မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အိုယေဟောဝါ ကိုယ်တော် စီရင်ပြုပြင်တော်မူသောအရာများသည် အဘယ်မျှလောက် များပြားပါသည်တကား!’

‘အိုယေဟောဝါ ကိုယ်တော် စီရင်ပြုပြင်တော်မူသောအရာများသည် အဘယ်မျှလောက် များပြားပါသည်တကား!’

ယေဟောဝါ​၏​ဖန်ဆင်း​ခြင်း​လက်ရာ ခံ့ညား​ထည်ဝါမှု

‘အို​ယေဟောဝါ ကိုယ်တော် စီရင်​ပြုပြင်​တော်​မူ​သော​အရာများ​သည် အဘယ်မျှ​လောက် များပြား​ပါ​သည်​တကား!’

ကျွန်ုပ်​တို့သည် ကျေးလက်​တော​ရွာတွင် နေထိုင်​သည်​ဖြစ်စေ၊ မြို့ကြီးပြကြီး​တွင် နေထိုင်​သည်​ဖြစ်စေ၊ တောင်ပေါ်၊ သို့​မဟုတ် ပင်လယ်​နား​တွင် နေသည်​ဖြစ်စေ ကျွန်ုပ်​တို့ကို အံ့မခန်းဖွယ် ခံ့ညား​ထည်ဝါ​သော ဖန်ဆင်း​ခြင်း​လက်ရာတော်​များ ဝိုင်းရံ​လျက်​ရှိ၏။ ယေဟောဝါသက်သေ​များ​၏ ၂၀၀၄ ပြက္ခဒိန်​သည် ယေဟောဝါ​ဘုရားသခင်​၏ အံ့မခန်းဖွယ်​လက်ရာတော်​များ​၏​မြင်ကွင်း​စုံ​ကို သင့်လျော်​စွာ ဖော်ပြ​ထားခြင်း​ဖြစ်သည်။

ကျေးဇူး​သိ​တတ်​သူတို့သည် ဘုရားသခင့်​လက်ရာတော်​များ​ကို အမြဲ​စိတ်ဝင်စား​ကြ​၏။ သာဓက​အနေ​နှင့် “အရှေ့​ပြည်သား​အပေါင်း​တို့၏ . . . ပညာရှိ​သမျှ​ကို​လွန်ကဲ” သော ဉာဏ်ပညာ​ရှိသူ ရှောလမုန်​ကို သုံးသပ်ကြည့်​ပါ။ သူ့​အကြောင်း သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “လေဗနုန်​အာရဇ်ပင်​မှ​စ၍ အုတ်​ရိုး​တွင်​ပေါက်​တတ်သော ဟု​ဿုပ်​ပင်တိုင်​အောင်​မြွက်ဆို​၏။ သားမျိုး၊ ငှက်​မျိုး၊ တွား​တတ်သော​အကောင်​မျိုး၊ ငါး​မျိုး​များ​၏​အကြောင်းကိုလည်း မြွက်ဆို​၏။” (၃ ဓမ္မ​ရာဇဝင် ၄:၃၀၊ ၃၃သမ္မာ) ရှောလမုန်​၏​ခမည်းတော် ဒါဝိဒ်​မင်း​သည် ဘုရားသခင့်​လက်ရာတော်​များ​ကို ဆင်ခြင်​သုံးသပ်​လေ့​ရှိသည်။ သူ၏​ဖန်ဆင်း​ရှင်​ကို ဤသို့​ဟစ်ကြွေး​ရန် စေ့ဆော်​ခံ​ခဲ့​ရသည်– “ကိုယ်တော်​စီရင်​ပြုပြင်​တော်​မူ​သော​အရာများ​သည် အဘယ်မျှ​လောက်​များပြား​ပါ​သည်​တကား။ ရှိရှိသမျှကို ပညာတော်​အားဖြင့် ဖန်ဆင်း​တော်​မူ​ပါ​ပြီ။ မြေကြီး​သည် ဖန်ဆင်း​တော်​မူ​သော​အရာများ​နှင့် ကြွယ်ဝ​ပြည့်စုံ​ပါ​၏။”—ဆာလံ ၁၀၄:၂၄သမ္မာ။ *

