မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ဖန်ဆင်းရှင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များ အသုံးပြုလော့

သင့်ဖန်ဆင်းရှင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များ အသုံးပြုလော့

သင့်​ဖန်ဆင်း​ရှင်​၏​ဘုန်းတော်​ကို ထင်ရှား​စေရန် ဝိညာဉ်​ရေး​ပန်းတိုင်​များ အသုံးပြု​လော့

“လူတစ်ယောက်​သည် အဘယ်​ဆိပ်ကမ်း​သို့ ဦးတည်​နေကြောင်း မသိသော​အခါ မည်သည့်​လေကြောင်း​မျှ မတည့်​ချေ။” ပထမ​ရာစု ရောမ​ဒဿနိက​ပညာရှင်​၏​စကား​ဟု ယူမှတ်​ကြသော ဤ​စကား​များ​က လူ့​အသက်တာတွင် ဦးတည်ချက်​ရှိ​ရန် ပန်းတိုင်​များ​ရှိဖို့လို​သည်​ဟူ​သည့် အမှန်တရားကို ဖော်ပြ​၏။

သမ္မာကျမ်းစာ​က ပန်းတိုင်​ထားခဲ့​ကြ​သူများ​၏ ပုံ​နမူနာ​များ​ကို ဖော်ပြ​သည်။ နောဧ​သည် “မိမိ​အိမ်သူအိမ်သား​တို့ကို ကယ်တင်ခြင်း​ငှာ” နှစ်ပေါင်း ၅၀ ခန့် ကြိုးစား​အားထုတ်​၍ ‘သင်္ဘော​ကို တည်ဆောက်​ခဲ့​သည်။’ ပရောဖက်​မောရှေ​သည် “နောက်​ရ​လတ္တံ့​သော​အကျိုးကို ထောက်စာ​မျှော်လင့်[ခဲ့]၏။” (ဟေဗြဲ ၁၁:၇၊ ၂၆) မောရှေ၏​အရာ​ကို​ဆက်ခံသူ ယောရှု​သည် ခါ​နာ​န်​ပြည်​ကို အနိုင်ယူ​သိမ်းပိုက်​ရမည်​ဟူသော ဘုရားသခင်​ပေး​ပန်းတိုင် ထားခဲ့​သည်။—တရားဟောရာ ၃:၂၁၊ ၂၂၊ ၂၈; ယောရှု ၁၂:၇-၂၄

စီ.အီး. ပထမ​ရာစု​တွင် တမန်​တော်​ပေါလု​၏ ဝိညာဉ်​ရေး​ပန်းတိုင်​များ​အပေါ် ‘ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လောက​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်’ ဟူသော ယေရှု၏​စကား​သည် များစွာ​သြဇာညောင်း​ခဲ့​ကြောင်း ထင်ရှား​သည်။ (မဿဲ ၂၄:၁၄) ‘တစ်ပါး​အမျိုးသား​တို့​ထံ ယေရှု၏​နာမကို ပို့ဆောင်​ရမည့်’ တာဝန်ရ​ရှိသည့်​အပြင် သခင်​ယေရှု ကိုယ်တော်တိုင်​၏​စကား​ကို​ကြား​ခဲ့​ပြီး အဆင်းအာရုံ​တို့ကို ရခဲ့​သောကြောင့် ပေါလု​သည် အာရှမိုင်းနား​နှင့် ဥရောပ​အထိ ခရစ်ယာန်​အသင်းတော်များ တည်ထောင်​ခွင့်​ရရှိခဲ့သည်။—တမန်​တော် ၉:၁၅; ကောလောသဲ ၁:၂၂၊ ၂၃

မှန်ပါသည်၊ သမိုင်း​တစ်လျှောက်​ရှိ ယေဟောဝါ​၏​ကျေးကျွန်​များသည် ဘုရားသခင်​၏​ဘုန်းတော် ထင်ရှား​စေရန် မြင့်မြတ်​သည့်​ပန်းတိုင်​များ ချထား​ခဲ့​ကြ​ပြီး ယင်း​တို့ကို မီနိုင်​ခဲ့​ကြ​၏။ ယနေ့ ကျွန်ုပ်​တို့သည် အဘယ်​ဝိညာဉ်​ရေး​ပန်းတိုင်​များ ထား​နိုင်​သနည်း။ အဘယ်​ပန်းတိုင်​များ​ကို မီအောင်လိုက်​ရန် ကြိုးစား​နိုင်​သနည်း၊ ပန်းတိုင်​ရောက်​ဖို့ လက်တွေ့​ပြုလုပ်​နိုင်သော အဘယ်နည်း​လမ်းများ​ရှိ​သနည်း။

