နှိပ်စက်ညှဉ်းပန်းခံရသော်လည်း ပျော်ရွှင်ကြ
နှိပ်စက်ညှဉ်းပန်းခံရသော်လည်း ပျော်ရွှင်ကြ
‘ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် ပျော်ရွှင်ကြ၏။’—မဿဲ ၅:၁၁။
၁။ ပျော်ရွှင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့အကြောင်း မိမိ၏နောက်လိုက်များကို ယေရှု အဘယ်သို့အာမခံသနည်း။
ယေရှုသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရန် မိမိ၏တမန်တော်များကို ပထမဆုံးအကြိမ်စေလွှတ်ခဲ့ချိန်က သူတို့သည် ဆန့်ကျင်မှု ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။ သူတို့ကို ကိုယ်တော် ဤသို့မိန့်တော်မူခဲ့သည်– “လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။” (မဿဲ ၁၀:၅-၁၈၊ ၂၂) သို့ရာတွင် ထိုသို့မိန့်တော်မမူမီ အဆိုပါဆန့်ကျင်မှုသည် တမန်တော်များနှင့် အခြားသူများ၏စစ်မှန်သောပျော်ရွှင်မှုကို အန္တရာယ်မပြုနိုင်ကြောင်း ကိုယ်တော်၏တောင်ပေါ်တရားတော်တွင် ကိုယ်တော် အာမခံခဲ့သည်။ စင်စစ်အားဖြင့် ပျော်ရွှင်ခြင်းသည် ခရစ်ယာန်များအဖြစ် နှိပ်စက်ညှဉ်းပန်းခံရခြင်းနှင့်ပင် ဆက်စပ်ကြောင်း ယေရှုဖော်ပြခဲ့သည်! နှိပ်စက်ညှဉ်းပန်းခြင်းသည် မည်သို့ ပျော်ရွှင်စေနိုင်သနည်း။
ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲခံရခြင်း
၂။ ယေရှုနှင့် တမန်တော်ပေတရုတို့၏အဆိုအရ မည်သို့သောဆင်းရဲခြင်းသည် ပျော်ရွှင်မှုရရှိစေသနည်း။
၂ အဋ္ဌမမြောက်ပျော်ရွှင်မှုကို ယေရှုဤသို့ မိန့်တော်မူ၏– ‘ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။’ (မဿဲ ၅:၁၀) ဆင်းရဲခံရခြင်းကိုယ်နှိုက်သည် ကောင်းသောအမှုမဟုတ်ပါ။ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “ကိုယ်အပြစ်ကြောင့်ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာပြု၍ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့်ရှေ့တော်၌ ကျေးဇူးရှိ၏။” ဤသို့လည်း သူဆက်ဖော်ပြခဲ့သည်– “လူအသက်ကိုသတ်သောအပြစ်၊ သူ့ဥစ္စာကိုခိုးသောအပြစ်၊ ဒုစရိုက်ကိုပြုသောအပြစ်၊ သူတစ်ပါးအမှု၌ရောနှောသောအပြစ်ရှိ၍၊ သင်တို့တွင် အဘယ်သူမျှမခံစေနှင့်။ ခရစ်ယာန်ဖြစ်သောကြောင့်ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်းမရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းစေ။” (၁ ပေတရု ၂:၂၀; ၄:၁၅၊ ၁၆) ယေရှုပြောသည့်အတိုင်းဆိုလျှင် ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲခြင်းကိုခံရလျှင် ပျော်ရွှင်မှုရရှိမည်ဖြစ်သည်။
