မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖန်ဆင်းရာသတ္တဝါများ ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်

ဖန်ဆင်းရာသတ္တဝါများ ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်

ဖန်ဆင်း​ရာ​သတ္တဝါများ ယေဟောဝါ​အား ဂုဏ်တင်​ချီးမြှောက်

ယေဟောဝါ​၏​ခံ့ညား​ထ​ယ်​ဝါ​မှု​သည် တိရစ္ဆာန်​လောကတွင် ပေါ်လွင်​ထင်ရှား​၏။ ဘုရားသခင်​သည် လူသားများ​ကို ဂရုစိုက်​သည့်​အတိုင်း တိရစ္ဆာန်​များ​ကိုလည်း ဂရုစိုက်​တော်​မူ​၏။ (ဆာလံ ၁၄၅:၁၆) သတ္တဝါ​အပေါင်း​ကို ဖန်ဆင်း​သော​အရှင်​အား အပြစ်ရှာ​ဝေဖန်ခြင်း​သည် အမှား​ကြီး​မှား​ပေ​လိမ့်​မည်။ ယောဘသည် ဖြောင့်မတ်​သူ​တစ်ဦး​ဖြစ်သော်လည်း “ဘုရားသခင်​ထက် မိမိ​ဖြောင့်မတ်​ကြောင်း” ပြောဆို​ခဲ့​၏။ ထို့​ကြောင့် ယောဘ​သင်ယူစရာ သင်ခန်းစာများ အမှန်​ရှိသည်​တကား။—ယောဘ ၃၂:၂; ၃၃:၈-၁၂; ၃၄:၅

ဖန်ဆင်း​ရာ​သတ္တဝါများ​မှ ထုတ်နုတ်​ရရှိ​သည့် ပုံ​နမူနာ​များ​က လူသား​တို့သည် ဘုရားသခင့်​နည်းလမ်းတော်​များ​ကို စစ်ကြော​ပိုင်ခွင့်​မရှိကြောင်း ဖော်ပြ​၏။ မိမိ၏​ကျေးကျွန်​ယောဘ​အား ယေဟောဝါ​မိန့်ဆိုခဲ့​သည့် စကား​များ​ကို သုံးသပ်ကြည့်​လျှင် ယင်းသည် ရှင်းလင်း​သွားပေ​မည်။

တိရစ္ဆာန်​များ လူ့အကူအညီ​မလို

တိရစ္ဆာန်​လောက​အကြောင်း ဘုရားသခင်​မေးမြန်း​သောအခါ ယောဘ​မဖြေ​ဆိုနိုင်​ခဲ့​ချေ။ (ယောဘ ၃၈:၃၉-၄၁) ယေဟောဝါ​သည် ခြင်္သေ့​နှင့်​ကျီးနက်​တို့ကို လူ့​အကူအညီ​မပါဘဲ ထောက်ပံ့​ပေး​တော်​မူ​၏။ ကျီးနက်​များသည် ပျံဝဲ​၍​အစာ​ရှာ​ကြသော်လည်း အမှန်တကယ်​တွင် ၎င်းတို့၏​အစာကို ဘုရားသခင်​ထံ​မှ ရရှိကြ​ခြင်း​ဖြစ်သည်။—လုကာ ၁၂:၂၄

