မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ထာဝရဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏’

‘ထာဝရဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏’

“လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏”

‘ထာဝရ​ဘုရားသခင်​သည် ငါ့ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်​မူ​၏’

ယေဟောဝါ​၏ လူမျိုးတော်သည် ရွေးချယ်စရာ​တစ်ခု​နှင့် ရင်ဆိုင်ခဲ့​ရသည်။ ရှေး​အီဂျစ်​ပြည်​မှ ဆိုးသွမ်း​သော​အုပ်စိုးရှင်​၏ အမိန့်များ​ကို နာခံ​မည်​လော။ သို့​မဟုတ် ယေဟောဝါ​ကို​နာခံ​ပြီး ကျွန်ခံ​ရာပြည်​ကို​ထားခဲ့​ကာ ကတိထားရာပြည်​သို့ သွား​မည်​လော။

ရန်လိုသော အီဂျစ်​ဘုရင်​ဖာရော​သည် ယေဟောဝါ​၏​လူမျိုးတော်ကို မလွှတ်​ပေး​သောကြောင့် ဘုရားသခင်​သည် ထို​ပြည်​အပေါ်​သို့ ကပ်ဘေး​ကြီး​ဆယ်ပါး​ကို ကျရောက်​စေတော်မူ​ခဲ့​သည်။ ယင်းက ကိုယ်တော်​၏​တန်ခိုးတော်​ကို အလွန်​ထင်ရှားစေ​ခဲ့​ပေမည်! ထို​ကပ်ဘေး​များ​ကို​တားဆီး​ရန် အီဂျစ်​နတ်​ဘုရား​များ အဘယ်အရာမျှ​မပြု​လုပ်နိုင်​ခဲ့​ကြ​ချေ။

ဘုရားသခင့်​လူမျိုးတော်ကို လွှတ်​ပေး​ရန် ဖာရော​ကို​ပြော​သောအခါ သူက ‘ယေဟောဝါ​၏​စကား​ကို နားထောင်​၍ ဣသရေလ​အမျိုးသား​တို့ကို ငါ​လွှတ်​စေခြင်း​ငှာ ထို​ဘုရားသခင်​ကား​အဘယ်သူ​နည်း။ ယေဟောဝါ​ကို​ငါ​မသိ၊ ဣသရေလ​အမျိုးသား​တို့ကို ငါ​မလွှတ်’ ဟု​မထီမဲ့မြင်​ပြောဆို​ခဲ့​သည်။ (ထွက်မြောက်ရာ ၅:၂) ထို့​ကြောင့် အီဂျစ်လူ​မျိုး​များ ဤ​ကပ်ဘေး​များ​ကို ကြုံတွေ့ ခဲ့​ရသည်– (၁) ရေ​များ သွေး​ဖြစ်သွား​သော​ဘေး၊ (၂) ဖား​ဘေး၊ (၃) ခြင်​ဘေး၊ (၄) ယင်​ရဲ​ဘေး၊ (၅) တိရစ္ဆာန်​များ​ပေါ်​ကျရောက်​သော ရောဂါ​ဘေး၊ (၆) လူ နှင့်​တိရစ္ဆာန်​များ​တွင် အနာ​ဆိုး​များ​ပေါက်​ခြင်း​ဘေး၊ (၇) မိုးသီး​ဘေး၊ (၈) ကျိုင်းကောင်​ဘေး၊ (၉) အမှောင်ထု​ဖုံးလွှမ်း​သည့်​ဘေး​နှင့် (၁၀) ဖာရော​ဘုရင်​၏​သား​အပါအဝင် အီဂျစ်လူ​မျိုး​များ​၏ သားဦးများ​သေဆုံး​သည့်​ဘေး​တို့​ဖြစ်သည်။ နောက်ဆုံး​တွင် ဖာရော​သည် ဟေဗြဲ​လူမျိုးများ​ကို သွားခွင့်​ပြု​ခဲ့​၏။ ချက်ချင်း​ထွက်သွား​ရန်​ပင် အမိန့်ပေး​ခဲ့​သည်!—ထွက်မြောက်ရာ ၁၂:၃၁၊ ၃၂

