မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့အတွက် “ပုံဆောင်ဇာတ်လမ်း”၏ အကျိုးကျေးဇူး

ကျွန်ုပ်တို့အတွက် “ပုံဆောင်ဇာတ်လမ်း”၏ အကျိုးကျေးဇူး

ကျွန်ုပ်​တို့အတွက် “ပုံဆောင်​ဇာတ်လမ်း”၏ အကျိုးကျေးဇူး

သမ္မာကျမ်းစာ​၏ အခြားအပိုင်း​များ​က​သာ အလင်းဖြာ​ပေးခြင်း​မ​ရှိလျှင် အချို့​သော​ကျမ်းချက်​များ​၏ အဓိပ္ပာယ်​အပြည့်အဝ​ကို သိ​နားလည်​ရန် အလွန်​ခက်လှ​ပေမည်! ကျမ်းစာ​ပါ​သမိုင်း​မှတ်တမ်းများ​ကို ရှိရင်းစွဲ​အတိုင်း ဖတ်​သွား​နိုင်​သည်။ သို့သော် ထို​ကျမ်းစာ​မှတ်တမ်း​အချို့​တွင် သိပ်​မသိသာ​သည့် နက်နဲ​သည့်​အမှန်တရား​များ ပါဝင်​သည်။ ဥပမာတစ်ခု​မှာ  ဘိုးဘေး​အာဗြဟံ​၏​အိမ်ထောင်စု​မှ အမျိုးသမီး​နှစ်ဦး​အကြောင်း​ဖြစ်သည်။ တမန်​တော်​ပေါလု​က ယင်းကို “ပုံဆောင်​ဇာတ်လမ်း” ဟု​ခေါ်​ခဲ့​သည်။—ဂလာတိ ၄:၂၄က​ဘ။

ဤ​ဇာတ်လမ်း ကိုယ်စား​ပြုသော​အဖြစ်မှန်​များသည် ယေဟောဝါ​၏​ကောင်းချီး​ရ​လို​သူအား​လုံး​အတွက် အဓိက​အရေးပါ​ရာ​ဖြစ်​သဖြင့် ယင်းကို ကျွန်ုပ်​တို့​စိတ်ဝင်စား​သင့်​သည်။ အဘယ်ကြောင့် ထိုသို့​ဖြစ်​ရ​ကြောင်း မ​သုံးသပ်​မီ ဤ​ဇာတ်လမ်း​၏​အဓိပ္ပာယ်​ကို ရှင်းပြ​ရန် ပေါလု​အား​လှုံ့ဆော်​ခဲ့​သော အခြေအနေ​များ​ကို သုံးသပ်ကြည့်​ကြ​စို့။

ပထမ​ရာစု​ရှိ ဂလာတိ​ခရစ်ယာန်​များ​တွင် ပြဿနာ​တစ်ခု​ရှိ​နေသည်။ အချို့​သည် မောရှေ​ပညတ်​တွင်​ပါ​သော “နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလ​များ​ကို​စောင့်” နေကြ​သည်။ သူတို့က ယုံကြည်သူများ ဘုရားသခင့်​မျက်နှာသာ​ရ​ရန် ပညတ်တရား​ကို လိုက်လျှောက်ရန်​လိုအပ်​သည်​ဟု ဆို​ကြသည်။ (ဂလာတိ ၄:၁၀; ၅:၂၊ ၃) သို့သော် ခရစ်ယာန်​များသည် ယင်း​တို့ကို စောင့်ထိန်း​ရန်​မလို​ကြောင်း ပေါလု​သိ​သည်။ ယင်းကို သက်သေပြ​ရန် ဂျူး​နောက်ခံ​ရှိ​သူများ အကျွမ်းဝင်​ပြီး​ဖြစ်သည့် မှတ်တမ်း​တစ်ခု​ကို ဖော်ပြ​ခဲ့​သည်။

