မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ကူညီမစမှုကို သင်ခံယူသလော

ယေဟောဝါ၏ကူညီမစမှုကို သင်ခံယူသလော

ယေဟောဝါ​၏​ကူညီ​မစမှု​ကို သင်​ခံယူ​သလော

‘ယေဟောဝါ​သည် ငါ့ကို​မစ​တော်​မူ​သည်​ဖြစ်၍ ငါ​မကြောက်။’—ဟေဗြဲ ၁၃:၆၊ က​ဘ။

၁၊ ၂။ ကျွန်ုပ်​တို့၏​ဘဝတွင် ယေဟောဝါ​၏​ကူညီ​မစမှု​နှင့် လမ်းညွှန်မှုကို ခံယူ​ခြင်း​သည် အဘယ်ကြောင့် အရေးကြီး​သနည်း။

သင်သည် တောင်ပေါ် ခြေလျင်​ခရီးနှင်​နေသည်​ဟု စိတ်ကူး​ကြည့်​လိုက်ပါ။ သို့သော် သင်​တစ်ဦးတည်း​မဟုတ်၊ သင်​နှင့်အတူ လမ်းပြ​တစ်ဦး​လိုက်ပါ​လာပြီး သူသည် ထို​နေရာတွင် အကောင်းဆုံး​လမ်းပြ​ဖြစ်၏။ သူသည် သင့်​ထက် အတွေ့အကြုံ​များ​ပြီး သက်လုံ​ပို​ကောင်း​သော်လည်း သင်၏​အနား​တွင် စိတ်ရှည်​စွာ အတူ​လျှောက်​ပေး​နေသည်။ မကြာခဏ သင်​လဲကျ​တတ်​သည်ကို သူ​သတိပြုမိ​၏။ သူသည် သင်,ဘေးကင်း​စေရန် အထူးသဖြင့် အန္တရာယ်​ရှိသော​နေရာကို ဖြတ်ကျော်​နိုင်​ရန် သူ၏​လက်ကို ကမ်းပေး​သည်။ သူ၏​ကူညီ​မှု​ကို သင်​ငြင်း​မည်​လော။ လုံးဝ​ငြင်း​မည်​မဟုတ်! သင့်​တွင် ဘေးအန္တရာယ်​ရှိနေ​သောကြောင့်​ဖြစ်၏။

ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ခက်ခဲ​ကျပ်တည်း​သော​လမ်း​တွင် လျှောက်လှမ်း​နေကြ​ရသည်။ ကျဉ်းမြောင်းသော​ထို​လမ်း​တွင် ကျွန်ုပ်​တို့​တစ်ယောက်တည်း လျှောက်လှမ်း​ရမည်​လော။ (မဿဲ ၇:၁၄) မဟုတ်ပါ၊ ကျွန်ုပ်​တို့​တွေ့ဖူး​သမျှ​တွင် အကောင်းဆုံး​လမ်းပြ​ရှင် ယေဟောဝါ​ဘုရားသခင်​သည် မိမိ​နှင့်အတူ လူသားများ​ကို လျှောက်​ခွင့်ပြု​ထား​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​၏။ (ကမ္ဘာဦး ၅:၂၄; ၆:၉) ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ လျှောက်လှမ်း​နေစဉ် ကူညီ​မစ​ပေး​သလော။ ကိုယ်တော်​က ဤသို့​မိန့်ဆို​သည်– ‘သင်၏​ဘုရားသခင် ယေဟောဝါ​က မစိုးရိမ်​နှင့်။ ငါ​မစ​မည်​ဟု သင့်​အား​ဆို​လျက် သင်၏​လက်ယာလက်​ကို ကိုင်​မည်။’ (ဟေရှာယ ၄၁:၁၃က​ဘ) အထက်ပါ​ဥပမာ​မှ လမ်းပြ​သူ​ကဲ့သို့​ပင် ယေဟောဝါ​သည် မိမိ​နှင့်​လျှောက်လှမ်း​လို​သူများ​အား ကြင်နာ​စွာ ကူညီ​မစ​ပြီး ခင်မင်​ရင်းနှီးခွင့်​ပြု​ထား​သည်။ ကိုယ်တော်​၏​ကူညီ​မစမှု​ကို အဘယ်သူမျှ ငြင်း​လို​မည်​မဟုတ်!

၃။ ဤ​ဆွေးနွေးမှု​တွင် အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

ယေဟောဝါ​သည် ရှေးခေတ် မိမိ၏​လူမျိုးတော်​အား ကူညီ​မစ​ခဲ့​သည့် နည်းလေး​နည်းကို ရှေ့​ဆောင်းပါး​တွင် ဆွေးနွေး​ခဲ့​ကြပြီ။ ယနေ့ ကိုယ်တော်​၏​လူမျိုးတော်ကို ထို​နည်း​အတိုင်း ကူညီ​မစ​သလော။ ထိုသို့​သော​ကူညီ​မစမှု​မျိုးကို ကျွန်ုပ်​တို့​ခံယူ​ကြောင်း မည်သို့​သေချာ​စေနိုင်​သနည်း။ ထို​မေးခွန်းများကို သုံးသပ်ကြည့်​ကြ​စို့။ ထိုသို့​သုံးသပ်ခြင်း​ဖြင့် ယေဟောဝါ​သည် အမှန်ပင် ကျွန်ုပ်​တို့၏​ကူညီ​မစ​ရှင်​ဖြစ်​ကြောင်း ပို​၍​ယုံကြည်​စိတ်ချ​လာနိုင်​သည်။—ဟေဗြဲ ၁၃:၆

ကောင်းကင်တမန်​များ​၏​ကူညီ​မစမှု

၄။ ယနေ့ ဘုရားသခင့်​ကျေးကျွန်​များသည် ကောင်းကင်တမန်​များ ကူညီ​မစ​ပေး​မည်​ကို အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။

ကောင်းကင်တမန်​များသည် ယေဟောဝါ​၏​မျက်မှောက်ခေတ် ကျေးကျွန်​များ​ကို ကူညီ​မစ​ကြ​သလော။ ကူညီ​မစ​ကြ​ပါ​သည်။ အမှန်​ဆို​ရ​လျှင် ယနေ့ သူတို့သည် စစ်မှန်သော​ဝတ်ပြုသူ​များ​အား ဘေးအန္တရာယ်​မှ ကယ်တင်​ရန် ကိုယ်ယောင်​ထင်ရှားပြ​ကြ​မည်​မဟုတ်​ချေ။ ကျမ်းစာ​ခေတ်​က​ပင် ကောင်းကင်တမန်​များသည် ထိုသို့​ထင်ရှားပြ​ခြင်း အလွန်​နည်းပါး​လှ​သည်။ သူတို့​ကူညီ​မစ​ပေး​ခဲ့​ကြ​ရာ အများစု​သည် ယနေ့​ကဲ့သို့​ပင် လူ့​မျက်စိဖြင့် မမြင်​ခဲ့​ရ​ချေ။ မည်သို့​ပင်​ဖြစ်ပါစေ၊ မိမိတို့ကို ကောင်းကင်တမန်​များ ကူညီ​မစ​ကြောင်း သိရှိ​လာ​ကြသော ဘုရားသခင့်​ကျေးကျွန်​များသည် အလွန်​အားတက်လာ​ကြ​၏။ (၄ ဓမ္မ​ရာဇဝင် ၆:၁၄-၁၇) ကျွန်ုပ်​တို့သည် ထို​နည်းတူ​ခံစား​ကြ​ရန် အကြောင်းကောင်း​ရှိသည်။

