ယေရှုခရစ်ကို မည်သို့သတိရအောက်မေ့သင့်သနည်း
ယေရှုခရစ်ကို မည်သို့သတိရအောက်မေ့သင့်သနည်း
ယေရှုခရစ်သည် “အသက်ရှင်ခဲ့သမျှတွင် လူတို့ကို အမှန်ပင် ဩဇာအလွှမ်းနိုင်ဆုံးသူတစ်ဦးဖြစ်သည်။”—“ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း။”
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများသည် သူတို့ပြုလုပ်ခဲ့ရာများအတွက် အောက်မေ့ခံရလေ့ရှိသည်။ သို့ဖြစ်လျှင် ယေရှု၏လုပ်ဆောင်ချက်များထက် ကိုယ်တော်၏ဖွားမြင်ခြင်းကို အဘယ်ကြောင့် ပို၍အောက်မေ့ကြသနည်း။ ခရစ်ယာန်ဘောင်ရှိ လူအများသည် ကိုယ်တော်ဖွားမြင်ချိန်ဝန်းကျင် ဖြစ်ရပ်များကို ပြန်ပြောပြနိုင်ကြသည်။ တောင်ပေါ်တရားတော်ပါ ကိုယ်တော်၏သာလွန်ထူးကဲသော သွန်သင်ချက်ကို ပြန်သတိရပြီး လက်တွေ့ကြိုးစားကျင့်သုံးသူ မည်မျှရှိသနည်း။
ယေရှုဖွားမြင်ပုံသည် မှတ်သားလောက်ဖွယ်ကောင်းသည် မှန်သော်လည်း ကိုယ်တော်၏အစောပိုင်းတပည့်များသည် ကိုယ်တော်ပြုလုပ်ခဲ့ရာများနှင့် သွန်သင်ခဲ့ရာများကို ပို၍အလေးထားခဲ့ကြသည်။ ခရစ်တော်ဖွားမြင်မှုက ကိုယ်တော်၏လူကြီးဘဝကို မှုန်ဝါးသွားစေဖို့ ဘုရားသခင် တစ်ခါမျှမရည်ရွယ်ခဲ့ပါ။ သို့တိုင် ခရစ္စမတ်သည် ခရစ်တော်ကို သူငယ်တော်ဖွားမြင်ခြင်းဆိုင်ရာ ရှေးရိုးစဉ်လာပုံပြင်နွံထဲ နစ်မြုပ်ထားလေပြီ။
ခရစ္စမတ်ကျင်းပပုံများနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်စရာ နောက်ထပ်မေးခွန်းတစ်ခုပေါ်လာပါသည်။ ယနေ့ မြေကြီးပေါ်သို့ ယေရှုပြန်ကြွလာခဲ့သော် ခရစ္စမတ်ကို ဗြောင်ကျကျ စီးပွားရေးအမြတ်ထုတ်နေခြင်းအား ကိုယ်တော်မည်သို့ သဘောထားမည်နည်း။ လွန်ခဲ့သောအနှစ် နှစ်ထောင်က ယေရှုသည် ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်သို့ သွားရောက်ခဲ့သည်။ ဂျူးဘာသာရေးပွဲတော်ကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်နေကြသော ငွေလဲလှယ်သူများနှင့် ဈေးသည်များကို ကိုယ်တော်အလွန်အမျက်ထွက်ခဲ့သည်။ “ဤဥစ္စာကိုယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ဈေးရုံမလုပ်ကြနှင့်” ဟုကိုယ်တော်မိန့်တော်မူခဲ့သည်။ (ယောဟန် ၂:၁၃-၁၆၊ သမ္မာ) စီးပွားရေးနှင့် ဘာသာရေးရောနှောခြင်းကို ယေရှုမနှစ်သက်ကြောင်း ထင်ရှားပါသည်။