ဘုရားသခင်​သည် ယောဘ​ကို သား​ရိုင်း​တိရစ္ဆာန်​များ​အကြောင်း မေးမြန်း​သောအခါ သူ​အကျပ်ရိုက်​သွား​၏။ (ယောဘ ၃၉:၁-၈) တောင်ဆိတ်​များနှင့် ဒ​ရ​ယ်​မများ​ကို မည်သူမျှ မကာကွယ်​ပေး​နိုင်​ချေ။ တောင်ဆိတ်​များ​အနား ချဉ်းကပ်​၍​ပင် မရပါ။ (ဆာလံ ၁၀၄:၁၈) ဒ​ရယ်​မ​တစ်ကောင်​သည် သား​မွေး​ချိန်​နီး​လာသော​အခါ ဘုရားသခင်​ပေး​အသိစိတ်​ဖြင့် တော​ထဲ​တွင် သီးခြားနေ​တတ်၏။ သား​ကျ​ပြီး​လျှင် ကောင်းကောင်းမွန်မွန် စောင့်ရှောက်​ပေး​သည်။ သို့သော် သားပေါက်​လေး​များသည် “ကျန်းမာ” လာသော​အခါ “အခြား​သို့​သွား​၍ အမိ​ထံ​သို့ ပြန်​မလာ​ဘဲ​နေတတ်​ကြ​၏။” ထို့နောက် သူတို့​လေး​များသည် ကိုယ့်​ခြေ​ပေါ်​ကိုယ်​ရပ်တည်​ကြသည်။

မြင်းကျား​သည် ခြေဦး​တည့်​ရာ​သွားလာ​နေ​၏။ သဲကန္တာရ​လွင်ပြင်​သည် မြည်း​ရိုင်း​၏​ဌာနေ​ဖြစ်သည်။ ယောဘသည် မြည်း​ရိုင်း​ကို ဝန်​စ​ည်​စ​လယ်​ထမ်း​ခိုင်း​၍​မရချေ။ ၎င်း​တိရစ္ဆာန်​သည် တောင်ကုန်း​များ​တွင် ကျက်​စား၍ “စိမ်း​သော​အပင်​အမျိုးမျိုးကို​ရှာ​တတ်” ၏။ ၎င်း​၏​လွတ်လပ်မှုကို မြို့များ​တွင် အလွယ်တကူ​ရရှိနိုင်​သည့်​အစာ​နှင့် လဲ​မည်​မဟုတ်​ချေ။ ၎င်း​၏​ပိုင်နက်​ထဲ လူတစ်ဦး​ကျူးကျော်​ဝင်ရောက်​လာ​မည်​ဆိုလျှင် အလျင်အမြန် ထွက်ပြေး​တတ်​ရာ “နှင်​သော​သူ​အော်ဟစ်​နှိုးဆော်​သံ​ကို” မကြား​တော့​ပေ။

ထို့နောက် ဘုရားသခင်​သည် နွား​ရိုင်း​အကြောင်း မိန့်ဆို​၏။ (ယောဘ ၃၉:၉-၁၂) ၎င်းနှင့်​စပ်လျဉ်း၍ အင်္ဂလိပ်​လူမျိုး ရှေးဟောင်း​သုတေသန​ပညာရှင် ဩ​စတင် လေ​ယာ့ဒ်​က ဤသို့​ရေးသား​သည်– “ရုပ်လုံး​ရုပ်​ကြွ​များ​တွင် မကြာခဏ ပုံဖော်​ထား​ချက်​အရ နွား​ရိုင်း​သည် ခြင်္သေ့​ကဲ့သို့​ပင် ကြောက်စရာ​ကောင်း​၍ အမဲလိုက်​ကောင်း​သည့် တော​ကောင်​ဖြစ်​ဟန်​တူ​သည်။ ရှင်ဘုရင်​သည် မကြာခဏ​ပင် နွား​ရိုင်း​ဖမ်း​လေ့​ရှိရာ စစ်သည်​များ​က မြင်း​စီး​၍​လည်းကောင်း၊ ခြေလျင်​ပြေး​၍​လည်းကောင်း လိုက်​ဖမ်း​ပေး​ကြ​၏။” (နိနေဝေ​နှင့် ယင်း​၏​အပျက်အယွင်း​များ၊ ၁၈၄၉၊ အတွဲ ၂၊ စာမျက်နှာ ၃၂၆) သို့​တိုင်၊ အဘယ်​ပညာရှိ​ပုဂ္ဂိုလ်​က​မျှ နွား​ရိုင်း​ကို​ထိန်းချုပ်​ရန် ကြိုးစား​မည်​မဟုတ်​ချေ။—ဆာလံ ၂၂:၂၁

