မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စကားတော်ကို သတ္တိရှိရှိ ဟောပြောလော့

ဘုရားသခင့်စကားတော်ကို သတ္တိရှိရှိ ဟောပြောလော့

ဘုရားသခင့်​စကားတော်​ကို သတ္တိရှိရှိ ဟောပြော​လော့

“သွားလော့။ ငါ​၏​လူ . . . မျိုး​တွင် ပရောဖက်ပြု​လော့။”—အာမုတ် ၇:၁၅

၁၊ ၂။ အာမုတ်​ကား မည်သူ​နည်း၊ သမ္မာကျမ်းစာ​က သူ့​အကြောင်း အဘယ်အရာ​ဖော်ပြ​သနည်း။

ယေဟောဝါသက်သေ​တစ်ဦး​သည် အမှုဆောင်​နေစဉ် ယဇ်ပုရောဟိတ်​တစ်ဦး​နှင့် ထိပ်တိုက်​ရင်ဆိုင်ခဲ့​ရသည်။ ယဇ်ပုရောဟိတ်​က ‘မ​ဟော​နဲ့! ဒီကနေ ထွက်သွား!’ ဟု​အော်ငေါက်​လိုက်​၏။ ထို​သက်သေ​သည် အဘယ်အရာ ပြုလုပ်​ခဲ့​သနည်း။ သူ​ပြော​သည့်​အတိုင်း ထွက်သွား​သလော၊ သို့​မဟုတ် ဘုရားသခင့်​စကားတော်​ကို သတ္တိရှိရှိ ဆက်​ဟော​သလော။ ထို​သူသည် မိမိ၏​နာမည်​နှင့်​ရေးထား​သော စာစောင်​တွင် မိမိ၏​တွေ့ကြုံမှု​များ​ကို မှတ်တမ်း​တင်ထားသော​ကြောင့် ယင်းကို သင်​တွေ့ရှိ​နိုင်​သည်။ ၎င်း​ကား အာမုတ်ကျမ်း​ဖြစ်၏။ သို့သော် ထို​ယဇ်ပုရောဟိတ်​နှင့် ထိပ်တိုက်​ရင်ဆိုင်​မှု​အကြောင်း မ​လေ့လာ​မီ အာမုတ်​၏​နောက်ခံ​ကို အနည်းငယ်​သုံးသပ်ကြည့်​ကြ​စို့။

အာမုတ်​ကား မည်သူ​နည်း။ သူသည် အဘယ်​အချိန်တွင် အသက်ရှင်ခဲ့​ပြီး အဘယ်​နေရာတွင် နေထိုင်ခဲ့​သနည်း။ အာမုတ် ၁:၁ တွင် အဆိုပါ​မေးခွန်းများ​၏​အဖြေကို တွေ့ရှိ​ရမည်၊ ထို​တွင် “ယုဒ​ရှင်ဘုရင်​သြဇိ​မင်း၊ ဣသရေလ​ရှင်ဘုရင်​ယောရှ​၏​သား ယေရောဗောင်​မင်းတို့​လက်ထက် . . . သိုးထိန်း​စု​အဝင်​ဖြစ်သော တေကော​ရွာသား အာမုတ်” ဟု​ရေးသား​ထား​၏။ အာမုတ်​သည် ယုဒပြည်သား​တစ်ဦး​ဖြစ်၏။ သူ၏​ဇာတိ​မှာ ယေရုရှလင်​မြို့​၏​တောင်ပိုင်း ဆယ်​မိုင်​အကွာ​တွင်ရှိသော တေကော​ရွာ​ဖြစ်၏။ ယုဒပြည်​တွင် ဩဇိ​မင်း အုပ်ချုပ်​ပြီး ဣသရေလ​ဆယ်နွယ်​နိုင်ငံ​ကို ဒုတိယ​မြောက်​ယေရောဗောင်​မင်း အုပ်စိုး​သည့် ဘီ.စီ.အီး. ကိုး​ရာစု​အကုန်ပိုင်း​တွင် သူ​အသက်ရှင်ခဲ့​သည်။ အာမုတ်​သည် သိုးထိန်း​တစ်ဦး​ဖြစ်၏။ အမှန်​မှာ၊ သူသည် “နွား​ကျောင်း​သော​သူ” ဖြစ်​ရုံ​မ​က ‘သဖန်းသီး​ကို​ဖောက်​သော​သူ’ လည်း​ဖြစ်သည်ဟု အာမုတ် ၇:၁၄ က​ဆို​၏။ သို့​ဖြစ်၍ သူသည် ရာသီအလိုက် နှစ်စဉ် အလုပ်လုပ်သူ​ဖြစ်သည်။ သဖန်းသီး​များ​ကို ဖောက်​ရ၏။ သဖန်းသီး​များ အမှည့်​မြန်​စေရန် ထိုသို့​ဖောက်​ရခြင်း​ဖြစ်သည်။ ထို​အလုပ်​သည် အလွန်​ငြီးငွေ့စရာ​ကောင်း​၏။

‘သွား​၍ ပရောဖက်ပြု​လော့’

၃။ ဟောပြောရန် အရည်အချင်း​မပြည့်မီ​ဟု ကျွန်ုပ်​တို့​ခံစားရ​လျှင် အာမုတ်​အကြောင်း သိရှိ​ရခြင်း​က မည်သို့​အထောက်အကူ​ပြု​မည်​နည်း။

