မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျိုးအရှိဆုံးအကြံဉာဏ်ကို ရှာတွေ့ခြင်း

အကျိုးအရှိဆုံးအကြံဉာဏ်ကို ရှာတွေ့ခြင်း

အကျိုး​အရှိဆုံး​အကြံဉာဏ်​ကို ရှာတွေ့​ခြင်း

အောင်မြင်​သော အသက်တာသည် အမှန်ပင်​နှစ်လိုဖွယ်​ဖြစ်၏။ အကြံဉာဏ်​ကောင်း​ရသည့်​အပြင် ၎င်းနှင့်​အညီ ကျင့်ကြံ​လို​သည့်​သဘောထား​ရှိ​ခြင်း​သည် ဤ​ရှုပ်ထွေး​သည့်​လောကကြီး​တွင် အောင်မြင်​သည့် အသက်တာ​ရရှိ​ရေး​အတွက် သော့ချက်​များ​ဖြစ်သည်။ သို့ရာတွင် လူအများသည် အကျိုးပြုသော​အကြံဉာဏ်​ကို လက်ခံလိုစိတ် အမြဲ​မရှိကြ​ပါ။ သူတို့​ပြောတတ်​ကြသည်​မှာ လူသည် မိမိ​စိတ်ကြိုက် နေထိုင်ခွင့်​ရ​သင့်​သည်​ဟူ၍​ဖြစ်သည်။ အမှန်​မှာ ဘုရားသခင့်​ပိုင်သ​အုပ်စိုးမှု​ကို ဦးဆုံး​ရန်ဘက်ပြု​သူ စာတန်​သည် ကနဦး​လူသားတို့အား လွတ်လပ်မှု​ကမ်း​လှမ်း​ခဲ့​ကြောင်း ကျမ်းစာ​မှတ်တမ်းက​ဖော်ပြ​သည်။ ကမ္ဘာဦး ၃:၅ တွင် ဧဝ​အား သူ​အခိုင်အမာ​ပြောဆို​ခဲ့​သည့်​စကား​ကို ဤသို့​မှတ်တမ်း​တင်ထား​၏– ‘[ကောင်း​မကောင်း သိကျွမ်းရာ​အပင်​၏] အသီးကို​စား​သော​နေ့၌ သင်တို့သည် မျက်စိပွင့်​လင်း​လျက် ကောင်း​မကောင်း​ကို​သိ၍ ဘုရားသခင်​ကဲ့သို့ ဖြစ်​ကြ​လတ္တံ့​သည်ကို ဘုရားသခင်​သိတော်မူ​သည်။’

ထို့နောက် အာဒံ​နှင့်​ဧဝ​တို့သည် မည်သည့်​ဆိုးကျိုး​မျှ မခံစား​ရ​ဘဲ မိမိတို့ ကိုယ်ပိုင်​ထင်မြင်​ယူဆချက်များ​၏ ညွှန်ကြားမှု​အားဖြင့်​သာ အောင်မြင်စွာ အသက်ရှင်​နေထိုင်​နိုင်​ခဲ့​ပါသလော။ ဝေးလေစွ။ သူတို့သည် အကောင်း​နှင့်​အဆိုးကို ခွဲခြား​နိုင်​သည်​ဟု စိတ်​ကြီး​ဝင်​ခဲ့​ခြင်း​၏​ဆိုးကျိုး​များ​ကို ခံစား​ခဲ့​ရသော​ကြောင့် စိတ်ပျက်​သွား​ကြသည်။ ဘုရားသခင့်​မျက်နှာသာတော်​ကို သူတို့​ဆုံးရှုံး​ခဲ့​ပြီး မစုံလင်မှု​နှင့် နောက်ဆုံး သေခြင်း​ရလဒ်​ဖြင့် ကြမ်းတမ်း​သည့်​ဘဝ စတင်​ခဲ့​ကြ​ရသည်။ (ကမ္ဘာဦး ၃:၁၆-၁၉၊ ၂၃) ကျွန်ုပ်​တို့အားလုံး​လည်း သေမျိုး​ဖြစ်​ခဲ့​ကြ​ရသည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “အပြစ်​တရားသည် တစ်ယောက်​သော​သူ [အာဒံ] အားဖြင့် ဤ​လောက​သို့​ဝင်၍၊ အပြစ်​တရား​အားဖြင့် သေခြင်း​တရားဝင်​သည်​နှင့်​အညီ လူအပေါင်း​တို့သည် အပြစ်ရှိ​သောကြောင့် သေခြင်း​သို့​ရောက်​ရ​ကြ​၏။”—ရောမ ၅:၁၂