၃။ (က) ဖြောင့်မတ်ခြင်းတရားအတွက် နှိပ်စက်ညှဉ်းပန်းခံရခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ (ခ) နှိပ်စက်ညှဉ်းပန်းမှုသည် အစောပိုင်းခရစ်ယာန်များအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၃ စစ်မှန်သောဖြောင့်မတ်မှုကို ဘုရားသခင့်အလိုတော်နှင့် မိန့်မှာချက်များ လိုက်နာခြင်းဖြင့် တိုင်းတာနိုင်သည်။ ထို့ကြောင့် ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲခံရခြင်းသည် ဘုရားသခင့်စံနှုန်းများ သို့မဟုတ် တောင်းဆိုချက်များကို ချိုးဖောက်ရန် ဖိအားပေးမှုများကို ခုခံတွန်းလှန်ခြင်းကြောင့် ဆင်းရဲခံရခြင်းဖြစ်၏။ တမန်တော်များသည် ယေရှု၏နာမဖြင့် မဟောပြောရဟူသည့်အမိန့်ကို ငြင်းဆန်ပြီး ဆက်ဟောပြောခဲ့ကြသောကြောင့် ဂျူးခေါင်းဆောင်များ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရသည်။ (တမန်တော် ၄:၁၈-၂၀; ၅:၂၇-၂၉၊ ၄၀) ယင်းကြောင့် သူတို့၏ရွှင်လန်းမှု ပျောက်ဆုံးသွားသလော၊ မဟောပြောတော့ဘဲ နေခဲ့ကြသလော။ ဝေးလေစွ! “တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏နာမကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကိုခံထိုက်ကြသည်ဟုမှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။ [ဝတ်ပြုရာအိမ်]တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ်ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။” (တမန်တော် ၅:၄၁၊ ၄၂) ဤသို့နှိပ်စက်ညှဉ်းပန်းခံခဲ့ရသောကြောင့် သူတို့ရွှင်လန်းအားရစွာဖြင့် ဟောပြောခြင်းလုပ်ငန်းကို ဇွဲလုံ့လနှင့်ဆောင်ရွက်ရန် အားသစ်လောင်းခံခဲ့ရသည်။ နောက်ပိုင်းတွင် ထိုအစောပိုင်းခရစ်ယာန်များသည် ဧကရာဇ်ဝတ်ပြုမှုကို မပြုလုပ်ခဲ့ကြသောကြောင့် ရောမများ၏နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ကြရသည်။
၄။ ခရစ်ယာန်များ နှိပ်စက်ညှဉ်းပန်းခံရသည့် အကြောင်းရင်းတချို့ကား အဘယ်နည်း။
၄ မျက်မှောက်ခေတ်တွင် ယေဟောဝါသက်သေများသည် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ကိုဟောပြောကြသောကြောင့် နှိပ်စက်ညှဉ်းပန်းခံရကြ၏။ (မဿဲ ၂၄:၁၄) သူတို့၏ခရစ်ယာန်အစည်းအဝေးများကို ပိတ်ပင်သည့်အခါ သမ္မာကျမ်းစာမိန့်မှာသည့်အတိုင်း အတူတကွစည်းဝေးခြင်းအမှုကို သူတို့ရပ်တန့်မည့်အစား နှိပ်စက်ညှဉ်းဆဲခံဖို့ အသင့်ရှိကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သူတို့၏ခရစ်ယာန်ကြားနေခြင်း၊ သွေးကိုတလွဲမသုံးခြင်းတို့ကြောင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသည်။ (ယောဟန် ၁၇:၁၄; တမန်တော် ၁၅:၂၈၊ ၂၉) သို့သော်ငြားလည်း ဖြောင့်မတ်ခြင်းတရားအတွက် ဤသို့ရပ်တည်ခြင်းကြောင့် ယနေ့ ဘုရားသခင့်လူမျိုးသည် စိတ်ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုရရှိကြသည်။—၁ ပေတရု ၃:၁၄။
ခရစ်တော်အတွက် ကဲ့ရဲ့ခံရကြ
၅။ မျက်မှောက်ခေတ်တွင် ယေဟောဝါ၏လူမျိုး နှိပ်စက်ညှဉ်းပန်းခံရသည့် အကြောင်းရင်းကား အဘယ်နည်း။