ယေဟောဝါ​အား ငှက်​များ ဂုဏ်တင်​ချီးမြှောက်

တစ်ဖန် ဘုရားသခင်​သည် ယောဘ​ကို ငှက်​များ​အကြောင်း မေး​ပြန်​သည်။ (ယောဘ ၃၉:၁၃-၁၈) တော​ငန်း​သည် ၎င်း​၏​သန်မာ​သော​အတောင်​ပံ​များ​ဖြင့် အထက်​သို့​ပျံ​တတ်၏။ (ယေရမိ ၈:၇) ငှက်​ကုလားအုတ်​သည် အတောင်​ပံ​ခတ်​တတ်​သော်လည်း မ​ပျံ​နိုင်​ချေ။ တော​ငန်း​ကဲ့သို့ သစ်ပင်​အမြင့်​တွင် အသိုက်​ဆောက်​ကာ ဥ,ဥ​၍​လည်း​မရချေ။ (ဆာလံ ၁၀၄:၁၇) သဲ​ထဲ​တွင် ကျင်း​တူး​ကာ ဥ,ဥ​ထား​တတ်၏။ သို့သော် ဤ​ငှက်​သည် ဥ​များ​ကို ထို​အတိုင်း​မ​ပစ်ထား​ပါ။ ဥ​များ​ကို သင့်တော်​သော​အပူချိန်​တွင်​ရှိနေ​စေရန် သဲ​ဖြင့်​ဖုံးအုပ်​ထားပြီး ယင်း​တို့ကို ငှက်​ဖို​ရော​ငှက်​မပါ စောင့်ကြပ်​ပေး​တတ်၏။

ငှက်​ကုလားအုတ်​အမ​သည် သားရဲ​အန္တရာယ်ကို​သတိပြုမိ​၍ ထွက်ပြေး​သွား​သည့်​အခါ “ပညာ​မဲ့” ပုံ​ရ​ပေမည်။ သို့ရာတွင် ကျမ်းစာ​ပါ​တိရစ္ဆာန်​များ​စွယ်စုံ​ကျမ်း​က ဤသို့​ဆို​သည်– “ယင်းသည် အာရုံပြောင်း​စေသည့်​နည်း​ဖြစ်၏။ [ငှက်​ကုလားအုတ်​များ] သည် ရန်မူ​လာ​သည့် လူ သို့​မဟုတ် တိရစ္ဆာန်​တစ်ကောင်​ကောင်​၏​အာရုံ​ကို​လွှဲ​ရန် အတောင်​ပံ တဖျပ်ဖျပ်​ခတ်​ပြ​ကာ ဥ​နှင့်​ဝေးရာ​သို့ မျှား​ခေါ်သွား​ပေမည်။”

ငှက်​ကုလားအုတ်​သည် “မြင်း​နှင့်​မြင်း​စီး​သော​သူကိုပင်​ရ​ယ်” ခြင်း​က မည်သို့​နည်း။ ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း​က ဤသို့​ဆို​သည်– “ငှက်​ကုလားအုတ်​သည် မ​ပျံ​နိုင်​သော်လည်း ၎င်း​၏​အပြေး​မြန်​နှုန်း​ကြောင့် ကျော်ကြား​သည်။ ၎င်း​၏​ခြေတံ​ရှည်​များ​က ၁၅ ပေ (၄.၆ မီတာ) လှမ်း​နိုင်​ပြီး တစ်​နာရီ​လျှင် မိုင် ၄၀ (၆၄ ကီလိုမီတာ) နှုန်း​အထိ ပြေး​နိုင်​သည်။”

