မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားဟောရာကျမ်းမှ ပေါ်လွင်ချက်များ

တရားဟောရာကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

တရားဟောရာကျမ်း​မှ ပေါ်လွင်​ချက်​များ

အချိန်​ကား ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်​ဖြစ်၏။ ဣသရေလ​လူမျိုး​ကို အီဂျစ်​ကျွန်​သ​ပေါက်​ဘဝ​မှ ယေဟောဝါ ကယ်လွှတ်​ပေး​ခဲ့​သည်​မှာ အနှစ်​လေးဆယ်​ကျော်​ခဲ့ပြီ။ တောကန္တာရ​တွင် ဤမျှ​ကြာ​လှည့်လည်​ခဲ့​ရာ ဣသရေလလူ​တို့​တွင် တိုင်းပြည်​မရှိ​သေး​ချေ။ သို့သော် နောက်ဆုံး​တွင် ကတိထားရာ​ပြည်တော်​သို့ ဝင်ရန် အသင့်ရှိနေ​ကြပြီ။ ၎င်း​ပြည်တော်​ကို သူတို့​ပိုင်ဆိုင်​ရတော့မည်​ဖြစ်​ရာ အဘယ်အရာ​များ ဖြစ်ပျက်​မည်​နည်း။ သူတို့ အဘယ်​ပြဿနာ​များ ကြုံတွေ့​ရပြီး ယင်း​တို့ကို မည်သို့​ဖြေရှင်း​ကြ​ရမည်​နည်း။

ခါ​နာ​န်​ပြည်​ထဲ​ဝင်ရန် ယော်ဒန်​မြစ်ကို ဣသရေလ​လူမျိုး မ​ဖြတ်ကူး​မီ မောရှေ​သည် လူ​အစုအဝေး​ကို ရှေ့တွင်​ရှိ ကြီး​လေး​သည့်​တာဝန်​အတွက် အသင့်ပြင်​ဆင်​ပေး​ခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ တိုက်​တွန်းအား​ပေး၍ ဆုံးမ​သတိပေး​သည့် မိန့်ခွန်း​များ​ကို ဆက်တိုက်​ပြောကြားခြင်း​အားဖြင့်​ဖြစ်သည်။ ယေဟောဝါ​ဘုရားသခင်​အား အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြု​ထိုက်​ကြောင်း​နှင့် ပတ်ဝန်းကျင်​နိုင်ငံ​များ​၏​လမ်းစဉ်​ကို မလိုက်​ရ​ကြောင်း ဣသရေလလူ​တို့ကို သတိပေး​၏။ ဤ​မိန့်ခွန်း​များသည် တရားဟောရာကျမ်း​၏ အဓိက​အပိုင်း​ပင်​ဖြစ်သည်။ ထို​တွင်​ပါရှိ​သော ဆုံးမ​စကား​သည် ယနေ့ ကျွန်ုပ်​တို့အတွက်​လည်း လိုအပ်​သည်၊ အကြောင်း​မှာ ယေဟောဝါ​အား အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြု​ရန် ခက်ခဲ​သည့် လောကတွင် ကျွန်ုပ်​တို့ အသက်ရှင်နေ​ကြ​၏။—ဟေဗြဲ ၄:၁၂

နောက်ဆုံး​အခန်းကြီး​မှ​လွဲ​၍ မောရှေ​ရေးသားခဲ့​သော တရားဟောရာကျမ်း​သည် နှစ်လ​ကျော်​အတွင်း​ဖြစ်ပျက်​သော အဖြစ်အပျက်​များ​ကို ခြုံငုံမိ​သည်။ * (တရားဟောရာ ၁:၃; ယောရှု ၄:၁၉) ထို​တွင်​ဖော်ပြ​ထားသော ဆုံးမ​စကား​သည် ယေဟောဝါ​အား ကျွန်ုပ်​တို့​စိတ်နှလုံး​အကြွင်းမဲ့​ချစ်​ပြီး သစ္စာရှိ​ရှိ​ဝတ်ပြု​စေနိုင်​ပုံ​ကို ကြည့်​ကြ​စို့။

“ကိုယ်တိုင်​မြင်ရသော​အမှုအရာ​တို့ကို မမေ့​မ​လျော့” ရ

(တရားဟောရာ ၁:၁–၄:၄၉)