ရည်ရွယ်ချက်​မှန်​ရန် အရေးကြီး

ဘဝ​အသက်တာ​၏ မည်သည့်​ကဏ္ဍ​တွင်​မဆို ပန်းတိုင်​များ​ချထား​နိုင်​ပြီး ဤ​လောကတွင် ပန်းတိုင်​များ​ထား​ကြ​သူ များစွာ​ရှိသည်။ သို့သော် သီအိုကရက်တစ်​ပန်းတိုင်​များသည် လောက​ပန်းတိုင်​များနှင့်​မတူ​ပါ။ လောက​ပန်းတိုင်​များ နောက်ကွယ်​ရှိ အခြေခံ​ရည်ရွယ်ချက်မှာ ကြီးပွား​ချမ်းသာ​လို​သော​ဆန္ဒ​နှင့် ရာထူး​ရာ​ခံ၊ အခွင့်အာဏာ​ရ​ရန်​တို့​ဖြစ်သည်။ အခွင့်အာဏာ​ရ​ရန်၊ ထင်ပေါ်​ကျော်ကြား​ရန် ပန်းတိုင်​ကို​မီအောင်လိုက်​ခြင်း​သည် အလွန်​မှား​သည်! ယေဟောဝါ​ဘုရားသခင်​၏ ဘုန်းထင်ရှား​စေသော ပန်းတိုင်​များသည် ကိုယ်တော်​အား ဝတ်ပြု​ကိုးကွယ်​မှု​အပြင် ဘုရားသခင့်​နိုင်ငံတော် အကျိုး​စီးပွား​တို့​နှင့် တိုက်ရိုက်​ဆက်နွှယ်​သည်။ (မဿဲ ၆:၃၃) ထိုသို့​သော​ပန်းတိုင်​များသည် ဘုရားသခင်​နှင့် လူသားချင်း​တို့ကို ချစ်​မြတ်နိုးခြင်း​အပေါ်​အခြေ​ပြုပြီး ယင်း​၏​ရည်မှန်းချက်​မှာ ဘုရားသခင်​ဝတ်၌ မွေ့လျော်ခြင်း​ဖြစ်သည်။—မဿဲ ၂၂:၃၇-၃၉; ၁ တိမောသေ ၄:၇

လုပ်ငန်းတော်​အခွင့်အရေး​များ တိုးချဲ့​ရန်၊ သို့​မဟုတ် ဝိညာဉ်​ရေး​တိုးတက်​ရန် ဝိညာဉ်​ရေး​ပန်းတိုင်​များ ချထား​ပြီး မီအောင်လိုက်​ကြ​ရာ​တွင် ကျွန်ုပ်​တို့၏ ရည်ရွယ်ချက်များ မွန်မြတ်​ပါ​လေ​စေ။ သို့သော် ရည်ရွယ်ချက်​မှန်ကန်သော ပန်းတိုင်​များ​ကို​ပင်​လျှင် တစ်ခါတစ်ရံ မမီ​နိုင်​ကြ​ချေ။ ကျွန်ုပ်​တို့သည် ပန်းတိုင်​များ မည်သို့​ချ​ပြီး ပန်းတိုင်​မီ​ရန် မည်သို့​ကြိုးစား​နိုင်​ကြ​သနည်း။