မြင်း​ကို ဘုရားသခင်​ခွန်​အားပေး

တစ်ဖန် ဘုရားသခင်​သည် ယောဘ​ကို မြင်း​အကြောင်း မေး​ပြန်​သည်။ (ယောဘ ၃၉:၁၉-၂၅) ရှေးခေတ်​က စစ်သား​များသည် မြင်း​စီး​၍ စစ်တိုက်​ကြ​၏။ မြင်းများ​သည် မောင်းနှင်​သူနှင့် စစ်သား​နှစ်ဦး​ပါ​သည့် စစ်​မြင်းရထား​များ​ကို ဆွဲ​ခဲ့​၏။ တိုက်ပွဲဝင်​ရန်​စိတ်စော​နေသည့် စစ်​မြင်း​တစ်ကောင်​သည် ဟီ​သံ​ပြု​ကာ ခွာ​ယက်​လိုက်​သည်။ ဓား​မြင်ပြီး ကြောက်ရွံ့​ခြင်း​မရှိ၊ နောက်​ပြန်လှည့်​ပြေး​စ​ရာ​လည်း မလို​ချေ။ တံပိုး​သံ​ကြား​သည်​နှင့် စစ်​မြင်း​သည် “အေ့​ဟေ” ဟု​ဆို​ကာ “မြေ​ကို​မျို” သည့်​အလား တစ်ဟုန်ထိုး​ပြေးထွက်​သွား​၏။ သို့​တိုင်၊ စစ်​မြင်း​သည် မိမိ​သခင်​ကို​နာခံ​၏။

ရှေးဟောင်း​သုတေသန​ပညာရှင် လေ​ယာ့ဒ်​က ဤသို့​နှိုင်းယှဉ်​ဖော်ပြ​သည်– “အာရပ်မြင်း​သည် သိုးကလေး​တစ်ကောင်​ကဲ့သို့ ယဉ်ပါး​၍ ဇ​က်​ကြိုး​ဖြင့်​သာ ညွှန်ကြား​ဖို့​လို​သော်လည်း စစ်​ငြာ​သံ​ကြား​ပြီး မိမိ၏​သခင် လှံ​ဝှေ့ယမ်း​နေသည်​ကို​မြင်​သောအခါ ၎င်း​၏​မျက်လုံး​များ ဝင်း​ဝင်း​တောက်​သွား​တတ်​သည်။ ၎င်း​၏ သွေး​နီ​ရော​င်​ထ​နေသည့် နှာခေါင်း​ပေါက်​လည်း ကျယ်​လာ၍ ဇ​က်​တိုင်​က ခံ့ညား​စွာ​ခုံး​နေပြီး အမြီး​နှင့်​လည်ဆံမွေး​တို့သည် လေ​ထဲ​တွင် တလူလူ​လွှင့်​နေသည်။”—ဗာဗုလုန်​နှင့်​နိနေဝေ​အပျက်အယွင်း​ကြား​မှ ရှာဖွေ​တွေ့ရှိ​မှုများ၊ ၁၈၅၃၊ စာမျက်နှာ ၃၃၀။

သိမ်းငှက်​နှင့်​လင်းယုန်​တို့ကို ဆင်ခြင်​လော့

ယေဟောဝါ​သည် ယောဘ​ကို ငှက်​တချို့​အကြောင်း မေးမြန်း​ပြန်​သည်။ (ယောဘ ၃၉:၂၆-၃၀) သိမ်းငှက်​များသည် ‘အတောင်​ကို​ဖြန့်​၍ ပျံဝဲ​တတ်’ ၏။ ပဲရာဂရင်​သိမ်းငှက်​သည် ပျံသန်း​ရာ​တွင် အမြန်ဆုံး​ငှက်​ဖြစ်၏​ဟု ရည်ညွှန်း​ထား​သည့် ဂင်းနက်စ်​ကမ္ဘာ့​စံချိန်​များ​စာအုပ်​က သိမ်းငှက်​သည် “မိမိ​ပိုင်နက်​အဖြစ် ပျံဝဲ​ပြ​နေစဉ် အမြင့်​မှ​ထိုးဆင်း​သည့်​အခါ၊ လေ​ထဲ​တွင် သားကောင်​ကို​ထိုး​သုတ်​သည့်​အခါ ယင်း​၏​အမြန်​နှုန်း​မှာ စံချိန်​တင်​လောက်​သည်” ဟု​ဆို​၏။ ဤ​ငှက်​သည် ၄၅ ဒီဂရီ​ထောင့်​ဖြင့် တစ်​နာရီ​လျှင် ၂၁၇ မိုင်​နှုန်း ထိုးဆင်း​လာ​ဖူး​သည်​ဟု​ဆို​ကြ​၏။