၅။ ယနေ့ ကောင်းကင်တမန်​များသည် ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​နေကြ​ကြောင်း သမ္မာကျမ်းစာ​က မည်သို့​ဖော်ပြ​သနည်း။

ယေဟောဝါ​၏​ကောင်းကင်တမန်​များသည် အထူးသဖြင့် ကျွန်ုပ်​တို့​လုပ်ဆောင်နေ​ကြ​သည့် အထူး​လုပ်ငန်း​ကို စိတ်ဝင်စား​ကြ​၏။ ထို​လုပ်ငန်း​ကား အဘယ်နည်း။ ဗျာ. ၁၄:၆၊ ၇ တွင်​ဤသို့​အဖြေပေး​ထား​သည်ကို ကျွန်ုပ်​တို့​တွေ့ရှိ​နိုင်​သည်– “မြေကြီး​ပေါ်မှာ​နေသော​သူ​တည်း​ဟူသော အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့အား ထာဝရ​ဧဝံဂေလိတရား​ကို​ဟော​ရသော ကောင်းကင်တမန်​တစ်ပါး . . . ကောင်းကင်​အလယ်​၌ ပျံဝဲ​လျက်​ရှိသည်​ကို ငါ​မြင်​၏။” ယေရှု​ကြို​ဟောထား​သည့်​အတိုင်း ဤ​အစီအစဉ်​စနစ်​အဆုံး​မတိုင်မီ ‘လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း လောက​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ’ မည့် ‘ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား’ နှင့် ဤ “ထာဝရ​ဧဝံဂေလိတရား” ဆက်စပ်​နေသည်​မှာ ထင်ရှား​၏။ (မဿဲ ၂၄:၁၄) အမှန်​ဆို​သော် ကောင်းကင်တမန်​များသည် တိုက်ရိုက်​မဟောပြော​ကြ​ချေ။ ဤ​အရေးပါသော​တာဝန်​ကို လူသားများ​အား ယေရှု​အပ်နှင်း​ခဲ့​သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ထို​တာဝန်​ကို ကျွန်ုပ်​တို့​လုပ်ဆောင်​သည့်​အခါ ဉာဏ်ပညာ​ရှိပြီး တန်ခိုး​ကြီးသော ဝိညာဉ်​သားများ​ဖြစ်​ကြ​သည့် သန့်ရှင်းသော​ကောင်းကင်တမန်​များ​မှ ကူညီ​မစမှု​ရရှိ​နေကြောင်း သိရှိ​ရခြင်း​သည် အားရှိစရာ​မဟုတ်ပေ​လော။

၆၊ ၇။ (က) ကောင်းကင်တမန်​များသည် ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​ကို ကူညီ​ပေး​နေကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။ (ခ) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ကောင်းကင်တမန်​များ​၏​ကူညီ​မှု​ကို ရရှိရန် မည်သို့​သေချာ​စေနိုင်​သနည်း။

ကျွန်ုပ်​တို့၏​လုပ်ငန်းတော်​ကို ကောင်းကင်တမန်​များ ကူညီ​ပေး​သည့် အရေးပါသော​အထောက်အထား ရှိပါ​သည်။ ဥပမာ၊ ယေဟောဝါသက်သေ​များသည် အမှုဆောင်ထွက်​နေစဉ် အမှန်တရားကို ရှာတွေ့​ရန် ကူညီ​မစ​ပေး​ပါ​ဟု မကြာသေးမီ​က ဘုရားသခင်​ထံ ဆုတောင်း​ခဲ့​သူ​တစ်ဦး​နှင့် တွေ့ဆုံ​ကြ​ကြောင်း ကျွန်ုပ်​တို့ မကြာခဏ ကြား​ရလေ့​ရှိသည်။ ဤသို့​သော​တွေ့ကြုံမှု​များသည် တိုက်ဆိုင်မှု​များ​သာ​ဖြစ်သည်ဟု သဘောထား​တတ်ကြ​ပေမည်။ ကောင်းကင်တမန်​များ​၏ ဤသို့​ကူညီ​မစမှု​ကြောင့် “ဘုရားသခင်​ကို ကြောက်ရွံ့​၍ ချီးမွမ်း​ကြလော့” ဟူ၍ ‘ကောင်းကင်​အလယ်​၌ ပျံဝဲ​လျက်​ရှိသော ကောင်းကင်တမန်’ ၏​ကြေညာ​ချက်​အတိုင်း လုပ်ဆောင်ရန် သင်ယူ​လာ​ကြ​သူ များသည်ထက်​များ​လာပြီ။—ဗျာ. ၁၄:၇

ယေဟောဝါ​၏​တန်ခိုး​ကြီး​ကောင်းကင်တမန်​များ​၏ ကူညီ​မစမှု​ကို သင်​ရ​လို​ပါသလော။ သို့​ဖြစ်​လျှင် သင်၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် အစွမ်းကုန်​လုပ်ဆောင်ပါ။ (၁ ကောရိန္သု ၁၅:၅၈) ယေဟောဝါ​ပေး​တော်​မူ​သော ဤ​အထူး​တာဝန်​ကို စေတနာ​နှင့်​ရက်ရက်ရောရော လုပ်ဆောင်​သည့်​အခါ ကောင်းကင်တမန်​များ​၏ ကူညီ​မစမှု​ကို ကျွန်ုပ်​တို့​ရရှိနိုင်​ကြသည်။

ကောင်းကင်တမန်​မှူး​မှ ကူညီ​မစမှု

၈။ ယေရှုသည် ကောင်းကင်​တွင် အဘယ်​ကြီး​မြင့်သော​ရာထူး ရရှိ​ထား​သနည်း၊ ၎င်း​သည် ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့် အားရှိစရာ​ဖြစ်သနည်း။