ပြင်းပြ​သည့်​ဆန္ဒ ရှိ​ရမည်

ယေဟောဝါ​သည် စကြဝဠာ​ကို မည်သို့​ပြီး​အောင်​ဖန်ဆင်း​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။ ဖန်ဆင်း​ရာ ဆက်တိုက်​အချိန်ပိုင်း​များ​ကို “ည​ဦး​နှင့်​နံနက်” ဟူသော​စကား​များ​ဖြင့် ယေဟောဝါ​ဖော်ပြ​တော်​မူ​၏။ (ကမ္ဘာဦး ၁:၅၊ ၈၊ ၁၃၊ ၁၉၊ ၂၃၊ ၃၁) ဖန်ဆင်း​ရာ​အချိန်ပိုင်း​တစ်ခုစီ စတင်​သည့်​အခါ ထို​နေ့​အတွက်​ပန်းတိုင်၊ သို့​မဟုတ် ရည်ရွယ်ချက်ကို ကိုယ်တော်​ကောင်းစွာ​သိတော်မူ၏။ ထို့နောက် ဘုရားသခင်​သည် ခပ်သိမ်း​သော​အရာ​တို့ ဖန်ဆင်း​ရသည့်​ရည်ရွယ်ချက်ကို အပြီး​လုပ်ဆောင်ခဲ့​သည်။ (ဗျာ. ၄:၁၁) “[ယေဟောဝါ] အလိုတော်​ရှိသည်​အတိုင်း ပြု​တော်​မူ​လိမ့်​မည်” ဟု​ရှေး​ဘိုးဘေး​ယောဘ​က ပြော​ခဲ့​သည်။ (ယောဘ ၂၃:၁၃) ယေဟောဝါ​သည် “ဖန်ဆင်း​သမျှ​သော​အရာ​တို့” ကို တွေ့မြင်​သည့်​အခါ အလွန်​ကျေနပ်​အားရ​၍ “အလွန်​ကောင်း​သည်” ဟု ကြေညာ​ခဲ့​ခြင်း​ဖြစ်​မည်!—ကမ္ဘာဦး ၁:၃၁

ကျွန်ုပ်​တို့​လည်း ပန်းတိုင်​မီ​ရန် ပန်းတိုင်​ရောက်​ရမည်​ဟူ​သည့် ပြင်းပြ​သော​ဆန္ဒရှိ​ရမည်။ အဘယ်အရာက ထိုသို့​သော ပြင်းပြ​သည့်​စိတ်ဆန္ဒ ရှိစေ​နိုင်​မည်​နည်း။ မြေကြီး​သည် အဆင်းသဏ္ဌာန်​မရှိ၊ လွတ်လပ်​လ​ဟာ​ဖြစ်နေ​စဉ်​ပင် ယေဟောဝါ​သည် အပြီးသတ်​ရလဒ်​ဖြစ်သည့် ကိုယ်တော့်​ဘုန်းထင်ရှား​၍ ဂုဏ်တင်​မည့် စကြဝဠာ​တွင် အလွန်​လှပသော​ရတနာ​တစ်ခု ဖြစ်လာ​လိမ့်​မည်​ကို ကိုယ်တော် ကြိုမြင်​နိုင်​တော်​မူ​၏။ အလားတူ​ပင် ကျွန်ုပ်​တို့​ပန်းတိုင်​ရောက်​သည့်​အခါ မည်သို့​ဖြစ်လာ​မည်၊ အဘယ်​အကျိုးများ​ရှိ​မည်​ကို ဆင်ခြင်​တွေးတောခြင်း​အားဖြင့် ကျွန်ုပ်​တို့​ချမှတ်​ထားသော​ပန်းတိုင်​သို့ ရောက်​လို​သော​ဆန္ဒ​ကို ပြုစု​ပျိုးထောင်​နိုင်​သည်။ အသက် ၁၉ နှစ်အရွယ် တိုနီ​သည် ယင်း​သို့​ပြုလုပ်​ခဲ့​သည်။ ဥရောပ​အနောက်ပိုင်း​ရှိ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​တစ်ခု​သို့ လည်ပတ်​စဉ်​က သူ့​စိတ်ထဲ​စွဲမှတ်​ခဲ့​ရာ​ကို သူ​တစ်ခါမျှ မမေ့​ပါ။ ထို​အချိန်​မှ​စ၍ တိုနီ​၏​စိတ်ထဲ​တွင် ဤ​မေးခွန်း ရှိနေ​ခဲ့​သည်– ‘ဒီလို​နေရာ​မျိုးမှာ​နေပြီး အမှုဆောင်မယ်​ဆိုရင် ဘယ်လို​နေ​မလဲ။’ တိုနီ​သည် ဖြစ်လာ​နိုင်ရာ​ကို အမြဲ​စိတ်​စွဲလမ်း​ပြီး သူ့​ပန်းတိုင်​ရောက်​အောင် ဆက်​ကြိုးစား​ခဲ့​သည်။ နှစ်​အတန်ကြာ​ပြီး​နောက် ဌာနခွဲ​တွင်​အမှုဆောင်ရန် သူ၏​လျှောက်လွှာ​ကို လက်ခံ​လိုက်​သည့်​အခါ သူ​အလွန်​ပျော်ရွှင်​ခဲ့​သည်!