အာဒံ​နှင့်​ဧဝ​တို့ ရွေးချယ်​ခဲ့​သော​လမ်းစဉ်​၏ ဆိုးကျိုး​များ ခံ​နေကြ​ရ​လျက်​ပင် လူများစွာ​သည် လူ့​ဖန်ဆင်း​ရှင်​၏ အကြံဉာဏ်​ကို လက်တွေ့​ကျင့်သုံး​ခြင်း​သည် ပညာရှိ​သည်​ဟု ယနေ့​ထိ​တိုင် မယူမှတ်​ကြ​သေး​ချေ။။ သို့ရာတွင် သမ္မာကျမ်းစာ​က ကိုယ်တော်​၏​အကြံဉာဏ်​သည် ‘ဘုရားသခင် မှုတ်သွင်း​တော်​မူ​ခြင်း​အားဖြင့်​ဖြစ်၍ အကျိုး​ရှိ၏’ ဟု​ဖော်ပြ​ထားပြီး ‘ကောင်းသော​အလုပ် အမျိုးမျိုး​အတွက် အပြည့်အဝ အသင့်ပြင်​ဆင်​လေ့ကျင့်​ပြီး​သား’ ဖြစ်နေ​ရန် ကျွန်ုပ်​တို့ကို ကူညီ​ပေး​နိုင်​သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇က​ဘ) သမ္မာကျမ်းစာ​မှ အကြံပြုချက်ကို ကျွန်ုပ်​တို့​လိုက်နာ​ကြ​မည်​ဆိုလျှင် အမှန်ပင် ပျော်ရွှင်​နိုင်​ကြ​ပါ​လိမ့်​မည်။ မိသားစု​ဘဝ​နှင့် အဓိက​သက်ဆိုင်​ပေ​သည်။

အိမ်ထောင်ရေး​တွင် သစ္စာရှိ​ခြင်း

သမ္မာကျမ်းစာ​အရ ဘုရားသခင်​သည် အိမ်ထောင်ပြုခြင်း​ကို ရာသက်ပန်​ဖြစ်စေ​လို​၏။ (ကမ္ဘာဦး ၂:၂၂-၂၄; မဿဲ ၁၉:၆) ထို့​အပြင် ကျမ်းစာ​က ‘မင်္ဂလာ​အိပ်ရာကို မ​ညစ်ညူး​စေ[သင့်]’ ဟု​ဆို​ရာ​တွင် ဤ​ပေါင်းဖက်​မှု​၌ အိမ်ထောင်​ပြင်ပ လိင်ဆက်ဆံမှု​များ မရှိသင့်​ဟု​ဆိုလို​သည်။ (ဟေဗြဲ ၁၃:၄က​ဘ) သို့ရာတွင် သင်​သိရှိ​ထား​သည့်​အတိုင်း ယနေ့ အိမ်ထောင်​အများအပြား​သည် ဤ​စံနှုန်း​ကို မပြည့်မီ​ကြ​ချေ။ အချို့​သူတို့သည် အလုပ်ခွင်​တွင် မိမိ​အိမ်ထောင်ဖက်​မဟုတ်​သူတို့နှင့် ပရောပရည်​လုပ်တတ်​ကြသည်။ အခြားသူ​တို့​မှာ​မူ အိမ်ထောင်ဖက်​မဟုတ်​သူနှင့် မေတ္တာ​သက်ဝင်​မိ​ပြီး အတူတူ​ပျော်ပါး​နိုင်​ဖို့ မိသားစုကို လိမ်ညာ​လှည့်ဖြား​ကြသည်။ အချို့​ဆိုလျှင် ရှေ့​ဆောင်းပါး​တွင် ဖော်ပြ​ထား​သည့် ဘရော်နီကာ​၏​အဖြစ်အပျက်​မှာ​ကဲ့သို့ ငယ်ရွယ်​သည့်​ကြင်ဖော်​နှင့် ပေါင်းသင်း​နေထိုင်ရန် မိမိတို့​အိမ်ထောင်ဖက်​ကို​ပင် စွန့်ခွာ​၏၊ ယင်း​သို့​ပြုခြင်း​က သူတို့ကို ပို​နုပျို​စေပြီး ပို​ပျော်ရွှင်​စေ​သည်​ဟု ဆင်ခြေပေး​ကြသည်။