မောရှေ၏​ပထမ​ဆုံး​မိန့်ခွန်း​တွင် တောကန္တာရ​အတွေ့အကြုံ​အချို့၊ အထူးသဖြင့် ကတိထားရာ​ပြည်တော်​ကို အမွေခံ​ဖို့ အသင့်ပြင်​ဆင်​နေကြ​စဉ် ဣသရေလလူ​တို့အတွက် အကူအညီ​ဖြစ်စေ​မည့်​အကြောင်းကို အသေးစိတ်​ဖော်ပြ​သည်။ တရားသူကြီး​များ ခန့်အပ်​ခြင်း​အကြောင်း​က ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်​အား မေတ္တာပါပါ​ဖွဲ့စည်း ကြည့်ရှု​စောင့်ရှောက်​သည်ကို အမှတ်​ရစေ​ပေမည်။ သူလျှို​ဆယ်ဦး​ပေး​ပို့​သော မကောင်း​သတင်း​ကြောင့် ရှေ့​လူမျိုးဆက်​သည် ကတိထားရာ​ပြည်တော်​ထဲ ဝင်ခွင့်​မရခဲ့​ခြင်း​ဖြစ်​ကြောင်းကို​လည်း မောရှေ​ဖော်ပြ​၏။ မောရှေ၏​စကား​ကို နားထောင်သူ​များ ထို​ပြည်တော်​ကို မြင်တွေ့​နေကြ​ရ​စဉ် ဤ​သတိပေး​ချက်​သည် သူတို့​အတွက် မည်မျှ​စိတ်ထိခိုက်​စ​ရာ​ဖြစ်​ခဲ့​မည်​ကို စဉ်းစား​ကြည့်​ပါ။

ဣသရေလ​အမျိုးသားများသည် ယော်ဒန်​မြစ်ကို မ​ဖြတ်ကူး​မီ ယေဟောဝါ​အကူအညီ​ဖြင့်​ရရှိ​သည့် အောင်ပွဲ​များစွာကို အမှတ်ရ​ပြီး တစ်ဖက်​ကမ်း​ကူး​၍ ပြည်တော်​သိမ်းပိုက်​ရန် အသင့်ရှိနေ​ချိန်​တွင် ရဲစွမ်းသတ္တိ​အပြည့်​ရှိကြ​ပေမည်။ သူတို့ သိမ်းပိုက်​ရမည့်​ပြည်​တွင် ရုပ်ပုံ​ကိုးကွယ်​မှု အနှံ့အပြား​ရှိ၏။ ထို​ကြောင့် ရုပ်ပုံ​ကိုးကွယ်​ခြင်း​ကို မောရှေ ပြင်းပြင်းထန်ထန် သတိပေး​ခြင်း​သည် တကယ်​လျော်​ကန်​လိုက်​လေ​စွ!

ကျမ်းစာ​မေးခွန်းများ အဖြေ–

၂:၄-၆၊ ၉၊ ၁၉၊ ၂၄၊ ၃၁-၃၅; ၃:၁-၆—ဣသရေလလူ​တို့သည် ယော်ဒန်​မြစ်​အရှေ့ဘက်တွင် နေထိုင်ကြ​သူ​အချို့​ကို ဖျက်ဆီး​ခဲ့​သော်လည်း တခြားသူ​များ​ကို အဘယ်ကြောင့် အသက်​ချမ်းသာပေး​ခဲ့​သနည်း။ ဧသော​၏​သားတို့​ကို မတိုက်ခိုက်​ရန် ဣသရေလ​လူမျိုး​ကို ယေဟောဝါ​မိန့်မှာ​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ သူတို့သည် ယာကုပ်​အစ်ကို​၏ သားစဉ်မြေးဆက်​များ ဖြစ်သော​ကြောင့်​တည်း။ ဣသရေလလူ​တို့သည် မောဘ​နှင့် အမ္မုန်​လူမျိုး​တို့ကို​လည်း မနှောင့်ယှက်​ရ၊ မတိုက်ခိုက်​ကြ​ရ​ချေ၊ အကြောင်း​မှာ အာဗြဟံ​၏​တူ လောတ​၏​သားစဉ်မြေးဆက်​များ ဖြစ်သော​ကြောင့်​တည်း။ သို့သော် အာမောရိ​ရှင်ဘုရင်များ​ဖြစ်​ကြသော ရှိ​ဟု​န်​နှင့်​သြဃ​တို့သည် ဣသရေလ​လူမျိုး​နှင့် မတော်​စပ်​ကြသော​ကြောင့် ထို​ပြည်​ကို အုပ်စိုးပိုင်ခွင့်​မရှိကြ​ချေ။ ထို့​ကြောင့် ရှိ​ဟု​န်​မင်း​သည် ဣသရေလလူ​တို့ကို သူ၏​တိုင်းပြည်​မှ ဖြတ်သန်း​ခွင့်​မပြု​သောအခါ၊ ဩ​ဃ​မင်း​သည် သူတို့ကို တိုက်ခိုက်​ဖို့​လာသော​အခါ သူတို့​မြို့များ​ကို ဖျက်ဆီး​ပစ်​၍ တစ်ယောက်မျှ​မကျန်​ကြွင်း​စေရန် ဣသရေလလူ​တို့အား ယေဟောဝါ မိန့်မှာ​ခဲ့​ခြင်း​ဖြစ်၏။

