁:၄; ဟေဗြဲ ၁:၅; ၅:၅) မှန်ပါသည်၊ ဘုရားသခင်​၏ ကောင်းကင်​နိုင်ငံတော်​ဘုရင်​သည် ဘုရားသခင်​၏ တစ်ပါး​တည်း​သော သားတော်​ဖြစ်သည်။ (ယောဟန် ၃:၁၆) ယေရှုသည် ဘုရင်​ဒါဝိဒ်​မှ ဆင်းသက်လာ​သောကြောင့် ဘုရင်​အရိုက်အရာ​ခံ​ခြင်း​နှင့်​ပတ်သက်​၍ အငြင်းပွား​စ​ရာ​မရှိပါ။ (၂ ဓမ္မ​ရာဇဝင် ၇:၄-၁၇; မဿဲ ၁:၆၊ ၁၆) ဤ​ဆာလံကျမ်း​အရ ဘုရားသခင်​သည် မိမိ၏​သားတော်ကို ဤသို့​မိန့်တော်မူ၏– “ငါ့ကို​တောင်း​လော့။ လူအမျိုးမျိုး​တို့ကို သင်၏​အမွေဥစ္စာ​ဖို့ ငါ​ပေး​မည်။ မြေကြီးစွန်း​တိုင်အောင် ပိုင်ထိုက်​သော​အခွင့်​ကိုလည်း ငါ​ပေး​မည်။”—ဆာလံ ၂:၈

၁၅။ ယေရှုသည် အမွေဥစ္စာ​အဖြစ် လူအမျိုးမျိုး​တို့ကို အဘယ်ကြောင့် တောင်းလျှောက်​သနည်း။

၁၅ ဘုရင်​ဖြစ်သော ဘုရားသခင့်​သားတော်​သည် ယေဟောဝါ​ပြီး​လျှင် ဒုတိယ​အကြီးမြတ်ဆုံး အရှင်ဖြစ်​သည်။ ယေဟောဝါ​အဖို့ ယေရှုသည် စမ်းသပ်ခံ​ပြီး​၍ တည်ကြည်သော ယုံကြည်​စိတ်ချ​ရသူ​ဖြစ်သည်။ ထို့​ပြင် ယေရှုသည် ဘုရားသခင်​၏​သားဦး​အနေ​နှင့် အမွေဆက်ခံ​ပိုင်ခွင့်​ရှိသည်။ မှန်ပါသည်၊ ယေရှု​ခရစ်​သည် “မျက်မြင်မရ​သော ဘုရားသခင်​၏ ပုံသဏ္ဌာန်​တော်​ဖြစ်၏။ . . . သတ္တဝါ​အပေါင်းတို့တွင်​လည်း သားဦး​ဖြစ်​တော်​မူ​၏။” (ကောလောသဲ ၁:၁၅) ကိုယ်တော်​လုပ်​ရမည်​ကား ဘုရားသခင်​ထံ တောင်းလျှောက်​ဖို့​သာ​ရှိ​တော့​သည်၊ ဘုရားသခင်​သည် သူ့​အား ‘လူအမျိုးမျိုး​တို့ကို အမွေဥစ္စာ​အဖြစ်၊ မြေကြီးစွန်း​တိုင်အောင် ပိုင်ထိုက်ရာ​အဖြစ် ပေး​တော်​မူ​မည်။’ ယေရှုသည် ‘လူသား​တို့ကို ချစ်ခင်​စုံမက်’ တော်​မူ​သော​သူ​ဖြစ်​ပြီး ကမ္ဘာ​မြေကြီး​နှင့် လူသား​အပေါင်း​တို့​နှင့်​ပတ်သက်သော ကောင်းကင်​ခမည်းတော်​၏ အလိုတော်ကို ဆောင်ရွက်​လို​စိတ် ပြင်းပြ​သောကြောင့် ထိုသို့​တောင်းလျှောက်​ရခြင်း​ဖြစ်သည်။—သု. ၈:၃၀၊ ၃၁