ယေဟောဝါ​သည် ကောင်းကင်တမန်​၏​ကူညီ​မစမှု နောက်​တစ်မျိုး​ကိုလည်း ပေးသနား​ထား​သည်။ “မျက်နှာ​သည် နေကဲ့သို့” ရှိသော ထူးခြားသည့် “ခွန်အား​ကြီးသော​ကောင်းကင်တမန်” တစ်ပါး​အကြောင်းကို ဗျာ. ၁၀:၁ တွင်​ဖော်ပြ​ထား​သည်။ စိတ်အာရုံ​မှ ဤ​ကောင်းကင်တမန်​သည် ကောင်းကင်​တန်ခိုးတော်​ဖြင့် ဘုန်းပွင့်​သော​ယေရှု​ခရစ်​ကို ပုံ​တင်ပြ​ကြောင်း ထင်ရှား​၏။ (ဗျာ. ၁:၁၃၊ ၁၆) ယေရှုသည် အမှန်ပင် ကောင်းကင်တမန်​တစ်ပါး​လော။ ဟုတ်​သည်​ဟု ဆို​၍​ရသည်၊ အကြောင်း​မှာ ကိုယ်တော်​သည် ကောင်းကင်တမန်မင်း​ဖြစ်၍​တည်း။ (၁ သက်သာလောနိတ် ၄:၁၆) ကောင်းကင်တမန်မင်း​ဟူသည် အဘယ်နည်း။ ၎င်း​စကားလုံး​သည် “ကောင်းကင်တမန်​အဓိပတိ၊” သို့​မဟုတ် “ကောင်းကင်တမန်​မှူး” ဟု​အဓိပ္ပာယ်​ရသည်။ ယေရှုသည် ယေဟောဝါ​၏​ဝိညာဉ်​သား​ရှိသမျှ​တွင် တန်ခိုး​အကြီးမားဆုံး​ဖြစ်သည်။ ယေဟောဝါ​သည် ယေရှုကို မိမိ၏​ကောင်းကင်​ဗိုလ်ခြေ​မှူး​အဖြစ် အပ်နှင်း​ထား​သည်။ ဤ​ကောင်းကင်တမန်မင်း​သည် အမှန်ပင် တန်ခိုး​ကြီးသော ကူညီ​မစမှု​ရင်းမြစ်​ဖြစ်သည်။ မည်သည့်​နည်း​များ​အားဖြင့်​နည်း။

၉၊ ၁၀။ (က) ယေရှုသည် ကျွန်ုပ်​တို့ အပြစ်ပြု​မိ​သည့်​အခါ ကျွန်ုပ်​တို့၏ “ကူညီ​မစသူ” အဖြစ် မည်သို့​ဆောင်ရွက်​ပေး​သနည်း။ (ခ) ယေရှု၏​ပုံသက်သေ​တွင် အဘယ်​ကူညီ​မစမှု​ကို တွေ့ရှိ​နိုင်​သနည်း။

သက်ကြီးရွယ်အို တမန်​တော်​ယောဟန်​က ဤသို့​ရေးသားခဲ့​သည်– “တစ်စုံ​တစ်ယောက်​သော​သူသည် [အပြစ်]ကို​ပြု​မိ​လျှင် ဖြောင့်မတ်​တော်​မူ​သော​အရှင် ယေရှု​ခရစ်​တည်း​ဟူသော ငါ​တို့​အမှုဆောင်​သခင် [“ကူညီ​မစသူ၊” က​ဘ] သည်​ခမည်းတော်​ထံ​၌ ရှိ​တော်​မူ​၏။” (၁ ယောဟန် ၂:၁) အထူးသဖြင့် ကျွန်ုပ်​တို့ ‘အပြစ်ပြု​မိ’ သည့်​အခါ ယေရှုသည် ကျွန်ုပ်​တို့၏ “ကူညီ​မစသူ” ဖြစ်သည်ဟု အဘယ်ကြောင့် ယောဟန်​ဆို​ရသနည်း။ ကျွန်ုပ်​တို့သည် နေ့စဉ်​နှင့်​အမျှ အပြစ်​ပြုလုပ်​နေပြီး ၎င်း​အပြစ်​သည် သေခြင်းကို​ဖြစ်စေ​၏။ (ဒေ. ၇:၂၀; ရောမ ၆:၂၃) သို့သော် ယေရှုသည် ကျွန်ုပ်​တို့၏​အပြစ်​များ​အတွက် ကိုယ်တော်​၏​အသက်ကို ရွေးနုတ်ဖိုး​အဖြစ် စွန့်ခဲ့​သည်။ ကိုယ်တော်​သည် ကြင်နာ​သော ခမည်းတော်​၏​အနား​တွင် ကျွန်ုပ်​တို့​ကိုယ်စား တောင်းပန်​ပေး​လျက်​ရှိသည်။ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ဤသို့​သော​ကူညီ​မစမှု လိုအပ်​၏။ ကျွန်ုပ်​တို့သည် ယင်းကို မည်သို့​ခံယူ​နိုင်​သနည်း။ ကျွန်ုပ်​တို့​အပြစ်​များ​မှ နောင်တ​ယူပြီး ယေရှု၏​ရွေးနုတ်ဖိုး​ကို​အခြေခံ​၍ ခွင့်လွှတ်​မှု​တောင်းဆို​ဖို့​လို​သည်။ ထပ်တူ​အပြစ်​မျိုးကို ထပ်မံ​မပြုမိ​ရန်​လည်း​လို​သည်။

၁၀ ယေရှုသည် ကျွန်ုပ်​တို့​အကျိုးအတွက် အသက်ပေး​သည့်​အပြင် အပြစ်ဆိုဖွယ်​မရှိ ကောင်းမွန်သော ပုံသက်သေ​ကိုလည်း ချမှတ်​ပေး​ခဲ့​သည်။ (၁ ပေတရု ၂:၂၁) ကိုယ်တော်​၏​ပုံသက်သေ​က ကျွန်ုပ်​တို့ကို လမ်းညွှန်​ပေး​သည်၊ ကြီး​လေး​သော​အပြစ်ကို မပြု​လုပ်မိ​ဘဲ ယေဟောဝါ​ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့​စေနိုင်​ရန် ကျွန်ုပ်​တို့၏​လမ်းစဉ်​ကို ပုံစံ​ချ​စေ​၏။ ကျွန်ုပ်​တို့သည် ဤသို့​သော​ကူညီ​မစမှု​ကို ရရှိ​သည့်​အတွက် ဝမ်းမြောက်​ကြသည်​မဟုတ်လော။ ကူညီ​မစမှု​နောက်​တစ်မျိုး ပေးသနား​ဦး​မည်​ဟု မိမိ၏​နောက်လိုက်​များ​အား ယေရှု ကတိပြု​ခဲ့​သည်။

သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ကူညီ​မစမှု

၁၁၊ ၁၂။ ယေဟောဝါ​၏​ဝိညာဉ်​တော်​ဟူသည် အဘယ်နည်း၊ ယင်းသည် မည်မျှ​တန်ခိုး​ကြီး​သနည်း၊ ယနေ့ ကျွန်ုပ်​တို့သည် ယင်းကို အဘယ်ကြောင့် လိုအပ်​ကြ​သနည်း။