ပန်းတိုင်​မီ​သူများ​နှင့် ပေါင်းသင်း​ခြင်း​သည်လည်း ပန်းတိုင်​ရောက်​လို​သော ကျွန်ုပ်​တို့၏​ဆန္ဒ​ကို တိုးမြှင့်​ပေး​နိုင်​သည်။ အသက် ၃၀ အရွယ်​ရှိ ဂျေ​ဆင်​သည် ဆယ်ကျော်သက်​အရွယ်​တွင် လယ်ကွင်း​ဓမ္မ​အမှု၌ ပါဝင်​ရသည်ကို မနှစ်သက်​ခဲ့​ပါ။ သို့သော် အထက်တန်း​ကျောင်း​ပြီးသွား​သည့်​အခါ ရှေ့ဆောင်​လုပ်ငန်း​တွင် စိတ်​ထက်သန်​စွာ ပါဝင်​လာ​ခဲ့​ပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်းကို အချိန်ပြည့်​ကြွေးကြော်​သူ​တစ်ဦး ဖြစ်လာ​လေ​သည်။ အဘယ်အရာက ဂျေ​ဆင်​အား ရှေ့ဆောင်​လုပ်​လို​စိတ် ရှိစေခဲ့​သနည်း။ သူ​ဤသို့​ပြောပြ​၏– “ရှေ့ဆောင်​လုပ်နေတဲ့​သူတွေနဲ့ စကားစမြည်​ပြော​ပြီး သူတို့နဲ့အတူ​အမှုဆောင်ခဲ့တာ ကျွန်တော့်​အတွက် တကယ်​အားပေးမှု​ဖြစ်​ခဲ့​တယ်။”

ကျွန်ုပ်​တို့၏​ပန်းတိုင်​များ​ကို ချရေး​ခြင်း​က အကူအညီ​ဖြစ်​နိုင်

သဲသဲကွဲကွဲ​မရှိ​သေး​သော အကြံအစည်​တစ်ခု​ကို စကားလုံး​ဖော် တင်ပြ​ပြောဆိုခြင်း​သည် ရှင်းရှင်းလင်းလင်း အကောင်အထည်​ပေါ်​စေ​သည်။ ရှောလမုန်က သင့်တော်​လျောက်ပတ်​သော​စကားလုံး​များသည် တုတ်ချွန်​ကဲ့သို့ အစွမ်း​ရှိ​နိုင်​ပြီး အသက်တာကို လမ်းညွှန်​ပေး​နိုင်၏​ဟု သတိပြု​စေ​သည်။ (ဒေ. ၁၂:၁၁) ထိုစကား​လုံး​များ​ကို ရေးချ​သည့်​အခါ စိတ်နှလုံး​ထဲ နက်ရှိုင်း​စွာ​စွဲ​နေ​စေ​သည်။ ယင်းကြောင့်​သာ ယေဟောဝါ​သည် ဣသရေလ​ဘုရင်​များ​အား ပညတ္တိကျမ်း​စာ​ကို ကိုယ်တိုင်​ကူးရေး​ကြ​ရန် မိန့်မှာ​ခဲ့​ခြင်း​ဖြစ်သည်။ (တရားဟောရာ ၁၇:၁၈-၂၀) ထို့​ကြောင့် ကျွန်ုပ်​တို့၏​ပန်းတိုင်​များ၊ ယင်း​တို့ကို မီ​စေ​မည့် အစီအစဉ်များ၊ ဖြစ်ပေါ်​နိုင်သော အတားအဆီး​များနှင့် ယင်း​တို့ကို ကျော်လွှား​နိုင်​ပုံ​များ​ပါ ရေးမှတ်​ထား​နိုင်​သည်။ ကျွန်ုပ်​တို့​ဆည်းပူး​ရမည့်​ပညာရပ်​များ၊ ကျွမ်းကျင်​ရမည့်​အတတ်​များ၊ ကျွန်ုပ်​တို့အား ထောက်မ​ကူညီ​ပေး​နိုင်​သူများကို​ပါ သိထား​လျှင် ကောင်း​ပေမည်။

