အလေဂျန်းဒရာထံမှ စာတစ်စောင်
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ မှတ်တမ်း
အလေဂျန်းဒရာထံမှ စာတစ်စောင်
စာရေးခြင်းသည် ထိရောက်သောသက်သေခံနည်းတစ်ခုဖြစ်ခဲ့သည်မှာ ကြာခဲ့ပေပြီ။ ရလဒ်မှာ တစ်ခါတစ်ရံ မရေရာပုံရှိသော်လည်း ထိုနည်းကို စွဲစွဲမြဲမြဲအသုံးပြုသူတို့သည် ကြွယ်ဝစွာကောင်းချီးခံစားခဲ့ရကြပြီ။ သူတို့သည် သမ္မာကျမ်းစာ၏ ဤပညာရှိသွန်သင်ချက်ကို သတိရကြသည်– “နံနက်အချိန်၌မျိုးစေ့ကိုကြဲလျက်၊ လက်မလျှော့ဘဲ ညဦးအချိန်တိုင်အောင်ကြဲလော့။ အကြောင်းမူကား အဘယ်အရာက အကျိုးရှိမည်ကိုလည်းကောင်း၊ နှစ်ပါးစလုံးအညီအမျှအကျိုးရှိမည်ကိုလည်းကောင်း မသိနိုင်။”—ဒေ. ၁၁:၆၊ သမ္မာ။
ယေဟောဝါသက်သေများ၏ မက္ကဆီကိုဌာနခွဲရုံးတွင် ဆယ်နှစ်နီးပါးအမှုထမ်းခဲ့သော သက်သေခံလူငယ်မိန်းကလေး အလေဂျန်းဒရာသည် ကင်ဆာရောဂါကြောင့် ဓာတုကုထုံးကို ခံယူခဲ့ရသည်။ အခြေအနေဆိုးဝါးလာပြီး အလွန်အားနည်းလာရာ နေ့စဉ်လုပ်ငန်းဆောင်တာများကို သူမလုပ်နိုင်တော့ချေ။ သို့သော် အလေဂျန်းဒရာသည် ခရစ်ယာန်ဓမ္မအမှုကို မပျက်ကွက်လိုသဖြင့် စာရေးဖို့ဆုံးဖြတ်ခဲ့သည်။ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်အကြောင်း ရေးသားပြီး မိခင်ဖြစ်သူ၏ဖုန်းနံပါတ်ကို ထည့်ရေးခဲ့သည်။ ထို့နောက် ၎င်းစာများကို သူ၏မိခင်အား ပေးအပ်ခဲ့သည်၊ မိခင်ဖြစ်သူ တစ်အိမ်မှတစ်အိမ် အမှုဆောင်သွားသောအခါ လူမရှိသည့်နေအိမ်များတွင် ထားရစ်ခဲ့ဖို့ဖြစ်သည်။
ထိုအချိန်အတောအတွင်း ဂွာတီမာလာနိုင်ငံမှ မိန်းမငယ် ဒိုင်ရိုဟေနီသည် မက္ကဆီကိုနိုင်ငံ၊ ခဲန်ခွန်းကျွန်းတွင် အိမ်ဖော်အလုပ် သွားရောက်လုပ်ကိုင်ခဲ့သည်။ ထိုကျွန်းတွင်ရှိနေစဉ် သူသည် ယေဟောဝါသက်သေများနှင့်ဆက်သွယ်မိပြီး သူတို့နှင့်ကျမ်းစာဆွေးနွေးလျက်ရှိသည်။ မကြာမီ သူ၏အလုပ်ရှင်လင်မယားသည် မက္ကဆီကိုမြို့သို့ ပြောင်းရွှေ့ရန်ဆုံးဖြတ်ကာ သူ့ကိုပါ ခေါ်သွားလိုကြသည်။ ဒိုင်ရိုဟေနီသည် သက်သေခံများနှင့် အဆက်အသွယ်ပြတ်သွားမည်စိုးသဖြင့် လိုက်သွားဖို့ ချီတုံချတုံဖြစ်ခဲ့သည်။
