မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန်ကို ဆီးတားလော့၊ ထွက်ပြေးသွားလိမ့်မည်

စာတန်ကို ဆီးတားလော့၊ ထွက်ပြေးသွားလိမ့်မည်

စာတန်​ကို ဆီးတား​လော့၊ ထွက်ပြေး​သွား​လိမ့်​မည်

‘ဘုရားသခင်​၏​အလိုတော်​သို့ လိုက်​ကြလော့။ စာတန်​ကို ဆီးတား​ကြလော့။ သို့ပြုလျှင် သူသည် သင်တို့​ထံ​က ပြေး​သွား​လိမ့်​မည်။’—ယာကုပ် ၄:၇

၁၊ ၂။ (က) ဟေရှာယ အခန်းကြီး ၁၄ တွင်​မှတ်တမ်း​တင်ထား​သည့် ပြောဆိုချက်​၌ စာတန်​၏​အဘယ်​စရိုက် ပေါ်လွင်​ထင်ရှား​သနည်း။ (ခ) အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

စာတန်​သည် မာန​ထောင်လွှား​ခြင်း​၏ ပြယုဂ်​ဖြစ်သည်။ ဘုရားသခင်​၏​ပရောဖက် ဟေရှာယ​မှတ်တမ်း​တင်ထား​သည့် နှုတ်ထွက်​စကား​များ​တွင် သူ၏​မာန​ထောင်လွှား​မှု  ပေါ်လွင်​ထင်ရှား​၏။ ဗာဗုလုန်​သည် ထင်ရှား​ကျော်စော​သော ကမ္ဘာ့​အာဏာစက်​မဖြစ်မီ နှစ်​တစ်​ရာ​ကျော်​က “ဗာဗုလုန်​ရှင်ဘုရင်“ နှင့်​ပတ်သက်​၍ ယေဟောဝါ​၏​လူမျိုး​သည် ဤသို့​ကြေညာ​လိမ့်​မည်​ဟု ကြိုပြော​ခဲ့​၏– ‘သင်က​လည်း “ကောင်းကင်ပေါ်​သို့ ငါ​တက်​မည်။ ဘုရားသခင်​၏​ကြယ်​တို့ [ဒါဝိဒ်​မင်းဆက်​၏​ဘုရင်​များ] အပေါ်မှာ ငါ့​ပလ္လင်​ကို ငါ​ချီးမြှောက်​မည်။ . . . အမြင့်ဆုံး​သော​ဘုရားသခင်​ကဲ့သို့ ငါ​နေ​မည်” ဟု​စိတ်​အကြံ​ရှိ​လေ​ပြီ။’ (ဟေရှာယ ၁၄:၃၊ ၄၊ ၁၂-၁၅; တောလည်ရာ ၂၄:၁၇) “ဗာဗုလုန်​ရှင်ဘုရင်” ၏​မာန​ထောင်လွှား​မှု​သည် ‘ဤ​လောကကို အစိုးရ​သော​ဘုရားသခင်’ စာတန်​၏​စိတ်ထား​နှင့် တစ်ထပ်တည်း​ဖြစ်၏။ (၂ ကောရိန္သု ၄:၄) ဗာဗုလုန်​၏​မင်းဆက် အရှက်တကွဲ​ဇာတ်သိမ်း​သွား​သကဲ့သို့ စာတန်​၏​မာန​ထောင်လွှား​မှု​သည်လည်း ဇာတ်သိမ်း​သွား​ရ​လိမ့်​မည်။

သို့သော် စာတန်​တည်ရှိ​နေသရွေ့ အောက်ပါ​မေးခွန်းများ​နှင့်​ပတ်သက်ပြီး စိတ်​အနှောင့်အယှက်​ဖြစ်​ပေမည်။ စာတန်​ကို ကြောက်ရွံ့​သင့်​သလော။ သူသည် ခရစ်ယာန်​များ​ကို ညှဉ်းပန်း​နှိပ်စက်​ရန် လူ​တို့ကို အဘယ်ကြောင့် သွေးထိုး​ပေး​သနည်း။ ကျွန်ုပ်​တို့ကို စာတန် အနိုင်​မယူ​စေရန် မည်သို့​ပြု​ရမည်​နည်း။

စာတန်​ကို​ကြောက်ရွံ့​သင့်​သလော

၃၊ ၄။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် သူတို့၏​အပေါင်းပါများ​သည် အဘယ်ကြောင့် စာတန်​ကို မကြောက်ရွံ့ကြ​သနည်း။

ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ယေရှု​ခရစ်​၏ ဤ​စကား​များ​ကြောင့် အလွန်​အားရှိ​ကြသည်– ‘သင်သည် ခံရ​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မကြောက်​နှင့်။ သင်တို့သည် စုံစမ်းခြင်း​ကို​ခံရ​မည်​အကြောင်း၊ စာတန်​သည် သင်တို့တွင် အချို့​ကို ထောင်​ထဲ​၌​လှောင်ထား​၍ သင်တို့သည် ဆယ်ရက်​ပတ်လုံး ဆင်းရဲခြင်း​ကို​ခံရ​ကြလိမ့်မည်။ သေ​သည်​တိုင်အောင် သစ္စာစောင့်​လော့။ သို့​ဖြစ်​လျှင် အသက်​သရဖူ​ကို ငါ​ပေး​မည်။’ (ဗျာ. ၂:၁၀) ဝိညာဉ်​တော်​ဖွား​များနှင့် မြေကြီး​မျှော်လင့်ချက်​ရှိသော သူတို့၏​အပေါင်းပါများ​သည် စာတန်​ကို မကြောက်ရွံ့ ကြ​ချေ။ ဤသို့​မကြောက်​ကြ​ခြင်း​မှာ မွေးရာပါ​သတ္တိ​ကြောင့်​မဟုတ်ဘဲ ဘုရားသခင်​အား ကြောက်ရွံ့​ရိုသေပြီး ကိုယ်တော်​၏ “အတောင်​တော်​အရိပ်​ကို ခိုလှုံ​လျက်​နေ” ကြ​၍​ဖြစ်သည်။—ဆာလံ ၃၄:၉; ၃၆:၇

