မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အောက်မေ့ဖွယ်ရာ ဖွားမြင်မှု

အောက်မေ့ဖွယ်ရာ ဖွားမြင်မှု

အောက်မေ့ဖွယ်​ရာ ဖွားမြင်မှု

‘ယနေ့​တွင် သခင်​ခရစ်တော်​တည်း​ဟူသော ကယ်တင်​သော​အရှင်​သည် သင်တို့​အဖို့​အ​လို့​ငှာ ဖွားမြင်ခြင်း​ကို​ခံ​တော်​မူ​ပြီ။’—လုကာ ၂:၁၁

လွန်ခဲ့သော​အနှစ်​နှစ်ထောင်​ခန့်​က ဗက်လင်မြို့​သူ​တစ်ဦး​သည် သား​ယောက်ျား​တစ်ဦး​ကို ဖွားမြင်​ခဲ့​သည်။ ဤ​ဖွားမြင်မှု​၏​အရေးပါပုံကို ဒေသခံ​အနည်းငယ်​သာ သိရှိ​ခဲ့​သည်။ သို့သော် ည​အခါ မိမိတို့​သိုးများ​နှင့်အတူ ကွင်းပြင်​တွင်​ရှိနေကြ​သော သိုးထိန်း​အချို့​သည် ကောင်းကင်​ဗိုလ်ခြေများ ဤသို့​သီဆို​သည်ကို တွေ့မြင်​ကြားနာ​ခဲ့​ရ၏– “ကောင်းကင်​ဘဝ​ဂ်​ဝယ် ဘုရားသခင်​သည် ဘုန်းကြီး​တော်​မူ​စေ​သတည်း။ မြေကြီးပေါ်​၌​လည်း [“စိတ်ထား​ကောင်း​သူတို့တွင်၊” က​ဘ] ငြိမ်သက်ခြင်း​ရှိစေ​သတည်း။”—လုကာ ၂:၈-၁၄

မကြာမီ သိုးထိန်း​တို့သည် ကောင်းကင်တမန်​များ​ညွှန်​လိုက်​သည့်​အတိုင်း မာရိနှင့် သူ့​ခင်ပွန်း​ယောသပ်တို့​ကို နွား​တင်းကုပ်​တစ်ခု​၌ ရှာတွေ့​လေ​၏။ မာရိသည် သူငယ်​ကို ယေရှု​ဟု​အမည်ပေး​ကာ တင်းကုပ်​ထဲ​ရှိ နွား​စား​ခွက်​၌ သိပ်​ထား​သည်။ (လုကာ ၁:၃၁; ၂:၁၂) ယခု အနှစ်​နှစ်ထောင်​လွန်ပြီး​နောက် လူသားထု​သုံးပုံတစ်ပုံ​သည် ယေရှု​ခရစ်​၏​နောက်လိုက်​သည်​ဟု​ဆို​ကြ​၏။ ကိုယ်တော်​ဖွားမြင်ခြင်း​ဆိုင်ရာ အဖြစ်အပျက်​များသည် လူ့​သမိုင်း​တွင် အခြား​မည်သည့်​အတ္ထုပ္ပတ္တိ​ထက်​မဆို လူ​ပြော​များသည်။

. . . အစဉ်အလာ​ကြီးမား​ပြီး ထုံးတမ်း​စဉ်​လာ​ပွဲတော်​များ​ကျင်းပ​ရန် ဝါသနာထုံ​သည့် စပိန်​နိုင်ငံ​သည် ဗက်လင်မြို့​မှ အဆိုပါ​ည​ထူး​ည​မြတ်​ကို ဂုဏ်ပြု​ကျင်းပ​ရန် နည်း​များစွာ​ထွင်​ခဲ့​သည်။