စပိန်နိုင်ငံရှိ စိတ်ရင်းမှန်သူ . . . တို့သည် ခရစ္စမတ်ပွဲကို စီးပွားရေးဆန်ဆန် အမြတ်ထုတ်မှုတိုးလာခြင်းအား စိုးရိမ်မကင်းဖြစ်မိကြောင်း ဖော်ပြကြသည်။ သို့တိုင် ခရစ္စမတ်ထုံးစံများ၏ဇာစ်မြစ်များကိုထောက်၍ စီးပွားရေးအမြတ်ထုတ်မှု ခေတ်ရေစီးကြောင်းကို ရှောင်လွှဲ၍မရနိုင်ပါ။ သတင်းစာဆရာ ဝှမ် အဲရီစ်က ဤသို့ထောက်ပြသည်– “ခရစ္စမတ်သည် ‘အယူမှားပုံစံ’ ထွက်ကာ ဘာသာရေးထက် အပျော်အပါးနှင့် များများထုတ်များများသုံးဝါဒတို့ဘက် ပို၍အလေးထားလာပုံကို အပြစ်မြင်ဝေဖန်ကြသော ခရစ်ယာန်ဘာသာဝင်များသည် သူငယ်တော်ဖွားမြင်ခန်းပြကွက်၏ ရင်းမြစ်ကိုက . . . ရောမတို့၏ [နေနတ်ဘုရား] ပွဲတော်၏သွင်ပြင်များစွာ ပေါင်းစပ်ပါဝင်ကြောင်း အများအားဖြင့် မသိကြချေ။”—အဲလ် ပိုင်းရက်စ်၊ ဒီဇင်ဘာ ၂၄၊ ၂၀၀၁။
မကြာသေးမီနှစ်များတွင် အယူမှားဇာစ်မြစ်များမှ ဆင်းသက်လာသောထုံးတမ်းစဉ်လာ ခရစ္စမတ်ပွဲများနှင့်ယင်း၏ စီးပွားရေးဂယက်များကို စပိန်နိုင်ငံမှ သတင်းစာဆရာများနှင့် စွယ်စုံကျမ်းများစွာတို့က ဝေဖန်ခဲ့ကြပြီ။ ခရစ္စမတ်ပွဲများကျင်းပသည့် နေ့စွဲနှင့်ပတ်သက်၍ အင်စီကလိုပေဒီယာ ဒဲ့ လာ ရေလီဂျင် ကာတိုလီကာက ဤသို့ ပွင့်ပွင့်လင်းလင်းဖော်ပြသည်– “ရောမချာ့ခ်ျသည် အယူမှားပွဲများကို ခရစ်ယာန်ပွဲတော်များနှင့် အစားထိုးလိုသဖြင့် ၎င်းနေ့ကို ခရစ္စမတ်ပွဲနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပုံရသည်။ . . . ထိုအချိန်တွင် ရောမနိုင်ငံရှိ အယူမှားသူတို့သည် ဒီဇင်ဘာ ၂၅ ရက်ကို ‘မရှုံးနိမ့်နိုင်သောနေမင်း’ ၏မွေးနေ့ဖြစ်သည့် နားတာလီစ် အင်န်ဝီခ်တီပွဲနေ့အဖြစ် သီးသန့်ထားကြောင်း ကျွန်ုပ်တို့သိကြသည်။”
အင်စီကလိုပေဒီယာ ဟစ္စပဲန်နစ်ကာကလည်း အလားတူမှတ်ချက်ချသည်– “ခရစ္စမတ်ပွဲကျင်းပသည့် ဒီဇင်ဘာ ၂၅ ရက်သည် နှစ်ရက်စဉ်အရ တိကျစွာတွက်ချက်ပြီးရရှိလာသည့် ရက်စွဲမဟုတ်ဘဲ ရောမမြို့တွင် ကျင်းပသော ဆောင်းယဉ်စွန်းကာလ ပွဲတော်များကို ခရစ်ယာန်မှုပြုထားခြင်းသာဖြစ်သည်။” ရောမလူမျိုးတို့သည် ဆောင်းရာသီကောင်းကင်ပြင်တွင် သူရိယနေမင်းပေါ်ထွက်ခြင်းပွဲကို