ယေရှု​ခရစ်​၏​ကြောက်ရွံ့​ခြင်း​မရှိသော ကနဦး​တပည့်​များသည် ဆင်းရဲ​ခက်ခဲ​မှုများ​ကြား​မှ သေ​သည့်​တိုင် သစ္စာစောင့်​ခဲ့​ကြသည်။ ယေဟောဝါ​သည် မိမိ​အပေါ် သစ္စာစောင့်​သူများကို ဘယ်တော့​မျှ စွန့်ပစ်​လိမ့်​မည်​မဟုတ်​ကြောင်းကို သူတို့​သိထားကြ​ရာ စာတန်​ပြုလုပ်​နိုင်ရာ​ကို မကြောက်ရွံ့​ကြ​ချေ။ အလားတူ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် သူတို့၏ အပ်နှံ​ထားသော​အပေါင်းပါများ​သည် ယနေ့ စာတန်​၏ ပြင်းထန်သော နှိပ်စက်​ညှဉ်းပန်းမှု​များ​ကို ရင်ဆိုင်​ရ​စဉ် သူတို့၏ သမာဓိကို မချိုးဖောက်​ရန် သန္နိ​ဋ္ဌာန်​ချထား​ကြသည်။ သို့သော် မည်သို့​ပင်​ဖြစ်စေ၊ စာတန်​သည် ကျွန်ုပ်​တို့ကို သေစေနိုင်​ကြောင်း တမန်​တော်​ပေါလု​က ဖော်ပြ​ခဲ့​သည်။ ၎င်း​ကြောင့် ကျွန်ုပ်​တို့ ကြောက်ရွံ့​သင့်​သည်မဟုတ်​လော။

၅။ ဟေဗြဲ ၂:၁၄၊ ၁၅ မှ​အဘယ်​သင်ခန်းစာ ရရှိကြ​သနည်း။

ယေရှုသည် ‘အသေခံ​တော်​မူ​သော​အားဖြင့် သေခြင်း​တရားကို အစိုးရ​သော​သူ​တည်း​ဟူသော စာတန်​၏​တန်ခိုး​ကို ချိုးဖဲ့​ဖျက်ဆီးခြင်း​ငှာ​လည်းကောင်း၊ သေ​ဘေး​ကို​ကြောက်​၍ တစ်သက်လုံး​ကျွန်ခံ​ရသော​သူတို့ကို ကယ်လွှတ်​ခြင်း​ငှာ​လည်းကောင်း . . . အသွေးအသား​ကို ဆောင်ယူ​တော်​မူ​၏’ ဟု​ပေါလု​က ပြော​ခဲ့​သည်။ (ဟေဗြဲ ၂:၁၄၊ ၁၅) “သေခြင်း​တရားကို အစိုးရ​သော​သူ” စာတန်​သည် ယုဒရှကာရုတ်​မှ​တစ်ဆင့် ဂျူး​ခေါင်းဆောင်​များနှင့် ရောမ​လူ​တို့ကို အသုံးချ​၍ ယေရှုကို ကွပ်မျက်​ခဲ့​သည်။ (လုကာ ၂၂:၃; ယောဟန် ၁၃:၂၆၊ ၂၇) သို့သော် ယေရှုသည် ပူဇော်ရာ​ယဇ်​အနေ​နှင့် အသေခံ​ခြင်း​အားဖြင့် အပြစ်ရှိ​လူသားများ​ကို စာတန်​၏​ချုပ်ကိုင်​မှု​အောက်​မှ လွတ်မြောက်​စေပြီး ထာဝရ​အသက်​ရရှိစေ​သည်။—ယောဟန် ၃:၁၆

၆၊ ၇။ စာတန်​သည် သေခြင်း​တရားကို အဘယ်​အတိုင်းအတာ​အထိ အစိုးရ​တော်​မူ​သနည်း။

စာတန်​သည် သေခြင်း​တရားကို အဘယ်​အတိုင်းအတာ​အထိ အစိုးရ​တော်​မူ​သနည်း။ ဆိုးသွမ်းမှု​ကို စာတန် အစပြု​ကတည်းက သူ၏​လိမ်လည်​လှည့်ဖြားမှု​နှင့် လမ်းညွှန်မှု​တို့​ကြောင့် လူ​တို့ သေ​ခဲ့​ကြ​ရသည်။ ထိုသို့​ဖြစ်​ရခြင်း​မှာ အာဒံ အပြစ်ပြု​ခြင်း​ကြောင့် လူ့​မိသားစု​သည် အပြစ်​နှင့်​သေခြင်းကို အမွေ​ရရှိခဲ့​၍​ဖြစ်သည်။ (ရောမ ၅:၁၂) ထို့​ပြင် စာတန်​၏​လူသား​အစေအပါး​များသည် ယေရှု​ခရစ်​အား ညှဉ်းပန်း​နှိပ်စက်​ပြီး ကွပ်မျက်​ခဲ့​သကဲ့သို့ပင် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူများကို ထိုသို့​ပြုလုပ်​တတ်ကြ​သည်။