အမျိုးမျိုးသော​လူအများ​တို့​အပါအဝင် ဣသရေလ​ယောက်ျား၊ မိန်းမ​နှင့်​ကလေး သုံး​သန်း​ခန့်​ရှိသည့် ကြီးမား​လှ​သော​လူအုပ်ကြီးသည် ချက်ချင်း​ထွက်ခွာ​ခဲ့​ကြသည်။ (ထွက်မြောက်ရာ ၁၂:၃၇၊ ၃၈) သို့သော် မကြာမီ ဖာရော​သည် သူ၏​ကြောက်မက်​ဖွယ်​စစ်​အင်အား​ဖြင့် သူတို့​နောက်သို့​လိုက်ခဲ့​သည်။ ဣသရေလလူ​တို့သည် သက်ညှာ​လိမ့်​မည်​မဟုတ်သည့် ပင်လယ်နီ​နှင့် ဖာရော​စစ်တပ်​များ​ကြား ညှပ်​ပူး​ညှပ်​ပိတ်မိ​နေသည်။ သို့သော် မောရှေ​က လူများ​ကို ‘မစိုးရိမ်​ကြ​နှင့်။ ငြိမ်​ဝပ်​စွာ​ရပ်နေ​ကြ။ ထာဝရ​ဘုရားသခင်​သည် ယနေ့​ပြတော်မူ​သော​ကယ်တင်ခြင်း​ကို ကြည့်ရှု​ကြလော့’ ဟု​ပြော​ခဲ့​သည်။—ထွက်မြောက်ရာ ၁၄:၈-၁၄

ယေဟောဝါ​သည် ဣသရေလလူ​မျိုး​များ​ကို​ကယ်တင်​ရန် အံ့ဖွယ်​နည်းဖြင့် ပင်လယ်နီ​ကို​နှစ်ခြမ်း​ခွဲ​ခဲ့​သည်။ သို့သော် အီဂျစ်လူ​မျိုး​များ​လိုက်​လာသော​အခါ ဘုရားသခင်​သည် ရေ​ကို​ပြန်​စေ့​သွား​စေ​သည်။ ယေဟောဝါ​သည် “ဖာရော​ဘုရင်​၏ ရထား​နှင့်​ဗိုလ်ခြေ​တို့ကို ပင်လယ်​ထဲ​သို့​လှဲချ​တော်​မူ” ခဲ့​သည်။ (ထွက်မြောက်ရာ ၁၄:၂၆-၂၈; ၁၅:၄) ယေဟောဝါ​ကို ဂုဏ်တင်​ရန်​ငြင်းဆို​ခြင်း​ကြောင့် မာန​ကြီးသော ဖာရော​ဘုရင်​၏​ဇာတ်သိမ်း​မလှ​ခဲ့​ပေ။

ပင်လယ်နီ​တွင် ယေဟောဝါ​သည် “စစ်သူရဲ” တစ်ဦး​အဖြစ် လုပ်ဆောင်​တော်​မူ​ခဲ့​သည်။ (ထွက်မြောက်ရာ ၁၅:၃) မှုတ်သွင်းခံ​မှတ်တမ်းက ဤသို့ ဆို​၏– ‘ထိုသို့ အဲဂုတ္တု​လူ​တို့ ၌ ယေဟောဝါ ပြု​တော်​မူ​သော​အမှု​ကြီး​ကို ဣသရေလလူ​တို့သည်​မြင်​၍ ယေဟောဝါ​ကို​ကြောက်ရွံ့​ကြ​၏။ ယေဟောဝါ​ကို ယုံကြည်​ကြ​၏။’ (ထွက်မြောက်ရာ ၁၄:၃၁; ဆာလံ ၁၃၆:၁၀-၁၅) ဣသရေလ​ယောက်ျား​များသည် မောရှေ​နှင့်အတူ အောင်ပွဲခံ​သီချင်း​ဆိုပြီး မိရိအံ​ဦးဆောင်​သော အမျိုးသမီး​အဖွဲ့က,ကခုန်​ကြ​ခြင်း​ဖြင့် ဘုရားသခင်​ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး​တင်​ချီးမွမ်း​ခဲ့​ကြသည်။ *

