မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန်ကို အခွင့်မပေးကြနှင့်

စာတန်ကို အခွင့်မပေးကြနှင့်

စာတန်​ကို အခွင့်မပေး​ကြ​နှင့်

‘စာတန်​ကို အခွင့်မပေး​ကြ​နှင့်။’—ဧဖက် ၄:၂၇

၁။ လူများစွာ​သည် စာတန်​တည်ရှိခြင်း​ကို အဘယ်ကြောင့် သံသယ​ဖြစ်လာ​ကြ​သနည်း။

စာတန်​သည် ချို​ပါ​ပြီး ခွာကွဲ​၍ အင်္ကျီ​အနီရောင်​ဝတ်​ထား​ကာ ခက်ရင်းခွ​ဖြင့် လူဆိုးများ​ကို မီးငရဲ​ထဲ ထိုး​ချ​နေသည့် သတ္တဝါ​ဟု လူ​တို့ ရှုမြင်​လာ​ခဲ့​ကြသည်​မှာ ရာစုနှစ်ချီ​ရှိပြီ။ သမ္မာကျမ်းစာ​က ထို​ယူဆချက်​ကို မထောက်ခံ​ချေ။ အမည်ခံ​ခရစ်ယာန်​များ ဤသို့​တလွဲ​ယူဆ​ထားခြင်း​ကြောင့် လူ​သန်းပေါင်း​များစွာ​သည် စာတန်​တည်ရှိခြင်း​ကို သံသယ​ဖြစ်လာ​ကြသည်။ စာတန်​သည် မကောင်းမှု​မျှ​သာ​ဖြစ်၏​ဟု​လည်း ယူဆ​လာ​ကြသည်။

၂။ စာတန်​အကြောင်း သမ္မာကျမ်းစာ​၏​ဖော်ပြချက်​အချို့​ကား အဘယ်နည်း။

စာတန်​တည်ရှိ​ကြောင်း မျက်မြင်​သက်သေ​နှင့် ရှင်းလင်း​သော​အထောက်အထား​တို့ကို သမ္မာကျမ်းစာ​က ဖော်ပြ​ထား​သည်။ ယေရှု​ခရစ်​သည် ကောင်းကင်​ဝိညာဉ်ဘုံ​တွင် စာတန်​ကို မြင်တွေ့ခဲ့​ပြီး မြေကြီးပေါ်​တွင်​လည်း သူနှင့်​စကားပြော​ခဲ့​သည်။ (ယောဘ ၁:၆; မဿဲ ၄:၄-၁၁) အဆိုပါ​ဝိညာဉ်​သတ္တဝါ​၏ အမည်​ရင်း​ကို သမ္မာကျမ်းစာ​က မဖော်​ပြ​ထား​သော်လည်း ဘုရားသခင်​အား ရှုတ်ချ​ဂုဏ်ဖျက်​ခဲ့​သောကြောင့် သူ့ကို (“ရှုတ်ချ​ဂုဏ်ဖျက်​သူ” အဓိပ္ပာယ်​ရှိသည့်) သူ​ဟု ခေါ်ဆို​၏။ ယေဟောဝါ​ကို ခုခံ​သောကြောင့် (“ခုခံ​သူ” အဓိပ္ပာယ်​ရှိသည့်) စာတန်​ဟု​လည်း အမည်တွင်​၏။ ဧဝ​ကို လှည့်ဖြား​ရန် မြွေ​တစ်ကောင်​ကို စာတန်​အသုံးပြု​ခဲ့​သောကြောင့် သူ့ကို “ရှေး​မြွေ​ဟောင်း” ဟု​ရည် ညွှန်း​ခေါ်ဆို​သည်။ (ဗျာ. ၁၂:၉; ၁ တိမောသေ ၂:၁၄) ‘ဆိုးညစ်သူ’ ဟု​လည်း လူသိ​များ​ကြသည်။။—မဿဲ ၆:၁၃ *

၃။ အဘယ်​မေးခွန်း​ကို သုံးသပ်ကြ​မည်​နည်း။

ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် စစ်မှန်သော ဘုရားသခင်​၏ မဟာရန်သူ စာတန်​ကို အဘယ်နည်း​နှင့်​မျှ တုပ​လို​ကြ​မည်​မဟုတ်​ချေ။ ထို့​ကြောင့် ‘စာတန်​ကို အခွင့်မပေး​ကြ​နှင့်’ ဟူသော ပေါလု​၏​ဆုံးမ​စကား​ကို ကျွန်ုပ်​တို့ လိုက်နာ​ကြ​ရမည်။ (ဧဖက် ၄:၂၇) သို့​ဖြစ်၍ ကျွန်ုပ်​တို့ အတု​မယူ​ရမည့် စာတန်​၏​စရိုက်​အချို့​ကား အဘယ်နည်း။