ဂျူး​လူမျိုး​တို့၏​ဘိုးဘေး အာဗြဟံ​တွင် ဣရှမေလ​နှင့်​ဣဇာက်​ဟူသော သား​နှစ်ဦး​ရှိကြောင်း ဂလာတိ​ခရစ်ယာန်​များ​အား ပေါလု အမှတ်ရ​စေ​သည်။ ပထမ​သား​မှာ ကျွန်မ ဟာဂရ​နှင့်​ရပြီး ဒုတိယ​သား​မှာ ကျွန်မ,မဟုတ်သော​မိန်းမ စာရာ​နှင့်​ရသည်။ မောရှေ​ပညတ်​ကို​လိုက်လျှောက်ရန် အားပေး​သော ဂလာတိ​ခရစ်ယာန်​တို့သည် အစပိုင်း​တွင် စာရာ​မြုံနေ​ခြင်း​နှင့် အိမ်ဖော်​ဟာဂရ​ကို သူ့​ကိုယ်စား​သားဖွား​ပေး​ရန် အာဗြဟံ​အား အပ်ပေး​ခြင်း​အကြောင်း​တို့​နှင့် အကျွမ်းတဝင်​ရှိသည်။ ဟာဂရ​သည် ဣရှမေလ​ကို မွေးဖွားပြီး​နောက် မိမိ​သခင်မ စာရာ​ကို မထီမဲ့မြင်​ပြု​ကြောင်း သူတို့​သိ​ကြ​မည်။ သို့သော် ဘုရားသခင့်​ကတိတော်​အတိုင်း နောက်ဆုံး​တွင် စာရာ​သည် အသက်ကြီး​ပိုင်း​၌ သား​ဣဇာက်​ကို ဖွားမြင်​ခဲ့​သည်။ နောက်ပိုင်း ဣရှမေလ​သည် ဣဇာက်​ကို အနိုင်ကျင့်​သဖြင့် အာဗြဟံ​သည် ဟာဂရ​နှင့်​ဣရှမေလ​ကို အဝေး​သို့ နှင်ထုတ်​ခဲ့​သည်။—ကမ္ဘာဦး ၁၆:၁-၄; ၁၇:၁၅-၁၇; ၂၁:၁-၁၄; ဂလာတိ ၄:၂၂၊ ၂၃

မိန်းမ​နှစ်ယောက်၊ ပဋိညာဉ်​နှစ်ပါး

ပေါလု​သည် ဤ “ပုံဆောင်​ဇာတ်လမ်း” ပါ​ဇာတ်ကောင်​များ​ကို ရှင်းပြသည်။ သူ​ဤသို့​ရေးခဲ့​သည်– “ထို​မိန်းမ​နှစ်ယောက်​ကား ပဋိညာဉ်တရား​နှစ်ပါး​ကို​ဆိုလို​သတည်း။ ဟာဂရ​အမည်​ရှိသော​မိန်းမ​တည်း​ဟူသော ပဋိညာဉ်တရား​တစ်ပါး​သည် သိနာ​တောင်ပေါ်​မှာ​စီရင်၍ ကျွန်​များ​ကို​ဖွား​တတ်သော တရား​ဖြစ်၏။  . . .  ဟာဂရ​သည် ယခု​ရှိသော​ယေရုရှလင်​မြို့​နှင့်​တူ​၏။ မိမိ​သားများ​နှင့်​တကွ ကျွန်ခံ​ရ၏။” (ဂလာတိ ၄:၂၄၊ ၂၅) ဟာဂရ​သည် မြို့တော် ယေရုရှလင်​အပါအဝင် ဇာတိ​ဣသရေလ​လူမျိုး​ကို ပုံဆောင်​သည်။ သိနာ​တောင်​၌​ပေး​ခဲ့​သော ပညတ်​ပ​ဋိညာ​ဉ်​အားဖြင့် ဂျူး​လူမျိုး​တို့သည် ယေဟောဝါ​၌ ချည်နှောင်​လျက်​ရှိသည်။ မိမိတို့သည် အပြစ်​၏​ချုပ်နှောင်​မှု​အောက်တွင်​ရှိပြီး ရွေးနုတ်​ခံရ​ရန်လို​အပ်​ကြောင်း ပညတ်ပဋိညာဉ်​က ဣသရေလလူ​မျိုး​များ​ကို မပြတ်​သတိပေး​ခဲ့​သည်။—ယေရမိ ၃၁:၃၁၊ ၃၂; ရောမ ၇:၁၄-၂၄