၄:၁၅-၂၀၊ ၂၃၊ ၂၄—အရုပ်​များ​ထုလုပ်​ခြင်း​ကို တားမြစ်​ထား​သည့်​အတွက် အနုပညာ​ပန်း​ပု​ထု​ခြင်း​ကို မှား​သည်​ဟု ဆို​မည်​လော။ မဆို​နိုင်​ပါ။ ဤ​တွင် အရုပ်​ထု​ပြီး “ဝတ်ပြု​ကိုးကွယ်” ခြင်း​ကို တားမြစ်​ထားခြင်း​ဖြစ်၏။ အနုပညာ​အလှအပ​အတွက် ပန်း​ပု​ထု​ခြင်း သို့​မဟုတ် ပန်းချီ​ဆွဲ​ခြင်း​ကို ကျမ်းစာ​က မတားမြစ်​ပါ။—၃ ဓမ္မ​ရာဇဝင် ၇:၁၈၊ ၂၅

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁:၂၊ ၁၉ကာဒေရှ​ဗာနာ​အရပ်​သည် “စိရ​တောင်လမ်း​ဖြင့် ဟော​ရပ်​အရပ် [ပညတ်တော်​ဆယ်ပါး​ရရှိ​သည့် သိနာ​တောင်​ဝန်းကျင်ရှိ တောင်တန်း​ဒေသ] နှင့်​ဆယ့်တစ်​ရက်​ခရီး” သာ​ကွာဝေး​သော်လည်း ဣသရေလ​လူမျိုး​သည် တောကန္တာရ​တွင် ၃၈ နှစ်​ခန့် လှည့်လည်​ခဲ့​ကြ​ရသည်။ ယေဟောဝါ​ဘုရားသခင်​၏​စကား​ကို နားမထောင်​သည့်​အတွက် ပေးဆက်​လိုက်ရ​သော အဖိုးအခ​သည် အမှန်ပင်​ကြီးမား​၏!—တောလည်ရာ ၁၄:၂၆-၃၄

၁:၁၆၊ ၁၇ဘုရားသခင်​၏​တရား​စီရင်ခြင်း​စံနှုန်း​များသည် ယနေ့လည်း ထို​အတိုင်း​ပင်​ဖြစ်၏။ တရားရေး​ကော်မတီ​တွင် အမှုထမ်းဆောင်​ရန် တာဝန်​အပ်နှင်း​ခံရ​သူများ​သည် မျက်နှာမလိုက်​ရ​ပါ၊ တရား​စီရင်ခြင်း လွဲချော်​သွားစေရန် လူကို မကြောက်​ရ​ပါ။

၄:၉“ကိုယ်တိုင်​မြင်​သော​အမှုအရာ​တို့ကို မမေ့​မ​လျော့” ခြင်း​သည် ဣသရေလ​လူမျိုး၏​အောင်မြင်မှု​အတွက် အလွန်​အရေးကြီး​၏။ ကတိထားရာ​ကမ္ဘာသစ် နီးကပ်​လာ​လေ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ကို ဝီရိယ​ရှိ​ရှိ​လေ့လာခြင်း​အားဖြင့် ယေဟောဝါ​၏​အံ့ချီးဖွယ်​လုပ်ရပ်များ​ကို အာရုံစိုက်​ဖို့ အရေးကြီး​လေ​ဖြစ်၏။

ယေဟောဝါ​အား ချစ်​ပြီး ကိုယ်တော်​၏​မိန့်မှာချက်​များ​ကို နာခံ​လော့

(တရားဟောရာ ၅:၁–၂၆:၁၉)