မည်သို့​ပင်​ဖြစ်ပါစေ၊ စာတန်​သည် သူ​သတ်​လို​သူများကို သတ်​နိုင်​မည်​ဟု ကျွန်ုပ်​တို့ မယူမှတ်​သင့်​ချေ။ ဘုရားသခင်​သည် မိမိ​ပိုင်ဆိုင်သူ​များ​ကို ကာကွယ်​ပေး​ပြီး မြေကြီးပေါ်​မှ စစ်မှန်သော​ဝတ်ပြုသူ​အားလုံး​ကို စာတန်​ဖျက်ဆီး​ပစ်​ရန် ဘယ်တော့​မျှ ခွင့်ပြု​မည်​မဟုတ်​ချေ။ (ရောမ ၁၄:၈) ယေဟောဝါ​သည် မိမိ​လူမျိုး​အားလုံး​ကို ညှဉ်းပန်း​နှိပ်စက်​ခံ​ခွင့်ပြု​သည့်​အတွက် ကျွန်ုပ်​တို့​မှ တချို့​သည် သေရ​သည့်​အထိ​ပင် စာတန်​၏​တိုက်ခိုက်မှု​ကို ခံ​ကြ​ရသည်။ သို့သော် ဘုရားသခင်​၏ “သတိရအောက်မေ့​ရာ​စာစောင်” တွင်​ရေးမှတ်​ခံရ​သူများကို အံ့ချီးဖွယ်​ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​ပေး​ထား​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​ထား​သဖြင့် ဤသို့​အသက်ပြန်ရှင်​စေခြင်း​ကို စာတန် လုံးဝ​ဟန့်တား​နိုင်​မည်​မဟုတ်​ချေ။—မာလခိ ၃:၁၆က​ဘ; ယောဟန် ၅:၂၈၊ ၂၉; တမန်​တော် ၂၄:၁၅

စာတန် အဘယ်ကြောင့် ညှဉ်းပန်း​နှိပ်စက်​ရသနည်း

၈။ စာတန်​သည် ဘုရားသခင်​၏​ကျေးကျွန်​များ​ကို အဘယ်ကြောင့် ညှဉ်းပန်း​နှိပ်စက်​ရသနည်း။

ကျွန်ုပ်​တို့သည် ဘုရားသခင်​၏ သစ္စာရှိ​ကျေးကျွန်​များ​ဖြစ်​မည်​ဆိုလျှင် ကျွန်ုပ်​တို့ကို စာတန် ညှဉ်းပန်း​နှိပ်စက်​စ​ရာ​အကြောင်း​ရှိသည်။ သူ၏​ရည်ရွယ်ချက်မှာ ကျွန်ုပ်​တို့ကို ယုံကြည်ခြင်း​လမ်း​မှ သွေဖည်​သွားစေရန်​ဖြစ်သည်။ ကျွန်ုပ်​တို့​တွင် ကောင်းကင်​ခမည်းတော်​နှင့် တန်ဖိုး​ဖြတ်​မရ​သော ဆက်ဆံ​ရေး​ရှိကြ​ရာ ယင်းကို စာတန်​ဖျက်ဆီး​လို​၏။ ယင်းသည် အံ့အားသင့်​စ​ရာ​မဟုတ်​ချေ။ ဧဒင်ဥယျာဉ်​တွင် ယေဟောဝါ​သည် မိမိ၏​ပုံဆောင် “မိန်းမ” နှင့် “မြွေ” စပ်ကြား၊ သူတို့၏​အမျိုးအနွယ်​များ​စပ်ကြား ရန်ငြိုး​ရှိ​လိမ့်​မည်​ဟု ကြို​ဟောခဲ့​သည်။ (ကမ္ဘာဦး ၃:၁၄၊ ၁၅) သမ္မာကျမ်းစာ​က စာတန်​ကို “ရှေး​မြွေ​ဟောင်း” ဟု​ခေါ်ဆို​ပြီး ယခု သူ၏​ကာလ တစ်ခဏ​သာ​ရှိ​တော့​၍ အလွန်​အမျက်ထွက်​လျက်​ရှိကြောင်း ဖော်ပြ​၏။ (ဗျာ. ၁၂:၉၊ ၁၂) “အမျိုးအနွယ်” နှစ်ခု​စပ်ကြား ရန်ငြိုး​ရှိနေ​သောကြောင့် ယေဟောဝါ​၏​အမှုတော်ကို သစ္စာရှိ​ရှိ​ထမ်းဆောင်​နေ​သူများ​သည် ညှဉ်းပန်း​နှိပ်စက်​ခံရ​ဖို့​အကြောင်း​ရှိသည်။ (၂ တိမောသေ ၃:၁၂) ဤသို့​စာတန်​ညှဉ်းပန်း​နှိပ်စက်​ရသည့် အခြေခံ​အကြောင်းရင်းကို သင်​သိ​သလော။

၉၊ ၁၀။ စာတန်​သည် အဘယ်​အရေးကိစ္စကို ပေါ်ပေါက်​စေ​ခဲ့​သနည်း။ ၎င်း​သည် လူသားများ​၏​အပြု​အမူ​နှင့် မည်သို့​ဆက်နွှယ်​သနည်း။

စာတန်​သည် စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု အရေးကိစ္စကို ပေါ်ပေါက်​စေ​ခဲ့ပြီ။ ၎င်း​အရေးကိစ္စ​နှင့်​ဆက်နွှယ်​၍ ဖန်ဆင်း​ရှင်​အပေါ်​ထား​ရှိသည့် လူသားများ​၏​သမာဓိကို​ပါ သူ​စောဒကတက်​ခဲ့​သည်။ သို့​ဖြစ်၍ ဖြောင့်မတ်​သော​သူ ယောဘ​ကို စာတန် ညှဉ်းပန်း​နှိပ်စက်​ခဲ့​၏။ အဘယ်ကြောင့်​နည်း။ ယေဟောဝါ​အပေါ်​ထား​ရှိသည့် ယောဘ​၏​သမာဓိကို ချိုးဖျက်​လို​၍​ဖြစ်သည်။ ယောဘ​၏​ဇနီး​နှင့် နှစ်သိမ့်​ပေး​လို​သော နှောင့်ယှက်​သူ သုံးဦး​တို့သည် ထို​အချိန်​က စာတန်​၏​ဆန္ဒ​ကို ဖြည့်ဆည်း​ပေး​ခဲ့​ကြသည်။ ယောဘ​ကျမ်း​တွင် ဖော်ပြ​ထား​သည့်​အတိုင်း စာတန်​သည် လူ​တို့ကို စမ်းသပ်​ခွင့်​ရမည်​ဆိုလျှင် အဘယ်သူမျှ ဘုရားသခင်​အပေါ် သစ္စာရှိ​မည်​မဟုတ်​ဟု ကိုယ်တော်​အား စိန်ခေါ်​ခဲ့​သည်။ သို့သော် ယောဘသည် သမာဓိ​စောင့်ထိန်း​ခဲ့​ခြင်း​ဖြင့် စာတန်​သည် မုသာကောင်​ဖြစ်​ကြောင်း သက်သေထူ​လိုက်​၏။ (ယောဘ ၁:၈–၂:၉; ၁၆:၂; ၂၇:၅; ၃၁:၆) ယနေ့ ယေဟောဝါသက်သေ​များ​၏​သမာဓိကို ချိုးဖျက်​ပြီး သူ၏​စိန်ခေါ်ချက် မှန်ကန်ကြောင်း သက်သေထူ​ရန် သူတို့ကို စာတန် ညှဉ်းပန်း​လျက်​ရှိသည်။