မည်သို့ကျင်းပခဲ့ကြသနည်း။ မြူးထူးပျော်ရွှင်ခြင်း၊ သောက်စားပျော်ပါးခြင်းနှင့် လက်ဆောင်များဖလှယ်ခြင်းတို့ဖြင့်ဖြစ်သည်။ ချာ့ခ်ျအာဏာပိုင်များသည် ရေပန်းစားသော အဆိုပါပွဲကို ဖျက်သိမ်းလိုစိတ်မရှိသောကြောင့် နေ၏မွေးနေ့အစား ယေရှု၏မွေးနေ့ဟု ကင်းပွန်းတပ်ကာ “ခရစ်ယာန်မှုပြု” လိုက်ကြသည်။
အစပိုင်းဖြစ်သော စတုတ္ထရာစုနှင့် ပဉ္စမရာစုတို့တွင် နေကိုးကွယ်မှုနှင့် ယင်း၏ထုံးစံဟောင်းများကို အရိုးစွဲနေခဲ့သည်။ နေကိုဂုဏ်ပြုသည့်အနေနှင့်ကျင်းပခဲ့ကြသော အယူမှားသူများနည်းတူ ဒီဇင်ဘာ ၂၅ ကိုမကျင်းပဖို့ ယုံကြည်သူချင်းများအား တိုက်တွန်းဖို့တာဝန်ရှိသည်ဟု . . . “စိန့်” ဩဂတ်စတင်း (စီ.အီး. ၃၅၄-၄၃၀) ယူမှတ်ခဲ့သည်။ ယနေ့ပင်လျှင် ရှေးခေတ်ရောမပွဲတော်များသည် အသာစီးရနေပုံရှိသည်။
ပျော်ပွဲရွှင်ပွဲနှင့် ရောင်းဝယ်ဖောက်ကားခြင်းတွင် စံတင်လောက်သောပွဲ
ရာစုနှစ်များတစ်လျှောက် ခရစ္စမတ်ကို ရေပန်းအစားဆုံးပွဲအဖြစ်၊ ပျော်ပွဲရွှင်ပွဲနှင့် ရောင်းဝယ်ဖောက်ကားခြင်းအတွက် နိုင်ငံတကာကျင်းပသည့်ပွဲအဖြစ်သို့ ပုံသွင်းရာတွင် အဓိကကျသောအပိုင်းမှပါဝင်ခဲ့သော အကြောင်းရင်းများစွာရှိသည်။ ထို့ပြင် အခြားဆောင်းရာသီ ပွဲတော်များ၏ ဓလေ့ထုံးစံများ၊ အထူးသဖြင့် ဥရောပမြောက်ပိုင်းပွဲတော်များသည် တဖြည်းဖြည်းနှင့် ရောမပုံစံထွက်လာသည်။ * ၂၀ ရာစုရောက်သော် အရောင်းစာရေးများနှင့် ဈေးကွက်ကျွမ်းကျင်သူများသည် အမြတ်များများထွက်မည့် မည်သည့်ဓလေ့ထုံးစံမျိုးကိုမဆို စိတ်ရောကိုယ်ပါ အားပေးအားမြှောက်ပြုခဲ့ကြသည်။
အဘယ်ရလဒ်ရခဲ့ပြီနည်း။ ခရစ်တော်ဖွားမြင်ခြင်းအရေးပါမှုထက် ကိုယ်တော့်မွေးနေ့ကျင်းပခြင်းသည် အရေးအပါဆုံးဖြစ်လာလေပြီ။ အများအားဖြင့် ထုံးတမ်းစဉ်လာခရစ္စမတ်ပွဲတွင် ခရစ်တော်အကြောင်း ပြောကြဆိုကြခြင်းပင် မရှိတော့သလောက်ဖြစ်နေပြီ။ “[ခရစ္စမတ်ပွဲ] သည် ကမ္ဘာ့ပွဲတော်၊ မိသားစုပွဲတော်ဖြစ်ပြီး လူတိုင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျင်းပကြသည့်ပွဲတစ်ခုဖြစ်သည်” ဟုစပိန်သတင်းစာ အဲလ် ပိုင်းရက်စ်ကဆို၏။
