မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေခြင်းတရား အမှန်ပင်ခြိမ်းခြောက်နေသောကြောက်မက်ဖွယ်!

သေခြင်းတရား အမှန်ပင်ခြိမ်းခြောက်နေသောကြောက်မက်ဖွယ်!

သေခြင်း​တရား အမှန်ပင်​ခြိမ်းခြောက်​နေသော​ကြောက်မက်​ဖွယ်!

“လူတစ်ဦး မွေးဖွား​လာချိန်​မှ​စ၍ တစ်ချိန်ချိန်​တွင် သေခြင်း​တရား​နှင့်​ရင်ဆိုင်​ရ​ပေမည်။ ယင်းသည် ဧကန်​မုချ​ဖြစ်ပျက်​လာ​မည့် အမှန်တရား​ပင်” ဟု ဗြိတိသျှ​သမိုင်း​ပညာရှင် အာနိုးလ် တွိုင်​ဘီ​က ရေးသားခဲ့​သည်။ သေခြင်း​တရား​က ချစ်​မြတ်နိုး​ရသော မိသားစုဝင်​တစ်ဦး သို့​မဟုတ် ရင်းနှီးသော​မိတ်ဆွေ​တစ်ဦး​ကို တိုက်ခိုက်​လာသော​အခါ ကျွန်ုပ်​တို့​အလွန်​ဝမ်းနည်း​ကြေကွဲ​ကြ​မည်!

သေခြင်း​တရားသည် လူသားများ​အတွက် အမှန်ပင်​ကြောက်မက်​ဖွယ်​ရာ ဖြစ်နေ​သည်​မှာ နှစ်ထောင်​ပေါင်း​များစွာ​ကြာ​ခဲ့​လေ​ပြီ။ ချစ်​မြတ်နိုး​ရသူ​တစ်ဦး ဆုံးပါး​သွားသော​အခါ ကျွန်ုပ်​တို့သည် ဘာမျှ​မတတ်နိုင်​တော့​သလို ခံစား​ကြ​ရသည်။ ယင်း​သို့​သော​ဝမ်းနည်းခြင်း​သည် လူတိုင်းကို​ထိုးနှက်​လျက်​ရှိသည်။ ၁၉ ရာစု​မှ စာရေး​ဆရာ​တစ်ဦး ရေး​သကဲ့သို့ ကျွန်ုပ်​တို့သည် ဘာမျှ​မတတ်နိုင်၊ အခြေအနေ​ကို​မပြောင်းလဲ​နိုင်သော ကလေးငယ်​များနှင့်​တူ​လာ​သည်။ ချမ်းသာ​ကြွယ်ဝမှု​ဖြစ်စေ၊ တန်ခိုး​အာဏာ​ဖြစ်စေ ဆုံးရှုံးမှု​ကို အစားမထိုး​နိုင်​ပါ။ ပညာရှိ​သူနှင့် ဉာဏ်​ကောင်း​သူတို့​ပင် မည်သို့​မျှ​မတတ်နိုင်​ကြ​ချေ။ သန်မာ​သော​သူသည် အားနည်း​သူ​ကဲ့သို့​ပင် ငိုကြွေး​ရ၏။

ရှေး​ဣသရေလ​နိုင်ငံ​၏​ဘုရင် ဒါဝိဒ်​သည် သားတော် အဗရှလုံ​သေဆုံးသော​အခါ ထိုသို့​သော ပြင်းထန်​သည့်​စိတ်ဝေဒနာ​ကို တွေ့ကြုံ​ခံစား​ခဲ့​ရသည်။ ဘုရင်​သည် သားတော်​သေဆုံး​သည့်​သတင်းကို ကြား​သောအခါ ငိုကြွေး​ပြီး ဤသို့​ဆို​လေ​၏– “အို​ငါ့​သား​အဗရှလုံ၊ ငါ့​သား၊ ငါ့​သား​အဗရှလုံ၊ သင့်ကိုယ်​စား​ငါ​မသေ​ပါ​လေ​တကား။ အို​အဗရှလုံ၊ ငါ့​သား၊ ငါ့​သား။” (၂ ဓမ္မ​ရာဇဝင် ၁၈:၃၃) တန်ခိုး​ခွန်အား​ကြီးမား​လှ​သော ရန်သူ​တို့ကို အောင်နိုင်​ခဲ့​သူ ဘုန်း​တန်ခိုး​ကြီးမား​သည့် ဘုရင်​တစ်ပါး​သည် မိမိ​သား​ကိုယ်စား မိမိ​ကိုယ်တိုင် “နောက်ဆုံးသော​ရန်သူ​တည်း​ဟူသော သေ​မင်း” ကို​အရှုံးပေး​လို​သည်​မှ​လွဲ​၍ မည်သည့်​အရာ​မှ မတတ်နိုင်​ပေ။—၁ ကောရိန္သု ၁၅:၂၆

သေခြင်း​တရား​အတွက် ကုစား​နည်း​ရှိပါ​သလော။ ရှိ​မည်​ဆိုပါ​က သေလွန်သူ​တို့အတွက် မည်သည့်​မျှော်လင့်ချက်​ရှိ​သနည်း။ ကျွန်ုပ်​တို့​ချစ်​မြတ်နိုး​ရသူ​တို့ကို တစ်ဖန်​ပြန်တွေ့​ရဦး​မည်​လော။ ထို​မေးခွန်းများ​၏ ကျမ်းစာ​ဆိုင်ရာ​အဖြေ​များ​ကို နောက်​ဆောင်းပါး​က ဖော်ပြ​ပါ​လိမ့်​မည်။