လူမျိုး​တို့​နှင့်​ပတ်သက်သော ယေဟောဝါ​၏​အမိန့်တော်

၁၆၊ ၁၇။ ဆာလံ ၂:၉ အရ​လူမျိုး​တို့သည် အဘယ်​အဖြစ်ကို တွေ့ ကြုံ​ကြ​ရမည်​နည်း။

၁၆ ဆာလံ​အခန်းကြီး​နှစ်​သည် ယေရှု​ခရစ်တော်​၏ မျက်မြင်မရ ရောက်ရှိချိန်၊ ယခု​အချိန်တွင် ပြည့်စုံ​နေခြင်း​ကြောင့် လူမျိုး​တို့သည် အဘယ်အရာ ကြုံတွေ့​ကြ​ရမည်​နည်း။ ရှင်ဘုရင်​သည် ဘုရားသခင်​၏ ဤ​ကြေညာ​ချက်​ကို မကြာမီ လုပ်ဆောင်​တော်​မူ​မည်– “သင်သည် သူတို့ [လူမျိုး​တို့] ကို သံ​လှံတံ​နှင့်​အုပ်စိုး​၍ မြေအိုး​ကို​ခွဲ​ဖျက်​သကဲ့သို့ ခွဲ​ဖျက်​လိမ့်​မည်။”—ဆာလံ ၂:၉

၁၇ ရှေး​အချိန်​က ဘုရင်​များ​၏​ရာဇ​လှံတံ​သည် တော်ဝင်​အခွင့်အာဏာ​၏ အထိမ်းအမှတ်​ဖြစ်သည်။ ရာဇ​လှံတံ​အချို့​သည် ဤ​ဆာလံ​တွင် ဖော်ပြ​ထား​သည့် ရာဇ​လှံတံ​ကဲ့သို့ သံ​ဖြင့်​ပြုလုပ်​ထား​ကြသည်။ ဤ​တွင်​အသုံးပြု​ထားသော ဥပစာ​အသုံးအနှုန်း​က ခရစ်တော်​ဘုရင်​သည် လူမျိုး​တို့ကို အလွယ်တကူ ဖျက်ဆီး​မည်​ဖြစ်​ကြောင်း ဖော်ပြ​သည်။ သံ​လှံတံ​တစ်ခု​ဖြင့် အိုးထိန်းသမား​၏ မြေအိုး​ကို ခပ်​ပြင်းပြင်း​ရိုက်ခွဲ​လိုက်​မည်​ဆိုလျှင် ပြန်​ဆက်၍​မရနိုင်​အောင် ကြေမွ​သွား​မည်။

၁၈၊ ၁၉။ ဘုရားသခင်​၏​အလိုတော်နှင့်​တွေ့​ရန် ဤ​လောက​ဘုရင်​တို့သည် အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

၁၈ ထိုသို့​ကြေမွ​သွားခြင်း​ကို လူမျိုး​တို့၏ အုပ်စိုးရှင်​များ တွေ့​ကို​တွေ့ရ​ဖို့​ဖြစ်သလော။ မဟုတ်ပါ၊ အကြောင်း​မှာ ဆာလံဆရာ​က ဤ​စကား​များ​ဖြင့် သူတို့ကို မေတ္တာ​ရပ်ခံ​၏– “သို့​ဖြစ်၍ ဘုရင်​မင်းတို့ ပညာသတိ​ရှိ [“ထိုးထွင်း​သိမြင်မှု​တင်ပြ၊” က​ဘ] ကြလော့။ မြေကြီးပေါ်​ရှိ​တရားသူကြီး​တို့ ဆုံးမခြင်း​ကို​ခံ​ကြလော့။” (ဆာလံ ၂:၁၀) ရှင်ဘုရင်များ​အား ဂရုပြု​ကြ​ရန်၊ ထိုးထွင်း​သိမြင်မှု တင်ပြ​ကြ​ရန် သတိပေး​ထား​ပါ​သည်။ လူ့​အကျိုးအတွက် ဘုရားသခင့်​နိုင်ငံတော် လုပ်ဆောင်ပေး​မည့်​အရာ​နှင့်​နှိုင်းယှဉ်လျှင် သူတို့၏​အကြံအစည်​များသည် အချည်းနှီး​ဖြစ်​ကြောင်း သူတို့​ဆင်ခြင်​သုံးသပ်​သင့်​သည်။