ကျွန်ုပ်​တို့​လည်း ဖန်ဆင်း​ရာ​များ​ကို ဆင်ခြင်​သုံးသပ် လေ့လာ​သင့်​သည်။ ဥပမာ၊ “အထက်​သို့​မော့ကြည့်” ပြီး “ထို​အရာ​တို့ကို အဘယ်သူ​ဖန်ဆင်း​သနည်း” ဟု​မေး​နိုင်​သည်။ အဖြေ​မှာ “ပြင်းထန်သော​စွမ်းအင် အလျှံပယ်၊” [က​ဘ] ရှိပြီး အမှန်ပင် “တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော” ယေဟောဝါ​ဘုရားသခင်​ဖြစ်​သတည်း!—ဟေရှာယ ၄၀:၂၆

ယေဟောဝါ​၏​ဖန်ဆင်း​ခြင်း​လက်ရာတော်​များ​ကို ဆင်ခြင်​သုံးသပ်ခြင်းက မည်သို့​အကျိုး​သက်ရောက်​သင့်​သနည်း။ အနည်းဆုံး နည်း​သုံးနည်း​ဖြင့် အကျိုး​သက်ရောက်​သင့်​သည်။ (၁) ကျွန်ုပ်​တို့၏​ဘဝကို တန်ဖိုး​ထား​မြတ်နိုး​ရန် သတိပေး​နိုင်​သည်၊ (၂) ဖန်ဆင်း​ရာ​များ​မှ လေ့လာ​သင်ယူ​တတ်​ဖို့ သူတစ်ပါး​အား ကူညီ​ပေး​ရန် စေ့ဆော်​ပေး​နိုင်​ပြီး (၃) ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​ကို ပိုမို​သိကျွမ်း​၍ ကျေးဇူး​သိ​တတ်​ဖို့ လှုံ့ဆော်ပေး​နိုင်​သည်။

“စဉ်းစားဉာဏ်​မရှိသော . . . တိရစ္ဆာန်” များ​ထက် များစွာ​သာလွန်​သော ကျွန်ုပ်​တို့၏​လူ့​ဘဝ​သည် အံ့မခန်းဖွယ်​ဖန်ဆင်း​ရာ​များ​ကို လေ့လာ​ဆန်းစစ်​ကြည့်​ပြီး တန်ဖိုး​ထား​တတ်​စေ​သည်။ (၂ ပေတရု ၂:၁၂) လှပ​တင့်တယ် ရှု​ချင်​စ​ဖွယ် တောတောင်​ရှုခင်း​များ​ကို ကျွန်ုပ်​တို့​မျက်စိဖြင့် တွေ့ မြင်​ရှုစား​နိုင်​သည်။ ကျွန်ုပ်​တို့၏​နား​ဖြင့် ငှက်​များ​၏ သာယာနာပျော်​ဖွယ် တွန်ကျူးသံ​များ​ကို ကြား​နိုင်​ကြ​၏။ ထို့​ပြင် အချိန်​အခါ၊ နေရာ​ဒေသ​ကို သိသောစိတ်​က အမှတ်ရ​စ​ရာ ရည်ညွှန်း​ကိုးကား​စ​ရာ​အချက်များ ရှိစေသည်။ ကျွန်ုပ်​တို့၏ လက်ရှိ​အသက်တာသည် မစုံလင်​သော်လည်း အမှန်တကယ် အသက်ရှင်​ရကျိုးနပ်​ပေ​သည်!

မိဘများသည် ဖန်ဆင်း​ရာ​များ​အပေါ် မိမိတို့​သားသမီး​များ စိတ်ဝင်တစား စူးစမ်း​လို​ခြင်း​ကို​ကြည့်​ပြီး ပျော်ရွှင်မှု​ရရှိနိုင်​သည်။ ကလေး​သူငယ်​များသည် ပင်လယ်​ကမ်းခြေ​တွင် ခရုခွံ​များ​ကောက်​ရန်၊ တိရစ္ဆာန်​ကို တယုတယ ပွတ်သပ်​ရန်၊ သစ်ပင်​တက်​ရန် အလွန်​နှစ်သက်​ကြ​၏! ယင်းကို​အခြေပြု​၍ မိဘများသည် ဖန်ဆင်း​ရာ​များနှင့် ဖန်ဆင်း​ရှင် ဆက်စပ်မှု​ရှိကြောင်း ကလေးငယ်​များ​အား သိ​နားလည်စေ​လို​ကြ​ပေမည်။ ထို​သို့ပြုလျှင် ကလေး​တို့၏ ဘဝ​တစ်လျှောက်​လုံး​တွင် ယေဟောဝါ​၏​ဖန်ဆင်း​ခြင်း​လက်ရာတော်​များ​ကို အံ့ဩ​မိန်းမော၊ ရိုသေ​ခန့်ညား​စိတ် စွဲငြိ​သွား​နိုင်​သည်။—ဆာလံ ၁၁၁:၂၊ ၁၀

