မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောဝတ်ပြုရေးနှင့် အယူမှားဝါဒတို့ ထိပ်တိုက်တွေ့ခဲ့သည့်နေရာ

စစ်မှန်သောဝတ်ပြုရေးနှင့် အယူမှားဝါဒတို့ ထိပ်တိုက်တွေ့ခဲ့သည့်နေရာ

စစ်မှန်သော​ဝတ်ပြုရေး​နှင့် အယူမှားဝါဒ​တို့ ထိပ်တိုက်​တွေ့ခဲ့​သည့်​နေရာ

တူရကီ​နိုင်ငံ​၏ အနောက်ဘက်​ကမ်းရိုးတန်း​ပေါ်​ရှိ ရှေး​ဧဖက်​မြို့​၏​အပျက်အယွင်း​များသည် ရှေးဟောင်း​သုတေသန​ကို နှစ်​တစ်​ရာ​ကျော်​ကြာ အသည်းအသန် ပြုလုပ်​ရာ​အရပ် ဖြစ်​ခဲ့​လေ​ပြီ။ အဆောက်အအုံ အတော်များများကို ပြန်လည်​တည်ဆောက်​ခဲ့​ကြ​ပြီး သိပ္ပံ​ပညာရှင်​များသည် ရှာဖွေ​တွေ့ရှိ​ခဲ့​ရာ အမြောက်အမြား​ကို လေ့လာ​၍ ရှင်းပြ​ခဲ့​ကြပြီ။ သို့​နှင့် တူရကီ​နိုင်ငံ​တွင် ဧဖက်​မြို့​သည် ကမ္ဘာ​လှည့်​ခရီးသည်​များ​အတွက် ရေပန်း​အစား​ဆုံး​နေရာတစ်ခု ဖြစ်လာ​လေ​သည်။

ဧဖက်​မြို့​အကြောင်း အဘယ်အရာ သိရှိ​ခဲ့​ကြပြီ​နည်း။ ထို​စိတ်ဝင်စားဖွယ် ရှေး​မြို့တော်​ကို ယနေ့ မည်သို့​ရုပ်လုံးဖော်​နိုင်​သနည်း။ ဩစတြီးယား​နိုင်ငံ၊ ဗီယဲန်​နာ​မြို့တော်​ရှိ အက်​ဖီး​စပ်​စ်​ပြတိုက်​နှင့် ဧဖက်​မြို့​အပျက်အယွင်း​များ​ကို သွားလည်​ပတ်​ကြည့်ရှု​ခြင်း​ဖြင့် စစ်မှန်သော​ဝတ်ပြုရေး​နှင့် အယူမှား​ဘာသာ​တို့ ဧဖက်​မြို့တွင် ထိပ်တိုက်​တွေ့ခဲ့​ကြ​ပုံ​ကို ကျွန်ုပ်​တို့ သဘောပေါက်​ပါ​လိမ့်​မည်။ ဦးဆုံး​အနေ​နှင့်၊ နောက်ခံ​တချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

မက်မော​ဖွယ်​ကောင်း​သည့် နေရာ

ဘီ.စီ.အီး. ၁၁ ရာစု​အတွင်း ယူ​ရေး​ရှား​တွင် မငြိမ်မသက်​ဖြစ်မှု​နှင့် အရပ်ဒေသ​ရွှေ့​ပြောင်း​မှု​တို့ ဖြစ်​ခဲ့​သည်။ ထို​အချိန်​က အိုင်​အိုး​နီး​ယန်း​ဂရိ​များသည် အာရှမိုင်းနား အနောက်ဘက်​ကမ်းရိုးတန်း​သို့ စတင်​နယ်​ချဲ့​ခဲ့​ကြသည်။ အဆိုပါ​အစောပိုင်း အခြေချ​နေထိုင်သူ​များသည် ဧဖက်​မြို့​၏ မျိုးပွား​နတ်​ဘုရားမ​အာ​တေ​မိ​ဟူ၍ နောက်ပိုင်း​တွင် ကျော်ကြား​လာ​မည့် မယ်တော်​နတ်​ဘုရားမ​အား ကိုးကွယ်​ဝတ်ပြုသူ​တို့​နှင့် တွေ့ဆုံ​မိ​ကြ​၏။

ဘီ.စီ.အီး. ခု​နစ်​ရာစု​အလယ်ပိုင်း​တွင် ခြေသလုံး​အိမ်တိုင် ဆီ​မီး​ရီး​ယန်း​တို့သည် အာရှမိုင်းနား​ကို လုယူ​သိမ်းပိုက်​ရန် မြောက်ဘက်​ရှိ ပင်လယ်​နက်​မှ ရောက်လာ​ခဲ့​ကြသည်။ ၎င်းနောက်​ပိုင်း ဘီ.စီ.အီး. ၅၅၀ ခန့်​တွင် စည်းစိမ်ဥစ္စာ​အလွန်​ကြွယ်ဝ​သဖြင့် နာမည်​ကျော်ကြား​သော အုပ်စိုးရှင်​တစ်ဦး​ဖြစ်သူ လစ်ဒီယာ​ဘုရင် ခရိုအက်စပ်စ် ပေါ်ပေါက်​လာ​သည်။ ပါရှန်း​အင်ပါယာ တိုးချဲ့​လာ​သည့်​အခါ ကုရု​ဘုရင်​သည် ဧဖက်​မြို့​အပါအဝင် အိုင်​အိုး​နီး​ယန်း​မြို့များ​စွာ​ကို သိမ်းပိုက်​လိုက်​လေ​သည်။