၁၉ ဘုရားသခင့်​အလိုတော်နှင့်​တွေ့​ရန် ထို​ရှင်ဘုရင်​တို့သည် သူတို့​လမ်းစဉ်​ကို ပြောင်းလဲ​ဖို့​လို​သည်။ သူတို့သည် “ကြောက်ရွံ့​သော စိတ်​နှင့် ထာဝရ​ဘုရား[သခင်]၏​အမှုတော်ကို ထမ်းရွက်” ကြ​ရမည်ဟု သူတို့ကို သတိပေး​ထား​သည်။ (ဆာလံ ၂:၁၁) ထိုသို့​သာ သူတို့​လုပ်ဆောင်ကြ​မည်​ဆိုလျှင် မည်သို့​ဖြစ်​မည်​နည်း။ သူတို့သည် ရုန်းရင်းခတ်​၍ မတည်မငြိမ် ဖြစ်နေ​ကြ​မည့်​အစား မေရှိယနိုင်ငံတော် ချမှတ်​ပေး​မည့် မျှော်လင့်ချက်များ​ကြောင့် ရွှင်လန်း​နိုင်​ကြ​ပေမည်။ သို့​ဖြစ်စေ​ရန် ဤ​လောက​ဘုရင်​တို့သည် သူတို့​အုပ်ချုပ်ပုံ​တွင် ထင်ရှား​သည့် မာန​ထောင်လွှား​မှု၊ ဘဝင်မြင့်​မှု​တို့ကို ဖယ်ရှား​ကြ​ရန်လို​သည်။ ထို့​ပြင် သူတို့သည် ဖင့်နွှဲ​မှုမရှိ ပြုပြင်​ပြောင်းလဲ​ကြ​ရမည်၊ ယေဟောဝါ​၏ ပြိုင်စံရှား​သော အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု၊ ဘုရားသခင်​နှင့် မေရှိယ​ဘုရင်​တို့၏ ကြီးမားသော​တန်ခိုးတော်​တို့ကို ထိုးထွင်း​သိမြင်​ကြ​ရမည်​ဖြစ်သည်။

သားတော်ကို နမ်း​ကြလော့”

၂၀၊ ၂၁။ “သားတော်ကို​နမ်း” ခြင်း​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၂၀ ယခု ဆာလံ ၂ က လူမျိုး​တို့၏ အုပ်စိုးရှင်​များ​ကို ကြင်နာ​စွာ​မေတ္တာ​ရပ်ခံ​သည်။ သူတို့သည် အတူတကွ​စုပေါင်း ဆန့်ကျင်​တိုက်လှန်​နေကြ​မည့်​အစား ဤသို့​ပြု​ရန်​အကြံပေး​ခံရ​၏– “သားတော်ကို နမ်း​ကြလော့။ သို့​မဟုတ်လျှင် [ယေဟောဝါ​ဘုရားသခင်​၏] အမျက်တော်​ထွက်၍ သင်တို့သည် လမ်း၌ ပျက်စီးခြင်း​သို့ ရောက်​ကြလိမ့်မည်။ အမျက်တော်​သည် ချက်ချင်း​ထွက်​လိမ့်​မည်။” (ဆာလံ ၂:၁၂က) စကြဝဠာ​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​သည် အမိန့်ထုတ်​ပြန်​သည့်​အခါ ယင်းကို နာခံ​သင့်​သည်။ ဘုရားသခင်​သည် သားတော်ကို နန်းတင်​ချိန်​တွင် လောက​ရှင်ဘုရင်​တို့သည် ‘အချည်းနှီး ကြံစည်ခြင်း​အမှုကို’ ရပ်ဆိုင်း​လိုက်​သင့်​သည်။ ဘုရင်​မင်းမြတ်​ကို သူတို့​ချက်ချင်း​အသိအမှတ်​ပြုပြီး အပြည့်အဝ​နာခံမှု​ပြ​သင့်​သည်။