၅ တောင်ပေါ်တရားတော်တွင် ယေရှုဖော်ပြခဲ့သည့် နဝမမြောက်ပျော်ရွှင်မှုသည်လည်း နှိပ်စက်ညှဉ်းပန်းမှုနှင့် ဆက်စပ်သည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– ‘ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် ပျော်ရွှင်ကြ၏။’ (မဿဲ ၅:၁၁) ယေဟောဝါ၏လူမျိုး နှိပ်စက်ညှဉ်းပန်းခံရသည့်အဓိကအကြောင်းမှာ သူတို့သည် လက်ရှိအစီအစဉ်စနစ်ဆိုး၏အစိတ်အပိုင်း မဟုတ်ကြ၍ဖြစ်သည်။ ယေရှုက မိမိ၏တပည့်တော်များကို ဤသို့မိန့်တော်မူခဲ့သည်– ‘သင်တို့သည် လောကနှင့်ဆက်ဆံလျှင်၊ လောကသားတို့သည် မိမိတို့နှင့်ဆက်ဆံသောသင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည်လောကနှင့်မဆက်ဆံ၊ လောကထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကသားတို့သည် သင်တို့ကိုမုန်းကြ၏။’ (ယောဟန် ၁၅:၁၉) အလားတူပင် တမန်တော်ပေတရုက “ယခုမှာ သင်တို့သည် သူတို့နှင့်အတူမဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူးညစ်ညူးစွာမပြုသည်အရာကို သူတို့သည်အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏” ဟုဖော်ပြခဲ့သည်။—၁ ပေတရု ၄:၄။
၆။ (က) အကြွင်းအကျန်နှင့် ၎င်းတို့၏အပေါင်းပါများသည် အဘယ်ကြောင့် ကဲ့ရဲ့ညှဉ်းဆဲခံကြရသနည်း။ (ခ) ထိုသို့ကဲ့ရဲ့ခံရခြင်းကြောင့် ကျွန်ုပ်တို့၏ပျော်ရွှင်မှု လျော့နည်းသွားသလော။
၆ အစောပိုင်းခရစ်ယာန်များသည် ယေရှု၏နာမကိုအမှီပြု၍ ဆက်လက်ဟောပြောခဲ့ကြသောကြောင့် နှိပ်စက်ညှဉ်းပန်းခံရကြကြောင်း ကျွန်ုပ်တို့ သိရှိခဲ့ကြရပြီးဖြစ်သည်။ ခရစ်တော်က ကိုယ်တော်၏နောက်လိုက်များအား “မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” ဟုတာဝန်ပေးခဲ့သည်။ (တမန်တော် ၁:၈) ခရစ်တော်၏ ဝိညာဉ်တော်ဖွား တည်ကြည်သောညီအစ်ကိုအကြွင်းအကျန်သည် ၎င်းတို့၏တည်ကြည်သောအပေါင်းပါ “လူအုပ်ကြီး” ၏ထောက်မကူညီမှုဖြင့် ယင်းတာဝန်ကို စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့ကြသည်။ (ဗျာ. ၇:၉) ထို့ကြောင့် စာတန်သည် “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ကြွင်းသောအမျိုးအနွယ် [ဘုရားသခင့်အဖွဲ့အစည်း၏ကောင်းကင်ဆိုင်ရာအပိုင်း] ကို စစ်တိုက်ခြင်းငှာသွား၏။” (ဗျာ. ၁၂:၉၊ ၁၇) ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားတည်ရာကမ္ဘာသစ် မတည်ထောင်စေရန် တားဆီးသည့် လူ့အုပ်စိုးမှုအားလုံးကို ဖျက်ဆီးပစ်မည့် ဘုရားသခင့်နိုင်ငံတော်အစိုးရ၏ နန်းထိုင်ဘုရင် ယေရှုအကြောင်း သက်သေခံဟောပြောကြသည်။ (ဒံယေလ ၂:၄၄၊ ၄၅; ၂ ပေတရု ၃:၁၃) ဤသို့ပြုသောကြောင့် ကျွန်ုပ်တို့ ကဲ့ရဲ့ညှဉ်းဆဲခံရကြသည်၊ သို့သော် ခရစ်တော်၏နာမကြောင့် ဆင်းရဲခံကြရသည့်အတွက် ကျွန်ုပ်တို့ ပျော်ရွှင်ကြပါသည်။—၁ ပေတရု ၄:၁၄။
၇၊ ၈။ ဆန့်ကျင်သူများသည် အစောပိုင်းခရစ်ယာန်များအကြောင်း မည်သို့မဟုတ်မမှန် ပြောဆိုခဲ့ကြသနည်း။
၇ လူတို့သည် ယေရှု၏တပည့်များကို “မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ” သူတို့သည် ပျော်ရွှင်သူများအဖြစ် မိမိတို့ကိုယ်ကို ယူမှတ်သင့်ကြောင်း ကိုယ်တော်မိန့်မှာခဲ့သည်။ (မဿဲ ၅:၁၁) အစောပိုင်းခရစ်ယာန်များ ထိုသို့ပင် ယူမှတ်ခဲ့ကြပါသည်။ စီ.အီး. ၅၉-၆၁ ခန့်တွင် ရောမမြို့၌ တမန်တော်ပေါလု အကျယ်ချုပ်ခံခဲ့ရသောအခါ ဂျူးခေါင်းဆောင်များက ခရစ်ယာန်များအကြောင်း ဤသို့ပြောဆိုခဲ့ကြသည်– “ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကိုခံရသောဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်။” (တမန်တော် ၂၈:၂၂) ပေါလုနှင့် သိလတို့သည် ‘လောကနိုင်ငံကိုမှောက်လှန်’ ၍ “ကဲသာဘုရင်၏အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု” သောသူများအဖြစ် စွပ်စွဲခံခဲ့ကြရသည်။—တမန်တော် ၁၇:၆၊ ၇။
