မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်တန်းဆင်းပွဲ—လှပသောနေ့တစ်နေ့

သင်တန်းဆင်းပွဲ—လှပသောနေ့တစ်နေ့

သင်တန်းဆင်း​ပွဲ—လှပသော​နေ့​တစ်နေ့

“လှပသည့်​နေ့​တစ်နေ့​ဖြင့် ကျွန်ုပ်​တို့ ကောင်းချီး​ခံစား​ခဲ့​ရ​ကြပြီ။ ကောင်းကင်ပြာ​ပြာ​တွင် နေ​မင်းကြီး​က ထွန်းလင်း​တောက်ပ​နေ​၏။ မြက်​ပင်​များ​က စိမ်းလန်း​နေ​ကာ ကျေးငှက်သာရကာ​များ​က တေးသီကျူး​နေကြ၏။ လှပသော​နေ့​တစ်နေ့​အတွက် ဤ​အခင်းအကျင်းများ ကျွန်ုပ်​တို့​၌​ရှိနေ​ရာ ကျွန်ုပ်​တို့ စိတ်ပျက်​ရမည်​မဟုတ်​ချေ။ ယေဟောဝါ​သည် စိတ်ပျက်​စေသည့် ဘုရားသခင်​မဟုတ်​ချေ။ ကိုယ်တော်​သည် ကောင်းချီး​များ​ပေးသနား​သည့် ဘုရားသခင်​ဖြစ်​ပေ​သည်။”

ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်သူ ညီအစ်ကို ဆမ်မြူအယ်လ် ဟာ့ဒ်​သည် ဂိလဒ်​ကင်းမျှော်စင် ကျမ်းစာ​ကျောင်း​၏ ၁၁၇ ကြိမ်​မြောက် သင်တန်းဆင်း​ပွဲ​အစီအစဉ်ကို ထို​မှတ်ချက်များ​ဖြင့် စတင်​လိုက်​လေ​သည်။ ယင်း​သင်တန်းဆင်း​ပွဲ​သည် ၂၀၀၄၊ စက်တင်ဘာ ၁၁ ရက်​နေ့တွင်​ဖြစ်သည်။ အဆိုပါ​နှစ်သက်ဖွယ်​ကောင်း​သည့် အစီအစဉ်​တွင် တည်ဆောက်မှု​ပေး​သော ကျမ်းစာ​အခြေပြု သွန်သင်ချက်​အပြင် သင်တန်း​တွင်း​တွေ့ ကြုံ​မှုများ​နှင့် ခရစ်ယာန်​သာသနာပြု​လယ်ကွင်း​မှ တွေ့ ကြုံ​မှုများ ပါဝင်​ခဲ့​၏။ နယူးယောက်​မြို့၊ ပက်​တာ​စင်​ရှိ ကင်းမျှော်စင်​ပညာပေး​ဌာန​နှင့် အသံ​နှင့်​ဗီဒီယို​ဖြင့် ချိတ်ဆက်​ထား​သည့် ဘ​ရွတ်​က​လင်​နှင့်​ဝေါလ်ကီး​ရှိ အဆောက်အဦ​များ​တွင် တက်ရောက်သူ​ပေါင်း ၆,၉၇၄ ဦး​အတွက် ယင်းသည် အမှန်ပင်​လှပသည့်​နေ့​တစ်နေ့ ဖြစ်​ခဲ့​လေ​သည်။