လင်းယုန်​ငှက်​များသည် တစ်​နာရီ မိုင် ၈၀ ကျော်​နှုန်း​ဖြင့် ပျံသန်း​ကြ​၏။ ယင်းကြောင့် ယောဘသည် လူ့​ဘဝ၏ အချိန်ကုန်​မြန်​ခြင်း​ကို သားကောင်​ရှာ​သော လင်းယုန်​တစ်ကောင်​၏ ပျံသန်း​နှုန်း​နှင့် နှိုင်းယှဉ်ခဲ့​သည်။ (ယောဘ ၉:၂၅၊ ၂၆) ကျွန်ုပ်​တို့သည် မနားတမ်း​ပျံဝဲ​နေသော လင်းယုန်​အတောင်​ပံ​ပေါ်​ရှိသည့်​အလား ကျွန်ုပ်​တို့​ခံနိုင်ရည်​ရှိစေရန် ဘုရားသခင်​ခွန်​အားပေး​တော်​မူ​၏။ (ဟေရှာယ ၄၀:၃၁) ထို​ငှက်​သည် ပျံသန်း​ရာ​တွင် အထက်​သို့​တလူလူ​တက်​နေသော လေ​ပူ​ဆန်​ကြော​ကို အသုံးချပြီး ၎င်း​အတွင်း​ပျံဝဲ​နေ​ကာ တဖြည်းဖြည်း​မြင့်တက်​သွား​၏။ တစ်စုံတစ်ရာ​သော အမြင့်​သို့​ရောက်​သည့်​အခါ အခြား​လေ​ပူ​ဆန်​ကြော​တစ်ခု​သို့ ညင်သာ​စွာ​လျှော​ပြီး လေ​ဟု​န်​စီး​သွား​သဖြင့် လင်းယုန်​သည် ခွန်အား​အနည်းငယ်​သာ​အသုံးပြု၍ ကောင်းကင်​၌ နာရီ​ပေါင်း​များစွာ နေနိုင်​ခြင်း​ဖြစ်သည်။

လင်းယုန်​တစ်ကောင်​သည်  လူ​သူ​မရောက်​နိုင်​သည့် “မြင့်သော​အရပ်၌ အသိုက်​ကို​လုပ်” သဖြင့် ငှက်​ပေါက်လေး​များ​ကို ဘေးကင်း​စေ​၏။ ယေဟောဝါ​သည် လင်းယုန်​ကို ပင်ကို​အသိစိတ်​ဖြင့် ယင်း​သို့​လုပ်ဆောင်​စေတော်မူ​ပြီ။ သည့်​အပြင် ဘုရားသခင်​ပေး​ထား​သည့် အမြင်​အာရုံ​ဖြင့် “[လင်းယုန်​၏] မျက်စိသည် အဝေးက​ပင် မြင်တတ်” ၏။ အမြင်​အာရုံ​ကို လျင်မြန်​စွာ ပြောင်းလဲ​နိုင်စွမ်း​ရှိ​ခြင်း​ကြောင့် အဝေး​မှ​ဒိုင်ဗင်​ထိုး​ချ​လာစဉ် သားကောင် သို့​မဟုတ် တိရစ္ဆာန်​အသေကောင်​ကို မျက်ခြည်မပြတ် စိုက်ကြည့်​နေနိုင်​သည်။ လင်းယုန်​သည် တိရစ္ဆာန်​အသေကောင်​များ​ကို စား​တတ်​သဖြင့် “အသေကောင်​ရှိရာ​အရပ်၌ ထို​ငှက်​ရှိသည်။” ဤ​ငှက်​သည် တိရစ္ဆာန်​ငယ်​လေး​များ​ကို​ဖမ်း​ပြီး သားငယ်​လေး​များ​ထံ သယ်ဆောင်​သွား​၍​ကျွေးတတ်​၏။