၈ ရောမအင်ပါယာအုပ်စိုးချိန်က ခရစ်ယာန်များအကြောင်းကို ကေ.အက်စ်. လတိုးရက်က ဤသို့ရေးသားဖော်ပြခဲ့သည်– “အမျိုးမျိုးစွပ်စွဲခံခဲ့ကြရသည်။ အယူမှားသောဘာသာရေးပွဲလမ်းသဘင်များတွင် ခရစ်ယာန်များ မပါဝင်ခဲ့ကြသောကြောင့် သူတို့ကို ဘုရားသခင်မဲ့ဝါဒီများဟု သမုတ်ခဲ့ကြ၏။ ဘဝတူလူ့အဖွဲ့အစည်း၏ ပွဲလမ်းသဘင်များကို ရှောင်ကြဉ်ကြခြင်းကြောင့် လူသားမျိုးနွယ်ကို မုန်းတီးသူများဟူ၍ ပြောင်လှောင်ခံခဲ့ကြရသည်။ . . . ညဘက်တွင် ယောက်ျားမိန်းမများ အတူတကွစုဝေးကြကာ . . . ရောထွေးကာမဆက်ဆံကြသည်ဟု ပြောဆိုခံရကြ၏။ . . . [ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲ] ကို ယုံကြည်သူများရှေ့တွင်သာ ကျင်းပလေ့ရှိကြသောကြောင့် ခရစ်ယာန်များသည် နို့စို့ကလေးတစ်ဦးကို ပုံမှန်ပူဇော်ပသကြပြီး ၎င်း၏အသွေးနှင့် အသားကို စားသုံးကြသည်ဟူ၍ ကောလာဟလသတင်း လွှင့်ကြသည်။” ထို့အပြင် အစောပိုင်းခရစ်ယာန်များသည် ဧကရာဇ်ဝတ်ပြုမှုဓလေ့ထုံးစံကို ငြင်းပယ်ကြသောကြောင့် နိုင်ငံတော်၏ရန်သူများအဖြစ်လည်း စွပ်စွဲခံရကြသည်။
၉။ ပထမရာစုခရစ်ယာန်များသည် မဟုတ်မမှန်စွပ်စွဲခံရခြင်းကိုမည်သို့တုံ့ပြန်ခဲ့ကြသနည်း၊ ယနေ့ အခြေအနေကား အသို့နည်း။
၉ ထိုသို့သော မဟုတ်မမှန်စွပ်စွဲချက်များကြောင့် အစောပိုင်းခရစ်ယာန်များသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို မဟောပြောဘဲ မနေခဲ့ကြပါ။ စီ.အီး. ၆၀-၆၁ ၌ “ဧဝံဂေလိတရား” သည် ‘လောကနိုင်ငံတစ်လျှောက်လုံးတွင် အသီးသီးခြင်း၊ တိုးပွားခြင်း’ ရှိခဲ့သဖြင့် “ကောင်းကင်အောက်၌ရှိသမျှသော . . . သတ္တဝါတို့အား ဟောပြော” ခဲ့ပြီဟု ပေါလုကြွေးကြော်နိုင်၏။ (ကောလောသဲ ၁:၅၊ ၆၊ ၂၂) ယနေ့လည်း အလားတူဖြစ်ပျက်နေပါသည်။ ယေဟောဝါသက်သေများသည် ပထမရာစုခရစ်ယာန်များနည်းတူပင် မဟုတ်မမှန်စွပ်စွဲခံနေရကြ၏။ သို့တိုင် ယနေ့ ဘုရားသခင့်နိုင်ငံသတင်းဟောပြောခြင်းလုပ်ငန်းသည် အောင်မြင်နေပြီး ထိုလုပ်ငန်းတွင်ပါဝင်သူတို့လည်း ပျော်ရွှင်မှုများစွာ ခံစားနေကြရသည်။
ပရောဖက်များကဲ့သို့ နှိပ်စက်ညှဉ်းပန်းခံရ၍ ပျော်ရွှင်နိုင်ကြ
၁၀၊ ၁၁။ (က) ယေရှုသည် နဝမမြောက်ပျော်ရွှင်မှုအကြောင်းသုံးသပ်ရာတွင် မည်သို့နိဂုံးချုပ်ခဲ့သနည်း။ (ခ) ပရောဖက်များသည် အဘယ်ကြောင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသနည်း။ ဥပမာများပေးပါ။