မည်သို့​ဆို​စေ အကျိုးဆက်ကို​မစဉ်း​စား​ဘဲ မိမိ​စိတ်ကြိုက် ဆုံးဖြတ်​ပြုလုပ်ခြင်း​သည် ထာဝစဉ်​ပျော်ရွှင်​စေမည် မဟုတ်ပါ။ ယင်းကို ရော်နယ်​လ်ဒ် ထောက်ပြ​နိုင်​ပါ​သည်။ သူ့​ဘဝ ပိုသာ​ယာ​မည်​အထင်​နှင့် ဇနီး​ကို​ပစ်​ထားခဲ့​ပြီး ခြောက်​နှစ်​တိုင် သူနှင့်​တိတ်တဆိတ်​ချစ်​ကြိုက်​ခဲ့​ကာ ကလေး​နှစ်ယောက်​ပင် ရရှိ​ထား​သည့် အမျိုးသမီးနှင့်​အတူ အိုးအိမ်​သစ်​ထူထောင်​ခဲ့​သည်။ သို့သော် သူ​အိမ်ထောင်ပျက်​ပြီး​နောက် များ​မကြာမီ သူ၏​ချစ်သူ​က သူ့ကို​ပစ်​သွားခဲ့သည်! နောက်ဆုံး ရော်နယ်​လ်ဒ်​သည် မိဘ​နှင့် ပြန်နေ​ထိုင်​ခဲ့​ရသည်။ သူ၏​အခြေအနေ​မှာ “အောက်​တန်း​ကျ​သည်” ဟု သူ​ဆို​ခဲ့​သည်။ ယင်းသည် သာဓက​တစ်ခုမျှသာ​ဖြစ်၏။ တစ်ကိုယ်ကောင်း​ဆန်​သော​စိတ်ဆန္ဒ​က လှုံ့ဆော်ပေး​သည့် အဆိုပါ​အမူအကျင့်​သည် လူကြီး​ရော ကလေး​များ​ကို​ပါ စိတ်​ဆင်းရဲ​စေသည့် ကွာရှင်း​ခြင်း​နှင့် မိသားစု​ပြိုကွဲခြင်း​တို့ကို ဖြစ်ပေါ်​စေ​ခဲ့ပြီ။