၂၁ “သားတော်ကို” အဘယ်ကြောင့် “နမ်း” သင့်​သနည်း။ ဤ​ဆာလံကျမ်း​ကို ရေးစပ်​သီကုံး​ချိန်​တွင် တစ်ဦး​ကိုတစ်​ဦး​နမ်း​ခြင်း​သည် ခင်မင်​ရင်းနှီးမှု​တင်ပြခြင်း​ဖြစ်​ပြီး အိမ်​သို့​ရောက်လာ​သော ဧည့်သည်​များ​ကို ဧည့်ဝတ်​ပျူ​ငှာ​စွာ ကြိုဆို​ရန် ယင်း​သို့​ပြု​လေ့​ရှိကြသည်။ နမ်း​ခြင်း​သည် တစ်ဦး​အပေါ် တည်ကြည်မှု​ကိုလည်း တင်ပြ​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၀:၁) ဆာလံ​အခန်းကြီး​နှစ်​၏ ဤ​အခန်းငယ်​တွင် ဘုရားသခင်​သည် မိမိ၏​သားတော်ကို ဘိသိက်ခံ​ဘုရင်​အဖြစ် နမ်း​ရန်၊ သို့​မဟုတ် ကြိုဆို​ကြ​ရန် လူမျိုး​တို့ကို အမိန့်ပေး​တော်​မူ​၏။

၂၂။ လူမျိုး​တို့၏ အုပ်စိုးရှင်​များသည် အဘယ်​သတိပေး​ချက်​ကို လိုက်နာသင့်​သနည်း။

၂၂ ဘုရားသခင်​ရွေးချယ်​ထားသော ဘုရင်​၏ အခွင့်အာဏာကို အသိအမှတ်​မပြု​လို​သူများ​သည် ယေဟောဝါ​အား မထီမဲ့မြင်​ပြုကြသည်။ ကိုယ်တော်​၏ စကြဝဠာ ပိုင်သ​အုပ်စိုးမှု​နှင့် လူအပေါင်း​အတွက် အကောင်းဆုံး​အုပ်စိုးရှင်​ကို ကိုယ်တော်​ရွေးချယ်​ရန် အခွင့်အာဏာ​နှင့် အရည်အချင်း​ရှိကြောင်းကိုလည်း အသိအမှတ်​မပြု​ကြ​ပါ။ လောက​အုပ်စိုးရှင်​များသည် မိမိတို့၏​အကြံအစည်​များ အောင်မြင်​ရန် ကြိုးစား​နေချိန်​တွင် ဘုရားသခင်​၏ အမျက်​ဒေါသ သူတို့​အပေါ်​သို့ ရုတ်တရက်​ကျရောက်​မည်​ကို တွေ့ရ​ကြလိမ့်မည်။ ကိုယ်တော်​၏ “အမျက်တော်​သည် ချက်ချင်း​ထွက်​လိမ့်​မည်၊” အမျက်​ဒေါသ​မီး​သည် အလျင်အမြန် သက်ရောက်​လိမ့်​မည်။ လူမျိုးအပေါင်း​၏ အုပ်စိုးရှင်​များသည် ဤ​သတိပေး​ချက်​ကို ကျေးဇူး​တင်​လေးမြတ်​စွာ​လက်ခံ​ပြီး ယင်း​နှင့်​အညီ ပြုမူ​ကျင့်ကြံ​သင့်​ကြသည်။ ယင်း​သို့​ပြုခြင်း​သည် အသက်ရှင်ခြင်း​အကြောင်း​ဖြစ်၏။