ယောဘ​ကို ယေဟောဝါ​ပဲ့ပြင်​ဆုံးမ

ဘုရားသခင်​သည် တိရစ္ဆာန်​များ​အကြောင်း ထပ်ဆင့်​မ​မေးမြန်း​မီ ယောဘ​ကို ပဲ့ပြင်​ဆုံးမ​တော်​မူ​၏။ ယောဘ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ သူသည် ထပ်ဆင့်​ပေး​သော​ဆုံးမ​စကား​ကို နှိမ့်ချစွာ လိုလိုလားလား လက်ခံ​နာယူ​ခဲ့​သည်။—ယောဘ ၄၀:၁-၁၄

ယောဘ​၏​အတွေ့အကြုံ​များ​ဆိုင်ရာ မှုတ်သွင်းခံ​မှတ်တမ်း​မှ ကျွန်ုပ်​တို့​ရရှိ​သည့် အလွန်​အရေးကြီးသော​သင်ခန်းစာ​မှာ အဘယ်​လူသား​မျှ အတိုင်းအဆမဲ့​တန်ခိုးရှင်​အား အပြစ်တင်​ဝေဖန်​ပိုင်ခွင့်​မရှိ​ဟူ၍​ဖြစ်သည်။ ထိုသို့​ပြု​မည့်​အစား ကောင်းကင်​ခမည်းတော်​နှစ်သက်​သည့်​ပုံစံ​အတိုင်း ပြောဆို​ပြုမူ​သင့်​သည်။ ထို့​ပြင် ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​သန့်ရှင်းသော​နာမတော်​ကို ရိုသေ​လေးမြတ်​စေ​ရေး​နှင့် ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို သံသယ​ကင်းရှင်း​စေ​ရေး​အပေါ် အဓိက​စိတ်ဝင်စား​သင့်​သည်။

ဘုရားသခင်​အား ဗေဟမုတ် ဂုဏ်တင်​ချီးမွမ်း

ဘုရားသခင်​သည် ဖန်ဆင်း​ရာ​သတ္တဝါများ​ဘက် တစ်ဖန်​အာရုံရောက်​သွားပြီး ယောဘ​ကို ဗေဟမုတ်​အကြောင်း မေးမြန်း​တော်​မူ​၏။ ဗေဟမုတ်​ကို ရေမြင်း​ဟု လူအများ​ယူဆကြ​၏။ (ယောဘ ၄၀:၁၅-၂၄) အရွယ်ရောက်​ရေမြင်း​တစ်ကောင်​သည် ၁၂ ပေ​မှ ၁၅ ပေ​အထိ ရှည်​နိုင်​ပြီး ကိုယ်​အလေးချိန် ပေါင် ၈,၀၀၀ အထိ​ရှိ​နိုင်​သည်။ ဗေဟမုတ်​၏ “တန်ခိုး​သည် ခါး​၌” ရှိ၏။ ဆိုလိုသည်မှာ ၎င်း​၏​တင်ပါး​ပိုင်း​ရှိ ကြွက်သား​များ​ဖြစ်သည်။ ခြေတံ​တို​ဗေဟမုတ်​သည် မြစ်​ကြမ်းပြင်​ရှိ ကျောက်တုံး​များ​အပေါ် ၎င်း​၏​ခန္ဓာကိုယ်​ကို တ​ရွတ်​တိုက်​သွား​တတ်​သည့်​အတွက် ၎င်း​၏​ဗိုက်​ခေါက်​ထူခြင်း​သည် တစ်ခု​ကောင်း​၏။ အလွန်​လေးလံ​သော​ခန္ဓာကိုယ်၊ ကြီးမားသော​ပါးစပ်​နှင့် သန်မာ​သော​မေးရိုး​ရှိ ဗေဟမုတ်​နှင့် အဘယ်သူမျှ ယှဉ်​ဖက်​၍​ရမည်​မဟုတ်ပါ။