မဟာ​ရှုတ်ချ​ဂုဏ်ဖျက်​သူကို​အတု​မယူ​ကြ​နှင့်

၄။ ‘ဆိုးညစ်သူ’ သည် ဘုရားသခင်​ကို မည်သို့​ရှုတ်ချ​ဂုဏ်ဖျက်​ခဲ့​သနည်း။

‘ဆိုးညစ်သူ’  သည်  ရှုတ်ချ​ဂုဏ်ဖျက်​သူ​ဖြစ်သော​ကြောင့် ယင်း​သို့ ခေါ်​ထိုက်​၏။ ရှုတ်ချ​ဂုဏ်ဖျက်​ခြင်း​ဟူသည် တစ်ဦး​တစ်ယောက်​အကြောင်းကို မဟုတ်မမှန်၊ မလို​တ​မာ​စိတ်​နှင့် အသရေ​ဖျက်​ပြောဆိုခြင်း​မည်​၏။ ဘုရားသခင်​က အာဒံ​ကို ဤသို့​ပညတ်​ထား​တော်​မူ​ခဲ့​သည်– “ကောင်း​မကောင်း​ကို သိကျွမ်းရာ​အပင်​မှာ​တစ်ပါး ထို​ဥယျာဉ်​၌​ရှိသမျှ​သော​အပင်​တို့၏​အသီးကို သင်သည် စား​ရသော​အခွင့်​ရှိ၏။ ထို​အပင်​၏​အသီးကို​ကား မစား​ရ။ စား​သော​နေ့တွင် ဧကန်​အမှန်​သေရ​မည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဤ​ပညတ်​ကို ဧဝ​သိရှိ​ထား​သော်လည်း စာတန်​သည် မြွေ​မှ​တစ်ဆင့် သူ့ကို ဤသို့​ဆို​၏– “သင်တို့သည် ဧကန်​အမှန်​သေရ​မည်​မဟုတ်။ အကြောင်း​မူ​ကား ထို​အသီးကို​စား​သော​နေ့၌ သင်တို့သည် မျက်စိပွင့်​လင်း​လျက် ကောင်း​မကောင်း​ကို​သိ၍ ဘုရားသခင်​ကဲ့သို့ ဖြစ်​ကြ​လတ္တံ့​သည်ကို ဘုရားသခင်​သိတော်မူ​သည်။” (ကမ္ဘာဦး ၃:၄၊ ၅) ယေဟောဝါ​ဘုရားသခင်​ကို မလို​တ​မာ​စိတ်ဖြင့် ထိုသို့​ရှုတ်ချ​ဂုဏ်ဖျက်​ရက်​လေ​ခြင်း။

၅။ ဒယောတရပ်​သည် ရှုတ်ချ​ဂုဏ်ဖျက်​ခဲ့​သည့်​အတွက် အဘယ်ကြောင့် စာရင်း​ရှင်း​ခံထိုက်​သနည်း။

ဣသရေလလူ​တို့သည် ဤသို့​မိန့်မှာ​ခံရ​၏– “သူ့​အသရေပျက်​သော​သတင်းကို ကြား​ပြော​ခြင်း​ငှာ ကိုယ့်​အမျိုးသားချင်း​တို့​တွင် မ​လှည့်လည်​ရ။” (ဝတ်ပြုရာ ၁၉:၁၆) တမန်​တော်​ယောဟန်​သည် သူ့​ခေတ်​က ရှုတ်ချ​ဂုဏ်ဖျက်​သူ​တစ်ဦး​နှင့်​စပ်လျဉ်း၍ ဤသို့​ဖော်ပြ​ခဲ့​သည်– “အသင်းတော်​ထံ​သို့ မှာ​စာ​ကို ငါ​ရေး​၍​ပေး​လိုက်​လေ​ပြီ။ သို့သော်လည်း အကဲအမှူး​လုပ်ချင်​သော ဒယောတရပ်​သည် ငါ​တို့အား အခွင့်မပေး။ ထို့​ကြောင့် ငါ​လာသော​အခါ သူသည် မိမိ​ပြုသော​အမှုကို မိမိ​သတိရ​စေခြင်း​ငှာ ငါ​ပြု​မည်။ ထို​သူသည် ငြူစူသော​စကား​နှင့် ငါ​တို့ကို ကဲ့ရဲ့​သည်။” (၃ ယောဟန် ၉၊ ၁၀) ဒယောတရပ်​သည် ယောဟန်​ကို ရှုတ်ချ​ဂုဏ်ဖျက်​ခဲ့​သည့်​အတွက် စာရင်း​ရှင်း​ခံထိုက်​၏။ အဘယ်​သစ္စာရှိ​ခရစ်ယာန်​တစ်ဦးမျှ ဒယောတရပ်​ကဲ့သို့ မဟာ​ရှုတ်ချ​ဂုဏ်ဖျက်​သူ စာတန်​ကို အတုယူ​လို​ကြ​မည်​မဟုတ်။

၆၊ ၇။ ကျွန်ုပ်​တို့သည် အဘယ်ကြောင့် မည်​သူ့ကို​မျှ ရှုတ်ချ​ဂုဏ်ဖျက်​ခြင်း မပြု​လို​ကြ​သနည်း။

ယေဟောဝါ​၏​ကျေးကျွန်​များသည် မကြာခဏ ရှုတ်ချ​ဂုဏ်ဖျက်​ခံရ​ပြီး မဟုတ်မမှန်​စွပ်စွဲ​ခံ​ကြ​ရ၏။ “ယဇ်ပုရောဟိတ်​အကြီး​နှင့် ကျမ်း​ပြု​ဆရာ​တို့သည် ထ၍ [ယေရှုကို] ပြင်းထန်​စွာ အပြစ်တင်​ကြ​၏။” (လုကာ ၂၃:၁၀) ယဇ်ပုရောဟိတ်မင်း အာနနိ​နှင့် အခြား​သူတို့၏ မဟုတ်မမှန်​စွပ်စွဲမှု​ကို ပေါလု​ခံ​ခဲ့​ရ၏။ (တမန်​တော် ၂၄:၁-၈) ထို့​ပြင် စာတန်​သည် “ငါ​တို့​ညီအစ်ကို​များ​ကို ငါ​တို့​ဘုရားသခင့်​ရှေ့တော်၌ နေ့​ည​မပြတ်​အပြစ်တင်​သော” သူ​ဖြစ်သည်ဟု သမ္မာကျမ်းစာ​က​ဆို​၏။ (ဗျာ. ၁၂:၁၀) ဤ​နောက်ဆုံး​ကာလ​တွင် မဟုတ်မမှန်​စွပ်စွဲ​ခံရ​သော အဆိုပါ​ညီအစ်ကို​များ​မှာ မြေကြီးပေါ်​ရှိ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြစ်​ကြသည်။