၂၃။ တစ်ဦးစီ​အနေ​နှင့် အဘယ်အရာ​ပြုလုပ်​ရန် အချိန်​ရှိသေး​သနည်း။

၂၃ အလွန်​ထူးခြားသော ဤ​ဆာလံ​သည် ဤသို့​နိဂုံး​ချုပ်​၏– “ကိုယ်တော် [ယေဟောဝါ] ၌ ခိုလှုံ​သော​သူအပေါင်း​တို့သည် မင်္ဂလာ​ရှိကြ​၏။” (ဆာလံ ၂:၁၂ခသမ္မာ) လုံခြုံမှု​ရရှိရန် တစ်ဦးစီ​အတွက် အချိန်​ရှိပါ​သေး​သည်။ လူမျိုး​တို့၏​အကြံအစည်​များ​ကို ထောက်ခံ​အားပေးခဲ့​သူ အုပ်စိုးရှင်​တစ်ဦးစီ​အတွက်​ပင် ပြောင်းလဲ​ရန် အချိန်​ရှိပါ​သေး​သည်။ ဘုရားသခင့်​နိုင်ငံတော် အုပ်ချုပ်မှု​အောက်တွင် လုံခြုံမှု​ရရှိစေ​တော်​မူ​သော ယေဟောဝါ​ထံ သူတို့​ပြေးဝင်​ခိုလှုံ​နိုင်​ကြသည်။ သို့သော် အတိုက်အခံပြု​သော​လူမျိုး​တို့ကို မေရှိယနိုင်ငံတော် မဖျက်ဆီး​မီ ယင်း​သို့​ပြုလုပ်​ကြ​ရမည်​ဖြစ်သည်။

၂၄။ ခဲယဉ်း​ဆိုးယုတ်​သော ဤ​လောကတွင်​ပင် ပို​၍​ကျေနပ်မှု​ရှိသော ဘဝ​အသက်တာကို မည်သို့​ရရှိနိုင်​သနည်း။

၂၄ ဆင်းရဲ​ခက်ခဲ​သည့် ဤ​လောကတွင်​ပင် သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့ လုံ့လ​စိုက်ထုတ် လေ့လာ​မည်၊ ယင်း​၏​အမှာစကား​ကို လက်တွေ့​ကျင့်သုံး​မည်​ဆိုလျှင် ပို​၍​ကျေနပ်မှု​ရှိသော ဘဝ​အသက်တာ ရရှိနိုင်​ပါ​သည်။ ကျမ်းစာ​ဆုံးမ​စကား​ကို ကျင့်သုံး​ခြင်း​ဖြင့် မိသားစု​ဆက်ဆံ​ရေး ပို​ကောင်း​လာပြီး လောက​၏ စိုးရိမ်​ပူပန်မှု​များ ကင်းဝေး​မည်။ ကျမ်းစာ​လမ်းညွှန်ချက်များ​ကို လိုက်လျှောက်ခြင်း​ဖြင့် ဖန်ဆင်း​ရှင်​စိတ်တော်နှင့်​တွေ့​ကြောင်း သိခြင်းက အားရ​ကျေနပ်မှု​ရှိစေသည်။ စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​တစ်ပါး​တည်း​က​သာ ‘ယခု​အသက်တာ’ နှင့် ဘုရားသခင့်​နိုင်ငံတော် အုပ်ချုပ်မှု​ကို ငြင်းပယ်​ခြင်း​ဖြင့် မှန်ရာကို​ဆန့်ကျင်သူ​များ​အား မြေကြီးပေါ်​မှ ဖယ်ရှား​ပြီး​နောက်​ရရှိ​မည့် ‘အနာဂတ်​အသက်တာ’ အတွက် အာမခံ​နိုင်​သည်။—၁ တိမောသေ ၄:၈က​ဘ။

၂၅။ “ယေဟောဝါ​၏ အမိန့်တော်” ပျက်ကွက်​မည်​မဟုတ်သောကြောင့် ကျွန်ုပ်​တို့​အချိန်ကာလ​တွင် အဘယ်အရာ​ဖြစ်လာ​မည်​ကို မျှော်လင့်​နိုင်​သနည်း။