ကျောင်းသား​များ​အတွက် အားပေး​စကား

အမေရိကန်​ပြည်ထောင်စု ဌာနခွဲ​ကော်မတီဝင်​တစ်ဦး​ဖြစ်သူ ဂျော်န် ကီ​ကော့တ်​သည် “ခရစ်ယာန်​သာသနာပြု ထိန်းသိမ်း​ထား​လေ ရွှင်လန်းမှု” ဟူသော အဓိက​အကြောင်း​ဖြင့် အားပေး​စကား ပြောကြား​ခဲ့​သည်။ ဂိလဒ်​ကျောင်းသား​များသည် ဤ​ကျောင်းဆင်း​ပွဲ​၌ တွေ့​နေရ​သကဲ့သို့ ရွှင်လန်း​နေ​သူများ​အဖြစ် လူသိ​များ​ကြသည်​ဟု သူက ထောက်ပြ​ခဲ့​သည်။ သင်တန်း​ကာလ​အတွင်း ကျမ်းစာ​လမ်းညွှန်ချက်​က ဤ​ကျောင်းသား​များ​ကို ရွှင်လန်း​စေ​ခဲ့​ပြီး ယခု သူတို့သည် အလားတူ​ရွှင်လန်းမှု​မျိုးကို အခြားသူများ​လည်း ခံစားရ​ရန် ကူညီ​ပေး​နိုင်​သည့်​အနေအထား​တွင် ရှိနေကြ​သည်။ မည်သို့​အားဖြင့်​နည်း။ ခရစ်ယာန်​သာသနာပြု​များ​အဖြစ် ဓမ္မ​အမှု​တွင် မိမိတို့​ကိုယ်ကို ပေးဆက်ခြင်း​အားဖြင့်​ဖြစ်သည်။ ယေရှု​က ‘ခံယူ​ခြင်း​အရာ​ထက် ပေးကမ်း​ခြင်း​အရာ​သည် ပို​၍​ပျော်ရွှင်မှု​ရှိသည်’ ဟု မိန့်ဆိုခဲ့​၏။ (တမန်​တော် ၂၀:၃၅သမ္မာ) ခရစ်ယာန်​သာသနာပြု​အသစ်များ​သည် အခြား​သူများကို အမှန်တရား​ရရှိစေ​သည့် ရက်ရော​၍ ‘ပျော်ရွှင်သော​ဘုရားသခင်’ ဖြစ်​တော်​မူ​သော ယေဟောဝါ​ဘုရားသခင်​ကို တုပ​ကြသည်​နှင့်​အမျှ မိမိတို့၏​ရွှင်လန်းမှု​ကို ထိန်းသိမ်း​ထား​နိုင်​ကြ​ပါ​လိမ့်​မည်။—၁ တိမောသေ ၁:၁၁

အစီအစဉ်​၏ နောက်​အပိုင်း​ကို အုပ်ချုပ်ရေးအဖွဲ့ဝင်​နောက်​တစ်ဦး​ဖြစ်သူ ဒေးဗစ် စ​ပ​လ​န် က “သင်တို့ မည်သို့​စခန်း​သွား​မည်​နည်း” ဟူ​သည့်​အဓိက​အကြောင်း​ဖြင့် ဟောပြောခဲ့​သည်။ ဤ​အဓိက​အကြောင်း​က “ခပ်သိမ်း​သော​သူတို့၌ ခပ်သိမ်း​သော​အရာ” ဖြစ်လာ​ဖို့ တောင်းဆို​သော်လည်း အတူတကွ စည်းလုံးစွာ နေထိုင်ခြင်း​က ကောင်းမြတ်​၍ တင့်တယ်လှ​သည်​မှာ သေချာ​ပါ​သည်။ (၁ ကောရိန္သု ၉:၂၂; ဆာလံ ၁၃၃:၁) ကျောင်းဆင်း​များသည် ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​တွင် အခြားသူများ​စွာ—ရပ်ကွက်​မှ လူများ၊ ခရစ်ယာန်​သာသနာပြု​ချင်း​များ၊ မိမိတို့၏​အသင်းတော်​အသစ်​ရှိ ညီအစ်ကို​ညီအစ်မ​များ၊ ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​ကို လမ်းညွှန်​ပေး​သည့် ဌာနခွဲရုံး​ရှိ​သူများ—နှင့် အပြန်အလှန်​ဆက်ဆံ​ရမည်​ဖြစ်​ကြောင်း ညီအစ်ကို စ​ပ​လ​န်​က မှာကြား​ခဲ့​သည်။ လူမှု​ဆက်ဆံ​ရေး​များ​ကို အတတ်နိုင်ဆုံး နှစ်​လို့​ဖွယ်​ဖြစ်အောင် မည်သို့​ပြုလုပ်​ရမည်​နှင့်​ပတ်သက်​၍ လက်တွေ့ကျ​အကြံပြုချက်များ ပေး​ခဲ့​လေ​သည်– ဒေသခံ​ဘာသာ​စကား​ကို အတတ်​သင်​ပါ၊ ဒေသ​ထုံးစံ​များနှင့် အကင်းပါးပါး အလိုက်သင့်​နေပါ၊ ခရစ်ယာန်​သာသနာပြု​ချင်း​များ​၏ အေးအေးဆေးဆေး​နေ​လို​မှု​ကို လေးစားပါ၊ ဦးဆောင်နေသူ​တို့ကို နာခံမှု​ပြ​ပါ။—ဟေဗြဲ ၁၃:၁၇