မောရှေ၏​ဒုတိယ​မိန့်ခွန်း​တွင် သိနာ​တောင်ပေါ်​၌ ပညတ်တရား​ရရှိ​ခြင်း​အကြောင်း​နှင့် ပညတ်တော်​ဆယ်ပါး​ကို ပြန်​ဖော်ပြ​၏။ လူမျိုး​ခု​နစ်​မျိုးကို အစ​အ​န​မကျန်​ဖျက်ဆီး​ပစ်​ရမည်ဟု အတိအလင်း​ဖော်ပြ​သည်။ ဣသရေလ​အမျိုးသားများသည် တောကန္တာရ​တွင်​ရှိနေစဉ် “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရသည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်မွေး​ရသည်” ဟူသော အရေးကြီး​သင်ခန်းစာ​တစ်ခု​ကို သတိပေး​ခံ​ခဲ့​ကြ​ရ၏။ သူတို့၏​အခြေအနေ​အသစ်​တွင် “မှာ​ထား​သမျှ​သော ပညတ်​တို့ကို စောင့်ရှောက်” ကြ​ရမည်​ဖြစ်သည်။—တရားဟောရာ ၈:၃; ၁၁:၉

ဣသရေလလူ​တို့သည် ကတိထားရာ​ပြည်တော်​တွင် အခြေချ​သည့်​အခါ ဝတ်ပြုရေး​သာမက တရား​စီရင်​ရေး၊ အုပ်ချုပ်ရေး၊ စစ်၊ နေ့စဉ်​လူမှု​ဆက်ဆံ​ရေး၊ ကိုယ်ပိုင်​အသက်တာ​တို့​နှင့်​ပတ်သက်သော ပညတ်​များ လိုအပ်​ပေမည်။ မောရှေ​သည် အဆိုပါ​ပညတ်တရား​များ​ကို ပြန်​ဆန်းစစ်​ပြီး ယေဟောဝါ​အား ချစ်​မြတ်နိုးခြင်း၊ ကိုယ်တော်​၏​မိန့်မှာချက်​များ​ကို နာခံခြင်း​ရှိဖို့လို​ကြောင်း အလေးအနက်​ဖော်ပြ​၏။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၈:၃၊ ၄—ဣသရေလလူ​တို့သည် တောကန္တာရ​တွင် လှည့်လည်​နေကြ​စဉ် သူတို့၏​အဝတ်​သည် အဘယ်​နည်းဖြင့် မ​ဟောင်းနွမ်း၊ ခြေ​သည်လည်း မ​ပွန်း​ရော​င်​ကြ​သနည်း။ မန္န​မုန့်ကို အံ့ဖွယ်​နည်းဖြင့် မှန်မှန်​ချ​ပေး​သကဲ့သို့ ယင်းသည်​လည်း ထို​အတိုင်း​ပင်​ဖြစ်၏။ ဣသရေလလူ​တို့၏ ကလေး​များ အရွယ်​ရောက်လာ​ကြ​ပြီး လူကြီး​များ​သေဆုံး​သွား​ကြသောအခါ ရှိ​နှင့်​ပြီး​သား​အဝတ်အစား​များနှင့် ခြေနင်း​များ​ကို လက်ဆင့်ကမ်း​သွား​နိုင်​ဖွယ်​ရှိသည်။ တောကန္တာရ​တွင်​လှည့်လည်​ချိန် အစပိုင်း​နှင့် နောက်ဆုံးပိုင်း​၌ ပြုလုပ်​ခဲ့​သော သန်း​ခေါင်​စာရင်း​နှစ်ခုစလုံး​အရ ဣသရေလလူ​ဦးရေ မ​တိုး​ခဲ့​ခြင်း​ကြောင့် မူလ​အဝတ်အစား​နှင့် ခြေနင်း​များသည် လုံလောက်​ပေမည်။—တောလည်ရာ ၂:၃၂; ၂၆:၅၁