ဘီ.စီ.အီး. ၃၃၄ ခုနှစ်​တွင် မက်စီဒိုးနီးယား​ဘုရင် အလက်ဇန္ဒြား​သည် ပါရှန်း​စစ်ဆင်ရေး​ကင်ပိန်း​ကို အစပြု​လိုက်​ရာ ဧဖက်​မြို့​၏ အုပ်စိုးရှင်​အသစ်​ဖြစ်လာ​လေ​သည်။ ဘီ.စီ.အီး. ၃၂၃ ခုနှစ်​တွင် အလက်ဇန္ဒြား​သည် အချိန်မတန်​ဘဲ​သေဆုံး​သွားပြီး​နောက် သူ၏​ဗိုလ်ချုပ်​များ အာဏာ​လု​ကြ​ရာ ဧဖက်​မြို့ကို​ပါ လု​ခဲ့​ကြ​၏။ ဘီ.စီ.အီး. ၁၃၃ ခုနှစ်​တွင် ပေရဂံ​မြို့​၏ သားသမီး​မရှိသည့် တတိယ​မြောက်ဘုရင် အက်​တာ​လ​ပ်စ်​သည် ဧဖက်​မြို့ကို ရောမ​လူမျိုးများ​အား ပေးဆက်​ခဲ့​ရာ ၎င်း​သည် အာရှနယ်၊ ရောမ​ခရိုင်​၏ အစိတ်အပိုင်း​ဖြစ်လာ​လေ​သည်။

စစ်မှန်သော​ဝတ်ပြုရေး​နှင့် အယူမှားဝါဒ ထိပ်တိုက်​တွေ့

စီ.အီး. ပထမ​ရာစု​တွင် တမန်​တော်​ပေါလု​သည် မိမိ၏ ဒုတိယ​မြောက် ခရစ်ယာန်​သာသနာပြု​ခရီးစဉ် အဆုံး​တွင် ဧဖက်​မြို့​သို့​ရောက်လာသော​အခါ မြို့သူ​မြို့သား ၃၀၀,၀၀၀ ခန့်​ရှိသည်​ကို တွေ့​လိုက်ရ​သည်။ (တမန်​တော် ၁၈:၁၉-၂၁) တတိယ​မြောက် ခရစ်ယာန်​သာသနာပြု​ခရီးစဉ်​တွင် ဧဖက်​မြို့​သို့ ပေါလု​ပြန်ရောက်​လာပြီး ဘုရားသခင့်​နိုင်ငံတော်​အကြောင်းကို တရား​ဇရပ်​တွင် အားအင်​အပြည့် ရဲရဲဝံ့ဝံ့ ဟောပြောခဲ့​၏။ သို့သော် သုံးလ​အကြာတွင် ဂျူး​များ အပြင်းအထန် ဆန့်ကျင်​လာ​ကြ​သဖြင့် ပေါလု​သည် တုရန္နု​၏​စာသင်​ဇရပ်​တွင် နေ့စဉ်​နေ့တိုင်း ဟောပြောခဲ့​လေ​သည်။ (တမန်​တော် ၁၉:၁၊ ၈၊ ၉၊ ၁၀) သူ၏​ဟောပြောခြင်း​လုပ်ငန်း​ကို နှစ်နှစ်​တိုင် ဆောင်ရွက်​ခဲ့​စဉ် အံ့ဖွယ်​နည်းဖြင့် ကုသ​ပေးခြင်း၊ နတ်ဆိုး​များ​ကို နှင်ထုတ်​ပေးခြင်း​အစ​ရှိသည့် တန်ခိုး​ပါ​သည့်​လုပ်ရပ်များ​ကို​ပါ ပြုလုပ်​ခဲ့​သည်။ (တမန်​တော် ၁၉:၁၀-၁၇) သို့​နှင့် လူ​အမြောက်အမြား ယုံကြည်သူများ​ဖြစ်လာ​ကြသည်​မှာ အံ့ဩစရာ​မဟုတ်ပေ! ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် တိုးပွား​အောင်မြင်​လာ​ခဲ့​ရာ ယခင်​က နတ်​ဝိဇ္ဇာ​အတတ်ကို လိုက်စား​ခဲ့​ကြ​သူ အတော်များများမှာ ၎င်းတို့၏ တန်ဖိုး​ကြီး​စာအုပ်​များ​ကို တလိုတလား မီးရှို့​ဖျက်ဆီး​လိုက်​ကြ​၏။—တမန်​တော် ၁၉:၁၉၊ ၂၀