နောက်​ဟောပြောသူ​ဖြစ်သည့် ဂိလဒ်​သင်တန်းပို့ချ​သူ လော​ရဲ​န့်စ် ဘို​ဝင်​န်​က “သင် မည်သို့​ထင်​သနည်း” ဟူ၍ မေးမြန်းခဲ့​သည်။ ‘အပြင်​လက္ခဏာ​အတိုင်း စီရင်’ ခဲ့​သူတို့သည် ယေရှုကို မေရှိယ​အဖြစ် လက်မခံခဲ့​ကြ​ကြောင်း ကျောင်းဆင်း​များ​ကို သူ​သတိပေး​ခဲ့​သည်။ (ယောဟန် ၇:၂၄သမ္မာ) မစုံလင်​သည့်​လူသားများ​အနေ​နှင့် အားလုံး​သည် “ဘုရားသခင်​၏​အတွေးအခေါ်​များ” ကို​မစဉ်း​စား​ဘဲ “လူတို့၏ အတွေးအခေါ်​များ​အား စဉ်းစားခြင်း” ကို သတိပြု​ရှောင်ရှား​ဖို့ လိုအပ်​ပေ​သည်။ (မဿဲ ၁၆:၂၂၊ ၂၃က​ဘ) ဝိညာဉ်​ရေး​စိတ်ဓာတ်​ရှိသူတို့​ပင် မိမိတို့၏​အတွေးအခေါ်ကို ဆက်၍​ပြုပြင်​ပြောင်းလဲ​ရမည်။ အဏ္ဏဝါ​ခရီးနှင်​နေသည့် သင်္ဘော​တစ်စီး​ကဲ့သို့ ယခု အလိုက်သင့်​နေထိုင်​တတ်​မှုများ​သည် ပန်းတိုင်​သို့​ရောက်မည်​လော၊ ဝိညာဉ်​ရေး​သင်္ဘော​ပျက်​မည်​လော​ဆို​သည်ကို အဆုံးအဖြတ်​ပေး​နိုင်​ပါ​သည်။ ကျမ်းစာ​ပါ အထက်အောက်​စကားစပ်​ကို အဆက်မပြတ်​လေ့လာခြင်း​က “ဘုရားသခင်​၏​အတွေးအခေါ်​များ” ကို စဉ်းစားတတ်​စေ​သည်။