ယေဟောဝါ​သည် ကယ်လွှတ်​ပေးရှင်​ဖြစ်​ဆဲ​ပင်

ယေဟောဝါ​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များသည် ဘုရားသခင်​၏ ထို​ထူးခြားသော​ကယ်တင်ခြင်း​လုပ်ရပ်​မှ ယုံကြည်ခြင်း​အတွက် အားရှိစရာ​သင်ခန်းစာများ ရရှိနိုင်​သည်။ သင်ခန်းစာ​တစ်ခု​မှာ ယေဟောဝါ​တွင် အတိုင်းအဆမဲ့​တန်ခိုး​ရှိပြီး ကိုယ်တော်​၏​လူမျိုးတော်ကို အပြည့်အဝ​ထောက်​မပေးနိုင်​သည်။ မောရှေ​နှင့်​ဣသရေလ​လူမျိုး​တို့၏ အောင်ပွဲခံ​ကျူးရင့်​တေး​တွင် ‘အို​ယေဟောဝါ၊ လက်ယာလက်​တော်​သည် တန်ခိုး​အားဖြင့်​စွမ်းအား​ကြီး​တော်​မူ​၏။ အို​ယေဟောဝါ၊ လက်ယာလက်​တော်​သည် ရန်သူ​တို့ကို ချိုးဖဲ့​ဖျက်ဆီး​တော်​မူ​၏’ ဟု သူတို့​သီဆို​ခဲ့​ကြသည်။—ထွက်မြောက်ရာ ၁၅:၆

သင်ခန်းစာ​နောက်တစ်ခု​မှာ အတိုင်းအဆမဲ့​တန်ခိုးရှင်​သည် ကိုယ်တော်​၏​လူမျိုးတော်ကို ကာကွယ်​ပေး​လို​စိတ်​ပြင်းပြ​သည်။ ဣသရေလလူ​မျိုး​များ ဤသို့​သီကျူး​ခဲ့​ကြသည်– ‘ထာဝရ​ဘုရားသခင်​သည် ငါ့​အစွမ်း​သတ္တိ၊ ငါ​သီချင်းဆို​ကြောင်း၊ ငါ့ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်​မူ​၏။ ထို​ဘုရားသခင်​သည် ငါ​ကိုးကွယ်​သော​ဘုရားသခင်​ဖြစ်​တော်​မူ​၍ ထောမနာပြု​ပါ​မည်။’ နောက်​သင်ခန်းစာ​တစ်ခု​မှာ ယေဟောဝါ​ဘုရားသခင်​၏ အလိုတော်ကို မည်သူ​တစ်ဦး​က​မျှ အောင်မြင်စွာ​တားဆီး​နိုင်​မည်​မဟုတ်ပေ။ သူတို့၏​အောင်ပွဲခံ​တေးသီချင်း​တွင် ဘုရားသခင်​၏ ကယ်လွှတ်​ခံရ​သော​လူမျိုး​က ဤသို့​သီဆို​ခဲ့​သည်– ‘အို​ယေဟောဝါ၊ ဘုရားသခင်​များ​တို့​တွင် အဘယ်​မည်​သော​ဘုရားသခင်​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း။ သန့် ရှင်း​ခြင်း​အားဖြင့် စွမ်းအား​ကြီး​တော်​မူ​ထ​သော၊ ချီးမွမ်း​ခြင်း​ကို​ခံ​စဉ်​တွင် ကြောက်မက်​ဖွယ်​ဖြစ်​တော်​မူ​ထ​သော၊ အံ့ဖွယ်သော​အမှုတို့​ကို​ပြု​တော်​မူ​သော ကိုယ်တော်​နှင့် အဘယ်​ဘုရားသခင်​တူ​ပါ​သနည်း။’—ထွက်မြောက်ရာ ၁၅:၂၊ ၁၁