ပေါလု​၏ အောင်မြင်​လျက်​ရှိသည့် ဟောပြောခြင်း​လုပ်ငန်း​သည် လူများစွာ​တို့အား နတ်​ဘုရားမ အာ​တေ​မိ​ဝတ်ပြုရေးကို စွန့်လွှတ်​စေ​ခဲ့​သည်​သာမက ယင်း​အယူမှား​ဝတ်ပြုရေးကို အားပေး​အား​မြှောက်​ပြု​နေသူတို့​၏ အမျက်​ဒေါသကို​လည်း ဆွပေး​ရာ​ရောက်​ခဲ့​သည်။ အာ​တေ​မိ​၏​ငွေ​ဝတ်ကျောင်း​ငယ်​များ​ကို ပြုလုပ်ခြင်း​သည် အကျိုးအမြတ်​များသော စီးပွားရေး​လုပ်ငန်း​တစ်ခု​ဖြစ်၏။ သူတို့၏​လုပ်ငန်း ပျက်စီး​သွားဖို့​အကြောင်း​ရှိသည့်​အတွက် ပန်းထိမ်​သမားများ​ကို ဒေ​မေ​တ​ရိ​က ဆူပူ​အုံ​ကြွ​ကြ​ရန် သွေးထိုး​လှုံ့ဆော်ပေး​လိုက်​သည်။—တမန်​တော် ၁၉:၂၃-၃၂

ရုန်းရင်းဆန်ခတ်​ဖြစ်နေ​သည့် လူအုပ်ကြီးသည် “ဧဖက်​လူတို့၏​အာ​တေ​မိ​သည် ကြီးမြတ်​တော်​မူ​၏” ဟု နှစ်နာရီ​ခန့် တစ်သံ​တည်း​ဟစ်အော်​ကြသည်​အထိ ဖြစ်သွား​ခဲ့​၏။ (တမန်​တော် ၁၉:၃၄) ထို​ရုန်းရင်းခတ်​မှု ငြိမ်း​သွားသော​အခါ ပေါလု​သည် ခရစ်ယာန်​ချင်း​များ​ကို ပြန်​အားပေးပြီး​နောက် ခရီးဆက်​ခဲ့​သည်။ (တမန်​တော် ၂၀:၁) မာကေဒေါနိ​ပြည်​သို့ သူ​ထွက်ခွာ​သွားခဲ့သော်​လည်း အာ​တေ​မိ​ကိုးကွယ်​မှု​၏ ပျက်စီး​ကိန်း​ကို မရပ်တန့်​သွား​စေ​ခဲ့​ချေ။

အာ​တေ​မိ​ဝတ်ကျောင်း ယိမ်းယိုင်​လာ

အာ​တေ​မိ​ကိုးကွယ်​မှု​သည် ဧဖက်​မြို့တွင် အခိုင်အမာ​အမြစ်စွဲ​နေခဲ့​၏။ ဘုရင်​ခရိုအက်စပ်စ်​ခေတ်​မတိုင်မီ​က ထို​ဒေသ​တွင် မယ်တော်​နတ်​ဘုရားမ စိုင်​ဘီ​လီ​ကို အဓိက​ကိုးကွယ်​ခဲ့​ကြသည်။ စိုင်​ဘီ​လီ​သည် ဂရိ​နတ်​ဘုရား​များနှင့် ဆွေမျိုး​တော်​ဆက်​သည်​ဟု ဒဏ္ဍာရီ​ဆန်​ဆန်​ပြောဆိုခြင်း​အားဖြင့် ဂရိ​များ​ရော ဂရိ​မဟုတ်​သူများ​ပါ လက်ခံ​နိုင်​လောက်​သည့် ဘာသာရေး​ပုံရိပ်​တစ်ခု​ကို အတည်ပြု​နိုင်​ဖို့ ခရိုအက်စပ်စ် မျှော်လင့်​ခဲ့​သည်။ ဘီ.စီ.အီး. ခြောက်​ရာစု​အလယ်ပိုင်း​တွင် သူ၏​ကူညီ​ပံ့ပိုး​မှု​ဖြင့် စိုင်​ဘီ​လီ​၏​အရိုက်အရာကို​ဆက်ခံ​မည့် အာ​တေ​မိ​ဝတ်ကျောင်း​ကို စတင်​ဆောက်လုပ်​ကြ​လေ​သည်။