ဂိလဒ်​ကျောင်း​သင်တန်းပို့ချ​သူ နောက်​တစ်ဦး​ဖြစ်သည့် ဝေါ​လ်​လေး​စ် လ​စ်ဗာ​ရန်​စ်​က အစီအစဉ်​၏ ဤ​အပိုင်း​ကို နိဂုံး​ချုပ်​ခဲ့​သည်။ “အဘယ်အရာကို သင်​ဝယ်ယူ​မည်​နည်း” ဟူ​သည့် သူ၏​အဓိက​အကြောင်း​သည် ဟေရှာယ ၅၅:၁ ကို​အခြေပြု​ထား​ပါ​သည်။ ကျွန်ုပ်​တို့​ခေတ်​အတွက် ဘုရားသခင်​၏ ပရောဖက်ပြုချက်​ဆိုင်ရာ သတင်း​စကား​မှ​လာ​သည့် လန်းဆန်းမှု၊ ရွှင်လန်းမှု​နှင့် အာဟာရ​တို့ကို “ဝယ်” ယူ​ရန် ကျောင်းဆင်း​များ​ကို သူ​အားပေးခဲ့​၏။ ဟေရှာယ​ပရောဖက်ပြုချက်​က ဤ​ဘုရားသခင့်​စကားတော်​ကို ရေ၊ စပျစ်​ရည်​နှင့် နို့​တို့​ဖြင့် တင်စား​ခိုင်းနှိုင်း​ခဲ့​သည်။ ယင်းကို “ငွေ​မပါဘဲ၊ အဖိုးကို​မပေး​ဘဲ” မည်သို့​ဝယ်ယူ​နိုင်​မည်​နည်း။ ကျမ်းစာ​ပရောဖက်ပြုချက်​ကို အာရုံစိုက်​ခြင်း​နှင့် ဝိညာဉ်​ရေး​မ​ဆန်​သည့် အတွေးအခေါ်​များနှင့် နည်းလမ်းများ​ကို ဘုရားသခင်​၏​အတွေးအခေါ်​များနှင့် နည်းလမ်းများ​ဖြင့် ဖလှယ်​လိုက်ခြင်း​အားဖြင့် ယင်းကို ဝယ်ယူ​နိုင်​ကြောင်း ညီအစ်ကို လ​စ်ဗာ​ရန်​စ်​က ရှင်းပြ​ခဲ့​သည်။ (ဟေရှာယ ၅၅:၂၊ ၃၊ ၆၊ ၇) ယင်း​သို့​လုပ်ဆောင်ခြင်းဖြင့် ခရစ်ယာန်​သာသနာပြု​အသစ်များ​သည် မိမိတို့၏​တိုင်းတစ်ပါး​တာဝန်​များ​တွင် ဆက်​မြဲ​နိုင်​ကြ​မည်။ စည်းစိမ်ဥစ္စာ ကြိုးစား​ရှာယူ​ထား​မှ ပျော်ရွှင်​မည်​ဟု မစုံလင်​သည့်​လူသားများ ယူဆ​လေ့​ရှိ၏။ “ယင်းကို မဝယ်​ကြ​နှင့်” ဟု ဟောပြောသူက တိုက်တွန်း​ခဲ့​သည်။ “ယင်း​အတွေးအခေါ်ကို မဝယ်​ပါ​နှင့်။ ဘုရားသခင့် ပရောဖက်ပြုချက်​ဆိုင်ရာ​စကားတော်​ကို အဓိပ္ပာယ်ရှိရှိ လေ့လာ​ဖို့ အချိန်​သတ်မှတ်​ထား​ပါ။ ယင်းက သင့်ကို လန်းဆန်းမှု​ပေး​နိုင်​သည်၊ အားဖြည့်ပေး​ပြီး သင်၏​ခရစ်ယာန်​သာသနာပြု​တာဝန်​တွင် ရွှင်လန်းမှု​ပေး​နိုင်​သည်။”

နှစ်​လို့​ဖွယ်​ကောင်း​သည့် ကျောင်းသား​အတွေ့အကြုံ​များနှင့် လူတွေ့မေးမြန်းခန်း​များ

ကျောင်းသား​များသည် ဟောပြောခြင်း​လုပ်ငန်း​တွင် မှန်မှန်​ပါဝင်​ခဲ့​ကြ​၏။ သင်တန်းဆင်း​များ ပြန်လည်​ပြောပြ​ကြ​သည့် တွေ့ ကြုံ​မှုများ​မှ​အချို့​ကို ဂိလဒ်​သင်တန်းပို့ချ​သူ နောက်​တစ်ဦး​ဖြစ်သော မာ့ခ် နူ​မဲ​ရ် ဦးစီး​သည့် ဆွေးနွေးခန်း​တွင် ပြန်​သရုပ်ပြ​ခဲ့​ရာ “သတင်းကောင်း​ကြောင့် ရှက်ကြောက်ခြင်း​မရှိ” ဟူ​သည့်​အဓိက​အကြောင်းကို ပေါ်လွင်​စေ​ခဲ့​သည်။ (ရောမ ၁:၁၆) အဆိုပါ​အတွေ့အကြုံ​ရှိ ဓမ္မ​အမှုဆောင်​များသည် တစ်အိမ်​မှ​တစ်အိမ်​တွင်၊ လမ်းပေါ်တွင်​နှင့် ကုန်​တိုက်​များ​တွင် မည်သို့​သက်သေခံ​ခဲ့​ကြ​ပုံ​ကို နားထောင်​ရ​ကြ​၍ ပရိသတ်​နှစ်ခြိုက်​ခဲ့​သည်။ အခြားသော​ဘာသာ​စကား​ကို ပြောတတ်​ကြ​သည့် ကျောင်းသား​များ​က​လည်း ထို​ဘာသာ​စကားပြော​သူတို့​ထံ ရောက်ရှိ​ရန် မိမိတို့​အသင်းတော်​၏​ရပ်ကွက်တွင် အစပြု​လုပ်ဆောင်ခဲ့​ကြ​၏။ အခြားသူ​တို့​က​မူ ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ကျမ်းစာ​အခြေပြု​စာပေ​များ​ကို ပြန်လည်ပတ်မှု​များ​တွင်​လည်းကောင်း၊ အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​ကို အစပြု​ရာ​တွင်​လည်းကောင်း ကောင်းစွာ​အသုံးပြု​ခဲ့​ကြသည်။ သူတို့သည် သတင်းကောင်း​ဟောပြောရန် “ရှက်ကြောက်ခြင်း​မရှိ” ခဲ့​ကြ​ချေ။