၁၀ ဘုရားသခင်​အပေါ်​ထား​ရှိသည့် ကျွန်ုပ်​တို့၏​သမာဓိကို စာတန် ချိုးဖျက်​လို​စိတ်အားကြီး​၍ ညှဉ်းပန်း​နှိပ်စက်​နေကြောင်း သိရှိ​ထားခြင်း​ကြောင့် ကျွန်ုပ်​တို့ အားယူ၍ ရဲရင့်​နိုင်​ကြသည်။ (တရားဟောရာ ၃၁:၆) ကျွန်ုပ်​တို့၏​ဘုရားသခင်​သည် စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​ဖြစ်​ရာ ကျွန်ုပ်​တို့ သမာဓိ​စောင့်ထိန်း​နိုင်​ရန် ကူညီ​ပေး​တော်​မူ​လိမ့်​မည်။ ကျွန်ုပ်​တို့သည် သမာဓိ​စောင့်ထိန်း​သူများ​ဖြစ်​ခြင်း​ဖြင့် ယေဟောဝါ​၏​စိတ်တော်​ကို ရွှင်လန်း​စေပြီး ကဲ့ရဲ့​ရှုတ်ချသူ​ကြီး စာတန်​၏​စကား​ကို ချေပ​ရန် အမြဲ​ကြိုးစား​နိုင်​ကြ​ပါစေ။—သု. ၂၇:၁၁

“မကောင်းသော​အမှုအရာ​မှ​လည်း ကယ်နုတ်​တော်​မူ​ပါ”

၁၁။ “အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​ပါစေ” နှင့်​ဟူသော တောင်းဆိုချက်​သည် အဘယ်အရာကို ဆိုလို​သနည်း။

၁၁ သမာဓိ​စောင့်ထိန်း​သူ​တစ်ဦး​ဖြစ်​ခြင်း​သည် သာမန်​အရေးကိစ္စ​မဟုတ်​ချေ။ စိတ်အား​ထက်သန်​စွာ ဆုတောင်း​ဖို့​လို​၏။ စံပြ​ဆုတောင်းချက်​သည် အထူးသဖြင့် အထောက်အကူ​ပြု​သည်။ တစ်နည်း​အားဖြင့် ယေရှု​က “အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​မပါ​စေ​ဘဲ မကောင်းသော​အမှုအရာ​မှ​လည်း ကယ်နုတ်​တော်​မူ​ပါ” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၁၃) ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို အပြစ်​သို့ သွေးဆောင်​တော်​မူ​မည်​မဟုတ်​ချေ။ (ယာကုပ် ၁:၁၃) သို့သော် ကိုယ်တော် ပြုလုပ်​သည်၊ ဖြစ်ပေါ်​စေ​သည်​ဟု တစ်ခါတစ်ရံ သမ္မာကျမ်းစာ​ဆို​သော အရာများ​သည် အမှန်​မှာ ကိုယ်တော်​ခွင့်ပြု​လိုက်ခြင်း​မျှ​သာ​ဖြစ်သည်။ (ရုသ ၁:၂၀၊ ၂၁) သို့​ဖြစ်၍ ယေရှု​ဖော်ပြ​ထား​သည့်​အတိုင်း ဆုတောင်းခြင်း​အားဖြင့် အပြစ်​သွေးဆောင်​ရာ​သို့ မကျရောက်​စေပါ​နှင့်​ဟု ယေဟောဝါ​အား တောင်းလျှောက်​နေကြ​ခြင်း​ဖြစ်သည်။ ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို အပြစ်​သွေးဆောင်​ရာ​သို့ အမှန်ပင် ကျရောက်​ခွင့်ပြု​မည်​မဟုတ်​ချေ။ အကြောင်း​မှာ သမ္မာကျမ်းစာ​က ဤသို့​အာမခံ​ထား​သည်– “ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍ သင်တို့​မခံနိုင်​သော​စုံစမ်း​နှောင့်ယှက်ခြင်း​ကို သင်တို့၌​ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ။ သင်တို့သည် ခံနိုင်​မည်​အကြောင်း စုံစမ်း​နှောင့်ယှက်ခြင်း​အရာ​နှင့်​တကွ ထွက်မြောက်​သော​လမ်းကို​လည်း စီရင်​ပြုပြင်​တော်​မူ​လိမ့်​မည်။”—၁ ကောရိန္သု ၁၀:၁၃

၁၂။ “မကောင်းသော​အမှုအရာ​မှ​လည်း ကယ်နုတ်​တော်​မူ​ပါ” ဟူ၍ ကျွန်ုပ်​တို့ အဘယ်ကြောင့် ဆုတောင်း​ကြ​သနည်း။