အဆိုပါ​ဝတ်ကျောင်း​သည် ဂရိ​ဗိသုကာ​ပညာ​တွင် မှတ်တိုင်​တစ်ခု​ဖြစ်​ခဲ့​၏။ ဤ​ပုံစံ၊ ဤ​အရွယ်အစား​ရှိ အဆောက်အအုံ​ကြီး​ကို ဆောက်လုပ်​ရန် ဤမျှ​ကြီးမား​လှ​သည့် စ​ကျင်​ကျောက်တုံး​များ​ကို တစ်ခါမျှ အသုံးမပြု​ခဲ့​ဖူး​ကြ​ချေ။ သို့သော် ထို​ဝတ်ကျောင်း​သည် ဘီ.စီ.အီး. ၃၅၆ ခုနှစ်​တွင် မီးလောင်​ပျက်စီး​သွားခဲ့​၏။ ထပ်တူ​ပင် ခံ့ညား​ထည်ဝါ​သည့် ပြန်လည်​တည်ဆောက်​ထားသော ဝတ်ကျောင်း​သည် အလုပ်အကိုင်​ဖန်တီး​ပေး​သော အရေးကြီး​ရာ​တစ်ခု​ဖြစ်​ကာ ဘုရားဖူး​သူများ အဓိက​သွား​သည့်​နေရာတစ်ခု ဖြစ်​ခဲ့​သည်။ ၂၃၉ ပေ ကျယ်​ပြီး ၄၁၈ ပေ ရှည်လျား​သည့် မျက်နှာပြင်​မြင့်​တစ်ခုပေါ်​တွင် ဆောက်လုပ်​ထား​သည့် ပြန်လည်​တည်ဆောက်​ထားသော အဆိုပါ​ဝတ်ကျောင်း​သည် ၁၆၄ ပေ ခန့်​ကျယ်​ပြီး ၃၄၃ ပေ ခန့်​ရှည်လျား​သည်။ ယင်းကို ကမ္ဘာ့​အံ့ဖွယ်​ခု​နစ်​သွယ်​အနက် တစ်ခု​အဖြစ် သတ်မှတ်​လိုက်​ကြသည်။ သို့ရာတွင် လူတိုင်း​က မကျေနပ်​ကြ​ချေ။ ဧဖက်​မြို့မှ အတွေးအခေါ်​ပညာရှင် ဟ​ယ်​ရာ​က​လီး​တပ်​စ်​က ၎င်း​ယဇ်​ပလ္လင်​၏​အဝင်ဝ​ကို ဆိုးရွားမှု​မှောင်မိုက်​နှင့် နှိုင်းယှဉ်​ပြီး ထို​ဝတ်ကျောင်း​၏​ကိုယ်ကျင့်တရား​များ​မှာ တိရစ္ဆာန်​များ​ထက်​ပင် ဆိုးညစ်​သည်​ဟု သတ်မှတ်​ခဲ့​၏။ သို့ရာတွင်၊ အများစု​အတွက်​မူ ဧဖက်​မြို့ရှိ အာ​တေ​မိ​ဝတ်ကျောင်း​သည် ဘယ်တော့​မျှ ယိုယွင်း​ပျက်စီး​မည့်​ဟန်​မ​ပေါ်​ခဲ့​ချေ။ ထိုသို့​မဟုတ်​ကြောင်း သမိုင်းက သက်သေထူ​ခဲ့​သည်။ အက်​ဖီး​စော့စ်—ဒါ နီ​အာ ဖရူး​ရာ (အက်​ဖီး​စပ်​စ်—လမ်းညွှန်​အသစ်) စာအုပ်​က ဤသို့​ဆို​သည်– “ဒုတိယ​ရာစုနှစ်​ရောက်​သော် အာ​တေ​မိ​ဝတ်ပြုမှု​နှင့် အခြား​နတ်​ဘုရား​များ​ကို ဝတ်ပြုခြင်း​သည် ရုတ်တရက် ထိုး​ကျ​သွားခဲ့​လေ​သည်။”

စီ.အီး. တတိယ​ရာစု​တွင် ဧဖက်​မြို့၌ မြေငလျင်​အပြင်းအထန်​လှုပ်​ခဲ့​၏။ ထို့​အပြင်၊ အာ​တေ​မိ​ဝတ်ကျောင်း​၏ စွဲမက်​ဖွယ်​ဥစ္စာ​ဓန​များ​ကို ပင်လယ်​နက်​မှ​ရောက်လာ​ကြ​သည့် ပင်လယ်​ခရီး​သွား ဂေါ့သ်​များ​က လုယူ​သွား​ကြ​ပြီး​နောက် ဝတ်ကျောင်း​ကို​မူ မီးရှို့​လိုက်​ကြသည်။ အထက်​ဖော်ပြ​ပါ​စာအုပ်​က ဤသို့​ဆို​သည်– “အနိုင်ယူ အတို​က်​ခံ​လိုက်ရ​ကာ မိမိ၏​ကွန်းခိုရာ​ကို​ပင် မကာကွယ်​နိုင်​ခဲ့​သည့် အာ​တေ​မိ​ကို မြို့​၏​ကာကွယ်​ပေးရှင်​ဟု မည်မျှ​ကြာကြာ သတ်မှတ်​နိုင်​ပါ​မည်​နည်း။”—ဆာလံ ၁၃၅:၁၅-၁၈