၁၀ ယေရှုသည် နဝမြောက်ပျော်ရွှင်မှုကို ဤသို့ဖော်ပြကာ နိဂုံးချုပ်ခဲ့သည်– “ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ . . . သင်တို့ရှေ့ကပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။” (မဿဲ ၅:၁၂) တည်ကြည်မှုမရှိသော ဣသရေလလူမျိုးကို သတိပေးရန် ယေဟောဝါ စေလွှတ်ခဲ့သည့်ပရောဖက်များကို မကြိုဆိုကြဘဲ မကြာခဏ နှိပ်စက်ညှဉ်းဆဲခဲ့ကြသည်။ (ယေရမိ ၇:၂၅၊ ၂၆) တမန်တော်ပေါလုက “ထိုမှတစ်ပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ . . . ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။ ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် . . . ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကိုခံရကြ၏” ဟုရေးသား သက်သေခံခဲ့သည်။—ဟေဗြဲ ၁၁:၃၂-၃၈။
၁၁ မင်းဆိုးအာဟပ်နှင့် သူ၏ဇနီးယေဇဗေလလက်ထက်တွင် ယေဟောဝါ၏ပရောဖက်များစွာသည် ဓားဖြင့်ကွပ်မျက်ခံခဲ့ကြရသည်။ (၃ ဓမ္မရာဇဝင် ၁၈:၄၊ ၁၃; ၁၉:၁၀) ပရောဖက်ယေရမိသည် ထိတ်တုံးခတ်ခံခဲ့ရပြီးနောက် ရေတွင်းပျက်ထဲ ပစ်ချခံခဲ့ရ၏။ (ယေရမိ ၂၀:၁၊ ၂; ၃၈:၆) ပရောဖက်ဒံယေလသည် ခြင်္သေ့တွင်းထဲ ပစ်ချခံခဲ့ရသည်။ (ဒံယေလ ၆:၁၆၊ ၁၇) ခရစ်ယာန်ခေတ်မတိုင်မီက ဤပရောဖက်အားလုံးသည် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးကို ခုခံကာကွယ်ပေးခဲ့ကြသောကြောင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသည်။ ပရောဖက်များစွာကို ဂျူးဘာသာရေးခေါင်းဆောင်များက နှိပ်စက်ညှဉ်းပန်းခဲ့သည်။ ယေရှုက ကျမ်းတတ်များနှင့် ဖာရိရှဲများကို “ပရောဖက်တို့ကိုသတ်သောသူတို့၏ အမျိုးအနွယ်” ဟုခေါ်ဆိုခဲ့သည်။—မဿဲ ၂၃:၃၁။
၁၂။ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ရှေးခေတ်ပရောဖက်များနည်းတူ နှိပ်စက်ညှဉ်းပန်းခံရခြင်းကို အခွင့်ထူးတစ်ခုဟု အဘယ်ကြောင့် ယူမှတ်ကြသနည်း။
၁၂ ယနေ့ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ထက်ထက်သန်သန်ဟောပြောကြသောကြောင့် မကြာခဏ နှိပ်စက်ညှဉ်းပန်းခံရကြသည်။ ကျွန်ုပ်တို့သည် “အတင်းအဓမ္မဘာသာသွင်း” သည်ဟု ရန်လိုသူများက စွပ်စွဲကြ၏၊ သို့သော် ကျွန်ုပ်တို့အရင် ယေဟောဝါ၏တည်ကြည်သောကိုးကွယ်သူများလည်း အလားတူ ကဲ့ရဲ့ဝေဖန်ခံခဲ့ကြရကြောင်း ကျွန်ုပ်တို့သိကြသည်။ (ယေရမိ ၁၁:၂၁; ၂၀:၈၊ ၁၁) ရှေးခေတ်ပရောဖက်များ ညှဉ်းဆဲခံခဲ့ရသည့် ထပ်တူအကြောင်းရင်းအတွက် ကျွန်ုပ်တို့ညှဉ်းဆဲခံရခြင်းကို အခွင့်ထူးအဖြစ် ယူမှတ်ကြသည်။ တပည့်ဖြစ်သူယာကုပ်က ဤသို့ရေးသားခဲ့သည်– ‘ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရားသခင်၏နာမတော်ကိုအမှီပြု၍ ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲခြင်း၊ သည်းခံခြင်း၏ပုံသက်သေကိုပြကြပြီဟု မှတ်ကြလော့။ သည်းခံနိုင်သောသူတို့သည် ပျော်ရွှင်သည်ဟူ၍ ငါတို့သည်ခေါ်ကြ၏။။’—ယာကုပ် ၅:၁၀၊ ၁၁။
ပျော်ရွှင်ရခြင်း အကြောင်းကောင်းများ
၁၃။ (က) နှိပ်စက်ညှဉ်းပန်းမှုခံရသဖြင့် ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဓာတ်မကျကြသနည်း။ (ခ) ကျွန်ုပ်တို့ကို မြဲမြံခိုင်ခံ့စေသည်ကား အဘယ်နည်း၊ ယင်းက အဘယ်အရာကို သက်သေထူသနည်း။