၁၂ ယေရှုသည် စံပြ​ဆုတောင်းချက်​တွင် သွေးဆောင်မှု​အကြောင်း ဖော်ပြ​ပြီး​နောက် ဤသို့​လျောက်ပတ်​စွာ မိန့်ဆိုခဲ့သည်– “မကောင်းသော​အမှုအရာ​မှ​လည်း ကယ်နုတ်​တော်​မူ​ပါ။” ဘာသာပြန်​ကျမ်း​အချို့​တွင် ဤသို့​ဖတ်​ရ၏– “အဆိုး​မှ ကယ်လွှတ်​တော်​မူ​ပါ” (သ​မ) သို့​မဟုတ် “စာတန်​ဘေး​မှ ကာကွယ်​တော်​မူ​ပါ။” (ခေတ်သုံး​မြန်မာ​စကား) သို့သော် သမ္မာကျမ်းစာ​တွင် ‘မှ​ကယ်နုတ်​တော်​မူ​ပါ’ ဟူသော အသုံးအနှုန်း​ကို များသောအားဖြင့် လူ​တို့​နှင့်​ပတ်သက်​၍​သာ အသုံးပြုပြီး စာတန်​ကို “သွေးဆောင်​သူ” ပုဂ္ဂိုလ်​တစ်ဦး​အဖြစ် မဿဲ​ခရစ်ဝင်​ကျမ်း​က ရည်ညွှန်း​ဖော်ပြ​သည်။ (မဿဲ ၄:၃၊ ၁၁) ထို့​ကြောင့် “မကောင်းသော​အမှုအရာ” စာတန်​မှ ကယ်နုတ်​တော်​မူ​ပါ​ဟု ဆုတောင်း​ဖို့​အရေးကြီး​၏။ ဘုရားသခင်​ကို ကျွန်ုပ်​တို့ ပြစ်မှား​မိ​ရန် စာတန် ကြိုးစား​အကွက်​ဆင်​လျက်​ရှိသည်။ (၁ သက်သာလောနိတ် ၃:၅) “မကောင်းသော​အမှုအရာ​မှ​လည်း ကယ်နုတ်​တော်​မူ​ပါ” ဟု​ဆုတောင်း​သည့်​အခါ ကျွန်ုပ်​တို့ကို စာတန် အနိုင်​မယူ​ရန် လမ်းညွှန်​ကူညီ​ပေး​ပါ​ဟု ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​ကို တောင်းလျှောက်​နေကြ​ခြင်း​ဖြစ်သည်။

စာတန်​ကို အနိုင်​မပေး​နှင့်

၁၃၊ ၁၄။ ကောရိန္သု​မြို့သား​များသည် အသင်းတော်​ရှိ အကျင့်ပျက်သူ​တစ်ဦး​နှင့် ပေါင်းသင်း​ဆက်ဆံပုံ​ပြောင်းလဲ​ဖို့ အဘယ်ကြောင့်​လို​သနည်း။

၁၃ ပေါလု​သည် ကောရိန္သု​မြို့ရှိ ခရစ်ယာန်​များ​ကို အချင်းချင်း ခွင့်လွှတ်​ကြ​ရန် တိုက်တွန်းချိန်​က ဤသို့​စာရေး​ခဲ့​သည်– “အ​ကြင်​သူ၏​အပြစ်ကို သင်တို့သည်​လွှတ်​၏၊ ထို​သူ၏​အပြစ်ကို ငါသည်​လည်း​လွှတ်​၏။ အကြောင်း​မူ​ကား ငါသည် တစ်စုံ​တစ်ယောက်​သော​သူ၏​အပြစ်ကို လွှတ်​ဖူး​လျှင် သင်တို့ကို​ထောက်၍ ခရစ်တော်​၏​အခွင့်​နှင့်​လွှတ်​ဖူး​၏။ သို့​မဟုတ်လျှင် စာတန်​သည် ငါ​တို့ကို​နိုင်​မည်​ဟု စိုးရိမ်​စ​ရာ​ရှိ၏။ သူ၏​အကြံအစည်​များ​ကို ငါ​တို့​သိ​ကြ​၏။” (၂ ကောရိန္သု ၂:၁၀၊ ၁၁) စာတန်​သည် ကျွန်ုပ်​တို့ကို နည်း​အမျိုးမျိုးဖြင့် အနိုင်ယူ​နိုင်​သော်လည်း ပေါလု​သည် အထက်ပါ​ကိုးကားချက်​ကို အဘယ်ကြောင့် ဖော်ပြ​ခဲ့​သနည်း။

၁၄ ကောရိန္သု​မြို့သား​များသည် ကိုယ်ကျင့်တရား​ပျက်ပြား​သူ​တစ်ဦး​ကို အသင်းတော်​မှ မ​နှင်ထုတ်​သည့်​အတွက် သူတို့ကို ပေါလု ဆုံးမ​ခဲ့​သည်။ ထိုသို့​မ​နှင်ထုတ်ခြင်း​ကို စာတန် သဘောကျ​မည်​ဖြစ်သည်။ အကြောင်း​မှာ “သာသနာ​ပ​လူ​တို့​တွင်​ပင် မကြား​ရသော မေထုန်​၌​မှီဝဲ​သော​သူ” ကို​လက်ခံ​ထား​သည့်​အတွက် အသင်းတော်ကို ကဲ့ရဲ့​စ​ရာ​ဖြစ်​ခဲ့​သည်။ နောက်ဆုံး​တွင် အပြစ်​ပြုသူ​ကို အသင်းတော်​မှ နှင်ထုတ်​လိုက်​၏။ (၁ ကောရိန္သု ၅:၁-၅၊ ၁၁-၁၃) ထို​သူသည် နောက်ပိုင်း​တွင် နောင်တ​ယူ​ပြောင်းလဲ​လာ​သည်။ ကောရိန္သု​မြို့သား​များသည် ထို​သူကို ခွင့်​မလွှတ်၊ ပြန်​လက်မခံ​ပါ​က​လည်း သူတို့ကို နောက်တစ်နည်း​ဖြင့် စာတန်​အနိုင်ယူ​သွား​လိမ့်​မည်။ မည်သို့​အားဖြင့်​နည်း။ သူတို့သည် စာတန်​နည်းတူ ခက်ထန်​ပြီး ကရုဏာ​ကင်းမဲ့​ရာ​ကျ​လိမ့်​မည်။ အဆိုပါ​နောင်တ​ယူ​သူသည် “ဝမ်းနည်းခြင်း​အားကြီး​လျက် မိန်းမော​တွေဝေ” သွားပြီး ဘုရားသခင်​ကို လုံးဝ​စွန့်ခွာ​သွား​လျှင် အထူးသဖြင့် အကြီးအကဲ​များသည် ကရုဏာရှင်​ဘုရားသခင် ယေဟောဝါ​၏​ရှေ့မှောက်တော်​တွင် ၎င်း​အတွက် စာရင်း​ရှင်း​ကြ​ရ​လိမ့်​မည်။ (၂ ကောရိန္သု ၂:၇; ယာကုပ် ၂:၁၃; ၃:၁) အမှန်​ဆို​သော် အဘယ်​ခရစ်ယာန်စစ်​တစ်ဦးမျှ ကြမ်းတမ်း​ခက်ထန်​ပြီး ကရုဏာ​ကင်းမဲ့​ခြင်း​အားဖြင့် စာတန်​ကို အတုယူ​လို​ကြ​မည်​မဟုတ်ပေ။