သို့​ဆိုလျှင် “ကျွန်မ,မဟုတ်သော​မိန်းမ” စာရာ​နှင့် သူ၏​သား​ဣဇာက်​တို့သည် မည်သူ​တို့ကို ကိုယ်စား​ပြု​သနည်း။ “သားမဖွား​သော​အမြုံ​မ” စာရာ​သည် ဘုရားသခင့်​ဇနီး​ဖြစ်သော ကိုယ်တော့်​အဖွဲ့အစည်း​၏ ကောင်းကင်​ဆိုင်ရာ​အပိုင်း​ကို ပုံဆောင်​ကြောင်း ပေါလု​ဖော်ပြ​ခဲ့​သည်။ ထို​ကောင်းကင်​ဆိုင်ရာ​မိန်းမသည် ယေရှု​မ​ကြွလာ​မချင်း မြေကြီးပေါ်​တွင် ဝိညာဉ်​တော်​ဖွား “သား” သမီး​များ မရှိ​သဖြင့် မြုံနေ​ခဲ့​သည်။ (ဂလာတိ ၄:၂၇; ဟေရှာယ ၅၄:၁-၆) သို့သော် အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် အမျိုးသား၊ အမျိုးသမီး​အုပ်စု​တစ်စု​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်​တော်​သွန်းလောင်းခြင်း​ဖြင့် ဤ​ကောင်းကင်​ဆိုင်ရာ​မိန်းမ​၏ သားသမီး​များ​အဖြစ် တစ်ဖန်​မွေးဖွား​ပြန်​ခဲ့​သည်။ ဤ​အဖွဲ့အစည်း မွေးဖွား​လိုက်​သော သားသမီး​များသည် ဘုရားသခင့်​သားများ​အဖြစ် မွေးစား​ခံရ​ပြီး ပဋိညာဉ်​သစ်​အောက်တွင် ယေရှု​နှင့် တွဲဖက်​အမွေခံများ​ဖြစ်လာ​ကြသည်။ (ရောမ ၈:၁၅-၁၇) အဆိုပါ​သား​တစ်ဦး​ဖြစ်သူ တမန်​တော်​ပေါလု ဤသို့​ရေးသား​နိုင်​ခဲ့​သည်– “အပေါ်မှာ​ရှိသော​ယေရုရှလင်​မြို့​မူ​ကား ခပ်သိမ်း​သော​ငါ​တို့၏​အမိ​တည်း​ဟူသော ကျွန်မ,မဟုတ်သော​မိန်းမ​ဖြစ်​သတည်း။”—ဂလာတိ ၄:၂၆

မိန်းမ​နှစ်ဦး​၏ သားသမီး​များ

ကျမ်းစာ​မှတ်တမ်းအရ ဣရှမေလ​သည် ဣဇာက်​ကို နှိပ်စက်​ခဲ့​သည်။ ထို​နည်းတူ အေဒီ​ပထမ​ရာစု​အတွင်း​တွင် ကျွန်​ဘဝ​ရောက်နေ​သော ယေရုရှလင်​၏ သားသမီး​များသည် အပေါ်မှာ​ရှိသော​ယေရုရှလင်​၏ သားသမီး​များ​ကို နှိပ်စက်​ပြောင်လှောင်​ခဲ့​ကြသည်။ “ထို​အခါ ဇာတိ​ပကတိ​အားဖြင့်​ဖွား​သော​သား [ဣရှမေလ] သည် ဝိညာဉ်​တော်​အားဖြင့်​ဖွား​သော​သား [ဣဇာက်] ကို ညှဉ်းဆဲ​သကဲ့သို့ ထို​နည်းတူ ယခု​ပင်​ဖြစ်၏” ဟု​ပေါလု​ရှင်းပြ​ခဲ့​သည်။ (ဂလာတိ ၄:၂၉) ယေရှု​ခရစ် မြေကြီးပေါ်​ကြွလာ​ပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောသော​အခါ ဟာဂရ​၏​သား​ဣရှမေလ​က အာဗြဟံ​၏​အမွေခံ​စစ် ဣဇာက်​ကို​ဆက်ဆံ​သကဲ့သို့ ဂျူး​ဘာသာရေး​ခေါင်းဆောင်​များသည် ကိုယ်တော်​ကို ဆက်ဆံ​ခဲ့​ကြသည်။ မိမိတို့​ကိုယ်ကို အာဗြဟံ​၏ တရားဝင်​အမွေခံများ​အဖြစ် ရှုမြင်​ပြီး ယေရှုကို သူစိမ်း​တစ်ဦး​အဖြစ်​သတ်မှတ်​ကာ နှိပ်စက်​ပြောင်လှောင်​ခဲ့​ကြသည်။