၁၁ ယေရှု​က “ငါသည် ခမည်းတော်​ကို​တောင်း​၍ ခမည်းတော်​သည် လောက,က​မရရှိ​နိုင်သော အမှန်တရား​၏​ဝိညာဉ်​တော်​တည်း​ဟူသော အခြားသော​ကူညီ​မစသူ​ကို သင်တို့​နှင့်အတူ အစဉ်မပြတ်​တည်​နေ​စေခြင်း​ငှာ သင်တို့အား ပေး​တော်​မူ​မည်” ဟု​ကတိပြု​ခဲ့​သည်။ (ယောဟန် ၁၄:၁၆၊ ၁၇က​ဘ) ဤ “အမှန်တရား​၏​ဝိညာဉ်​တော်၊” သို့​မဟုတ် သန့်ရှင်းသော​ဝိညာဉ်တော်သည် ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်ဘဲ ယေဟောဝါ​၏​လှုပ်ရှား​သော​စွမ်းအား​ဖြစ်သည်။ ယင်း​စွမ်းအား​သည် အတိုင်းအဆ​မရှိ​ကြီးမား​၏။ ယေဟောဝါ​သည် စကြဝဠာ​ဖန်ဆင်း​ခြင်း၊ ရင်သပ်​ရှုမော​လောက်​သည့် အံ့ဖွယ်​အရာများ​ပြသခြင်း​နှင့် မိမိ၏​အလိုတော်ကို စိတ်အာရုံ​ဖြင့် ဖော်ပြခြင်း​တို့​တွင် ထို​စွမ်းအား​ကို အသုံးပြု​တော်​မူ​၏။ ယနေ့ ယေဟောဝါ​သည် အဆိုပါ​နည်းများဖြင့် မိမိ၏​ဝိညာဉ်​တော်​ကို အသုံးမပြု​သောကြောင့် ယင်းကို ကျွန်ုပ်​တို့ မလို​အပ်​တော့​ဟု ဆိုလို​ပါသလော။

၁၂ မဆိုလို​ပါ! ဤ “ခဲယဉ်း​သော​ကာလ” တွင် ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ဝိညာဉ်​တော်​ကို ယခင်​က​ထက် ပို​၍​လိုအပ်​၏။ (၂ တိမောသေ ၃:၁) ဝိညာဉ်တော်သည် စမ်းသပ်မှု​များ​ကို ကျွန်ုပ်​တို့ ခံရပ်​နိုင်​ရန် ခွန်​အားပေး​သည်။ ယေဟောဝါ​နှင့်​လည်းကောင်း၊ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များနှင့်​လည်းကောင်း သာ၍​နီးကပ်​စေသည့် အရည်အသွေးကောင်း​များ​ကို ပျိုးထောင်​စေ​သည်။ (ဂလာတိ ၅:၂၂၊ ၂၃) သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် ယေဟောဝါ​ထံ​က အဆိုပါ​အံ့ဖွယ်​ကူညီ​မစမှု​မှ မည်သို့​အကျိုး​ရယူ​နိုင်​သနည်း။

၁၃၊ ၁၄။ (က) ယေဟောဝါ​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို မိမိလူ​မျိုး​တော်​အား တလိုတလား​ပေး​လို​ကြောင်း အဘယ်ကြောင့် စိတ်ချ​နိုင်​သနည်း။ (ခ) ကျွန်ုပ်​တို့သည် သန့်ရှင်းသော​ဝိညာဉ်​တော် ဆုကျေးဇူး​ကို အမှန်တကယ် မခံယူ​ကြောင်း အဘယ်​လုပ်ရပ်က ဖော်ပြ​နိုင်​သနည်း။

၁၃ ပထမ​ဦးစွာ၊ သန့်ရှင်းသော​ဝိညာဉ်​တော်​ရရှိရန် ဆုတောင်း​ဖို့​လို​၏။ ယေရှု​က “သင်တို့သည် အဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သားတို့​အား ကောင်းသော​အရာ​ကို​ပေး​တတ်​လျှင် ထို​မျှ​မ​က ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သာ၍​ပေး​တော်​မူ​မည်​မဟုတ်လော” ဟု​မိန့်ဆို​၏။ (လုကာ ၁၁:၁၃) မှန်ပါသည်၊ အကောင်းဆုံး​ဖခင်​တစ်ဦး​ကို တွေး​ယူ​ကြည့်​လျှင် ယေဟောဝါ​သာ​လျှင် ဖြစ်သည်။ ကျွန်ုပ်​တို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ယုံကြည်ခြင်းဖြင့် စိတ်ရင်းမှန်​နှင့်​တောင်းလျှင် ကိုယ်တော်​သည် ဤ​ဆုကျေးဇူး​ကို မပေး​ဘဲ​နေ​မည်​မဟုတ်​ကြောင်း စိတ်ချ​နိုင်​သည်။ သို့​ဖြစ်​လျှင် မေးစရာ​မှာ ဝိညာဉ်​တော်​ရရှိရန် ကျွန်ုပ်​တို့ တောင်း​နေ​သလော။ ကျွန်ုပ်​တို့၏​နေ့စဉ်​ဆုတောင်းချက်​များ​တွင် ယင်းကို​ထည့်​တောင်း​သင့်​သည်။

၁၄ ဒုတိယ၊ ကျွန်ုပ်​တို့သည် ထို​ဝိညာဉ်​တော်​ဆုကျေးဇူး​ကို​ခံယူ​ပြီး ယင်း​နှင့်​အညီ လုပ်ဆောင်ကြ​သည်။ ဥပမာ၊ ခရစ်ယာန်​တစ်ဦး​သည် အညှီအ​ဟောက်​ရုပ်ပုံ​စာပေ​တို့ကို ကြည့်​လို​စိတ်​နှင့် ကြိုးစား​တွန်းလှန်​နေရ​သည်​ဆိုပါစို့။ သူသည် ဤ​အကျင့်ဆိုး​ကို တွန်းလှန်​နိုင်​ရန် သန့်ရှင်းသော​ဝိညာဉ်​တော်​ပေး​ပါ​ဟု ဆုတောင်း​ပြီး ခရစ်ယာန်​အကြီးအကဲ​များ​ထံ​မှ အကြံဉာဏ်​တောင်းဆို​ခဲ့​သည်။ ဤသို့​ညစ်ညမ်း​သော​အရာ​အနား​သို့ မသွား​ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်​လုပ်ဆောင်ဖို့ သူ့ကို အကြံပေး​ခဲ့​သည်။ (မဿဲ ၅:၂၉) သူသည် အကြီးအကဲ​များ​၏​အကြံပေး​ချက်​ကို လျစ်လျူရှုပြီး ထပ်မံ​သွေးဆောင်​ခံ​နေလျှင်​ကော အသို့နည်း။ မိမိကို​ကူညီ​ပေး​ရန် သန့်ရှင်းသော​ဝိညာဉ်​တော်​ပေး​ပါ​ဟု သူ၏​ဆုတောင်းချက်​နှင့်​အညီ လုပ်ဆောင်နေ​ခြင်း​လော။ သို့​မဟုတ် သူသည် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို စိတ်နာ​စေပြီး ဤ​ဆုကျေးဇူး ဆုံးရှုံး​စေရန် ဖန်တီး​နေခြင်း​လော။ (ဧဖက် ၄:၃၀) အမှန်စင်စစ်၊ ကျွန်ုပ်​တို့အားလုံး​သည် ယေဟောဝါ​ထံ​မှ အဆိုပါ​အံ့ချီးဖွယ်​ကူညီ​မစမှု​ကို ဆက်​ရရှိကြောင်း သေချာ​စေရန် ကျွန်ုပ်​တို့​ဘက်​မှ အတတ်နိုင်ဆုံး အဘ​က်​ဘက်​မှ ကြိုးစား​လုပ်ဆောင်ဖို့​လို​သည်။