ဘုရားသခင်​ပြင်ဆင်​ပေး​သော​လက်နက်စုံ​ဖြင့် အကာအကွယ်​ရ

၁၅။ ကျွန်ုပ်​တို့သည် အဘယ်​စစ်ပွဲ​ကို ဆင်နွှဲ​နေကြ​သနည်း။ အောင်ပွဲခံ​ရန် အဘယ်အရာ​အပေါ် မူတည်​သနည်း။

၁၅ စာတန်​၏​လက်​မှ လွတ်​လိုလျှင် နတ်ဆိုး​များနှင့် ကျွန်ုပ်​တို့ ဝိညာဉ်​ရေး​တိုက်ပွဲ ဆင်နွှဲ​ကြ​ရမည်။ တန်ခိုး​ကြီးမားသော​နတ်ဆိုး​များ​အပေါ် အောင်ပွဲခံ​လိုလျှင် “ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော လက်နက်စုံ​ကို” ဝတ်ဆင်​ထား​ကြ​ရမည်။ (ဧဖက် ၆:၁၁-၁၈) အဆိုပါ​လက်နက်စုံ​တွင် ‘ဖြောင့်မတ်ခြင်း​တည်း​ဟူသော ရင်အုပ်တန်ဆာ’ ပါရှိ​သည်။ (ဧဖက် ၆:၁၄) ရှေး​ဣသရေလ​ရှင်ဘုရင် ရှောလုသည် ဘုရားသခင်​၏​စကားတော်​ကို နားမထောင်​သောကြောင့် သန့်ရှင်းသော​ဝိညာဉ်​တော် မရတော့​ချေ။ (၁ ဓမ္မ​ရာဇဝင် ၁၅:၂၂၊ ၂၃) သို့သော် ကျွန်ုပ်​တို့သည် ဖြောင့်မတ်​ပြီး ဝိညာဉ်​ရေး​လက်နက်စုံ​ကို ဝတ်ဆင်​ထား​မည်​ဆိုလျှင် ဘုရားသခင့်​သန့်ရှင်း​သော​ဝိညာဉ်​တော်​ရမည့်​အပြင် စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ရန်​မှ အကာအကွယ်​ရရှိကြလိမ့်မည်။—သု. ၁၈:၁၀

၁၆။ နတ်ဆိုးများ၏​ရန်​မှ မည်သို့​အမြဲမပြတ် အကာအကွယ်​ရနိုင်​သနည်း။

၁၆ ကျွန်ုပ်​တို့သည် နတ်ဆိုးများ၏​ရန်​မှ အမြဲမပြတ်​အကာအကွယ်​ရ​ရှိနေ​ရန် အခြား​အရာများ​အပြင် သမ္မာကျမ်းစာ​ကို မှန်မှန်​ဖတ်ရှု​လေ့လာ​ပြီး  ‘သစ္စာ​ရှိသော​ကျွန်’ ပြင်ဆင်​ပေး​ထား​သည့် စာပေ​များ​ကို ကောင်းစွာ​အသုံးချ​ကြ​ရမည်။ (လုကာ ၁၂:၄၂) သို့​ဆိုလျှင် ပေါလု​၏​ဤ​အကြံပြုချက်​အတိုင်း ကျွန်ုပ်​တို့​စိတ်​တွင် အကျိုးပြု​ဝိညာဉ်​ရေးရာ​များ ပြည့်ဝ​နေ​ပေ​လိမ့်​မည်– ‘ညီအစ်ကို​တို့၊ အမှန်တရား​နှင့်​ဆိုင်သော​အကျင့်၊ လျောက်ပတ်​သော​အကျင့်၊ ဖြောင့်မတ်​သော​အကျင့်၊ စင်ကြယ်သော​အကျင့်၊ သူတစ်ပါး​နှစ်သက်ဖွယ်သော​အကျင့်၊ ချီးမွမ်းဖွယ်​သော​အကျင့်​ရှိသမျှ​တို့ကို​လည်းကောင်း၊ ပါရမီ​တစ်ပါးပါး၊ ကောင်းသော​သတင်း​တစ်ပါးပါး​နှင့်​ဆိုင်သော အကျင့်​တို့ကို​လည်းကောင်း နှလုံး​သွင်း​ကြလော့။’—ဖိလိပ္ပိ ၄:၈

၁၇။ အဘယ်အရာက ကျွန်ုပ်​တို့ကို ထိရောက်​သော သတင်းကောင်း​ကြွေးကြော်​သူများ ဖြစ်စေ​နိုင်​မည်​နည်း။