ဗေဟမုတ်​သည် “မြက်” စား​ရန် မြစ်​ထဲ​က​တက်လာ​တတ်​သည်။ သို့သော် တောင်​တစ်​တောင်​လုံး​ရှိ မြက်​စိမ်း​ကို သူ​စား​လိုက်ရ​မှ ဗိုက်ဝ​မည့်​ပုံ​ရှိ၏။ ၎င်း​သည် နေ့စဉ် အသီး​အရွက်​ပေါင် ၂၀၀ မှ ၄၀၀ ခန့်​စား​၏။ ဗေဟမုတ်​သည် အာသာပြေ​သွား​လျှင် ကျူပင်​ချုံဖုတ်​အောက် သို့​မဟုတ် မိုးမခပင်​ရိပ်​အောက် လှဲ​နေတတ်​သည်။ မြစ်ရေ​တစ်ဟုန်ထိုး​စီးဆင်း​နေလျှင်​ပင် ဤ​ရေမြင်း​သည် ရေပြင်​ပေါ် ခေါင်း​ပြူ​ထား​ကာ ရေ​ကို​ဆန်​၍ ကူးခပ်​သွား​နိုင်၏။ ၎င်း​၏​ဧရာမ​ပါးစပ်ကြီး၊ ကြောက်မက်​ဖွယ်အစွယ်​များနှင့် ပက်ပင်းတိုး​မည်​ဖြစ်​သဖြင့် ယောဘသည် ၎င်း​၏​နှာခေါင်း​ကို သံ​ချိတ်​နှင့်​ဖောက်​ဝံ့​မည်​မဟုတ်​ချေ။

ဘုရားသခင်​အား လဝိသန်​ချီးမွမ်း

တစ်ဖန် ယောဘသည် လဝိသန်​အကြောင်း ကြားသိ​ရ၏။ (ယောဘ ၄၁:၁-၃၄) “အရေခွံ​တွန့်​လိမ်​နေသည့် တိရစ္ဆာန်” ဟု​ရည်ညွှန်း​သည့် ဟေဗြဲ​စကားလုံး​သည် မိကျောင်း​ကို​ဆိုလို​ဟန်​တူ​သည်။ ယောဘသည် သူ၏​သားသမီး​များ​ကို လဝိသန်​နှင့် ဆော့​ကစား​စေပါ​မည်​လော။ ဝေးလေစွ။ ဤ​သတ္တဝါ​နှင့်​ပက်ပင်းတိုး​ခြင်း​သည် အလွန်​အန္တရာယ်​ရှိကြောင်း အကြိမ်ကြိမ်​တွေ့ရှိ​ခဲ့ပြီ။ လဝိသန်​ကို ဖမ်း​ဖို့​ကြိုးစား​ပါ​က ထပ်​မဖမ်းရဲ​လောက်​အောင် နောင်​ကြ​ဉ်​သွားပါ​လိမ့်​မည်။