ဘုရားသခင့်​စကားတော်​မှ ကူညီ​မစမှု

၁၅။ သမ္မာကျမ်းစာ​ကို အလေးထားကြောင်း မည်သို့​ပြသ​နိုင်​သနည်း။

၁၅ သမ္မာကျမ်းစာ​သည် ရာစုနှစ်ချီ​ပြီး ယေဟောဝါ​၏​သစ္စာရှိ​ကျေးကျွန်​များ​ကို ကူညီ​မစ​လာ​ခဲ့​သည်။ သို့သော် သမ္မာကျမ်းစာ​ကို အလေး​မထား​ဘဲ​နေ​မည့်​အစား တန်ခိုး​ပါ​သော​ကူညီ​မစမှု​၏​ရင်းမြစ်​ဖြစ်​ကြောင်း စိတ်ထဲ​စွဲမှတ်​ထား​ဖို့​လို​သည်။ အဆိုပါ​ကူညီ​မစမှု​ကို ခံယူ​ရာ​တွင် ကြိုးစား​အားထုတ်​ရမည်။ ပုံမှန်​လုပ်ရိုးလုပ်စဉ်​အဖြစ် ကျမ်းစာ​ဖတ်​ဖို့​လို​သည်။

၁၆၊ ၁၇။ (က) ဘုရားသခင့်​ပညတ်တရား ဖတ်ရှုခြင်း​အကျိုးကျေးဇူးများ​ကို ဆာလံ ၁:၂၊ ၃ က​မည်သို့​ဖော်ပြ​သနည်း။ (ခ) ဆာလံ ၁:၃ တွင် ဝီရိယ​စိုက်ထုတ်​၍ ကြိုးစား​လုပ်ဆောင်​ရမည့်​ပုံ​ကို မည်သို့​သရုပ်ဖော်​ထား​သနည်း။

၁၆ ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​သူ​အကြောင်းကို ဆာလံ ၁:၂၊ ၃ [က​ဘ] က​ဤသို့​ဆို​သည်– ‘ယေဟောဝါ​၏​တရားတော်​၌ မွေ့လျော်​၍ ထို​တရားတော်​ကို နေ့​ည​မပြတ် ဖတ်ရွတ်​ဆင်ခြင်​သူသည် ပျော်ရွှင်​၏။ အကြောင်း​မူ​ကား ထို​သူသည် ရေ​ချောင်းများ​နား​မှာ​စိုက်​ထား​၍ အချိန်တန်လျှင် အသီးကို​သီး​လျက် အရွက်​မညှိုးနွမ်း​တတ်သော အပင်​နှင့်​တူ​၏။ ပြု​လေ​သမျှ​တို့​၌ အောင်​လိမ့်​သတည်း။’ ၎င်း​ကျမ်းပိုဒ်​၏​ဆိုလိုချက်​ကို သင်​သိ​သလော။ အဆိုပါ​စကား​များ​ကို ဖတ်​ပြီး ယင်း​တို့သည် မြစ်​အနားမှာ​ပေါက်​နေသော အရိပ်​ရ​အပင်​တစ်ပင်​၏ ငြိမ်သက်​သာယာသော​ရှုခင်း​ကို ဖော်ပြ​နေခြင်း​ဖြစ်သည်ဟု အလွယ်တကူ ကောက်ချက်​ချ​ပေမည်။ ဤ​နေရာ​မျိုး​တွင် နေ့လယ်​နေ့ခင်း တစ်မှေး​အိပ်စက်​လိုက်ရ​လျှင် ကြည်နူး​လန်းဆန်း​လိုက်​မည်​ဖြစ်​ခြင်း! သို့သော် ဤ​ဆာလံဆရာ​သည် ကျွန်ုပ်​တို့ကို အနားယူခြင်း​အကြောင်း စဉ်းစား​ခိုင်း​နေခြင်း​မဟုတ်​ချေ။ ယင်း​နှင့်​ခြားနား​စွာ ဤ​ရှုခင်း​သည် ဝီရိယ​စိုက်ထုတ်​၍ ကြိုးစား​လုပ်ဆောင်မှုကို ပုံဖော်​ပြ​နေခြင်း​ဖြစ်သည်။ မည်သို့​အားဖြင့်​နည်း။

၁၇ ဤ​တွင်​ဖော်ပြ​ထားသော အပင်​သည် မြစ်​နံဘေး​တွင် အလိုအလျောက်​ပေါက်​နေသော အရိပ်​ရ​အပင်မ​ဟုတ်​ကြောင်း သတိပြုပါ။ ရွေးချယ်​ထားသော​နေရာ “ရေ​ချောင်းများ​နား” တွင် တမင်​ရည်ရွယ်​၍ “စိုက်” ထားသော သစ်သီး​ပင်​ဖြစ်၏။ အပင်​တစ်ပင်​ကို တစ်ခု​မ​က​သော​ရေ​ချောင်းနား​တွင် မည်သို့​စိုက်​ပျိုး​နိုင်​သနည်း။ သစ်သီးခြံ​တစ်ခြံ​တွင် ပိုင်ရှင်​ဖြစ်သူ​သည် ၎င်း​၏​အဖိုးတန်​သီး​ပင်​များ​၏​အမြစ်​ကို ရေ​ရောက်​ရန် ရေ​မြောင်း​များ တူး​ပေး​ထား​မည်။ ယခု​မှ ဆိုလိုချက်​ကို နားလည်​ပြီ! ဝိညာဉ်​ရေး​သဘော​အရ ထို​အပင်​ကဲ့သို့ ကျွန်ုပ်​တို့သည် ကြီးထွား​ရှင်သန်​နေလျှင် ယင်းသည် ကျွန်ုပ်​တို့​အကျိုးအတွက်​များစွာ​လုပ်ဆောင်ပေး​ထားသော​ကြောင့်​ဖြစ်သည်။ စင်ကြယ်သော​အမှန်တရား​ရေ တိုက်ကျွေး​နေသော အဖွဲ့အစည်း​တစ်ခု​နှင့် ကျွန်ုပ်​တို့​ပူးပေါင်း​နေ​သော်လည်း ကျွန်ုပ်​တို့သည် မိမိတို့​အပိုင်း​မှ လုပ်ဆောင်​ရမည်​ဖြစ်သည်။ ကျွန်ုပ်​တို့​စိတ်နှလုံး​တွင် ဘုရားသခင့်​စကားတော်​အမှန်တရား ရောက်ရှိ​နိုင်​ရန် တွေးတော​ဆင်ခြင်​၍ သုတေသန​ပြု​ကာ ဤ​တန်ဖိုး​ရှိ​ရေ​မှ ကျွန်ုပ်​တို့​ကိုယ်တိုင် အကျိုးကျေးဇူး​ရရှိရန် ကြိုးစား​အားထုတ်​ဖို့​လို​သည်။ ထို​နည်းဖြင့် ကျွန်ုပ်​တို့သည်​လည်း အသီး​ကောင်း​များ သီးပွင့်​နိုင်​လိမ့်​မည်။