ဖန်ဆင်း​ရာ​များ​ကို ချီးမွမ်း​အံ့သြ​ကြသော်လည်း ၎င်းတို့၏​ဖန်ဆင်း​ရှင်​ကို အသိအမှတ်​မပြု​ပါ​က အလွန့်အလွန် အမြော်အမြင်​ကင်းမဲ့​ရာ​ကျ​ပေမည်။ ယင်းကို ဟေရှာယ​၏​ဤ​ပရောဖက်ပြုချက်​က ပြန်ပြောင်း​သုံးသပ်​စေ​သည်– “ထာဝရ​ဘုရား[သခင်]သည် အစဉ်အမြဲ​တည်​တော်​မူ​သော ဘုရားသခင်​ဖြစ်​ကြောင်းကို​လည်းကောင်း၊ မြေကြီးစွန်း​တိုင်အောင် ဖန်ဆင်း​တော်​မူ​သော​အရှင် ဖြစ်​ကြောင်းကို​လည်းကောင်း၊ မော​တော်​မူ​ခြင်း၊ ပင်ပန်း​တော်​မူ​ခြင်း​မရှိ၊ စစ်၍​မကုန်နိုင်​သော ဉာဏ်​နှင့်​ပြည့်စုံ​တော်​မူ​ကြောင်းကို​လည်းကောင်း သင်သည် မသိ မကြား​ဖူး​သလော။”—ဟေရှာယ ၄၀:၂၈

မှန်ပါသည်၊ ယေဟောဝါ​၏​လက်ရာတော်​များသည် ကိုယ်တော်​၏​ပြိုင်ဘက်​ကင်း​သော​ဉာဏ်ပညာ​နှင့် တန်ခိုးတော်​ကို သက်သေထူ​သည့်​အပြင် ကျွန်ုပ်​တို့ကို​အလွန်​ချစ်​ကြောင်း ထင်ရှားစေ​သည်။ ကျွန်ုပ်​တို့​ဝန်းကျင်ရှိ အလှအပ​များ​ကို​တွေ့ မြင်ပြီး ၎င်းတို့ကို ဖန်ဆင်း​တော်​မူ​သော​အရှင်​၏ အရည်အသွေးများ​ကို သိမြင်​လာသော​အခါ ‘အို​ယေဟောဝါ . . . ကိုယ်တော်​နှင့်​တူသော​ဘုရားသခင်​မရှိပါ။ အမှုတော်​နှင့်​တူသော​အမှု​လည်း​မရှိပါ” ဟု​ပြော​ခဲ့​သော ဒါဝိဒ်​၏​စကား​ကို သံယောင်လိုက်​ရန် လှုံ့ဆော်​ခံရ​ပါစေ။—ဆာလံ ၈၆:၈

နာခံမှု​ရှိသော​လူသားများ​သည် ယေဟောဝါ​၏​ဖန်ဆင်း​ခြင်း​လက်ရာတော်​များ​ကို အစဉ်မပြတ်​စိတ်ဝင်စား​နေကြပါ​လိမ့်​မည်။ ထာဝရ​ကာလ​တစ်လျှောက် ယေဟောဝါ​အကြောင်း ကျွန်ုပ်​တို့​ပိုမို​သိရှိ​လာ​ခွင့် များစွာ​ရ​ကြ​ပါ​မည်။ (ဒေ. ၃:၁၁) ကိုယ်တော့်​အကြောင်း သိရှိ​လာ​လေ ဖန်ဆင်း​ရှင်​အား ပိုမို​ချစ်​မြတ်နိုး​လာ​လေ​ဖြစ်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယေဟောဝါသက်သေ​များ​၏ ၂၀၀၄ ပြက္ခဒိန် နိုဝင်ဘာ/ဒီဇင်ဘာ​ကို​ရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