ရှေး​အီဂျစ်​ဘုရင်​ဖာရော​ကဲ့သို့ ယနေ့ ကမ္ဘာ့​အုပ်စိုးရှင်​များလည်း ယေဟောဝါ​၏ လူမျိုးတော်ကို နှိပ်စက်​ညှဉ်းဆဲ​ကြသည်။ မာန​ထောင်လွှား​သော ခေါင်းဆောင်​များသည် ‘အမြင့်ဆုံး​သော​ဘုရားသခင်​ကို ဆန့်ကျင်ဘက်​ပြု​၍ ကြီးစွာ​သော​စကား​ကို​ပြော​လိမ့်​မည်။ အမြင့်ဆုံး​သော​ဘုရားသခင်​၏ သန့်ရှင်းသူ​တို့ကို ညှဉ်းဆဲ​နှိပ်စက်​လိမ့်​မည်။’ (ဒံယေလ ၇:၂၅; ၁၁:၃၆) သို့သော် ယေဟောဝါ​သည် ကိုယ်တော်​၏​လူမျိုး​ကို ဤသို့​ကတိပြု​သည်– ‘သင့်တစ်ဖက်​၌​လုပ်သော လက်နက်​တစ်စုံတစ်ခု​မျှ အထမမြောက်ရ။ သင့်ကို​တရား​တွေ့သော​သူ​မည်​သည်​ကား အရှုံး​ခံရ​လိမ့်​မည်။ ထာဝရ​ဘုရားသခင်​၏​ကျွန်​တို့သည် ထိုသို့​သော​အမွေ​ကို​ခံရ​ကြလိမ့်မည်။’—ဟေရှာယ ၅၄:၁၇

ဖာရော​နှင့်​သူ၏​စစ်တပ် ရှုံးနိမ့်​ခဲ့​သကဲ့သို့ ဘုရားသခင်​ကို ဆန့်ကျင်ဘက်​ပြုသူ​များလည်း ရှုံးနိမ့်​ကြ​ပါ​လိမ့်​မည်။ အီဂျစ်​ပြည်​မှ ကယ်တင်​တော်​မူ​ခြင်း​ကဲ့သို့​သော ယေဟောဝါ​၏ ကယ်တင်ခြင်း​လုပ်ရပ်များ​က ယေရှု၏​တမန်​တော်​များ​ဖော်ပြ​ခဲ့​သည့် “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏” ဟူသော မူကို​လိုက်လျှောက်ခြင်း​သည် မှန်ကန်ကြောင်း သက်သေထူ​ပါ​သည်။—တမန်​တော် ၅:၂၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ၂၀၀၆ ယေဟောဝါသက်သေ​များ​၏ ပြက္ခဒိန်၊ ဇန်နဝါရီ/ဖေဖော်ဝါရီ​လ​တွင်​ရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

သင်​သိပါသလော

• ယေဟောဝါ​သည် အား​ကြီးသော​လေကို တစ်ညလုံး​တိုက်ခတ်​စေ​ခဲ့​ခြင်း​ကြောင့် ဣသရေလလူ​မျိုး​များသည် ပင်လယ်နီ​၏​ခြောက်သွေ့​သော​မြေပေါ်​တွင် လျှောက်​သွား​နိုင်​ခဲ့​သည်။—ထွက်မြောက်ရာ ၁၄:၂၁၊ ၂၂

• ဤမျှ​အချိန်တို​လေး​အတွင်း သန်းနှင့်ချီ​သော​ဣသရေလလူ​မျိုး​များ ပင်လယ်နီ​ကို​ဖြတ်သွား​နိုင်​ရန် လမ်းကြောင်း​သည် တစ်မိုင် သို့​မဟုတ် ထို့​ထက်​ပို​ကျယ်ဝန်း​ရန် လိုအပ်​ပေမည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံများ]

အီဂျစ်​လူမျိုး​တို့၏ မှောက်မှားသော​နတ်​ဘုရား​များသည် ယေဟောဝါ ကျရောက်​စေသော ကပ်ဘေး​ကြီး​ဆယ်ပါး​ကို မတားဆီး​နိုင်​ခဲ့

[Credit Line]

All three figurines: Photograph taken by courtesy of the British Museum