စပိန်နိုင်ငံနှင့် ကမ္ဘာတစ်လွှားရှိ အခြားနိုင်ငံများတွင် ထွန်းကားလာသော ခေတ်ရေစီးကြောင်းကို ၎င်းမှတ်ချက်က ထင်ဟပ်ပြသည်။ ခရစ္စမတ်ပွဲများသည် သာ၍ခမ်းနားကြီးကျယ်လာသော်လည်း ခရစ်တော်နှင့်ဆိုင်သောအသိပညာမူ လျော့နည်းလာလေသည်။ အချုပ်ဆိုရသော် ခရစ္စမတ်ပွဲလမ်းသဘင်များသည် မြစ်ဖျားခံရာ ရောမခေတ် မြူးထူးပျော်ရွှင်ခြင်း၊ သောက်စားပျော်ပါးခြင်းနှင့် လက်ဆောင်များဖလှယ်ခြင်း ဒုံရင်းသို့ ပြန်ရောက်သွားလေပြီ။
ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏
ထုံးတမ်းစဉ်လာခရစ္စမတ်ပွဲသည် ခရစ်တော်နှင့် မည်သို့မျှပတ်သက်မှုမရှိလျှင် စစ်မှန်သောခရစ်ယာန်များသည် ခရစ်တော်ဖွားမြင်ခြင်းနှင့် ကိုယ်တော်၏ဘဝအသက်တာကို မည်သို့သတိရအောက်မေ့အပ်သနည်း။ ယေရှုမဖွားမြင်မီ အနှစ်ခုနစ်ရာခန့်က ကိုယ်တော်နှင့်ပတ်သက်၍ ဟေရှာယဤသို့ပရောဖက်ပြုခဲ့သည်– “ငါတို့အား သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အာဏာစက်ကို ထမ်းဆောင်လိမ့်မည်။” (ဟေရှာယ ၉:၆၊ သမ္မာ) ယေရှု၏ဖွားမြင်ခြင်းနှင့် နောက်ဆက်တွဲအခန်းကဏ္ဍသည် အလွန်အရေးပါမည်ဟု ဟေရှာယ အဘယ်ကြောင့်ဖော်ပြခဲ့သနည်း။ ယေရှုသည် တန်ခိုးကြီးသောအုပ်စိုးရှင်ဖြစ်လာမည်ဖြစ်သောကြောင့်တည်း။ ကိုယ်တော်အား ငြိမ်သက်ခြင်းမင်းသားဟုခေါ်ဆိုပြီး ငြိမ်သက်ခြင်း သို့မဟုတ် ကိုယ်တော်၏အာဏာတော်သည် အဆုံးမရှိဖြစ်ပါလိမ့်မည်။ ထို့ပြင် ယေရှု၏အုပ်ချုပ်မှုသည် “တရားစောင့်ခြင်းနှင့် ဖြောင့်မတ်ခြင်းဖြင့်” အမြဲတည်ပါလိမ့်မည်။—ဟေရှာယ ၉:၇။
ကောင်းကင်တမန်ဂါဗြေလသည် ယေရှုဖွားမြင်မည့်အကြောင်း မာရိကိုအသိပေးစဉ်က ဟေရှာယ၏ကြေညာချက်ကို သံယောင်လိုက်ခဲ့သည်။ “ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား[သခင်]၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ” ဟုသူကြိုပြောခဲ့သည်။ (လုကာ ၁:၃၂၊ ၃၃) ယေရှုဖွားမြင်မှု အရေးပါရသည့် အဓိကအကြောင်းသည် ဘုရားသခင့်နိုင်ငံတော်၏ ခန့်အပ်ခံဘုရင်အဖြစ် ခရစ်တော်ပြီးမြောက်စေမည့်လုပ်ငန်းနှင့် ဆက်စပ်နေကြောင်း ထင်ရှားပါသည်။ ခရစ်တော်၏အုပ်ချုပ်မှုသည် သင်နှင့် သင်ချစ်မြတ်နိုးရသူများအပါအဝင် လူအားလုံးကို အကျိုးပြုနိုင်ပါသည်။ အမှန်မှာ ကိုယ်တော်ဖွားမြင်ခြင်းသည် “မြေကြီးပေါ်၌လည်း [ဘုရားသခင်] နှစ်သက်တော်မူသောသူတို့တွင် ငြိမ်သက်ခြင်းရှိစေ” လိမ့်မည်ဟု ကောင်းကင်တမန်များ ဖော်ပြခဲ့သည်။—လုကာ ၂:၁၄၊ သမ္မာ။