လဝိသန်​သည် နေ​ထွက်​လာချိန်​တွင် ရေပြင်​ပေါ် ခေါင်း​ပြူ​သောအခါ ၎င်း​၏​မျက်စိသည် “နံနက်​မျက်​တောင်​ခတ်​သကဲ့သို့” လင်းလက်​တတ်​သည်။ လဝိသန်​၏​အ​ကြေး​ခွံ​များသည် သိပ်​သိပ်​သည်း​သည်း​ရှိပြီး အရေခွံ​တွင် အရိုး​ပြား​များ မြုပ်​ဝင်​နေသော​ကြောင့် ကျည်ဆန်​ပင် ထိုးဖောက်​၍​မရချေ။ ဓား​များ၊ လှံ​များ​ဖြင့်​ဆိုလျှင် ဝေ​လာ​ဝေး။ မိကျောင်း​၏​ဝမ်းဗိုက်​ရှိ ချွန်ထက်​သော အ​ကြေး​ခွံ​များသည် ရွှံ့နွံ​ပေါ်​တွင် “ထွန်သွား​များ” ကဲ့သို့​ဖြစ်စေ​သည်။ ရေ​ထဲ​တွင် တ​ဝုန်း​ဝုန်း​သောင်းကျန်း​နေလျှင် ရေပြင်​သည် အ​မြှုပ်​တ​စီ​စီ ပွက်ထ​သွား​၏။ ၎င်း​၏​အရွယ်အစား၊ သံချပ်ကာ​အရေခွံ၊ လက်နက်များ​ဖြစ်သော ခြိမ်းခြောက်​ရန်မူ​သည့်​ပါးစပ်​နှင့် သန်မာ​သော​အမြီး​တို့​ကြောင့် လဝိသန်​သည် အဘယ်အရာကို​မျှ မကြောက်​ချေ။

ပြော​မိ​သည့်​စကား​ကို ယောဘ ပြန်​ရုပ်သိမ်း

ယောဘသည် ‘နားမလည်​သော​အရာ​တို့ကို၊ အံ့ဩ​၍​မကုန်နိုင်​သော​အရာ​တို့ကို ပြော​မိ’ ကြောင်း ဝန်ခံခဲ့​၏။ (ယောဘ ၄၂:၁-၃) ဘုရားသခင်​ပြုပြင်​တည့်မတ်​ပေး​သည်ကို သူ​လက်ခံ​ကာ ပြော​မိ​သည့်​စကား​ကို ပြန်​ရုပ်သိမ်း​၍ နောင်တ​ယူ​ခဲ့​သည်။ ယောဘ​၏​အဖော်​များသည် ပြစ်တင်​ပြောဆို​ခံ​ခဲ့​ရ​သော်လည်း သူ​မူ​ကား ကောင်းချီး​များစွာ ခံစား​ခဲ့​ရသည်။—ယောဘ ၄၂:၄-၁၇

ယောဘ​၏​အတွေ့အကြုံကို စွဲမှတ်​ထားခြင်း​က မည်မျှ​ပညာရှိ​လေ​စွ။ သူ့​အား ဘုရားသခင်​မေးမြန်းခဲ့​သမျှ​ကို ကျွန်ုပ်​တို့​ဖြေဆို​နိုင်​မည်​မဟုတ်​ချေ။ သို့ရာတွင် ယေဟောဝါ​အား ဂုဏ်တင်​ချီးမြှောက်​ကြသော မျိုး​ပေါင်း​စုံလင်​လှ​သည့် အံ့ဖွယ်​ဖန်ဆင်း​ရာ​များ​ကို ကျွန်ုပ်​တို့​တန်ဖိုး​ထား​လေးမြတ်​နိုင်​ပြီး ယင်း​သို့​ပြုသင့်​ပေ​သည်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

တောင်ဆိတ်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကျီးနက်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ခြင်္သေ့​မ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

မြင်းကျား

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ငှက်​ကုလားအုတ်​သည် မိမိ၏​ဥ​များနှင့်​ဝေးရာ​သို့ ထွက်ခွာ​သွား​သော်လည်း ယင်း​တို့ကို မစွန့်ပစ်​ထား​ချေ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ငှက်​ကုလားအုတ်​ဥ​များ

[စာမျက်နှာ ၁၄၊ ၁၅ ပါ ရုပ်ပုံ]

ပဲရာဂရင်​သိမ်းငှက်

[Credit Line]

သိမ်းငှက်- © Joe McDonald/Visuals Unlimited

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အာရပ်မြင်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ရွှေ​လင်းယုန်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဗေဟမုတ်​ကို ရေမြင်း​ဟု လူအများ​ယူဆကြ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

လဝိသန်​ကို ခွန်အား​ကြီး​သည့် မိကျောင်း​ဟု ယူဆကြ