စပိန်​ခရစ္စမတ်

သူငယ်​တော်​ဖွားမြင်​ခန်း​အ​ခင်း​အ​ကျင်း​သည် ၁၃ ရာစု​မှ​စ၍ စပိန်​ပွဲတော်​များ​၏ အရင်းနှီးဆုံး​သွင်ပြင်​တစ်ခု​ဖြစ်​ခဲ့ပြီ။ မိသားစု​များစွာတို့သည် ယေရှုကို​သိပ်​ထားသော နွား​စား​ခွက်​ပုံစံ​ငယ်​လေး ပြုလုပ်​ကြသည်။ သိုးထိန်း​များနှင့် မာဂု​ပညာရှိ (သို့​မဟုတ် “မင်းကြီး​သုံးပါး”) တို့​အပြင် ယောသပ်၊ မာရိနှင့် ယေရှု​တို့ကို ရွှံ့စေး​ဖြင့် ရုပ်လုံးဖော်​ပေး​ထား​သည်။ ခရစ္စမတ်​ရာသီ​အတွင်း ပကတိ​လူ​အရွယ်​ရှိသော​ရုပ်လုံး​များ​ဖြင့် သူငယ်​တော်​ဖွားမြင်​ခန်း​ပြကွက်​ကြီး​များ​ကို မြို့တော်​ခန်းမ​အနီး ခင်းကျင်း​ပြသထား​လေ့​ရှိသည်။ အစ္စစ်ဇီ​မြို့သား ဖရန်စစ်​သည် ယေရှု​ဖွားမြင်ခြင်း​ဆိုင်ရာ ခရစ်ဝင်​ကျမ်း​မှတ်တမ်း​ကို လူ​တို့​အာရုံပြု​စေဖို့ အီတလီ​နိုင်ငံ​တွင် ဤ​ထုံးစံ​ကို အစ​ထွင်​ခဲ့​ပုံ​ရသည်။ နောင်​သော် ဖ​ရန်စ​စ္စ​ကန်​ဘုန်းကြီး​များသည် စပိန်​နိုင်ငံ​နှင့် အခြား​နိုင်ငံ​များစွာ​တွင် ယင်းကို လူကြိုက်များ​စေ​ခဲ့​ကြသည်။

အခြား​နိုင်ငံ​များ​ရှိ စဲန်​တာ​က​လော့​စ်​ကဲ့သို့ စပိန်​ခရစ္စမတ်​ပွဲ​များ​တွင် မာဂု​ပညာရှိ​များသည် အရေးပါသော​အခန်းကဏ္ဍ​မှ ပါဝင်​ကြသည်။ ခေတ်​စား​သော​အယူ​အရ မာဂု​ပညာရှိ​များသည် မွေးကင်းစ​ယေရှု​ထံ​သို့ လက်ဆောင်​များ​ယူလာ​ပေး​သကဲ့သို့ ဇန်နဝါရီ ၆ ရက်၊ ဒီ​အား ဒဲ့ ရေး​စ် (ဘုရင်​များ​နေ့) တွင် မာဂု​ပညာရှိ​များသည် စပိန်​နိုင်ငံ​ရှိ ကလေး​များ​ကို လက်ဆောင်​များ​ပေး​သည်​ဟု အဆို​ရှိ၏။ သို့သော် ခရစ်ဝင်​ကျမ်း​မှတ်တမ်းက ယေရှု​ထံ​သို့ မာဂု​ပညာရှိ​ဘယ်​နှစ်ဦး လည်ပတ်​ခဲ့​သည်​ဟု မဖော်​ပြ​ထား​ကြောင်းကို​မူ သိ​သူ အနည်းငယ်​သာ​ရှိ၏။ ထို​သူတို့သည် ရှင်ဘုရင်များ​မဟုတ်ဘဲ နက္ခတ်​ဗေဒင်​ပညာရှင်​များ​ဟု ပို​၍​တိကျ​စွာ​ဖော်ပြ​ထား​သည်။ * ထို့​ပြင် မာဂု​ပညာရှိ​များ သွားရောက်​လည်ပတ်​ပြီး​နောက် ဟေရုဒ်သည် ယေရှုကို​သတ်​လို​စိတ်ဖြင့် ဗက်လင်မြို့​ရှိ “နှစ်နှစ်​အရွယ်​မှ​စ၍ ထို​အရွယ်​အောက်” သား​ယောက်ျား​အပေါင်း​ကို သတ်ဖြတ်​ခဲ့​သည်။ ယင်းက ယေရှု​မွေးဖွားပြီး အချိန်​အတန်ကြာ​မှ သူတို့​သွား​လည်ပတ်​ခဲ့​ကြောင်း ဖော်ပြ​သည်။—မဿဲ ၂:၁၁၊ ၁၆