နောက်ဆုံး စီ.အီး. လေး​ရာစုနှစ်​နှောင်းပိုင်းတွင် ပထမ​မြောက် ဧကရာဇ် သီ​အို​ဒိုး​စီး​ယပ်စ်​က “ခရစ်ယာန်​ဘာသာ” ကို နိုင်ငံတော်​ဘာသာ​အဖြစ် အတည်ပြု​လိုက်​သည်။ မကြာမီ​ပင် တစ်ချိန်​တစ်ခါ​က ဂုဏ်​သတင်း​ကြီး​ခဲ့​သော အာ​တေ​မိ​ဝတ်ကျောင်း​၏ ကျောက်​နံရံ၊ ကျောက်တိုင်​လုံး​ကြီး​များသည် အိမ်ဆောက်​ပစ္စည်း​များ​အတွက် ကျောက်ကျင်း​ဘဝ​ရောက်သွား​သည်။ အာ​တေ​မိ​ဝတ်ပြုရေးမှာ လုံးဝ​ကွယ်ပျောက်​သွားတော့​၏။ ရှေးခေတ်​က အံ့ဖွယ်​တစ်ပါး​အဖြစ် အဆိုပါ​ဝတ်ကျောင်း​ကို ချီးမွမ်း​စပ်ဆို​ခဲ့​သည့် ကဗျာ​တို​တစ်ပုဒ်​ကို အမည်​မဖော်​သော အကဲခတ်​သူ​တစ်ဦး​က ဤသို့​ဝေဖန်​ပြောဆို​ခဲ့​၏– “ယခု​အခါ ယင်းသည် လူ​သူ​ကင်းမဲ့​၍ စု​တ်​ချာ​သည့်​အရပ်ဒေသ ဖြစ်နေ​လေ​ပြီ။”

အာ​တေ​မိ​မှ​သည် “ဘုရားသခင်​၏​မယ်တော်” သို့

ပေါလု​က မိမိ​မရှိတော့​သည့်​အခါ “ကြမ်းတမ်းသော​ဝံပုလွေ​များ” ပေါ်လာ​ကြ​ပြီး “မှောက်မှားသော​စကား​ကို ပြောတတ်​သော” လူတို့သည် ၎င်း​တို့​အထဲက ထွက်​လာ​မည်​ဟု ဧဖက်​အသင်းတော်​မှ အသက်ကြီးသူ​များ​ကို သတိပေး​ခဲ့​လေ​သည်။ (တမန်​တော် ၂၀:၁၇၊ ၂၉၊ ၃၀) ထို​အတိုင်း ဖြစ်ပျက်​ခဲ့​၏။ မှားယွင်းသော​ဝတ်ပြုရေးသည် အယူဖောက်ပြန်​သော ခရစ်ယာန်​ဘာသာ​အသွင်​ဖြင့် ဧဖက်​မြို့တွင် ပျံ့နှံ့​သွားခဲ့​ကြောင်း ဖြစ်ရပ်​များ​က ဖော်ပြ​သည်။

စီ.အီး. ၄၃၁ ခုနှစ်​တွင် ဧဖက်​မြို့​သည် တတိယ​အကြိမ်မြောက် ဂိုဏ်း​ပေါင်း​စုံ​ပေါင်းစည်း​ရေး​ကောင်စီ ကျင်းပ​သည့်​နေရာ​ဖြစ်လာ​ခဲ့​သည်၊ ထို​တွင် ခရစ်တော်​၏​ဇာတိ​အကြောင်းကို ဆွေးနွေး​ခဲ့​ကြ​၏။ အက်​ဖီး​စော့စ်—ဒါ နီ​အီ ဖရူး​ရာ​စာအုပ်​က ဤသို့​ရှင်းပြသည်– “ခရစ်တော်​သည် ဇာတိ​တစ်ခု​တည်း​သာ​ဖြစ်သည်၊ တစ်နည်း​ဆို​သော် ဘုရားသခင်​ဖြစ်သည်ဟု စွဲကိုင်​ထား​ကြ​သည့် အလက်ဇန္ဒြီးယား​မြို့သား​များသည် အပြီးသတ်​အောင်ပွဲ​ဆင်​ခဲ့​ကြ​၏။” ယင်း​အကျိုးဆက်များ​မှာ ကျယ်ပြန့်​လှ​သည်။ “ဧဖက်​မြို့တွင် ချမှတ်​လိုက်​သည့် ဆုံးဖြတ်ချက်​သည် မာရိ​အား ခရစ်တော်​ကို မွေးဖွား​ပေး​သူ​အဖြစ်​မှ ဘုရားသခင်​ကို မွေးဖွား​ပေး​သူ​အဖြစ်သို့ ချီးမြှောက်​လိုက်​ရာ မာရိ​ကိုးကွယ်​မှု​အတွက် အခြေခံ​ဖြစ်သွား​သည်​သာမက ချာ့ခ်ျ​အတွင်း ဦးဆုံး​ဂိုဏ်းကွဲ​မှု​ကြီး​ကိုလည်း ဖြစ်ပေါ်​စေ​ခဲ့​သည်။ . . . ထို​အချေအတင်​ဆွေးနွေးမှု​သည် ယနေ့​ထိ​တိုင် တည်ရှိ​နေ​လေ​သည်။”