အာရှနိုင်ငံ​တစ်နိုင်ငံ​ရှိ သီးခြား​ရပ်ကွက်​တစ်ခု​တွင် နှစ်​ရှည်​လ​များ အထူး​ရှေ့ဆောင်​တစ်ဦး​အဖြစ် အမှုဆောင်​နေ​သူ ဂျက်ဖရီ​သည် ဝိညာဉ်​ရေး​ပန်းတိုင်​များ​ထားခြင်း​ဖြင့် စိတ်​တည်ငြိမ်​စေသည့်​အကျိုးကို ခံစားရ​၏။ မမျှော်လင့်​ဘဲ သူ၏​ဇနီး ကွယ်လွန်​သွား​သည့်​အခါ ဝမ်းနည်းပူဆွေး​စ​ရာ​ဖြစ်​ခဲ့​သည်။ ထို​အခါ အနည်းငယ်​ပြုပြင်​ပြောင်းလဲမှု​များ ပြုလုပ်​ပြီး​နောက် ဂျက်ဖရီ​သည် ပန်းတိုင်​များ​ထားပြီး သူ၏​ရှေ့ဆောင်​ဓမ္မ​အမှု​တွင် အပြည့်အဝ​အာရုံစိုက် လုပ်ဆောင်ရန် စိတ်​ဆုံးဖြတ်​လေ​သည်။ သူ၏​အစီအစဉ်များ​ကို စာရွက်​ပေါ်​ချရေး​ပြီး လ​ကုန်​လျှင် ကျမ်းစာ​သင်အံမှု​အသစ် သုံးခု​စ​နိုင်​ရန် ဆုတောင်း​ကာ ပန်းတိုင်​ထားခဲ့​သည်။ သူ၏​လုပ်ဆောင်မှုကို နေ့စဉ် ပြန်​သုံးသပ်​ပြီး ဆယ်ရက်​ကြာပြီး​တိုင်း သူ့​တိုးတက်မှု​ကို စစ်ဆေး​ခဲ့​သည်။ သူ ပန်းတိုင်​မီ​ခဲ့​သလော။ ကျမ်းစာ​သင်အံမှု အသစ်​လေးခု​မှတ်တမ်းသွင်း​နိုင်​ခဲ့​သဖြင့် ရွှင်လန်း​အားရ​စွာ ပန်းတိုင်​မီ​သည်​ဟု ဖြေဆို​နိုင်​ခဲ့​သည်!

မှတ်တိုင်များ​အဖြစ် တာ​တို​ပန်းတိုင်​များ ချမှတ်​ပါ

ပန်းတိုင်​အချို့​သည် အစပိုင်း​တွင် အလွန်​ခက်ခဲ​ပုံ​ပေါက်​နိုင်​သည်။ အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သော တိုနီ​သည် ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​တွင်​အမှုဆောင်ရန်​မှာ သူ့​အတွက် မဖြစ်​နိုင်​သည့်​အရာတစ်ခု ဖြစ်​ခဲ့​သည်။ အကြောင်း​မှာ သူ၏​ဘဝ​ပုံစံ​သည် ထင်ရာစိုင်း​ပုံစံ​ဖြစ်​ပြီး ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံခြင်း​ပင် မပြုရ​သေး​ပါ။ သို့သော် တိုနီ​သည် ယေဟောဝါ​၏​နည်းလမ်းများ​နှင့်​အညီ နေထိုင်ရန် ဆုံးဖြတ်ပြီး နှစ်ခြင်း​ခံရန် လိုအပ်သော​အရည်အချင်းများ​ရှိဖို့ ပန်းတိုင်​ထားခဲ့​သည်။ ထို​ပန်းတိုင်​ပြည့်မီ​ပြီး​နောက် အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင်​လုပ်ရန် ပန်းတိုင်​ချ​ခဲ့​ပြီး စတင်​လုပ်ဆောင်​မည့်​ရက်​များ​ကို သူ၏​ပြက္ခဒိန်​တွင် ရေးမှတ်​ခဲ့​သည်။ အချိန်​အတန်ကြာ ရှေ့ဆောင်​လုပ်ပြီးနောက် ဌာနခွဲရုံး​တွင်​အမှုဆောင်ခြင်းကို မဖြစ်​နိုင်​သည့် ပန်းတိုင်​တစ်ခု​အဖြစ် မယူမှတ်​တော့​ပါ။