၁၂ ရာစု​မှ​စ၍ စပိန်​နိုင်ငံ​ရှိ အချို့​သော​မြို့များ​တွင် သိုးထိန်း​များ ထို့နောက် မာဂု​ပညာရှိ​များ ဗက်လင်မြို့​သို့ လာရောက်​လည်ပတ်ခြင်း​ပါဝင်​သည့် ယေရှု​ဖွားမြင်ခြင်း​ဆိုင်ရာ ပြဇာတ်​ကို တိုက်ရိုက်​တင်ဆက် ဖျော်ဖြေ​ကြသည်။ ယခု​အခါ စပိန်​နိုင်ငံ​ရှိ မြို့​အများစု​သည် ဇန်နဝါရီ ၅ ရက်​နေ့တိုင်း က​ဘာ​ကာ​တာ၊ သို့​မဟုတ် တန်းစီ​ချီတက်​ပွဲ​အခမ်းအနား​ကို အိမ်ရှင်​အဖြစ်​ဆောင်ရွက်​ပေး​ကြသည်၊ “ရှင်ဘုရင်​သုံးပါး” ကို​သယ်ဆောင်​သော အလှပြ​ယာဉ်များ မြို့လယ်​ကောင်​တစ်လျှောက် လှည့်လည်​နေစဉ် ပွဲ​ကြည့်​ပရိသတ်​များ​ကို သကြားလုံး​များ ဝေပေး​ကြသည်။ ရိုးရာ​ခရစ္စမတ် အဆင်တန်ဆာ​များနှင့် ဗီယဲန်​စီ​ကော့စ် (နာ​တာ​လူး​သီချင်းများ) က ပွဲတော်​အခါသမယ​ကို သက်ဝင်​လှုပ်ရှား​စေ​သည်။

စပိန်​မိသားစု​အများစု​သည် ခရစ္စမတ်​အကြိုနေ့ (ဒီဇင်ဘာ ၂၄) တွင် အထူး​ညစာ​စားသုံး​လို​ကြသည်။ ထုံးစံ​အရ​စား​သော အစားအစာ​များ​မှာ ထူ​ရော​န် (ဗာဒံစေ့​နှင့် ပျားရည်​တို့​ဖြင့်​ပြုလုပ်​ထားသော သကြားလုံး​များ)၊ မာ​ဇီ​ပန်​မုန့်၊ သစ်သီး​ခြောက်​များ၊ သိုး​ကင်​နှင့် ပင်လယ်​စာ​တို့​ပါဝင်​သည်။ ရပ်​ဝေး​၌​နေထိုင်​သော မိသားစုဝင်​များ​ပင် ထို​အခါသမယ​တွင် မိသားစု​လိုက် စုရုံး​ရောက်ရှိ​နေဖို့ အထူး​ကြိုးပမ်း​ကြ​ပေမည်။ ဇန်နဝါရီ ၆ ရက်​နေ့တွင်​ကျ​သော ထုံးတမ်း​စဉ်​လာ​စားသောက်ပွဲ နောက်တစ်ခု​တွင် မိသားစု​သည် စော်​ပ​ရာ​စာ (အရုပ်​လေး) ထည့်​ဖုတ်​ထားသော “ရှင်ဘုရင်များ” မုန့်​လက်​ကောက်​ကိတ်၊ ရော့စ်​ကော​န် ဒဲ့ ရေး​ယက်စ်​ကို​စားသုံး​ကြသည်။ ရောမ​ခေတ်​မှ အလားတူ​ထုံးတမ်း​စဉ်​လာ​တွင် အရုပ်​လေး​မြှုပ်​ထားသော အပိုင်း​ကို​ရသည့် ကျွန်​တစ်ဦး​သည် ထို​တစ်နေ့တာ “ရှင်ဘုရင်” ဖြစ်​နိုင်​လေ​သည်။

“တစ်နှစ်​တာ​၏ အပျော်ရွှင်​ရ​ဆုံး​နှင့် အလုပ်​အများဆုံး​ကာလ”