၁၄:၂၁—သွေး​မ​ထုတ်​ထား​သည့် တိရစ္ဆာန်​အသေကောင်​ကို ဣသရေလလူ​တို့ မစား​ဘဲ တစ်ပါး​အမျိုးသား သို့​မဟုတ် တိုင်းတစ်ပါးသား​ကို အဘယ်ကြောင့် ပေးခြင်း၊ ရော​င်း​ခြင်း ပြု​နိုင်​သနည်း။ သမ္မာကျမ်းစာ​တွင် “တစ်ပါး​အမျိုးသား” ဟူသော​စကားလုံး​ကို ဘာသာ​ပြောင်း​ဝင်လာ​သည့် ဣသရေလ​လူမျိုး​မဟုတ်​သူကို သို့​မဟုတ် ပြည်တွင်း​ရှိ အခြေခံ​ဥပဒေ​များ​ကို​လိုက်နာ​သော အခြေချ​သူ​ဖြစ်သော်လည်း ယေဟောဝါ​အား မကိုးကွယ်​သူကို ရည်ညွှန်း​နိုင်​သည်။ ဘာသာဝင်​မဟုတ်သော တိုင်းတစ်ပါးသား​နှင့် ဧည့်သည်​တို့သည် ပညတ်တရား​အောက် မရှိကြ​သောကြောင့် သူတို့သည် သွေး​မ​ထုတ်​ထား​သည့် တိရစ္ဆာန်​အသေကောင်​ကို နည်း​အမျိုးမျိုးဖြင့် အသုံးပြုနိုင်​ကြသည်။ သို့​ဖြစ်၍ ဣသရေလလူ​တို့သည် ဤသို့​သော​တိရစ္ဆာန်​များ​ကို သူတို့အား ပေး​ခွင့်၊ ရော​င်း​ခွင့်​ရှိကြသည်။ ဘာသာဝင်​သူ​မှာ​မူ၊ ပညတ်ပဋိညာဉ်​၏​ချည်နှောင်မှု​အောက်​ရှိ၏။ ဝတ်ပြုရာ ၁၇:၁၀ တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ဤသို့​သော​သူအား သွေး​မ​ထုတ်​ထား​သည့်​အသား စားခြင်း​ကို တားမြစ်​ထား​သည်။

၂၄:၆—“ကြိတ်ဆုံ​အပေါ်​ကျောက်ပြား​ကို​ဖြစ်စေ၊ အောက်​ကျောက်ပြား​ကို​ဖြစ်စေ” အပေါင်​ယူခြင်း​သည် “အသက်ကို” အပေါင်​ယူခြင်း​နှင့်​တူ​သည်​ဟု အဘယ်ကြောင့်​ဆို​ရသနည်း။ ကြိတ်ဆုံ​အပေါ်​ကျောက်ပြား​နှင့် အောက်​ကျောက်ပြား​တို့သည် လူ့ “အသက်၊” သို့​မဟုတ် ဘဝ​လိုအပ်ရာ​များ​ကို ကိုယ်စား​ပြု​သည်။ ၎င်းတို့ကို သိမ်းယူ​ခြင်း​ကြောင့် မိသားစု​တစ်စုလုံး​၏ နေ့စဉ်​အစားအစာ ပြတ်လပ်​သွားပေ​မည်။

၂၅:၉—လက်မ​ထပ်​လို​သော မတ်​ဖြစ်သူ​၏​ခြေနင်း​ကို​ချွတ်၍ သူ၏​မျက်နှာ​ပေါ် တံတွေး​ထွေး​ခြင်း​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ‘ရွေးခြင်း​အမှု​နှင့်​စပ်လျဉ်း၍ ဣသရေလ​ရှေးထုံးစံ​ဟူ​မူ​ကား တစ်ယောက်​သော​သူသည် မိမိ​ခြေနင်း​ကို​ချွတ်၍ တစ်ယောက်​သော​သူအား အပ်​လေ့​ရှိ၏။’ (ရုသ ၄:၇) လက်မ​ထပ်​လို​သော မတ်​ဖြစ်သူ​၏​ခြေနင်း​ကို ချွတ်ခြင်း​သည် သေဆုံး​သွားသော အစ်ကို​၏​အမျိုးအနွယ် ထွန်းကား​စေရန် သူ၏​တာဝန်​နှင့် အခွင့်အရေး​ကို စွန့်လွှတ်​လိုက်​ကြောင်း ကြေညာ​ရာ​ရောက်​၏။ ထိုသို့​ပြုခြင်း​သည် ရှက်ဖွယ်​ရာ​ဖြစ်၏။ (တရားဟောရာ ၂၅:၁၀) သူ၏​မျက်နှာကို တံတွေး​ထွေး​ခြင်း​သည် သူ့ကို အရှက်ခွဲ​ခြင်း​ဖြစ်သည်။—တောလည်ရာ ၁၂:၁၄