ကျွန်ုပ်​တို့​လည်း ရေရှည်​ပန်းတိုင်​များ​ကို ရေ​တို​ပန်းတိုင်​များ​အဖြစ် အပိုင်း​ခွဲ​လိုက်​သင့်​သည်။ ရေ​တို​ပန်းတိုင်​များသည် ရေရှည်​ပန်းတိုင်​တစ်ခု​ကို လိုက်မီ​ဖို့​ကြိုးစား​နေသည့် လမ်းကြောင်း​ပေါ်​မှ လက်လှမ်းမီ​နိုင်​သည့် မှတ်တိုင်များ​ဖြစ်​နိုင်​သည်။ ဤ​မှတ်တိုင်များ​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​တိုးတက်မှု​ကို မှန်မှန်​ဆန်းစစ်ခြင်း​က ပန်းတိုင်​ကို အာရုံ​စူးစိုက်​စေ​သည်။ ယေဟောဝါ​ထံ​ဆုတောင်းချိန်​တွင် ကျွန်ုပ်​တို့၏ အကြံအစည်​များ​ကို ထပ်ခါထပ်ခါ​ထည့်​တောင်းခြင်း​က​လည်း ထို​လမ်းစဉ်​ပေါ် ဆက်​ရှိနေ​စေ​သည်။ တမန်​တော်​ပေါလု​က “မခြားမလပ်​ဆုတောင်း” ပါ​ဟု​တိုက်တွန်း​ခဲ့​သည်။—၁ သက်သာလောနိတ် ၅:၁၇

စိတ်ပိုင်းဖြတ်​ထားခြင်း​နှင့် မဆုတ်မနစ်​ဇွဲရှိ​ရန်လို​အပ်

အသေအချာ​စီစဉ်​ထားပြီး ထို​အစီအစဉ်​အတိုင်း ပြုလုပ်​လို​စိတ် ပြင်းပြ​သည့်​တိုင် ပန်းတိုင်​အချို့​ကို မမီ​နိုင်​ကြ​ပါ။ တပည့်​တစ်ဦး​ဖြစ်သူ ယောဟန်​မာကု​သည် တမန်​တော်​ပေါလု​၏ ဒုတိယ​ခရစ်ယာန်​သာသနာပြု ခရီးစဉ်​တွင် သူ့​အား မလိုက်​စေ​လို​သောကြောင့် အလွန်​စိတ်ဓာတ်ကျ​ခဲ့​ပေမည်! (တမန်​တော် ၁၅:၃၇-၄၀) မာကု​သည် ထို​စိတ်ပျက်​စ​ရာ​အဖြစ်အပျက်​မှ သင်ခန်းစာ​ယူပြီး သူ၏​လုပ်ငန်းတော်​ကို တိုးချဲ့​ရန် သူ့​ပန်းတိုင်​ကို ပြုပြင်​ခဲ့​ရ​ပေမည်။ ထိုသို့ ပြုပြင်​ခဲ့​ကြောင်း ထင်ရှား​သည်။ နောက်ပိုင်း​တွင် မာကု​သည် ပေါလု​၏​ချီးမွမ်းမှု​ခံ​ခဲ့​ရပြီး ဗာဗုလုန်​၌ တမန်​တော်​ပေတရု​နှင့်​လည်း ရင်းနှီး​စွာ​ပေါင်းသင်း​ခဲ့​သည်။ (၂ တိမောသေ ၄:၁၁; ၁ ပေတရု ၅:၁၃) သူ၏​လုပ်ဆောင်မှုများ​တွင် အကြီးမြတ်ဆုံး​အခွင့်ထူး​မှာ ယေရှု၏​ဘဝ​နှင့် ဓမ္မ​အမှု​အကြောင်း မှုတ်သွင်းခံ​မှတ်တမ်း​တစ်စောင် ရေးသား​ခွင့်​ရခြင်း​ဖြစ်​မည်။