၁၃ နှိပ်စက်ညှန်းပန်းခံရခြင်းကြောင့် စိတ်ဓာတ်ကျမည့်အစား ကျွန်ုပ်တို့သည် ပရောဖက်များ၊ အစောပိုင်းခရစ်ယာန်များနှင့် ခရစ်တော်ယေရှုကိုယ်တော်တိုင်၏ခြေရာကို လိုက်နေကြောင်း သိကြ၍ နှစ်သိမ့်မှုရရှိကြသည်။ (၁ ပေတရု ၂:၂၁) ကျွန်ုပ်တို့သည် တမန်တော်ပေတရု၏ အောက်ပါစကားအစရှိသည့် နှုတ်မြွက်စကားတော်မှ ကျေနပ်မှုများစွာရရှိကြသည်– “ချစ်သူတို့၊ သင်တို့ကိုစုံစမ်းစရာဖို့ ယခုခံရသောမီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့သြဖွယ်သောအရာဖြစ်သည်ဟုထင်မှတ်၍၊ အံ့သြခြင်းမရှိကြနှင့်။ ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့အပေါ်မှာကျိန်းဝပ်တော်မူ၏။” (၁ ပေတရု ၄:၁၂၊ ၁၄) ယေဟောဝါ၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့အပေါ် ကျိန်းဝပ်ပြီး ခွန်အားပေးသောကြောင့်သာ နှိပ်စက်ညှဉ်းပန်းခံရစဉ် မြဲမြံစွာရပ်တည်နိုင်ကြကြောင်း ကိုယ်ပိုင်အတွေ့အကြုံမှ ကျွန်ုပ်တို့သိကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ထောက်မမှုကိုခံရခြင်းက ယေဟောဝါ၏ကောင်းချီးကို ကျွန်ုပ်တို့ခံစားနေရကြောင်း သက်သေထူသည်၊ ယင်းက ပျော်ရွှင်မှုများစွာ ပေးသည်။— ဆာလံ ၅:၁၂; ဖိလိပ္ပိ ၁:၂၇-၂၉။
၁၄။ ဖြောင့်မတ်ခြင်းတရားအတွက် နှိပ်စက်ညှဉ်းပန်းခံရခြင်းကို ဝမ်းမြောက်စရာ အဘယ်အကြောင်းများရှိသနည်း။
၁၄ ဖြောင့်မတ်ခြင်းတရားကြောင့် ဆန့်ကျင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုခံရသည့်အတွက် ကျွန်ုပ်တို့ ပျော်ရွှင်နိုင်သည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့သည် ဘုရားသခင်ဝတ်၌ မွေ့လျော်သည့် စစ်မှန်သောခရစ်ယာန်များအဖြစ် အသက်ရှင်နေထိုင်ကြကြောင်း သက်သေထူသောကြောင့်ဖြစ်သည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ယေရှုခရစ်၏တရားတော်နှင့်အညီ၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။” (၂ တိမောသေ ၃:၁၂) စမ်းသပ်ခံရသည့်အခါ ဖြောင့်မတ်တည်ကြည်ခြင်းအားဖြင့် စာတန် စိန်ခေါ်ပြောဆိုခဲ့သော ဤစကားမှားကြောင်း ဖော်ပြနိုင်၍ ကျွန်ုပ်တို့အလွန်ပျော်ရွှင်ကြသည်၊ သူပြောသည်ကား ယေဟောဝါဖန်ဆင်းထားသောသတ္တဝါအားလုံးသည် ကိုယ်ကျိုးအတွက်သာ ကိုယ်တော်အား ဝတ်ပြုနေကြ၏ဟူ၍ဖြစ်သည်။ (ယောဘ ၁:၉-၁၁; ၂:၃၊ ၄) ယေဟောဝါ၏ဖြောင့်မတ်သောပိုင်သအုပ်စိုးမှု သံသယကင်းရှင်းရေးတွင် အလွန်သေးငယ်သောကဏ္ဍမှပင် ကျွန်ုပ်တို့ပါဝင်ခွင့်ရကြ၍ ဝမ်းမြောက်ကြသည်။— သု. ၂၇:၁၁။
ဆုကျေးဇူးရသည့်အတွက် ဝမ်းမြောက်ရွှင်မြူးကြလော့
၁၅၊ ၁၆။ (က) “ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြ” ရန် အဘယ်အကြောင်းရင်းကို ယေရှုဖော်ပြခဲ့သနည်း။ (ခ) ဝိညာဉ်တော်ဖွားခရစ်ယာန်များအတွက် ကောင်းကင်တွင်သိုထားသော ဆုကျေးဇူးကား အဘယ်နည်း၊ ၎င်းတို့၏အပေါင်းပါ “အခြားသိုး” တို့သည်လည်း ဆုကျေးဇူးကို မည်သို့ရရှိကြမည်နည်း။