ဒေသခံ​ဓလေ့​ထုံးစံ​များ မည်သို့​ပင် တိုးတက်​ပြောင်းလဲ​လာပါစေ ခရစ္စမတ်​သည် ယခု ကမ္ဘာ့​အဓိက​ပွဲတော်​အခါသမယ ဖြစ်လာ​လေ​ပြီ။ ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း​က ခရစ္စမတ်​ကို “ကမ္ဘာ​တစ်​လွှား​ရှိ သန်းပေါင်း​များစွာသော​ခရစ်ယာန်​များနှင့် ခရစ်ယာန်​မဟုတ်​သူ​အချို့​အတွက် တစ်နှစ်​တာ​၏ အပျော်ရွှင်​ရ​ဆုံး​နှင့် အလုပ်​အများဆုံး​ကာလ” အဖြစ် ဖော်ပြ​ထား​သည်။ ယင်းသည် အကျိုး​ဖြစ်ထွန်း​သော​ပွဲ​တစ်ခု​လော။

ခရစ်တော်​ဖွားမြင်ခြင်း​သည် သမိုင်းဝင်​ဖြစ်ရပ်​တစ်ခု​ဖြစ်​ကြောင်း သိသာ​ထင်ရှား​ပါ​သည်။ ‘စိတ်ထား​ကောင်း​သူတို့တွင် ငြိမ်သက်ခြင်း’ ရှိစေ​မည့် ရှေ့ပြေး​နိမိတ်​အဖြစ် ထို​သတင်းကို ကောင်းကင်တမန်​များ ကြေညာ​ခဲ့​ခြင်း​က ၎င်း​ဖွားမြင်မှု​အရေးပါ​ကြောင်း အထင်အရှား​သက်သေထူ​၏။

သို့သော် စပိန်​လူမျိုး​သတင်းစာ​ဆရာ ဝှမ် အဲ​ရီ​စ်​က “ခရစ်ယာန်​ဘာသာ​၏ အစောပိုင်း​ကာလ​များ​တွင် ယေရှု​မွေးဖွားခြင်း​ကို ပွဲ​တစ်ခု​အဖြစ် မ​ကျင်းပ​ခဲ့” ဟု​ထောက်ပြ​သည်။ သို့​ဖြစ်​လျှင် ခရစ္စမတ်​ပွဲ​ကျင်းပ​ခြင်း​သည် အဘယ်​မှ​လာ​သနည်း။ ယေရှု​ဖွားမြင်ခြင်း​နှင့် ကိုယ်တော်​၏​ဘဝကို သတိရအောက်မေ့​ရန် အကောင်းဆုံးနည်း​ကား အဘယ်နည်း။ နောက်​ဆောင်းပါး​၌ ဤ​မေးခွန်းများ​၏​အဖြေကို ရ​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 လာ စာ​က​ရာ​သာ အက်စ်​က​ရီ​တူ​ရာ—တက်​ခ်စ်​တို အီ ကို​မဲ​န်တေ​ရီယို ပေါ် ပ​ရို​ဖက်စ်​ဆို​ရီး​စ် ဒီ​လာ ခေါ​န်​ပ​ဏီ​ယာ ဒဲ့​ခါ​ဇူး (ယေရှု​အသင်းအဖွဲ့​မှ ပါမောက္ခ​များ​ထုတ်ဝေ​သည့် သမ္မာကျမ်းစာ—ကျမ်းချက်​နှင့် ရှင်းလင်းချက်) က​ဤသို့​ရှင်းပြသည်– “ပါရှန်း၊ မေဒိ​နှင့် ခါလဒဲ​လူမျိုး​တို့​တွင် မာဂု​ပညာရှိ​များသည် လောကဓာတ်​ပညာ​များ၊ နက္ခတ်​ဗေဒင်​နှင့် ဆေးပညာ​ကို အားပေး​အား​မြှောက်​ပြု​သည့် ပုရောဟိတ်​အတန်းအစား​ဖြစ်သည်။” သို့သော် အလယ်ခေတ်​ရောက်​သော် သူငယ်​ယေရှုကို သွားရောက်​ဖူးမြော်​ကြသော မာဂု​ပညာရှိ​အုပ်စု​ကို သူတော်စင်​စာရင်း​သွင်း​ပြီး မယ်​လ်​ခီး​ယို၊ ဂက်စ်​ပါ​နှင့် ဗာလ်​တာ​ဇာ​ဟူသော​အမည်များ​ပေး​ခဲ့​ကြသည်။ သူတို့၏​ရုပ်ကြွင်း​များ​ကို ဂျာမနီ​နိုင်ငံ၊ ကိုလုံး​မြို့ရှိ ခရစ်ယာန်​ဝတ်ကျောင်း​ကြီး​တွင် သိမ်းဆည်း​ထား​သည်​ဆို​၏။