သူ၏အလုပ်ရှင်များက ဤသို့စိတ်ချအောင်ပြောခဲ့သည်– “စိတ်မပူပါနဲ့၊ သက်သေခံတွေက နေရာတကာမှာရှိတယ်။ တို့တစ်တွေ ဟိုကိုရောက်တာနဲ့ သူတို့ကိုရှာကြမယ်လေ။” ဝမ်းသာစရာကောင်းသော ထိုမျှော်လင့်ချက်ဖြင့် ဒိုင်ရိုဟေနီသည် သူတို့နှင့်လိုက်သွားဖို့ သဘောတူခဲ့သည်။ ဒိုင်ရိုဟေနီ၏အလုပ်ရှင်တို့သည် မက္ကဆီကိုမြို့ရောက်သည်နှင့် သက်သေခံများကို ရှာကြတော့သည်။ ထိုမြို့တွင် သက်သေခံ ၄၁,၀၀၀ ကျော်ရှိပြီး အသင်းတော်ပေါင်း ၇၃၀ ရှိသော်လည်း အကြောင်းတစ်ခုခုကြောင့် သူတို့ရှာမတွေ့နိုင်ခဲ့ချေ။
ကျမ်းစာဆွေးနွေးမှုများ ပြန်စရန် သက်သေခံများကို ရှာမတွေ့နိုင်သောကြောင့် မကြာမီ ဒိုင်ရိုဟေနီစိတ်ဓာတ်ကျလာလေသည်။ တစ်နေ့သော် သူ၏အလုပ်ရှင်အမျိုးသမီးက “ဟောဒီမှာ! မင်းရဲ့ဆုတောင်းချက်တွေကို မင်းရဲ့ဘုရားသခင်ကြားသွားပြီ” ဟုလာပြောသည်။ “သက်သေခံတွေက မင်းအတွက် ဒီစာကိုထားခဲ့ကြတယ်” ဟုဆိုကာ စာတစ်စောင်လှမ်းပေးသည်။ အလေဂျန်းဒရာ၏စာဖြစ်သည်။
ဒိုင်ရိုဟေနီသည် အလေဂျန်းဒရာ၏မိခင်နှင့် ညီမဖြစ်သူဗလဲန်ကာတို့နှင့် အဆက်အသွယ်ရခဲ့ပြီး ကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။ အပတ်အနည်းငယ်ကြာပြီးနောက် အလေဂျန်းဒရာနှင့်ဆုံတွေ့ ခဲ့၍ ဝမ်းသာပီတိဖြစ်ခဲ့ကြသည်။ ဝိညာဉ်ရေးတွင် တိုးတက်နိုင်စေဖို့ ကျမ်းစာလေ့လာမှုမှ သိရှိခဲ့ရာများကို လက်တွေ့ကျင့်သုံးရန် အလေဂျန်းဒရာက သူ့ကိုအားပေးခဲ့သည်။
လအနည်းငယ်ကြာပြီးနောက် ၂၀၀၃၊ ဇူလိုင်လတွင် အလေဂျန်းဒရာသည် ယုံကြည်သူချင်းများအတွက် ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိဆိုင်ရာ ပုံနမူနာကောင်းတစ်ခု ထားရစ်ကာ ကွယ်လွန်သွားခဲ့သည်။ ဈာပနအခမ်းအနားတွင် ဒိုင်ရိုဟေနီကိုဆုံတွေ့ရပြီး သူပြောပြသည့် ဤစကားများက များစွာသောသူတို့၏နှလုံးကို အလွန်ထိမိခဲ့သည်– “အလေဂျန်းဒရာနဲ့ သူ့မိသားစုဟာ ကျွန်မအတွက် တကယ်ကောင်းတဲ့ ပုံသက်သေပါပဲ။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ပြီး မကြာခင် နှစ်ခြင်းခံဖို့ ကျွန်မစိတ်ပိုင်းဖြတ်ထားပါတယ်။ ရောက်လာတော့မယ့်ပရဒိသုမှာ အလေဂျန်းဒရာနဲ့ ပြန်တွေ့ချင်လိုက်တာ!”
မှန်ပါသည်၊ စာတစ်စောင်သည် ဘာမျှမဟုတ်သည့်အရာလေးဖြစ်ပေမည်။ သို့သော် နှစ်လိုဖွယ်ကောင်း၍ တည်မြဲသောအကျိုးဆက်များ ရှိနိုင်ပါသည်!