တစ်ဦး​တစ်ယောက်​အား ရှုတ်ချ​ဂုဏ်ဖျက်​ခြင်း သို့​မဟုတ် မဟုတ်မမှန်​စွပ်စွဲ​ခြင်း​ကို အဘယ်​ခရစ်ယာန်​မျှ မပြု​လို​ကြ​ချေ။ သို့ သော် တစ်ဦး​တစ်ယောက်​၏​တစ်ဖက် သက်သေ​ထွက်ဆို​ရာ​တွင် အကြောင်းစုံ​မသိ​လျှင် ထိုသို့​ဖြစ်သွား​နိုင်၏။ မောရှေ​ပညတ်တရား​အရ စွပ်စွဲသူ​သည် တမင်တကာ မဟုတ်မမှန်​သက်သေ​ထွက်​ဆိုလျှင် သေ​ပြစ်​သင့်​နိုင်၏။ (ထွက်မြောက်ရာ ၂၀:၁၆; တရားဟောရာ ၁၉:၁၅-၁၉) ထို့​ပြင် ယေဟောဝါ အလွန်​မုန်း​သော​အရာများ​တွင် “မုသာ​စကား​ကို​ပြော​၍ မမှန်​သော​သက်သေ​တစ်ပါး” လည်း​ပါဝင်​၏။ (သု. ၆:၁၆-၁၉) သို့​ဖြစ်၍ ကနဦး​ရှုတ်ချ​ဂုဏ်ဖျက်​သူ၊ မဟုတ်မမှန်​စွပ်စွဲ​သူကို ကျွန်ုပ်​တို့ အတုယူ​လို​ကြ​မည်​မဟုတ်​ချေ။

ကနဦး​လူသတ်သမား​၏​လမ်းစဉ်​များ​ကို ရှောင်​လော့

၈။ စာတန်​သည် အဘယ်​နည်းဖြင့် “ရှေးဦး​စွာ​မှ​စ၍ လူ​အသက်ကို​သတ်​သော​သူ” ဖြစ်​ခဲ့​သနည်း။

စာတန်​သည် လူသတ်သမား​တစ်ဦး​ဖြစ်၏။ ယေရှု​က ‘စာတန်​သည် ရှေးဦး​စွာ​မှ​စ၍ လူ​အသက်ကို​သတ်​သော​သူ​ဖြစ်၏’ ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၄၄) စာတန်​သည် အာဒံ​နှင့်​ဧဝ​တို့ကို ဘုရားသခင်​ထံ​မှ ဝေးကွာ​သွားစေရန် ဦးဆုံး​ပြုလုပ်​ချိန်​မှ​စ၍ လူသတ်သမား​ဖြစ်​ခဲ့​၏။ ကနဦး​လူသား​မောင်နှံ​နှင့် သူတို့၏​သားစဉ်မြေးဆက်​များသည် သူ့​ကြောင့် သေကြ​ရ၏။ (ရောမ ၅:၁၂) ၎င်း​လုပ်ရပ်​ကို မကောင်းမှု​က​မဟုတ်ဘဲ ပုဂ္ဂိုလ်​တစ်ဦး​က​သာ ပြုလုပ်​နိုင်​သည်ကို သတိပြုပါ။

၉။ ၁ ယောဟန် ၃:၁၅ တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ကျွန်ုပ်​တို့သည် လူသတ်သမား​များ မည်သို့​ဖြစ်သွား​နိုင်​သနည်း။

ဣသရေလ​လူမျိုး​ကို​ပေး​ခဲ့​သော ပညတ်တော်​ဆယ်ပါး​ထဲ​မှ တစ်ပါး​က “လူ​အသက်ကို​မ​သတ်​နှင့်” ဟု​ဆို​သည်။ (တရားဟောရာ ၅:၁၇) တမန်​တော်​ပေတရု​သည် ခရစ်ယာန်​များ​ထံ ဤသို့​စာရေး​ခဲ့​၏– “လူ​အသက်ကို​သတ်​သော​အပြစ် . . . သင်တို့တွင် အဘယ်သူမျှ​မခံ​စေ​နှင့်။” (၁ ပေတရု ၄:၁၅) ထို့​ကြောင့် ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် လူသတ်မှု​ကျူးလွန်​ကြ​မည်​မဟုတ်​ချေ။ သို့ရာတွင် ကျွန်ုပ်​တို့သည် ခရစ်ယာန်​ချင်း​မှ​တစ်ဦး​ကို မုန်းတီး​ပြီး သေစေ​လိုလျှင် ဘုရားသခင်​ရှေ့တွင် ကျွန်ုပ်​တို့ အပြစ်ရှိ​ကြ​၏။ တမန်​တော်​ယောဟန်​က ဤသို့​ရေးသားခဲ့​သည်– “မိမိ​ညီအစ်ကို​ကို မုန်း​သော​သူ​မည်​သည်​ကား လူ​အသက်ကို​သတ်​သော​သူ​ဖြစ်၏။ လူ​အသက်ကို​သတ်​သော​သူ တစ်စုံ​တစ်ယောက်မျှ ထာဝရ​အသက်​မတည်​သည်ကို သင်တို့​သိ​ကြ​၏။” (၁ ယောဟန် ၃:၁၅) ညီအစ်ကို​ကို မမုန်း​ရ​ဟူ၍ ဣသရေလလူ​တို့ မှာကြား​ခံရ​သည်။ (ဝတ်ပြုရာ ၁၉:၁၇) ကျွန်ုပ်​တို့၏​ခရစ်ယာန်​စည်းလုံးမှု​ကို လူသတ်သမား​စာတန် မ​ဖြိုဖျက်​နိုင်​ရန် ကျွန်ုပ်​တို့​အချင်းချင်း​စပ်ကြား ဖြစ်ပေါ်​လာသော အဘယ်​ပြဿနာ​ကို​မဆို အမြန်ဆုံး​ဖြေရှင်း​နိုင်​ကြ​ပါစေ။—လုကာ ၁၇:၃၊ ၄