အာမုတ်​က “ငါသည် ပရောဖက်မ​ဟုတ်၊ ပရောဖက်​၏​သားလည်း​မဟုတ်” ဟု​ရိုးသား​ပွင့်လင်း​စွာ ပြော​ခဲ့​သည်။ (အာမုတ် ၇:၁၄) သူသည် ပရောဖက်​၏​သား​အဖြစ် မွေးဖွား​လာ​သည်မဟုတ်၊ ပရောဖက်​အဖြစ်​လည်း လေ့ကျင့်ပေး​ခံ​ခဲ့​ရသည်​မဟုတ်။ သို့သော် ယေဟောဝါ​သည် ယုဒပြည်​ရှိ လူအပေါင်း​တို့​ထဲ​မှ အာမုတ်​အား ရွေးချယ်​၍ မိမိ၏​လုပ်ငန်းတော်​ကို ထမ်းဆောင်​စေ​သည်။ ထို​အချိန်​က တန်ခိုး​အာဏာ​ရှိ ဘုရင်​တစ်ပါး၊ ပညာတတ် ယဇ်ပုရောဟိတ်​တစ်ပါး၊ သို့​မဟုတ် ချမ်းသာ​ကြွယ်ဝသော အကဲအမှူး​တစ်ဦး​ကို ဘုရားသခင် မရွေးချယ်​ခဲ့​ချေ။ ယင်းက ကျွန်ုပ်​တို့အတွက် အားရှိဖွယ်​သင်ခန်းစာ​တစ်ခု​ဖြစ်၏။ ကျွန်ုပ်​တို့သည် လူမှုရေး​အဆင့်အတန်း နိမ့်ကျ​ပေမည်၊ သို့​မဟုတ် ကျောင်း​ပညာ အနည်း​အကျဉ်း​သာ​ရှိ​ပေမည်။ သို့သော် ယင်းကြောင့် ဘုရားသခင့်​စကားတော်​ကို ဟောပြောရန် အရည်အချင်း​မရှိ​ဟု ကျွန်ုပ်​တို့ ခံစား​သင့်​သလော။ မခံစား​သင့်​ချေ! ယေဟောဝါ​၏​သတင်းတရားကို ခက်ခဲ​သော​ရပ်ကွက်​များ​၌​ပင် ကြေညာ​ရန် ကျွန်ုပ်​တို့ကို ကိုယ်တော် ထောက်မ​ကူညီ​ပေး​နိုင်​သည်။ ယေဟောဝါ​သည် အာမုတ်ကို ထို​အတိုင်း​ထောက်မ​ကူညီ​ပေး​ခဲ့​ရာ ဘုရားသခင့်​စကားတော်​ကို သတ္တိရှိရှိ ဟောပြော​လို​သူအား​လုံး ရဲစွမ်းသတ္တိ​ရှိသော ထို​ပရောဖက်​၏​ပုံ​နမူနာကို သုံးသပ်ကြည့်​လျှင် မှတ်သား​နာယူ​စ​ရာ​များ​ရှိ​ပေမည်။

၄။ ဣသရေလ​ပြည်​တွင် ပရောဖက်ပြု​ရန် အာမုတ်​အတွက် အဘယ်ကြောင့် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်​ခဲ့​သနည်း။

ယေဟောဝါ​သည် အာမုတ်​အား “သွားလော့။ ငါ​၏​လူ​ဣသရေလ​အမျိုး​တွင် ပရောဖက်ပြု​လော့” ဟု​မိန့်မှာ​ခဲ့​သည်။ (အာမုတ် ၇:၁၅) ထို​တာဝန်​သည် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်၏။ ထို​အချိန်​က ဣသရေလ​ဆယ်နွယ်​နိုင်ငံ​သည် ငြိမ်းချမ်း​သာယာ၊ လုံခြုံ​ပြီး ချမ်းသာ​ကြွယ်ဝ​လျက်​ရှိသည်။ လူအများ​တွင် သာမန်​ရွှံ့​အုတ်​နှင့်​မဟုတ်ဘဲ တန်ဖိုး​ကြီး “ဆစ်​သော​ကျောက်” နှင့်​ဆောက်​ထားသော ‘ဆောင်း​ကာလ​စံ​နန်းတော်’ အပြင် ‘နွေ​ကာလ​စံ​နန်းတော်’ များ​ပါရှိ​ကြ​၏။ အချို့​သည် ခန့်ညား​ထည်ဝါ​သော ဆင်​စွယ်​ဖြင့် စီခြယ်​ထား​သည့် ပရိဘောဂ​များ ပိုင်ဆိုင်​ကြ​ပြီး “နှစ်သက်ဖွယ်သော စပျစ်​ဥယျာဉ်” ထွက် စပျစ်​ရည်​ကို သောက်သုံး​ခဲ့​ကြသည်။ (အာမုတ် ၃:၁၅; ၅:၁၁) ထို့​ကြောင့် လူအများသည် အ​ကျေနပ်​ကြီး​ကျေနပ်​နေကြ​သည်။ အာမုတ် တာဝန်ရ​ရှိ​ထားသော ရပ်ကွက်​သည် ယနေ့ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​သူ​အချို့​၏ ရပ်ကွက်​နှင့် ဆင်တူ​ပေမည်။

၅။ ဣသရေလလူ​အချို့​သည် အဘယ်​မတရားသော​အမှု​များ​ကို ပြုလုပ်​နေကြ​သနည်း။

ဣသရေလလူ​တို့ ဥစ္စာ​ပစ္စည်း​ပိုင်ဆိုင်ခြင်း​သည် မမှား​ချေ။ သို့သော် ဣသရေလလူ​အချို့​သည် မတရားသော​နည်းလမ်းများ​ဖြင့် ချမ်းသာ​ကြွယ်ဝ​နေကြ​သည်။ လူကုံထံ​တို့သည် ‘ဆင်းရဲသော​သူတို့ကို ညှဉ်းဆဲ​ပြီး ငတ်မွတ်​သော​သူတို့ကို နှိပ်စက်’ နေကြ​သည်။ (အာမုတ် ၄:၁) ဩဇာ​အာဏာ​ရှိ ကုန်သည်​များ၊ တရားသူကြီး​များနှင့် ယဇ်ပုရောဟိတ်​များသည် ဆင်းရဲသား​များ​ထံ​မှ လုယက်​ရန် ပူးပေါင်း​ကြံစည်​ကြ​၏။ ယခု ထို​ခေတ်​အခါ​သို့ ပြန်သွား​ပြီး အဆိုပါ​လူတို့၏​လုပ်ရပ်များ​ကို ကြည့်​ကြ​စို့။