အခြား​တစ်ဖက်​တွင်​မူ သမ္မာကျမ်းစာ​အကြံပြုချက်ကို လိုက်နာခြင်း​သည် စစ်မှန်​သည့်​ပျော်ရွှင်မှု ရရှိစေ​သည်။ ဤသို့​ပြောဆို​သော ရို​ဘာ​တို​၏​အဖြစ်အပျက်​မှာ ထို​အတိုင်း​ဖြစ်၏– “ကျမ်းစာ​အကြံပြုချက်​ရဲ့ အကူအညီ​ကြောင့် ကျွန်တော့်​ဇနီး​ကို မဆုံးရှုံး​ခဲ့​ရလို့ ကျေးဇူး​တင်​တယ်။ ဘယ်လောက်​ပဲ ဆွဲဆောင်မှု​ရှိသူ​ဖြစ်ပါစေ၊ ကိုယ့်​အိမ်ထောင်ဖက်​မဟုတ်တဲ့​သူရဲ့ ဖြားယောင်း​သွေးဆောင်မှု​ကို​ခံ​ခြင်း​က စစ်မှန်​တဲ့​ပျော်ရွှင်မှု မရနိုင်​ပါ​ဘူး။ ကျမ်းစာ​အသိပညာ​ကြောင့် နှစ်ပေါင်း​များစွာ ကျွန်တော်​နဲ့​တွဲဖက်​ခဲ့​တဲ့ ကျွန်တော့်​ဇနီး​ကို တန်ဖိုး​ထား​တတ်​လာတယ်။” ရို​ဘာ​တို​၏​အသက်တာတွင် “အသက်​ပျိုစဉ်အခါ လက်ထပ်​သော​မယား​ကို သစ္စာဖျက်​၍ မ​ပြစ်မှား​ကြ​နှင့်” ဟူ​သည့်​ကျမ်းစာ​အကြံပြုချက်​သည် အရေးပါ​ခဲ့​သည်။ (မာလခိ ၂:၁၅) ဘုရားသခင်​၏​အကြံပြုချက်​မှ အခြား​အဘယ်​အကျိုးကျေးဇူးများ ခံစား​နိုင်​သေး​သနည်း။

ကျွန်ုပ်​တို့​ကလေး​များ ကြီးပြင်း​လာပုံ

လွန်ခဲ့သော​ဆယ်စုနှစ်​များ​က မိဘတို့​သည် ကလေး​များ​ကို​ပြုစု​ပျိုးထောင်​ရာ​တွင် စည်းမျဉ်း​များစွာ မချ​မှတ်​သင့်​ဟူ​သည့်​ယူဆချက်​မှာ ရေပန်းစား​လာ​ခဲ့​သည်။ ယင်းက သားသမီးတို့​အား မည်သို့​တွေးခေါ် ပြုမူ​ရမည်​နှင့်​ပတ်သက်ပြီး ကိုယ်ပိုင်​ဆုံးဖြတ်ချက်​များ ချ​စေ​သင့်​သည်​ဟု​ယူဆ​ခဲ့​ကြ​၏။ ရည်ရွယ်ချက်မှာ သူတို့၏​ဖွံ့ဖြိုးမှု​ကို မ​ဖိနှိပ်​ရန်ဖြစ်​၏။ ဒေသ​အချို့​တွင် အစီအစဉ်​သိပ်​မကျ​သော ပညာရေး​စနစ်​များ​ကို​ပင် ထူထောင်​ခဲ့​ရာ တပည့်​များသည် ကျောင်းတက်​လို၊ မ​တက်​လို သူတို့​ဘာသာ ဆုံးဖြတ်​နိုင်​ကြ​ပြီး မည်မျှ​အပန်းဖြေ​မည်၊ သွန်သင်မှု မည်မျှ​ယူ​မည်​ကို သူတို့​ကိုယ်တိုင်​ကို ရွေးချယ်ခွင့်​ပေး​ကြသည်။ ထိုသို့​သော ကျောင်း​တစ်​ကျောင်း​၏ မူ​တစ်ခု​မှာ “လူကြီး​တို့၏​ဝေဖန်ခြင်း​နှင့် ကြားဝင်​စွက်ဖက်​ခြင်း​မရှိဘဲ ကလေး​များ​အား သူတို့၏​ခံစားချက်​ကို အပြည့်အဝ​ဖော်ပြ​စေရန်” ဖြစ်သည်။ မေတ္တာဖြင့် ဆုံးမ​ပဲ့ပြင်​ရန်လို​သည်​ဟု မိဘများ​ယူဆ​သည့်​ကိစ္စ​များ​၌​ပင် ယနေ့ လူ့​အမူအကျင့်​ဆိုင်ရာ အကြံပေး​ပုဂ္ဂိုလ်​အချို့​က တစ်စုံတစ်ရာ​သော ဆုံးမ​ပဲ့ပြင်​ခြင်း​နည်း အမျိုးမျိုး​၏ အကျိုးကျေးဇူးများ​ကို သဘောမတူ​နိုင်​ကြ​ပဲ​ဖြစ်နေ​သည်။