မုသာကောင်​ကြီး​ကို ကြံ့ကြံ့ခံ​ဆီးတား​ကြလော့

၁၀၊ ၁၁။ မုသာကောင်​ကြီး​ကို ကြံ့ကြံ့ခံ​ဆီးတား​နိုင်​ရန် ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​ကြ​ရမည်​နည်း။

၁၀ စာတန်​သည် မုသာကောင်​ဖြစ်၏။ “သူသည် မုသာ​စကား​ကို​ပြော​သောအခါ မိမိ​ပကတိ​အတိုင်း​ပြော​၏။ မုသာ​စကား​၌​ကျင်လည်​သော​သူ​ဖြစ်၏။ မုသာ​၏​အဘ​လည်း​ဖြစ်၏” ဟု​ယေရှု​မိန့်ဆို​သည်။ (ယောဟန် ၈:၄၄) စာတန်​သည် ဧဝ​ကို မုသာ​စကားပြော​ခဲ့​သည်။ ယေရှု​မူ​ကား အမှန်တရားကို သက်သေ​ခံရန် ဤ​ကမ္ဘာ​မြေ​သို့ ကြွလာ​တော်​မူ​၏။ (ယောဟန် ၁၈:၃၇) ခရစ်တော်​၏​နောက်လိုက်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် စာတန်​ကို ကြံ့ကြံ့ခံ​ဆီးတား​ကြ​ရမည်​ဆိုလျှင် လိမ်လည်​လှည့်စား​သည့်​စကား​ကို ပြောဆို​၍​မရချေ။ “မှန်သော​စကား​ကို​ပြော​ကြ” ရမည်။ (ဇာခရိ ၈:၁၆; ဧဖက် ၄:၂၅) ‘အမှန်တရား​၏​ဘုရားသခင်​သည်’ ဟုတ်မှန်ရာကို​ပြောဆို​သော မိမိ၏​သက်သေ​များ​ကို​သာ ကောင်းချီး​ပေး​တော်​မူ​၏။ ဆိုးညစ်သူ​များ​မှာ​မူ ကိုယ်တော့်​အား ကိုယ်စား​ပြု​ခွင့်​မရှိကြ​ချေ။—ဆာလံ ၃၁:၅; ၅၀:၁၆; ဟေရှာယ ၄၃:၁၀

၁၁ စာတန်​၏​လိမ်လည်မှု​များ​မှ ဝိညာဉ်​ရေး​အရ လွတ်မြောက်မှု​ကို ကျွန်ုပ်​တို့ တန်ဖိုး​ထား​ကြ​မည်​ဆိုလျှင် ‘အမှန်တရား​လမ်း’ ဖြစ်သည့် ခရစ်ယာန်​ဘာသာ​တရားကို ဆည်းကပ်​နေ​လိမ့်​မည်။ (၂ ပေတရု ၂:၂; ယောဟန် ၈:၃၂) ခရစ်ယာန်​သွန်သင်ချက်​ရှိသမျှသည် “မှန်သော​ဧဝံဂေလိတရား” ပေါ်​၌​တည်​၏။ (ဂလာတိ ၂:၅၊ ၁၄) ‘အမှန်တရား၌’ စွဲစွဲမြဲမြဲ ‘လျှောက်လှမ်း’ ပြီး “မုသာ​၏​အဘ” ကို​ကြံ့ကြံ့ခံ​ဆီးတား​လျှင် ကျွန်ုပ်​တို့ ကယ်တင်ခြင်း​ရနိုင်​၏။—၃ ယောဟန် ၃၊ ၄၊ ၈

ဦးဆုံး​အယူဖောက်ပြန်သူ​ကို တွန်းလှန်​လော့

၁၂၊ ၁၃။ အယူဖောက်ပြန်သူ​များ​ကို မည်သို့​ဆက်ဆံ​သင့်​သနည်း။

၁၂ စာတန်​ဖြစ်လာ​သော ဝိညာဉ်​သတ္တဝါ​သည် တစ်ချိန်က အမှန်တရား၌​တည်ရှိ​ခဲ့​သည်။ သို့သော် ယေရှု​က ‘သူ၌ အမှန်တရား​မရှိသော​ကြောင့် အမှန်တရား၌​မတည်​မနေ’ ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၄၄) အဆိုပါ​ဦးဆုံး​အယူဖောက်ပြန်သူ​သည် ‘အမှန်တရား​၏​ဘုရားသခင်’ အား ပုန်ကန်​သည့်​လမ်းစဉ်​ကို တ​စိုက်​မတ်​မတ်​လိုက်ခဲ့​သည်။ ပထမ​ရာစု​ခရစ်ယာန်​အချို့​သည် လှည့်စား​ခံရ​ပြီး အမှန်တရား​လမ်း​မှ သွေဖည်​သွားခြင်း​ဖြင့် ‘စာတန်​၏​ကျော့ကွင်း’ တွင်​သားကောင်​များ ဖြစ်သွား​ရှာ​သည်။ သို့​ဖြစ်၍ သူတို့သည် ဝိညာဉ်​ရေး​ပြန်ကောင်း​လာပြီး စာတန်​၏​ကျော့ကွင်း​မှ ရုန်းထွက်​လာနိုင်​ရန် သူတို့ကို နူးညံ့​သိမ်မွေ့စွာ သွန်သင်​ပေး​ဖို့ မိမိ၏​လုပ်ဖော်ဆောင်ဖက် တိမောသေ​အား ပေါလု​တိုက်တွန်း​ခဲ့​သည်။ (၂ တိမောသေ ၂:၂၃-၂၆) အစ​ကတည်းက အမှန်တရားကို မြဲမြံ​စွာ​စွဲကိုင်​ထားပြီး အယူဖောက်ပြန်သူ​၏​အမြင်မျိုး​မ​ရှိလျှင် သာ၍​ကောင်း​ပေ​သည်။