အေးချမ်းငြိမ်သက်၍ တရားမျှတမှုရှိသောကမ္ဘာတွင် မနေထိုင်လိုသူ မည်သူရှိအံ့နည်း။ သို့သော် ခရစ်တော်၏အုပ်ချုပ်မှုအောက် ငြိမ်သက်အေးချမ်းမှုကို မွေ့လျော်ခံစားရန် ကျွန်ုပ်တို့သည် ဘုရားသခင့်မျက်နှာသာရရှိပြီး ကိုယ်တော်နှင့် ဆက်ဆံရေးကောင်းရှိထားဖို့လိုသည်။ ထိုသို့သောဆက်ဆံရေးရှိဖို့ ပထမခြေလှမ်းမှာ ဘုရားသခင်နှင့် ခရစ်တော်အကြောင်း သင်ယူခြင်းဖြစ်သည်ဟု ယေရှုမိန့်ဆိုခဲ့သည်။ ယေရှုက “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုဆို၏။—ယောဟန် ၁၇:၃။
ယေရှုအကြောင်း ကောင်းကောင်းသိလာသောအခါ ကိုယ်တော်အား မည်သို့အောက်မေ့စေလိုမည်ကို ကျွန်ုပ်တို့ စဉ်းစားစရာမလိုတော့ပါ။ ရှေးခေတ်အယူမှားပွဲတော် ကျင်းပသည့်နေ့နှင့် တစ်နေ့တည်းတွင် စားသောက်၍ လက်ဆောင်များဖလှယ်ခြင်းဖြင့်လော။ ထိုသို့ဖြစ်နိုင်စရာအကြောင်းမရှိချေ။ ယေရှုမသေဆုံးမီညတွင် ကိုယ်တော်ဖြစ်စေလိုသည့်အရာကို တပည့်များအား ဤသို့မိန့်မှာခဲ့သည်– “ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ် . . . မည်။”—ယောဟန် ၁၄:၂၁။
ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကို အကျယ်တဝင့်လေ့လာကြရာ ယင်းက ဘုရားသခင်နှင့် ယေရှုတို့၏ပညတ်များသည် အဘယ်အရာများဖြစ်ကြောင်း သူတို့ကိုနားလည်စေသည်။ ယေရှုအား သတိရသင့်သောနည်းအတိုင်း အောက်မေ့သတိရနိုင်ဖို့ အရေးပါသောထိုပညတ်များကို နားလည်စေရေးတွင် သင့်အား သူတို့ကူညီပေးလိုကြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 11 အဓိကပုံနမူနာနှစ်ခုမှာ ခရစ္စမတ်သစ်ပင်နှင့် စဲန်တာကလော့စ်အရုပ်တို့ဖြစ်သည်။
[စာမျက်နှာ ၆၊ ၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ပွဲခံခြင်းနှင့် လက်ဆောင်များပေးခြင်းကို သမ္မာကျမ်းစာတားမြစ်သလော
လက်ဆောင်များပေးခြင်း