လုပ်ငန်းတော်​ဌာန​တွင် တာဝန်ကျ​သည့် ညီအစ်ကို ဝီလျံ နွံ​ကီစ်​က ဘာ​ကီ​နာ​ဖာ​ဆို၊ လတ်ဗီးယား​နှင့် ရုရှား​နိုင်ငံ​မှ အတွေ့အကြုံ​ရှိ ခရစ်ယာန်​သာသနာပြု​များ​ကို လူတွေ့မေးမြန်း​ခဲ့​၏။ ၎င်းတို့သည် “တည်ကြည်သူ​တို့ကို ယေဟောဝါ​ရှင် မေတ္တာဖြင့် ဆုချ” ဟူ​သည့် အဓိက​အကြောင်း​အပေါ် အခြေပြု​၍ လက်တွေ့ကျ​အကြံဉာဏ်​များ ဝေမျှပေး​ခဲ့​ကြသည်။ လူတွေ့မေးမြန်း​ခံရ​သည့် ညီအစ်ကို​များ​အနက် တစ်ဦး​က စစ်သား ၃၀၀ ရှိ ဂိဒေါင်​၏​စစ်တပ်​ကို သတိရ​ကြ​ရန် ကျောင်းဆင်း​များ​ကို အားပေးခဲ့​သည်။ စစ်သား​တစ်ဦးစီ​သည် ဂိဒေါင်​၏​စစ်ဆင်ရေး အောင်မြင်​စေရန် အကူအညီ​ပေး​ရသည့် တာဝန်​တစ်ခုစီ ရရှိ​ထား​ကြသည်။ (တရားသူကြီး ၇:၁၉-၂၁) အလားတူ၊ မိမိတို့၏​တာဝန်​များ​တွင် ဆက်​ရှိနေကြ​သည့် ခရစ်ယာန်​သာသနာပြု​များလည်း ဆုချ​ခံရ​ကြ​၏။