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၆:၆-၉ဣသရေလလူ​တို့သည် ပညတ်တရား​ကို သိရှိ​ကြ​ရမည်​ဖြစ်​သကဲ့သို့ ကျွန်ုပ်​တို့သည်​လည်း ဘုရားသခင်​၏​ပညတ်ချက်​များ​ကို သိရှိ​ကြ​ရမည်​ဖြစ်​ပြီး ၎င်းတို့ကို အချိန်​အခါ​မရွေး စွဲမှတ်​ထားပြီး သားသမီး​များ​အား သွန်သင်ပေး​ကြ​ရမည်​ဖြစ်သည်။ ကျွန်ုပ်​တို့၏​လက်​ဖြင့် တင်စား​ထားသော ကျွန်ုပ်​တို့၏​လုပ်ရပ်များ​သည် ယေဟောဝါ​အား နာခံမှု​ရှိကြောင်း ဖော်ပြ​ရန် ပညတ်ချက်​များ​ကို ‘ကျွန်ုပ်​တို့၏​လက်၌ လက္ခဏာ​သက်သေ​ဖို့​ရာ ချည်​ထား​ရမည်’ ဖြစ်သည်။ ထို့​ပြင် “မျက်စိ​ကြား​မှာ သင်း​ကျစ်​ကဲ့သို့” ကျွန်ုပ်​တို့၏​နာခံမှု​ကို အားလုံး​ရှေ့တွင် အထင်အရှား​ဖော်ပြ​ရမည်​ဖြစ်သည်။

၆:၁၆ဣသရေလလူ​တို့သည် မ​ဿာ​အရပ်​တွင် ရေ​မရှိသော​ကြောင့် ယုံကြည်ခြင်း​ကင်းမဲ့​စွာ မြည်တမ်း​ခဲ့​ကြ​သကဲ့သို့ ကျွန်ုပ်​တို့သည် ယေဟောဝါ​အား ဘယ်တော့​မျှ မစုံစမ်း​မိအောင် နေကြပါ​စို့။—ထွက်မြောက်ရာ ၁၇:၁-၇

၈:၁၁-၁၈လောက​စည်းစိမ်​ကို အဓိက​ထားခြင်း​ဖြင့် ယေဟောဝါ​အား မေ့လျော့​သွား​နိုင်​သည်။

၉:၄-၆မိမိကိုယ်ကို​ဖြောင့်မတ်​သည်​ဟု မယူဆ​သင့်။

၁၃:၆ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​မှု​မှ သွေဖည်​သွားစေရန် မည်​သူ့ကို​မျှ ခွင့်​မပြု​ပါ​နှင့်။

၁၄:၁မိမိကိုယ်ကို လှီးဖြတ်​ခြင်း​သည် လူ့​ကိုယ်ခန္ဓာ​ကို မလေးစားကြောင်း ဖော်ပြ​ရာ​ရောက်​သည်​သာမက မှောက်မှားသော​ဘာသာ​တရား​နှင့် ဆက်နွှယ်​နေရာ ယင်းကို ရှောင်ကြဉ်​ရမည်။ (၃ ဓမ္မ​ရာဇဝင် ၁၈:၂၅-၂၈) ကျွန်ုပ်​တို့၏​ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​သည် သေလွန်သူ​များ​အတွက် ထိုသို့​အကြီးအကျယ်​ဝမ်းနည်း​ငိုကြွေးခြင်း​နှင့် လုံးဝ​မအပ်စပ်​ချေ။

၂၀:၅-၇; ၂၄:၅ပြုလုပ်​ရမည့်​တာဝန် အရေးကြီး​နေလျှင်​ပင် ထူးခြားသည့်​အခြေအနေ​အောက်တွင် ရှိသောသူ​များ​ကို ထောက်ထား​သင့်​သည်။

၂၂:၂၃-၂၇အမျိုးသမီး​တစ်ဦး​သည် ဗလက္ကာရပြု​ခံရ​သည့်​အခါ အထိရောက်ဆုံး​ကာကွယ်​နည်း​တစ်ခု​မှာ အော်ဟစ်​အကူအညီ​တောင်းခြင်း​ဖြစ်၏။

‘အသက်ရှင်ခြင်းကို ရွေးယူ​ရမည်’

(တရားဟောရာ ၂၇:၁–၃၄:၁၂)