ဖန်ဆင်း​ရှင်​အား ချီးမွမ်း​စကား

ကျေးဇူး​သိတတ်သော သိပ္ပံ​ပညာရှင်​များစွာ​သည် ဖန်ဆင်း​ခြင်း​ဆိုင်ရာ ဘုရားသခင့်​လက်ရာတော်​ကို အသိအမှတ်ပြု​ကြသည်။ ဥပမာ​အချို့​ကို အောက်တွင် ဖော်ပြ​ထား​၏–

“သိပ္ပံ​နယ်ပယ်​မှာ အသစ်​သော​အရာ​တစ်ခုခု​ကို ရှာဖွေ​တွေ့ ရှိတဲ့​အခါ ‘ဘုရားသခင် ဒီလို​ပြုလုပ်​ထား​တာ​ကိုး’ လို့ ကိုယ့်​ကိုယ်ကို ပြောဆို​ရချိန်​လေး​တွေ​ဟာ ကျွန်တော့်​အတွက် စွဲမှတ်စရာ၊ ပျော်စရာ​အချိန်တွေ​ပါ​ပဲ။ ကျွန်တော့်​ပန်းတိုင် က​တော့ ဘုရားသခင့်​အစီအစဉ်ရဲ့ အစိတ်အပိုင်း​လေး​တစ်ခု​ကို သိ​နားလည်​နိုင်​ဖို့ ဖြစ်တယ်။”—ဟင်နရီ ရှေ​ဖာ၊ ဓာတု​ဗေဒ​ပါမောက္ခ။

“စကြဝဠာကြီး ပြန့်ကား​နေတာကို​ထောက်ရှု​ပြီး ဒီ​စကြဝဠာကြီး​ဖြစ်ပေါ်​လာပုံ​နဲ့​ပတ်သက်​ရင် စာရှုသူ​ကိုယ်တိုင် ဆင်ခြင်​သုံးသပ် ကောက်ချက်​ချဖို့​သာ​ဖြစ်တယ်၊ ဒါပေမဲ့ ဖြစ်ပေါ်​ရတဲ့​အကြောင်းရင်း​မှာ ကိုယ်တော် [ဘုရားသခင်] မပါရင်​တော့ ပြီး​မှာ​မဟုတ်ပါဘူး။”—အက်​ဒွက် မီး​လ်န်၊ ဗြိတိသျှ နက္ခတ္တ​ဗေဒ​ပညာရှင်။

“ဘုရားသခင်​ကိုယ်တော်တိုင် ဖန်ဆင်း​ထား​တဲ့​အတွက် သဘာဝတရား​ကို အကောင်းဆုံး​သင်္ချာ​ပညာရပ်​နဲ့​ပဲ ဖော်ပြ​နိုင်တယ်​ဆိုတာ​ကို ကျွန်ုပ်​တို့​သိ​ကြ ပါ​တယ်။”—အလက်ဇန္ဒား ပို​လ်​ယာ​ကော့ဖ်၊ ရုရှား​လူမျိုး သင်္ချာ​ပညာရှင်။

“သဘာဝ​ရုပ်​ဝတ္ထုတွေ​ကို လေ့လာ​ကြ​တဲ့​အခါ ဖန်ဆင်း​ရှင်​ရဲ့​သုံးသပ်​ချင့်ချိန်​နည်းတွေကို ဆန်းစစ်​လေ့လာ​နေတာ၊ ကိုယ်တော်​ရဲ့​အကြံအစည်​တွေ​ကို သိလာ​ကြ​တာ၊ ကိုယ်တော့်​နည်း​စနစ်​ကို အဓိပ္ပာယ်​ဖော်​နေကြ​တာ​ဖြစ်တယ်၊ ကိုယ့်​အကြံ အစ​ည်၊ ကိုယ့်​နည်း​တွေ​မဟုတ်ပါဘူး။”—လူးဝိစ် အဂ္ဂါ​စ​ဇ်၊ အမေရိကန် ဇီဝ​ဗေဒ​ပညာရှင်။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

ဂျဲန်​တူး ပင်​ဂွင်​ငှက်​များ၊ အန္တာတိတ်​ဒေသ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဂ​ရန်း​တီး​တန်​အမျိုးသား​ဥယျာဉ်​ကြီး၊ အမေရိကန်​ပြည်ထောင်စု၊ ဝိုင်​အို​မင်​ပြည်နယ်

[Credit Line]

Jack Hoehn/Index Stock Photography