၁၃ ကနဦး​လူသား​မောင်နှံ​သည် စာတန်​၏​မုသာ​စကား​ကို နားထောင်ပြီး လက်ခံ​လိုက်​သည့်​အတွက် အယူဖောက်ပြန်​သွား​ကြ​၏။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် အယူဖောက်ပြန်သူ​များ​၏​စကား​ကို နားထောင်ပြီး သူတို့၏​စာပေ​များ​ကို ဖတ်ရှု​ကာ အင်တာနက်​ပေါ်​မှ သူတို့၏​ဝက်ဘ်ဆိုက်​များ​ကို စူးစမ်း​သင့်​သလော။ ဘုရားသခင်​နှင့် အမှန်တရားကို ကျွန်ုပ်​တို့ အမှန်တကယ် ချစ်​မြတ်နိုး​မည်​ဆိုလျှင် ထိုသို့​ပြုလုပ်​ကြ​မည်​မဟုတ်​ချေ။ အယူဖောက်ပြန်သူ​များ​ကို ကျွန်ုပ်​တို့၏​အိမ်ထဲ အဝင်​မခံ​သင့်​သည့်​အပြင် သူတို့ကို နှုတ်​ပင်မ​ဆက်​သင့်​ချေ။ အကြောင်း​မှာ လက်ခံ​နှုတ်ဆက်​မည်​ဆိုလျှင် ကျွန်ုပ်​တို့သည် ‘သူတို့၏​ဆိုးယုတ်​သော​အကျင့်​တို့​နှင့် ဆက်ဆံ​ရာ​ရောက်’ သွား​လိမ့်​မည်။ (၂ ယောဟန် ၉-၁၁) ‘ဖျက်ဆီး​တတ်သော အယူမှား​များ​ကို​သွင်း’ ပြီး “ချော့မော့​သော​စကား” ဖြင့်​အမြတ်​ထုတ်​ရန် ကြိုးစား​ကြ​သည့် အတုအယောင်​ဆရာများ​နောက်သို့​လိုက်၍ ခရစ်ယာန် ‘အမှန်တရား​လမ်း’ မှ​သွေဖည်​သွားခြင်း​ဖြင့် စာတန်​၏​ကျော့ကွင်း​ထဲ ဘယ်တော့​မျှ မကျ​သွားပါစေ​နှင့်။—၂ ပေတရု ၂:၁-၃

၁၄၊ ၁၅။ ပေါလု​သည် ဧဖက်​မြို့မှ​အကြီးအကဲ​များနှင့် မိမိ၏​လုပ်ဖော်ဆောင်ဖက် တိမောသေ​ကို အဘယ်​သို့​သတိပေး​ခဲ့​သနည်း။

၁၄ ဧဖက်​မြို့မှ ခရစ်ယာန်​အကြီးအကဲ​များ​ကို ပေါလု​ဤသို့​ပြော​ခဲ့​သည်– “ထို​ကြောင့် သင်တို့သည် ကိုယ်ကို​သတိ​နှင့်​ကြည့် ရှု ကြလော့။ ဘုရားသခင်​သည် မိမိ​သားတော်​၏​အသွေးတော်​ဖြင့်​ဝယ်ယူ​တော်​မူ​သော အသင်းတော်ကို ထိန်းသိမ်း​စေခြင်း​ငှာ၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်တို့ကို အ​အုပ်​အချုပ်​ခန့်​ထား​တော်​မူ​သော သိုးစု​တစ်စုလုံး​ကိုလည်း သတိ​နှင့်​ကြည့်ရှု​ကြလော့။ အကြောင်း​မူ​ကား ငါ​မရှိ​သည်​နောက် ကြမ်းတမ်းသော​တောခွေး​တို့သည် သိုးများ​ကို​မ​သနား​ဘဲ သင်တို့​အထဲ​သို့​ဝင်​မည်​ကိုလည်း​ကောင်း၊ တပည့်တော်​များ​ကို သွေးဆောင်ခြင်း​ငှာ မှား​သော​စကား​ကို ပြောတတ်​သော​လူတို့သည် သင်တို့​အထဲ​၌​လည်း ပေါ်လာ​မည်​ကိုလည်း​ကောင်း ငါ​သိ​၏။” (တမန်​တော် ၂၀:၂၈-၃၀က​ဘ) အတန်​ကြာသော် အယူဖောက်ပြန်သူ​များ ပေါ်ပေါက်​လာပြီး “မှား​သော​စကား​ကို​ပြော” ကြ​လေ​သည်။

၁၅ အေဒီ ၆၅ ခုနှစ်​ခန့်​တွင် တမန်​တော်​က တိမောသေ​အား ‘အမှန်တရားကို မှန်ကန်​စွာ​ပိုင်းခြား​တတ်’ ရန်​တိုက်တွန်း​ခဲ့​၏။ တစ်ချိန်တည်း​တွင် ‘တရား​မဲ့​ဖြစ်သော​အချည်းနှီး​စကား​ကို ရှောင်​လော့။ အကြောင်း​မူ​ကား၊ ထိုစကား​သည် မတရားသော​အမှုတို့​ကို ပွား​များ​စေ​လိမ့်​မည်။ သူတို့၏​စကား​သည် ခူနာ​ကဲ့သို့​စား​လိမ့်​မည်။ ထို​သူတို့တွင် ဟု​မေ​နဲ​နှင့် ဖိလက်​ပါ​သတည်း။ သူတို့က သေလွန်​သော​သူတို့သည် ထမြောက်​ကြပြီ​ဟု​ပြော​လျက် အမှန်တရား​လမ်း​မှ​လွဲသွား​၍ အချို့​သော​သူတို့၏​ယုံကြည်ခြင်းကို မှောက်လှန်​တတ်ကြ​၏’ ဟု​ပေါလု​ရေးသားခဲ့​သည်။ အယူဖောက်ပြန်​ခြင်း စ​လေ​ပြီ။ “သို့သော်လည်း . . . ဘုရားသခင်​၏​တိုက်မြစ်​သည် ခိုင်ခံ့​၍​တည်​၏” ဟု​ပေါလု ထပ်ဆင့်​ဆို​သည်။—၂ တိမောသေ ၂: ၁၅-၁၉