၁၈။ ကျွန်ုပ်​တို့၏​မေးခွန်းများ​အတွက် ကျမ်းစာ​အဖြေ​များ ရှာတွေ့နိုင်​ရန် အဘယ်အရာ​လို​သနည်း။

၁၈ သမ္မာကျမ်းစာ​ကို စင်ပေါ်​တင်ထား​ရုံ​မျှ​ဖြင့် အကျိုးရှိ​မည်​မဟုတ်ပေ။ သမ္မာကျမ်းစာ​သည် မျက်စိမှိတ်ပြီး ကြုံ​ရာ​စာမျက်နှာ​ကို ဖွင့်လိုက်​သည်​နှင့် ကျွန်ုပ်​တို့​သိ​လို​သော​အဖြေပေး​မည့် စာမျက်နှာ ပေါ်လာ​မည်​ဟု ယူဆ​နိုင်သော အဆောင်​လက်ဖွဲ့​မဟုတ်ပေ။ ဆုံးဖြတ်ချက်​များ ချ​ရသည့်​အချိန်တွင် ဝှက်ထား​သော ဘဏ္ဍာ​ကဲ့သို့ ‘ဘုရားသခင့်​အသိပညာ’ ကို​တူး​ယူဖို့​လို​၏။ (သု. ၂:၁-၅) ကျွန်ုပ်​တို့၏​အထူး​လိုအပ်ချက်​များနှင့် တိုက်ရိုက်​သက်ဆိုင်​သည့် ကျမ်းစာ​သွန်သင်ချက်​တွေ့ရှိ​နိုင်​ရန် ကြိမ်ဖန်​များစွာ ဝီရိယ​စိုက်ထုတ်​၍ ဂရုတစိုက် သုတေသန​ပြု​ဖို့​လို​သည်။ သုတေသန​ပြု​နိုင်​ရန် ကျမ်းစာ​အခြေပြု​စာပေ​များစွာ ကျွန်ုပ်​တို့​တွင်​ရှိပါ​သည်။ ယင်း​တို့ကို အသုံးပြု၍ သမ္မာကျမ်းစာ​ရှိ ဉာဏ်ပညာ​ကျောက်​မျက်​များ​ကို ထက်သန်​စွာ​တူး​ယူ​သည့်​အခါ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ကူညီ​မစမှု​ကို အမှန်တကယ် အသုံးပြု​နေကြ​ခြင်း​ဖြစ်သည်။

ယုံကြည်သူချင်း​များ​မှ ကူညီ​မစမှု

၁၉။ (က) ကင်းမျှော်စင် နှင့် နိုးလော့! ဆောင်းပါး​များ​ကို ယုံကြည်သူချင်း​များ​အားဖြင့် ပေးသနား​သော ကူညီ​မစမှု​အဖြစ် အဘယ်ကြောင့် ရှုမြင်​အပ်​သနည်း။ (ခ) ကျွန်ုပ်​တို့၏​ဂျာနယ်​တစ်စောင်​မှ အထူး​ဆောင်းပါး​တစ်ခု​သည် သင့်​အား မည်သို့​ကူညီ​မစ​ခဲ့​သနည်း။

၁၉ ယေဟောဝါ​၏​လူ့​ကျေးကျွန်​များသည် တစ်ဦး​ကိုတစ်​ဦး ရိုင်းပင်း​ကူညီ​မှု​၏​ရင်းမြစ်​များ အမြဲ​ဖြစ်​ကြ​၏။ ယင်း​နှင့်​စပ်လျဉ်း၍ ယေဟောဝါ ပြောင်းလဲ​ခဲ့ပြီ​လော။ လုံးဝ​မပြောင်းလဲ​ပါ။ ကျွန်ုပ်​တို့​လိုအပ်​သည့်​ကူညီ​မစမှု​ကို ယုံကြည်သူချင်း​များ​မှ အချိန်ကိုက်​ရရှိခဲ့​ရာ​များ​ကို ကျွန်ုပ်​တို့​တစ်ဦးချင်း စဉ်းစား​ဆင်ခြင်​ကြည့်​နိုင်​သည်။ ဥပမာ၊ သင်လို​အပ်​သည့်​အချိန်တွင် နှစ်သိမ့်​ပေး​သော၊ ပြဿနာ​တစ်ခု​ကို ဖြေရှင်းရန် သို့​မဟုတ် သင်၏​ယုံကြည်ခြင်း​စိန်ခေါ်ချက်​ကို ရင်ဆိုင်​ရန် ကူညီ​ပေး​သော ကင်းမျှော်စင် သို့​မဟုတ် နိုးလော့! တို့​ပါ ဆောင်းပါး​တချို့​ကို ပြန်​မှတ်မိ​နိုင်​ပါသလော။ ယေဟောဝါ​သည် ‘အချိန်တန်​အစာ’ ပြင်ဆင်​ပေး​ရန် ခန့်အပ်​ထားသော ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ အားဖြင့် သင့်ကို ကူညီ​မစ​ပေး​ခဲ့​သည်။—မဿဲ ၂၄:၄၅-၄၇

၂၀။ ခရစ်ယာန်​အကြီးအကဲ​များသည် ‘လူ့​အသွင်​ဆုလာဘ်များ’ ဖြစ်​ကြောင်း အဘယ်​နည်းများဖြင့် သက်သေပြ​ကြ​သနည်း။