မောရှေ၏​တတိယ​မိန့်ခွန်း​တွင် ဣသရေလလူ​တို့ ယော်ဒန်​မြစ်ကို ဖြတ်ကူး​ပြီး​နောက် ကျောက်တုံး​ကြီး​များ​ပေါ်​တွင် ပညတ်တရား​ကို ရေးသား​ပြီး မနာခံမှု​အတွက် ကျိန်ခြင်း​နှင့် နာခံမှု​အတွက် ကောင်းချီး​များ​ကို ကြေညာ​ရမည်ဟု ဖော်ပြ​သည်။ စတုတ္ထ​မိန့်ခွန်း​ကို ယေဟောဝါ​နှင့် ဣသရေလလူ​မျိုးစပ်​ကြား အသစ်တစ်ဖန် ပဋိညာဉ်ဖွဲ့​ခြင်း​နှင့် နိဒါန်း​ပျိုး​လိုက်​သည်။ မောရှေ​သည် မနာခံမှု​နှင့်​ပတ်သက်​၍ ထပ်ခါတလဲ​လဲ သတိပေး​ပြီး ‘အသက်ရှင်ခြင်းကို​ရွေးယူ’ ရန်​အားပေး​တိုက်တွန်း​၏။—တရားဟောရာ ၃၀:၁၉

မောရှေ​သည် မိန့်ခွန်း​လေးခု​ကို​ပေး​ပြီး​နောက် ခေါင်းဆောင်မှု​ပြောင်းလဲခြင်း​အကြောင်း ဆွေးနွေး​သည်၊ ယေဟောဝါ​အား​ချီးမွမ်း​သည့် လှပ​စွာ​သီကုံး​ထားသော သီချင်း​တစ်ပုဒ်​ကို ဣသရေလလူ​တို့အား သွန်သင်ပေး​သည်၊ ယုံကြည်ခြင်း​ကင်းမဲ့မှု​ကြောင့် ဖြစ်ပေါ်​လာ​သည့် ဝမ်းနည်း​ကြေကွဲမှု​အကြောင်း သတိပေး​ခဲ့​သည်။ အမျိုးအနွယ်​အလိုက် ကောင်းချီး​ပေး​ပြီး​နောက် အသက် ၁၂၀ တွင် မောရှေ​ကွယ်လွန်​သွား​သည်၊ ထို့နောက် သူ့ကို သင်္ဂြိုဟ်​လိုက်​ကြ​လေ​သည်။ တရားဟောရာကျမ်း​ကို ရေးသားချိန် တစ်ဝက်​နီးပါး​ကြာ ရက်ပေါင်း ၃၀ တိုင် မောရှေ​အတွက် ငိုကြွေး​ခဲ့​ကြသည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၃၂:၁၃၊ ၁၄—အဘယ်​ဆီ​ဥ​ကို​မျှ မစားဖို့ ဣသရေလလူ​တို့ကို တားမြစ်​ထား​ရာ “သိုးသငယ်​ဆီ​ဥ” စားသုံးခြင်း​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ဤ​တွင်​ဖော်ပြ​ထားသော ဆီ​ဥ​သည် ပုံဆောင်​သဘော​အရ​ဖြစ်​ပြီး အကောင်းဆုံး​သိုး​ဟု အဓိပ္ပာယ်​ရ၏။ ၎င်း​အခန်းငယ်​က​ပင် “ဂျုံ​စပါး ကျောက်ကပ်​ဆီ​ဥ” နှင့် “စပျစ်​သီး​အသွေး​စစ်” ဟူ၍ ဆို​ထား​ရာ ပုံဆောင်​အသုံးအနှုန်း​ဖြစ်​ကြောင်း ထင်ရှား​၏။

၃၃:၁-၂၉—ဣသရေလ​အမျိုးသားများ​ကို မောရှေ​ကောင်းချီး​ပေး​ရာ​တွင် ရှိမောင်​အတွက် အဘယ်ကြောင့် သတ်သတ်မှတ်မှတ် မဖော်​ပြ​ခဲ့​သနည်း။ ရှိမောင်​နှင့်​လေဝိ​သည် “ကြမ်းတမ်း​စွာ” ပြုမူ​ပြီး “ပြင်းစွာ” အမျက်ထွက်​ခဲ့​ကြသော​ကြောင့်​ဖြစ်သည်။ (ကမ္ဘာဦး ၃၄:၁၃-၃၁; ၄၉:၅-၇) သူတို့၏​အမွေ​သည် အခြား​အမျိုးအနွယ်​တို့​ရရှိခဲ့​သည့် အမွေ​နှင့် မတူ​ပါ။ လေဝိ​သည် ၄၈ မြို့​ရရှိခဲ့​ပြီး ရှိမောင်​၏​အမွေမြေ​မှာ ယုဒ​၏​အမွေမြေ​အတွင်း​၌ ရှိသည်။ (ယောရှု ၁၉:၉; ၂၁:၄၁၊ ၄၂) ထို့​ကြောင့် မောရှေ​သည် ရှိမောင်​ကို သတ်သတ်မှတ်မှတ် ကောင်းချီး​မပေးခဲ့​ချေ။ သို့သော် ရှိမောင်​၏​ကောင်းချီး​သည် ဣသရေလ​လူမျိုး​ကို​ပေး​သည့် ကောင်းချီး​တွင်​ပါ​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၃၁:၁၂အသင်းတော်​အစည်းအဝေး​များ​တွင် လူငယ်များသည် လူကြီး​များနှင့်​အတူ ထိုင်၍ ကြိုးစား​နားထောင်၊ သင်ယူ​သင့်​သည်။