၁၅ ရှေးခေတ်ပရောဖက်များနည်းတူ ရှုတ်ချပြစ်တင်၊ နှိပ်စက်ညှဉ်းပန်းခံရသည့်အတွက် ရွှင်လန်းရသော နောက်ထပ်အကြောင်းတစ်ခုကို ယေရှုဖော်ပြခဲ့သည်။ နဝမမြောက် ပျော်ရွှင်မှုကိုဖော်ပြပြီး အဆုံးတွင် ကိုယ်တော် ဤသို့ဆိုသည်– “ဝမ်းမြောက် [“ခုန်ပေါက်၊” ကဘ] ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။” (မဿဲ ၅:၁၂) တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” (ရောမ ၆:၂၃) မှန်ပါသည်၊ ‘ကြီးမားသောဆုကျေးဇူး’ ကား အသက်ဆုဖြစ်ပြီး အဖိုးပေးဝယ်ယူနိုင်သည့်အခမဟုတ်ချေ။ ယင်းသည် အခမဲ့ဆုကျေးဇူးတစ်ခုဖြစ်၏။ ယေဟောဝါထံတော်မှရသည့်ဆုကျေးဇူးဖြစ်သောကြောင့် ယင်းသည် “ကောင်းကင်” ဆုကျေးဇူး ဖြစ်၏ဟု ယေရှုဆိုသည်။
၁၆ ဝိညာဉ်တော်ဖွားများသည် “အသက်သရဖူ” ကိုရရှိကြ၏၊ သို့ဖြင့် သူတို့သည် ခရစ်တော်နှင့်အတူ မသေနိုင်သောကောင်းကင်အသက်တာ ရရှိကြသည်။ (ယာကုပ် ၁:၁၂၊ ၁၇) မြေကြီးမျှော်လင့်ချက်ရှိသော “အခြားသိုး” တို့သည် မြေကြီးပရဒိသုတွင် ထာဝရအသက်ရရန် မျှော်လင့်ကြသည်။ (ယောဟန် ၁၀:၁၆; ဗျာ. ၂၁:၃-၅) ထိုလူတန်းစားနှစ်မျိုးစလုံးအတွက် ထို “ဆုကျေးဇူး” သည် သူတို့လုပ်ဆောင်၍ ရယူခဲ့ကြရာမဟုတ်ချေ။ ဝိညာဉ်တော်ဖွားများနှင့် “အခြားသိုး” တို့သည် ယေဟောဝါ၏ “ထူးမြတ်သော မခံစားထိုက်သည့်ကျေးဇူးတော်” ကြောင့် ၎င်းဆုကျေးဇူးကို ရရှိကြခြင်းဖြစ်သဖြင့် တမန်တော်ပေါလုက “ပြော၍မကုန်နိုင်သော ဘုရားသခင်၏ဆုကျေးဇူးတော်ကိုအောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း” ဟုဆိုခဲ့ခြင်းဖြစ်သည်။—၂ ကောရိန္သု ၉:၁၄၊ ၁၅။
၁၇။ နှိပ်စက်ညှဉ်းပန်းခံရသောအခါ ကျွန်ုပ်တို့အဘယ်ကြောင့် ဝမ်းမြောက်နိုင်ကာ ပုံဆောင်သဘောအရ “ရွှင်မြူး” နိုင်ကြသနည်း။
၁၇ ဧကရာဇ်နီရိုး၏ ရက်ရက်စက်စက်နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရကြမည့်ဆဲဆဲရှိ ခရစ်ယာန်များထံ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– ‘ထိုမျှမက၊ ဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဆင်းရဲခြင်းသည် သည်းခံခြင်းကိုပြုစုတတ်၏။ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကိုပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မျှော်လင့်ခြင်းကိုပြုစုတတ်၏။ ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာအကြောင်းနှင့်ကင်းလွတ်၏။’ ထပ်ဆင့်၍ ဤသို့လည်း ဖော်ပြခဲ့သည်– “မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲ [ခက်ခဲခြင်း] ရောက်သောအခါ သည်းခံကြလော့။” (ရောမ ၅:၃-၅; ၁၂:၁၂) ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ကောင်းကင်နှင့်ဆိုင်သည်ဖြစ်စေ၊ မြေကြီးနှင့်ဆိုင်သည်ဖြစ်စေ စမ်းသပ်မှုအောက် တည်ကြည်မှုရှိသည်အတွက် ရရှိမည့်ဆုကျေးဇူးမှာ ကျွန်ုပ်တို့ရရှိနိုင်သည့်အရာမှန်သမျှတို့ထက် သာလွန်ကြီးမြတ်ပါသည်။ ကျွန်ုပ်တို့၏ဘုရင် ယေရှုခရစ်၏လက်အောက်တွင် မေတ္တာရှင်ခမည်းတော်ယေဟောဝါအား ထာဝစဉ်ဝတ်ပြုချီးမွမ်းရမည့်အလားအလာ ရှိသည့်အတွက် ကျွန်ုပ်တို့၏ရွှင်လန်းမှုမှာ များလှပါသည်။ ကျွန်ုပ်တို့သည် ပုံဆောင်သဘောအရ ‘ရွှင်မြူး’ နိုင်ကြပါသည်။