ဘုရားသခင်​၏​ပညတ်တရား​ကို ချိုးဖောက်

၆။ ဣသရေလ​ကုန်သည်​များသည် အခြား​သူများကို မည်သို့​ခေါင်းပုံဖြတ်​ခဲ့​ကြ​သနည်း။

ကျွန်ုပ်​တို့ ဦးဆုံး ဈေး​သို့​သွား​ကြ​မည်။ ထို​တွင်​ရှိ မရိုးသား​သော​ကုန်သည်​များသည် “ဧဖာ​လေး​ကို​ငယ်​စေ . . . ကျပ်​လေး​ကို ကြီး​စေ” ၍ “ညံ့​သော​ဂျုံဆန်” ကို​ပင် ရောင်းချ​လျက်​ရှိကြသည်။ (အာမုတ် ၈:၄-၆) ကုန်သည်​များသည် အလေး​ခိုး​ပြီး ဈေးနှုန်း​မြှင့်​ကာ အမျိုးအစား​ညံ့​သော ပစ္စည်း​များ​ကို ရော​င်း​ကြသည်။ ကုန်သည်​များသည် ဆင်းရဲသား​များ လုံးဝ​မွဲတေ​သွား​သည့်​အထိ ခေါင်းပုံဖြတ်​အမြတ်​ထုတ်​ကြသော​ကြောင့် အကြောင်း​မလှ​သော ဤ​သူများ​သည် ကျွန်​များ​အဖြစ် မိမိတို့​ကိုယ်ကို ရော​င်း​ခဲ့​ရ​ရှာ​သည်။ ထို့နောက် သူတို့ကို “ခြေနင်း​တစ်​ရန်” ၏​တန်ဖိုး​နှင့် ကုန်သည်​များ ဝယ်​ခဲ့​ကြသည်။ (အာမုတ် ၈:၅) မြင်ယောင်​ကြည့်​လိုက်ပါ! အဆိုပါ​လို​ဘ​ကြီးသော​ကုန်သည်​များသည် သူတို့၏​ဣသရေလ​အမျိုးသားချင်း​များ​ကို ဖိနပ်​တစ်​ရန်​လောက်​ထက် ပို​၍​တန်ဖိုး​မထားခဲ့ကြ​ချေ! ဆင်းရဲသား​များ​ကို အရှက်တကွဲ​အကျိုး​နည်းစေ​ပြီး ဘုရားသခင်​၏​ပညတ်တရား​ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်​လိုက်ခြင်း​ပင်! သို့​တိုင် အဆိုပါ​ကုန်သည်​များ​ပင် “ဥပုသ်” စောင့်​ခဲ့​ကြသည်။ (အာမုတ် ၈:၄) မှန်ပါသည်၊ သူတို့သည် ဟန်ပြ​ဘုရားတရား​ကြည်ညို​သူများ​သာ ဖြစ်​ကြ​၏။

၇။ ဣသရေလ​ကုန်သည်​များသည် ဘုရားသခင်​၏​ပညတ်တရား​ကို ချိုးဖောက်​ရန် အဘယ်​အကြောင်း​ဖန်​လာ​ခဲ့​သနည်း။

ထို​ကုန်သည်​များသည် “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​ရမည်” ဟူသော ဘုရားသခင်​၏​ပညတ်တရား ချိုးဖောက်​ခြင်း​အပြစ်ဒဏ်​ကို​မခံရ​ဘဲ မည်သို့​လွတ်မြောက်​ခဲ့​ကြ​သနည်း။ (ဝတ်ပြုရာ ၁၉:၁၈) ပညတ်တရား​ကို အတည်ပြု​သင့်​သော တရားသူကြီး​များသည် သူတို့နှင့်​ကြံရာပါ​များ​ဖြစ်​ကြ​ရာ လွတ်မြောက်​နိုင်​ခဲ့​ကြ​၏။ တရားရေး​ကိစ္စ​များ ဆောင်ရွက်​သည့် မြို့​တံခါးဝ​တွင် တရားသူကြီး​များသည် ‘တံစိုး​စား​ပြီး ဆင်းရဲသား​ကို မတရား​သဖြင့် စီရင်​ကြ​၏။’ ထို​တရားသူကြီး​များသည် ဆင်းရဲသား​များ​ကို ကာကွယ်​ပေး​မည့်​အစား တံစိုး​စား​ပြီး သူတို့ကို အပ်နှံ​ခဲ့​ကြသည်။ (အာမုတ် ၅:၁၀၊ ၁၂) ထို့​ကြောင့် တရားသူကြီး​များသည်​လည်း ဘုရားသခင်​၏​ပညတ်တရား​ကို ဥပေက္ခာပြု​ခဲ့​ကြသည်။

၈။ ဆိုးညစ်သော​ယဇ်ပုရောဟိတ်​များသည် အဘယ်​အကျင့်အကြံ​ကို မျက်ကွယ်​ပြု​ကြ​သနည်း။

ထို​အချိန်တွင် ဣသရေလ​ယဇ်ပုရောဟိတ်​များသည် အဘယ်​အခန်းကဏ္ဍ​မှ ပါဝင်​နေကြ​သနည်း။ ယင်းကို သိရှိ​ရန် အခြား​နေရာ​ဒေသ​တစ်ခု​ကို အာရုံစိုက်​ကြ​မည်။ ယဇ်ပုရောဟိတ်​များသည် ‘သူတို့​ဘုရားသခင်​၏​အိမ်​၌’ အဘယ်​အပြစ်​များ​ကို ကျူးလွန်​ခွင့်ပြု​ကြောင်း သတိပြုပါ။ ဘုရားသခင်​သည် အာမုတ်​မှ​တစ်ဆင့် ဤသို့​မိန့်ဆိုခဲ့သည်– “ငါ​၏​နာမ​မြတ်​ကို ရှုတ်ချခြင်း​ငှာ အဘ​နှင့်​သား​သည် တစ်ဦးတည်း​သော​မိန်းမကို ပေါင်းဖော်” ကြ​၏။ (အာမုတ် ၂:၇၊ ၈) စဉ်းစား​ကြည့်​ပါ! ဣသရေလ​လူမျိုး​ဖြစ်သူ ဖခင်​တစ်ဦး​နှင့် သူ၏​သား​သည် ဝတ်ပြုရာ​အိမ်တော် ပြည့်တန်ဆာမ​တစ်ဦးတည်း​နှင့် လိင်​အကျင့်​ယိုယွင်း​ကြသည်။ အဆိုပါ​ဆိုးညစ်သော​ယဇ်ပုရောဟိတ်​များသည် ထို​အကျင့်​ယိုယွင်းမှု​ကို မျက်ကွယ်​ပြု​ကြ​၏!—ဝတ်ပြုရာ ၁၉:၂၉; တရားဟောရာ ၅:၁၈; ၂၃:၁၇