၃၂:၄ယေဟောဝါ​၏​လုပ်ဆောင်မှု​အားလုံး​ကို တရား​မျှတခြင်း၊ ဉာဏ်ပညာ၊ ချစ်ခြင်း​နှင့် တန်ခိုး​စ​သည့် ဂုဏ်ရည်တော်​များ​ဖြင့် အပို​အလို​မရှိ​ဟန်ချက်ညီ​ညီ ဖော်ဆောင်​ထား​ရာ ယင်း​တို့သည် ပြည့်ဝ​စုံလင်​၏။

ကျွန်ုပ်​တို့အတွက် အဖိုး​များစွာ​ထိုက်

ယေဟောဝါ​သည် “တစ်ပါး​တည်း​သော ယေဟောဝါ” ဖြစ်​ကြောင်း တရားဟောရာကျမ်း​က ဖော်ပြ​၏။ (တရားဟောရာ ၆:၄က​ဘ) ယင်း​စာအုပ်​သည် ဘုရားသခင်​နှင့် ထူးခြားသည့်​ဆက်ဆံ​ရေး​ရှိ လူမျိုး​အကြောင်း​ဖြစ်သည်။ တရားဟောရာကျမ်း​သည် ရုပ်ပုံ​ကိုးကွယ်​ခြင်း​မပြုရ​ဟု သတိပေး​ပြီး စစ်မှန်သော​ဘုရားသခင်​အား အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြုဖို့ လို​ကြောင်း အလေးအနက်​ဖော်ပြ​၏။

တရားဟောရာကျမ်း​သည် ကျွန်ုပ်​တို့အတွက် အဖိုး​များစွာ​ထိုက်​သည်​မှာ သေချာ​၏! ကျွန်ုပ်​တို့သည် ပညတ်တရား​အောက်တွင် မရှိကြ​သော်လည်း ‘ကျွန်ုပ်​တို့၏​ဘုရားသခင် ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့်​ချစ်’ ရန်​ထောက်ကူ​ပေး​မည့် တရားဟောရာကျမ်း​မှ များစွာ​သင်ယူ​နိုင်​ပါ​သည်။—တရားဟောရာ ၆:၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 မောရှေ​ကွယ်လွန်​ခြင်း​အကြောင်းပါ​သည့် နောက်ဆုံး​အခန်းကြီး​ကို ယောရှု သို့​မဟုတ် ယဇ်ပုရောဟိတ်​မင်းကြီး ဧ​လာ​ဇာ ရေးသားခဲ့​ဖွယ်​ရှိ၏။

[စာမျက်နှာ ၂၄ ပါ မြေပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

စိရ

ကာဒေရှ​ဗာနာ

သိနာ​တောင် (ဟော​ရပ်)

ပင်လယ်နီ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

တရားဟောရာကျမ်း​၏​အဓိက​အပိုင်း​တွင် မောရှေ၏​မိန့်ခွန်း​များ ပါဝင်

[Credit Line]

Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

မန္န​မုန့်ကို ယေဟောဝါ​ကျွေးခြင်း​မှ အဘယ်​သင်ခန်းစာ ရရှိနိုင်​သနည်း

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကြိတ်ဆုံ​အပေါ်​ကျောက်ပြား​ကို​ဖြစ်စေ၊ အောက်​ကျောက်ပြား​ကို​ဖြစ်စေ အပေါင်​ယူခြင်း​သည် “အသက်” ကို​အပေါင်​ယူခြင်း​နှင့်​တူ