၂၀ သို့သော် တစ်ခါတစ်ရံ ယုံကြည်သူချင်း​များ​မှ ပို​၍​တိုက်ရိုက်​ကျ​သော ကူညီ​မစမှု​ရရှိ​တတ်​သည်။ ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​သည် ကျွန်ုပ်​တို့​နှလုံး​ထိမိ​သည့် ဟောပြောချက်ကို​ပေးခြင်း သို့​မဟုတ် အခက်အခဲ​တွေ့​ချိန်​တစ်လျှောက် သိုးထိန်း​လည်ပတ်မှု​ဖြင့် ကူညီ​ခြင်း သို့​မဟုတ် မိမိတို့၏​အားနည်းချက်ကို တွေ့မြင်​ပြီး ယင်းကို ကျော်လွှား​အောင်မြင်​ရန် ကြင်နာ​စွာ သွန်သင်​ပေးခြင်း​မျိုး​ရှိသည်။ ကျေးဇူး​တင်သော ခရစ်ယာန်​ညီအစ်မ​တစ်ဦး​သည် အကြီးအကဲ​တစ်ဦး၏​ကူညီ​မှု​နှင့်​စပ်လျဉ်း၍ ဤသို့​စာရေး​သည်– “လယ်ကွင်း​လုပ်ငန်းမှာ သူဟာ အချိန်​ယူပြီး ကျွန်မ​ရဲ့​ခံစားချက်​တွေ​ကို ဖော်ထုတ်​တယ်။ ဒီ​မတိုင်ခင်​ည​မှာ ကျွန်မ ရင်ဖွင့်​ပြော​နိုင်​မယ့်​သူကို ရှာပေး​ပါ​လို့ ယေဟောဝါ​ဆီ ဆုတောင်း​ခဲ့​တယ်။ နောက်​တစ်နေ့​မှာ ဒီ​ညီအစ်ကို​က စာနာမှု​နဲ့ ကျွန်မ​ကို စကား​လာ​ပြော​တယ်။ ယေဟောဝါ​ဟာ ကျွန်မ​ကို နှစ်​ရှည်​လ​များ ဘယ်လို​ကူညီ​မစ​ခဲ့​သလဲ​ဆိုတာ မြင်​လာအောင်​ပြောပြ​တယ်။ ဒီ​အကြီးအကဲ​ကို ကျွန်မ​ဆီ ပို့ပေး​တဲ့​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​တယ်။” ခရစ်ယာန်​အကြီးအကဲ​များသည် ထိုသို့​သော​နည်းများဖြင့် အသက်​လမ်းပေါ်တွင် ကျွန်ုပ်​တို့ ခံရပ်​နိုင်​ရန် ခရစ်တော်​အားဖြင့် ယေဟောဝါ ပေးသနား​ထားသော ‘လူ့​အသွင်​ဆုလာဘ်များ’ ဖြစ်​ကြောင်း ဖော်ပြ​ကြသည်။—ဧဖက် ၄:၈

၂၁၊ ၂၂။ (က) အသင်းတော်​သားများ​သည် ဖိလိပ္ပိ ၂:၄ တွင်​တွေ့ရ​သည့် ဆုံးမ​စကား​ကို လိုက်လျှောက်​သည့်​အခါ အဘယ်​အကျိုး​ဖြစ်ထွန်း​သနည်း။ (ခ) အသေးအဖွဲ​လုပ်ရပ်များ​သည်​ပင် အဘယ်ကြောင့် အရေးပါ​အရာရောက်​သနည်း။

၂၁ အကြီးအကဲ​များ​အပြင် တည်ကြည်သော​ခရစ်ယာန်​အားလုံး​သည် “ကိုယ်​အမှုအရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အမှုအရာ​ကို အချင်းချင်း​ရှုမှတ်​ကြလော့” ဟူသော မှုတ်သွင်းခံ​မိန့်မှာချက်ကို လိုက်လျှောက်​လို​ကြသည်။ (ဖိလိပ္ပိ ၂:၄) ခရစ်ယာန်​အသင်းတော်​သားများ​သည် ထို​ဆုံးမ​စကား​ကို လိုက်လျှောက်​ကြ​သည့်​အခါ နှစ်လိုဖွယ်​ကြင်နာ​မှု​လုပ်ရပ်များ ပေါ်ထွက်​လာ​၏။ ဥပမာ၊ မိသားစု​တစ်စု​သည် ရုတ်တရက် ဝမ်းနည်း​ကြေကွဲဖွယ်​အဖြစ်ဆိုး​ကို စုပုံ​ခံစား​ခဲ့​ရလေ​သည်။ ဖခင်​သည် သူ၏​သမီး​ငယ်​ကို စ​တိုး​ဆိုင်​သို့​ခေါ်သွား​သည်။ အိမ်အပြန်​တွင် သူတို့ ကား​တိုက်ခံ​ရသည်။ သမီး​ငယ်​မှာ သေဆုံး​သွားပြီး ဖခင်​မှာ အကြီးအကျယ်​ဒဏ်ရာ​ရရှိခဲ့သည်။ ဖခင်​သည် ဆေးရုံ​မှ​ဆင်း​သောအခါ အစပိုင်း​၌ မိမိ​ဘာသာ ဘာမျှ​မ​လုပ်နိုင်​သည့်​အထိ မသန်မစွမ်း​ဘဝ​ရောက်သွား​သည်။ သူ၏​ဇနီးသည်​လည်း တစ်ယောက်တည်း သူ့ကို ကြည့်ရှု​စောင့်ရှောက်​ရသည့်​အတွက် အလွန်​ပင် စိတ်​အနှောင့်အယှက်​ဖြစ်လာ​ခဲ့​သည်။ ထို့​ကြောင့် အသင်းတော်​မှ ဇနီး​မောင်နှံ​တစ်စုံ​သည် ဝမ်းနည်း​ကြေကွဲ​နေသည့် ဤ​ဇနီး​မောင်နှံကို မိမိတို့​အိမ်​သို့​ခေါ်သွား​ပြီး ရက်သတ္တပတ်​အတော်ကြာကြာ ကြည့်ရှု​ပြုစုပေး​ခဲ့​ကြသည်။

၂၂ ကြင်နာ​မှု​လုပ်ရပ်​အားလုံး​သည် ဤသို့​သော​ကြေကွဲဖွယ်​အဖြစ်ဆိုး၊ ကိုယ်ကျိုး​စွန့်​မှု​တို့​နှင့်​သာ ပတ်သက်​သည်မဟုတ်။ ကျွန်ုပ်​တို့​ရရှိ​သည့် ကူညီ​မစမှု​အချို့​သည် သေးငယ်သော​အရာ​ဖြစ်သည်။ သို့သော် မည်မျှ​ပင်​သေးငယ်သော ကြင်နာ​မှု​ဖြစ်ပါစေ၊ ယင်းကို ကျွန်ုပ်​တို့ တန်ဖိုး​ထား​လေးမြတ်​ကြသည်​မဟုတ်လော။ သင်​အကူအညီ​လိုအပ်​နေချိန်​တွင် ညီအစ်ကို၊ ညီအစ်မ​တစ်ဦး​က ကြင်နာ​သော​စကား​တစ်ခွန်း​ပြော​သည့် သို့​မဟုတ် စာနာ​သော​လုပ်ရပ်​တစ်ခု လုပ်ပေးခဲ့​သည့်​အချိန်​အခါ​များ​ကို သင်​စဉ်းစား​ကြည့်​နိုင်​သလော။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ဤသို့​သော​နည်းများဖြင့် ကြည့်ရှု​စောင့်ရှောက်​တတ်၏။—သု. ၁၇:၁၇; ၁၈:၂၄