ရလဒ်​ကား အဘယ်နည်း။ “သားသမီး​များ​ကို ပြုစု​ပျိုးထောင်​ရာ​၌ တတ်​တိုင်း​နေ​စေသည့် နည်း​စနစ်​များသည် သားသမီးတို့ကို အလွန်အကျွံ လွတ်လပ်​စေပြီး ယင်းကြောင့် ရာဇဝတ်မှု​နှင့် မူးယစ်​ဆေးစွဲ​မှုများ တိုးများ​လာ​စေ​သည်” ဟု​လူများစွာ ယူဆကြ​သည်။ ယူနိုက်တက်​စ​တိတ်​ရှိ လေ့လာ​ဆန်းစစ်မှု​တစ်ရပ်​တွင် ဖြေဆိုသူ ၇၀ ရာခိုင်နှုန်း​နီးပါး​က သားသမီး​နှင့် လူငယ်တို့​သည် ၎င်း​တို့ လိုအပ်သလောက် မိဘတို့​၏​လမ်းညွှန်မှု မခံရ​ကြ​ဟု ယူဆ​ကြောင်း ဖော်ပြ​သည်။ ဆယ်ကျော်သက်​များ​ကျူးလွန်​သည့် ကျောင်းတွင်း သေနတ်​ပစ်ခတ်မှု​များနှင့် အခြား​ကြောက်မက်​ဖွယ် ရာဇဝတ်မှု​များ​ဖြစ်​ရခြင်း​ကို စိစစ်​ကြည့်​ရာ လူများစွာက “မိဘတို့​၏​အုပ်ထိန်းမှု မရှိခြင်း” ကြောင့်​ဟု ပြစ်တင်​ပြောဆို​ကြသည်။ အကျိုးဆက်များ​မှာ အလွန်​ဆိုးဆိုးဝါးဝါး​မဟုတ်သည့်​တိုင် ကလေး​များ​ကို ပြုစု​ပျိုးထောင်​ရာ​တွင် လွဲမှား​ခဲ့​ခြင်း​ကြောင့် မိဘများနှင့် ကလေး​တို့သည် ဝမ်းနည်းဖွယ်​ဆိုးကျိုး​များ ခံစား​ကြ​ရသည်။

ယင်း​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က မည်သို့​ဆို​ထား​သနည်း။ ကျမ်းစာ​အကြံပြုချက်​မှာ မိဘတို့​၏​အခွင့်အာဏာကို မေတ္တာဖြင့် ခိုင်မာ​ပြတ်သား​စွာ ကျင့်သုံး​ရန်ဖြစ်​၏။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “မိုက်​သော​သဘော​သည် သူငယ်​၏​စိတ်နှလုံး​ထဲမှာ ထုပ်​ထား​လျက်​ရှိ၏။ သို့သော်လည်း ဆုံးမ​သော​ကြိမ်လုံး​သည် ထို​သဘောကို ဝေး​စွာ​နှင်​တတ်၏။” (သု. ၂၂:၁၅) မိဘတို့​၏​ဆုံးမ​ပဲ့ပြင်​မှု​သည် အခြေအနေ​တိုင်း​တွင် သင့်တော်​ရ​ပေမည်။ ဆုံးမ​ပဲ့ပြင်​သည့်​အခါတိုင်း နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း​နှင့် ထောက်ထား​စာနာ​ခြင်း ရှိ​သင့်​ပေ​သည်။ သို့ဖြင့် ယင်းသည် မေတ္တာ​တရား​၏​လက္ခဏာ​တစ်ခု​ဖြစ်သည်။ မိဘတို့​၏​အခွင့်အာဏာကို လူ​မ​ဆန်​သည့်​လုပ်ရပ်​ဖြင့် မဟုတ်ဘဲ မေတ္တာပါပါ ကျင့်သုံး​ခြင်း​သည် အောင်မြင်မှု​အများဆုံး​ရရှိစေ​သည်။