သို့​နှင့်၊ စိုင်​ဘီ​လီ​နှင့် အာ​တေ​မိ​တို့ကို ဝတ်ပြု​မည့်​အစား “ဘုရားသခင်​ကို​မွေးဖွား​ပေး​သူ” သို့​မဟုတ် “နတ်​ဘုရား​၏​မယ်တော်” ဖြစ်သော မာရိ​ကို ဝတ်ပြု​ခဲ့​ကြသည်။ အဆိုပါ​စာအုပ် ဖော်ပြ​သည့်​အတိုင်း “ဧဖက်​မြို့ရှိ မာရိ​ကိုးကွယ်​မှု​သည် . . . ယနေ့​ထက်​တိုင် ရှင်သန်​လျက်​ရှိသည့် ထုံးတမ်း​စဉ်​လာ​တစ်ခု​ဖြစ်​နေဆဲ​ပင်၊ ယင်းကို အာ​တေ​မိ​ဝတ်ပြုမှု​နှင့် ခွဲခြား​ရှင်းပြ​၍​မရချေ။”

သမိုင်း​အမှိုက်ပုံး​ထဲ​တွင်

အာ​တေ​မိ​ကိုးကွယ်​ဝတ်ပြုမှု ကျဆင်း​သွားပြီး​နောက် ဧဖက်​မြို့​လည်း ပျက်စီး​သွားလေသည်။ မြေငလျင်​လှုပ်ခြင်း၊ ငှက်ဖျား​ရောဂါ​နှင့် ဆိပ်ကမ်း တဖြည်းဖြည်း ကော​လာ​ခြင်း​တို့​ကြောင့် ထို​မြို့တွင် နေရ​ထိုင်​ရ​ခက်ခဲ​လာ​သည်။

စီ.အီး. ခု​နစ်​ရာစု​တိုင်​လေ​သော် အစ္စလာမ်​ဘာသာ စတင်​ကျယ်ပြန့်​လာ​ခဲ့​သည်။ ထို​ဘာသာသည် အာရပ်လူမျိုး​များ​ကို​သာ စုစည်း​ဖို့ ကြိုးစား​သည်မဟုတ်​ပေ။ စီ.အီး. ခု​နစ်​ရာစု​နှင့် ရှစ်ရာစု​တစ်လျှောက်​လုံး ဧဖက်​မြို့ကို အာရပ်ရေတပ်​က တိုက်ခိုက်​လုယက်​ခဲ့​၏။ ဆိပ်ကမ်း​လုံးလုံး​ကော​သွားပြီး ဧဖက်​မြို့မှာ အပျက်အယွင်း​ပုံ​ကြီး​ဖြစ်သွား​သောအခါ ၎င်း​မြို့​၏​အပြီးသတ်​ဖြစ်ရပ်​ကို အဆုံးအဖြတ်​ပေး​လိုက်​သည်။ တစ်ချိန်က စည်ကား​သိုက်​မြို​က်​ခဲ့​သော ထို​မြို့ကြီး​မှာ အေ​ရေ ဆို​လု​ခ် (ယခု စဲလ်​ချွတ်​ခ်) အမည်​ရှိ ကျေးရွာ​လေး​သာ ကျန်ရှိ​တော့​သည်။

ဧဖက်​မြို့ အပျက်အယွင်း​များ​ကြား ခြေကျင်​ဖြတ်သန်း​သွား

ဧဖက်​မြို့​၏ ယခင်​ခမ်းနား​ထည်ဝါမှု​ကို သိရှိနားလည်​ရန် ယင်း​၏​အပျက်အယွင်း​များ​သို့ သွားလည်​ပတ်​ကြည့်ရှု​နိုင်​ပါ​သည်။ အထက်​ဝင်ပေါက်​မှ အစပြု​၍ လည်ပတ်​ကြည့်ရှု​မည်​ဆိုလျှင် ဆဲလ်​စပ်​စ်​စာကြည့်တိုက်​သို့​ဆင်း​သွားသော က​ယူ​ရေး​တပ်​စ်​လမ်းမကြီး​၏ ခမ်းနား​သည့်​မြင်ကွင်း​ကို ချက်ချင်း​မြင်ရ​ပေမည်။ လမ်းမကြီး​၏​ညာဘက်​တွင် စီ.အီး. ဒုတိယ​ရာစုနှစ်​က ဆောက်လုပ်​ခဲ့​သည့် အို​ဒီ​ရမ်​ဇာတ်ရုံ​လေး​တစ်ရုံ​က သင်၏​အာရုံ​ကို ဖမ်းစား​ပါ​လိမ့်​မည်။ ထိုင်ခုံ​အလုံးပေါင်း ၁,၅၀၀ ခန့်​ဆံ့​သည့် အဆိုပါ​ဇာတ်ရုံ​လေး​ကို အစည်းအဝေး​ခန်းမ​ကြီး​တစ်ခု​အဖြစ်​သာမက လူထု​ဖျော်ဖြေရေး​အတွက်​ပါ အသုံးပြု​ခဲ့​ပုံ​ရသည်။ က​ယူ​ရေး​တပ်​စ်​လမ်းမကြီး​၏ ဘေး​တစ်ဖက်တစ်ချက်​စီ​တွင် တိုင်း​ရေး​ပြည်​ရေး​ကိစ္စ​များ ဆွေးနွေး​ခဲ့​ကြ​သည့် ပြည်​သူ့​အက်​ဂ​ရာ​ဈေး၊ ဟေ​ဒ​ရီ​ယန်​ဝတ်ကျောင်း၊ ပြည်သူပိုင်​ရေပန်း​များနှင့် အထင်ကရ​ဧဖက်​မြို့သား​များ နေထိုင်​သည့် တောင်ကုန်း​လှေကားထစ် အိမ်ကြီး​များ​အစ​ရှိသည့် အဆောက်အအုံ​များ ရှိကြသည်။