၁၆။ ဦးဆုံး​အယူဖောက်ပြန်သူ​၏ နည်း​ပရိယာယ်​များ​ကြား​မှ ကျွန်ုပ်​တို့သည် ဘုရားသခင်​အပေါ် အဘယ်ကြောင့်​သစ္စာ​ရှိပြီး ကိုယ်တော်​၏​နှုတ်ထွက်​စကား​ကို အဘယ်ကြောင့် စွဲမြဲ​စွာ​ဆုပ်ကိုင်​ထား​ကြ​သနည်း။

၁၆ စာတန်​သည် အယူဖောက်ပြန်သူ​များ​ကို ခုတုံး​လုပ်ပြီး စစ်မှန်သော​ဝတ်ပြုရေး  ပျက်စီး​သွား​ရန်  ကြိုးစား​သော်လည်း မအောင်မြင်​ခဲ့​ချေ။ ၁၈၆၈ ခုနှစ်​ခန့်​တွင် ချားလ်စ် တေ့ဇ် ရပ်စယ်လ်​သည် ကြာမြင့်စွာ​ကတည်းက လက်ခံခဲ့​သော ခရစ်ယာန်ဘောင်​ချာ့ခ်ျ​အယူဝါဒ​များ​ကို အသေအချာ​ဆန်းစစ်​လိုက်​ရာ သမ္မာကျမ်းစာ​ကို တလွဲ​အနက်ဖွင့်ဆို​ထား​ကြောင်း တွေ့ရှိ​ခဲ့​လေ​သည်။ ရပ်စယ်လ်​နှင့် အမှန်တရား​ရှာဖွေသူ​အချို့​သည် အမေရိကန်​ပြည်ထောင်စု၊ ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်၊ ပစ္စဘတ်​မြို့တွင် ကျမ်းစာ​သင်တန်း​တစ်ခု​ကို ဖွင့်လှစ်​ခဲ့​၏။ ထို​အချိန်​မှ​စ၍ နောက်​အနှစ် ၁၄၀ နီးပါး​တစ်လျှောက်​လုံး ယေဟောဝါ​၏​ကျေးကျွန်​များသည် ဘုရားသခင်​ကို ပိုမို​ချစ်​မြတ်နိုး​လာပြီး သမ္မာကျမ်းစာ အသိပညာကို တိုး​သိ​နားလည်​လာ​ကြသည်။ ဦးဆုံး​အယူဖောက်ပြန်သူ​၏ နည်း​ပရိယာယ်​များ​ကြား​မှ သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်​၏ ဝိညာဉ်​ရေး​နိုးကြား​မှု​ကြောင့် ခရစ်ယာန်စစ်​များသည် ယေဟောဝါ​အပေါ် သစ္စာ​ရှိပြီး ကိုယ်တော်​၏​နှုတ်ထွက်​စကား​ကို စွဲမြဲ​စွာ​ဆုပ်ကိုင်​ထား​နိုင်​ကြသည်။—မဿဲ ၂၄:၄၅

လောက​မင်း​၏ ဩဇာ​လွှမ်းမိုးမှုကို​ဘယ်တော့​မျှ​မခံ​နှင့်

၁၇-၁၉။ စာတန်​အုပ်ချုပ်​နေသည့် ဤ​လောက​ကား အဘယ်နည်း။ ယင်းကို အဘယ်ကြောင့် မချစ်သင့်​သနည်း။

၁၇ ကျွန်ုပ်​တို့ကို ထောင်ချောက်​ဆင်​ရန် စာတန်​ကြိုးစား​သည့် နောက်တစ်နည်း​မှာ ဘုရားသခင်​နှင့်​ဝေးကွာ​နေသည့် မဖြောင့်မတ်​သော ဤ​လောက​အဖွဲ့အစည်း​ကို ချစ်​လာဖို့ သွေးဆောင်ခြင်း​အားဖြင့်​ဖြစ်သည်။ စာတန်​ကို ယေရှု​က “ဤ​လောကကို အစိုး​ရသော​မင်း” ဟု​ခေါ်​ပြီး သူသည် “ငါ​၌​အဘယ်​အခွင့်အရာကို​မျှ မ​တွေ့ရ” ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၄:၃၀) ကျွန်ုပ်​တို့​လည်း စာတန်​၏​သြဇာ​လွှမ်းမိုးမှုကို ဘယ်တော့​မျှ​မခံရ​ပါစေ​နှင့်။ ‘လောကသား​အပေါင်းတို့သည် စာတန်​၏​လက်၌​ရှိကြသည်​ကို’ ကျွန်ုပ်​တို့ အမှန်ပင် သိရှိ​ကြ​၏။ (၁ ယောဟန် ၅:၁၉) သို့​ဖြစ်၍​သာ စာတန်​သည် မိမိကို အယူဖောက်ပြန်​သော​နည်းဖြင့် ညွတ်​ပျပ်​ကိုးကွယ်​လျှင် “ဤ​လောက​၌​ရှိသမျှ​သော တိုင်းနိုင်ငံ​တို့ကို” ပေး​မည်​ဟု ယေရှု​အား ကမ်း​လှမ်း​နိုင်​ခဲ့​ခြင်း​ဖြစ်သည်။ ဘုရားသခင်​၏​သားတော်​သည် ထိုသို့​မပြု​နိုင်​ဟု ပြတ်ပြတ်သားသား ငြင်းပယ်​ခဲ့​သည်။ (မဿဲ ၄:၈-၁၀) စာတန်​အုပ်ချုပ်​နေသော ဤ​လောကသည် ခရစ်တော်​၏​နောက်လိုက်​များ​ကို မုန်းတီး​၏။ (ယောဟန် ၁၅:၁၈-၂၁) သို့​ဖြစ်၍​လည်း ဤ​လောကကို​မချစ်​ကြ​ရန် တမန်​တော်​ယောဟန် သတိပေး​ခဲ့​ရခြင်း​ဖြစ်​သတည်း။