၁၈။ အဆုံးနီးလာသည်နှင့်အမျှ လူမျိုးအပေါင်းတို့ မည်သို့ပြုရန် မျှော်လင့်နိုင်သနည်း၊ ယေဟောဝါမူ မည်သို့လုပ်ဆောင်တော်မူမည်နည်း။
၁၈ အချို့နိုင်ငံများတွင် ယေဟောဝါသက်သေများသည် နှိပ်စက်ညှဉ်းပန်းခံခဲ့ရကြပြီး ယခုပင် ညှဉ်းဆဲခံနေကြရသည်။ ဤအစီအစဉ်စနစ်၏ဆုံးခန်းနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်တွင် ယေရှုက စစ်မှန်သောခရစ်ယာန်များကို ဤသို့သတိပေးခဲ့သည်– “ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြလိမ့်မည်။” (မဿဲ ၂၄:၉) အဆုံးနီးလာသည်နှင့်အမျှ စာတန်သည် ယေဟောဝါ၏လူမျိုးအပေါ် လူမျိုးအပေါင်းတို့၏မုန်းတီးမှု ပိုမိုသိသာထင်ရှားလာစေရန်ပြုလိမ့်မည်။ (ယေဇကျေလ ၃၈:၁၀-၁၂၊ ၁၄-၁၆) ယင်းက ယေဟောဝါ အရေးယူဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ကြောင်း အချက်ပြပါလိမ့်မည်။ “ထိုသို့ငါသည် ကိုယ်ကိုချီးမြှောက်၍ ရိုသေဖွယ်သော ဂုဏ်လက္ခဏာကိုပြလျက် များစွာသောလူမျိုးတို့ရှေ့မှာ ထင်ရှားသောအခါ ငါသည် ထာဝရဘုရား[သခင်]ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။” (ယေဇကျေလ ၃၈:၂၃) သို့ဖြင့် ယေဟောဝါသည် မိမိ၏နာမတော်မြတ်ကို သန့်ရှင်းမြင့်မြတ်စေကာ မိမိ၏လူမျိုးကို နှိပ်စက်ညှဉ်းပန်းမှုအောက်မှ ကယ်လွှတ်တော်မူလိမ့်မည်။ ထို့ကြောင့် ‘တည်ကြည်သောသူသည် ပျော်ရွှင်၏။’—ယာကုပ် ၁:၁၂၊ ကဘ။
၁၉။ ‘ယေဟောဝါ၏နေ့ကြီး’ ကိုစောင့်မျှော်ရင်း ကျွန်ုပ်တို့ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။
၁၉ ယေဟောဝါ၏ ‘နေ့ကြီး’ နီးလာသည်နှင့်အမျှ ယေရှု၏နာမကြောင့် မိမိတို့သည် “အရှက်ကွဲခြင်းကို ခံထိုက်ကြသည်” ဟု ယူမှတ်ကြသောကြောင့် ဝမ်းမြောက်ကြပါစို့။ (၂ ပေတရု ၃:၁၀-၁၃; တမန်တော် ၅:၄၁) အစောပိုင်းခရစ်ယာန်များကဲ့သို့ ကျွန်ုပ်တို့လည်း ယေဟောဝါ၏ဖြောင့်မတ်သောကမ္ဘာသစ်တွင်ရရှိမည့် ဆုကျေးဇူးကို စောင့်မျှော်ရင်း ခရစ်တော်နှင့် ကိုယ်တော့်နိုင်ငံတော်အုပ်စိုးမှုအကြောင်း “ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ” စို့။—တမန်တော် ၅:၄၂; ယာကုပ် ၅:၁၁။
ပြန်လည်သုံးသပ်ခြင်းဖြင့်
• ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းဆဲခံခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။
• နှိပ်စက်ညှဉ်းပန်းမှုသည် အစောပိုင်းခရစ်ယာန်များ အပေါ် အဘယ်အကျိုးသက်ရောက်သနည်း။
• ယေဟောဝါသက်သေများသည် ရှေးခေတ်ပရောဖက်များနည်းတူ နှိပ်စက်ညှဉ်းပန်းခံရသည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။
• နှိပ်စက်ညှဉ်းပန်းခံရသဖြင့် ကျွန်ုပ်တို့ အဘယ်ကြောင့် “ဝမ်းမြောက်ရွှင်မြူး” နိုင်ကြသနည်း။
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
‘သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲကြသောအခါ၊ သင်တို့သည် ပျော်ရွှင်ကြ၏’
[Credit Line]
Group in prison: Chicago Herald-American