၉၊ ၁၀။ ဣသရေလလူ​တို့သည် ဘုရားသခင်​၏​ပညတ်တရား​ကို အဘယ်​သို့​ချိုးဖောက်​ခဲ့​ကြ​သနည်း၊ ကျွန်ုပ်​တို့​ခေတ်​နှင့် အဘယ်​ဆင်တူချက်​ရှိ​သနည်း။

အပြစ်ရှိ​သော သူတို့၏​အခြား​အကျင့်ကို ရည်ညွှန်း​၍ ယေဟောဝါ​က “ပေါင်​ထားသော​အဝတ်ကို ခပ်သိမ်း​သော​ယဇ်​ပလ္လင်​တို့​အနား​၌ ခင်း​၍​အိပ်​သော​အပြစ်၊ လျော်​ပြစ်​ငွေ​နှင့်​ဝယ်​သော စပျစ်​ရည်​ကို သူတို့​ဘုရား[သခင်]၏​အိမ်​၌​သောက်​သော​အပြစ် သုံးပါး​မ​က အပြစ်​လေးပါး​ကြောင့် ငါသည် ဒဏ်​မပေး​ဘဲ​မနေ” ဟု​မိန့်ဆိုခဲ့သည်။ (အာမုတ် ၂:၈) မှန်​၏၊ ပေါင်​ထားသော​အဝတ်ကို မိုး​မ​ချုပ်​မီ ပြန်ပေး​ရမည်ဟု​ဆို​ထားသော ထွက်မြောက်ရာ ၂၂:၂၆၊ ၂၇ တွင် မှတ်တမ်း​တင်ထား​သည့် ပညတ်တရား​ကိုလည်း ယဇ်ပုရောဟိတ်​များနှင့် လူအများ​တို့​က ဥပေက္ခာပြု​ခဲ့​ကြသည်။ ၎င်း​အစား၊ မှားယွင်းသော​ဘုရားသခင်​များ​အနား​တွင် လဲလျောင်း​၍ စားသောက်​ပျော်ပါး​စဉ် စောင်​အဖြစ် ခင်း​ခဲ့​ကြသည်။ ဆင်းရဲသား​များ​မှ ရယူ​ထားသော လျော်​ပြစ်​ငွေ​များနှင့် မှားယွင်းသော​ဘာသာရေးပွဲ​တော်​များ​တွင် သောက်​စား​ရန် စပျစ်​ရည်​ကို သူတို့​ဝယ်ယူ​ခဲ့​ကြသည်။ သူတို့သည် စင်ကြယ်သော​ဝတ်ပြုရေး​မှ အလွန်​အလှမ်းဝေး​သွား​ကြ​လေ​ပြီ!

၁၀ ဣသရေလလူ​တို့သည် ယေဟောဝါ​နှင့် လူသားချင်း​ကို ချစ်ပါ​ဟူသော အကြီးမြတ်ဆုံး​ပညတ်​နှစ်ခု​ကို မျက်နှာပြောင်​တိုက်​ကာ ချိုးဖောက်​နေကြ၏။ သို့​ဖြစ်၍ ဘုရားသခင်​သည် အာမုတ်ကို​စေလွှတ်​၍ သူတို့၏​သစ္စာမဲ့မှု​ကို ပြစ်တင်​ရှုတ်ချခဲ့​သည်။ ယနေ့ ခရစ်ယာန်ဘောင်​မှ​လူများ​အပါအဝင် ကမ္ဘာ့​နိုင်ငံသား​များသည် ရှေး​ဣသရေလလူ​တို့​ကဲ့သို့ ကိုယ်ကျင့်တရား ယိုယွင်း​လျက်​ရှိကြ​၏။ လုပ်ငန်းရှင်​ကြီး​များ၊ နိုင်ငံရေး​နှင့် မှားယွင်းသော​ဘာသာရေး​တို့​မှ ကောက်ကျစ်​သည့် ခေါင်းဆောင်​များ​၏ အကျင့်​ယိုယွင်းမှုကြောင့် လူ​အချို့​သည် ကြီးပွား​ချမ်းသာ​နေကြ​သော်လည်း အများစုမှာ​မူ ငွေကြေး​ချွတ်ခြုံ​ကျ​ပြီး စိတ်ထိခိုက်​လျက်​ရှိကြသည်။ သို့သော် ယေဟောဝါ​သည် ဆင်းရဲ​ဝေဒနာ​ခံစား​နေရသူ​များနှင့် ကိုယ်တော့်​ကို ရှာဖွေ​ရန် လှုံ့ဆော်​ခံရ​သူများ​အတွက် စိုးရိမ်​ပူပန်​၏။ ထို့​ကြောင့် ကိုယ်တော်​သည် မျက်မှောက်ခေတ်​ကျေးကျွန်​များ​ကို အာမုတ်​ကဲ့သို့ ကိုယ်တော်​၏​စကားတော်​ကို သတ္တိရှိရှိ​ဟောပြောရန် တာဝန်​အပ်နှင်း​ထား​သည်။

၁၁။ အာမုတ်​၏​ပုံသက်သေ​မှ အဘယ်​သင်ခန်းစာ​ရရှိနိုင်​သနည်း။

၁၁ ကျွန်ုပ်​တို့​နှင့် အာမုတ်​၏​လုပ်ငန်း​သည် ဆင်တူ​သောကြောင့် သူ၏​ပုံ​နမူနာကို သုံးသပ်ခြင်း​မှ အကျိုးကျေးဇူး​များစွာ ရရှိပါ​လိမ့်​မည်။ အာမုတ်​က (၁) အဘယ်​အကြောင်း​ဟောပြော​သင့်​ကြောင်း၊ (၂) မည်သို့​ဟောပြော​သင့်​ကြောင်း၊ (၃) အတိုက်အခံပြု​သူများ​သည် ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​ကို အဘယ်ကြောင့် မတားဆီး​နိုင်​ကြောင်း ကျွန်ုပ်​တို့အား ဖော်​ပြပေး​၏။ အဆိုပါ​အချက်များ​ကို တစ်ချက်​ချင်း​စီ သုံးသပ်ကြည့်​ကြ​စို့။