၁၇ ယေဟောဝါ​သည်  “ငြိမ်သက်ခြင်း​နှင့်ယှဉ်သော  ဧဝံဂေလိတရား​ကို ဟောပြော​အံ့​သော​ငှာ ပြင်ဆင်​သော​အဖြစ်​တည်း​ဟူသော  ခြေစွပ်​ကို”  ကျွန်ုပ်​တို့အား  စွပ်​ခိုင်း​ထား​၏။ (ဧဖက် ၆:၁၅) ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်​ခြင်း​က ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်း​ကြွေးကြော်​ရန် အသင့်ရှိ​စေ​၏။ သူတစ်ပါးကို ဘုရားသခင်​၏​အမှန်တရား သင်ပေး​ပြီး ဝိညာဉ်​ရေး​အရ လွတ်မြောက်မှု​ရရှိရန် ကူညီ​ပေး​လိုက်ရ​သည့်​အတွက် ကျွန်ုပ်​တို့ အလွန်​အားရ​ရွှင်လန်း​ကြသည်​တကား။ (ယောဟန် ၈:၃၂) သွန်သင်ချက်​အမှား​များ​ကို မခံယူ​မိ​ရန်​နှင့် “မြို့ရိုး​မြို့​ပြ​တို့ကို ဖြိုဖျက်​နိုင်” ရန် ‘ဘုရားသခင်​၏​စကားတော်​တည်း​ဟူသော ဝိညာဉ်​တော်​၏​ဓား’ သည် မရှိမဖြစ်​လိုအပ်​၏။ (ဧဖက် ၆:၁၇; ၂ ကောရိန္သု ၁၀:၄၊ ၅) သမ္မာကျမ်းစာ​ကို ကျွမ်းကျင်​ပိုင်နိုင်​စွာ အသုံးပြု​တတ်​ခြင်း​က သူတစ်ပါး​အား အမှန်တရား သွန်သင်ပေး​စေနိုင်​သည့်​ပြင် ကျွန်ုပ်​တို့ကို စာတန်​၏​ပရိယာယ်​ထဲ မ​ကျော့မိ​စေရန်​လည်း ကာကွယ်​ပေး​၏။

၁၈။ “စာတန်​၏​ပရိယာယ်​တို့ကို” မည်သို့ “ဆီးတား” နိုင်​ကြ​မည်​နည်း။

၁၈ ပေါလု​သည် ဝိညာဉ်​ရေး​လက်နက်စုံ​အကြောင်းကို ဤသို့​စတင်​ဆွေးနွေး​ခဲ့​သည်– ‘သခင်​ဘုရား​အားဖြင့်လည်း​ကောင်း၊ တန်ခိုးတော်​အရှိန်​အားဖြင့်လည်း​ကောင်း ခိုင်ခံ့ခြင်း​ရှိကြလော့။ စာတန်​၏​ပရိယာယ်​တို့ကို ဆီးတား​နိုင်​မည်​အကြောင်း ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော လက်နက်စုံ​ကို ဝတ်ဆောင်​ကြလော့။’ (ဧဖက် ၆:၁၀၊ ၁၁) “ဆီးတား” ဟူ၍ ပြန်ဆို​ထားသော ဂရိ​စကားလုံး​သည် စစ်သား​တစ်ဦး မိမိ၏​နေရာတွင် ရှိ​မြဲ​ရှိနေခြင်း​နှင့် ဆက်စပ်​သည်။ ကျွန်ုပ်​တို့၏​စည်းလုံးမှု ပြိုကွဲ​ရန်၊ ကျွန်ုပ်​တို့၏​သွန်သင်ချက်​များ ပျက်ပြား​ရန်၊ ဘုရားသခင်​အပေါ်​ထား​ရှိသည့် ကျွန်ုပ်​တို့၏​သမာဓိကို ချိုးဖျက်​ရန် နည်း​ပရိယာယ်​အမျိုးမျိုးကို စာတန်​ကြိုးစား​အသုံးပြု​သော်လည်း ဝိညာဉ်​ရေး​စစ်ပွဲ​ကို ကျွန်ုပ်​တို့ ကြံ့ကြံ့ခံ​ဆင်နွှဲ​လျက်​ရှိကြသည်။ စာတန်​၏​တိုက်ခိုက်မှု​များသည် ယခုရော၊ နောင်​ပါ ဘယ်​သောအခါ​မျှ အောင်မြင်​မည်​မဟုတ်​ချေ။ *