၂၅ “ယေဟောဝါ​၏ အမိန့်တော်” ပျက်ကွက်​မည်​မဟုတ်ပါ။ ကျွန်ုပ်​တို့၏ ဖန်ဆင်း​ရှင်​ဖြစ်သော​ကြောင့် ဘုရားသခင်​သည် လူသားတို့​အတွက် အဘယ်အရာ အကောင်းဆုံး​ဖြစ်သည်​ကို သိရှိ​တော်​မူ​ပြီး ချစ်​မြတ်နိုး​တော်​မူ​သော သားတော်​၏​နိုင်ငံတော်​အောက်တွင် နာခံမှု​ရှိသော​လူသား​တို့ကို ငြိမ်သက်မှု၊ ကျေနပ်​ရောင့်ရဲမှု၊ တည်မြဲသော​လုံခြုံမှု​တို့ ရရှိစေ​ခြင်း​အားဖြင့် ကောင်းချီး​ပေး​ရန် ကိုယ်တော်​၏​ရည်ရွယ်ချက်ကို အကောင်အထည်ဖော်​လိမ့်​မည်။ ကျွန်ုပ်​တို့၏ အချိန်ကာလ​နှင့်​ပတ်သက်​၍ ပရောဖက်​ဒံယေလ​က ဤသို့​ရေးသားခဲ့​၏– “ပျက်စီးခြင်း​သို့​မ​ရောက်​နိုင်သော နိုင်ငံ​တစ်ခု​ကို ထို​မင်းကြီး​များ​လက်ထက်​၌ ကောင်းကင်ဘုံ​ရှင်​ဘုရားသခင်​သည် တည်ထောင်​စေတော်မူ​မည်။ ထို​နိုင်ငံ​သည် . . . အထက်​ဆို​ခဲ့​ပြီး​သော​နိုင်ငံ​ရှိသမျှ​တို့ကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။” (ဒံယေလ ၂:၄၄၊ ၄၅) သို့​ဖြစ်၍ “သားတော်ကို​နမ်း​ကြ” ရန်​နှင့် ပိုင်သ​အုပ်စိုးရှင်၊ ယေဟောဝါ​၏ အမှုတော်ကို​ထမ်း​ကြ​ရန် အချိန်​ကား ယခု​ပင်​ဖြစ်သည်!

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 အစပိုင်း​တွင် ဘုရင်​ဒါဝိဒ်​သည် “ဘိသိက်ခံသူ” ဖြစ်​ခဲ့​ပြီး သူ့ကို အလုံးအရင်း​နှင့် ဆန့်ကျင်​တိုက်ခိုက်​ခဲ့​ကြသော ဖိလိတ္တိ​အုပ်စိုးရှင်​များသည် ‘လောက​ရှင်ဘုရင်​တို့’ ဖြစ်သည်။

^ အပိုဒ်၊ 7 ဆာလံ​နှစ်​တွင် ဖော်ပြ​ထားသော ဘုရားသခင်​၏​ဘိသိက်ခံ​သည် ယေရှု​ဖြစ်​ကြောင်း ခရစ်ယာန်​ဂရိ​ကျမ်း​မှ အခြား​ကျမ်းချက်​များလည်း ဖော်ပြ​သည်။ ဆာလံ ၂:၇ ကို တမန်​တော် ၁၃:၃၂၊ ၃၃; ဟေဗြဲ ၁:၅; ၅:၅ တို့​နှင့် နှိုင်းယှဉ်​ကြည့်​ရာ​တွင် အထင်အရှား​တွေ့ရ​သည်။ ဆာလံ ၂:၉ ကို ဗျာ. ၂:၂၇ နှင့်​လည်း နှိုင်းယှဉ်​ကြည့်​ပါ။

သင်​မည်သို့​ဖြေဆို​မည်​နည်း

လူစု​တို့သည် အဘယ် ‘အချည်းနှီး​သော​အရာ​ကို ကြံစည်​ကြ’သနည်း။

ယေဟောဝါ​သည် လူမျိုး​တို့ကို အဘယ်ကြောင့် ပြက်ရယ်ပြု​သနည်း။

လူမျိုး​တို့​နှင့်​ပတ်သက်သော ဘုရားသခင်​၏​အမိန့်တော်​ကား အဘယ်နည်း။

“သားတော်ကို​နမ်း​ကြ” ဟူသည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဒါဝိဒ်​သည် အောင်ပွဲခံ မေရှိယ​ဘုရင်​အကြောင်း သီကုံး​စပ်ဆို​ခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အုပ်စိုးရှင်​များနှင့် ဣသရေလလူ​တို့သည် ယေရှု​ခရစ်​ကို​ဆန့်ကျင်ဘက်​ပြု​ရန် ပူးပေါင်း​ကြံစည်​ခဲ့​ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခရစ်တော်​သည် ကောင်းကင်​ဇိအုန်​တောင်​တွင် ဘုရင်​အဖြစ် နန်းတင်​ခံ​ခဲ့​ရပြီ