အာမုတ်ကို တုပ​နိုင်​ပုံ

၁၂၊ ၁၃။ ယေဟောဝါ​သည် ဣသရေလလူ​တို့ကို မနှစ်သက်​ခဲ့​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း၊ သူတို့ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

၁၂ ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ခရစ်ယာန်​ဓမ္မ​အမှု​ဖြစ်သော ဘုရားသခင့်​နိုင်ငံတော်​သတင်း​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​အပေါ် အာရုံစိုက်​ကြ​၏။ (မဿဲ ၂၈:၁၉၊ ၂၀; မာကု ၁၃:၂၀) မည်သို့​ပင်​ဆို​စေ၊ ယေဟောဝါ​သည် လူဆိုးများ​ကို တရား​စီရင်​တော့​မည့်​အကြောင်း အာမုတ်​ကြေညာ​သကဲ့သို့ပင် ကျွန်ုပ်​တို့​လည်း ဘုရားသခင်​၏​သတိပေး​ချက်​များ​ကို ဟောပြောနေကြ​သည်။ ဥပမာ၊ ယေဟောဝါ​သည် ဣသရေလလူ​တို့အား မနှစ်သက်​တော့​ကြောင်း ကြိမ်ဖန်​များစွာ ပွင့်ပွင့်လင်းလင်း သတိပေး​ခြင်း​ကို အာမုတ် ၄:၆-၁၁ တွင်​ဖော်ပြ​ထား​သည်။ ကိုယ်တော်​သည် သူတို့​အပေါ် “အစာ​ခေါင်းပါး​ခြင်း၊” ‘မိုးခေါင်ခြင်း’ ဖြစ်ပေါ်​စေပြီး “လေ​ထိ​၍ အပင်​သေခြင်း၊ အရည်​ယို​၍ သေခြင်း​ဘေး” ကို​ကျရောက်​စေ​ကာ “ကာလ​နာ​ဘေး” စေလွှတ်ခဲ့​၏။ အဆိုပါ​အခြင်းအရာ​များ​ကြောင့် ဣသရေလလူ​တို့သည် နောင်တ​ယူ​ခဲ့​သလော။ ဘုရားသခင်​က သင်တို့သည် “ငါ့​ထံ​သို့​ပြန်၍​မလာ​ကြ” ဟု​မိန့်ဆိုခဲ့​၏။ ဣသရေလလူ​တို့သည် ယေဟောဝါ​အား အထပ်ထပ် အခါခါ ငြင်းပယ်​ခဲ့​ကြသည်။

၁၃ နောင်တ​မယူ​သော ဣသရေလလူ​တို့ကို ယေဟောဝါ ဒဏ်​စီရင်​ခဲ့​သည်။ သို့သော် သူတို့သည် ပရောဖက်ပြုချက်​ဆိုင်ရာ သတိပေး​ချက်​ကို ဦးစွာ​ရရှိခဲ့​ကြသည်။ ယင်း​နှင့်​အညီ ဘုရားသခင်​က “မိမိ​ကျွန်​ပရောဖက်​တို့အား မဖော်​မပြ​ဘဲ အဘယ်​အမှုကို​မျှ စီရင်​တော်​မ​မူ” ဟု​အခိုင်အမာ​မိန့်ဆိုခဲ့သည်။ (အာမုတ် ၃:၇) ရေလွှမ်းမိုး​တော့​မည်​ဟု နောဧ​အား ဘုရားသခင် ပြောပြ​ပြီး လူ​တို့ကို သတိပေး​စေ​ခဲ့​သည်။ ထို​နည်းတူ၊ ယေဟောဝါ​သည် အာမုတ်ကို နောက်ဆုံး​အနေ​နှင့် သတိပေး​ခိုင်း​သည်။ ဝမ်းနည်းစရာမှာ ဣသရေလလူ​တို့သည် ဘုရားသခင်​၏​သတင်းတရားကို ဥပေက္ခာပြု​ပြီး လုပ်သင့်​လုပ်​အပ်​ရာ​ကို မပြု​လုပ်ခဲ့​ခြင်း​ဖြစ်သည်။

၁၄။ အာမုတ်ခေတ်​နှင့် ကျွန်ုပ်​တို့​ခေတ်​၏ ဆင်တူချက်​များ​ကား အဘယ်နည်း။

၁၄ အာမုတ်ခေတ်​နှင့် ကျွန်ုပ်​တို့​ခေတ်​၏ ထူးခြားသော ဆင်တူချက်​များ​ကို သင်​သတိပြုမိ​မည်​မှာ သေချာ​၏။ ဤ​ဆုံးခန်း​ကာလ​တွင် ဘေးဆိုးကြီး​များ ဖြစ်ပျက်​လာ​မည်​ဟု ယေရှု​ခရစ် ပရောဖက်ပြု​ခဲ့​သည်။ ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​အကြောင်းကိုလည်း ကြို​ဟောခဲ့​၏။ (မဿဲ ၂၄:၃-၁၄) သို့သော် အာမုတ်ခေတ်​က​ကဲ့သို့​ပင် မျက်မှောက်ခေတ်​ရှိ လူအများစု​သည် ခေတ်​ကာလ​၏​နိမိတ်​များနှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို လျစ်လျူရှု​နေကြ​သည်။ ဤ​သူများ​သည် နောင်တ​မရ​သော​ဣသရေလလူ​တို့ ကြုံတွေ့​ခဲ့​ရသည့် ဆိုးကျိုး​များ​ကို ခံစားရ​ပါ​လိမ့်​မည်။ ယေဟောဝါ​က သူတို့ကို “သင်၏​ဘုရားသခင်​နှင့်​တွေ့​ခြင်း​ငှာ ကိုယ်ကို​ပြင်ဆင်​လော့” ဟု သတိပေး​ခဲ့​သည်။ (အာမုတ် ၄:၁၂) အာရှုရိလူမျိုး​သည် သူတို့ကို အနိုင်ယူ​သိမ်းပိုက်​ခဲ့​သည့်​အခါ ဘုရားသခင်​နှင့်​တွေ့ခဲ့​ကြ​ရ၏။ ယနေ့ ဘုရားတရား​မဲ့ ဤ​လောကသည် အာမဂေဒုန်​တွင် “ဘုရားသခင်​နှင့်​တွေ့” ကြလိမ့်မည်။ (ဗျာ. ၁၆:၁၄၊ ၁၅) သို့​တိုင် ယေဟောဝါ စိတ်ရှည်​နေသရွေ့​ကာလပတ်လုံး ‘ယေဟောဝါ​ကို​ရှာ​ကြလော့။ ရှာလျှင် အသက်ချမ်းသာ​ရ​ကြလိမ့်မည်’ ဟု လူများ​နိုင်​သလော​က်​များများ​ကို ကျွန်ုပ်​တို့ နှိုးဆော်​ပါ​သည်။—အာမုတ် ၅:၆