စာတန်​ကို ဆီးတား​လော့၊ထွက်ပြေး​သွား​လိမ့်​မည်

၁၉။ စာတန်​ကို​ဆီးတား​ရာ​တွင် အနိုင်​ရရှိနိုင်​သည့် နည်း​တစ်နည်း​ကား အဘယ်နည်း။

၁၉ စာတန်​နှင့် သူ၏​ညွှန်ကြားမှု​အောက်​ရှိ နတ်ဆိုး​များနှင့်​ဆင်နွှဲ​သည့် ဝိညာဉ်​ရေး​တိုက်ပွဲ​တွင် ကျွန်ုပ်​တို့ အနိုင်​ရရှိနိုင်​ကြသည်။ စာတန်​ကို ကြောက်​ဒူး​တုန်​စ​ရာ အကြောင်း​မရှိပါ။ အကြောင်း​မှာ တပည့်​ဖြစ်သူ​ယာကုပ်​က ဤသို့​ရေးသားခဲ့​သည်– ‘ဘုရားသခင်​၏​အလိုတော်​သို့ လိုက်​ကြလော့။ စာတန်​ကို ဆီးတား​ကြလော့။ သို့ပြုလျှင် သူသည် သင်တို့​ထံ​က ပြေး​သွား​လိမ့်​မည်။’ (ယာကုပ် ၄:၇) စာတန်​နှင့် သူ၏​အပေါင်းပါ နတ်ဆိုး​များ​ကို ဆီးတား​နိုင်​သည့်​နည်း​တစ်နည်း​မှာ ကိုယ်​ပျောက်​အတတ်၊ မှော်အတတ်​တို့​နှင့် ၎င်း​အတတ်​များ​ကို လိုက်စားသူ​တို့​နှင့် ကင်းရှင်း​စွာ နေထိုင်ခြင်း​အားဖြင့်​ဖြစ်သည်။ ယေဟောဝါ​၏​ကျေးကျွန်​များသည် နိမိတ်​ဖတ်ခြင်း၊ နက္ခတ်​ဗေဒင်​ကြည့်​ခြင်း၊ အနာဂတ်​ဟောခြင်း​နှင့် နတ်​ဝိဇ္ဇာ​အတတ်​လိုက်စားခြင်း​တို့ကို ငြင်းပယ်​ရမည်ဟု သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ​သည်။ ကျွန်ုပ်​တို့သည် ဝိညာဉ်ရေးတွင် တက်ကြွ​ခိုင်ခံ့​နေ​မည်​ဆိုလျှင် တစ်ဦး​တစ်ယောက်​က ကျွန်ုပ်​တို့အား ပြုစား​မည်​ကို ကြောက်စရာ​မလို​ချေ။—တောလည်ရာ ၂၃:၂၃; တရားဟောရာ ၁၈:၁၀-၁၂; ဟေရှာယ ၄၇:၁၂-၁၅; တမန်​တော် ၁၉:၁၈-၂၀

၂၀။ စာတန်​ကို မည်သို့​ဆီးတား​နိုင်​မည်​နည်း။

၂၀ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​၏​စံနှုန်း​များနှင့် အမှန်တရားကို စွဲကိုင်​ထားပြီး စာတန်​ကို ခုခံခြင်း​ဖြင့် သူ့ကို “ဆီးတား” ကြသည်။ စာတန်​သည် ဤ​လောက​၏​ဘုရားသခင်​ဖြစ်သော​ကြောင့် ဤ​လောကသည် သူနှင့်​တစ်သဘောတည်း​ဖြစ်၏။ (၂ ကောရိန္သု ၄:၄) သို့​ဖြစ်၍ မာန​ထောင်လွှား​ခြင်း၊ တစ်ကိုယ်ကောင်း​ဆန်​ခြင်း၊ အကျင့်ပျက်​ပြား​ခြင်း၊ အကြမ်းဖက်​ခြင်း​နှင့် ရုပ်​ဝါဒ​လိုက်စားခြင်း​အစ​ရှိသော ဤ​လောက​၏​စရိုက်​များ​ကို ကျွန်ုပ်​တို့ ရှောင်ကြဉ်​ကြသည်။ တောကန္တာရ​တွင် ယေရှု​အား စာတန်​သွေးဆောင်​စဉ်​က သမ္မာကျမ်းစာ​ကို​အသုံးပြု၍ ယေရှု​ဆီးတား​သည့်​အခါ စာတန်​ထွက်ပြေး​သွား​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ကြသည်။ (မဿဲ ၄:၄၊ ၇၊ ၁၀၊ ၁၁) ထို​နည်းတူ ယေဟောဝါ​အား အကြွင်းမဲ့​လက်အောက်ခံ​ပြီး ဆုတောင်းခြင်း​ဖြင့် ကိုယ်တော့်​ကို မှီခို​အားထား​မည်​ဆိုလျှင် စာတန်​သည် ‘ကျွန်ုပ်​တို့​ထံ​က ပြေး​သွား​လိမ့်​မည်။’ (ဧဖက် ၆:၁၈) ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော်​ချစ်​မြတ်နိုးသော သားတော်​တို့၏ ထောက်မ​ကူညီ​မှု​ကြောင့် အဘယ်သူမျှ​မဆို​ထား​နှင့် စာတန်​ပင်​လျှင် ကျွန်ုပ်​တို့ကို ရေရှည်​အန္တရာယ်​ပြု​နိုင်​မည်​မဟုတ်​ချေ။—ဆာလံ ၉၁:၉-၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ဘုရားသခင်​ပြင်ဆင်​ပေး​ထားသော ဝိညာဉ်​ရေး​လက်နက်စုံ​နှင့်​ပတ်သက်​၍ ထပ်ဆင့်​အချက်အလက်​အတွက် ၁၉၉၂ ခုနှစ် မေလ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၁-၃ ကို​ရှု။

သင်၏​အဖြေ​ကား အဘယ်နည်း

• စာတန်​ကို ကျွန်ုပ်​တို့​ကြောက်ရွံ့​သင့်​သလော။

• ခရစ်ယာန်​များ​ကို စာတန် အဘယ်ကြောင့် ညှဉ်းပန်း​နှိပ်စက်​ရသနည်း။

• “မကောင်းသော​အမှုအရာ​မှ” ကယ်နုတ်​တော်​မူ​ပါ​ဟု ကျွန်ုပ်​တို့ အဘယ်ကြောင့် ဆုတောင်း​ကြ​သနည်း။

• ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​စစ်ပွဲ​တွင် မည်သို့​အောင်ပွဲခံ​နိုင်​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကြောက်ရွံ့ခြင်း​မရှိသော ခရစ်တော်​၏ ကနဦး​နောက်လိုက်​များသည် သေ​သည်​တိုင်တည်​ကြည်​ခဲ့​ကြ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​မှတ်ဉာဏ်ထဲရှိ​သူများ​ရှင်ပြန်ထမြောက်​လာ​ခြင်း​ကို စာတန် မ​ဟန့်တား​နိုင်

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

“မကောင်းသော​အမှုအရာ​မှ” ကယ်နုတ်​တော်​မူ​ပါ​ဟု​သင်​ဆုတောင်း​သလော

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

“ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော​လက်နက်စုံ​ကို” သင်​ဝတ်ဆင်​ထား​သလော