ဤ​အကြံပြုချက်ကို​လိုက်နာခြင်းက မြင်သာ​သည့်​ရလဒ်ကောင်း​များ ရရှိ​စေနိုင်​သည်။ မကြာသေးမီ​က လက်ထပ်ခဲ့​သူ အသက် ၃၀ အရွယ် မက္ကစီကို​နိုင်ငံသား အာတူရို​က ဤသို့​ပြောပြ​၏– “မိသားစုမှာ အဖေနဲ့ အမေ​ဟာ အခွင့်အာဏာ​ရှိတယ်လို့ ကျွန်တော်​တို့ ညီအစ်ကို​တစ်​တွေ​ကို အဖေက ကောင်းကောင်း​သဘောပေါက်​စေ​ခဲ့​တယ်။ ကျွန်တော်​တို့ကို မဆုံးမ​ဘဲ​နေတာ တစ်ခါမျှ​မရှိခဲ့ဘူး။ ဒါ့အပြင် ကျွန်တော်​တို့ကို အမြဲတမ်း​အချိန်ပေး​ပြီး စကားစမြည်​ပြောဆို​တယ်။ အခု လူကြီး​ဖြစ်လာ​တော့ ကျွန်တော်​ရရှိ​ထား​တဲ့ တည်ငြိမ်​တဲ့​အသက်တာကို တန်ဖိုး​ထား​တယ်၊ အဲ့​ဒါက​လည်း ကျွန်တော်​ရရှိခဲ့တဲ့ လမ်းပြ​ညွှန်ကြားမှု​ကောင်း​ကြောင့်​ပဲ​ဆိုတာ သဘောပေါက်​တယ်။”

အကျိုး​အပြု​ဆုံး​အကြံဉာဏ်​ကို အကျိုးရှိရှိ လက်ခံခြင်း

ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​တွင် လူသားတို့​အတွက် အကျိုး​အပြု​ဆုံး​အကြံဉာဏ်​ပါရှိ​သည်။ ၎င်း​၏​လမ်းညွှန်မှု​သည် မိသားစု​အသိုင်းအဝိုင်း​အတွက်သာ မဟုတ်ပါ။ ယင်းသည် ကျွန်ုပ်​တို့အား နည်းလမ်း​များစွာ​တွင် အသင့်ပြင်​ဆင်​ပေး​သည်၊ အကြောင်း​မှာ မိမိတို့၏​ကောင်းကျိုး​အတွက် အသက်တာကို ဉာဏ်ပညာ​၏​သာလွန်​ထူးကဲ​သော ရင်းမြစ်​အား စိုးမိုး​စေ​သင့်​ကြောင်း လက်မခံ​လို​သူများ​သည့် ဤ​လောကတွင် မည်သို့​ပြုမူ​ကျင့်ဆောင်​ရမည်ကို သင်ကြား​ပေး​သောကြောင့်​ဖြစ်သည်။