အာမုတ်​နည်းတူ ဆန့်ကျင်မှု​ကို ရင်ဆိုင်​ခြင်း

၁၅-၁၇။ (က) အာမဇိ​ကား မည်သူ​နည်း၊ အာမုတ်​၏​ကြေညာ​ချက်​များ​ကို သူ​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ (ခ) အာမဇိ​သည် အာမုတ်ကို အဘယ်​စွဲချက်​များ တင်​ခဲ့​သနည်း။

၁၅ ကျွန်ုပ်​တို့​ဟောပြော​ရမည့်​အကြောင်း​သာမက မည်သို့​ဟောပြော​ရမည်ကို​လည်း အာမုတ်​အား အတုယူ​နိုင်​သည်။ ဤ​ဆောင်းပါး​အစ​တွင် ဖော်ပြ​ခဲ့​သည့် ယဇ်ပုရောဟိတ်​အကြောင်းကို အခန်းကြီး ၇ တွင် အလေးပေး​ဖော်ပြ​သည်။ ထို​သူသည် “ဗေသလ​ယဇ်ပုရောဟိတ် အာမဇိ” ဖြစ်၏။ (အာမုတ် ၇:၁၀) ဗေသလ​မြို့​သည် ဣသရေလလူ​တို့၏ နွား​ရုပ်​ကိုးကွယ်​မှု​ပါဝင်​သည့် ဖောက်ပြန်​သည့်​ဘာသာရေး ဗဟို​အချက်အချာ​ဖြစ်​ခဲ့​သည်။ ထို့​ကြောင့် အာမဇိ​သည် နိုင်ငံတော်​ဘာသာ​၏ ယဇ်ပုရောဟိတ်​တစ်ဦး​ဖြစ်သည်။ သူသည် အာမုတ်​၏​သတ္တိရှိရှိ​သတိပေး​ချက်​များ​ကို မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

၁၆ အာမဇိ​က အာမုတ်​အား ဤသို့​ဆို​ခဲ့​သည်– “အို​ပရောဖက် ယုဒပြည်​သို့​ပြေး​သွားလော့။ ထို​ပြည်​မှာ ပရောဖက်ပြု​၍ အသက်မွေး​လော့။ နောက်​တစ်ဖန် ဗေသလ​မြို့​တစ်ဖက်၌ ပရောဖက်မ​ပြု​နှင့်။ ရှင်ဘုရင်​၏​သန့်ရှင်း​ရာ​ဌာနတော်​ဖြစ်၏။ နန်းတော်​တည်ရာ​မြို့​လည်း​ဖြစ်၏။” (အာမုတ် ၇:၁၂၊ ၁၃) အမှန်​မှာ အာမဇိ​က ‘အိမ်သို့ပြန်​သွားလော့။ ငါ​တို့​၌ ကိုယ်ပိုင် ဘာသာ​တရား​ရှိ၏’ ဟု​ဆို​ခဲ့​ခြင်း​ဖြစ်သည်။ ထို့​ပြင် “အာမုတ်​သည် ဣသရေလ​အမျိုး​အလယ်တွင် ကိုယ်တော်​တစ်ဖက်၌ မကောင်းသော​အကြံ​ကို ကြံစည်​ပါ​ပြီ” ဟူ၍ ဒုတိယ​မြောက်ဘုရင် ယေရောဗောင်​ကို ပြောဆို​၍ အာမုတ်​၏​လုပ်ဆောင်မှုများ​ကို တားဆီး​ရန် အစိုးရ​ကိုလည်း သွေးထိုး​ပေး​ခဲ့​သည်။ (အာမုတ် ၇:၁၀) အာမုတ်ကို သစ္စာဖောက်​ဟု အာမဇိ စွပ်စွဲ​လိုက်ခြင်း​ပင်! “ယေရောဗောင်​သည် ဓား​ဖြင့်​သေရ​လိမ့်​မည်။ ဣသရေလ​အမျိုးသား​တို့သည် နေရင်းပြည်​မှ ဆက်​ဆက်​နှင်​သွားခြင်း​ကို ခံရ​ကြလိမ့်မည်​ဟု အာမုတ်​ဆို​တတ်​ပါ​သည်” ဟူ၍ ရှင်ဘုရင်​အား သူ​လျှောက်ဆို​လေ​၏—အာမုတ် ၇:၁၁