၁၈ ယောဟန်​ဤသို့​ရေးခဲ့​သည်– ‘လောကကို​လည်းကောင်း၊ လောက​၌​ရှိသော​အရာ​တို့ကို​လည်းကောင်း မချစ်​ကြ​နှင့်။ လောကကို​ချစ်သော​သူ​မည်​သည်​ကား ခမည်းတော်​ကို ချစ်ခြင်း​မေတ္တာ​မရှိ။ လောက​၌​ရှိသမျှ​သော​အရာ​တည်း​ဟူသော ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း၊ လောက​စည်းစိမ်​၌ ဝါကြွားခြင်း​တို့သည် ခမည်းတော်​နှင့်​မစပ်ဆိုင်၊ လောက​နှင့်​သာ​စပ်ဆိုင်​ကြ​၏။ လောက​နှင့်​လောက​တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား ထာဝရ​တည်​၏။’ (၁ ယောဟန် ၂:၁၅-၁၇) လောက​၏​ဘဝ​ပုံစံ​သည် အပြစ်သား​များ​အတွက် နှစ်သက်စရာ​ဖြစ်သော်လည်း ယေဟောဝါ​ဘုရားသခင်​၏​စံနှုန်း​များနှင့် လုံးဝ​ဆန့်ကျင်​သောကြောင့် ဤ​လောကကို ကျွန်ုပ်​တို့ ချစ်၍​မရပါ။

၁၉ ဤ​လောကကို ချစ်​သည့်​စိတ်​ရှိ​နေလျှင်​ကော။ သို့​ဆိုလျှင် ဤ​လောကကို ချစ်​သည့်​စိတ်​နှင့် ယင်း​နှင့်​ဆက်နွှယ်​နေသည့် တပ်မက်မှု​များ​ကို ချိုးနှိမ်​နိုင်​ရန် ဘုရားသခင်​၏​အကူအညီကို တောင်းခံ​ကြ​စို့။ (ဂလာတိ ၅:၁၆-၂၁) “နတ်ဆိုး​တို့” သည် မဖြောင့်မတ်​သော​လူ့​အဖွဲ့ အစည်း​၏ မျက်မြင်မရ ‘ဤ​လောက​၏​မင်း​များ’ ဖြစ်​ကြောင်း ကျွန်ုပ်​တို့ စွဲမှတ်​ထား​မည်​ဆိုလျှင် ‘လောက​အညစ်အကြေး​နှင့်​ကင်းစင်’ နေ​ရန် အမှန်ပင်​ကြိုးစား​ကြ​မည်။—ဧဖက် ၆:၁၁၊ ၁၂; ယာကုပ် ၁:၂၇; ၂ ကောရိန္သု ၄:၄

၂၀။ ကျွန်ုပ်​တို့သည် “ဤ​လောက​နှင့်​မဆက်ဆံ” ပါ​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၂၀ ယေရှု​က တပည့်​များနှင့်​ပတ်သက်​၍ ဤသို့​မိန့်ဆိုခဲ့သည်– “အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည် မဆက်ဆံ​ကြ​ပါ။” (ယောဟန် ၁၇:၁၆) ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် သူတို့၏​အပ်နှံ​ထားသော​အပေါင်းအဖော်​များသည် ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​ဘက် သန့်ရှင်း​စင်ကြယ်​စေခြင်း​ဖြင့် ဤ​လောက​နှင့်​သီးခြားနေ​ထိုင်​ရန် ကြိုးစား​အားထုတ်​ကြသည်။ (ယောဟန် ၁၅:၁၉; ၁၇:၁၄; ယာကုပ် ၄:၄) ကျွန်ုပ်​တို့သည် မဖြောင့်မတ်​သော​ဤ​လောက​နှင့် သီးခြားနေ​ထိုင်ပြီး “ဖြောင့်မတ်ခြင်း​တရားကို​ဟော” နေသော​ကြောင့် အမုန်းခံ​ကြ​ရ၏။ (၂ ပေတရု ၂:၅) အမှန်​ဆို​သော် မတရားမေထုန်​ပြုသူ​များ၊ သူ့​သား​အိမ်ရာ​ပြစ်မှားသူ​များ၊ အနိုင်အထက်ပြု​သူများ၊ ရုပ်ပုံ​ကိုးကွယ်​သူများ၊ ခိုးဝှက်​သူများ၊ မုသာ​စကားပြော​သူများ​နှင့် သောက်ကြူး​သူများ​ပါဝင်​သည့် လူ့​အဖွဲ့အစည်း​အလယ်တွင် ကျွန်ုပ်​တို့ နေထိုင်​လျက်​ရှိကြသည်။ (၁ ကောရိန္သု ၅:၉-၁၁; ၆:၉-၁၁; ဗျာ. ၂၁:၈) သို့သော် အပြစ်ပြု​ရန် သွေးထိုး​ပေး​သော ‘ဤ​လောက​၏​စိတ်ဓာတ်’ ကို ကျွန်ုပ်​တို့ မခံယူ​ကြ​ချေ။—၁ ကောရိန္သု ၂:၁၂

စာတန်​ကို အခွင့်မပေး​ကြ​နှင့်

၂၁၊ ၂၂။ ဧဖက် ၄:၂၆၊ ၂၇ တွင်​မှတ်တမ်း​တင်ထား​သည့် ပေါလု​၏​ဆုံးမ​စကား​ကို သင်​မည်သို့​လိုက်လျှောက်​နိုင်​သနည်း။