ဇာတိ​ဣသရေလ​လူမျိုး​ခေါင်းဆောင်​များ ယေရှုကို မ​သတ်​မီ​လေး​တွင် ကိုယ်တော်​က “အို ယေရုရှလင်​မြို့၊ ယေရုရှလင်​မြို့၊ သင်သည် ပရောဖက်​တို့ကို​သတ်​မြဲ​ရှိ၏။ သင်​ရှိရာသို့​စေလွှတ်​သော​သူကိုလည်း ကျောက်ခဲ​နှင့်​ပစ်မြဲ​ရှိ၏။ ကြက်မ​သည် မိမိ​သားငယ်​တို့ကို အတောင်​အောက်​၌​စုရုံး​သကဲ့သို့ သင်၏​သားတို့​ကို​စုရုံး​စေခြင်း​ငှာ ကြိမ်ဖန်​များစွာ​ငါ​အလိုရှိ​ပြီ။ သင်​မူ​ကား​အလို​မရှိ။ သင်တို့​နေသော​အိမ်သည် သင်တို့၌ လူဆိတ်ညံ​လျက်​ကျန်ရှိ​၏” ဟု​မိ​န့်တော်​မူ​ခဲ့​သည်။—မဿဲ ၂၃:၃၇၊ ၃၈

ဟာဂရ​ကို ကိုယ်စား​ပြုသော ဇာတိ​ဣသရေလ​လူမျိုး​သည် ယေရှု​နှင့်​တွဲဖက်​အမွေခံ​မည့်​သားများ​ကို အလိုအလျောက်​မမွေးဖွား​ပေး​ခဲ့​ကြောင်း ပထမ​ရာစု​အဖြစ်အပျက်​များ​ဆိုင်ရာ ကျမ်းစာ​မှတ်တမ်းက ဖော်ပြ​သည်။ ဂျူး​လူမျိုး​အဖြစ်​မွေးဖွား​လာ​ခြင်း​က သူတို့ကို အလိုအလျောက် ထိုသို့​သော​အမွေ ဆက်ခံ​ခွင့်​ရရှိစေ​သည်​ဟု မာနကြီး​စွာ ယုံကြည်​ကြ​သူများ​သည် ယေဟောဝါ​၏​ငြင်းပယ်​ခြင်း​ခံရ​ပြီး မောင်းထုတ်​ခံ​ခဲ့​ရသည်။ ဇာတိ​ဣသရေလ​လူမျိုး​အချို့​သည် ယေရှု​နှင့်​တွဲဖက်​အမွေခံများ​ဖြစ်လာ​ကြသည်​မှာ မှန်ပါသည်။ သို့သော် ထို​အခွင့်ထူး​သည် သူတို့၏​ဇာတိ​မျိုးရိုး​ပေါ်​မ​မူတည်​ဘဲ ယေရှုကို ယုံကြည်ခြင်း​အပေါ်​အခြေပြု​၍ ရရှိ​ခြင်း​ဖြစ်သည်။

ယေရှု​နှင့်​တွဲဖက်​အမွေခံ​မည့်​သူ​အချို့​မှာ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ထင်ရှား​လာ​သည်။ အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ ယေဟောဝါ​သည် အပေါ်မှာ​ရှိသော ယေရုရှလင်​၏​သားများ​အဖြစ် အခြား​သူများကို ဝိညာဉ်​တော်​သွန်းလောင်းခဲ့​သည်။