၁၇ အဆိုပါ​စကား​များ​တွင် အထင်မှား​စေသည့် အချက်​သုံးချက်​ကို အာမဇိ​ထည့်သွင်း​ပြောဆို​ခဲ့​သည်။ သူက ဤသို့ “အာမုတ်​ဆို​တတ်​ပါ​သည်” ဟု​ပြော​ခဲ့​သည်။ အမှန်​မှာ ထို​ပရောဖက်ပြုချက်​သည် မိမိ၏​စကား​ဟု အာမုတ် တစ်ခါမျှ​မပြောခဲ့​ချေ။ ၎င်း​အစား၊ ‘ယေဟောဝါ​မိန့်တော်မူသည်​ကား’ ဟု​အာမုတ်​ပြော​လေ့​ရှိသည်။ (အာမုတ် ၁:၃) “ယေရောဗောင်​သည် ဓား​ဖြင့်​သေရ​လိမ့်​မည်” ဟု အာမုတ်​ပြော​သည်​ဟူ၍လည်း စွပ်စွဲ​ခဲ့​၏။ သို့သော် အာမုတ် ၇:၉ တွင်​ဖော်ပြ​ထား​သည့်​အတိုင်း အာမုတ်​က “ယေရောဗောင်​မင်းမျိုး​ကိုလည်း ဓား​နှင့် ငါ [ယေဟောဝါ] တိုက်​မည်” ဟု​ပရောဖက်ပြု​ခဲ့​သည်။ ယေရောဗောင်​၏​သားစဉ်မြေးဆက်​များ​ဖြစ်သည့် “မင်းမျိုး” အပေါ် ထိုသို့​သော​ဘေးဆိုး​သက်ရောက်​လိမ့်​မည်​ဟု ဘုရားသခင်​က ကြို​ဟောခဲ့​၏။ ထို့​ပြင် ‘ဣသရေလ​လူမျိုး​သည် ဆက်​ဆက်​နှင်​သွားခြင်း​ခံရ​လိမ့်​မည်’ ဟူ၍ အာမုတ်​ပြော​သည်​ဟု အာမဇိ​စွပ်စွဲ​ခဲ့​သည်။ သို့ရာတွင် ဘုရားသခင်​ထံ ပြန်​လှည့်လာ​သူ အဘယ်​ဣသရေလ​မဆို ကောင်းချီး​ခံစားရ​မည်​ဟု အာမုတ် ပရောဖက်ပြု​၏။ အာမဇိ​သည် လှည့်စား​သည့် တစ်ဝက်​တစ်​ပျက်​စကား​များ​ကို​အသုံးပြု၍ အာမုတ်​၏​ဟောပြောခြင်း​လုပ်ငန်း​ကို တရားဝင်​တားဆီး​ပိတ်ပင်​ရန် ကြိုးစား​ခဲ့​သည်​မှာ ထင်ရှား​၏။

၁၈။ အာမဇိ​အသုံးပြု​ခဲ့​သည့်​နည်း​များနှင့် ယနေ့ ခရစ်ယာန်​ဘုန်းကြီး​များ အသုံးပြု​နေကြ​သည့် နည်း​များ​၏ ဆင်တူချက်​အချို့​ကား အဘယ်နည်း။

၁၈ အာမဇိ​အသုံးပြု​ခဲ့​သည့် နည်း​များနှင့် ယနေ့ ယေဟောဝါသက်သေ​များ​အား ဆန့်ကျင်သူ​များ အသုံးပြုသည့်​နည်း​များ​တွင် ဆင်တူချက်​များ တွေ့ရှိ​မိ​ပါသလော။ အာမဇိ​သည် အာမုတ်ကို နှုတ်ပိတ်​သွားစေရန် ကြိုးစား​ခဲ့​သကဲ့သို့ ကျွန်ုပ်​တို့​ခေတ်​ရှိ ခရစ်ယာန်​ဂိုဏ်းအုပ်​များနှင့် အချို့​သည် ယေဟောဝါ​ကျေးကျွန်​များ​၏ ဟောပြောခြင်း​လုပ်ငန်း ရပ်တန့်​သွားစေရန် ကြိုးစား​လျက်​ရှိကြသည်။ အာမဇိ​သည် အာမုတ်​အား သစ္စာဖောက်​ဟု မဟုတ်မမှန်​စွပ်စွဲ​ခဲ့​၏။ ထို​နည်းတူ၊ ယနေ့လည်း ခရစ်ယာန်​ဓမ္မ​ဆရာ​အချို့​က ယေဟောဝါသက်သေ​များသည် အမျိုးသား​လုံခြုံရေး​အတွက် စိုးရိမ်​စ​ရာ​ဖြစ်သည်ဟု မတရား​စွပ်စွဲ​ကြသည်။ အာမဇိ​သည် အာမုတ်ကို ဆန့်ကျင်​တိုက်ခိုက်​ရန် ဘုရင်​၏​အကူအညီကို တောင်းခံ​သကဲ့သို့ ခရစ်ယာန်​ဓမ္မ​ဆရာများ​သည် ယေဟောဝါသက်သေ​များ​ကို ညှဉ်းပန်း​နှိပ်စက်​ရန် နိုင်ငံရေး​မဟာမိတ်​များ​ထံ အကူအညီ​တောင်းခံ​လေ့​ရှိသည်။

ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​ကို ဆန့်ကျင်သူ​များ မရပ်စဲ​စေနိုင်

၁၉၊ ၂၀။ အာမဇိ​၏​ဆန့်ကျင်မှု​ကို အာမုတ် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

၁၉ အာမဇိ​၏​ဆန့်ကျင်မှု​ကို အာမုတ် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ အာမုတ်​က ယဇ်ပုရောဟိတ်​အား ‘ဣသရေလ​အမျိုး​တစ်ဖက်၌ ပရောဖက်မ​ပြု​နှင့်​ဟု သင်​ဆို​သလော’ ဟု​ဦးစွာ​မေးခဲ့သည်။ ထို့နောက် ဘုရားသခင်​၏​သတ္တိ​ရှိ​ပရောဖက်​သည် အာမဇိ​မကြားချင်​သည့် စကား​များ​ကို မဆိုင်းမတွ ပြောဆို​လိုက်​သည်။ (အာမုတ် ၇:၁၆၊ ၁၇) အာမုတ် မကြောက်ရွံ့​ခဲ့​ချေ။ ယင်းသည် ကျွန်ုပ်​တို့အတွက် တကယ်​ကောင်းမွန်​သည့် စံနမူနာ​တစ်ခု​ပင်! ကျွန်ုပ်​တို့သည် ခေတ်​သစ်​အာမဇိ​များ ရက်စက်​ကြမ်းတမ်း​စွာ ညှဉ်းပန်း​နှိပ်စက်​သည့်​နိုင်ငံ​များ​၌​ပင် နာခံမှု​ရှိ​ရှိ ဘုရားသခင့်​စကားတော်​ကို ဟောပြောကြ​မည်။ အာမုတ်​နည်းတူ ကျွန်ုပ်​တို့သည်​လည်း ‘ယေဟောဝါ​မိန့်တော်မူသည်​ကား’ ဟူ၍ ဆက်​ကြေညာ​လျက်​ရှိကြသည်။ ‘ယေဟောဝါ​၏​လက်တော်​သည်’ ကျွန်ုပ်​တို့​နှင့်အတူ​ရှိသောကြောင့် ဆန့်ကျင်သူ​များသည် ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​ကို ဘယ်တော့​မျှ ရပ်တန့်​သွား​စေနိုင်​မည်​မဟုတ်​ချေ။—တမန်​တော် ၁၁:၁၉-၂၁