ပက်​တာ​စင်​၌ သင်တန်းပို့ချ​သူ​တစ်ဦး​ဖြစ်သည့် ဆမ်မြူအယ်လ် ရော်​ဘာ​စဲန်​က “ခပ်သိမ်း​သော​သူတို့​အတွက် ခပ်သိမ်း​သော​အရာ​ဖြစ်​လော့” ဟူ​သည့်​အဓိက​အကြောင်းကို လူတွေ့မေးမြန်းခန်း​များ​ဖြင့် ပေါ်လွင်​စေ​ခဲ့​၏။ စီ​နီ​ဂဲ​လ်၊ ဂူ​အမ်၊ လိုင်ဘေးရီးယား​နှင့် မာဒါဂတ်စကာ​နိုင်ငံ​တို့​မှ ဌာနခွဲ​ကော်မတီဝင်​လေးဦး​ကို သူ တွေ့ဆုံ​မေးမြန်းခဲ့​သည်။ ဤ​နိုင်ငံ​များ​တွင် ခရစ်ယာန်​သာသနာပြု စုစုပေါင်း ၁၇၀ အမှုဆောင်​နေကြ၏။ သင်တန်းဆင်း​ကျောင်းသား​များသည် ဌာနခွဲ​ကော်မတီ​က ခရစ်ယာန်​သာသနာပြု​အသစ်များ​ကို သူတို့၏​တာဝန်​များနှင့် လိုက်လျောညီထွေ​နေတတ်​ရန် မည်သို့​ကူညီ​ပေး​ကြောင်း မှတ်ချက်များ​မှ သိရှိ​ခဲ့​ရလေ​သည်။ ယင်းက အနောက်​တိုင်း​စံနှုန်း​များ​အရ တစ်မူထူး​ခြား​ပုံ​ပေါက်​မည့် ထုံးစံ​များ​ကို သင်ယူ​ရန်လို​သည်​ဟူ​သည့် သဘော​ဖြစ်သည်။ ဥပမာ၊ နိုင်ငံ​တချို့​တွင် ခရစ်ယာန်​အသင်းတော်​ရှိသူတို့​အပါအဝင် အမျိုးသားများသည် အတူတူ လမ်းလျှောက်​နေစဉ် မိတ်ဆွေများ​အဖြစ် လက်တွဲ​သွား​ကြ​ခြင်း​မှာ တွေ့​နေကျ​အရာ​ဖြစ်သည်။ ဂူ​အမ်​ဌာနခွဲ​အောက်​ရှိ ဒေသ​တချို့​တွင် တစ်မူထူး​ခြား​သည့် အစားအသောက်​များ​ကို တည်ခင်း​ဧည့်ခံ​တတ်ကြ​၏။ သို့သော် အခြားသူ​တို့သည် အလိုက်သင့်​နေတတ်​ခဲ့​ကြ​ရာ ခရစ်ယာန်​သာသနာပြု​အသစ်များ​လည်း အလိုက်သင့်​နေနိုင်​ကြ​ပါ​သည်။

အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်သူ ဂို​င် ပီယပ်စ်​က “‘ကျွန်ုပ်​တို့​အရှင်သခင်​၏ နိုင်ငံတော်’ ကို ဆက်၍​တည်ကြည်​ကြလော့” ဟူ​သည့်​အကြောင်းကို ဟောပြော​သွားခဲ့​၏။ ပရိသတ်​ကို သူ​ဤသို့​နှိုးဆော်​ပေး​ခဲ့​လေ​သည်– “ယေဟောဝါ​သည် ရည်ရွယ်ချက်​ဖြင့် ဖန်ဆင်း​ခဲ့​သည်။ မိမိ၏​ဖန်ဆင်း​ရာ​အတွက် ရည်ရွယ်ချက်​တစ်စုံတစ်ရာ ကိုယ်တော်၌​ရှိ​ထား​သည်။ ဤ​ကမ္ဘာ​မြေ​အတွက် ကိုယ်တော်​၏​ရည်ရွယ်ချက်မှာ ပြောင်းလဲ​မသွား​ခဲ့​ချေ။ ၎င်း​၏​ရည်ရွယ်ချက်​သည် ပြည့်စုံခြင်း​ဆီ​သို့ တစ်ဟုန်ထိုး ဦးတည်​ရွေ့လျား​လျက်​ရှိ၏။ မည်သည့်​အရာ​က​မျှ ယင်းကို မပြောင်းလဲ​နိုင်​ပေ။” (ကမ္ဘာဦး ၁:၂၈) ပထမ​လူသား​အာဒံ​၏​အပြစ်​ကြောင့် အခက်အခဲ​များ ပေါ်ပေါက်​ခဲ့​ရ​လင့်​ကစား ဘုရားသခင်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို တည်ကြည်​စွာ လက်အောက်ခံ​ကြဖို့ ညီအစ်ကို ပီယပ်စ်​က အားလုံး​ကို အားပေး​သွားခဲ့သည်။ “ကျွန်ုပ်​တို့သည် တရား​စီရင်​ရာ​အချိန်နာရီ​အတွင်း​တွင် အသက်ရှင်​နေကြ​သည်။ စိတ်နှလုံး​ရိုး​ဖြောင့်​သူများ အမှန်တရား​သိရှိ​ရန် သူတို့​ထံ​ရောက်ရှိ​ဖို့ ကျွန်ုပ်​တို့​၌ အချိန်​အနည်းငယ်​သာ ကျန်ရှိ​တော့​သည်။ အခြားသူများ​ထံ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ရောက်ရှိ​ဖို့ အချိန်ကို အကျိုးရှိရှိ​အသုံးပြု​ကြ​ပါ” ဟု ညီအစ်ကို ပီယပ်စ်​က တိုက်တွန်း​သွားခဲ့သည်။ ဘုရားသခင့်​နိုင်ငံတော်​ကို တည်ကြည်​စွာ ထောက်မ​ကူညီ​ပေး​နေသူတို့​သည် ကိုယ်တော်​၏​ကျော​ထောက်​နောက်ခံ​ပြု​မှု​ရမည်ကို ယုံကြည်​အားထား​နိုင်​ကြ​ပါ​သည်။—ဆာလံ ၁၈:၂၅