၂၃။ ကျွန်ုပ်​တို့​အချင်းချင်း ကြိုး​စား၍ ကူညီ​မစ​သည့်​အခါ ယေဟောဝါ​သည် ယင်းကို မည်သို့​ရှုမြင်​သနည်း။

၂၃ သင်သည် သူတစ်ပါးကို ကူညီ​ပေး​သူ​အဖြစ် ယေဟောဝါ​၏​အသုံးတော်ခံ ဖြစ်​လို​သလော။ သင့်အတွက် ထို​အခွင့်အရေး​တံခါး ပွင့်​နေပါ​သည်။ သင့်​ဘက်​မှ ဤသို့​ကြိုးစား​လုပ်ဆောင်ခြင်း​ကို ယေဟောဝါ အမှန်ပင် တန်ဖိုး​ထား​တော်​မူ​သည်။ ကိုယ်တော်​၏​စကားတော်​က ဤသို့​ဆို​သည်– ‘ဆင်းရဲသား​ကို သနားသော​သူသည် ယေဟောဝါ​အား ချေးငှား​သော​သူ​ဖြစ်၍ သူ​ပြုသော​အမှု​၏​အကျိုးကို ဆပ်ပေး​တော်​မူ​လိမ့်​မည်။‘ (သု. ၁၉:၁၇က​ဘ) ကျွန်ုပ်​တို့၏​ညီအစ်ကို၊ ညီအစ်မ​များ​အတွက် မိမိကိုယ်ကို ပေးဆက်ခြင်း​မှ အကြီးအကျယ်​ရွှင်လန်းမှု​ရရှိ​သည်။ (တမန်​တော် ၂၀:၃၅) မိမိ​ဘာသာ တစ်သီးပုဂ္ဂလ​နေ​သူများ​သည် ဤသို့​ကူညီ​ပေး​ရခြင်း​၏​ရွှင်လန်းမှု သို့​မဟုတ် ကူညီ​မှု​ရရှိ​ခြင်း​၏ စိတ်အားတက်​ကြွ​မှု​တို့ကို ခံစားရ​မည်​မဟုတ်​ချေ။ (သု. ၁၈:၁) ထို့​ကြောင့် ကျွန်ုပ်​တို့​အချင်းချင်း အားပေး​တည်ဆောက်​နိုင်​ရန် ခရစ်ယာန်​အစည်းအဝေး​များ​ကို မပျက်​မ​ကွက်၊ မှန်မှန်​တက်ရောက်​ကြပါစို့။—ဟေဗြဲ ၁၀:၂၄၊ ၂၅

၂၄။ အတိတ်​က ယေဟောဝါ​ပြုလုပ်​ခဲ့​သည့် ရင်သပ်​ရှုမော​လောက်​သည့် အံ့ဖွယ်အမှု​များ​ကို မ​တွေ့ခဲ့​ရ​၍ နစ်နာ​ဆုံးရှုံး​သည်​ဟု အဘယ်ကြောင့် မခံစား​သင့်​သနည်း။

၂၄ ကျွန်ုပ်​တို့ကို ယေဟောဝါ ကူညီ​မစ​ပေး​သည့် နည်း​များ​ကို စဉ်းစား​ဆင်ခြင်ခြင်း​သည် အားရ​ပျော်ရွှင်ဖွယ်​ကောင်း​သည်မဟုတ်​လော။ ယေဟောဝါ​သည် မိမိ၏​ရည်ရွယ်တော်မူချက်​များ​ကို ပြီးမြောက်​စေရန် ရင်သပ်​ရှုမော​လောက်​သည့်​အံ့ဖွယ်အမှု​များ လုပ်ဆောင်ခဲ့​သည့်​အချိန်တွင် ကျွန်ုပ်​တို့ အသက်မရှင်​ကြသော်လည်း နစ်နာ​ဆုံးရှုံး​သည်​ဟု ခံစား​စ​ရာ​မလိုပါ။ အမှန်တကယ်​အရေးကြီးသော​အရာ​မှာ ဆက်၍​တည်ကြည်​သွား​နိုင်​ရန် ကျွန်ုပ်​တို့​လိုအပ်​သည့် ကူညီ​မစမှု​မှန်သမျှကို ယေဟောဝါ​ပေးသနား​ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​တွင် ခံနိုင်ရည်​ရှိ​မည်​ဆိုလျှင် လူ့​သမိုင်း​တစ်လျှောက်​တွင် ယေဟောဝါ​၏​အကြီးကျယ်ဆုံး​သော အံ့ဖွယ်အမှု​များနှင့် ဘုန်း​အသရေ​ရှိ​လုပ်ရပ်များ​ကို အသက်ရှင်​လျက် တွေ့မြင်​ရ​ပါ​လိမ့်​မည်! ‘ကူညီ​မစမှု​ကို ယေဟောဝါ​ထံ​တော်​မှ ငါ​ရ၏’ ဟူသော ၂၀၀၅ နှစ်ချုပ်​ကျမ်းချက်​ပါ စကား​များ​အတိုင်း ကျွန်ုပ်​တို့​လည်း ပြောဆို​နိုင်​ရန် ယေဟောဝါ​၏​မေတ္တာပါ​ကူညီ​မစမှု​ကို ခံယူ​ပြီး အပြည့်အဝ​အသုံးပြုရန် သန္နိ​ဋ္ဌာန်​ချ​ကြပါစို့။—ဆာလံ ၁၂၁:၂က​ဘ။

သင်​မည်သို့​ထင်​သနည်း

ယနေ့ ယေဟောဝါ​သည် ကျွန်ုပ်​တို့​လိုအပ်သော ကူညီ​မစမှု​ကို

ကောင်းကင်တမန်​များ​အားဖြင့်

ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့်

ကိုယ်တော်​၏​မှုတ်သွင်းခံ​စကားတော်​အားဖြင့်

ယုံကြည်သူချင်း​များ​အားဖြင့် မည်သို့​ပေးသနား​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကောင်းကင်တမန်​များသည် ဟောပြောခြင်း​လုပ်ငန်း​ကို ကူညီ​ပေး​နေသည်​ဟု သိရှိ​ရခြင်း​သည် အားရှိစရာ​ဖြစ်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ကျွန်ုပ်​တို့​လိုအပ်​သည့် နှစ်သိမ့်မှု​ရရှိရန် ယုံကြည်သူချင်း​တစ်ဦး​ကို အသုံးပြုနိုင်