ဤ “ပုံဆောင်​ဇာတ်လမ်း” ကို ပေါလု ရှင်းပြ​ရခြင်း​မှာ ပ​ဋိညာ​ဉ်​သစ်​သည် မောရှေ​အားဖြင့်​ပေး​ခဲ့​သော ပညတ်ပဋိညာဉ်​ထက်  သာလွန်​ကြောင်း ဖော်ပြ​လို​၍​ဖြစ်သည်။ လူသား​အားလုံး မစုံလင်​သည့်​အပြင် ပညတ်တရား​က အပြစ်​၏​ကျွန်​ဘဝ​ရောက်ရှိ​နေခြင်း​အဖြစ်ကို​သာ မီး​မောင်း​ထိုး​ပြ​သောကြောင့် မောရှေ​ပညတ်​ကို လိုက်လျှောက်ခြင်း​ဖြင့် မည်သူမျှ ဘုရားသခင့်​မျက်နှာသာ မရနိုင်​ပါ။ သို့သော် ပေါလု​ရှင်းပြ​သည့်​အတိုင်း ‘ပညတ်တရား​လက်၌​ရှိသောသူ​တို့ကို ရွေးနုတ်ခြင်း​ငှာ’ ယေရှု​ကြွလာ​ခဲ့​သည်။ (ဂလာတိ ၄:၄၊ ၅) ထို့​ကြောင့် ခရစ်တော်​၏​ပူဇော်ရာ​ယဇ်​တန်ဖိုး​ကို ယုံကြည်ခြင်း​သည် ပညတ်တရား​ကို အပြည့်အဝ​မလိုက်လျှောက်​နိုင်​သည့်​အပြစ်​မှ လွတ်မြောက်​စေ​သည်။—ဂလာတိ ၅:၁-၆

ကျွန်ုပ်​တို့အတွက် အကျိုးကျေးဇူး

ဤ​ဇာတ်လမ်း​နှင့်​ပတ်သက်​သည့် ပေါလု​၏​မှုတ်သွင်းခံ​ရှင်းပြချက်ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် စိတ်ဝင်စား​သင့်​သနည်း။ အကြောင်းရင်း​တစ်ခု​မှာ ယင်းသည် ကျွန်ုပ်​တို့အတွက် မရှင်းမလင်း​ဖြစ်နေ​မည့် ကျမ်း​ဆိုင်ရာ​အဓိပ္ပာယ်​များ​ကို အလင်းဖြာ​ပေး​သောကြောင့်​ဖြစ်သည်။ ဤ​ရှင်းလင်းချက်​က သမ္မာကျမ်းစာ​၏ ရှေ့နောက်​ညီညွတ်မှု​အပေါ် ကျွန်ုပ်​တို့၏ ယုံကြည်​စိတ်ချမှု​ကို ခိုင်ခံ့​စေ​သည်။—၁ သက်သာလောနိတ် ၂:၁၃

ထို့​ပြင် ဤ​ဇာတ်လမ်း​ကိုယ်စား​ပြု​သည့် အဖြစ်မှန်​များသည် ကျွန်ုပ်​တို့၏ အနာဂတ်​ပျော်ရွှင်မှု​အတွက် မရှိမဖြစ်​အရေးပါ​သည်။ အပေါ်မှာ​ရှိသော ယေရုရှလင်​၏​သားများ​သာ မ​ပေါ်ထွန်း​ခဲ့​ပါ​က ကျွန်ုပ်​တို့သည် အပြစ်​နှင့်​သေခြင်း​၏ ကျွန်​ဘဝ​အောက်တွင်​သာ ရှိနေ​မည်​ဖြစ်သည်။ သို့သော် အာဗြဟံ​ကို ဘုရားသခင် ကတိ​ထား​တော်​မူ​သည့်​အတိုင်း ခရစ်တော်​နှင့် ကိုယ်တော်​၏​တွဲဖက်​အမွေခံများ​၏ မေတ္တာပါ​ကြီးကြပ်မှု​အောက်တွင် “လူမျိုးအပေါင်း​တို့သည် ကောင်းချီး​မင်္ဂလာ​ကို ခံရ​ကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၈) အပြစ်၊ မစုံလင်မှု၊ ဝမ်းနည်းခြင်း​နှင့် သေခြင်း​၏​အကျိုးဆက်များ​မှ ထာဝစဉ်​လွတ်မြောက်​သည့်​အခါ ယင်း​သို့​ဖြစ်လာ​ပါ​လိမ့်​မည်။ (ဟေရှာယ ၂၅:၈၊ ၉) ယင်းသည် အလွန်​ကြီးကျယ်​ခမ်းနား​သောအခါ​သမယ ဖြစ်​ပေ​လိမ့်​မည်!

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ပညတ်ပဋိညာဉ်​ကို သိနာ​တောင်​၌​ပေး​ခဲ့

[Credit Line]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

တမန်​တော်​ပေါလု​ဖော်ပြ​သော “ပုံဆောင်​ဇာတ်လမ်း”၏ ဆိုလိုရင်း​ကား အဘယ်နည်း