နိဂုံးပိုင်း​တွင် သဘာပတိ​သည် ကမ္ဘာ​တစ်ဝန်း​ရှိ ဌာနခွဲရုံး​များ​မှ ပေး​ပို့​သော နှုတ်​ခွန်း​ဆက်​စကား​များ​ကို ဖတ်​ကြား​သည်။ ထို့နောက် ကျောင်းဆင်း​များ​အား ဒီ​ပ​လို​မာ​ပေးအပ်​ပြီး ကျောင်းဆင်း​တစ်ဦး​က အတန်း​ကိုယ်စား ရရှိခဲ့​သည့် လေ့ကျင့်မှု​အတွက် အလွန်​ကျေးဇူး​တင်​ကြောင်း ဖော်ပြ​သည့်​စာ​ကို ဖတ်ပြ​၏။ ယင်းသည် တက်ရောက်သူ​အားလုံး အမှတ်တရ​ဖြစ်နေ​ကြ​မည့် အလှ​ပ​ဆုံး နေ့​တစ်နေ့​နှင့် လိုက်ဖက်​လှ​သည့် နိဂုံး​ဖြစ်​ပေ​သည်။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]

သင်တန်း​ဆိုင်ရာ​အချက်အလက်​များ

ကိုယ်စား​ပြု​နိုင်ငံ​အရေအတွက်– ၁၁

တာဝန်​ပေးအပ်​ခံရ​သည့် နိုင်ငံ​အရေအတွက်– ၂၂

ကျောင်းသား/သူ​အရေအတွက်– ၄၈

ပျမ်းမျှ​အသက်– ၃၄.၈

ပျမ်းမျှ​အမှန်တရား​သက်တမ်း– ၁၈.၃

ပျမ်းမျှ​အချိန်ပြည့်​အမှုဆောင်​သက်တမ်း– ၁၃.၄

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​၏ ၁၁၇ ကြိမ်​မြောက်​သင်တန်း

အောက်ပါ​စာရင်း​တွင် အတန်း​များ​ကို ရှေ့တန်း​မှ နောက်​တန်း​သို့ ရေတွက်​ပြီး အမည်များ​ကို လက်ဝဲ​မှ လက်ယာဘက်​သို့ စီ​ထား​သည်။

(1) Thompson, E.; Norvell, G.; Powell, T.; Kozza, M.; McIntyre, T. (2) Reilly, A.; Clayton, C.; Allan, J.; Blanco, A.; Muñ​oz, L.; Rustad, N. (3) Guerrero, Z.; Garcia, K.; McKerlie, D.; Ishikawa, T.; Blanco, G. (4) McIntyre, S.; Cruz, E.; Guerrero, J.; Ritchie, O.; Avellaneda, L.; Garcia, R. (5) Powell, G.; Fiskå, H.; Muñ​oz, V.; Baumann, D.; Shaw, S.; Brown, K.; Brown, L. (6) Shaw, C.; Reilly, A.; Peloquin, C.; Mü​nch, N.; McKerlie, D.; Ishikawa, K. (7) Mü​nch, M.; Peloquin, J.; Kozza, T.; Avellaneda, M.; Allan, K.; Ritchie, E.; Norvell, T. (8) Cruz, J.; Baumann, H.; Clayton, Z.; Fiskå, E.; Thompson, M.; Rustad, J.