လူသား​တို့၏​ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​သည် ဆာလံဆရာ​ဒါဝိဒ်​မှ​တစ်ဆင့် ဤသို့​အာမခံခဲ့​သည်– “သင့်ကို​ငါ​သွန်သင်​မည်။ သင်​သွား​ရမည့်​လမ်းကို ပြညွှန်​မည်။ . . . သင့်ကို ငါ​ကြည့်ရှု​၍ အကြံပေး​မည်။” (ဆာလံ ၃၂:၈) ဖန်ဆင်း​ရှင်​သည် ကျွန်ုပ်​တို့​ဘေးကင်း​စေရန် ကြည့်ရှု​စောင့်ရှောက်​ပေး​နေသည့်​အတွက် မည်သို့​ဖြစ်​မည်​ကို စဉ်းစား​ကြည့်​နိုင်​သလော။ သို့သော် ကျွန်ုပ်​တို့​တစ်ဦးစီ မိမိကိုယ်ကို​မေးသင့်​သည်​ကား ‘ယေဟောဝါ​ရဲ့ အကာအကွယ်​ကို ငါ​နှိမ့်ချစွာ​လက်ခံ​မလား’ ဟူ၍​ဖြစ်သည်။ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့အား မေတ္တာပါ​စွာ ဤသို့​မှာကြား​သည်– ‘ထာဝရ​ဘုရားသခင် ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရားသခင် ကို​မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။’—သု. ၃:၅၊ ၆

ယေဟောဝါ​အား သိကျွမ်း​လာနိုင်​ရန် စွဲစွဲမြဲမြဲ ကြိုးစား​အားထုတ်​ဖို့​လို​သည်၊ သမ္မာကျမ်းစာ ရရှိ​ထား​သဖြင့် ကိုယ်တော်​အား သိကျွမ်း​လာနိုင်​ပါ​သည်။ ကိုယ်တော်​ထောက်ခံ​သည့် ဘဝ​လမ်းစဉ်သည် “ယခု​ဘဝ၊ နောင်​ဘဝ​နှင့်​စပ်ဆိုင်​သော ကတိတော်​ကို​ရ” စေ​သည်။ ၎င်း​ဘဝ​လမ်းစဉ်​မှ​ရရှိ​မည့် အကျိုးများ​ကို​ထောက်ရှု​လျှင် ယင်း​တို့သည် ကြီးစွာ​သော​အကျိုး​စီးပွား​မှန်​၏။—၁ တိမောသေ ၄:၈; ၆:၆

သင်သည် သမ္မာကျမ်းစာ​မှ​ရမည့် ထိုးထွင်း​သိမြင်မှု​နှင့် ကျမ်းစာ​နှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​ဖြင့် ရရှိ​မည့်​ကောင်းချီး​များ​ကို ကြိုက်​နှစ်သက်​မည်​ဆိုလျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဖတ်ရှုခြင်း​နှင့် ဆင်ခြင်​တွေးတောခြင်း​ကို သင့်​ဘဝတွင် ဦးစား​ပေး​ပါ။ ထိုသို့​ပြုလုပ်ခြင်း​သည် ယခု​နှင့် နောင်​တွင်​ကြုံတွေ့​ရမည့် အခက်အခဲ​များ​ကို အောင်မြင်စွာ​ကိုင်တွယ်​ဖြေရှင်း​နိုင်​စေမည်။ ထို့​အပြင် ယေဟောဝါ​၏​သွန်သင်မှု​ကို လူအားလုံး​ခံယူ​ကြ​ပြီး များပြား​သော​ငြိမ်သက်ခြင်း​ခံစားရ​သည့် ဘုရားသခင့်​ကမ္ဘာသစ်​တွင် နေထိုင်​နိုင်​မည့် မျှော်လင့်ချက်​အကြောင်း သင်​သိရှိ​ရ​ပါ​လိမ့်​မည်။—ဟေရှာယ ၅၄:၁၃

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​၏​အကြံပြုချက်​သည် အိမ်ထောင်​နှောင်ကြိုး​ကို ခိုင်မြဲ​စေနိုင်

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​မှ​သွန်သင်ချက်​သည် လမ်းညွှန်ချက်​မွန်​၏ အခြေခံ​ဖြစ်၊ သို့​တိုင် ပျော်​ဖွယ်​ရွှင်​ဖွယ်​ပြု​ရန် ခွင့်ပြု

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​မှ​အကြံပြုချက်ကို လိုက်နာ​ကျင့်သုံး​သူတို့သည် ဘက်စုံ​မျှတ​သည့်​အသက်တာကို ပျော်မွေ့နိုင်​ကြ