၂၀ အာမဇိ​သည် မိမိ၏​ခြိမ်းခြောက်​မှုများ အချည်းနှီး​ဖြစ်​မည်​ဟု သိ​သင့်​သည်။ ကမ္ဘာ​ပေါ်​ရှိ မည်သူမျှ မိမိကို မတားဆီး​နိုင်​ကြောင်း အာမုတ် ပြော​ခဲ့​ပြီး​ဖြစ်သည်၊ ၎င်း​သည် ကျွန်ုပ်​တို့ သုံးသပ်ကြ​မည့် တတိယ​အချက်​ဖြစ်၏။ အာမုတ် ၃:၃-၈ အရ အကျိုးဆက်​တိုင်း​မှာ အကြောင်းတရား​ရှိကြောင်း မေးခွန်း​နှင့် ပုံ​ဥပမာ​များစွာ​ဖြင့် အာမုတ်​ဖော်ပြ​ခဲ့​သည်။ ထို့နောက် သူသည် ဤသို့​လျှောက်​လဲ​ခဲ့​သည်– ‘ခြင်္သေ့​ဟောက်​သောအခါ အဘယ်သူမျှ မကြောက်​မ​လန့်​ဘဲ နေ​လိမ့်​မည်​နည်း။ ယေဟောဝါ​မိန့်တော်မူသော​အခါ အဘယ်သူ​သည် ပရောဖက်မ​ပြု​ဘဲ​နေ​လိမ့်​မည်​နည်း။’ တစ်နည်း​အားဖြင့်​ဆို​သော် အာမုတ်​က ‘ခြင်္သေ့​ဟောက်သံ​ကို သင်ကြား​သည့်​အခါ မကြောက်​ဘဲ​မနေနိုင်​သကဲ့သို့ ဘုရားသခင့်​စကားတော် ဟောပြောပါ​ဟူသော ယေဟောဝါ​၏​အမိန့်တော်ကို ကြား​ရသည့်​အခါ အကျွန်ုပ် မဟောဘဲ​မနေနိုင်’ ဟု​ပြော​ခဲ့​သည်။ ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​ခြင်း သို့​မဟုတ် ယေဟောဝါ​အား အလွန်​ရိုသေ​လေးမြတ်ခြင်းက အာမုတ်ကို သတ္တိရှိရှိ​ဟောပြောရန် စေ့ဆော်​ပေး​ခဲ့​၏။

၂၁။ သတင်းကောင်းကို ဟောပြော​ရမည်​ဟူသော ဘုရားသခင်​၏​မိန့်မှာချက်ကို ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​ကြ​သနည်း။

၂၁ ကျွန်ုပ်​တို့သည်​လည်း ဟောပြော​ရမည်​ဟူသော ယေဟောဝါ​၏​မိန့်မှာချက်ကို ရထား​ကြ​၏။ ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​ကြ​မည်​နည်း။ အာမုတ်​နှင့် ယေရှု၏​အစောပိုင်း​နောက်လိုက်​များ​နည်းတူ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ထောက်မမှု​ဖြင့် ကိုယ်တော်​၏​စကားတော်​ကို သတ္တိရှိရှိ ဟောပြောကြ​၏။ (တမန်​တော် ၄:၂၃-၃၁) ဆန့်ကျင်သူ​များ နှိုး​ဆွပေး​သော ညှဉ်းပန်း​နှိပ်စက်မှု​ကြောင့်​ဖြစ်စေ၊ ကျွန်ုပ်​တို့ ဟောပြော​လိုက်​သူများ​၏ အေး​တိ​အေးစက်​နိုင်​မှု​ကြောင့်​ဖြစ်စေ ကျွန်ုပ်​တို့ နှုတ်ဆိတ်​နေကြ​မည်​မဟုတ်ပေ။ အာမုတ်​ကဲ့သို့ စိတ်​ထက်သန်မှု​ရှိကြ​သော ကမ္ဘာ​တစ်ဝန်း​မှ ယေဟောဝါသက်သေ​များသည် သတင်းကောင်းကို သတ္တိရှိရှိ ဆက်​ဟောပြောရန် နှိုးဆော်​ခံရ​ကြ​၏။ မကြာမီ ကျရောက်​တော့​မည့် ယေဟောဝါ​၏​တရား​စီရင်ချက်​အကြောင်း လူ​တို့ကို သတိပေး​ဟောပြောရန် ကျွန်ုပ်​တို့​တွင် တာဝန်​ရှိသည်။ ၎င်း​တရား​စီရင်ချက်​တွင် အဘယ်အရာ​ပါဝင်​သနည်း။ ထို​မေးခွန်း​ကို နောက်​ဆောင်းပါး​တွင် ဖြေဆို​ပေး​ပါ​လိမ့်​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

အာမုတ်​သည် အဘယ်​အခြေအနေ​မျိုး​အောက်တွင် ဘုရားသခင်​ပေး​တာဝန်​ကို ကျေပွန်​စွာ ထမ်းဆောင်​ခဲ့​သနည်း။

အာမုတ်​နည်းတူ ကျွန်ုပ်​တို့သည် အဘယ်အရာကို​ဟောပြော​သင့်​သနည်း။

အဘယ်​စိတ်သဘောထား​ဖြင့် ကျွန်ုပ်​တို့၏​ဟောပြောခြင်း လုပ်ငန်း​ကို ထမ်းဆောင်​သင့်​သနည်း။

ဆန့်ကျင်သူ​များသည် ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​ကို အဘယ်ကြောင့် မရပ်တန့်​စေနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဘုရားသခင်​သည် မိမိ၏​လုပ်ငန်း​ကို ထမ်းဆောင်​ရန် သဖန်းသီး​ဖောက်​သူ အာမုတ်​အား ရွေးချယ်​ခဲ့

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

အာမုတ်​နည်းတူ အသင်​သည် ယေဟောဝါ​၏​သတင်းတရားကို သတ္တိရှိရှိ ကြေညာ​နေ​သလော