၂၁ ‘ဤ​လောက​စိတ်ဓာတ်’ ၏​သွေးထိုးမှု​ကို ခံယူ​မည့်​အစား ဘုရားသခင်​၏​ဝိညာဉ်​တော် ဦးဆောင်မှု​ကို ခံယူ​မည်​ဆိုလျှင် ချစ်ခြင်း​နှင့် ချုပ်တည်း​ခြင်း​အစ​ရှိသော အရည်အသွေးများ​ကို သီးပွင့်​နိုင်​မည်။ (ဂလာတိ ၅:၂၂၊ ၂၃) ၎င်း​တို့​က ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​အပေါ် စာတန်​၏​တိုက်ခိုက်မှု​ကို ကြံ့ကြံ့ခံ​တွန်းလှန်​စေနိုင်​သည်။ စာတန်​သည် ကျွန်ုပ်​တို့ကို ‘ပြစ်မှား​စေခြင်း​ငှာ အမျက်ထွက်​စေ’ လို​၏။ ဘုရားသခင်​၏​ဝိညာဉ်​တော်​မှာ​မူ “ဒေါသ​စိတ်​ကို​စွန့်” စေနိုင်​၏။ (ဆာလံ ၃၇:၈) တစ်ခါတစ်ရံ အမျက်ထွက်​သင့်​၍ ထွက်​မည်​ဖြစ်သော်လည်း ပေါလု​က ဤသို့​ဆုံးမ​သည်– ‘အမျက်ထွက်​ရာ​တွင် အပြစ်​မရှိစေ​နှင့်။ အမျက်​မပြေ​ဘဲ နေ​မဝင်​စေ​နှင့်။ စာတန်​ကို အခွင့်မပေး​ကြ​နှင့်။’—ဧဖက် ၄:၂၆၊ ၂၇

၂၂ ကျွန်ုပ်​တို့သည် အမျက်​မပြေ​လျှင် အပြစ်ပြု​မိ​နိုင်၏။ ဤသို့​သော​စိတ်ထား​ရှိ​မည်​ဆိုပါ​က အသင်းတော်တွင် စိတ်ဝမ်းကွဲ​စေရန် သို့​မဟုတ် ကျွန်ုပ်​တို့ အပြစ်ပြု​မိ​စေရန် စာတန်​ကို အခွင့်ပေး​လိုက်​ရာ​ကျ​ပေမည်။ သို့​ဖြစ်၍ သဘောထား​ကွဲလွဲ​မှုများ​ကို ဘုရားသခင်​ရေးရာ​နည်းဖြင့် ချက်ချင်း​ဖြေရှင်း​လိုက်​ဖို့​လို​သည်။ (ဝတ်ပြုရာ ၁၉:၁၇၊ ၁၈; မဿဲ ၅:၂၃၊ ၂၄; ၁၈:၁၅၊ ၁၆) ထို့​ကြောင့် ဘုရားသခင့်​ဝိညာဉ်​တော်​၏ လမ်းညွှန်မှုကို​ခံ​ယူ၍ ချုပ်တည်း​ကြပါစို့။ အမျက်ထွက်​သင့်​လျှင်​ပင် နာကြည်း​ပြီး အငြိုး​ထား​ကာ မုန်းတီး​သွား​သည့်​အဖြစ်မျိုး​သို့ ဘယ်တော့​မျှ မ​ရောက်​ပါစေ​နှင့်။

၂၃။ နောက်​ဆောင်းပါး​တွင် အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

၂၃ ကျွန်ုပ်​တို့ အတု​မယူ​သင့်​သည့် စာတန်​၏​စရိုက်​အချို့​ကို ဆွေးနွေး​ခဲ့​ကြပြီ။ သို့သော် စာဖတ်​ပရိသတ်​တချို့​သည် ဤသို့​မေး​ကြ​ပေမည်– စာတန်​ကို ကြောက်ရွံ့​သင့်​သလော။ ခရစ်ယာန်​များ​ကို ညှဉ်းပန်း​နှိပ်စက်​ရန် အဘယ်ကြောင့် သူ​သွေးထိုး​ပေး​သနည်း။ ကျွန်ုပ်​တို့ ကို စာတန် အနိုင်​မယူ​စေရန် မည်သို့​ပြု​ရမည်​နည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ၂၀၀၅ ခုနှစ် နိုဝင်ဘာ​လ ၁၅ ရက်ထုတ် ကင်းမျှော်စင်​ပါ “စာတန်​တကယ်​ရှိသလော” ဆောင်းပါးတွဲ​များ​ကို​ရှု။

သင်၏​အဖြေ​ကား အဘယ်နည်း

• ကျွန်ုပ်​တို့သည် အဘယ်ကြောင့် မည်​သူ့ကို​မျှ ရှုတ်ချ​ဂုဏ်ဖျက်​ခြင်း မပြု​သင့်​သနည်း။

၁ ယောဟန် ၃:၁၅ အရ ကျွန်ုပ်​တို့သည် လူသတ်သမား​မဖြစ်​ရန် မည်သို့​ရှောင်နိုင်​မည်​နည်း။

• အယူဖောက်ပြန်သူ​များ​ကို မည်သို့​ယူဆ​သင့်​သနည်း။ အဘယ်ကြောင့်​နည်း။

• ဤ​လောကကို အဘယ်ကြောင့် မချစ်သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့ ၏​ခရစ်ယာန်​စည်းလုံးမှု ပြိုကွဲ​သွားစေရန်​စာတန်​ကို ဘယ်တော့​မျှ အခွင့်ပေး​မည်​မဟုတ်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဤ​လောကကို မချစ်​ကြ​ရန်​ယောဟန် အဘယ်ကြောင့်​တိုက်တွန်း​ခဲ့​သနည်း