စီ.အီး. ဒုတိယ​ရာစု​တွင် ဆောက်လုပ်​ခဲ့​သော ကြီးကျယ်​ခမ်းနား​သည့် ဆဲလ်​စပ်​စ်​စာကြည့်တိုက်​၏ သားနား​လှပမှု​က စွဲမှတ်စရာ​ဖြစ်သွား​ပါ​လိမ့်​မည်။ ၎င်း​ရှိ​စာလိပ်​ပေါင်း​များစွာ​တို့ကို စာကြည့်ခန်း​ကြီး​တစ်ခု​ရှိ နံရံ​ကလို​င်​ပေါက်​များ​တွင် စီ​ထား​သည်။ ကြီးကျယ်​ခမ်းနား​သော အဆောက်အအုံ​မျက်နှာစာ​ရှိ ကျောက်ရုပ်​လေးခု​က ဆဲလ်​စပ်​စ်​ကဲ့သို့​သော ထိပ်​တန်း​ရောမ​မင်းမှုထမ်း​၏ စံ​အရည်အသွေးများ​ဟု​ထင်​ရသည့် ဆိုဖီယာ (ဉာဏ်ပညာ)၊ အေ​ရ​တ်​တီ (ကောင်းမြတ်​မှု)၊ အဲ​န်​အီယာ (ဆည်းကပ်​ဝတ်ပြုမှု) နှင့် အက်​ပီ​စ​တီ​မီ (အသိပညာ သို့​မဟုတ် သိနားလည်မှု) တို့ကို သရုပ်ဖော်​ပေး​သည်။ နဂို​ကျောက်ရုပ်​များ​ကို ဗီယဲန်​နာ​မြို့ရှိ အက်​ဖီး​စပ်​စ်​ပြတိုက်​တွင် တွေ့​နိုင်​ပါ​သည်။ ထို​စာကြည့်တိုက်​၏ မျက်နှာစာ​နှင့်​ကပ်လျက်​ရှိ အထိမ်းအမှတ်​တံခါးပေါက်​ကြီး​မှ တက်ထရာ​ဂို​နော့စ် အက်​ဂ​ရာ​ဈေး​သို့ ရောက်သွား​စေ​သည်။ ဤ​ဧရာမ​ရင်ပြင်​ပတ်ပတ်လည်​ရှိ​စင်္ကြံ​၏ အမိုး​အောက်တွင် လူတို့သည် ပုံမှန်​စီးပွားရေး​လုပ်ငန်းများ​ကို လုပ်ကိုင်​ကြသည်။

ထို့နောက် က​ဇာတ်ရုံ​ကြီး​သို့​သွား​သည့် စ​ကျင်​ကျောက်ခင်းလမ်း​မကြီး​ပေါ် ရောက်သွား​ပါ​မည်။ ရောမ​အင်ပါယာ​ခေတ်တွင် နောက်ဆုံး​တိုးချဲ့​ဆောက်လုပ်​လိုက်​ရာ ထို​က​ဇာတ်ရုံ​ကြီး​တွင် ပွဲ​ကြည့်​ပရိသတ် ၂၅,၀၀၀ ဆံ့​သည်။ ယင်း​၏​မျက်နှာစာ​ကို တိုင်လုံးကြီး​များ၊ ရုပ်လုံး​ရုပ်​ကြွ​များနှင့် ကျောက်ရုပ်​များ​ဖြင့် အတိုင်း​ထက်​အလွန် တန်ဆာဆင်​ထား​၏။ ထို​နေရာတွင် ငွေ​ပန်းထိမ်​သ​မား ဒေ​မေ​တ​ရိ​ကြောင့် အကြီးအကျယ် ရုန်းရင်းခတ်​မှု​ဖြစ်​ခဲ့​သည်ကို ကွင်းကွင်းကွက်ကွက် မြင်ယောင်​နိုင်​ပါ​သည်။