ဝိညာဉ်​ရေး​ပန်းတိုင်​များ​ကို ကျွန်ုပ်​တို့​မီအောင်လိုက်​ရာ​တွင် စိတ်ဓာတ်ကျ​စ​ရာ​များ ကြုံတွေ့​ရ​ပေမည်။ ထို​အခါ အရှုံးပေး​မည့်​အစား ပြန်လည်​သုံးသပ်၊ ဝေဖန်​ပြီး ပြုပြင်​ပြောင်းလဲ​ရမည်။ အတားအဆီး​များ​ကြုံ​ရသည့်​အခါ စိတ်ပိုင်းဖြတ်​ထား​သည့်​အတိုင်း မဆုတ်မနစ်​ဇွဲ​ဖြင့် ကြိုးစား​ရန်လို​သည်။ “ကိုယ်​ပြုသော​အမှုတို့​ကို ထာဝရ​ဘုရား[သခင်]၌​အပ်​လော့။ သို့ပြုလျှင် သင်၏​အကြံအစည်​တို့သည် တည်​ကြလိမ့်မည်” ဟု​ပညာရှိ​ဘုရင် ရှောလမုန်က ကျွန်ုပ်​တို့ကို စိတ်ချ​စေ​၏။—သု. ၁၆:၃

သို့​တိုင်၊ တစ်ခါတစ်ရံ အခြေအနေ​ကြောင့် ပန်းတိုင်​တချို့​ကို မမီ​နိုင်​ဘဲ​ဖြစ်​မည်။ ဥပမာ၊ ကျန်းမာ​ရေး​မကောင်းခြင်း၊ သို့​မဟုတ် မိသားစု​တာဝန်​ကြောင့် အချို့​ပန်းတိုင်​များ​ကို မမီ​နိုင်​ဘဲ​နေ​ပေမည်။ ကျွန်ုပ်​တို့​ရမည့် နောက်ဆုံး​ဆုကျေးဇူး​မှာ ကောင်းကင်၊ သို့​မဟုတ် မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်ရှင်ခြင်း​ဖြစ်​ကြောင်း ဘယ်တော့​မျှ မျက်ခြည်မပြတ်​ပါစေ​နှင့်။ (လုကာ ၂၃:၄၃; ဖိလိပ္ပိ ၃:၁၃၊ ၁၄) ယင်းကို မည်သို့​ရရှိနိုင်​ကြ​သနည်း။ “ဘုရားသခင်​၏ အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား . . . ထာဝရ​တည်​၏” ဟု​တမန်​တော်​ယောဟန် ရေးသားခဲ့​သည်။ (၁ ယောဟန် ၂:၁၇) ကျွန်ုပ်​တို့၏​အခြေအနေ​ကြောင့် ပန်းတိုင်​တစ်ခု​ကို မမီ​နိုင်​ဘဲ​ဖြစ်သော်လည်း ကျွန်ုပ်​တို့သည် “ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ပညတ်တော်​တို့ကို စောင့်ရှောက်” နိုင်​ကြ​ပါ​သည်။ (ဒေ. ၁၂:၁၃) ဝိညာဉ်​ရေး​ပန်းတိုင်​များ ချမှတ်​ထားခြင်း​က ဘုရားသခင့်​အလိုတော်​ဆောင်ခြင်း​ကို အာရုံ​စူးစိုက်​စေ​သည်။ ထို့​ကြောင့် ယင်း​ပန်းတိုင်​များ​ဖြင့် ဖန်ဆင်း​ရှင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​ကြ​စို့​လေ။

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]

ထည့်​စဉ်းစား​သင့်​သည့် ဝိညာဉ်​ရေး​ပန်းတိုင်​များ

○ သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှုခြင်း

○ ကင်းမျှော်စင် နှင့် နိုးလော့! စာစောင်​တိုင်း​ကို ဖတ်ရှုခြင်း

○ ကျွန်ုပ်​တို့၏ ဆုတောင်းချက်​အရည်အသွေးကို တိုးတက်​စေခြင်း

○ ဝိညာဉ်​အသီးသီးခြင်း

○ အမှုဆောင်​လုပ်ငန်း​တိုးချဲ့​ခြင်း

○ ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​တွင် ပို​ထိရောက်​မှု ရှိလာ​စေခြင်း

○ တယ်လီဖုန်း၊ အလွတ်သဘော​နှင့် စီးပွားရေး​ရပ်ကွက်​များ​တွင် အမှုဆောင်​သည့်​စွမ်းရည်​များ​ကို တိုးတက်​စေခြင်း