လက်ဆောင်များပေးခြင်းကို သမ္မာကျမ်းစာက ထောက်ခံပါသည်၊ ယေဟောဝါကိုယ်တော်တိုင်အား “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ကို ပေးသနားသောအရှင်ဟု ခေါ်ဆိုထားသည်။ (ယာကုပ် ၁:၁၇) မိဘကောင်းမည်သည် မိမိတို့သားသမီးများကို လက်ဆောင်များပေးလိမ့်မည်ဟု ယေရှုဖော်ပြခဲ့သည်။ (လုကာ ၁၁:၁၁-၁၃) ယောဘပြန်ကျန်းမာလာသောအခါ သူ၏ မိတ်ဆွေများနှင့် မိသားစုဝင်များက လက်ဆောင်များပေးခဲ့ကြသည်။ (ယောဘ ၄၂:၁၁) သို့သော် ထိုပေးကမ်းခြင်းတစ်ခုမျှ အထူးပွဲနေ့မလိုအပ်ခဲ့ပါ။ နှလုံးထဲမှ ပေါက်ဖွားလာသောပေးကမ်းခြင်းဖြစ်သည်။—၂ ကောရိန္သု ၉:၇။
မိသားစုတွေ့ဆုံပွဲများ
မိသားစုတွေ့ဆုံပွဲများသည် မိသားစုဝင်များစည်းလုံးစေဖို့ များစွာထောက်ကူနိုင်သည်၊ အထူးသဖြင့် တစ်အိမ်တည်းတွင် အတူမနေတော့သည့် မိသားစုဝင်များဖြစ်လျှင်ဖြစ်သည်။ ယေရှုနှင့် ကိုယ်တော့်တပည့်များသည် ကာနမြို့မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြရာ မိသားစုများနှင့် မိတ်ဆွေများ တွေ့ဆုံပွဲကြီးဖြစ်မည် သေချာသည်။ (ယောဟန် ၂:၁-၁၀) ယေရှု၏ဖြုန်းတီးသောသားပုံဥပမာတွင် ဖခင်ဖြစ်သူသည် သူ၏သားပြန်လာခြင်းကို တေးဂီတနှင့် အကပါဝင်သည့် မိသားစုစားသောက်ပွဲကျင်းပကာ ပွဲခံခဲ့သည်။—လုကာ ၁၅:၂၁-၂၅။
စားကောင်းသောက်ဖွယ်စားသုံးခြင်း
ဘုရားသခင့်ကျေးကျွန်များကို မိသားစုဝင်များ၊ မိတ်ဆွေများ သို့မဟုတ် ဝတ်ပြုသူချင်းများနှင့် စားကောင်းသောက်ဖွယ်များ စားသုံးကြသူများအဖြစ် သမ္မာကျမ်းစာက မကြာခဏဖော်ပြပါသည်။ အာဗြဟံထံသို့ ကောင်းကင်တမန်သုံးပါး အလည်လာသောအခါ သူတို့အတွက် အမဲသား၊ နွားနို့၊ ထောပတ်နှင့် ပေါင်မုန့်လုံးများပါသော စားသောက်ပွဲတစ်ခုကို သူပြင်ဆင်ခဲ့သည်။ (ကမ္ဘာဦး ၁၈:၆-၈) ရှောလမုန်သည် ‘စားခြင်း၊ သောက်ခြင်းနှင့် ပျော်မွေ့ခြင်း’ တို့ကို ဘုရားသခင်ထံတော်မှဆုကျေးဇူးအဖြစ် ဖော်ပြခဲ့သည်။—ဒေ. ၃:၁၃; ၈:၁၅။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို မိတ်ဆွေများ၊ မိသားစုဝင်များနှင့်အတူ စားကောင်းသောက်ဖွယ်များ သုံးဆောင်စေလိုကြောင်း၊ လက်ဆောင်များပေးခြင်းကိုလည်း နှစ်သက်ကြောင်း ထင်ရှားပါသည်။ တစ်နှစ်လုံး အချိန်မရွေး ထိုသို့ပြုလုပ်ရန် အခွင့်အလမ်းများစွာရှိပါသည်။