က​ဇာတ်ရုံ​ကြီး​မှ မြို့​ဆိပ်ကမ်း​အထိ ရှည်လျား​သည့် အဆိုပါ​လမ်းမကြီး​မှာ ထည်ဝါ​လှ​၏။ ပေပေါင်း ၁,၇၀၀ ခန့်​ရှည်လျား​ပြီး ၃၆ ပေ​ကျယ်​ကာ တစ်ဖက်တစ်ချက်​စီ​တွင် တိုင်လုံးကြီး​များ​ဖြင့် ဆင်ယင်​ထား​သည်။ ကိုယ်လက်​လှုပ်ရှား​လေ့ကျင့်​ရန်​အတွက် ဆောက်လုပ်​ထား​သည့် က​ဇာတ်ရုံ အားကစားရုံ​နှင့် ဆိပ်ကမ်း​အားကစားရုံ​တို့​လည်း ဤ​လမ်းမကြီး​ပေါ်​တွင်​ရှိသည်။ ဤ​လမ်းမကြီး​အဆုံး​၌​ရှိသည့် စွဲမက်​ဖွယ်​ဆိပ်ကမ်း​တံခါးပေါက်​သည် ကမ္ဘာ​လောက​သို့​သွား​ရာ တံခါးဝ​ဖြစ်သည်။ ဤ​တွင် ကမ္ဘာ့​စွဲမက်​စ​ရာ​အကောင်းဆုံး အပျက်အယွင်း​အချို့​သို့ လည်ပတ်​ကြည့်ရှု​ခြင်း ပြီးဆုံး​သွားလေသည်။ ဗီယဲန်​နာ​မြို့ရှိ အက်​ဖီး​စပ်​စ်​ပြတိုက်​သည် ဤ​သမိုင်းဝင်​မြို့တော်ကြီး​၏ ပုံစံ​ငယ်​နှင့် များပြား​လှ​သည့် အထိမ်းအမှတ်​များ ထား​ရှိရာ​နေရာ​ဖြစ်သည်။

ဤ​ပြတိုက်​ထဲ လည်ပတ်​ကြည့်ရှု​ပြီး ဧဖက်​မြို့​၏ အာ​တေ​မိ​ကျောက်ရုပ်​ကို တွေ့​လိုက်ရ​သောအခါ ဧဖက်​မြို့ရှိ အစောပိုင်း​ခရစ်ယာန်​များ​၏ ခံနိုင်ရည်​ကို မစဉ်း​စား​ဘဲ​မနေနိုင်​ပေ။ နတ်ဆိုး​အတတ်ပညာ ပြည့်နှက်​နေပြီး ဘာသာရေး​စိတ်​စွန်းကွက်​မှု​၏ လှည့်စားမှု​ကို​ခံ​နေရ​သည့် မြို့တွင် သူတို့​နေထိုင်ခဲ့​ကြ​ရ၏။ အာ​တေ​မိ​ဝတ်ပြုသူ​တို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို ခါးသီး​စွာ​ဆန့်ကျင်​ခဲ့​ကြသည်။ (တမန်​တော် ၁၉:၁၉; ဧဖက် ၆:၁၂; ဗျာ. ၂:၁-၃) ထို​ခက်ခဲ​သည့်​ဝန်းကျင်​တွင် စစ်မှန်သော​ဝတ်ပြုရေး အမြစ်တွယ်​ခဲ့​လေ​သည်။ ရှေးခေတ်​အာ​တေ​မိ​ဝတ်ပြုရေး အဆုံးတိုင်​ခဲ့​သကဲ့သို့ ကျွန်ုပ်​တို့​ခေတ်​ရှိ မှားယွင်းသော​ဘာသာရေး အဆုံးတိုင်​သည့်​အခါ စစ်မှန်သော​ဘုရားသခင်​အား ဝတ်ပြုမှု​သည်လည်း စိုးမိုး​လာ​မည်။—ဗျာ. ၁၈:၄-၈

[စာမျက်နှာ ၂၆ ပါ မြေပုံ/ ရုပ်ပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

မက်စီဒိုးနီးယား

ပင်လယ်​နက်

အာရှ မိုင်း​နား

ဧဖက်

မြေထဲပင်လယ်

အီဂျစ်

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

အာ​တေ​မိ ဝတ်ကျောင်း ၏ အပျက် အယွင်း​များ

[စာမျက်နှာ ၂၈၊ ၂၉ ပါ ရုပ်ပုံ]

၁။ ဆဲလ်​စပ်​စ်​စာကြည့်တိုက်

၂။ အာရတ်တီ​၏ အနီးကပ် မြင်ကွင်း

၃။ က​ဇာတ်ရုံ​ကြီး​သို့​သွား​သည့် စ​ကျင်​ကျောက်ခင်းလမ်း​မကြီး